သင်္ကြန်
| သင်္ကြန် | |
|---|---|
ပုဂံခေတ် သင်္ကြန်ပွဲတော် | |
| တရားဝင်အမည် | Thingyan (သင်္ကြန်) |
| အခြားအမည်များ | အတာရေသဘင်ပွဲတော် |
| လိုက်နာကျင့်သုံးသူများ | မြန်မာ |
| အရေးပါမှု | မြန်မာနှစ်သစ်ကူး |
| လိုက်နာမှုများ | ရေကစားခြင်း၊ တရားဘာဝနာပွားခြင်းနှင့် သက်ကြီးတို့အား ကန်တော့ခြင်း။ |
| စတင်သည့်ရက် | အကြိုနေ့ |
| ပြီးဆုံးသည့်ရက် | အတက်နေ့ |
| ရက်စွဲ | နှစ်သစ် |
| ဆက်စပ်သောပွဲများ | ဆောင်ခရမ် အားလပ်ရက်, လာအိုနှစ်သစ်ကူး, Tamil New Year, ကမ်ဗောဒီယား နှစ်သစ်ကူးရက် |
သင်္ကြန် ဟူသော ဝေါဟာရသည် ပါဠိဘာသာ "သင်္ကန္တ" နှင့် သက္ကတဘာသာ "သင်္ကြန္တ" မှ ဆင်းသက်လာပြီး "ကူးပြောင်းခြင်း" ဟူ၍ အဓိပ္ပာယ်ရသည်။ မြန်မာပြက္ခဒိန်၏ ပထမဆုံးလဖြစ်သော တန်ခူးလတွင် နှစ်ဟောင်းကုန်၍ နှစ်သစ်သို့ ကူးပြောင်းသည့် အထိမ်းအမှတ်အဖြစ် ကျင်းပသော ပွဲတော်တစ်ခုဖြစ်သည်။
မြန်မာ့အတာသင်္ကြန်ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့တွင် ယူနက်စကို (UNESCO) က ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း သို့ ထည့်သွင်းသတ်မှတ်ခဲ့သည်။[၁]
နောက်ခံသမိုင်းနှင့် ယူဆချက်များ
[ရင်းမြစ်ကို တည်းဖြတ်ရန်]
ဒဏ္ဍာရီလာအယူအဆ (ဟိန္ဒူဩဇာ)
[ရင်းမြစ်ကို တည်းဖြတ်ရန်]သိကြားမင်းနှင့် ဗြဟ္မာမင်းတို့ အလောင်းအစားပြုရာတွင် ဗြဟ္မာမင်းရှုံး၍ ဦးခေါင်းဖြတ်ခြင်း ခံရသည်။ ထိုဦးခေါင်းကြီး မြေသို့ကျလျှင် မီးလောင်မည်၊ ရေထဲကျလျှင် ပင်လယ်ခမ်းမည် ဖြစ်သောကြောင့် နတ်သမီး ၇ ဖော်က တစ်ဦးလျှင် တစ်နှစ်စီ အလှည့်ကျ ထိန်းသိမ်းရသည်။ တစ်ဦးမှ တစ်ဦးသို့ အလွှဲအပြောင်းပြုလုပ်သည့် အချိန်ကို "သင်္ကြန်" ဟု သတ်မှတ်သည်ဟု ဆိုသည်။
နက္ခတ်ဗေဒင်ဆိုင်ရာ အယူအဆ
[ရင်းမြစ်ကို တည်းဖြတ်ရန်]သူရိယသိဒ္ဓန္တကျမ်းအလိုအရ မိဿရာသီမှ စတင်သော နေမင်း၏ လှည့်ပတ်မှုလမ်းကြောင်းတွင် တစ်ပတ်ပြည့်၍ မိန်ရာသီမှ မိဿရာသီသို့ ပြန်လည်ဝင်ရောက်သည့် အချိန်ကို သင်္ကြန်ကျသည်ဟု သတ်မှတ်သည်။ နေသွားလမ်းနှင့် ရာသီခွင်တို့အပေါ် မူတည်၍ တွက်ချက်ခြင်းဖြစ်သည်။
ကျင်းပပုံ ဓလေ့ထုံးတမ်းများ
[ရင်းမြစ်ကို တည်းဖြတ်ရန်]သင်္ကြန်ပွဲတော်ကို အစဉ်အလာအရ အကြိုနေ့၊အကျနေ့၊ အကြတ်နေ့နှင့် အတက်နေ့ဟူ၍ သတ်မှတ်ကျင်းပကြသည်။
ရေပက်ဖျန်းခြင်း
[ရင်းမြစ်ကို တည်းဖြတ်ရန်]နှစ်ဟောင်းမှ အညစ်အကြေးများ စင်ကြယ်စေရန်နှင့် နှစ်သစ်တွင် အေးချမ်းစေရန် ရည်ရွယ်၍ တစ်ဦးနှင့်တစ်ဦး ရေပက်ဖျန်းကြသည်။ ရှေးယခင်က သပြေခက်ဖြင့် ရေပက်ကြသော်လည်း ယခုအခါ ရေပြောင်း၊ ရေသေနတ်များနှင့် မဏ္ဍပ်များဖြင့် စည်ကားစွာ ဆင်နွှဲကြသည်။
