မာတိကာသို့ ခုန်သွားရန်

သင်္ကြန်

ဝီကီပီးဒီးယား မှ
သင်္ကြန်
ပုဂံခေတ် သင်္ကြန်ပွဲတော်
တရားဝင်အမည်Thingyan (သင်္ကြန်)
အခြားအမည်များအတာရေသဘင်ပွဲတော်
လိုက်နာကျင့်သုံးသူများမြန်မာ
အရေးပါမှုမြန်မာနှစ်သစ်ကူး
လိုက်နာမှုများရေကစားခြင်း၊ တရားဘာဝနာပွားခြင်းနှင့် သက်ကြီးတို့အား ကန်တော့ခြင်း။
စတင်သည့်ရက်အကြိုနေ့
ပြီးဆုံးသည့်ရက်အတက်နေ့
ရက်စွဲနှစ်သစ်
ဆက်စပ်သောပွဲများဆောင်ခရမ် အားလပ်ရက်, လာအိုနှစ်သစ်ကူး, Tamil New Year, ကမ်ဗောဒီယား နှစ်သစ်ကူးရက်

သင်္ကြန် ဟူသော ဝေါဟာရသည် ပါဠိဘာသာ "သင်္ကန္တ" နှင့် သက္ကတဘာသာ "သင်္ကြန္တ" မှ ဆင်းသက်လာပြီး "ကူးပြောင်းခြင်း" ဟူ၍ အဓိပ္ပာယ်ရသည်။ မြန်မာပြက္ခဒိန်၏ ပထမဆုံးလဖြစ်သော တန်ခူးလတွင် နှစ်ဟောင်းကုန်၍ နှစ်သစ်သို့ ကူးပြောင်းသည့် အထိမ်းအမှတ်အဖြစ် ကျင်းပသော ပွဲတော်တစ်ခုဖြစ်သည်။

မြန်မာ့အတာသင်္ကြန်ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့တွင် ယူနက်စကို (UNESCO) က ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း သို့ ထည့်သွင်းသတ်မှတ်ခဲ့သည်။[] ပုဂံခေတ်သည် သင်္ကြန်ပွဲတော်ကို စာဖြင့် ရေးထိုးသည့် ကျောက်စာမှတ်တမ်း၊ ရေပက်ကစားသည့် ရာဇဝင်မှတ်တမ်း နှင့် စနစ်တကျ တွက်ချက်သည့် နက္ခတ်ဗေဒမှတ်တမ်း ဟူသော ကဏ္ဍစုံမှ အစောဆုံး တည်ရှိခဲ့သဖြင့် မြန်မာ့သင်္ကြန် သည်အစောဆုံး ကျင်းပသည့် မူလရေသဘင် နှစ်သစ်ကူးပွဲတော်ဖြစ်ကြောင်း အခိုင်အမာဆိုနိုင်ပေမည်။

နောက်ခံသမိုင်းနှင့် ယူဆချက်များ

[ပြင်ဆင်ရန်]

မြန်မာ့အတာသင်္ကြန်သည် ဗြဟ္မဏဝါဒ၏ နက္ခတ္တဗေဒပညာရပ်နှင့် မြန်မာတို့၏ ဒေသန္တရယဉ်ကျေးမှုတို့ ပေါင်းစည်းဖြစ်တည်လာသော အရှေ့တောင်အာရှ၏ အစောဆုံးနှင့် အခိုင်မာဆုံးသော နှစ်သစ်ကူးပွဲတော်ဖြစ်သည်။ []

နေမင်းကြီးသည် တစ်နှစ်တာပတ်လမ်း၏ နောက်ဆုံးရာသီဖြစ်သော မိန်ရာသီ မှ နှစ်သစ်၏အစဖြစ်သော မိဿရာသီ သို့ ကူးပြောင်းဝင်ရောက်သည့် အချိန်နာရီကို "သူရိယသိဒ္ဓန္တ" နက္ခတ်ကျမ်းအရတွက်ချက်ကာ"သင်္ကန္တ"ဟု ဗြဟ္မဏတို့က ခေါ်ဆိုခဲ့ကြသည်။ []ဤနက္ခတ္တဗေဒဆိုင်ရာ တွက်ချက်မှုအရ နေမင်းကြီးသည် မိဿရာသီ သုညဒီဂရီသို့ ရောက်ရှိသည့် "မဟာသင်္ကြန်" ကာလကို မြန်မာတို့က အေဒီ ၆၃၈ (သက္ကရာဇ် ဖြိုခေတ်) ကတည်းက လက်ခံကျင့်သုံးခဲ့ပြီး၊ ပုဂံခေတ်တွင် ထိုစနစ်မှာ အထွတ်အထိပ်သို့ ရောက်ရှိခဲ့သည်။ ပုဂံဒေသရှိ ကျောက်စာအထောက်အထားများသည် သင်္ကြန်ပွဲတော် မြန်မာပြည်မှ စတင်ခိုင်မာခဲ့ကြောင်းကို အကောင်းဆုံး သက်သေပြနေသည်။အထူးသဖြင့် အေဒီ ၁၂ ရာစုအတွင်း ရေးထိုးခဲ့သော "မင်းနန်သူအရုဏ်ဆွဲဘုရားကျောက်စာ"တွင်"သင်္ကန္တ"ဟူသော ဝေါဟာရကို တိုက်ရိုက်သုံးနှုန်းလျက် တန်ခူးလသင်္ကြန်အခါ၌ ရေစင်သွန်းလောင်းခြင်း၊ နံ့သာရည်များဖြင့် ပူဇော်ခြင်းနှင့် ဆွမ်းလုပ်ကျွေးခြင်း စသည့် အလှူမှတ်တမ်းများကို တွေ့ရှိရခြင်းက အရှေ့တောင်အာရှတွင် မြန်မာ့သင်္ကြန်သည်အထောက်အထားအရ အစောဆုံးဖြစ်ကြောင်း ထင်ရှားစေသည်။[]

