မာတိကာသို့ ခုန်သွားရန်

မြန်မာနိုင်ငံရှိ ရိုမန်ကက်သလစ် ခရစ်ယာန်ဘာသာ

ဝီကီပီးဒီးယား မှ

မြန်မာနိုင်ငံကက်သလစ်သာသနာ သမိုင်းအကျဉ်း[ကိုးကားချက်လိုသည်]

[ပြင်ဆင်ရန်]

မြန်မာနိုင်ငံသို့ ကက်သလစ်သာသနာ စတင်ဝင်ရောက်လာခြင်းသည် သာသနာပြုပုဂ္ဂိုလ်များအားဖြင့် မဟုတ်ပေ။ သာသနာပြုများ မရောက်လာမီ ဘာသာဝင်အချို့ အရင်ဦးစွာ ရောက်နှင့်ခဲ့ကြသည်။ ပုဂံခေတ် နရသီဟပတေ့မင်းလက်ထက် (မြန်မာသက္ကရာဇ်-၆၄၆) ခရစ်နှစ် အေဒီ-၁၂၈၅ တွင် တရုတ်ဘုရင် ကူဗလိုင်ခန်က ပုဂံကို ကျူးကျော်စစ် ဆင်နွှဲပြီးနောက်ပိုင်း ကျန်စစ်သား ဥမင်ရဲ့ အတွင်းဘက်နံရံ တစ်နေရာမှာ ခရူစူး အမှတ်အသားများဖြင့် တန်ဆာဆင်ထားသော ပဒုမ္မာကြာပွင့် တစ်ပွင့်ပုံကို ယခုတိုင် တွေ့ရှိနိုင်သည်။ အေဒီ ၁၄၉၇ ခုနှစ် Vasco di Gama က Good Hope အငူကို ရှာဖွေတွေ့ရှိ ပြီးနောက်ပိုင်း အာရှတိုက်ကို ရောက်ရှိလာသော ဥရောပတိုက်သား ကုန်သည်ပွဲစားများနှင့် ကြေးစားစစ်သားများ၏ ဝိညာဉ်ရေး စောင့်ရှောက်မှုအတွက် အထူး တာဝန် ယူရတဲ့ Chaplain ခေါ် ဘုန်းတော်ကြီး တချို့လည်း ရောက်ရှိလာခဲ့ကြသည်။

တစ်ဆယ့်ခြောက်ရာစုမှစ၍ ပေါ်တူဂီတို့ မြန်မာနိုင်ငံနှင့် အဆက်အသွယ်များ ရှိခဲ့သည်။ ပေါ်တူဂီခေါင်းဆောင် အယ်လဗူကပ်သည် (၁၅၁၁) ခုနှစ်တွင် မလေးကျွန်းဆွယ်နှင့် မလက္ကာကိုသိမ်း၍ တနင်္သာရီမုတ္တမနှင့် ပဂိုးမြို့များသို့ စေတမန်များစေလွှတ်၍ အန်ထော်နီကော်ရီယာက(၁၅၁၉)ခုတွင် ပေါ်တူဂီကိုယ်စားနှင့် မုတ္တမမြို့စား ရောင်းဝယ်ရေး သဘောတူညီချက်ရခဲ့သည်။ စစ်တကောင်းတွင် အခြေပြုပြီး ပေါ်တူဂီတို့ အရောင်းအဝယ် အကြီးအကျယ် ဖြစ်ထွန်းခဲ့ရာ မြန်မာနိုင်ငံသို့ သေနတ်အမြောက်များစွာ တင်သွင်းခဲ့သည်။ ထို့ပြင် ပေါ်တူဂီနိုင်ငံသားတို့ ကိုယ်တိုင်ကတည်းကလည်း မြန်မာမင်းတို့ထံ၌ သေနတ်အမူထမ်းအဖြစ် ဝင်ရောက် အမှုထမ်းခဲ့ကြသည်။ တပင်ရွှေထီးလက်အောက်၌ ဂျိုဝါနောကယယ်ရော ခေါင်းဆောင်သည့် ပေါ်တူဂီအမှုထမ်း ခုနှစ်ရာ ရှိခဲ့ဖူးသည်။

