မြန်မာနိုင်ငံရှိ ခရစ်ယာန်ဘာသာ

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

မြန်မာနိုင်ငံရှိ ခရစ်ယာန်ဘာသာဝင် အများစုမှာ တိုင်းရင်းသားလူမျိုးစုများဖြစ်သော ချင်းကရင်ကချင်လီဆူးလားဟူ စသည်တို့ဖြစ်ကြသည်။ CIA Factbook တွင် ဖော်ပြထားချက်မှာ မြန်မာပြည်၏ လေးရာနှုန်းသော (၂ဒသမ၄သန်းခန့်) ခရစ်ယာန်လူဦးရေ ရှိသည်ဟု ဆိုသည်။ ပရိုတက်စတင့် ၃ ရာနှုန်း နှင့် ရိုမင်ကက်သလစ် ၁ ရာနှုန်း တို့ဖြစ်သည်။ အင်္ဂလိကန် Anglican Communion အရ ၂၀၀၆ တွင် အသင်းဝင် ၆၂၀၀၀ ရှိပြီး၊ နှစ်ခြင်းအသင်းတော် Myanmar Baptist Convention စာရင်းအရ ပရိုကတ်စတင့်ခရစ်ယာန်အားလုံး၏ တစ်ဝက်ခန့်မှာ နှစ်ခြင်းခရစ်ယာန်များဖြစ်သည်။ မြန်မာနှစ်ခြင်းအဖွဲ့ချုပ်မှတ်တမ်း ၂၀၀၆ အရ အသင်းသားဦးရေ ၆သိန်းကျော် 662,834 နှင့် အသင်းတော် 3905 ရှိသည်ဟု သိရသည်။ ကချင်လူမျိုးစု (ဂျိန်ဖော၊ ရဝမ်၊ လီဆူး စသည်တို့မှာ လူဦးရေမှာ ၁ သန်း၂ သိန်း ခန့်ရှိပြီး၊ ၉၀ ရာနှုန်းမှာ ခရစ်ယန်ဖြစ်သည်ဟု မှန်းဆကြသည်။ ကရင်လူမျိုးစု (စကော၊ ပိုး၊ ကယား..) တို့ လူဦးရေမှာ၂ သန်း ၂ သိန်း ခန့်မှ တစ်ဝက်ခန့်သည်လည်းကောင်း၊ ချင်းလူမျိုးစု လူဦးရေ ၈ သိန်းကျော်မှ ၈၀ ရာနှုန်းမျှသည်လည်းကောင်း ခရစ်ယာန်ဖြစ်သည်ဟု ယူဆပါက ခရစ်ယာန်စုစုပေါင်းသည် ၂ ဒသမ ၄ သန်းမက ရှိနိုင်ပါသည်။ စနစ်တကျ စာရင်းကောက်ယူခြင်း မရှိသေးသောကြောင့် ထိုစာရင်းများမှာ ခရစ်ယာန်လူဦးရေစာရင်းမှာ ခန့်မှန်းချေဖြစ်သည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

သာသနာပြုများ မရောက်လာခင် ဘာသာဝင်အချို့ အရင်ဦးစွာ ရောက်နှင့်ခဲ့ကြသည်။ အဘယ့်ကြောင့် ဆိုသော် ခရစ်သက္ကရာဇ် ၁၄၉၆ တွင် ပဲခူးကို ရောက်ရှိခဲ့သော အီတလီနိုင်ငံ ဂျင်နိုဝါ (Genoa) မြို့မှ Hieronimo ဆိုသော ကုန်သည်တစ်ဦး မှတ်တမ်းအရ ပဲခူးမြို့တွင် နေထိုင်စဉ် ကွယ်လွန်သွားသော သူ့၏ မိတ်ဆွေကို ဘုရားကျောင်းပျက် တစ်ခုထဲတွင် သဂြိုဟ်ခဲ့ရသည်ဟု ဆိုသည်။