မြန်မာ့သင်္ကြန်၏ ထူးခြားချက်မှာ ဗြဟ္မဏတို့၏ အချိန်ကာလသတ်မှတ်ချက်ကို ဗုဒ္ဓဘာသာဝင် မြန်မာတို့က "ရေလောင်းခြင်း" ဟူသော ဘာသာရေးနှင့် လူမှုရေးပြယုဂ်အဖြစ်သို့ ကူးပြောင်းပုံဖော်ခဲ့ခြင်းပင် ဖြစ်သည်။ ရေလောင်းခြင်း ဓလေ့သည် နှစ်ဟောင်းမှ အညစ်အကြေးများကို ဆေးကြောစင်ကြယ်စေခြင်းဟူသော အဓိပ္ပာယ်ဖြင့် ဘုရားရှင်အား ရေသပ္ပာယ်ခြင်းမှ စတင်ကာ၊ နောင်တွင် နန်းတွင်း၌ ပျော်ရွှင်ဖွယ် "ရေသဘင်ပွဲ" အဖြစ်သို့ တိုးတက်လာခဲ့သည်။ ရာဇဝင်မှတ်တမ်းများအရ ပုဂံဘုရင် နရသီဟပတေ့မင်းလက်ထက်တွင် နန်းတွင်း၌ ရေပက်ကစားခြင်း ကို စနစ်တကျ ကျင်းပခဲ့ကြောင်း တွေ့ရှိရပြီး၊ ရှေးအကျဆုံးသော ရေသဘင်ပွဲတော် မှတ်တမ်းများအဖြစ် သမိုင်းပညာရှင်များက ယူဆကြသည်။[] ဤသို့ဖြင့် ဗြဟ္မဏ နက္ခတ္တဗေဒနှင့် မြန်မာတို့၏ ကိုယ်ပိုင်ရေလောင်းဓလေ့တို့ ပေါင်းစည်းသွားကာ ယနေ့တိုင် တည်တံ့နေသော ဗမာလူမျိုးတို့၏ အတာသင်္ကြန် ကိုယ်ပိုင် identity အဖြစ် သမိုင်းပိတ်ကားပေါ်တွင် အခိုင်အမာ နေရာယူခဲ့ခြင်း ဖြစ်သည်။[]

အနှစ်ချုပ်အားဖြင့် ပုဂံခေတ်သည် သင်္ကြန်ပွဲတော်ကို စာဖြင့် ရေးထိုးသည့် ကျောက်စာမှတ်တမ်း၊ ရေပက်ကစားသည့် ရာဇဝင်မှတ်တမ်း နှင့် စနစ်တကျ တွက်ချက်သည့် နက္ခတ်ဗေဒမှတ်တမ်း ဟူသော ကဏ္ဍစုံမှ အစောဆုံး တည်ရှိခဲ့သဖြင့် မြန်မာ့သင်္ကြန် သည်အစောဆုံး ကျင်းပသည့် မူလရေသဘင် နှစ်သစ်ကူးပွဲတော်ဖြစ်ကြောင်း အခိုင်အမာဆိုနိုင်ပေမည်။ [] []

သင်္ကြန်ကာလ ကလေးငယ်များ ရေကစားနေပုံ၊ ၂၀၁၇ ခုနှစ်

ဒဏ္ဍာရီလာအယူအဆ

[ပြင်ဆင်ရန်]

သိကြားမင်းနှင့် ဗြဟ္မာမင်းတို့ အလောင်းအစားပြုရာတွင် ဗြဟ္မာမင်းရှုံး၍ ဦးခေါင်းဖြတ်ခြင်း ခံရသည်။ ထိုဦးခေါင်းကြီး မြေသို့ကျလျှင် မီးလောင်မည်၊ ရေထဲကျလျှင် ပင်လယ်ခမ်းမည် ဖြစ်သောကြောင့် နတ်သမီး ၇ ဖော်က တစ်ဦးလျှင် တစ်နှစ်စီ အလှည့်ကျ ထိန်းသိမ်းရသည်။ တစ်ဦးမှ တစ်ဦးသို့ အလွှဲအပြောင်းပြုလုပ်သည့် အချိန်ကို "သင်္ကြန်" ဟု သတ်မှတ်သည်ဟု ဆိုသည်။

လွန်ခဲ့သော ကမ္ဘာဦးကာလ၊ လူတို့၏အသိပညာနှင့် နက္ခတ္တဗေဒပညာရပ်များ ထွန်းကားစအချိန်က ဖြစ်ပါသည်။ ထိုစဉ်က ဗြဟ္မာ့ပြည်တွင် ကပိလဗြဟ္မာ ဟူသော ဗြဟ္မာကြီးတစ်ဦး ရှိလေသည်။ ထိုဗြဟ္မာကြီးသည် သူ၏ အသိပညာအပေါ် အလွန်မာန်တက်ပြီး ဘယ်သူမှ မဖြေနိုင်သော ပဟေဠိများကို မေးမြန်းလေ့ရှိသည်။ တစ်နေ့တွင် ကပိလဗြဟ္မာကြီးသည် တာဝတိံသာနတ်ပြည်၏ အရှင်သခင် သိကြားမင်း နှင့် တွေ့ဆုံကာ အလောင်းအစားတစ်ခု ပြုလုပ်လေတော့သည်။