မလက္ကာ တွင်ရှိသော St. Francis Xavier သည် ၁၅၄၈-ဇန်နဝါရီ-၂၀ နေ့စွဲဖြင့် သူ၏ အထက်အကြီးအကဲ St. Ignatius ထံသို့ ပဲခူးနိုင်ငံအတွက် သာသနာပြုအချို့ စေလွှတ်ပေးသင့်ကြောင်း အစီရင်ခံ တင်ပြခဲ့သည်။ သူတို့၏ Jesuit ဘုန်းတော်ကြီးတွေဟာ ၁၆ ရာစု ကုန်ခါနီးတွင် ပဲခူးသို့ လေးပါး၊ ၁၇ ရာစု အစပိုင်းတွင် အင်းဝသို့ နှစ်ပါး ရောက်ရှိခဲ့ကြသည်ဟု ဆိုသည်။

ပေါ်တူဂီ စစ်ဗိုလ် ဆာလ်ဗာ ဒေါ်ရီ ဘေအီရိုဒေ ဘော်ဆာသည် ခရစ်သက္ကရာဇ် (၁၅၅၀) အကုန် လောက်တွင် ရခိုင်ဘုရင် မင်းရာဇာကြီးထံ ဗိုလ်မှူးအဖြစ် ဝင်ရောက် အမှုထမ်းရာ သူနှင့် တွဲဖက်၍ ဖီးလစ် ဒီဗရစ်တိုနီ (ငဇင်္ကာ)လည်း အမှုထမ်းသည်။ ပေါ်တူဂီ စစ်သားများသည် ရခိုင်ဘုရင်မင်း ဖလောင်း၊ မုတ္တမစားစောဗညား၊ တောင်ငူ ဘုရင် တပင်ရွှေထီးနဲ့ ဘုရင့်နောင်တို့ထံ၌ အမှုထမ်းခဲ့ကြကြောင်း ဆရာကြီး ဦးဘသန်းရဲ့ ကျောင်းသုံးမြန်မာ ရာဇဝင်နှင့် အခြေပြ မြန်မာနိုင်ငံရေးသမိုင်း ပထမတွဲတို့တွင် လေ့လာတွေ့ရှိရသည်။ ခရစ်သက္ကရာဇ် (၁၅၉၉-၁၆၀ဝ) တွင် တောင်ငူနှင့် ရခိုင် ပူးပေါင်း၍ ဟံသာဝတီ နန္ဒဘုရင်ကို တိုက်ခိုက်သည့် အခါ ဖီးလစ်ဒီဗရစ်တိုသည် ရခိုင်ဘက်မှ ဝင်ရောက် တိုက်ခိုက်ပေးခဲ့သည်။ ရခိုင်ဘုရင် မင်းရာဇာကြီးသည် ပဲခူးကို အောင်မြင်သောအခါ မိမိအား အကူအညီ ပေးခဲ့သော ဖီးလစ်ဒီဗစရစ်တို ခေါင်းဆောင်သည့် ပေါ်တူဂီတို့အား သန်လျင်ဆိပ်ကမ်းကို ပေးအပ်ခဲ့သည်။ နောက်ပိုင်း လူသူလက်နက် အင်အား တောင့်တင်းလာသောအခါ တောင်ငူဘုရင်ကိုရော ရခိုင်ဘုရင်ကိုပါ ထောင်ထားခြားနားရုံမက မုတ္တစားနဲ့ပူးပေါင်းပြီး တောင်ငူကို လုပ်ကြံခဲ့သည်။

ခရစ်သက္ကရာဇ် (၁၆၀၅)ခုတွင် မဟာဓမ္မရာဇာ (အနောက်ဘက်လွန်မင်း) အင်းဝထီးနန်းကို စိုးစံတော်မူသည်။ (၁၆၁၃)ခုတွင် သန်လျင်၌ နယ်ချဲ့ ခြေကုတ်ယူထားသော ပေါ်တူဂီ ခေါင်းဆောင် ဒီဗရစ်တိုကို အနိုင်တိုက်ယူပြီး ကွက်မျက်၍ ကျန် ပေါ်တူဂီလူမျိုးတို့နှင့် ၎င်းတို့၏ သားမယား အဆက်အနွယ် အပေါ်တူဂီ ခရစ်ယာန် လေးထောင်ကျော်ကို အင်းဝသို့ သုံ့ပန်းအဖြစ် ခေါ်ဆောင်သွားခဲ့သည်။

