သာသနာပိုင်များ

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

မာတိကာ

သံဃိဿရသံဃဦးကိုင်[ပြင်ဆင်ရန်]

မြန်မာနိုင်ငံဗုဒ္ဓသာသနာ၏အကြီးအမှူးကို သာသနာပိုင်ဟုလည်းခေါ်သည်။ သံဃရာဇာဟုလည်းခေါ်သည်။ သာသနာပိုင်တို့၏တာဝန်များ၊ အဆောင်ယောင်များ၊ ရှေးပုဂံမင်းများလက်ထက်မှစ၍ ဗြိတိသျှအစိုးရခေတ်တိုင်အောင် သီလဝန္တသိက္ခာ ကာမဖြစ်သောသံဃာတော်ကို သာသနာပိုင်အဖြစ် တင်မြှောက်ခဲ့ပုံတို့ကိုစုံလင်စွာဖော်ပြထားသည်။

သာသနာပိုင်များ[ပြင်ဆင်ရန်]

သာသနာပိုင်ဟူသည် ဗုဒ္ဓသာသနာကို ကြီးမှူးအုပ်စိုးသော ပုဂ္ဂိုလ်ဖြစ်သည်။ ယင်း သာသနာပိုင်ကို ဘုရင်မင်းမြတ်နှင့်အစိုးရတို့ကလည်းကောင်း၊ ရဟန်းသံဃာတို့နှင့် တိုင်းသူပြည်သားတို့ကလည်းကောင်း တင်မြှောက်ကြသည်။ တင်မြှောက်ရာ၌လည်း ပိဋကတ်တော်၌ ကျွမ်းကျင်လိမ်မာ၍ သီလဝန္တသိက္ခာကာမဖြစ်သော ရဟန်းတော်ကိုသာတင်မြှောက်လေ့ရှိကြသည်။

သာသနာပိုင်၏တာဝန်ဝတ်တရားမှာ ဗုဒ္ဓသာသနာတော်အတွင်း၌ ဖြစ်ပေါ်လာသောအဓိကရုဏ်းမှု၊ သာသနာ တော်ထမ်း ရဟန်း သာမဏေတို့ကို ငြိမ်ဝပ်ပိပြားအောင်အုပ်ချုပ်မှု၊ ဝါဆိုဝါကပ်ရက်ငင် စသောသာသနာရေး သာသနာ တော်မှုတို့ကို မြတ်စွာဘုရားတရား တော်နှင့်အညီ စီရင်ဆုံးဖြတ်ရခြင်းတို့ ဖြစ်သည်။

အဆောင်အယောင်တို့မှာ အခမ်းအနားဖြင့် ကြွတော်မူလျှင်အသုံးပြု ရန်လူထမ်းသောပြာဿာဒ်ယာဉ်၊ ကန်တော့ အမြောက်ကိုးချက်၊ မှန်စီရွှေချသိုင်းနှစ်၊ ကျိုင်းနှစ်၊ ယက်မားနှစ်၊ ရွှေထီးရှစ်၊ ထီးဖြူလေး၊ ရှေ့ဝင်းလက်နက်ကိုင် ၁ဝဝ၊ နောက်ဝင်းလက်နက်ကိုင်၁ဝဝ တို့ကိုဘုရင်မင်းမြတ်နှင့် အစိုးရတို့ကစီမံပေး၍ မဟာဒါန်ဝန်၊ မဟာဒါန်စာရေး၊ မဟာဒါန်လုလင်တို့ခြံရံလိုက်ပါလာရသည်။ သာသနာပိုင်ကိုသာသနာပြုဟူ၍လည်း သုံးစွဲကြသေးသည်။ မြတ်စွာ ဘုရားလက်ထက်ကပင် မြန်မာနိုင်ငံသို့ ဗုဒ္ဓသာသနာရောက်ရှိ နေသော်လည်း ထိုထို စာအုပ်စာတမ်းတို့၌ ဗုဒ္ဓသာသနာက ိုကြီးမှူးအုပ်စိုးသော ရဟန်းတော်ကို သာသနာပိုင်ဟုသုံးစွဲလေ့မရှိကြ။ သာသနာပြုဟူ၍သာသုံးစွဲလေ့ရှိကြ သည်။ သာဓကကား တတိယသင်္ဂါယနာတင်ပြီး သောအခါ ကိုးတိုင်းကိုးဌာန သာသနာ ပြုစေလွှတ်သည်။ သာသနာပြုမထေရ် သာသနာပြုအပ်သည် စသောစကားတို့ဖြစ်သည်။

ပုဂံပြည်အလောင်းစည်သူမင်းကြီးလက်ထက်သာသနာနှစ် ၁၆ဝဝ ကျော်လောက်က အကြောင်းအရာတို့ကို ရေးသား ထားသော မဟာရာဇဝင်တော်ကြီးနျင့် သာသနာလင်္ကာရစာတမ်း တို့၌ ရှင်အရဟံ ပရိနိဗ္ဗာန်ပြုတော်မူ၏။ ရှင်အရဟံ ပရိနိဗ္ဗာန် ပြုတော်မူလျှင်ရှင်အရဟံ၏အရာကို စိမ်းညက်မင်းသားတော် မဟာထေရ်ကိုပေး၍ သာသနာပိုင်ပြုရ၏။ သွားလေရာရာ၌ ရွှေထီးစင်နှင့် သွားရ၏ဟုအဆိုရှိသည်။ မဲထီးဆရာတော် ဘုရားကြီး စီရင်အပ်သော ဝံသဒီပနီ ၌ကား 'ရှင်အရဟံသက်တော် ရှစ်ဆဲ့တစ်နှစ်တွင်ပရိနိဗ္ဗာန်ပြုတော်မူသည်။ ရှင်အရဟံပရိနိဗ္ဗာန် ပြုတော်မူလျှင် စိမ်းညက် မင်းသားတော် ဆရာပံ့သုကူမထေရ်ကိုသာသနာရေးအပ်နှင်းတော်မူ၍ ပြုစုရသည်'ဟုအဆိုရှိသည်။ ယင်းစကား တို့ကို ထောက်လျှင် ဗုဒ္ဓသာသနာကိုကြီးမှူးအုပ်စိုးသောရဟန်းတော်ကိုသာသနာပိုင်ဟု ထိုစဉ်အခါက စတင်သုံးစွဲခဲ့ကြောင်းထင် ရှားသည်။ သုံးစွဲရာ၌လည်း စိမ်းညက်မင်းသားတော် မဟာထေရ်ကိုသာ သုံးစွဲသည်ဟုမယူဆသင့်၊ ရှင်အရဟံကိုပါသုံးစွဲ သည်ဟု ယူဆသင့်သည်။

သာသနာပိုင်ကိုပါဠိဘာသာဖြင့်သံဃရာဇာ၊ မဟာသံဃရာဇာဟုသုံးစွဲကြသေးသည်။ ယင်းပါဠိကိုတိုက်ရိုက် မြန်မာဘာသာပြန်ဆိုလျှင်ရဟန်းသံဃာတို့၏မင်း၊ ရဟန်း သံဃာတို့၏မင်းမြတ်ဖြစ်သည်။ ထိုသို့သုံးစွဲကြသော်လည်း သာသနာပိုင်ကိုသာသံဃရာဇာဟု သုံးစွဲကြသည်မဟုတ်။ ရဟန်းသံဃာတို့အတွက် လှူဒါန်းထားသောဝတ်မိုးဝတ် ကိုလည်းသံဃရာဇာဟုသုံးစွဲကြသေးသည်။ သာဓက ကား ပင်းယပြည်ဥစ္စနာမင်းကြီးသည် စကားခုနစ်ကျောင်းကို ဆောက်လုပ်ပြီးလျှင် အရှင်သုဓမ္မမဟာသာမိစသောဆရာတော် ခုနစ်ပါးတို့အားတင်လှူတော်မူ၏။ ကျောင်းနေတပည့် သံဃာများသုံးစားရန် ဝတ်မိုးဝတ်မြေတို့ကိုလည်းလှူဒါန်း တော်မူ၏။ အရှင်သုဓမ္မမဟာသာမိသည် ထိုဝတ်မိုးဝတ်မြေတို့မှ ရရှိသောအခွန်ဘဏ္ဍာတို့ကိုလုံ့လမပြုလို၍ ရဟန်းသံ ဃာတို့ကို (၁)ဝတ္ထုကံသိမ်း၊ (၂)သာသနာစိုး၊ (၃)ဝတ်စားသံဃာဟု သီးခြားထားသည်။ ဝတ္ထုကံသိမ်းကားအခွန် ကောက်ခံသိမ်းဆည်းရသည်။ သာသနာစိုးကားတရားနှင့်အညီ ကျင့်ဆောင်ကြရန်ဆုံးမ၏။ ဝတ်စားသံဃာ ကားဝေဖန်သော အဖို့အစုကိုစားရသည်။ ယင်းသုံးပါးတို့တွင် အခွန်ဘဏ္ဍာတို့ကို ကောက်ခံသိမ်းဆည်းရသောဝတ္ထုကံသိမ်း ကိုလည်း ထိုစဉ်အခါကသံဃရာဇာဟုသုံးစွဲလေ့ရှိခြင်းဖြစ်သည်။ ထိုသံဃရာဇာဟူသောစကားကိုလည်း သာသနာပိုင်ဟူသောစကားကိုမသုံးစွဲမီ၊ ပုဂံပြည် မင်းငါးဆဲ့ငါးဆက်ရှိရာ၊ နှစ်ဆယ်ဆက်မြောက်မင်း အကြောင်းအရာကို ရေးသားထားသော မဟာရာဇဝင်တော်ကြီး၌ မိဖုရားဆရာသံဃာရာဇာ မင်းဖြစ်တော်မူ၏။ ပါပစုတ်သား မင်းတရားလည်းဟူ၏။ ပုပ္ပါးစောရဟန်းလည်းဟူ၏ဟု အဆိုရှိသည်။ ယင်းစကားကို ထောက်လျှင် ထိုစဉ်အခါက စတင်၍ သံဃရာဇာဟူသောစကားကိုသုံးစွဲလာကြောင်း ထင်ရှားသည်။ ထိုမင်းကား ရဟန်းလူထွက်ဖြစ်၏။ ရဟန်းဖြစ်စဉ်က အရည်းကြီး ရဟန်းတို့အနွယ်အဆက်ဖြစ်၍ ယင်းရဟန်းတို့ကိုကြီးမှူးအုပ်စိုး သော သံဃရာဇာ ဖြစ်ခဲ့ဟန်တူသည်။

အထူးအားဖြင့်ပုဂံခေတ်မှစ၍အင်္ဂလိပ်တိုင်အောင် သာသနာကိုစောင့်ရှောက်ထိန်းသိမ်းသောရဟန်းသံဃာတို့မှာ ဆရာတပည့်အစဉ်အဆက်ဆင်းသက်လျှက်ရှိသော်လည်း အချို့မင်းတို့သည်သံဃရာဇာသာသနာပြုသာသနာပိုင် တင်မြှောက်ကြ၏။ အချို့မင်းတို့သည်မတင်မြှောက်ကြကုန်၊ ထိုသို့ထင်ရှားသောသံဃရာဇာသာသနာပြု၊ သာသနာပိုင် တို့ကို ရာဇဝင်၊ မဟာဝင်၊ သီလဝိသောဓနီ၊ ဝံသဒီပနီ၊ သာသနာ လင်္ကာရစာတမ်း၊ သာသနဝံသပ္ပဒီပိကာပါဌ် ၊ အာစ ရိယဝံသပါဌ်အနက်၊ သာသနဝံသစာတမ်း၊ ဆရာတော်သံဃာတော်တို့စာရင်း၊ သာသနဝံသဒိီပနီနှင့် ထိုဆရာတော်တို့ ၏ထေရုပ္ပတ္တိတို့မှ အကျဉ်းချုပ် ထုတ်နုတ်ရေးသားပါအံ့။

(၁) ပန်တူကြီးသံဃရာဇာ[ပြင်ဆင်ရန်]

ပန်တူကြီးသံဃရာဇာကား စစ်ကိုင်းမြို့နယ်ယခုအခေါ်ပဒူရွာ၊ ရှေးအခေါ်ပန်တူ ရွာတွင်ဖွားမြင်သည်။ မွေးဇာတိရွာအမည်ဖြင့်ပန်တူကြီး သံဃရာဇာဟုတွင်၏။ ပန်တူကြီးရွာအနီး၌ စည်းခုံကြီးကိုလည်း တည်ထားခဲ့၏။ ပိဋကတ်ဗေဒင်၌ကျွမ်းကျင်လိမ်မာ၏။ လောကဗဟုသုတရှိ၏။ ပိဋကတ်ကျမ်းဂန်မှာ အတန်အရသာ၊ ဗေဒင်ကျမ်းကိုနည်းမှီး၍ လောကဒီပနီကျမ်းကိုစီရင်သည်။ လိင်·အန်ဝိဘတ်အနေအထားမသင့်သည့်အရာများ၏ ဟူ၍ပညာရှိတို့ဆိုကြသည်။

ထိုသံဃရာဇာသည်သတိုးမင်းဖျား၏အိပ်မက်ကိုဖတ်ရ၏။ သတိုးမင်းဖျားသည် သက္ကရာဇ် ရ၂၆ ခုတပေါင်းလ အင်းဝမြို့တည်မည်ဟုစီရင်တော်မူစဉ် ညဉ့်အခါ၌ (၁)မြို့တည်မည့်အရပ်၌လက်ပံပင်ကြီးတစ်ပင်ရောက်၏။ (၂)အထက်ဖျား၌ ဆဒ္ဒန်ဆင် ပျံနား၏။ (၃)ခက်မလေး ဖြာ၌ ပရိက္ခရာရှစ်ပါးနှင့်တကွရဟန္တာလေးပါးနေ၏။ (၄) အပင်ရင်း၌ခြင်္သေ့ စောင့်၏။ (၅)အမြစ်ဖျား၌နဂါးစောင့် ၏။ (၆)ခက်မလေးဖြာ၌နေသောရဟန္တာလေးပါးကို ဂဠုန်သုတ်၏။ ဤခြောက်ပါးသောအိပ်မက်ကိုမြင်မက်သည်။ ထိုအခါပန်တူကြီးသံဃရာဇာက (၁) လက်ပံပင်တို့ သဘောသည်သုံးနှစ်တစ်ကြိမ်ထူးလွန်၍ စည်ပင်သကဲ့သို့ သုံးနှစ်တစ်ကြိမ်ထူးလွန်၍ ရွှေပြည်တော်သာယာစည်ပင်မည်။ (၂) ဗုဒ္ဓဟူးသား မြို့တည်မည်။ (၃) သာသနာတော် ထွန်းလင်းမည်။ (၄) ရန်သူအပေါင်းတို့ကြောက်ရွံ့ခန့်ညားမည်။ (၅) ပြည်တော်ဝယ်အဆုံးအစွန်သော မင်းသည် စနေနံဖြစ်မည်။ (၆) တနင်္ဂနွေသားမင်းပြုသောအခါ သာသနာတော်ကို အထူးသဖြင့် သုတ်သင်မည်ဟုအိပ်မက်ကို ဖတ်ကြား တော်မူသည်။