"အို... သိကြားမင်း၊ လူသားတို့အတွက် တစ်နေ့တာရဲ့ မင်္ဂလာဟာ ဘယ်နေရာမှာ ရှိသလဲ။ အဖြေကို ခုနစ်ရက်အတွင်း မဖြေနိုင်ရင် မင်းရဲ့ ဦးခေါင်းကို ငါ့ထံ အဖြတ်ခံရမယ်။ အကယ်၍ မင်းဖြေနိုင်ရင်တော့ ငါ့ရဲ့ ဦးခေါင်းကို ငါကိုယ်တိုင် ဖြတ်ပေးမယ်။"

သိကြားမင်းသည် နတ်ပညာဖြင့် စဉ်းစားသော်လည်း အဖြေကို ချက်ချင်းမရခဲ့ပေ။ ခြောက်ရက်တိုင်တိုင် စဉ်းစားသော်လည်း အဖြေက ပဟေဠိဖြစ်နေဆဲ။

ခုနစ်ရက်မြောက်နေ့တွင် စိတ်ပျက်အားလျော်စွာဖြင့် သိကြားမင်းသည် သစ်ပင်ကြီးတစ်ပင်အောက်၌ နားနေစဉ် အထက်ရှိ သစ်ကိုင်းပေါ်မှ ငှက်မင်းနှစ်ကောင် စကားပြောနေသည်ကို ကြားလိုက်ရသည်။ မငှက်က "မနက်ဖြန် ငါတို့ ဘာစားရမလဲ" ဟု မေးရာ၊ ဖိုငှက်က "သိကြားမင်း ရှုံးတော့မယ်၊ ဗြဟ္မာကြီးရဲ့ အသားကို စားရလိမ့်မယ်" ဟု ပြန်ပြောရင်း အဖြေကိုပါ တတွတ်တွတ် ပြောပြနေလေသည်။ ၎င်းကို ကြားလိုက်ရသော သိကြားမင်းသည် ဝမ်းသာအားရဖြင့် ဗြဟ္မာမင်းထံ ပြန်သွားကာ အဖြေကို ဤသို့ ဖြေကြားလိုက်ပါသည်။ "နံနက်ခင်းမှာ လူတို့ဟာ မျက်နှာသစ်ကြတဲ့အတွက် မင်္ဂလာဟာ မျက်နှာမှာ ရှိပါတယ်။ မွန်းတည့်ချိန်မှာ ကိုယ်လက်သန့်စင်ကြတဲ့အတွက် မင်္ဂလာဟာ ရင်ဘတ်မှာ ရှိပါတယ်။ ညနေချမ်းမှာ ခြေထောက်ကို ဆေးကြောကြတဲ့အတွက် မင်္ဂလာဟာ ခြေထောက် မှာ ရှိပါတယ်။"

ကပိလဗြဟ္မာကြီးသည် မိမိ၏ အရှုံးကို ဝန်ခံကာ ကတိအတိုင်း မိမိ၏ ဦးခေါင်းကို ဓားဖြင့် ဖြတ်ချလိုက်လေသည်။ သို့သော် ပြဿနာက ထိုနေရာမှ စတော့သည်။ ထိုဗြဟ္မာကြီး၏ ဦးခေါင်းသည် အလွန်တန်ခိုးကြီးလှသဖြင့် မြေပေါ်ကျလျှင် ကမ္ဘာကြီး မီးဟုန်းဟုန်းတောက်မည်။သမုဒ္ဒရာထဲကျလျှင် ရေများ ခမ်းခြောက်သွားမည်။မိုးပေါ်ပစ်တင်လျှင် ခုနစ်နှစ်ပတ်လုံး မိုးခေါင်သွားမည်။

သမီးတော်ခုနစ်ဦးနှင့် အတာကူးချိန် သိကြားမင်းသည် ကမ္ဘာကြီး ပျက်စီးမည့်ဘေးမှ ကယ်တင်ရန် ကပိလဗြဟ္မာမင်း၏ သမီးတော် ခုနစ်ဦးကို ဆင့်ခေါ်လိုက်သည်။ ထို့နောက် ဖခင်၏ ဦးခေါင်းတော်ကို မြေပေါ်မကျစေဘဲ ဖန်ဦးအင်တုံဖြင့် လှည့်လည် ကိုင်ဆောင်စေခဲ့သည်။ သမီးတော်တစ်ဦးသည် တစ်နှစ်လျှင် တစ်ကြိမ် အလှည့်ကျ ကိုင်ဆောင်ရသည်။ တစ်နှစ်ပြည့်၍ နောက်သမီးတော်တစ်ဦးထံသို့ ဦးခေါင်းတော်ကို လွှဲပြောင်းပေးသည့် အခိုက်အတန့်ကို "သင်္ကန္တ" သို့မဟုတ် "သင်္ကြန်" ဟု ခေါ်ဆိုကြလေသည်။ ဤသည်မှာ နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းခြင်းပင် ဖြစ်ပါသည်။