အေဒီ ၁၄၉၇ ခုနှစ် Vasco di Gama က ဂွတ်ဟုပ်အငူကို ရှာဖွေတွေ့ရှိသည့် နောက်ပိုင်းတွင် ဥရောပတိုက်သား ကုန်သည်ပွဲစားများ အတွက် အာရှတိုက်သို့ ကူးသန်းရောင်းဝယ်ရန် စီးပွားရေးလမ်းကြောင်း ပွင့်သွားသည်။ အာရှတိုက်ကို ရောက်လာသော ကုန်သည်များ၊ ကြေးစားစစ်သားများအတွက် ဝိညာဉ်ရေး စောင့်ရှောက်မှု အထူး တာဝန် ယူရသော Chaplain ခေါ်ဘုန်းတော်ကြီး တစ်ချို့လည်း ရောက်ရှိလာကြသည်။ Malacca မှ Jesuit အသင်းဂိုဏ်း ဘုန်းတော်ကြီးများသည် ၁၆ ရာစု ကုန်ခါနီးတွင် ပဲခူးသို့ နှစ်ပါးတစ်တွဲ၊ နှစ်ပါးတစ်တွဲနဲ့ လေးပါး၊ ၁၇ ရာစု အစပိုင်းမှာ အင်းဝသို့ နှစ်ပါးရောက်ရှိခဲ့ကြသည်ဟု သိရသည်။

ပေါ်တူဂီလူမျိုး ငဇင်ကာ ခေါ် ဖီးလစ်ဒီဘရီတို မြန်မာနိုင်ငံကို ရောက်မလာခင် ကတည်းက ပေါ်တူဂီ စစ်သားများသည် ရခိုင်ဘုရင်မင်း ဖလောင်း၊ မုတ္တမစား စောဗညား၊ တောင်ငူ ဘုရင် တပင်ရွှေထီးနှင့် ဘုရင့်နောင်တို့ထံတွင် အမှုထမ်းခဲ့ကြသည်ဟု ဆရာကြီး ဦးဘသန်း၏ ကျောင်းသုံးမြန်မာ ရာဇဝင်နဲ့ အခြေပြ မြန်မာနိုင်ငံရေးသမိုင်း ပထမတွဲတို့တွင် ရေးထားသည်။ ငဇင်ကာ ခေါ် ဒီဘရစ်တိုမှာ နောက်ပိုင်း လူသူလက်နက် အင်အား တောင့်တင်းလာသောအခါ တောင်ငူဘုရင် နှင့် ရခိုင်ဘုရင်ကိုပါ ထောင်ထားခြား နားရုံမက မုတ္တစားနှင့် ပူးပေါင်းကာ တောင်ငူကို လုပ်ကြံခဲ့သည်။

တောင်ငူဘုရင် နတ်သျှင်နောင်ကို ဖမ်းဆီး၊ သံလျင်ကိုခေါ်သွားပြီး နောက်ပိုင်း နတ်လျှင်နောင်သည် ပထမဆုံး ထင်ရှားသူ မြန်မာ ကက်သလစ်ခရစ်ယာန် ဖြစ်လာသည်။ မြန်မာ သက္ကရာဇ် ၉၇၅၊ (အေဒီ-၁၆၁၅) တွင် အင်းဝဘုရင် မဟာဓမ္မရာဇာ (ခေါ်) အနောက်ဖက်လွန်မင်းက သံလျင်ကို စုံဆင်းပြီး ဝန်းရံ တိုက်ခိုက် အောင်နိုင်ပြီး၊ နတ်သျှင်နောင်နဲ့ ဒီဘရစ်တို့ကို ကွပ်မျက်ခဲ့သည်။ ပေါ်တူဂီ စစ်သုံ့ပန်း (၄၀၀၀) ကျော်ကို ဖမ်းဆီးပြီး ချင်းတွင်းမြစ်နှင့် မူးမြစ်ကြား တဝိုက်ရှိ ရွာများတွင် မိမိတို့ ဘာသာကို လွတ်လပ်စွာ ကိုးကွယ်ပြီး အခြေချ နေထိုင်ခဲ့စေကြောင်း၊ ၁၉၂၉ ခုနှစ် ထုတ် EG. Harvey ရဲ့ Outline of Burmes History ဆရာကြီး ဦးဘသန်းရဲ့ ကျောင်းသုံး မြန်မာရာဇဝင်နှင့် ၁၉၄၁ ခုနှစ်၊ အောက်တိုဘာလထုတ် The Voice Catholic magzine တို့တွင် ဖော်ပြထားသည်။