(၂) ပင်လယ်ကျေး သံဃရာဇာ[ပြင်ဆင်ရန်]

ပင်လယ်ကျေးသံဃရာဇာ ကား အင်းဝခေတ်တွင် ထင်ရှား၏၊ပိဋကတ်ဗေဒင် တတ်မြောက်လိမ်မာ၏။ မင်းကြီးစွာစော်ကဲသည် အသက်ကိုးနှစ်ရှိ မင်းဆွေနှင့်အသက်ခုနှစ်နှစ်ရှိ မင်းသိဒ္ဓတ်သား တော်နှစ်ပါးကို ပင်လယ်ကျေးသံဃရာဇာအားအပ်နှင်းတော်မူ၏။ သံဃရာဇာလည်းမင်းသားငယ်တို့ဇာတာကိုမြင်လျှင် မင်းဖြစ်မည်ဟု သိသဖြင့်အလျင်အမြန် မင်းဖြစ်စေလိုသောကြောင့် (သိဒ္ဓံ နမော ဗုဒ္ဓာယ အအာ ဣဤ ဥဦ ဧဩ)မှ စ၍ ပညာသင်ကြားတော် မူသည်။ မင်းဆွေသည် အသက်တဆဲ့နှစ်နှစ်ရှိသောအခါ တစ်ညဉ့် တွင် မိမိကိုယ်မှအူထွက်၍ အင်းဝမြို့အလုံးကို ပတ်မိသည်ဟု အိပ်မက်မြင်မက်သဖြင့် သန်းခေါင်ကျော်ုအချိန် ဆရာတော်ကိုနှိုး၍ လျှောက်ထားသည်။ ဆရာတော်လည်း အိပ်မက်ကိုကြားလျှင်ကြား ခြင်းထ၍ မင်းသားကို ခြေဖြင့်ကန်ရာတုံးလုံးလည်းသွား၏။ ထိုအခါ မင်းသားက သို့စဉ်တိုင်အောင်ပြုဘိသည်ဟုလျှောက်ထားရာ ဆရာတော်က ငါပဉ္စင်းပျိုငါးဝါရက တောင်ဘီလူးပရက္ကမ မှာ စာသင်နေစဉ် လေလာရာ ငါ့ဦးထုပ်ကျသည်ကို ခြေနှင့်နင်းမိသဖြင့် မချွတ်မင်းဆရာဖြစ်မည်။ မင်းဆရာဖြစ်လျှင် တန်တားဦးကို ယက်မ လျှိုအမိုးနှင့်တန်တားလုပ်မည်ဟုအဓိဋ္ဌာန်ရှိသည်။ မင်းသားမြင်မက် သောအိ်ပ်မက်အလိုမကြာ မတင်မင်းဖြစ်မည်။ မင်းဖြစ်သောအခါ ငါ့ကို မေ့မည်စိုး၍ခြေဖြင့်ကန်သည်။ မင်းဖြစ်သောအခါ ငါ့အဓိဋ္ဌာန် အတိုင်း လုပ်ပါဟုမိန့်ကြား သည်။ ထိုအခါ မင်းသားကစိုးရိမ် တော်မမူနှင့်အလိုတော်အတိုင်း ပြီးစိမ့်မည်ဟုလျှောက်ထားသည်။ မင်းသားသည် မင်းဖြစ်သောအခါဆရာတော်အမိန့်အတိုင်းတန် တားဦးကို ယက်မလျှိုအမိုးနှင့်တန်တားလုပ်တော်မူသည်။

(၃) အောင်စည်းခုံ သံဃရာဇာ[ပြင်ဆင်ရန်]

အောင်စည်းခုံ သံဃရာဇာကား လက်ဝှေ့သတ် အလွန်ကောင်းသည်။ လက်ဝှေ့ဆု နှစ်တိုင်းမြင်းတစ်ဆဲ့ငါးစီး အစိီးနှစ်ဆယ် ရသောဟူ၏။ မင်းခေါင်ကြီးလက်ထက် အုန်း ဘောင် စော်ဘွားသည် လက်ဝှေ့သတ်ကောင်းသောရှမ်းကြီးကို အင်းဝသို့ခေါ်ခဲ့၍လက်ဝှေ့မော်ကွန်းတင်မည်ဟုလာရာ အင်းဝစစ်ကိုင်းဘက်၌ သတ်သူမရှိသဖြင့်သံဃရာဇာကို စုံစမ်းသောအခါ သံဃရာဇာကငါကား အထက် မင်းများ လက်ထက်က လူပျိုလူရွယ် ဖြစ်၍ ကျော်စောရုံမျှသာ သတ်သည်။ ယခုအခါ အသက်ခြောက်ဆဲ့ကိုးအရွယ်ရှိပြီ ဖြစ်၍ သေအောင်သတ်တော့မည်ဟု ဆိုလိုက်သည်။ ထိုအခါအုန်းဘောင်စော်ဘွားက မသေပါစေနှင့်တန်ရုံ သတ်ပါဟု လျှောက်ဆိုပြီးလျှင် စကားကျောင်း တော်မော် ကွန်းစိုက် မုတ်ဝတံခါးအရှေ့ငါးတာခြားကုန်း၌ လက်ဝှေ့ ပွဲကျင်းပသည်။ မင်းစော်ဘွားမှစ၍ ရဟန်းရှင်လူများလည်း ကုန်းပြည့်မျှကြည့်ကြသည်။

ထိုအခါ အောင်စည်းခုံသံဃရာဇာနှင့်ရှမ်းကြီးတို့ သတ်မည်ဟု ကခုန်သီဆိုပြီးလျှင် သံဃရာဇာကခြေဖြင့် ခတ်ယောင်ချောက် ၍လက်ယာလက်ဖြင့် ရှမ်းကြီးကို သတ်လိုက်ရာရှမ်းကြီး၏ မျက်နှာသည် နောက်မှနေလေ၏။ ထိုအခါ အုန်းဘောင်ဆော်ဘွားက သေသော်ပင် အမြင်ကောင်းသေး၏။ ယခုမှာအမြင်မကောင်းပါတကားဟု ပြောဆိုလျှင် လက်ဝဲလက်ဖြင့်သတ်လိုက်ပြန်ရာ ရှမ်းကြီး၏ မျက်နှာမှာ ရှေ့မှာ နေမြဲနေပြန်လေ၏။ မင်းနှင့်စောဘွားတို့လည်း အံ့ဖွယ်သူရဲ ရှိလှပေသည်ဟု ဆိုကြ၍ မြင်းနှစ်ကောင် ဖျင်သုံးလိပ်နှင့်ငွေတစ်ပိဿာဆုလပ်ပေးကြ သည်။ (အောင်စည်းခုံသံဃရာဇာ မှာ ဝတ်မိုးဝတ်မြေမှရသော အခွန်ဘဏ္ဍာတို့ကိုသိမ်းဆည်းရသော ဝတ္တကံသိမ်း သံဃရာဇာဖြစ်ဟန်တူသည်။)

(၄) ရခိုင် မဟာသံဃရာဇာ[ပြင်ဆင်ရန်]

ရခိုင်သံဃရာဇာကား ပိဋကတ်ဗေဒင်၌ ကျွမ်းကျင်လိမ်မာတော်မူ၏။ တစ်နေ့သောအခါရခိုင်မင်းသည် သရက်မြို့ကိုလုပ်ကြံ၍ သရက်မြို့စားမင်းရှင်စောကိုသားမယားနှင့်တကွ ရခိုင်ပြည်သို့ ခေါ်လာသည်။ မင်းရှင်စောလည်း ရခိုင်ပြည်သို့ရောက်လျှင် သားတော်သုံးယောက်ကို ရခိုင်ဆရာတော်ထံအပ်နှံ၍ ပညာသင်ကြားစေသည်။ တစ်နေ့သ၌ရခိုင်ဆရာတော်သည် မင်းသားသုံးယောက်တို့တွင်သားကြီးမြင်စိုင်းရွှေနန်းရှင် ကားစမုံရေကိုသောက်၍ကုန်၏။ သားလတ်ပြည်မင်း စောရန်နောင်ကား ဖိုဦးမော်ရေကိုသောက်၍ကုန်၏။ သားငယ် မင်းကြီးစွာဖြစ်မည့်စော်ကဲတရာ့ဖျားကား ဧရာဝတီရေကို သောက်၍ကုန်၏ဟု အိပ်မက်မြင်မက်သဖြင့်အမောင်တို့ သုံးယောက်စစ်ကိုင်း ပင်းယသို့သွားကြလေ၊ မင်းချည်းဖြစ်လိမ့်မည်။ မင်းဖြစ်လျှင်ငါ့ကိုမမေ့ကြနှင့်ဟု မိန့်ဆိုသည်။

မင်းသားသုံးယောက်တို့လည်း စစ်ကိုင်းပင်းယသို့ သွားကြ၍ သားကြီးကားပင်းယဥစ္စနာ ထံခစား လျှင်ဥစ္စနာက မြင်စိုင်းရွှေနန်းကိုပေး၍စားရသည်။ သားလတ်လည်း ဥစ္စနာထံခစားရာဥစ္စနာနန်းစွန့်၍ ညီတော်ငါးစီးရှင်ကျော်စွာ လက်ထက်ရောက်မှ စောရန်နောင်အမည်ဖြင့် ပြည်မြို့ကို ပေး၍စားရသည်။ သားငယ်ကားစစ်ကိုင်းမင်းဆင်ဖြူရှင် တရာ့ဖျားထံခစားလျှင်အမြင့်မြို့ကိုပေး၍စားရသည်။ သက္ကရာဇ် ရ၃ဝ ပြည့်အင်းဝပြည်တွင်မင်းကြီး စွာစော်ကဲ မင်းအဖြစ်သို့ရောက်ကြောင်း ရခိုင်ဆရာတော် ကြားလျှင် ငါ့ကိုမေ့နေသည်ဟုနှလုံးမသာရှိ၍ ဘုန်းတော်ကြီး၍ သက်တော်ရှည်လိုလျှင်အနောက်တောင်ထောင့်၌ စည်းခုံတည်လေဟု မှာကြားလိုက်လေသည်။ မင်းကြီးစွာလည်း မှာကြားသည့်အတိုင်း ရ၄၅ ခုနှစ်တွင်အင်းဝ၌ စည်းခုံ တည်သည်။ တည်မိလျှင်ပင် အင်းဝပြည်လုံးထိတ်ထိတ်လန့်လန့် ရှိချေသည်။ ထိုအကြောင်းကိုရခိုင်ဆရာတော်ကြားလျှင်ငါကား ရဟန်းသားဖြစ်သည်မသင့်ချေဟု အင်းဝသို့လာပြီးလျှင်ကုက္ကိုပင် ၊ဆင်ကျုံး၊ မော်ကွန်း၊ သရပါတံခါး၊ ရတနာဂူ တည်၍ ရွှေစည်းခုံနှင့်ပြိုင်သောအခါ အထိတ်အလန့်မရှိ ပြေငြိမ်းသွားသည်။ မင်းကြီးစွာလည်း ဆရာတော်အားများ စွာပူဇော်သက္ကာရပြု၍ မဟာသံဃရာဇာဟူသော ဘွဲ့တံဆိပ်ကိုလှူသည်။ ယင်းဆရာတော်ကား မင်းသားသုံးယောက်ကို ပညာသင်စဉ်က စီရင်ရေးသားသော လောကသာရ ဆုံးမစာကိုအင်းဝသို့ယူလာသည်ဟုဆိုကြသည်။

(၅)သာသနာပိုင် အမြင့်ဆရာတော်[ပြင်ဆင်ရန်]

အမြင့်ဆရာတော်ကား အမြင့်မြို့၌သီတင်းသုံးသည်။ မင်းကြီး စွာသည်မင်းမဖြင့်မီက စော်ကဲသရာ့ဖျားအမည်ဖြင့် အမြင့်မြို့စားရသည့်အခါကပင်ကိုးကွယ်သည်။ မင်းအဖြစ်သို့ ရောက်လျှင်အမြင့်မြို့၌ကျောင်းကြီးဆောက်၍ ကိုးကွယ်ရင်းဖြစ်သော အမြင့်ဆရာတော်အား ထီးဖြူနှင့် တကွတင်လှူ တော်မူသည်။ သာသနာပိုင်လည်း အပ်တော်မူသည်။ ကျောင်လည်းသာသနာပိုင်ကျောင်းဟု အမည်တွင်သည်။

(၆)သာသနာပိုင်အရှင်သဒ္ဓမ္မဋ္ဌိတိဆရာတော်[ပြင်ဆင်ရန်]

ထိုဆရာတော်ကား တောင်ဘီလူး ပရက္ကမအနွယ် အရှင်သာရဒဿီ၏တပည့်ဖြစ်သည်။ ပြည်မြို့မှအရှေ့စူးစူး တာရှစ်ရာမျှလောက်၊ ရသေ့ပြည်တွင်းမှ အနောက်စူးစူး တာငါးရာမျှလောက်ကွာသောကျောင်း၌သီတင်းသုံး၏။ ကျောင်းမဟာရံအတွင်း၌ နာဋ္ဌာဂိရိကုန်းဟု အများသမုတ်သော အရပ်ရှိသတတ်၊ ၈ဝ၄ခုနှစ် အင်းဝပြည်တွင်မင်းဖြစ်သော ထူပါရုံဒါယကာနရပတိမင်းကြီး၏သား တော်လတ် မင်းဆင်များကိုမင်းကြီးစွာအမည်ဖြင့် ပြည်မြို့ကိုပေးသောအခါ မင်းကြီးကတောင်ကိုဂူထွတ် တရုပ်မှော်၊ အနောက်ကိုဖိုးခေါင်၊ အရှေ့ကိုကုန်းခေါင်၊ မြောက်ကိုမလွန်၊ တောင်ခွင်ကျွန်းတော် ဤနယ်လေးရပါအတွင်း၌ လူဖွေး ဖွေးကိုငါ့သားစီစဉ်စေ၊ ရှင်ချင်းချင်းကိုငါ့ဆရာစီရင်စေဟုအမိန့်တော်နှင့်အရှင်သဒ္ဓမ္မဋ္ဌိတိ ဆရာတော်ကို သာသနာပိုင်အပ်တော်မူသည်။

(၇) သာသနာပိုင်အရှင်အရိယဝံသဆရာတော်[ပြင်ဆင်ရန်]