ဤဒဏ္ဍာရီအရ သင်္ကြန်ကာလအတွင်း သိကြားမင်းသည် လူ့ပြည်သို့ ဆင်းသက်လာပြီး လူတို့၏ ကောင်းမှု၊ မကောင်းမှုများကို စစ်ဆေးတတ်သည်ဟု ယုံကြည်ကြသည်။ကောင်းမှုလုပ်သူများကို ရွှေပေလွှာ ထက်တွင် မှတ်တမ်းတင်သည်။မကောင်းမှုလုပ်သူများကို ခွေးသားရေပုရပိုက် ပေါ်တွင် မှတ်တမ်းတင်သည်။ ထို့ကြောင့် မြန်မာတို့သည် သိကြားမင်းဆင်းလာချိန် (သင်္ကြန်ကျချိန်) မှ ပြန်တက်သွားချိန် (သင်္ကြန်တက်ချိန်) အထိ အန္တရာယ်ကင်းစေရန် အတာအိုးများ ထိုးကြပြီး၊ မကောင်းမှုများကို ရှောင်ကြဉ်ကာ ကုသိုလ်ယူရင်း ရေပက်ကစားကြခြင်း ဖြစ်ပါတော့သည်။

နက္ခတ်ဗေဒင်ဆိုင်ရာ အယူအဆ

[ပြင်ဆင်ရန်]

မြန်မာ့အတာသင်္ကြန်ရက် သတ်မှတ်ရန်အတွက် အသုံးပြုသော သူရိယသိဒ္ဓန္တကျမ်း သည် နေမင်း၏ တည်နေရာအမှန်ကို ရှာဖွေရာ၌ "မဇ္ဈိမ" နှင့် "သဖုဋ" ဟူသော အဆင့်နှစ်ဆင့်ဖြင့် တွက်ချက်သည်။ ၎င်းစနစ်သည် နေမင်း၏ အသွားနှုန်း မမှန်မှုကို Trigonometry ပညာရပ်ဖြင့် ဖြေရှင်းထားခြင်း ဖြစ်သည်။

ပထမဦးစွာ ကမ္ဘာဗဟိုပြုစနစ်အရ နေမင်းသည် စက်ဝိုင်းပုံလမ်းကြောင်းအတိုင်း တစ်သမတ်တည်း သွားနေသည်ဟု ယူဆကာ ၎င်း၏ ပျမ်းမျှတည်နေရာ ကို ရှာဖွေရသည်။အဟောဂဏသည် ကမ္ဘာဦးအစ (သို့မဟုတ် ခေတ်တစ်ခု၏အစ) မှ ယနေ့အထိ ကုန်လွန်ခဲ့သော စုစုပေါင်း ရက်အရေအတွက်ကို ဦးစွာတွက်ချက်သည်။[] ၎င်းရက်အရေအတွက်ကို အခြေခံ၍ နေမင်း၏ ပျမ်းမျှသွားနှုန်းဖြင့် မြှောက်ကာ ရာသီစက်ဝန်း၏ မည်သည့်နေရာသို့ ရောက်ရှိနေသည်ကို ရှာဖွေသည်။ ဤကျမ်းအရ နေမင်းသည် တစ်နှစ်လျှင် ၃၆၅ ရက်၊ ၁၅ နာရီ၊ ၃၁ မိနစ်၊ ၃၁.၄ စက္ကန့် ကြာမြင့်စွာ သွားလာသည်ဟု သတ်မှတ်သည်။

နေမင်းသည် ကမ္ဘာကို ပတ်ရာတွင် ဘဲဥပုံလမ်းကြောင်း အတိုင်း သွားသောကြောင့် အချို့နေရာတွင် မြန်၍ အချို့နေရာတွင် နှေးသည်။ ထိုသို့ ပျမ်းမျှတည်နေရာနှင့် အမှန်တကယ်ရှိနေသော တည်နေရာ ခြားနားချက်ကို "မန္ဒဖလ" ဟု ခေါ်သည်။မန္ဒဥစ္စ ကို နေမင်းနှင့် ကမ္ဘာ အကွာဆုံးအမှတ်ကို သူရိယသိဒ္ဓန္တတွင် မိဿရာသီ၏ ၇၈ ဒီဂရီ၌ ကိန်းသေထား၍ တွက်ချက်သည်။[၁၀]သဖုဋတွက်ချက်ပုံမှာ နေ၏ ပျမ်းမျှတည်နေရာမှ မန္ဒဥစ္စကို နှုတ်၍ ရလာသော ကိန်းကို Sine function (Jya) သုံးကာ တွက်ချက်ရရှိသော အဖြေကို ပျမ်းမျှတည်နေရာတွင် ပေါင်းခြင်း သို့မဟုတ် နှုတ်ခြင်းဖြင့် "သဖုဋနေ" ခေါ် နေမင်း၏ တည်နေရာအမှန်ကို ရရှိသည်။