သာလွန်မင်းသည် (၁၆၃၅)ခု ၌ ဒတ်ချ်ကုန်သည်များ ဖြစ်သော ဒီရက်စ်တွိုင်းရဲ နှင့် ဗီဒယဲရတ်ဆိန် ပေါပတာ (Dirck Steur and Wiert Jansen Popta) တို့ကို ဆက်သွယ်ခဲ့သည်။ ၎င်း အချိန်မှာပင် ယိုးဒယားသို့ ချီတက် တိုက်ခိုက်ရာ၌ ဖမ်းဆီး ရမိခဲ့သည့် အင်္ဂလိပ်၊ ပြင်သစ်၊ ဒတ်ချ်တို့ကို မူလ ရှိရင်း ပေါ်တူဂီများနှင့်အတူ နေရာ ချထားခဲ့သည်။ နိုင်ငံခြား စစ်အကျဉ်းသားများသည် လူဦးရေတိုးပွားလာပြီး အင်အားကောင်းလာရာ စိုးရိမ်တော်မူသဖြင့် စစ်မှုထမ်းဖို့ တချို့ကို ချန်ထားပြီး ကျန်ရှိသူများကို ချင်းတွင်းမြစ် အရှေ့ဘက်ကမ်းရှိ ပရိမ္မရွာသို့ ပို့ခဲ့သည်။ ယင်းနောက် ချင်းတွင်းမြစ်နှင့် မူးမြစ်ကြား တဝိုက်ရှိ ရွာများ၌ အစုခွဲ၍ မိမိတို့ ဘာသာကို လွတ်လပ်စွာ ကိုးကွယ်ပြီး အခြေချ နေထိုင်ခဲ့စေခဲ့သည်။ ထိုအချိန်မှစ၍ "ဘုရင်ရဲ့ မိတ်ဆွေ" ဟု အဓိပ္ပာယ်ရသော ဘုရင်ဂျီရွာများ ပေါ်ပေါက်လာခဲ့သည်။ လစ္စဘွန်းမြို့ (၁၆၉၅) မှ ဘုန်းတော်ကြီး ဩဂုတ်စတင်း ဒေဂျေဇူး (Fr.Augustin De Jesu) ရေးခဲ့သော မှတ်တမ်းတွင် (၁၆၃၅) ခုနှစ် သူ အင်းဝ ရောက်စဉ်က သံလျင်မှ ဖမ်းလာသော ကက်သလစ် ခရစ်ယာန် (၄၀ဝ၀) ကျော်ကို အင်းဝ၌ တွေ့ရှိခဲ့ကြောင်း ဖော်ပြထားသည်။

အေဒီ-၁၇၁၉ ခုနှစ် ပုပ် ရဟန်းမင်းကြီး ဧကဒသမမြောက်ကလဲမင်းကနေ တရုတ်ပြည် ကန်တုံမြို့ကို Rev. Msgr. Carlo Ambrogio Mezzabarba ဦးဆောင်တဲ့ ဘာသာရေးသံတမန်အဖွဲ့ တစ်ဖွဲ့ စေလွှတ်ခဲ့သည်။ ထိုအဖွဲ့သည် ကပ္ပလီပင်လယ်ကို ဖြတ်ပြီး အပြန်ခရီး ဆက်ခဲ့ကြစဉ် မြန်မာပြည်ကို ဖြတ်သွားခိုက် ပဲခူးမြို့တော်နှင့် အင်းဝနေပြည်တော်တွင် ဘုရင်ဂျီဘာသာဝင်များရှိနေခြင်းသည် နှစ်ပေါင်း(၁၅၀)ကျော် ကြာပြီ ဖြစ်ကြောင်း၊ သာသနာပြုပုဂ္ဂိုလ်များလည်း လိုအပ်နေကြောင်း သိရှိရသောကြောင့် သူတို့၏ အဖွဲ့ထဲမှ ဘာနာဘိုက် ဂိုဏ်းဝင်ဘုန်းတော်ကြီး Sigismondo Maria Calchi ကို ထားရစ်ခဲ့ပြီး၊ ပထမဦးဆုံး မြန်မာပြည် ကက်သလစ် သာသနာ ဦးစီးမှူး တာဝန်ခံအဖြစ် ခန့်အပ်ခဲ့သည်။ (၁၇၂၈) ခုတွင် ဖာသာရ်ပီအိုဂါလီဇီးယား မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့သည်။ တနင်္ဂနွေမင်းက သန်လျင်တွင် ဘာသာရေး သင်ကြားခွင့် ဟောပြောခွင့် ဘုရားကျောင်းဆောက်ခွင့်များ ပေးခဲ့သည်။ ၁၇၄၃ ခုတွင် မွန်ဘုရင် သမိန်ထောက ဖာသာရ် ဂါလီဇီယားအား ဘာသာရေး သင်ကြားခွင့် ဟောပြောခွင့်၊ ဘုရားကျောင်း ဆောက်ခွင့်များ ပေးသည်။ ပဲခူးတွင် သာသနာပြုများအတွက် နေအိမ်ဆောက်လုပ်ရန်နှင့် ဘုရားကျောင်းဆောက်ရန် ဘုရင်က မြေနေရာ ပေးခဲ့သည်။