နောက်ပိုင်း သာသနာပြန့်ပွားရေးဌာနချုပ်က စေလွှတ်လိုက်သော အနောက်တိုင်း ဘုန်းတော်ကြီးများ သာသနာပြုလုပ်ငန်းများအား အင်းဝဘုရင် တနင်္ဂနွေမင်းကလည်း ကြည်ဖြူစွာ ခွင့်ပြုရုံမက ဘုရားကျောင်း ဆောက်ရန် ဘဏ္ဍာတော်ထဲမှ လှူဒါန်းခဲ့သည်။ အေဒီ-၁၇၃၀ ခုတွင် သာသနာ ပြန့်ပွားရေး ဌာနချုပ်အတွက် ရဟန်းတော်များ ရှားပါးမှုကြောင့် အခက်အခဲရှိခဲ့သည်။ ဘာနာဘိုက် ဘုန်းတော်ကြီး ဂါလီဇီယားကို ဆရာတော် သိက္ခာ တင်ပေးပြီး မြန်မာပြည်သာသနာတော်တွင် လုပ်ဆောင်စရာ ရှိသမျှကို အသင်းဂိုဏ်းကြီး၏လက်သို့ အပြည့် အဝ အပ်နှင်းခဲ့သည်။ ထိုအချိန်မှစ၍ ဘာနာဘိုက် ဘုန်းတော်ကြီးများ မြန်မာပြည်သို့ တစ်ဖွဲ့ပြီးတစ်ဖွဲ့ ရောက်ရှိလာခဲ့သည်။

ယင်းကာလတွင် မြန်မာအက္ခရာ ခဲစာလုံးကို စမ်းသပ်တီထွင်ပြီး အေဒီ-၁၇၇၆ Pope PiusVI လက်ထက် ရောမမြို့တွင် ပထမဆုံး အောင်မြင်စွာ ပုံနှိပ်နိုင်ခဲ့သည်။ ဆရာတော် Percoto သည် ပိဋိကတ် (၃)ပုံထဲမှ တချို့ကို အီတလီဘာသာသို့ ဘာသာပြန်ဆိုနိုင်ခဲ့သည်။

သာသနာအတွက် အေဒီ-၁၇၇၀ ခုနှစ် မုံလှရွာတွင် ပထမဆုံး ရဟန်းဖြစ် သင်တန်းကျောင်းကို ဖွင့်လှစ်ခဲ့ပြီး ၁၇၉၃ တွင် မြန်မာ တိုင်းရင်းသားမှ ပထမဦးဆုံး ရဟန်းတော် (၃)ပါးကို မွေးထုတ် ပေးနိုင်ခဲ့သည်။ ထိုသူတို့မှာ ချမ်းသာရွာ ဇာတိ Fr. Joseph မောင်မောင်ကြီး၊ ချောင်းရိုးသား Fr. Andrew မောင်ကိုး နှင့် ရန်ကုန်မှ Fr. Ignatius di Britto တို့ဖြစ်သည်။ [၁]

၁၈၅၂ ခုနှစ် ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲအပြီး စစ်ပြေငြိမ်းရေးစာချုပ်ချုပ်ဆိုရာတွင် မင်းတုန်းမင်း၏ စေခိုင်း ချက်အရ Fr. Abbona နှင့် Fr. Tarolli တို့သည် မြန်မာသံတမန်ဖက်မှ ပါဝင် ကူညီခဲ့ရ ကြောင်း ၁၉၆၃ ခုနှစ် မေလ ထုတ် The Guardian စာစောင်တွင် သမိုင်း ဆရာ Vivian Ba က ဖော်ပြထားသည်။

တခြား သာသနာပြု အသင်းဂိုဏ်းတွေမှာ တောင်ကြီး၊ ကျိုင်းတုံဒေသကို Italy နိုင်ငံက PIME (ခေါ်) နိုင်ငံရပ်ခြား သာသနာပြုအသင်းဂိုဏ်း၊ ကချင်ပြည်နယ်တွင် Ireland နိုင်ငံက St. Columban အသင်းဂိုဏ်း။ ပုသိမ်၊ ရန်ကုန်၊ မန္တလေးနှင့် ချင်းတောင်ကို MEP အဖွဲ့စသဖြင့် တာဝန်ယူ ကြသည်။ လူမှုရေးအဖွဲ့များစွာလည်း ထူထောင်ခဲ့ကြသည်။

၁၉၅၅ ခုနှစ် ဇွန်လ ၁ ရက်နေ့တွင် ရန်ကုန်နှင့် မန္တလေးကို Vicariate Apostolate (ခေါ်) အထူးဒေသအဖြစ်မှ Archdiocese (ခေါ်) ဂိုဏ်းချုပ်သာသနာကြီးနှစ်ခု အဖြစ် တိုးမြှင့် သတ်မှတ်ပေးခဲ့သည်။ ၁၉၉၈ တွင် တောင်ကြီးကို Archdiocese အဖြစ်တိုးမြှင့် သတ်မှတ်ခံရသည့် အတွက် လက်ရှိ မြန်မာနိုင်ငံတွင် ဂိုဏ်းချုပ်သာသနာကြီး (၃) ခုနှင့် ဂိုဏ်းအုပ် သာသနာ (၁၃)ခု၊ စုစုပေါင်း (၁၆) ခုရှိနေပါသည်။