နေမင်း၏ တည်နေရာအမှန် (သဖုဋနေ) သည် ၃၆၀ ဒီဂရီပြည့်၍ ၀ ဒီဂရီ (မိဿရာသီ၏ အစမှတ်) သို့ ရောက်ရှိသည့် အချိန်နာရီကို တိကျစွာ တွက်ချက်သည်။ ၎င်းအချိန်ကို "သင်္ကြန်ကျချိန်" ဟု သတ်မှတ်သည်။နက္ခတ်တာရာများ အစဉ်အမြဲ ရွေ့လျားနေမှုကြောင့် ဖြစ်ပေါ်လာသော ကွာဟချက်ကို ညှိနှိုင်းရန် အယနံသကိန်းကို ထည့်သွင်းတွက်ချက်ရသည်။ မြန်မာ့ရိုးရာသင်္ကြန်သည် "နိရယဏ" စနစ်ကို သုံးသောကြောင့် ကြယ်တာရာများအပေါ် မူတည်၍ နေမင်း၏ အနေအထားကို တိကျစွာ သိရှိနိုင်ခြင်း ဖြစ်သည်။[၁၁]

ဤသို့ဖြင့် သူရိယသိဒ္ဓန္တကျမ်းသည် နေမင်း၏ သွားလာမှုကို သင်္ချာနည်းကျကျ တွက်ချက်ပေးခြင်းဖြင့် မြန်မာ့အတာသင်္ကြန်၏ "အတက်၊ အကျ၊ အကြို၊ အကူး" အချိန်များကို နှစ်စဉ် လွဲချော်မှုမရှိစေရန် ထိန်းကျောင်းပေးထားခြင်း ဖြစ်သည်။[၁၂]

ကျင်းပပုံ ဓလေ့ထုံးတမ်းများ

[ပြင်ဆင်ရန်]

မြန်မာ့အတာသင်္ကြန်သည် မြန်မာလူမျိုးတို့၏ နှစ်ထောင်ချီ ခိုင်မာလာခဲ့သော ဓလေ့နှင့် ဗုဒ္ဓဘာသာအဆုံးအမများ ပေါင်းစည်းထားသည့် ကိုယ်ပိုင်ရိုးရာ ပွဲတော်တစ်ခုဖြစ်သည်။ နှစ်ဟောင်းမှ အညစ်အကြေးများကို ဆေးကြော၍ နှစ်သစ်တွင် မင်္ဂလာအပေါင်းနှင့် ပြည့်စုံစေရန် ရည်ရွယ်ကျင်းပကြသည်။

မန္တလေးသင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ်နှင့်အတူ မြင်တွေ့ရသော မန္တလေးဂုဏ်ဆောင် မြို့မတူရိယာအသင်းအလှပြယာဉ်

၁။ ဘာသာရေးဆိုင်ရာ ရေသပ္ပာယ်ခြင်း ဓလေ့

[ပြင်ဆင်ရန်]

သင်္ကြန်ကာလ၏ အဓိက အနှစ်သာရမှာ စင်ကြယ်ခြင်း ဖြစ်သည်။ မြန်မာ လူမျိုးတို့သည် သင်္ကြန်ကျသည်နှင့်တစ်ပြိုင်နက် ဘုရားကျောင်းကန်များသို့ သွားရောက်၍ ဗုဒ္ဓရုပ်ပွားတော်မြတ်များကို နံ့သာရည်များဖြင့် "ရေသပ္ပာယ်ခြင်း" ကို ရှေးဦးစွာ ပြုလုပ်ကြသည်။[] ဤသည်မှာ နှစ်သစ်ကို ကုသိုလ်ဖြင့် စတင်ခြင်းဖြစ်ပြီး မိမိတို့၏ စိတ်နှလုံးကို ရေကဲ့သို့ အေးမြစေရန် ရည်ရွယ်သည့် ဗမာ့ကိုယ်ပိုင် ဘာသာရေး ထုံးတမ်းဖြစ်သည်။

၂။ ရေသဘင်နှင့် လူမှုရေး ပျော်ရွှင်မှု

[ပြင်ဆင်ရန်]

မြန်မာ့ရိုးရာ ရေလောင်းခြင်းသည် တစ်ဦးကိုတစ်ဦး ရန်ငြိုးပြေပျောက်စေရန်နှင့် ချစ်ကြည်ရင်းနှီးမှု တိုးပွားစေရန် ရည်ရွယ်သည်။ ပုဂံခေတ် ရာဇဝင်မှတ်တမ်းများအရ နန်းတွင်း၌ ဘုရင်နှင့် မိဖုရားများမှစ၍ ငွေဖလားများဖြင့် ရေပက်ကစားသည့် "ရေသဘင်ပွဲ" ကို စနစ်တကျ ကျင်းပခဲ့ကြသည်။[၁၃] ဤရေလောင်းဓလေ့သည် ပူပြင်းလှသော တန်ခူးလ၏ အပူဒဏ်ကို အေးမြစေသည့်အပြင် "နှစ်ဟောင်းက အညစ်အကြေး ရေဆေးလို့စင်" ဟူသော ဗမာ့ရိုးရာ ယုံကြည်မှုကို ဖော်ဆောင်နေခြင်း ဖြစ်သည်။

၃။ သက်ကြီးပူဇော်ပွဲနှင့် ကန်တော့ခြင်း

[ပြင်ဆင်ရန်]

သင်္ကြန်ကာလအတွင်း အလွန်အနှစ်သာရရှိသော ဓလေ့မှာ "သက်ကြီးပူဇော်ပွဲ" ဖြစ်သည်။ ရပ်ကွက်၊ ကျေးရွာအတွင်းရှိ အသက်ကြီးသူများကို ခေါင်းလျှော်ပေးခြင်း၊ ခြေသည်းလက်သည်း ညှပ်ပေးခြင်းနှင့် အဝတ်အစားသစ်များ လဲလှယ်ပေးကာ ကန်တော့ခြင်းတို့ ပြုလုပ်ကြသည်။ ဤသည်မှာ လူကြီးမိဘများကို ရိုသေလေးစားတတ်သော ဗမာလူမျိုးတို့၏ ကိုယ်ကျင့်တရားနှင့် ယဉ်ကျေးမှု ပြယုဂ်တစ်ခု ဖြစ်သည်။

