နိုင်ငံတော် သံဃမဟာနာယကအဖွဲ့
![]() အမှတ်တံဆိပ် |
နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (မဟန) သည် သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေးအတွက် နိုင်ငံတော်အစိုးရက ခန့်အပ်ထားသည့် အဆင့်အမြင့်ဆုံး သံဃအဖွဲ့အစည်းဖြစ်သည်။
သမိုင်းကြောင်း[ပြင်ဆင်ရန်]
နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ကို မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဥက္ကဋ္ဌ ဦးနေဝင်း၏ စီစဉ်ဆောင်ရွက်မှုဖြင့် မြန်မာသက္ကရာဇ် ၁၃၄၂ ခု၊ နယုန်လ (ခရစ်နှစ် ၁၉၈၀ ပြည့်နှစ် မေလ) တွင် တစ်နိုင်ငံလုံးရှိ သံဃဂိုဏ်းပေါင်းစုံမှ သံဃာတော် အပါး ၁၂၀၀ကို ပင့်ဖိတ်ပြီး ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေရှိ မဟာပါသဏလိုဏ်ဂူတော်အတွင်း၌ စတင်ဖွဲ့စည်းခဲ့သည်။
သံဃာ့ကိုယ်စားလှယ် အပါး ၁၂၀၀ အနက်မှ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော် အပါး ၃၀၀ ကို ကနဦး ရွေးချယ်ခဲ့သည်။ ၎င်းတို့အနက်မှ သံဃမဟာနာယက ဆရာတော် ၃၃ ပါး (နောက်ပိုင်းတွင် ၄၇ ပါး) ကို ထပ်မံရွေးချယ်ကာ ရန်ကုန်မြို့၌ ရုံးထိုင်စေခဲ့သည်။
အဖွဲ့ဝင်များ[ပြင်ဆင်ရန်]
နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ကို သာသနာရေးဝန်ကြီးဌာနက ခန့်အပ်သည့် ဥက္ကဋ္ဌဆရာတော် တစ်ပါး၊ ဒုတိယဥက္ကဋ္ဌဆရာတော် ခြောက်ပါး၊ အထွေထွေအတွင်းရေးမှူး တစ်ပါး၊ တွဲဖက်အတွင်းရေးမှူး ခြောက်ပါး၊ အဖွဲ့ဝင် ၃၃ ပါး၊ စုစုပေါင်း သံဃာတော် ၄၇ ပါးဖြင့် ဖွဲ့စည်းထားရှိသည်။ အဖွဲ့ဝင်သက်တမ်းမှာ ၁၉၉၅ မတိုင်ခင်ထိ ငါးနှစ်ဖြစ်သော်လည်း၊ ၁၉၉၅ ခုနှစ်မှစ၍ သုံးနှစ်ဖြစ်သည်။
လက်ရှိ ဥက္ကဋ္ဌမှာ နဝမမြောက် ဗန်းမော်ဆရာတော် ဘဒ္ဒန္တကုမာရာဘိဝံသ ဖြစ်သည်။
ဆောင်ရွက်ချက်များ[ပြင်ဆင်ရန်]
ဓမ္မဝါဒ အဓမ္မဝါဒဆိုင်ရာအဓိကရုဏ်းများ[ပြင်ဆင်ရန်]
ဗုဒ္ဓသာသာသနာတော်အတွင်း ဓမ္မ အဓမ္မ ငြင်းခုံနေသော အဓိကရုဏ်း (၇) မျိုးကို ဖြေရှင်းခဲ့သည်။
- ကျောက်သင်္ဘောဝါဒ၊
- လူသေလူဖြစ်ဝါဒ၊
- ကျောက်ပုံတောရဝါဒ၊
- ကြောင်ပန်းတောရဝါဒ၊
- ဓမ္မနီတိဝါဒ၊
- မိုးညိုဆရာတော်ဝါဒ (မြောက်ဥက္ကလာ)၊
- ဦးမာလာဝါဒ (ရေတာရှည်) စသည့် မတူကွဲပြားသော ဝါဒများကို ဓမ္မ၊ အဓမ္မ စိစစ်ဆုံးဖြတ်ခဲ့သည်။ သာသနာတော်တွင်း သို့လော သို့လော ဖြစ်ပေါ်နေသည့် ဝါဒများကို မှန်ကန်စွာ ဖြေရှင်းပေးသည့်အတွက် အဓမ္မဝါဒများ အထိုက်အလျောက် ငြိမ်သွားကာ သာသနာတော်အတွက် အကျိုးရှိခဲ့သည်။
ဝိနည်းဆိုင်ရာအဓိကရုဏ်းများ[ပြင်ဆင်ရန်]
ရဟန်းတော်များနှင့် ပတ်သက်၍ ဖြစ်ပေါ်လာသော ဝိနည်းဆိုင်ရာ အဓိကရုဏ်း၊ ကျောင်းပိုင်ဆိုင်မှုများနှင့် ပတ်သက်၍ ဖြစ်ပေါ်လာသော အဓိကရုဏ်းများကို ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်၊ ဗဟို သံဃမဟာနာယက အဖွဲ့အဆင့်ဆင့်က စီမံဆုံးဖြတ်ရသည်။
သို့သော် ထိုသို့ စီမံဆုံးဖြတ်ရာ၌ ပြည်ကျောင်းအမှု၊ ကောလင်းကျောင်းအမှုကဲ့သို့ လာဘ်စားမှုများတွင် လက်မှတ်အတုများသုံးကာ မမှန်မကန် ဘက်လိုက် ဆုံးဖြတ်ခဲ့မှုများ ရှိခဲ့သည်။
မင်းကွန်း တိပိဋကဓရဆရာတော် အရှင်ဝိစိတ္တသာရဘိဝံသက “ဒါလား သံဃမဟာနာယကအဖွဲ့”ဟု ပြစ်တင်ရှုတ်ချခဲ့ဖူးသည်။