အေဒီ-၁၇၃၀ ခုနှစ်တွင် သာသနာ ပြန့်ပွားရေး ဌာနချုပ်အတွက် ရဟန်းတော်များ ရှားပါးမှု အခက်အခဲကြောင့် ဘာနာဘိုက်ဘုန်းတော်ကြီး ဂါလီဇီယားကို ဆရာတော်သိက္ခာတင်ပေးပြီး မြန်မာပြည် သာသနာတော်တွင် လုပ်ဆောင်စရာရှိသမျှကို အသင်းဂိုဏ်းကြီး၏လက်သို့ အပြည့်အဝ အပ်နှင်းပေးခဲ့သည်။ ထိုအချိန်မှစ၍ ဘာနာဘိုက်ဘုန်းတော်ကြီးများ မြန်မာပြည်သို့ တစ်ဖွဲ့ပြီးတစ်ဖွဲ့ ရောက်ရှိလာခဲ့ကြသည်။

ဗုဒ္ဓဘာသာနှင့်တကွ မြန်မာစာပေ၊ ယဉ်ကျေးမှု ဓလေ့ထုံးစံ စသည်များကို လေ့လာခဲ့ကြပြီး မြန်မာနိုင်ငံသားများနှင့် တစ်သားတည်း နေထိုင်ခဲ့ကြသည်။ အေဒီ-၁၇၅၀ ခုနှစ် သံလျင်တွင် ဘုရားကျောင်း တည်ဆောက်ခဲ့သည်။ ပဲခူးနှင့် အင်းဝ ဆင်နွှဲသည့် စစ်ပွဲတစ်ခုတွင် ပျက်စီးသွားပြီး တံတိုင်း၊ နံရံနှင့် အုတ်ရိုးများမှာ ယခုထိတိုင် ရှိနေသေးသည်။ အထောက်အထားပြနိုင်သည့် ရှေးအကျဆုံး ဘုရားကျောင်းဟု ဆိုနိုင်သည်။