ထိုဆရာတော်ကား အရှင်သဒ္ဓမ္မဋ္ဌိတိ၏ တပည့်ဖြစ်သည်။ ကျမ်းဂန်တတ်မြောက်သည်။ အရှင်သဒ္ဓမ္မဋ္ဌိတိတွင် အရှင်အရိယဝံသနှင့် အရှင်မဟာသာမိ တပည့်နှစ်ပါးရှိရာ အရှင် သဒ္ဓမ္မဋ္ဌိတိဆရာတော်လွန်လျှင် ပြည်ဘုရင် သတိုးမင်းစောက အရှင်အရိယဝံသကို သာသနာပိုင် အပ်တော်မူသည်။

(၈) သာသနာပိုင် အရှင်အတုလဝံသဆရာတော်။[ပြင်ဆင်ရန်]

။ထိုဆရာတော်ကား ကျမ်းဂန်တတ် မြောက်၏။ အရှင် မဟာသာမိတွင်အရှင်အတုလဝံသနှင့်အရှင်သဒ္ဓမ္မပါလ တပည့်နှစ်ပါးရှိရာ အရှင်အရိယဝံသလွန်လျှင် ပြည်ဘုရင် နရပတိကာ အရှင်အတုလဝံသကိုသာသနာပိုင်အပ်တော်မူသည်။

(၉) ချောင်းဆုံသံဃရာဇာ[ပြင်ဆင်ရန်]

ထိုသံဃရာဇာကား ၈ဝ၄ ခုနှစ် အင်းဝပြည်တွင်နန်းတက်သော ထူပါရုံဒါယကာ နရပတိမင်းလက်ထက် တောင်ငူတွင်ထင်ရှားသည်။ ပျံချီကြီးမိဖုရားစိုးမင်းတို့ ဆင်ကဲသားဖြစ်သည်။ ပိဋကတ်ဗေဒင်ပြည်ထဲရေးမှစ၍ တတ်သိလိမ်မာသည်။ ရှင်မုန်ယိုတောင်ညိုပဉ္စင်းတို့ တပည့်တည်း။ ၈၂ဝပြည့်တွင် မင်းငယ်ကျော်ထင်ကို အသင်္ခယာစောလူးမြေး ငတန်စီလုပ်ကြံ၍လွန်လျှင် ဘုရင်နရပတိက အိမ်ရှေ့မင်းမဟာသီဟသူရကို တောင်ငူသို့စေလွှတ်၍သိမ်းစေသည်။ ထိုအခါအိမ်ရှေ့မင်းမှာ သားတော်ဒုတိယမင်းခေါင်နှင့်သတိုးကျော်တို့ပါလာရာ ချောင်းဆုံသံဃရာဇာထံလျောက်ထား၍ ခုနှစ်ရက် သာမဏပြုစေသည်။

(၁ဝ)မွန်သံဃရာဇာ[ပြင်ဆင်ရန်]

ထိုသံဃရာဇာကား ၈၉၂ခုတွင် တောင်ငူ၌နန်းတက်သော မင်းတရားရွှေထီးလက်ထက် ထင်ရှားသောဆရာတော်ဖြစ်သည်။ ၉ဝ၆ ခုတွင် မင်းတရားရွှေထီးသည် ဟံသာဝတီပြည် အနောက်ဘက်မွန်ကျောင်းအရပ်၌ ကျောင်းရံခုနစ်ဆယ်နှင့် တကွကျောင်းကြီးဆောက်လုပ်ပြီး မွန်ဆရာတော်အားတင်လှူ၍ သံဃရာဇာဘွဲ့တံဆိပ်ကိုလည်းလှူဒါန်းသည်။ သာသနာပိုင်လည်း အပ်နှင်းတော်မူသည်။

(၁၁)ဟံသာဝတီမဟာသံဃရာဇာ[ပြင်ဆင်ရန်]

ထိုမဟာသံဃရာဇာသည် ၉၁၂ခု၊နှစ်တွင် နန်းတက်သော ဟံသာဝတီ ဆင်ဖြူများရှင်လက်ထက်၌ထင်ရှားသည်။ ဟံသာဝတီဆင်ဖြူများရှင် မင်းတရားကြီးသည် သမိန်ထောရာမကိုလုပ်ကြံ တော်မူစဉ်ကပင်အောင်မြင်လျှင် သည်အရပ်တွင်မြို့တည်မည်ဟု အမိန့်ရှိသည့်အတိုင်း အောင်မြင်၍ ၉၁ရ ခုနှစ်တွင် ပထမမြို့တည်သည်။ နောက်ကျောင်းရံလေးဆယ်နှင့်တကွ ဇေတဝန်ရွှေကျောင်းကို ဆောက်လုပ်၍ မဟာသံဃရာဇာ အားတင်လှူတော်မူသည်။

(၁၂)သာသနာပိုင် မဟာသံဃနာထဆရာတော်[ပြင်ဆင်ရန်]

ထိုဆရာတော်ကား တူရွင်းခြေတောင်၌ သီးတင်း သုံးသော မဟာရာမဆရာတော်ဖြစ်သည်။ ၉၆ရ ခုနှစ်တွင် အင်းဝပြည်၌နန်းတက်သော အနောက်ဘက်လွန်မင်းတရားကြီး သည် မဟာမြတ်မုနိဘုရားအနိီး ကျောင်းရံလေးဆယ်ရှိ လေးထပ်ကျောင်းကို တူရွင်းခြေတောင်နေဘုန်းတော်ကြိီး ညွှန်ကြားချက်အရ တူရွင်းခြေအရပ်၌နေသော မဟာရာမ ဆရာတော်အား ပင့်ဖိတ်လှူဒါန်းပြီးလျှင် မဟာသံဃနာထဘွဲ့တံဆိပ်ကို လှူဒါန်းသည်။ သာသနာပိုင်လည်းအပ်တော်မူသည်။ ထိုစဉ်အခါပြည်မြို့မှပင့်လာ၍မဟာမြတ်မုနိအရံအတွင်း စရပ်၌နေသော တောင်ဖီလာပုဂ္ဂိုလ်ကျော်လည်း သာသနာပိုင် ဆရာတော်ထံဆည်းကပ်၍ ကျမ်းဂန်တို့ကို ဆွေးနွေးသည်။ သာသနာပိုင်ဆရာတော်လည်း အလွန်နှစ်သက်တော်မူသည်။

(၁၃)သာသနာပိုင် အတုလဆရာတော်[ပြင်ဆင်ရန်]

အတုလဆရာ တော်ကား သက္ကရာဇ် ၁ဝရ၆ ခုဖွားမြင်သည်။ နံတော်ဗုဒ္ဓဟူးသား၊ ဇာတိအုတ်ရှစ်ကျေးရွာ၊ လူမည်ဥိီးပန်းထွေး၊ ရဟန်းမည်ရှင်ယသတီး။ ရတနာသိင်္ဃကုန်းဘောင် မြို့တည် လောင်းမင်းတရားကြီးကိုးကွယ်သည်။ အတုလဆရာတော်သည် အလောင်းမင်းတရားကြီးတိုင်းရေးပြည် ရေးလုပ်ကြံရာဝယ် အကြံပေးဉာဏ်ပေး အဆုံးအမပေးသော ဆရာတော်ဖြစ်သည်။ နည်းပေးဆုံးမသဖြင့်လိုက်နာအားထုတ်သောကြောင့် အလွန်ခဲယဉ်းသော အမှုမျိုးကိုပင် အောင်မြင်၍ မင်းအဖြစ်သို့ရောက်ရသည်။

အလောင်းမင်းတရားကြီးသည် ၁၁၁၅ခုနှစ်တွင် အတုလဆရာတော်အား အတုလယသမဟာဓမ္မရာဇာဓိရာဇ ဂုရုတံဆိပ်တော်ကိုလှူဒါန်း၍ သာသနာပြု သာသနာပိုင်အပ်တော်မူသည်။ ထိုဆရာတော်ကား ကျမ်းဂန်သင့်ရုံသာရှိ၏။ နှုတ်အာဝဇ္ဇန်းကောင်းလှသည်။ ကျမ်းဂန်နှင့်မိတစ်ချက်မမိတစ်ချက်ရှိသည်။ စာရိတ္တမွန်မြတ်လှသည်ဟု သိီလဝိသောဓနီ၌ အဆိုရှိသည်။ နောင်တော်ကြိီးလက်ထက်မင်ရေးစာကို စီရင်တော်မူကြပါ။ သာလွန်မင်းတရားကြီးလက်ထက် စီရင်အပ်သော ပေပေါ်၌ မင်ရေးစာသည်ကောင်းလှ၏ တကာတော်ထင်သည်ဟု မင်းဧကရာဇ်လျှောက်သည်ကို အတုလဆရာတော်ကသိကြားလာ၍ စီရင်သော် ဖြစ်ကောင်းရာ၏ဟု မင်းဧကရာဇ်မျက်နှာကို မငဲ့ဘဲမိန့်တော်မူသည်။ ထို့နောက်ဝက်လက်ဆရာ တော်စီရင်ရာ သိကြားစိီရင်သည်ဟု တစ်မြို့လုံးအုတ်အုတ်ကျက်ကျက် ပြောဆိုကြလျှင် အတုလဆရာတော်က မင်ရေးသည် အဓွန့်ရှည်စွာမတည်ဖြစ်၍တစ်ကြောင်း၊ စာသင်ပေသင် စာချပေချပျက်မည်စိုး၍တစ်ကြောင်း သိကြားလာ၍ စီရင်သော် ဖြစ်ကောင်းရာ၏ဟု ငါဆိုသည်ကို အထင်အပေါ်အကျော်အစောကိုငဲ့၍ စီရင်ရာသလောဟု ဝက်လက်ဆရာ တော်ကိုခြေဖြင့်ကန်သည်။ မင်းဧကရာဇ်က ငါ့ဆရာတော်ကိုခြေဖြင့်ကန်ရာသလောဟုဆိုရာ၊ ဝက်လက်ဆရာတော်က တပည့်ရင်းဖြစ်၍ အပြစ်အလျောက် ရောက်စေအပ်သောဒဏ်ကို မင်းဧကရာဇ် ဤသို့ဆိုရာသလောဟု မိန့်တော်မူသည်။ အတုလဆရာတော်ကား သက်တော် ရဝ၊ သိက္ခာတော် ၅ဝ၊ ၁၁၄၆ ခုနှစ်တွင်လူဝတ်လဲရသည်။

(၁၄)သာသနာပိုင်တောင်တွင်းကြီးဆရာတော်[ပြင်ဆင်ရန်]

တောင်တွင်းကြီးဆရာတော်ကား နောင်တော်ကြီးလက်ထက် တွင်သာသနာပိုင်ဖြစ်သည်။ ဉာဏာဘိဓမ္မာ လင်္ကာအရ မဟာဓမ္မရာဇာဓိရာဇဂုရုဘွဲ့တံဆိပ်တော်ကိုလည်းရရှိသည်။ လောကီလောကုတ္တရာကျမ်းများစွာကိုစီရင်ရေးသားခဲ့သည်။

( တောင်တွင်းရာတော်ခင်ကြီးပျော်· ။)

(၁၅)သာသနာပိုင်စရစ်ဆရာတော်[ပြင်ဆင်ရန်]

စရစ်ဆရာတော်ကား ဆင်ဖြူရှင်လက်ထက်၌ သာသနာပိုင်ဖြစ်သည်။ ကြက်သွန်ခင်းဆရာတော်ကြိီး၏ တပည့်ဖြစ်သည်။ နှလုံးတော်မွန်မြတ်လှ၏။ ကျမ်းဂန်လည်းသင့်မြတ်လှ၏။ အင်းဝ မင်းများလက်ထက်၌ ပထမကျော်အောင်သည်။ နံတော်အင်္ဂါသားတည်း။ တစ်နေ့သောအခါကာမမြို့နေအရှင်အရိယဝံသသည် စရစ်ဆရာတော်ရှေ့၌အဖျင်းဖျင်းပြောဆိုသည်ကို လောင်းရှည်ဆရာတော်က သာသနာပိုင်အရူးကို အလိုလိုက် လှသည်ဟုဆိုလျှင်၊ စရစ်ဆရာတော်က အရူးတစ်ယောက်ကြောင့် အကောင်းအများမရူးသင့်ဟုသာ မိန့်တော်မူသည်။ တစ်ဖန်မန်လည်ဆရာတော်က မင်းဧကရာဇ်ဆရာမဖြစ်မီကာလနှင့်မင်းဧကရာဇ်ဆရာဖြစ်သည့် ကာလနှစ်ပါးတွင်ဘယ် ကာလ၌ ကုသိုလ်ပွားပါသနည်းမေးလျှောက်သော် စရစ်ဆရာတော်က မင်းဧကရာဇ်ဆရာဖြစ်သည်ကာလပလိဗောဓ များ၍ ဘာဝနာပွားမှုစာချမှုများစွာခွင့်မရချေဟုမင်းဧကရာဇ် ဆရာဖြစ်သည်၌အပြစ်ကိုပြ၏။ ၁၁၁၈ ခုနှစ်တန်ခူးလဆန်းဆဲ့ငါးရက်နေ့တွင် အလောင်းမင်းတရားကြီးက စရစ်ဆရာတော်အား ဇမ္ဗူဒီပ အနန္တဓဇမဟာဓမ္မရာဇဂုရုတံဆိပ်တော်ကို လှူဒါန်းသည်။ ထိုအခါသက်တော် ၅ရ၊ ဝါတော် ၃၆ ဝါရှိပြီဖြစ်၍ ဖွား သက္ကရာဇ်ကိုအတိအကျမသိရသော်လည်း ၁ဝ၆၁ ခုနှစ်ဖြစ်မည်ဟုယူဆသင့်သည်။

အလောင်းမင်းတရားကြီးက ဇေတုဝတီမြို့တော်သို့ပင့်၍ ကျောင်းဆောက်လှူဒါန်းသည်။ ပထမပြန်စာမေးပွဲနှင့် ပဉ္စင်းခံကာလရောက်ပြီဖြစ်၍သာသနာတော်၏အမြစ်ဖြစ်သော ပရိယတ်ကိုအားထုတ်စေခြင်းငှာပါဠိအဋ္ဌကထာသရုပ်အဓိပ္ပါယ် မေးချိန်ကာလရောက်လျှင် အဓိပတိဆရာနှင့် အားထုတ်တော်မူပါဟု စရစ်ဆရာတော်အားအပ်သည်။ တစ်နေ့သောအခါဆရာဖြစ်သောကြက်သွန်ခင်း ဆရာတော်ကြီးကလည်း ပထမပြန်စာမေးပွဲနှင့်စပ်လျဉ်း၍ စရစ်ဆရာတော်အား စရစ် နင်တို့လက်ဝှေ့ပွဲ မပြီးသေး လောဟုအမေးခံရဖူးသည်။ ဆင်ဖြူရှင်မင်းတရားကြီးသည် ၁၁၃၃ ခုနှစ် မြို့ကြီးအတွင်းဝယ်ရှေးဘုံကျော်ဥမင်ကိုပြင်ဆင်သည်။ ဥမင် အနောက်မြောက်ယွန်းတွင်သာယာလှစွာသောမြေအပြင်၌လည်း အရံလေးဆဲ့ခြောက်ကျောင်းနှင့်တကွလေးထပ်ဇေတဝန် ရွှေကျောင်းတော်ဆောက်လုပ်ပြီးလျှင်ဘုံကျော်စံလွတ်သမိုက်၍ ထိုနှစ်တပေါင်းလဆန်းရှစ်ရက် အင်္ဂါနေ့တွင် ဇမ္ဗူဒီပ အနန္တဓဇ မဟာဓမ္မရာဇာဓိရာဇဂုရုစရစ်ဆရာတော်အားတင်လှူသည်။