ကုသိုလ်ပြုခြင်း
[ရင်းမြစ်ကို တည်းဖြတ်ရန်]လူကြီးမိဘများကို ခေါင်းလျှော်ပေးခြင်း၊ ခြေသည်းလက်သည်း ညှပ်ပေးခြင်း၊ ငါးလွှတ်ခြင်းနှင့် မုန့်လုံးရေပေါ် ကျွေးမွေးခြင်း (စတုဒိသာ) တို့ကို ပြုလုပ်ကြသည်။
ဘာသာရေး
[ရင်းမြစ်ကို တည်းဖြတ်ရန်]ဘုရားကျောင်းကန်များတွင် သီလဆောက်တည်ခြင်း၊ တရားဘာဝနာ ပွားများခြင်းတို့ဖြင့် ငြိမ်းချမ်းစွာ ဖြတ်သန်းသူများလည်း ရှိသည်။
ဒေသန္တရ ဆက်စပ်မှု
[ရင်းမြစ်ကို တည်းဖြတ်ရန်]
မြန်မာနိုင်ငံအပြင် မြန်မာ ကောဇာသက္ကရာဇ်ကို ၁၉ရာစု အလယ်ပိုင်းအထိ ဆက်ခံအသုံးပြုခဲ့ကြသောထိုင်း (Songkran)၊ လာအို (Pi Mai)၊ ကမ္ဘောဒီးယားနိုင်ငံ (Chaul Chnam Thmey) နှင့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ရှိ ရှမ်းလူမျိုးများတွင်လည်း အလားတူ နှစ်သစ်ကူး ရေပက်ပွဲတော်များကို ဒေသန္တရအမည်များဖြင့် ကျင်းပကြသည်။
ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်
[ရင်းမြစ်ကို တည်းဖြတ်ရန်]မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကို ယူနက်စကို၏ လူသားမျိုးနွယ်ဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းတွင် ပါဝင်နိုင်ရေးအတွက် အဆိုပြုစာတွဲကို ယူနက်စကို ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ကော်မတီထံ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ၂၀၂၃ ခုနှစ်၊ မတ်လ ၂၄ ရက်တွင် ပေးပို့တင်သွင်းသည်။၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၅ ရက်တွင် ပါရာဂွေးနိုင်ငံ၊ အာဆွန်စီယွန်မြို့၌ ကျင်းပသည့် (၁၉)ကြိမ်မြောက် ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ်ညီလာခံက “မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်”ကို ကမ္ဘာ့ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်စာရင်းတွင်ထည့်သွင်းကြောင်းတရားဝင် ဆုံးဖြတ်အတည်ပြုကြေညာခဲ့သည်။ထို့ကြောင့်သင်္ကြန်ပွဲတော်သည်မြန်မာတို့အတွက်ဂုဏ်ယူစရာကောင်းသည်။[၂]
ကိုးကား
[ရင်းမြစ်ကို တည်းဖြတ်ရန်]- ↑ Inscribed in 2024 (19.COM) on the Representative List of the Intangible Cultural Heritage of Humanity။ Intangible Cultural Heritage (5 Dec 2024)။ 6 Dec 2024 တွင် ပြန်စစ်ပြီး။
- ↑ မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းအဖြစ် သတ်မှတ်ခံရ။ Myanmar Digital News (5 December 2024)။ 22 August 2025 တွင် ပြန်စစ်ပြီး။