သက္ကရာဇ် ၁၁၁၇၊ (အေဒီ-၁၇၅၆ )ခုနှစ်တွင် မွန်များကို ကူညီဖို့ သံလျင်သို့ ရောက်ရှိလာသော ပြင်သစ် စစ်သင်္ဘော နှစ်စီးကို အလောင်းဘုရားက အနိုင်ရလိုက်ပြီး ပြင်သစ် စစ်သုံ့ပန်းများအား ဘုရင်ဂျီရွာများသို့ ပို့လိုက်ကြောင်း ကက်သလစ်ရာဇဝင်နှင့် ကျောင်းသုံး မြန်မာရာဇဝင်တို့တွင် တွေ့ရှိရသည်။ ဆင်ဖြူရှင်မင်းလက်ထက် (၁၇၆၈) ခုတွင် ဖြစ်ပွားသော တရုတ်မြန်မာစစ်တွင် ဘုရင်ဂျီ (ခရစ်ယာန်)များ စစ်မှုထမ်းကြရသည်။ ပြင်သစ်လူမျိုး ချီဗားလီယားမီးလပ် ဦးဆောင်သော ဘုရင်ဂျီတပ်သားများသည် ရဲဝံ့ ကျွမ်းကျင်သူများဖြစ်၍ တရုတ်မြန်မာစစ်ပွဲတွင် မြန်မာတို့က အောင်ပွဲ ခံရသည်။ ဖာသာရ်ပဲရ်ကော်တိုသည် ဘုရင်ဂျီ စစ်သားများကို လိုက်လံ စောင့်ရှောက်ရသည်။ ချီဗားလီးယားမီးလပ်သည်လည်း နန်းတော်တွင် ဩဇာရှိသူ တစ်ဦးဖြစ်လာပြီး ဆရာတော် ပဲရ်ကော်တိုသည်လည်း ဘုရင်၏ ဦးစားပေးခြင်း ခံရသည်။ (၁၇၆၉)ခု နိုဝင်ဘာလ (၃)ရက် နေ့စွဲနှင့် ဆရာတော်ပဲရ်ကော်တိုရေးသော စာတွင် တရုတ်မြန်မာစစ်ပွဲ တရုတ်တို့ကို အနိုင်ရပြီးနောက် ကျွန်ုပ်သည် အင်းဝ၊ နဘက်၊ ရွှေဘိုသို့ ပြန်လာခဲ့သည်။ ထူးထူးခြားခြား မှတ်တမ်းတင်ရမည်မှာ မြန်မာအက္ခရာ ခဲစာလုံးကို စမ်းသပ် တီထွင်ပြီး အေဒီ-၁၇၇၆ Pope PiusVI လက်ထက် ရောမားမြို့မှာ ပထမဆုံး အောင်မြင်စွာ ပုံနှိပ်နိုင်ခဲ့ခြင်းဖြစ်သည်။ ဆရာတော် Percoto သည် ပိဋိကတ် (၃) ပုံမှ တချို့ကို အီတလီဘာသာသို့ ဘာသာပြန်ဆိုနိုင်ခဲ့သည်။ အေဒီ-၁၇၇၀ ခုနှစ် မုံလှရွာတွင် ပထမဆုံး ရဟန်းဖြစ် သင်တန်းကျောင်းကို ဖွင့်လှစ်ခဲ့ပြီး ၁၇၉၃ ခုနှစ်တွင် မြန်မာ တိုင်းရင်းသားများထဲမှ ပထမဦးဆုံး ရဟန်းတော် (၃) ပါးကို မွေးထုတ် ပေးနိုင်ခဲ့သည်။ ထိုသူတို့မှာ ချမ်းသာရွာ ဇာတိ Fr. Joseph မောင်မောင်ကြီး၊ ချောင်းရိုးသား Fr. Andrew မောင်ကိုး နဲ့ ရန်ကုန်မှ Fr. Ignatius di Britto တို့ဖြစ်ကြသည်။

အေဒီ-၁၇၈၉ နောက်ပိုင်း ပြင်သစ်တော်လှန်ရေးကြီး ပေါ်ပေါက်လာပြီး ဘာနာဘိုက် အသင်းဂိုဏ်းကြီးမှာလည်း လူအင်အား နည်းပါးသွားခြင်းကြောင့် မြန်မာပြည် သာသနာကို ဆက်လက်၍ တာဝန်မယူနိုင်ကြတော့ပေ။ ဘာနာဘိုက် အသင်းဂိုဏ်းအနေဖြင့် မြန်မာနိုင်ငံကို အေဒီ-၁၇၂၂ မှ ၁၈၃၀ ထိ (၁၀၈) နှစ် တာဝန်ယူခဲ့ကြသည်။ လူဦးရေအားဖြင့် ဆရာတော် တင်မြှောက်ခံရသူ (၆) ပါး၊ ဘုန်းတော်ကြီး (၂၇) ပါး၊ ထိုအထဲမှ (၄) ပါးသည် လမ်းခရီးတွင် မုန်တိုင်းမိပြီး သင်္ဘောပျက်ကာ ပျံလွန်တော်မူခဲ့ကြသည်။ ကိုရင်ကြီး (၂) ပါးနှင့် တိုင်းရင်းသား ရဟန်းတော် (၂) ပါးတို့ကလည်း သူတို့ အသင်းဂိုဏ်းမှာ သစ္စာခံယူခဲ့တဲ့အတွက် စုစုပေါင်း (၃၁) ပါး ဖြစ်သည်။