၄။ စုပေါင်းလုပ်ဆောင်မှုနှင့် စတုဒိသာကျွေးမွေးခြင်း

[ပြင်ဆင်ရန်]

သင်္ကြန်ကာလတွင် "မုန့်လုံးရေပေါ်" ပြုလုပ်ခြင်းမှာ ဗမာတို့၏ စည်းလုံးမှုကို ဖော်ပြသည်။ တစ်အိမ်တက်ဆင်း မုန့်လုံးရေပေါ်များ ဝေငှခြင်း၊ စတုဒိသာကျွေးမွေးခြင်းတို့ဖြင့် "မရှိလျှင်ရှိသူက ပေးကမ်းခြင်း" ဟူသော စေတနာကို အခြေခံသည့် လူမှုဓလေ့ကို တွေ့မြင်နိုင်သည်။[၁၄]

၅။ အတာအိုးနှင့် သပြေညွန့်အမှတ်အသား

[ပြင်ဆင်ရန်]

နေအိမ်တိုင်းတွင် ရေဖြည့်ထားသော အတာအိုးအတွင်း၌ "အောင်ခြင်းမင်္ဂလာ" ကို ဆောင်သည့် သပြေညွန့်နှင့် အတာပန်းများကို ထိုးစိုက်ကြသည်။ ၎င်းသည် နှစ်သစ်တွင် ဘေးအန္တရာယ်ကင်းဝေး၍ အေးချမ်းသာယာပါစေကြောင်း မိမိတို့၏ ကိုယ်ပိုင်အယူအဆဖြင့် ဆုတောင်းကြသည့် ရိုးရာသင်္ကေတ တစ်ခုဖြစ်သည်။

မြန်မာသင်္ကြန်၏အမှတ်အသားနှင့် သင်္ကေတများ

[ပြင်ဆင်ရန်]

မြန်မာ့အတာသင်္ကြန်ပွဲတော်သည် သမိုင်းစဉ်တစ်လျှောက် ယဉ်ကျေးမှုအနုပညာနှင့် ယုံကြည်မှုများ ပေါင်းစည်းရာ အခါသမယဖြစ်ပြီး၊ ပွဲတော်၏ သင်္ကေတများနှင့် အမှတ်အသားများသည်လည်း စာပေနှင့်ကဗျာလောကတွင် ခိုင်မာစွာ နေရာယူထားပါသည်။ သင်္ကြန်၏ အဓိကသင်္ကေတဖြစ်သော ပိတောက်ဖြူနှင့် ပိတောက်ဝါ တို့သည် အေးမြသော သင်္ကြန်မိုးနှင့်အတူ ပွင့်လန်းလာတတ်ပုံကို ရှေးစာဆိုတော်များကပင် တခမ်းတနား ဖွဲ့ဆိုခဲ့ကြရာ၊ အထူးသဖြင့် ကုန်းဘောင်ခေတ် စာဆိုတော် ဦးကြော့၏ "တန်ခူးလေသာ၊ မိဿရာသီ၊ ပြောင်းပြီမို့၊ လောင်းလှေလှော်ခတ်၊ ရေသဘင်ဆင်ယင်ကျင်းပ..." ဟူသော ကဗျာစာသားများသည် သင်္ကြန်၏ အနှစ်သာရကို ကောင်းစွာဖော်ညွှန်းနေပါသည်။ ထို့ပြင် သင်္ကြန်၏ အမှတ်အသားတစ်ခုဖြစ်သော အတာအိုး အတွင်းရှိ သပြေညွန့်နှင့် အတာပန်း ၇ မျိုးကို အမှီပြု၍ "သပြေညို ရွှေဘိုပန်းက၊ လန်းရက်စည်စည်" ဟူသော စာသားများက မြန်မာတို့၏ အောင်ခြင်းမင်္ဂလာနှင့် နှစ်သစ်ကူးအောင်ပွဲကို ပုံဖော်ပေးခဲ့သည်။ မြန်မာလူမျိုးတို့၏ သင်္ကြန်ယဉ်ကျေးမှုတွင် ရေပက်ကစားခြင်းသည် ပျော်ရွှင်မှုသက်သက်မဟုတ်ဘဲ "ရေစင်သွန်းလို့၊ အမောပြေ၊ တန်ခူးလမှာ၊ ပျော်ကြပေ" ဟူသည့်အတိုင်း တစ်ဦးပေါ်တစ်ဦး ထားရှိသည့် မေတ္တာနှင့် ကောင်းမှုကို ရည်ရွယ်သည့် စင်ကြယ်ခြင်း သင်္ကေတဖြစ်သည်။ လူမှုရေးအရလည်း မုန့်လုံးရေပေါ် နှင့် သင်္ကြန်ယိမ်း တို့သည် စည်းလုံးခြင်း၏ အမှတ်အသားများဖြစ်ကြပြီး၊ မဏ္ဍပ်ထက်မှ သံချပ် သံများသည်လည်း လွတ်လပ်မှုနှင့် ပွင့်လင်းမြင်သာမှု၏ ပြယုဂ်များအဖြစ် တည်ရှိနေပါသည်။ ဤသို့ဖြင့် မြန်မာ့အတာသင်္ကြန်သည် ပိတောက်ရနံ့၊ သပြေခက်၊ အတာအိုးနှင့် ရေသဘင်ပွဲတော်ဟူသော အမှတ်အသားများဖြင့် သမိုင်းပိတ်ကားထက်တွင် ကဗျာဆန်ဆန် လှပစွာ အမြစ်တွယ်နေသော အမျိုးသားရေး သင်္ကေတတစ်ခုဖြစ်ကြောင်း သမိုင်းနှင့် စာပေအထောက်အထားများက ညွှန်ပြနေပါသည်။