ရိုမင်ကက်သလစ် ခရစ်ယာန် သာသနာ[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - မြန်မာနိုင်ငံရှိ ရိုမန်ကက်သလစ် ခရစ်ယာန်ဘာသာ

မြန်မာနိုင်ငံတွင် ရိုမင်ကက်သလစ် ခရစ်ယာန်ဘာသာဝင်များ အမြောက်အများ ရှိနေသည်။

ပရိုတက်စတင့် ခရစ်ယာန် သာသနာ[ပြင်ဆင်ရန်]

ရိုမင်ကက်သလစ်များသည် ၁၆ရာစု ကတည်းက မြန်မာပြည်သို့ ရောက်ရှိခဲ့ပြီး၊ ပရိုတက်စတင့်များမှာ ၁၈ရာစု တွင်မှ ရောက်ရှိလာခဲ့သည်။ ပရိုတက်စတင့်ခရစ်ယာန်များမှာ မြန်မာပြည်ကို အင်္ဂလိပ်တို့ သိမ်းပိုက်သည်။ ၁၉၂၆ ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲအပြီးတွင် များပြားစွာရောက်ရှိလာခဲ့ပါသည်။ အင်္ဂလန်အခြေပြုသော မက်သဒစ်အသင်းတော်၊ အင်္ဂလိကန်အသင်းတော်များမှာ ရန်ကုန်၊ မန္တလေး မြို့ကြီးများတွင် အခြေတကျ၊ နေရာရရှိသော်လည်း အထူးသဖြင့် အမေရိကန်နှစ်ခြင်းအသင်းမှာ ဝေးလံသော နယ်မြို့၊ တောင်တန်းပြည်နယ် များတွင် သာသနာပြုရသည်။

ဆရာကြီးယုဒသန်

အမေရိကန်နှစ်ခြင်း သာသနာပြုအဖွဲ့ချုပ်မှ ဆရာယုဒသန် (Judson) မှာ အထူးထင်ရှားပြီး၊ ၁၈၁၃ တွင်မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့သည်။ မြန်မာအင်္ဂလိပ် အဘိဓာန် (၁၈၅၂)၊ မြန်မာခရစ်ယာန်ကျမ်းစာကို ဟေလသ (ဂရိ)နှင့် ဟေဗြဲ (ဂျူးဘာသာ) တို့မှ မြန်မာဘာသာသို့ ပြန်ဆိုခြင်း (၁၉၃၄) ပြီးစီးခဲ့သည်။ ၂၀၁၃ တွင် မြန်မာနှစ်ခြင်းအဖွဲ့မှ ယုဒဿန်မြန်မာပြည်ရောက်သော အနှစ် ၂၀၀ အထိမ်းအမှတ်ပွဲကို ကျင်းပခဲ့သည်။ ကရင်(၁၈၂၈)၊ ရှမ်း (၁၈၆၁)၊ ကချင်(၁၈၇၆)၊ ချင်း(၁၈၈၆) သာသနာပြုခြင်း စတင်ခဲ့သည်။

ရှေးရိုးစွဲ ခရစ်ယာန် သာသနာ[ပြင်ဆင်ရန်]

မြန်မာနိုင်ငံတွင် အာမေနီးယန်း ရှေးရိုးစွဲ ခရစ်ယာန်ဘာသာဝင် အနည်းငယ်ရှိပြီး[၂] ရန်ကုန်မြို့ရှိ အာမေးနီးယန်း တမန်တော်များဘုရားကျောင်းတွင် အခြေပြုကြသည်။[၃]

ဆက်စပ်ဖတ်ရှုရန်[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. Fr. A ကိုလေး (မုံလှ). အင်းဝရောက် ခြေရာများ 
  2. Whitehead, Andrew. (27 August 2014) BBC News: The last Armenians of Myanmar. Bbc.co.uk. Retrieved on 2015-06-11.
  3. BBC News: The preacher refusing to give up the keys to a Yangon church. Bbc.co.uk (7 October 2014). Retrieved on 2015-06-11.