(၁၆)သာသနာပိုင်အရှင်သာပုံ[ပြင်ဆင်ရန်]

အရှင်သာပုံကာစရစ်ဆရာတော်လွန်လျှင်သာသနာပိုင်ဖြစ်၏။ ဆင်ဖြူရှင်လက်ထက်ကဖြစ်ဟန်တူသည်။ သာဓကကားစရစ်ဆရာတော်လွန်လျှင် တူတော် တပည် ရင်းရှင်သာပုံကို မင်းဧကရာဇ်က သာသနာပိုင်ထည့်လျှင် အရှင်သူမြတ်သည် စိတ်ပျိုကိုယ်နုဖြစ်၍ ဝါသနာအလျောက်သိုင်းကိုင်နှင့် ဆွမ်းခံဝင်သည်ကို ကြက်သွန်ခင်းဆရာတော်ကြီးနှင့် ပက်ပင်းပါကြုံ၍ သာပုံသည်နှင်တံနှင့်နင့်ကို လူကြောက်ချိမ့်မည်လော၊ ကြောက်လောက်အောင် အမြောက်ဆောင်ဟု မိန့် တော်မူကြောင်းပြောစဉ်ရှိသည်။ ထိုအရှင်လည်း အရှက်ရ၍ ဝန် ချရသည်။ မကြာမတင်ပင် လွန်လေသည်။ သည့်နောက်မှတိလောကဂုရုဆရာတော်ကြီးကို သာသနာပိုင်အပ်သည်ဟု သီလဝိသောဓနိီကျမ်း၌ အဆိုရှိသဖြင့်သာသနာပိုင်ဖြစ်ကြောင်းထင်ရှားသည်။

(၁ရ)သာသနာပိုင်ထန်းတပင်ဆရာတော်[ပြင်ဆင်ရန်]

ထန်းတပင်ဆရာတော်ကား စေတုတ္တရာမြို့၌ဖွားမြင်သည်။ ရဟန်းမည်ရှင်နန္ဒမာလာတည်း။ ရွှေဘိုမြို့မြောက်လက် ရှေ့ကထန်းတပင်ရွာနောက်ထန်းတပင်မြို့တွင်သောမြို့၌ သီတင်းသုံးသည်။ တောင်ဘီလူးအရပ်၌သီတင်းသုံးသော အနန္တဓဇ မဟာဓမ္မရာဇဂုရုတံဆိပ်တော်ရ တောင်ဘီလူး ဆရာတော်ကြီးထံ၌ သုံးနှစ်ညဝါသင်ကြားသည်။ တစ်ဖန် ထန်းတပင်မြို့သို့ပြန်၍ အလောင်းမင်းတရားကြီး၏ကျွန်ယုံတော် နန္ဒသီဟကျော်ထင်အမတ်ကြီး ဆောက်လုပ်အပ်သော ဗောဓိမည်သောကျောင်းကို အလောင်းမင်းတရားကြီးနျင့် အတူ ရေစက်သွန်းချလှူဒါန်းသဖြင့် သီတင်းသုံးတော်မူသည်။ နောက်စစ်ကိုင်းတောင်ရိုး ဘုံသုံးဆင့်ရှိ တိလောကဂုရုကျောင်း၌လည်းကောင်း၊ ပုညစေတီ အနောက်အရပ်၌ သတိုးမင်းလှရွှေတောင်ဘွဲ့ခံ မင်းသားမောင်ရွှေဝိုင်းဆောက်လုပ်အပ်သောကျောင်း၌ လည်းကောင်းငါးနှစ်သီတင်းသုံးသည်။ ထိုအခါကပင် တိသာသနာလင်္ကာရပဌမတံဆိပ်နှင့် ဓမ္မသာမိဇောတမဟာဓမ္မရာဇဂုရု ဒုတိယ တံဆိပ်တော်တို့ကိုရရှိပြီးဖြစ်သည်။ စဉ့်ကူးမင်းလက်ထက် အင်းဝမြို့တော် ရှေ့မိုးထိကျောင်းရာဟောင်းတွင် ဆောက်လုပ်သည့် ကျောင်းဦးရွှေပြာ သာဒ်၊ ကျောင်းရံတစ်ဆဲ့နှစ်ကျောင်း၊ ပိဋကတ်တိုက်နှင့်တကွ ငါးထပ်ဇေတဝန်ရွှေကျောင်းတော်ကို မဟာမင်္ဂလာရွှေဘုံ သမိုက်၍ တိပိဋကာလင်္ကာရသာမိမဟာဓမ္မရာဇာဓိရာဇဂုရုထန်းတပင် ဆရာတော်ကြီးအားလှူဒါန်းသည်။ ယင်းဆရာတော်ကြီးကား အတင်ဂိုဏ်းဝင်ဖြစ်၍ တိလောကဂုရု ကျောင်း၌ သီတင်းသုံးဖူးသောကြောင့် တိလောကဂုရုဆရာတော် ဟုအမည်တွင်သည်။ ပထမ ဗားကရာ ဆရာတော်၊ ကတိုးဆရာတော်တို့သည် ထန်းတပင်ဆရာတော်ကြီးထံ ညဝါသင်ဖူးကြသည်။ ရှင်သာပုံလွန်သည့်နောက်မှ တိလော်ကဂုရုဆရာတော်ကြီးကိုသာသနာပိုင်အပ်သည်ဟု သီလဝိသော ဓနီကျမ်း၌ အဆိုရှိသဖြင့်သာသနာပိုင် ဖြစ်ကြောင်းထင်ရှားသည်။ ဆင်ဖြူရှင်လက်ထက်၌ ဖြစ်သည်ဟုယူဆသင့်သည်။

ထိုဆရာတော်ကြီးပြုစုသောကျမ်းတို့ကား ယမိုက်ဆယ်ကျမ်းအရကောက်၊ ပဋ္ဌာန်းအရကောက် (ယင်းနှစ် ကျမ်းမှာယခုအခါ ပထမပြန်စာမေးပွဲ၌ ပြဋ္ဌာန်းထားသောကျမ်းတို့ဖြစ်သည်။) ဘိက္ခုပါတိမောက် နိဿယ၊ ဘိက္ခုနီပါတိမောက်နိဿယ၊ သဒ္ဒါကြီး ရှစ်စောင်နိဿယစသည်တို့ဖြစ်သည်။

(၁၈)သာသနာပိုင်မန်လည်ဆရာတော်[ပြင်ဆင်ရန်]

မန်လည်ဆရာတော်ကား သက္ကရာဇ် ၁ဝရ၆ ခုဖွားမြင်သည်၊ နံတော်တနင်္လာသား၊ ဇာတိသစိုးမန်လည်ရွာ၊လူမည် ဦးသာကြိီး၊သာမဏေမည် ရှင်ဂုဏ၊ သာမဏေခုနစ်ဝါသက်တော် နှစ်ဆယ်ကျော်ရဟန်းပြုသည်။ ရဟန်းမည် ဂုနမဉ္စူသာတည်း။ စဉ့်ကူးမင်းလက်ထက်အတင်အရုံအဓိကရုဏ်း ငြိမ်းအေးသောအခါဂုဏမုနိန္ဒာအဓိပတိပဝရသာမိ မဟာဓမ္မ ရာဇာဓိရာဇဂုရုတံဆိပ်တော်နှင့်တကွသာသနာပြုအပ် သဖြင့် သာသနာတော်ကိုသုတ်သင်ပြုစုရသည်။

ဘိုးတော်မင်းတရားကြီးလက်ထက်ကန္နီမြို့ အသုံးကံကျွေးခံရသော သမီးတော်ကြီးနှင့်ခမည်းတော် မင်းတရားကြီးတို့ကိုးကွယ်ကြသည်။ ရွှေမြို့တော် အရှေ့တောင်ယွန်း၌ သမီးတော်ကန္နီမင်းသမီး ဆောက်လုပ်အပ်သောအမိုးလေး ဆင့်ရှိရွှေကျောင်းတော်ကို ဘုံသာဝေယန်ကမ္ပည်းတပ်၍ ၁၁၅၃ ခုနှစ် နတ်တော်လဆန်းတစ်ဆဲ့နှစ်ရက် ဗုဒ္ဓဟူးနေ့တွင် မင်းဧကရာဇ်ကိုယ်တိုင် ရွှေကရားဖြင့်ရေစက်သွန်းချ၍ မန်လည်ဆရာတော်ကြီးအားတင်လှူပြီးလျှင်သာသနာပိုင်လည်း အပ်တော်မူသည်။

မန်လည်ဆရာတော်ကြီးကား သီလပညာ၌လွန်သူမရှိ။ ဝိနယသင်္ဂဟအဋ္ဌကထာတစ်စောင်လုံး နှုတ်တက် ဆောင်သော ကြောင့်ဝိနည်းသင်္ဂြိုဟ်ဟုဆရာတို့ဆိုစမှတ် ပြုကြသည်။ဝိနည်းအဆုံးအဖြတ်၌ဆရာနည်းရလှသည်။ စကားအရာ၌လည်း သူခွန်းပြန်မလျှောက်ရအောင် မိန့်ဆိုတတ်သည်။ ထိုမင်းတရားကြီး လက်ထက် မန်လည်ဆရာတော်ကြီးကို သမ္မုတိမှန်၏လောဟု အတွင်းဝန်ကမေးလျှောက်ရာ၊ ငါ့ဆရာလည်းမှန်၏၊ ငါလည်းမှန်၏ဟုမိန့်ဆိုသောအခါ သည့်တိုင်းဖြစ်လျှင် နှလုံးတော်နှင့်မတိုက်မိရှိချိမ့်မည်၊ လျှောက်ပြန်ရာ မတိုက်မိသည်ကို တိုက်မိအောင်ငါမဆိုသာ၊ မတိုက်မိ၍ ထားသောမင်းဒဏ်ကိုလည်း စိုးရိမ်သင့်သည်မဟုတ် ရေးသာရေးဟု မင်းမျက်နှာကိုမလိုက်ပဲမိန့်ဆိုသည်။ တစ်ရံရောအခါ တပည့်ဖြစ်သော မုန်တောဆရာတော်၊ မဲထီးဆရာတော်၊ ဆင်တဲဆရာတော်တို့အချင်းချင်း နှလုံးမသာ ရှိကြသည်ကိုခေါ်၍ ငါအရွယ်ကြီးပြီ၊ မည်သူနှင့်မျှခိုက်ရန်မဖြစ်စဖူးဟူ၍သာမိန့်ဆိုသည်။

တပည့်သုံးပါးလည်း စိတ်နှလုံးချမ်းသာစွာရှိကြသည်။ မန်လည်ဆရာတော်ကြီးသည်သက်တော် ၉၃၊ ဝါတော်ရ၁၊ ၁၁၆၉ ခုနှစ်မိုးထိတိုက် ဘုံသာဝေယံကျောင်းတော် ကြီး၌ပျံလွန်သည်။ လွန်သောအခါ သိက္ခာကိုစွန့်၍ လွန်သောဟူ၏။ တံဆိပ်တော်တို့ကား 'ဂုဏမုနိန္နာဓိပတိမဟာ ဓမ္မရာဇာဓိရာဇဂုရုဂုဏမုနိန္နာဓိပတိပဝရသာမိ မဟာဓမ္မရာဇာဓိရာဇဂုရုတို့ဖြစ်သည်။

(၁၉)သာသနာပိုင် မင်းအိုဆရာတော်။[ပြင်ဆင်ရန်]

။မင်းအိုဆရာတော်ကားသက္ကရာဇ် ၁ဝရဝ ပြည့်တွင် ဖွားမြင်သည်။ နံတော်တနင်္လာသား၊ ဇာတိပက်တော ကျေးကန်ရွာ၊ လူမည်ဦးအောင်ကျော်၊ သာမဏေမည်ရှင်ဂုဏ၊ သာမဏေ ခုနစ်ဝါ၊ သက်တော်စေ့တွင်ရဟန်းပြုသည်။ ရဟန်းမည်အရှင်ဂုဏဘိ(ဂုဏသီရိ)တည်း။ စဉ့်ကူးမင်းလက်ထက်တွင် မင်္ဂလာရွှေဘုံကျောင်းတော်ကို အလှူတော်ခံရသည်။ 'ဂုဏာဘိအနန္တဓဇမဟာ ဓမ္မရာဇာဓိရာဇရုရု'တံဆိပ်တော်ကို လည်းလှူခံရသည်။ ထိုနောက်ဘိုးတော်မင်းတရားကြီးနှင့် နန်းမတော် မိဖုရားခေါင်ကြီးနှစ်ပါးတို့က ကိုးကွယ်ကြသည်။ ရွှေမြို့ တော် ကြီးအရှေ့မြောက်ယွန်း၌ မိဖုရားခေါင်ကြီးဆောက်လုပ်အပ်သော မိုးယွန်းဆက်ဘုံ သုံးထပ်ရှိရွှေကျောင်းတော် ကြီးကိုအောင်မြေဘုံကျော် ကမ္ပည်းမော်ကွန်းထိုးမှတ်၍ ၁၁၄၉ ခုနှစ် ဝါဆိုလဆန်းခြောက်ရက်၊ ဗုဒ္ဓဟူးနေ့တွင် မင်း ဧကရာဇ်ကိုယ်တိုင်ရွှေကရားဖြင့် ရေစက်သွန်းချ၍ မင်းအိုဆရာတော်ကြီးအားတင်လှူသည်။ သာသနာပိုင်လည်းအပ် တော်မူသည်။