ဒေသန္တရ ဆက်စပ်မှု

[ပြင်ဆင်ရန်]

မြန်မာနိုင်ငံအပြင် မြန်မာ ကောဇာသက္ကရာဇ်ကို ၁၉ရာစု အလယ်ပိုင်းအထိ ဆက်ခံအသုံးပြုခဲ့ကြသောထိုင်း (Songkran)၊ လာအို (Pi Mai)၊ ကမ္ဘောဒီးယားနိုင်ငံ (Chaul Chnam Thmey) နှင့် တရုတ်နိုင်ငံယူနန်ပြည်နယ်ရှိ ရှမ်းလူမျိုးများတွင်လည်း အလားတူ နှစ်သစ်ကူး ရေပက်ပွဲတော်များကို ဒေသန္တရအမည်များဖြင့် ကျင်းပကြသည်။

မြန်မာနှစ်သစ်ကူးသင်္ကြန်တွင် ရေကစားနေပုံ၊ ရန်ကုန်၊ မြန်မာ ( ၁၃၊ ဧပြီလ၊ ၂၀၁၁)

မြန်မာ့အတာသင်္ကြန်သည် အရှေ့တောင်အာရှရှိ အခြားသော တိုင်(ရှမ်း) နွယ်ဖွားများနှင့် ခမာ ယဉ်ကျေးမှု ထွန်းကားရာ ဒေသများသို့ ဗြဟ္မဏနက္ခတ္တဗေဒနှင့် ရေသဘင်ဓလေ့ကို ပျံ့နှံ့စေခဲ့သည့် အဓိက အချက်အချာ ဖြစ်သည်။ သမိုင်းအထောက်အထားများအရ ပုဂံခေတ် အင်ပါယာ အထွတ်အထိပ်သို့ ရောက်ရှိချိန်တွင် မြန်မာတို့၏ သက္ကရာဇ် တွက်ချက်ပုံနှင့် သင်္ကြန်ကျင်းပပုံ ဓလေ့များသည် အိမ်နီးချင်း ယိုးဒယား (အယုဒ္ဓယ) နှင့် လာအိုဒေသများသို့ လွှမ်းမိုး စီးဝင်ခဲ့သည်။[]

အရှေ့တောင်အာရှ နိုင်ငံအတော်များများသည် မြန်မာတို့၏ မြန်မာသက္ကရာဇ် (จุลศักราช, ចុល្លសករាជ,Chula Sakarat) ကို ရာစုနှစ်ပေါင်းများစွာ အသုံးပြုခဲ့ကြသည်။ နေမင်းကြီး၏ ပတ်လမ်းကို အခြေခံ၍ သင်္ကြန်ကျရက် တွက်ချက်သည့် မြန်မာ့နက္ခတ်ဗေဒ စနစ်သည် ထိုင်းနှင့် လာအိုနိုင်ငံတို့၏ ဆုန်ကရန် (Songkran) ရက်စွဲ သတ်မှတ်ချက်အပေါ် တိုက်ရိုက် သက်ရောက်မှု ရှိခဲ့သည်။ ထို့ကြောင့် မြန်မာ့သင်္ကြန်သည် ဒေသတွင်း နှစ်သစ်ကူးပွဲတော်များအတွက် "အချိန်နာရီ စံနှုန်း" အဖြစ် တည်ရှိခဲ့သည်။[၁၅]

ဗုဒ္ဓရုပ်ပွားတော်များကို ရေသပ္ပာယ်ခြင်းနှင့် လူသားအချင်းချင်း ရေစင်သွန်းလောင်းခြင်း ဓလေ့သည် မြန်မာပြည်မှတစ်ဆင့် မဲခေါင်မြစ်ဝှမ်းတစ်လျှောက်ရှိ နိုင်ငံများသို့ ပျံ့နှံ့သွားခဲ့ခြင်း ဖြစ်သည်။ ပုဂံခေတ် ရာဇဝင်မှတ်တမ်းများတွင် တွေ့ရသည့် စနစ်တကျ ရေပက်ကစားသည့် ဓလေ့သည် အရှေ့တောင်အာရှတွင် အစောဆုံးသော "ရေသဘင်" ပုံစံဖြစ်ပြီး၊ ၎င်းသည် နောင်တွင် ယိုးဒယားနှင့် လာအိုတို့၏ ကိုယ်ပိုင်ဟန် ရေသဘင်ပွဲများအဖြစ်သို့ ဆင့်ကဲပြောင်းလဲ သွားခဲ့သည်။[၁၆]