ဘကြီးတော်မင်းလက်ထက် (၁၈၂၄)ခုတွင် ဖြစ်ပွားသော အင်္ဂလိပ်မြန်မာ ပထမစစ်ပွဲတွင် အမှုထမ်းရသော ဘုရင်ဂျီများ စစ်ပွဲအတွင်း အများအပြား ကျဆုံး၍ ပြန်မလာကြသောကြောင့် ဘုရင်ဂျီရွာများ၌ လူဦးရေ အများအပြား လျော့နည်းသွားသည်။ ဘုရင်ဂျီ စစ်မှုထမ်းများသည် မြန်မာနိုင်ငံ ကာကွယ်ရေးအတွက် သက်စွန့် ကြိုးပမ်း ထမ်းဆောင်ခဲ့ကြသူများ ဖြစ်သည်မှာ ထင်ရှားသည်။

အေဒီ-၁၈၄၂မှာ သာသနာပြန့်ပွားရေး ဌာနချုပ်က Oblates ဟုခေါ်သော မာရီးယား သခင်မဂိုဏ်းကို တာဝန်လွှဲပြောင်း ပေးအပ်ခဲ့သည်။ သူတို့၏ ဖိတ်ကြားချက်အရ ၁၈၄၇-ခုနှစ်တွင် မြန်မာနိုင်ငံသို့ St.Joseph သီလရှင်အသင်းဂိုဏ်း မော်လမြိုင်သို့ စတင် ရောက်ရှိလာခဲ့သည်။

၁၈၅၂ ခုနှစ် ဒုတိယ အင်္ဂလိပ်မြန်မာစစ်ပွဲအပြီး စစ်ပြေငြိမ်းရေး စာချုပ်ချုပ်ဆိုရာတွင် မင်းတုန်းမင်းကြီး၏ စေခိုင်းချက်အရ Fr. Abbona နဲ့ Fr. Tarolli တို့သည် မြန်မာသံတမန်တွေဖက်မှ ပါဝင်ကူညီခဲ့ရကြောင်း ၁၉၆၃ ခုနှစ် မေလ ထုတ် The Guardian စာစောင်၌ သမိုင်းဆရာ Vivian Ba က ဖော်ပြထားသည်။ ပြင်သစ်နိုင်ငံ ပါရီမြို့ အခြေစိုက် နိုင်ငံခြား သာသနာပြု အသင်းဂိုဏ်း (ပြင်သစ် စာလုံးဖြင့် အတိုကောက် MEP) ပထမဆုံး ကြွရောက်လာခြင်းသည် မြန်မာသမိုင်း လေ့လာသူများကြား၌ လူသိများသော ဆရာတော်ကြီး Paul Ambrose Bigandat ကြောင့် ဖြစ်သည်။ သူ့အား လူသိများရခြင်းမှာ မင်းတုန်းမင်းကြီးက ဆရာတော်ကြီးကို အင်မတန် ခင်မင်ရင်းနှီးပြီး သာသနာတော်အတွက် အကူအညီများ ပေးခဲ့သလို၊ မင်းညီမင်းသားတွေကို အင်္ဂလိပ်စာနဲ့ သိပ္ပံဘာသာရပ်တွေ သင်ယူဖို့ ဆရာတော်ကြီးက စီစဉ်ပေးခဲ့သည်။ ဆရာတော်ကြီးသည် ဗုဒ္ဓဘာသာ ရဟန်းတော်များနှင့် တွေ့ဆုံ၊ ဗုဒ္ဓဘာသာ ကျမ်းဂန်များကို လေ့လာပြီး ရှင်ဂေါတမ အကြောင်းကို အင်္ဂလိပ်ဘာသာဖြင့် ရေးသားခဲ့သည်။ ဥရောပတိုက်သားများအား ဗုဒ္ဓဘာသာနှင့် မိတ်ဆက်ပေးလိုက်ခြင်း ဖြစ်သည်။ ပညာရေးအတွက်လည်း ၁၈၅၈ ခုနှစ်တွင် Da Lasalle ကိုရင်ကြီးများကို ဖိတ်ကြားပြီး စာသင်ကျောင်းများ ဖွင့်လှစ်နိုင်ခဲ့သည်။ မြန်မာနိုင်ငံကို (၃) ပိုင်း ပိုင်းကာ သာသနာပြုလုပ်ငန်းတာဝန်များ ခွဲဝေရန် ဆရာတော်ကြီးမှ တင်ပြခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် သာသနာပြန့်ပွားရေး ဌာနချုပ်မှ ၁၈၇၀ ခုနှစ် ဇွန်လ ၂၈ ရက်နေ့တွင် မြန်မာနိုင်ငံကို Vicariate Apostolate ဟုခေါ်သော သာသနာအထူးနယ်မြေများအဖြစ် ခွဲခြားသတ်မှတ်ပေးခဲ့သည်။