ယင်းဆရာတော်ကြီးကား အရုံဂိုဏ်း တစ်ကျိပ်နှစ်ပါးအဝင်အရှင်မောဂ္ဂလာန်ထေရ်၊ အရှင်ဓမ္မနန္ဒထေရ်တို့၏ အဆက်အနွယ်ဟုဝံသဒီပ၌ဆိုသည်။ သဒ္ဓိဝိဟာရိကတပည့်မဟုတ်၊ စာသင်တပြည့်မျှသာ၊ စင်စစ်ကား ရေမြိန်အရှင် ကလျာဏဓဇ၏သဒ္ဓိဝိဟာရိကတပည့်တည်း။ ယင်းဆရာတော်ကြီး၏အမည်ကို အရှင်ဂုဏသီရိဟူ၍လည်း ရေးမှတ်ကြသည်။ ကျမ်းရိုးအဆိုသူမတူတန်အောင် ကောင်းလှသည်။ ထိုဆရာဖတာ်ကြီးမှ ဗားကရာဆရာတော် အရှင်ဓမ္မာဘိနန္ဒ၊ မောင်းထောင်ဆရာတော်အရှင်ဉာဏာဘိဝံသ၊ ကတိုးဆရာတော်အရှင်ဓမ္မဓရ၊ ညောင်ကန်ဆရာတော် အရှင်သဒ္ဓမရံသီ စသောတပည့်ကြီး များထွန်းကားသည်။ ယင်းတပြည့်ကြီးတို့ကား ဘတောဝိဘင်းပြန် ပုဂ္ဂိုလ်တို့ချည်းတည်း။ သက် တော် ၈၃၊ ဝါတော်၆၃၊ ၁၁၅၃ ခုနှစ်တွင် မင်းအိုတိုက်အောင်မြင်ဘုံကျော်ကျောင်းတော်ကြီး၌ ပျံလွန်တော်မူသည်။

တံဆိပ်တော်တို့ကား'ဂုဏာဘိအနန္တဓဇမဟာဓမ္မရာဇာဓိရာဇဂုရု'၊' ဂုဏာဘိအနန္တသီရိမဟာဓမ္မရာဇာဓိရာဇဂုရု'၊'ဂုဏာဘိ အနန္တသီရိမဟာဓမရာဇာဓိရာဇဂုရု'၊'ဂုဏာဘိလင်္ကာရ သဒ္ဓမ္မမဟာဓမ္မရာဓိရာဇဂုရု'၊ 'ဂုဏာဘိလင်္ကာရသဒ္ဓမ မဟာဓမ္မ ရာဇာဓိရာဇဂုရု'၊ 'ဂုဏမဉ္ဇူသာအရိယာလင်္ကာရသဒ္ဓမ ဓဇမဟာဓမ္မရာဇာဓိရာဇဂုရု'တို့ဖြစ်ကြသည်။

(၂ဝ)သာသနာပိုင်ဆုံတားဆရာတော်[ပြင်ဆင်ရန်]

ဆုံတားဆရာတော်ကားသက္ကရာဇ် ၁ဝ၈ဝ ပြည့်တွင်ဖွားမြင်သည်။ နံတော်စနေသား၊ ဇာတိ အနောက်တိုက်ပေါက်မြင်ရွာ (ဆုံတားရွာလည်းဟူ၏) လူမည်ဦးစံဘလူး၊ သာမနေမည် ရှင်နန္ဒ၊ သာမဏေဝါငါးဝါ၊ သက်တော်နှစ်ဆယ်ပြည့်တွင် ရဟန်းပြုသည်။ ရဟန်းမည်ရှင်နန္ဒမာလာ (နန္ဒာ ဘိဓဇလည်းဟူ၏) ရေမြိန်ဆရာတော်အရှင်ကလျာဏ ဓဇထံကျမ်းဂန်အရပ်ရပ်ကို သင်ကြားတတ်မြောက်သည်။ ဗန့်ကျီတိုက်နယ်မှစ၍ ဆင်ဖြူကျွန်း၊ နောက်စလင်းမြို့သို့ရောက်သည်။ ယင်းမြို့ထက်ဝန်းကျင်၌ နွားမွေးခြင်း၊ လှည်းစီးခြင်း၊ ထီးဆောင်းခြင်းအမှုတို့ကိုပြုကျင့်နေသောရဟန်းတို့ကို ဝိနည်းတော်နှင့်အညီဆုံးမကံမြစ်၍ သာသနာကို စောင့်ရှောက်သည်။

ဆုံတားဆရာတော်ကြီးသည် တုံနွယ်ရဟန်းတို့၏ အတင်ဝါဒမဟုတ်ကြောင်းကိုပြသ၍ ကျမ်းဂန်ပြုစုသည်။ ထိုကျမ်းကိုတိလောကဂုရု ထန်းတပင်ဆရာတော်ကြီးက စဉ့်ကူးမင်းကိုပြသသည်။ စဉ့်ကူးမင်းလည်းထိုကျမ်းကို ကြည့်ရှုဆင်ခြင်ရာဉာဏ်ပညာရှိသောမင်းဖြစ်သည့်အလျောက် ဝိနည်းတရားတော်အား လျောက်ပတ်သည်ကိုသိသဖြင့် ဆုံတားဆရာတော်ကြီးကိုပင့်၍ မြို့တော်သို့ရောက်သောအခါ မင်းဧကရာဇ်လည်းဆရာတော်ကြီးထံ ဝိနည်းတရား တော်ကိုသင်ကြားပြီးလျှင် အတင်ဂိုဏ်းဆရာတော်တို့ကို စည်းဝေးစေ၍အဆုံးအဖြတ်ကိုပြုစေသည်။ ထိုအခါအတင်ဂိုဏ်း ဆရာတော်တို့ရှုံးပါပြီ ဟုဝန်ချရသည်။ ကျောင်းရံကျောင်းဦးပြာသာဒ် နှစ်ဆောင်နှင့်တကွလေးထပ် ဇေတဝန် ရွှေကျောင်းကို ဘုံကျော်ဝေယန်သမိုက်၍ ဆုံတားဆရာတော်ကြီးအားလှူဒါန်းသည်။ ထိုနောက်ဘိုးတော်မင်းတရားကြီးနှင့် သားတော် အိမ်ရှေ့မင်းနှစ်ပါးတို့ ကိုးကွယ်သည်။ အိမ်ရှေ့မင်းမိဖုရား ကျောင်းတော်ကို မင်္ဂလာဝေယန်ကမ္ပည်းတပ်၍ ဆုံတားဆရာတော်ကြီးအားတင်လှူသည်။ သာသနာပိုင်လည်း အပ်တော်မူသည်။

ထိုဆရာတော်ကြီးကား ပါဠိအဠကထာဋီကာကျမ်းဂန် နိုင်နင်းကျနလှ၏။ စုဒ်-စောဒနာ အာဘော်-၊ ကျမ်းထွက် ကျမ်းတတ်ကျမ်းရိုးနိုင်နင်း၏။ ပစ္စည်းဥစ္စာ၌ ဤကားငါ့ဖို့၊ ဤကားသူတို့ဟု ဝေဖန်ခြင်းမရှိ၊ ရသမျှပစ္စည်းဥစ္စာသူ တစ်ပါးဖို့ချည်းသာရည်မှတ်၏။ ပစ္စည်းဥစ္စာ၌တပ်မက်တော် မမူချေ။ ရေမြိန်ဆရာတော်အရှင်ကလျာနဓဇ၏ သဒ္ဓိဝိဟာရိကတပည့်တည်း။ မင်းအိုဆရာတော်ကြီးနှင့် ဆရာတူတပည့်ဖြစ်၏။ ကျမ်းဂန်အများကိုပြုစုတော်မူ၏။

( ဆုံတား ဆရာတော်··၊၊)

တံဆိပ်တော်ကား' နရိန္ဒာဘိဓဇမဟာဓမ္မရာဇာဓိရာဇဂုရု'၊ 'နရိန္ဒာဘိသီရိဓဇမဟာဓမ္မရာဇာဓိရာဇ ဂုရု'၊ 'တိပိဋကာလင်္ကာရသဒ္ဓမ္မသာမိမဟာဓမ္မရာဇာဓိရာဇဂုရု'၊တို့ ဖြစ်ကြသည်။

(၂၁)သာသနာပိုင်မင်းရွာဆရာတော်[ပြင်ဆင်ရန်]

မင်းရွာဆရာတော်ကား သက္ကရာဇ် ၁ဝ၈၅ ခုတွင်ဖွားမြင်သည်။ နံတော်အင်္ဂါသား၊ ဇာတိမတ္တရာမြို့ကျေးဝါးရင်းတုတ်ရွာ၊ လူမည်ဦးစံသာ၊ သာမဏေမည်ရှင်ဇာဂရ၊ သာမဏေ ခြောက်ဝါ၊ သက်တော်စေ့တွင်ရဟန်းပြုသည်။ ရဟန်းမည်ရှင်ဇာဂရတည်း။ စဉ့်ကူးမင်းလက်ထက်ငါးထပ်ကြီးဘုရား တောင်ဘက်၌ နှမတော်ကန္နီမြို့စားဆောက်လုပ်အပ်သော လေးထပ်ဇေတဝန်ရွှေကျောင်းကို ရတနာရွှေဘုံသမိုက်ပြီး လျှင်မင်းရွာဆရာတော်အားတင်လှူသည်။ 'ဇမ္ပူဒီပသီရိအနန္တဓဇမဟာဓမ္မရာဇာဓိရာဇဂုရု၊' တံဆိပ်တော်ကိုလည်း လှူသည်။

ဘိုးတော်မင်းတရားကြီးလက်ထက် သားတော် အိမ်ရှေ့မင်း၏မယ်တော် အလယ်နန်းမတော်မိဖုရား ဆောက်လုပ်အပ်သောကျောင်းရံတစ်ဆယ်နှင့်အမိုးသုံးထပ်ရှိ ရွှေကျောင်းတော်ကို မင်္ဂလာစံလွတ်ကမ္ပည်းမော်ကွန်းထိုးမှတ်၍ ၁၁၄၉ ခုနှစ်တပေါင်းလဆန်းခြောက်ရက် တနင်္လာနေ့တွင် မင်းဧကရာဇ်ကိုယ်တိုင်ရွှေကရားဖြင့်ရေစက်သွန်းချ၍ မင်းရွာ ဆရာတော်ကြီးအားတင်လှူသည်။

'ဉာဏဇမ္ဗူဒီပအနန္တဓဇမဟာဓမ္မရာဇာဓိရာဇဂုရု' တံဆိပ်တော်ကိုလှူဒါန်းသည်။ သာသနာပိုင်လည်း အပ်တော် မူသည်။ ထိုဆရာတော်ကြီးကားကျမ်းဂန် ဝါစုဂ္ဂတအရ အမိများသည် ဆွမ်းဘုဉ်းပေးရန်ကပ်လာသော ဟင်းလျာအများ တွင်မျက်စိမှိတ်၍ နှိုက်မိသောဟင်းလျာခွက်ကိုသာ တစ်ခွက်တည်း မျက်စိဖွင့်၍ ဘုဉ်းပေးသည်။ အခြားဟင်းလျာခွက်ကို ဘုဉ်းပေးတော်မမူ။ သူတစ်ပါးအား ကဲ့ရဲ့သောစကားကိုဆိုမည်ထား၍ ကဲ့ရဲ့စကားပြောလာသူတို့ အသံမျှကိုလည်း လည်မညိတ်ချေ။ သို့စဉ်သိမ်းဆည်းတော်မူ၏။ မင်းဆရာဖြစ်လျှက် ဝါတော်ငါးဆယ့်ကျော်အောင် ဆွမ်းခံဝတ်ကိုဖျက် တော်မမူ နေပူမိုးရွာဖိနပ်မစီး၊ ထီးမဆောင်း၊ ပစ္စည်း၌လည်းသပိတ်တစ်လုံး၊ သင်္ကန်းသုံးထည်သာထား၍ ကြွင်းသမျှ အကုန်စွန့်သည်။ ကျော်အောင်စံထား ဆရာတော်ကြီး၏တပည့်ဖြစ်သည်။ သက်တော် ၈၁၊ ဝါတော် ၆၁၊ ၁၁၆၆ ခုနှစ် တွင် မင်းရွာကျောင်းတိုက်အတွင်း အနောက်မြောက်ထောင့် လည်ပေါ်ကျောင်း၌ ပျံလွန်တော်မူသည်။ ပျံလွန်အံ့သောအခါ အယုတ်သဖြင့်ဒေသနာကံမျှမပြု၊ မုန်တောဆရာတော် ဟောအပ်သောသတိပဌာနသုတ်ကိုနာလျက် ပျံလွန်တော် မူသည်။

(၂၂)သာသနာပိုင်ပထမမောင်းထောင်ဆရာတော်[ပြင်ဆင်ရန်]

ပထမမောင်းထောင်ဆရာတော်ကား သက္ကရာဇ် ၁၁၁၅ ခုတွင်ဖွားမြင်သည်။ နံတော်အင်္ဂါသား၊ ဇာတိအလုံမြို့ကျေးမောင်းထောင်ရွာ၊ အဘနတ်ရှင်ရက္ခဘွဲ့ခံ မောင်စံအူ၊ အမိရှင်ခွေး၊ လူမည်ဦးမြတ်နေ၊ သာမဏေမည် ရှင်ဉာဏ၊ ရဟန်းမည်ရှင် ဉာဏာဘိဝံသဖြစ်သည်။

ဘိုးတော်မင်းတရားကြီးလက်ထက် မင်းအိုဆရာတော်၊ မန်လည်ဆရာတော်၊ ဆုံတားဆရာတော်၊ မင်းရွာဆရာ တော်ဤဆရာတော်ကြီးလေးပါးကို သာသနာပြု သာသနာပိုင်အပ်နှင်းပြီးသောအခါယင်းဆရာတော်ကြီလေးပါးနှင့် တွဲဘက်၍ သာသနာပြုရန်ဆရာတော်ရှစ်ပါးကို ခန့်အပ်ရာ၌ မောင်းထောင်ဆရာတော်အပါအဝင်ဖြစ်သည်။ ရှစ်ပါးတို့ကား (၁)ရွှေတောင်ဆရာတော်၊ (၂)ပထမဗားကရာ ဆရာတော်၊(၃)ကတိုးဆရာတော်၊ (၄)မဲထီးဆရာတော်၊ (၅)မုန်တော ဆရာတော်၊ (၆)စလင်းဆရာတော်၊ (ရ)ဆင်တဲဆရာတော်၊(၈)မောင်းထောင်ဆရာတော်တို့ဖြစ်သည်။ ၁၁၅ဝပြည့်သို့ရောက်သောအခါ ဘိုးတော် မင်းတရားကြီးသည် မောင်းထောင်ဆရာတော် တစ်ပါးတည်းကို သာသာသနာပြု သာသနာပိုင်အပ်တော်မူသည်။

( မောင်းထောင်ဆရာတော်များ··။)

(၂၃)သာသနာပိုင်စလင်းဆရာတော်[ပြင်ဆင်ရန်]