မြန်မာ့သင်္ကြန်တွင် တွေ့ရသည့် "သက်ကြီးပူဇော်ပွဲ"၊ "ငါးလွှတ်ပွဲ" (ဇီဝိတဒါန) နှင့် "မုန့်လုံးရေပေါ်" ကဲ့သို့သော စုပေါင်းလုပ်ဆောင်မှုများသည် အရှေ့တောင်အာရှ ဒေသန္တရ နိုင်ငံများတွင် ဆင်တူယိုးမှား တွေ့ရှိရသည်။ ဤသည်မှာ မြန်မာ့ယဉ်ကျေးမှုသည် ဗြဟ္မဏဝါဒမှ လာသော အယူအဆကို အရှေ့တောင်အာရှ ဒေသစရိုက်နှင့် ကိုက်ညီအောင် ဦးစွာ ပုံဖော်ခဲ့ပြီး၊ ထိုမှတစ်ဆင့် ဒေသတွင်းသို့ တစ်ဆင့်စကား တစ်ဆင့်နားဖြင့် စီးဝင်သွားခြင်း ဖြစ်ကြောင်း ခိုင်မာသော အထောက်အထားများက ညွှန်ပြနေသည်။[၁၇]

မြန်မာ့သင်္ကြန်သည် အရှေ့တောင်အာရှ၏ နှစ်သစ်ကူး ယဉ်ကျေးမှု ကွင်းဆက်တွင် "အစပြုရာ ဗဟိုချက်" အဖြစ် တည်ရှိနေပြီး၊ နက္ခတ္တဗေဒဆိုင်ရာ တိကျမှုနှင့် ရေလောင်းဓလေ့၏ အနှစ်သာရတို့ကြောင့် ဒေသတွင်း နိုင်ငံများ၏ သင်္ကြန်ပွဲတော်များအပေါ် ယနေ့တိုင် ဩဇာသက်ရောက်နေဆဲ ဖြစ်သည်။

ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်

[ပြင်ဆင်ရန်]

မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကို ယူနက်စကို၏ လူသားမျိုးနွယ်ဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းတွင် ပါဝင်နိုင်ရေးအတွက် အဆိုပြုစာတွဲကို ယူနက်စကို ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ကော်မတီထံ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ၂၀၂၃ ခုနှစ်၊ မတ်လ ၂၄ ရက်တွင် ပေးပို့တင်သွင်းသည်။၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၅ ရက်တွင် ပါရာဂွေးနိုင်ငံ၊ အာဆွန်စီယွန်မြို့၌ ကျင်းပသည့် (၁၉)ကြိမ်မြောက် ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ်ညီလာခံက “မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်”ကို ကမ္ဘာ့ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်စာရင်းတွင်ထည့်သွင်းကြောင်းတရားဝင် ဆုံးဖြတ်အတည်ပြုကြေညာခဲ့သည်။ထို့ကြောင့်သင်္ကြန်ပွဲတော်သည်မြန်မာတို့အတွက်ဂုဏ်ယူစရာကောင်းသည်။[၁၈]

ကိုးကား

[ပြင်ဆင်ရန်]
  1. Inscribed in 2024 (19.COM) on the Representative List of the Intangible Cultural Heritage of Humanity Intangible Cultural Heritage (5 Dec 2024)။ 6 Dec 2024 တွင် ပြန်စစ်ပြီး။
  2. ဒေါက်တာသန်းထွန်း၊ "မြန်မာ့ယဉ်ကျေးမှုသမိုင်း"၊ ၂၀၀၂၊ နှာ-၁၂၄-၁၃၀။
  3. ဦးဖိုးလတ်၊ "မြန်မာ့သက္ကရာဇ်သမိုင်း"၊ ၁၉၆၂။
  4. မောင်မောင်တင်၊ "မြန်မာ့ကျောက်စာသမိုင်း"၊ ၁၉၇၀။
  5. 1 2 3 ဒေါက်တာသန်းထွန်း၊ "မြန်မာ့ယဉ်ကျေးမှုသမိုင်း"၊ ၂၀၀၂။
  6. Aung Hla Thein, "The Evolution of Myanmar Traditional Festivals", 2012.
  7. Aung Hla Thein, "The Evolution of Myanmar Traditional Festivals", 2012, p. 45.
  8. Sai Aung Tun, "History of the Myanmar Calendar and Festivals", 1998.
  9. ဖိုးလတ်၊ "မြန်မာ့သက္ကရာဇ်သမိုင်း"၊ ၁၉၆၂၊ နှာ-၄၅-၅၀။
  10. Burgess, Ebenezer, "Translation of the Surya-Siddhanta: A Text-book of Hindu Astronomy", 1860.
  11. ဒေါက်တာသန်းထွန်း၊ "မြန်မာ့ယဉ်ကျေးမှုသမိုင်း"၊ ၂၀၀၂။
  12. Sai Aung Tun, "History of the Myanmar Calendar and Festivals", 1998.
  13. မှန်နန်းရာဇဝင်တော်ကြီး၊ ပုဂံခေတ်အပိုင်း။
  14. ဦးနု၊ "မြန်မာ့ယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံများ"၊ ၁၉၆၅။
  15. ဖိုးလတ်၊ "မြန်မာ့သက္ကရာဇ်သမိုင်း"၊ ၁၉၆၂။
  16. Sai Aung Tun, "The History of Myanmar Calendar", 1998.
  17. Aung Hla Thein, "The Evolution of Myanmar Traditional Festivals", 2012.
  18. မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းအဖြစ် သတ်မှတ်ခံရ Myanmar Digital News (5 December 2024)။ 22 August 2025 တွင် ပြန်စစ်ပြီး။