တောင်ငူကို အခြေပြုပြီး မြန်မာနိုင်ငံ အရှေ့ဘက်ခြမ်းကို ဆရာတော် Biffi မှ တာဝန်ယူကာ အထက်မြန်မာနိုင်ငံအတွက် ဆရာတော် ဘူးဒွန်း မှ တာဝန်ယူရသည်။ ဆရာတော် ဘီဂန်းဒက်မှ အောက်မြန်မာပြည်ကို တာဝန်ယူသည်။ တခြား သာသနာပြု အသင်းဂိုဏ်းများကိုလည်း ဖိတ်ခေါ်ခဲ့သည်။ တောင်ကြီး၊ ကျိုင်းတုံဒေသသို့ အီတလီနိုင်ငံမှ PIME (ခေါ်) နိုင်ငံရပ်ခြား သာသနာပြု အသင်းဂိုဏ်း လာရောက်ခဲ့ကာ၊ ကချင်ပြည်နယ်သို၌ အိုင်ယာလန်နိုင်ငံမှ St. Columban အသင်းဂိုဏ်း လာရောက် သာသနာပြုခဲ့ကြသည်။ ပုသိမ်၊ ရန်ကုန်၊ မန္တလေးနှင့် ချင်းတောင်ဒေသသို့ MEP အဖွဲ့မှဆက်လက် တာဝန်ယူသည်။ ဘာသာရေးတင်မက၊ ပညာရေးအတွက်လည်း ကျောင်းသုံး စာအုပ်တွေ၊ အဘိဓာန်တွေ၊ ဘာသာပြန်စာပေနဲ့ ကျမ်းအမျိုးမျိုးကို ပုံနှိပ်ထုတ်ဝေခဲ့သည်။ နောက်ထပ်လည်း ဆရာတော်များသည် သူတော်စဉ်ဂိုဏ်းများကို ဖိတ်ကြားပြီး အားဖြည့်ခဲ့သည်။ ၁၈၆၇ ခုနှစ်တွင် ကောင်းသော သိုးထိန်းသီလရှင် ဂိုဏ်းသည် ရန်ကုန်၌ အမျိုးသမီးကျောင်း ဖွင့်လှစ်ခဲ့သည်။ ၁၈၇၄ ခုနှစ်တွင် တိုင်းရင်းသူများသာ ပါဝင်သော St.Francis Xavier သီလရှင် ဂိုဏ်းကို တည်ထောင်ခဲ့ပြီး၊ ၁၈၈၉ ခုနှစ်တွင် Franciscan သီလရှင်များသည် မန္တလေး မနော်ရမန်၌ အနာကြီးရောဂါသည်များအတွက် ဆေးရုံဖွင့်လှစ်ခဲ့သည်။