စလင်းဆရာတော်ကားသက္ကရာဇ် ၁၁၂၅ ခု တော်သလင်း လဆန်းရှစ်ရက်၊ ကြာသပတေးနေ့ နေဝန်းပေါ်သည်နှင့် တစ်ပြိုင်နက်ဖွားမြင်သည်။ ဇာတိစကုမြို့အဝင်ကန့်ကလာရွာ၊ အဖဦးညိုသီလ၊အမိရှင်မိ၊လူမည်ဦးချစ်လောက်ဖြစ်သည်။ ဦးချစ်လောက်တွင်ကြောင်းကား မွေးဖွား၍ ရေချိုးပြီး ဆန်ကောတွင်သိပ်ထားရာချက်ပေါ်၌ တိရိစ္ဆာန်လောက်ကောင်များ တတ်နေသည်ကိုအစွဲပြု၍ ချက်လောက်တွင်သည်။ နောင် ချက်လောက်မှ ချစ်လောက်ဖြစ်လာသည်။ သက်တော်ရှစ်နှစ်တွင် ကြက်သွန်ခင်း ဆရာတော်ကြီး၏တပည့် ပထမဆရာတော် အရှင်မေဓိယထံတွင်ပညာသင်ကြားသည်။ တစ်ဆဲ့ခြောက်နှစ်တွင်သာမဏေပြုသည်။ သာမဏေမည် ရှင်ပညာ၊ သာမဏေငါးဝါ၊သက်တော်စေ့သဖြင့် ၁၁၄၆ခုတွင် အရှင်မေဓိယကိုပင်ဥပဇ္ဈာယ်ပြု၍ ရဟန်းဖြစ်သည်။ ရဟန်းမည်ရှင်ပညာသီဟတည်း။ ဆရာတော် ရှင်မေဓိယထံမှာပင်ပါဠိ၊ အဋ္ဌကထာ၊ ဋီကာတို့ကို သင်ကြားပို့ချသည်။ နောက်ပန်း လွှားဂိုဏ်းအုပ်ဆရာတော် အရှင်ဂုဏဝံန္တထံ၌လည်းပါဠိ၊ အဋ္ဌကထာ၊ ဋီကာတို့ကို သင်ကြားပို့ချသည်။

ရဟန်းရှစ်ဝါတွင် စလင်းမြို့သူကြီးသမက်ငပန်းညိုက ကွန်းသုံးစဉ်ဘုံလေးဆင့်ရှိ ကျောင်းကြီးကို ဆောက်လုပ်လှူဒါန်းသည်။ ကိုးဝါတွင်အမရပူရမြို့တော် သုဓမ္မာဇရပ်မှာ ဥဘတောဝိဘင်း ပြန်ဆိုသဖြင့် မောင်းထောင် သာသနာပိုင်က နိဿယည်း တိုက်အုပ်အမိန့်တော် စာချွန်ပေးအပ်ခြင်းကိုခံရသည်။ နောက်စလင်းမြို့သူကြီးသား ငချင်းက ကွန်းသုံးစဉ် ဘုံလေးဆင့်ကျောင်းကြီးတစ် ဆောင်၊ ဝင်းမနားရွာသူကြီးအမိ မိဘွယ်ကကွန်းသုံးစဉ် ဘုံလေးဆင့်ရှိ ကျောင်းကြီးတစ်ဆောင်၊ ဆင်ဖြူကျွန်းနေလှေစီးငဝက ကွန်းသုံးစဉ်ဘုံလေးဆင့်ရှိကျောင်းကြီးတစ်ဆောင်၊ကျောင်းကြီး လေးဆောင်တို့ကိုဆောက်လုပ်လှူဒါန်းကြသည်။

ဆရာတော်သည်ထိုကျောင်းကြီးတို့၌ အလှည့်အလည်သီတင်းသုံး သည်။ ၁၁ရ၈ ခုနှစ်တွင်ဘိုးတော်မင်းတရားကြီးက ပင့်ဖိတ်ကာ ရဟန်းဒါယကာခံ၍ရဟန်းအဖြစ်ထပ်၍ ခြီးမြှောက် ခြင်းကိုခံရသည်။

ဘကြီးတော်လက်ထက်ရောက်သောအခါ အမရပူရမြို့တော်သို့ပင့်၍ ဘိုးတော်မင်းတရားကြီးကောင်းမှု အသောကာရာမတိုက်၊ ရတနာဘုံကျော်ကျောင်းကြီးကို လှူဒါန်း၍ ကျောင်းတိုက်အတွင်းနှစ်ထပ်လည်ပေါ် ဝါဆိုကျောင်းဆောက် လုပ်လှူဒါန်းကိုးကွယ်သည်။ ၁၁၈၂ ခုနှစ် တန်ခူးလဆန်း တစ်ရက် စနေနေ့နံနက်တွင် သုဓမ္မာဇရပ်၌ မင်းညီမင်းသား သူဌေးသူကြွယ် ပရိတ်သတ် အစုံအညီ၌'မုနိန္ဒာဘိသီရိ သဒ္ဓမ္မဓဇဓမ္မရာဇာဓိရာဇဂုရု' ဘွဲ့တံဆိပ်တော်ကိုလှူဒါန်းပြီးလျှင်သာသနာပြု သာသနာပိုင်အပ်တော်မူသည်။

အင်းဝမြို့သို့ရောက်သောအခါ မြို့တော်၏ အနောက်တောင်ယွန်းရွှေစည်းခုံဘုရားအနီး တံတိုင်း မဟာရံ မုတ်လေးမျက်နှာနှင့်တကွဝါဆိုကျောင်း၌သီတင်းသုံးသည်။ ၁၁၉ဝ ပြည့် တပေါင်းလဆန်းတစ်ဆဲ့သုံးရက်နေ့တွင် ကျောင်းဦးပြာသာဒ် ဘုံခုနစ်ဆင့်ကျောင်းမ အမိုးစမြင်ပါ ဘုံလေးဆင့် ဥကင်ရာဇပလ္လင်တည်၊ ဝဲယာထီးဖြူစိုက်၊ နာရဏီရွှေပိန်းချလျှက် ဖန်မှန်တို့ဖြင့်ခြယ်လှယ် အပ်သော စံကျောင်းတော်ကို မဟာအောင်မြေဘုံသာ ကမ္ပည်းတပ် လျက်သာသနာပိုင်ဆရာတော်ကြီးကို ထီးဖြူအုပ်မိုးပြီးလျှင် မင်းဧကရာဇ်ကိုယ်တိုင် ရေစက်သွန်းချလှူဒါန်းသည်။ 'မုနိန္ဒာဘိဝံသဓမ္မသေနာပတိ မဟာဓမ္မရာဇာဓိရာဇဂုရု' ဘွဲ့တံဆိပ်တော်ကိုလည်းလှူဒါန်းသည်။ ၁၁၉ရ ခုနှစ် အင်းဝ မြို့တော်အတွင်း အနောက်တောင်ထောင့်ရှိ ဘိုးတော်မင်းတရားကြီးကောင်းမှုဘုံကျော် ကျောင်းကြီးကိုလည်း အသစ်ကောင်းမွန်ခိုင်ခံ့အောင် ပြင်ဆင်၍လှူဒါန်းတော်မူသည်။

ရွှေဘိုမင်းလက်ထက်၌လည်း မနိမ့်ကျစေရ နောင်တော်မင်းကိုးကွယ်မြဲအတိုင်းကိုးကွယ်၍ 'မုနိန္ဒာဘိဝံသ ဓမ္မသေနာပတိ သီရိသဒ္ဓမ္မပါလ မဟာဓမ္မရာဇာဓိရာဇဂုရု' ဘွဲ့တံဆိပ်ကိုလှူဒါန်းသည်။ ရတနာဘုံကျော်ကျောင်းကြီးကို လည်းထပ်မံလှူဒါန်းပြီးလျှင် ကျောင်းတိုက်ကြီးအတွင်း ဝါဆိုကျောင်းအသစ် ဆောက်လုပ်လှူဒါန်းပြန်သည်။ယင်းကျောင်း၌ပင် သက်တော် ရ၈၊ ဝါတော် ၅၉၊ ၁၁ဝ၂ ခုနှစ် တော်သလင်းလဆုတ်ရှစ်ရက်တနင်္လာနေ့ပျံလွန်တော်မူသည်။ ပြုစုသောကျမ်းတို့ကား ရာဇိန္ဒရာဇ ပုညဒီပနီ၊ အဘိဓမ္မာဝတာရအဋ္ဌကထာနိဿယတို့ဖြစ်သည်။

(၂၄)သာသနာပိုင်သဲအင်းဆရာတော်[ပြင်ဆင်ရန်]

သဲအင်းဆရာတော်ကား သက္ကရာဇ် ၁၁၂၅ ခုနတ်တော်လဆန်းခုနစ်ရက် သောကြာနေ့ဖွားမြင်သည်။ ဇာတိပုခန်းကြီးမြို့ကျေးသဲအင်းရွာ၊ အဘမောင်အောင်စံ၊အမိရှင်ပုံ၊လူမည်ဦးကြောင်၊ ရွှေဘိုမင်း၏ ဆရာဖြစ်သည်။

သဲအင်းဆရာတော်သည် ဆင်ဖြူရှင်လက်ထက် သူငယ်အဖြစ်ကပင် အကိုရင်းအရှင်စန္ဒမည်သောမထေရ်နှင့် အတူ ရတနာပူရအင်းဝမြို့တော်သို့ရောက်၍ စရစ်ဆရာတော်၊ မိုးထိတိုက်ထန်းတပင်ဆရာတော်တို့ထံမှီဝဲဆည်းကပ်ကာ စာပေသင်ကြားလျှက်သာမဏေအဖြစ်သို့ရောက်သည်။ သာမဏေမည်ရှင်သူရိယတည်း။ နောက်ဗားကရာ ဆရာတော်ကြီးထံ မှီဝဲဆည်းကပ်၍ စာပေသင်ကြားသည်။ အမရပူရမြို့တော်သို့ရောက်သည့်ကာလ သက်တော်နှစ်ဆဲ့ငါးနှစ်တွင် ဗားကရာဆရာတော်ကြီီးကို ဥပဇ္ဈယ်ပြု၍ ရဟန်းအဖြစ်သို့ရောက်သည်။ ရဟန်းမည် ရှင်သူရိယဝံသဖြစ်သည်။

၁၁၆၁ ခုနှစ်တွင် ဇာတိဖြစ်သောသဲအင်းရွာ၍ ကျောင်းကန်တိုက်တာ တည်လျက် စာပေပို့ချကာနေသည်။ ဘိုးတော်မင်းတရားကြီးနတ်ရွာစံ၍ မြေးတော် အိမ်ရှေ့မင်းအထွတ်အမြတ်သို့ရောက်ပြီး ၁၁၈၁ ခုနှစ်တွင် မြို့တော်သို့ ပင့်ဆောင်၍ရောက်လျှင်ညီတော်သာယာဝတီမင်းက မြို့တော်မြောက်မျက်နှာရွှေစေတီကျောင်းတိုက်အတွင်း ဝါဆိုကျောင်း ဆောက်၍တင်လှူကိုးကွယ်သည်။ ၁၁၈၂ ခုနှစ် ဝါဆိုလဆန်းတစ်ဆဲ့ငါးရက်နေ့တွင် သဒ္ဓမ္မဝံသာဘိ သိီရိ ဓဇမဟာဓမ္မရာဇာဓိ ရာဇဂုရုဘွဲ့ တံဆိပ်တော်ကိုလှူဒါန်းသည်။

အင်းဝမြို့တော်သို့ရောက်သောအခါ၌လည်း မြို့တော် အနောက်လောကသယမ္ဘူဘုရားအရှေ့တွင်သာယာဝတိီမင်း ဆောက်လုပ်လှူဒါန်းအပ်သော သဲအင်းကျောင်းတိုက်၌ သီတင်းသုံးသည်။ ၁၁၉၉ ခုနှစ်သာယာဝတီမင်း အထွတ် အမြတ်သို့ရောက်သောအခါ ထိုနှစ် နယုန်လဆန်းငါးရက်နေ့တွင် ရွှေနန်းတော် အနောက်တောင်ထောင့် မာန်အောင်ရတနာဘုရားအတွင်း သုဓမ္မာစရပ်၌ဆရာတော် သံဃာတော်၊ ဝန်ကြီးဝန်ထောက်၊ မှူးမတ်၊ ရဟန်းပရိသတ်လူ ပရိသတ်အစုံအညီတွင် သဲအင်းဆရာတော်ကြီးအား သာသနာပြုသာသနာပိုင် အပ်နှင်းတော်မူသည်။

ထိုနှစ်နယုန်လဆန်းတစ်ဆဲ့သုံးရက် ဗုဒ္ဓဟူးနေ့တွင် ပရိယတ်၊ပဋိပတ်အရာ၌သတ္တိဗျတ္တိနှင့်ပြည့်စုံသော ပိဋကတ် စာမ၊ စာကြည့်၊ စာတည်းဆရာတော် တစ်ကျိပ်နှစ်ပါးနှင့်တကွ သဲအင်းဆရာတော်ကြီးကို ဇေယျာပုရစစ်ကိုင်းမြို့စံနန်းတော်သို့ ပင့်ပြီးလျှင် သဲအင်းဆရာတော်ကြီးအား 'သူရိယဝံသာဘိ သီရိပဝရာလင်္ကာရဓမ္မသေနာပတိမဟာ ဓမ္မရာဇာ ဓိရာဇဂုရု'ဘွဲ့တံဆိပ်တော်ကိုလှူဒါန်းသည်။ နောက်ပါဆရာတော်တစ်ကျိပ်နှစ်ပါးတို့အားလည်း အသီးသီးဘွဲ့တံဆိပ် တော်များကိုလှူဒါန်းတော်မူသည်။ နောက်အမရပူရမြို့တော်သို့ရောက်လျှင် မြို့တော်အရှေ့မြောက်ယွန်း ဘွားတော်အရှင်မိဖုရားခေါင်ကြီး ကုသိုလ်တော်မင်းအိုတိုက် အောင်မြေဘုံကျော်ကျောင်းကြီးကို သဲအင်းဆရာတော်ကြီးအားလှူဒါန်းပြီးလျှင် ယင်းတိုက်အတွင်း အနောက်မြောက်ထောင့်၌ ဝါဆိုကျောင်းဆောက်၍ လှူဒါန်းကိုးကွယ်သည်။ ထိုဝါဆိုကျောင်းမှာပင် သက်တော် ရ၆၊ ဝါတော် ၅၁၊ ၁၂ဝ၁ ခုနှစ်၊ သီတင်းကျွတ်လဆုပ် တစ်ဆဲ့သုံးရက်ညဉ့်တစ်ချက်တီးကျော်နှစ်နာရီအချိန်တွင် ပျံလွန်တော်မူသည်။

ထိုဆရာတော်ကြိီး၌ ပရိယတ်ပဋိပတ်သတ္တိဗျတ္တိနှင့် ပြည့်စုံသောတပည့်များ ထွန်းကားခဲ့ရာ အကျော်စောဆုံး အထင်ရှားဆုံးတပည့်တို့ကား သာသနာပိုင်မောင်းထောင် ဆရာတော်အရှငေ်ဥယျဓမ္မ၊ ဗားကရာသာသနာပိုင်ဆရာတော် အရှင်ပညာဇောတ၊ ခင်မကန်ဆရာတော် အရှင်မဏိဇောတတို့ဖြစ်သည်။ ပြုစုသောကျမ်းတို့ကား ယမိုက်ဆယ်ကျမ်းအရ ကောက်၊ပဋ္ဌာန်းအရကောက်၊ ဝီထိ လက်ရိုး၊ ပဋ္ဌာန်းသုံးချက်စု·ပစ္စည်းပြိုင်၊ ရာသီစု စသောကျမ်းတို့ဖြစ်သည်။

(၂၅)သာသနာပိုင်ဒုတိယမောင်းထောင်ဆရာတော်။[ပြင်ဆင်ရန်]

။ဒုတိယမောင်းထောင်ဆရာတော်ကား နတ်ရဲတောင် ရွာဇာတိ ဖြစ်သောကြောင့် နတ်ရဲတောင်သာသနာပိုင် ဟူ၍လည်းကောင်း၊ မောင်းထောင်သာသနာပိုင် ဟူ၍လည်းကောင်း၊ တောင်တော်သာသနာပိုင်ဟူ၍ လည်းကောင်း ထင်ရှားသည်။ ရွှေဘိုမင်းလက်ထက် သဲအင်းသာသနာပိုင် ဆရာတော်ကြီးပျံ လွန်တော်မူလျှင် ၁၂ဝ၁ ခုနှစ်တန်ဆောင်မုန်းလဆန်းတစ်ဆဲ့ငါးရက်နေ့ ဆင်ကြိုးရွှေဂူဘုရားအရံတော်အတွင်း သုဓမ္မာ စရပ်၌ ဆရာတော်သံဃာတော်၊ မင်းညီမင်းသား၊ ဝန်ကြီးဝန်ထောက်၊ မှူးမတ်၊ သူဌေးသူကြွယ်၊ ရဟန်းပရိသတ်၊ လူပရိသတ်အစုံအညီတွင် မောင်းထောင်ဆရာတော်အား ပထမအကြိမ်သာသနာပြုသာသနာပိုင်အပ်နှင်းသည်။ မင်းတုန်းမင်းတရားကြီးလက်ထက် ၁၂၁၅ ခုနှစ် ကဆုန်လအတွင်း ရတနာသိင်္ခမြို့တော်ရွှေတန်ဆာဘုရား ရှေ့သုဓမ္မာစရပ်၌ ပွဲသဘင်ခင်းကျင်းပြီးလျှင် မောင်းထောင်ဆရာတော်အား သာသနာပြုသာသနာပိုင် အပ်တော်မူသည်။ ထိုဆရာတော်ကား သာသနာပိုင် နှစ်ကြိမ်ဖြစ်သောကြောင့် အလွန်ထူးခြားသော ဆရာတော်ဖြစ်သည်။ ( မောင်းထောင်ဆရာတော်များ··။)

(၂၆)သာသနာပိုင် ဒုတိယဗားကရာဆရာတော်။[ပြင်ဆင်ရန်]

ဒုတိယဗားကရာဆရာတော်ကားသက္ကရာဇ် ၁၁၄ရ ခု၊ ကဆုန်လဆုတ်တစ်ဆဲ့သုံးရက်ကြာသပတေးနေ့ဖွားမြင်သည်။ အဖမောင်ကြင်၊အမိရှင်ကြင်၊လူမည် ဦးအင်ဖြစ်သည်။ ပုဂံမင်းလက်ထက်တွင် သာသနာပြုသာသနာပိုင် ဖြစ်တော်မူသည်။ သဲအင်းသာသနာပိုင်ဆရာတော်ကြီး၏ သိဒ္ဓိဝိဟာရိကတပည့်တည်း။ ထိုဆရာတော်၌တပည့်များစွာ ထွန်းကားခဲ့ရာ ထင်ရှားကျော်စောသောတပည့်တို့ကား ဗန်းမော်ဆရာ တော်အရှင်ပဏ္ဍိတ၊ ငါးခုံဆရာတော် အရှင်ဒီပါလင်္ကာရ၊ဒွာရဂိုဏ်းကြီး၏ ဦးစီးနာယက အုတ်ဖိုဆရာတော်အရှင်ဥက္ကံ ဝံသမာလာ၊ ဘုရားကြီး ဆရာတော်အရှင်ဇာဂရတို့ဖြစ်သည်။ ( ဗားကရာဆရာတော်များ-။)

(၂ရ)သာသနာပိုင်တောင်တော်ဆရာတော်[ပြင်ဆင်ရန်]

။တောင်တော်ဆရာတော်ကား သက္ကရာဇ် ၁၁၈ဝ ပြည့်နှစ် ခန့်တွင်ဖွား မြင်သည်။ ဇာတိမန္တလေးတောင်၏ အရှေ့မြောက်ယွန်းခုနစ်မိုင်ခန့်၌ သခင်မတောင် ဟူ၍လည်းကောင်း၊ မယ်ဥတောင် ဟူ၍လည်းကောင်း၊ မရွှေဥတောင်ဟူ၍လည်းကောင်းခေါ်အပ်သောတောင်၏ တောင်ဘက်ခြေရင်း ရှိရှောဖြူကုန်းရွာ ဖြစ်သည်။

သက်တော်စေ့ရဟန်းပြုသည်။ ရဟန်းမည်းရှင်မာလာတည်း။ မန္တလေးမြို့သို့ရောက်သောအခါ မင်းတုန်း မင်းတရားကြီး၏ ကောင်းမှု မဟာဝိသုတာရာမတိုက်တော်ခေါ် အရှေ့တိုက်တော်၌ ဒုတိယမောင်းထောင်သာသနာပိုင် အရှငေ်ဥယျဓမ္မထံ ပိဋကတ်ကျမ်းဂန်များကိုသင်ကြားသည်။

၁၂၃၆ ခုနှစ်တွင်မင်းတုန်းမင်းတရားကြီးသည် သီပေါမင်းသားနှင့်အတူသား တော်လေးပါးတို့ကို ရှင်သာမ ဏေပြုပြီးလျှင် မာလာလင်္ကာရ သိီရိဓဇမဟာဓမ္မရာဇာဓိရာဇဂုရု တောင်တော် ဆရာတော်ထံအပ်နှံ၍ နန်းတော်အတွင်း လွှတ်တော်ရှေ့တွင် ကျောင်းတော်ဆောက်လုပ်ကာ တောင်တော်ဆရာတော်ကို သီတင်းသုံးစေလျက် မင်းသားတို့ကိုပညာ သင်ကြားစေသည်။ သီပေါမင်းအထွတ်အမြတ်သို့ရောက်သောအခါ ယင်းကျောင်းတော်ကိုအသစ်ပြုပြင်ဆောက်လုပ်၍ မှန်စီရွှေချထားသဖြင့်နန်းတွင်းမှန်ကျောင်းဟုခေါ်ကြသည်။ တောင်တော်ဆရာတော်၏ဘွဲ့တံဆိပ်မှာလည်း မင်းတုန်းမင်းတရားကြီး လှူဒါန်းသော တံဆိပ်ဟု ယူဆသည်။

၁၂၂ရ ခုနှစ်တပို့တွဲလတွင် သာသနာပိုင် ဒုတိယမောင်းထောင်ဆရာတော်ပျံလွန်ရာ နောက်ထပ်သာသနာပိ်ုင် မတင်မြှောက်တော့ဘဲ သာသနာရေးသာသနာမှုကိုသုဓမ္မာအဖွဲ့ကစီမံအုပ်ချုပ်သည်။ ၁၂၄ဝ ပြည့်နှစ်သီတင်းကျွတ်လဆန်းခုနစ်ရက်နေ့ မင်းတုန်းမင်းတရားကြီးနတ်ရွာစံပြီးနောက် သီပေါမင်းနန်း တက်သောအခါမင်းတုန်းမင်းလက်ထက်ကဖွဲ့စည်းထားသော သုဓမ္မာဆရာတော်ရှစ်ပါးအနက် ကျန်ရှိသောလေးပါးတွင် နောက်ထပ်ဆရာတော်ရှစ်ပါးထည့်သွင်းသဖြင့် သုဓမ္မာဆရာတော်တစ်ကျိပ်နှစ်ပါးဖြစ်လာရာ တောင်တော်ဆရာတော်လည်း အပါအဝင်ဖြစ်သည်။ ၁၂၄၄ ခုနှစ်တပေါင်းလတွင် သီပေါမင်းသည် သုဓမ္မာစရပ်၌ ဆရာတော်သံဃာတော်၊ မင်းညီမင်းသား၊မှူးမတ် ပရိသတ်အစုံအညီ၌ တောင်တော်ဆရာတော်အား မာလာလင်္ကာရသာသနဓဇဓမ္မသေနာပတိမဟာဓမ္မရာဇာဓိ ရာဇဂု ရုဘွဲ့တံဆိပ်တော်ကိုကပ်လှူ၍ အမိန့်တော်ပြန်တမ်းကို ဖတ်ကြား စေပြီးလျှင် သာသနာပြုသာသနာပိုင်အပ်နှင်းတော် မူသည်။

၁၂၄၆ ခုနှစ်ဝါခေါင်လတွင်ဆရာတော် သံဃာတော် ရှစ်ဆယ်တို့အား ရာဇဂုရုဘွဲ့တံဆိပ်ကို ငါးမျိုး သတ် မှတ်ပိုင်းခြား၍ကပ်လှူသောအခါ သာသနာပိုင်တောင်တော်ဆရာတော်ကြီးအား 'မာလာလင်္ကာရ ဓဇဓမ္မသေနာပတိ အတုလဓိပတိသီရိပဝရမဟာဓမ္မရာဇာဓိရာဇဂုရု' ဘွဲ့တံဆိပ်တော်ကိုထပ်မံလှူပြန်သည်။ တောင်တော်ဆရာတော်ကြီးသည် အရှေ့ပြင် တိုက်တော်နှင့် နန်းတွင်းမှန်ကျောင်း၌ လှည့်လည် သီတင်းသုံးသည်။ အနောက်ပြင်တိုက်တော်အတွင်း ရေတွင်းဒါယကာကြီးဦးထွန်းဆောက်လုပ်လှူဒါန်းသော ကျောင်းဦးပြာသာဒ်၊ စနု၊ သုံးထပ်ဇေတဝန် အနောက်ဆောင်များပါရှိသောကျောင်းကြီး၌ သီတင်းသုံးသည်။ ၁၂၄ရ ခုနှစ်သီပေါမင်းပါတော်မူပြီးနောက် အင်္ဂလိပ် အစိုးရ လက်ထက်၌လည်း တောင်တော်ဆရာတော်ကြီး ကိုပင် ဆက်လက်၍ သာသနာပိုင်အဖြစ်အသိအမှတ်ပြုသည်။ ထိုအခါသာသနာပိုင် ဆရာတော်ကြီးကသာသနာရေး သာသနာမှုကိုဆောင်ရွက်ရာ၌ အကူအညီရရန်ဝဲယာအဖြစ် လှထွေဆရာတော်နှင့်ပခန်းဆရာတော်နှစ်ပါးကိုအင်္ဂလိပ် အစိုးရထံ တောင်းရာ အစိုးရကခွင့်ပြုသည်။ တစ်လလျှင် သာသနာပိုင်ဆရာတော်အားဆွမ်းဆန် ၂၅ အိတ်၊ဝဲ၊ယာ ဆရာတော်နှစ်ပါးအား တစ်ပါးလျှင် ၁ဝ အိတ်စီ၊ ဆွမ်းဆန် ၄၅ အိတ်ထောက်ပံ့သည်။ ယင်းဆွမ်းဆန်တော်တို့ကို သာသနာပြုဆရာတော်တို့ဝေငှသုံးစွဲကြသည်။

မြန်မာဘုရင်မင်းမြတ်ရှိစဉ်က သာသနာရေး သာသနာမှုတို့ကိုသုဓမ္မာဇ ရပ်၌စီရင်ဆုံးဖြတ်ကြသည်။ အင်္ဂလိပ်အစိုးရလက်ထက် ရောက်သောအခါ မန္တလေးမြို့ရိုးအတွင်းစွယ်တော်စင်၏ အရှေ့ဘက်ရှိ ကင်းဝန်မင်းကြီးအိမ်၌စီရင်ဆုံးဖြတ်သည်။ တောင်တော်ဆရာတော်ကြီးသည် သက်တော် ရ၆ ခန့် ၁၂၅၆ ခုနှစ်တွင် နောက်တိုက်တော်၌ပျံလွန်တော်မူသည်။

(၂၈)သမ္မုတိ သာသနာပိုင် ပခန်းဆရာတော်[ပြင်ဆင်ရန်]

ပခန်းဆရာတော်ကား သက္ကရာဇ် ၁၁၈၂ ခု ပြာသိုလဆန်း ခြောက်ရက် စနေနေ့တွင်ဖွားမြင်သည်။ ဇာတိ ပခုက္ကူမြို့ အရှေ့တောင့် မြန်မာခရီးဆယ်တိုင်ခန့်ကွာဝေးသော ရေရှားရွာဖြစ်သည်။ သက်တော်စေ့ရဟန်းပြုသည်။ ရဟန်းမည် ရှင်နန္ဒဖြစ်သည်။ မန္တလေးမြို့သို့ရောက် သောအခါ အရှေ့ပြင်မဟာဝိသုတာရာမတိုက်တော်၌ သာသနာပိုင်ဒုတိယမောင်းတောင်ဆရာတော်အရှငေ်ဥယျဓမ္မထံ ပိဋကတ်ကျမ်းဂန်တို့ကိုသင်ကြားသည်။