၁၉၁၆ ခုနှစ်တွင် ကရုဏာရေးသီလရှင်များသည် ကျိုင်းတုံ နောင်ကန်၌ အနာကြီးရောဂါသည်များအတွက် ဆေးရုံ ထပ်မံဖွင့်လှစ်ခဲ့သည်။ ဆပ်ဖြေခြင်းအသင်း ဂိုဏ်းမှ ၁၈၉၅ ခုနှစ် တွင် မိဘမဲ့ကျောင်းကို တောင်ငူသာသနာ လိပ်သိုတွင် ဖွင့်လှစ်ခဲ့သည်။ ၁၉၂၉ ခုနှစ်တွင် (FSAG) စိန်အလွိုက်ရှက်စ် သီလရှင် အသင်းဂိုဏ်း ရောက်ရှိလာကာ (SDB) ဟူသော ဆလေးရှင်း အသင်းဂိုဏ်း မှ ၁၉၃၉ ခုနှစ်တွင် လက်သမားလုပ်ငန်း၊ ပုံနှိပ်လုပ်ငန်းနဲ့ ဖိနပ်ချုပ်လုပ်ငန်းများကို တည်ထောင် ဦးစီးခဲ့ကြသည်။ ဆေးရုံ၊ ဆေးခန်း၊ လူအိုရုံ၊ မိဘမဲ့ဂေဟာ စသော လူမှုရေးနှင့် ကရုဏာရေး လုပ်ငန်းများကိုလည်း အသင်းဂိုဏ်း အသီးသီးမှ တွဲဖက်လုပ်ဆောင်ခဲ့ကြသည်။ Missios School ဟုခေါ်သည့် သာသနာပြုကျောင်းများသည် ထိုခေတ်တွင် ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။ နေရာအနှံ့အပြားတွင် ဘာသာဝင်ဦးရေ တိုးပွားများပြားသည်နှင့်အမျှ သက်ဆိုင်ရာ ဆရာတော်များမှ အစီရင်ခံ တင်ပြကြခြင်းကြောင့် သာသနာပြန့်ပွား ရေးဌာနချုပ်မှ ၁၉၅၅ ခုနှစ် ဇွန်လ ၁ ရက်တွင် ရန်ကုန်နှင့် မန္တလေးအား Vicariate Apostolate (ခေါ်) အထူးဒေသအဖြစ်မှ Archdiocese (ခေါ်) ဂိုဏ်းချုပ်သာသနာကြီးနှစ်ခု အဖြစ် တိုးမြှင့် သတ်မှတ်ပေးခဲ့သည်။ ရန်ကုန်ဂိုဏ်းချုပ်သာသနာ၏ လက်အောက်တွင် ပုသိမ်ဂိုဏ်းအုပ်သာသနာ နှင့် တောင်ငူ၊ မန္တလေးဂိုဏ်းချုပ် သာသနာ၏ လက်အောက်တွင် ကျိုင်းတုံ ဂိုဏ်းအုပ်သာသနာနှင့် မြစ်ကြီးနားဂိုဏ်းအုပ်သာသနာ ဟူ၍ ခွဲခြားပေးခဲ့သည်။ နောက်ပိုင်းတွင် ရန်ကုန်ဂိုဏ်းအုပ်သာသနာမှ ပြည်သာသနာကို ၁၉၆၁ ခုနှစ်နှင့် မော်လမြိုင်သာသနာကို ၁၉၉၃ ခုနှစ်များတွင် မွေးထုတ်ပေးခဲ့သလို၊ တောင်ငူသာသနာမှ ၁၉၆၁ ခုနှစ်တွင် တောင်ကြီးသာသနာ နှင့် ၁၉၈၈ ခုနှစ်တွင် လွိုင်ကော်သာသနာ တို့ကို မွေးထုတ်ပေးခဲ့ပြန်ကာ၊ ကျိုင်းတုံသာသနာမှ လားရှိုးသာသနာကို ၁၉၇၅ ခုနှစ်တွင် ခွဲပေးပြီး၊ မန္တလေးသာသနာမှ ဟားခါးသာသနာကို ၁၉၉၂ ခုနှစ်၊ ၂၀၀၅ ခုနှစ်တွင် တောင်ကြီးသာသနာမှ ဖယ်ခုံသာသနာ၊ ၂၀၀၆ ခုနှစ်တွင် မန္တလေးသာသနာမှ ဗန်းမော်သာသနာ၊ ၂၀၀၉ ခုနှစ်တွင် ဖားအံသာနာကို ရန်ကုန်မှ လည်းကောင်း ၂၀၁၀ တွင် ကလေးသာနာကို ဟာခါးမှလည်းကောင်း ခွဲပေးခဲ့သည်။ ၁၉၉၈ ခုနှစ်တွင် တောင်ကြီးကို Archdiocese အဖြစ် တိုးမြှင့် သတ်မှတ်ခံရခြင်းကြောင့် ယခုလက်ရှိ မြန်မာနိုင်ငံတွင် ဂိုဏ်းချုပ်သာသနာကြီး (၃) ခုနှင့် ဂိုဏ်းအုပ် သာသနာ (၁၃) ခု၊ စုစုပေါင်း (၁၆) ခု၊ တစ်နိုင်ငံလုံးရှိ ကသလစ်ဘာသာဝင်ဦးရေမှာ ၂၀၁၀ ခုနှစ် စာရင်းအရ (၇)သိန်းကျော် ရှိသည်။