နောက်အခါယင်းတိုက်တော်အတွင်း ရွှေရေးကျောင်း၌ သီတင်းသုံးသည်။ သီပေါမင်းအစ်မတော် ပခန်းကြီး စုဖုရားကကိုးကွယ်သည်။ သီပေါမင်းနန်းတက်သောနှစ် တန်ဆောင်မုန်း လပြည့်ကျော်ခြောက်ရက်နေ့ သာသနာ့ပြုသူဓမ္မာအဖွဲ့တစ်ကျိပ် နှစ်ပါးဖွဲ့စည်းရာ ပခန်းဆရာတော်ပါဝင်သည်။ ဤနေရာ၌ 'တံဆိပ်ရဆရာတော် တစ်ကျိပ်နှစ်ပါး'ဟုမဟာရာဇဝင်ကြီး ၌အဆိုရှိသည်။ တံဆိပ်အသီးသီးကိုလည်းဖေါ်ပြခြင်းမရှိ။ မင်းတုန်းမင်းလက်ထက်၌လည်း တံဆိပ်ပေးအပ်သော စာရင်းသီးခြားမပါ။ သီပေါမင်းလည်းနန်းတတ်စဖြစ်၍ ဆရာတော်တို့အားတံဆိပ်ပေးအပ်ခြင်းမရှိသေး။ သို့သော်လည်း ပခန်းဆရာတော်မှာ သူဓမ္မာအဖွဲ့ တစ်ကျိပ်နှစ်ပါးဖွဲ့စည်းရာ အပါအဝင်ဖြစ်၍ တံဆိပ်ကိုပင်မသိရသော်လည်း မင်းတုန်းမင်း လက်ထက်ကပင်တံဆိပ်ရခဲ့ကြောင်းထင်ရှားသည်။ ၁၂၄၆ ခုနှစ်ဝါခေါင်လတွင်သီပေါမင်းက ဆရာတော် သံဃာတော်ရှစ်ဆယ်တို့အား ဘွဲ့တံဆိပ်ကပ်လှူရာ၍ ပခန်းဆရာတော်အား နန္ဒာဘိဓဇ ဓိပတိ သီရိပဝရ မဟာဓမ္မရာဇာဓိ ရာဇဂုရု ဘွဲ့တံဆိပ်တော်ကိုကပ်လှူသည်။ သီပေါမင်းလက်ထက် မန္တလေးမြို့တော်တည်ရန် ခုနစ်ဌာနပန္နက်ချရာအပါအဝင် မဟာအတုလဝိဇယရာမ တိုက်ကြီးအတွင်း မဟာအတုလဝေရန် ကမ္ပည်းတပ်သော အတုမရှိကျောင်းတော်ကြီးကိုကြီးမှူးအုပ်ချုပ်ရန်မြို့ပေါ်ရှိ တံဆိပ်တော်ရဆရာတော်တို့ကို မဲချရာ သုံးကြိမ်တိတိမဲကျသော ပခန်းဆရာတော်အား အတုမရှိကျောင်းတော်ကြီး၏ အရှေ့ဘက်ရှိ မင်းတုန်းမင်း၏နန်းတော်ဟောင်းကို ရွှေ့ပြောင်းဆောက်လုပ်ထားသော ရွှေနန်းကျောင်းကို တင်လှူသီတင်းသုံးစေသည်။

၁၂၅၆ ခုနှစ် သာသနာပိုင်တောင်တော် ဆရာတော်ဘုရားကြီးပျံလွန်သောအခါ သုဓမ္မာအဖွဲ့ဝင် တစ်ကျိပ်နှစ် ပါးဆရာတော်တို့သည် သာသနာရေး သာသနာမှုကိုစိီရင်ဆုံးဖြတ်ရာ၌ တောင်တော်ဆရာတော်မှ ဆင်းသက်လာသော အခွင့်အာဏာသည် မိမိတို့၌သာ ရှိသည်ဟုယူဆပြိီးလျှင် မိမိတို့နှစ်သက်ရာ မိုးကောင်းဆရာတော်အရှင်နာဂိန္ဒကို သံမ္မုတိ သာသနာပိုင်တင်မြှောက်ကြသည်။ ၁၂၅ရ ခုနှစ်နယုန်လဆန်းခုနစ်ရက်နေ့တွင် မန္တလေးမြို့ပေါ် လေးပြင်လေးရပ်ရှိ ဆရာတော်သံဃာတော် များနှင့်ကင်းဝန်မင်းကြီးအမှူးရှိသောဒါယကာတို့က အတုမရှိတိုက်တော်ကြီးအတွင်းရှိ ရွှေနန်းကျောင်း၌ အစုံအညီစည်း ဝေး၍ အများဆန္ဒအရပခန်းဆရာတော်ကြီးကို သမ္မုတိသာသနာပိုင်တင်မြှောက်ကြသည်။ (ထိုသို့နှစ်ပက္ခဖြစ်ကာ သမ္မုတိသာသနာပိုင်နှစ်ပါး တင်မြှောက်ကြသော်လည်း အင်္ဂလိပ်အစိုးရက နှစ်ပါးလုံးကိုပင်အသိအမှတ်မပြု ၊ လျစ်လျူရှု ၍သာနေသည်။ အသိအမှတ်မပြုသော်လည်းနှစ်ပက္ခဖြစ်လာသည့်အတိုင်း သာသနာရေးသာသနာမှုကိုစီရင်ဆုံးဖြတ်ရာ၌ တစ်စည်းတစ်လုံး တည်းမဟုတ်တော့ဘဲ အသီးသီးခွဲခြား၍စီရင်ဆုံးဖြတ်ကြသည်။ သို့အတွက် မင်းတုန်းမင်း လက်ထက်မှစ၍ ရွှေကျင်ဂိုဏ်း၊ ဒွါရဂိုဏ်း၊ သုဓမ္မာဂိုဏ်းဟု သုံးဂိုဏ်းကွဲလာခဲ့ရာတစ်ဖန် သုဓမ္မာဂိုဏ်းမှ တစ်ကျိပ် နှစ်ပါးဂိုဏ်းထပ်၍ ကွဲပြန်သဖြင့် လေးဂိုဏ်းဖြစ်လာသည်။) ပခန်းဆရာတော်ကြီးသည် သက်တော် ရ၈၊ ၁၂၆ဝ ပြည့်နှစ်တွင်ပျံလွန်တော်မူသည်။

သာသနာပိုင်မဲဆန္ဒဖြင့်ရွေးခြင်း[ပြင်ဆင်ရန်]

အင်္ဂလိပ်အစိုးရလက်ထက် ၁၂၆၃ ခုနှစ်သို့ ရောက်သောအခါ လစ်လပ် လျက်ရှိသော သာသနာပိုင်တစ်ပါးကိုရွေးချယ်ရန် ရှေးမြန်မာမင်းတို့ လက်ထက်က ရာဇဂုရုဘွဲ့တံဆိပ်ရရှိသော ဆရာတော် ၃၃ပါးကို သာသနာပိုင်အရွေးချယ်ခံပုဂ္ဂိုလ်များအဖြစ် မန္တလေးမြို့ လေးပြင်လေးရပ်ရှိကျောင်းတက်များမှ တိုက်အုပ်၊ တိုက်ကြပ်၊ ကျောင်းထိုင်ဆရာတော်တို့ကို မဲဆန္ဒပေး ပုဂ္ဂိုလ်များအဖြစ်အများသဘောတူ သတ်မှတ်ပြဋ္ဌာန်းပြီးလျှင် ယင်းသည့်နှစ်သီတင်းကျွတ်လဆန်း ရှစ်ရက်နေ့ နံနက်၉နာရီအချိန်တွင် မန္တလးတောင်ခြေရှိသုဓမ္မာစရပ်အနီး၌ မဏ္ဍပ်ကြီးဆောက်လုပ်လျက် မဲဆန္ဒပေး၍ သာသနာပိုင် ရွေးချယ်ကြရာ မိုးထားဆရာတော်ကမဲပေါင်း ၃၉၆·ပထမ၊ တောင်ခွင်ဆရာတော်က မဲပေါင်း ၁၉၅·ဒုတိယ၊ ဒုတ်လှမ်း ဆရာတော်က မဲပေါင်း ၈၆ · တတိယရရှိကြသည်။ သာသနာပိုင်ရွေးချယ်ပွဲတွင်ပထမရရှိသောမိုးထား ဆရာတော်မှာ အစိုးရကသာသနာပိုင်အဖြစ် အသိအမှတ် ပြုရန် စီစဉ်ဆဲမှာပင်ပျံလွန်သွားသဖြင့် ဒုတိယရရှိသော တောင်ခွင်ဆရာတော်ကိုပင် လောကရေး၊ဓမ္မရေး၊ ရာဇရေးတို့၌ ကျွမ်းကျင်လိမ်မာသောဆရာတော်ဖြစ်၍ ၁၂၆၅ ခုနှစ်တွင် အစိုးရက သာသနာပိုင်အဖြစ် အသိအမှတ်ပြုသောကြောင့် မဟာသံဃရာဇာ သာသနာပိုင်အဖြစ်သို့ရောက်သည်။

(၂၉) သာသနာပိုင် မိုးတားဆရာတော်[ပြင်ဆင်ရန်]

။မိုးထားဆရာတော်ကား သက္ကရာဇ် ၁၁၉၂ ခန့်တွင်ဖွားမြင် သည်။ ဇာတိလယ်ကိုင်းမြို့ဟု သက်ကြီးများထံမှ ကြားရဖူးသည်။ ကလျာဏာ ဘိဝံသ သဒ္ဓမ္မဓဇမဟာဓမ္မရာဇာဓိ ရာဇဂုရု တံဆိပ်တော်ရ လယ်ကိုင်းဆရာတော်၏ တပည့်ဖြစ်သည်။ မင်းတုန်းမင်းတရားကြီး၏ မကွေးမြို့စား မိဖုရားက ရဟန်းဒါယိကာမအဖြစ်ခံယူ၍ ရဟန်းအဖြစ်သို့ ရောက်သည်။ ရဟန်းအမည်ရှင်သုဇာတတည်း။ မင်းတုန်းမင်းတရားကြီးလက်ထက်၌ သုဇာတာဘိ သီရိဓဇ မဟာဓမ္မရာဇဂုရုပထမတံဆိပ်၊ သီပေါမင်း လက်ထက်၌သုဇာတာဘိ သီရိဓဇဓိပတိပဝရ မဟာဓမ္မရာဇာဓိရာဇဂုရု ဒုတိယတံဆိပ်အားဖြင့် ဘွဲ့တံဆိပ်တော် နှစ်ထပ်ရရှိသည်။

မန္တလေးမြို့တော်တောင်ပြင်၌ ကျီဝန်·မိုးထားဝန် ကြီးဆောက်လုပ်အပ်သောကျောင်းတိုက်ကြီးကို အလှူခံပြီး သီတင်းသုံးသည့်အခါမှစ၍ ကျီဝန်ဆရာတော်ဟူ၍လည်းကောင်း၊ မိုးထားဆရာတော်ဟူ၍လည်းကောင်း ထင်ရှားသည်။ ကျောင်းတိုက်ကြီးလည်း ကျီဝန်တိုက်ဟူ၍လည်းကောင်း၊ မိုးထားတိုက်ဟူ၍လည်းကောင်းအမည်တွင်သည်။ မိုးထားဆရာတော်သည် အထက်တွင် ဖေါ်ပြခဲ့သည့်အတိုင်း သာသနာပိုင်အဖြစ်ရွေးချယ်ခြင်း ခံရသော်လည်း အစိုးရကသာသနာပိုင်အဖြစ်အသိအမှတ်ပြုရန် စီစဉ်နေဆဲ သက်တော် ရ၂ ခန့်၁၂၆၄ ခုနှစ်ဝါတွင်းမှာပင် ပျံလွန်တော်မူရှာသည်။ ပြုစုသောကျမ်းကား ဝိနယရာသီ ဖြစ်သည်။

(၃ဝ)သာသနာပိုင်တောင်ခွင်ဆရာတော်။[ပြင်ဆင်ရန်]

။တောင်ခွင်ဆရာတော်ကား သက္ကရာဇ် ၁၂ဝ၆ ခု နတ်တော် လဆန်း ၄ ရက်၊ ဗုဒ္ဓဟူးနေ့နံနက် လေးပဟိုရ်အချိန်ဖွားမြင်သည်။ ဇာတိအမရပူရမြို့၊ ရွှေစကားဘုရားအနီး မင်္ဂလာရပ်၊ အဖမင်းတုန်းတောင်စဉ်ခုနှစ်ခရိုင်စစ်ကဲတော်ကြီး၊ ရခိုင်လေး မြို့စာရေးတော်ကြီးအင်းယဉ်ဇေယျ ရွှေတောင်နော်ရထာ အမတ်ကြီး၏သားဦးမောင်မောင်၊ အမိရတနာပူရ စတုတ္ထမြို့တည်မင်းတရားကြီး၏ရိုးရင်းတော်ဖက်အဂ္ဂမဟာ သေနာပတိ ဝန့်ရှင်တော် ကျောက်ဆောက်မြို့စား မဟာသီဟသူ၏သမီး မယ်ရွှေဝ၊ လူမည်မောင်လွှတ်ဖြစ်သည်။ အသက်ဆယ်နှစ်အရွယ်တွင်အမရပူရမြို့ အရှေ့တောင်ယွန်း၊ မြစ်ကွေ့မြို့စားဝန်ကြီးမင်း ဆောက်လုပ်သော ဘုံကျော်ကျောင်းကြီး၌ သီတင်းသုံးသော ဘုံကျော်ဆရာတော်ဘုရားကြီးထံအပ်နှံ၍ ပညာသင်ကြားသည်။ တစ်ဆယ့် လေးနှစ်အရွယ်သာမဏေပြုသည်။ သာမဏေအမည် ရှင်ဝိသုဒ္ဓာစာရဖြစ်သည်။ ရဟန်းအဖြစ်နှင့်ပါဠိအဋ္ဌကထာ ဋီကာတို့ကိုဆက်လက်သင်ကြားသည်။

ရဟန်းခုနစ်ဝါရသောအခါ မဟာဇောတိကာရာမတိုက် မင်္ဂလာစံကျောင်း၌ သီတင်းသုံးသောအရှင်သုဒဿန ထံ ဆက်လက်ပညာသင်ကြားသည်။ ရှစ်ဝါရသောအခါ မင်းတုန်းမင်းတရားကြီး လက်ထက်မြေနန်းတော်တွင် ကျင်းပသော စာပြန်ပွဲ၌အဘိဓမ္မာဝိဘင်းပါဠိတော်၊ ပဋ္ဌာန်း ပါဠိတော်တို့ကို ပြန်ဆိုအောင်မြင်သဖြင့် ဆင်စွယ်တံဆိပ်ကို အလှူခံရသည်။ ဆယ်ဝါတွင်ဂဏဝါစက ပထမစာချအဖြစ်ဖြင့် စံကျောင်းတိုက်ကြီးအတွင်း မိဖုရားခေါင်ကြီး ဆောက် လုပ်သောကျောင်း၌နေ၍ ငါးဝါပတ်လုံး စာပေပို့ချသည်။

သီပေါမင်းနန်းတက်သောအခါ ရတနာပုံနေပြည်တော် အနောက်တောင်ယွန်းတွင် ဝန့်ရှင်တော်တောင်ခွင် မြို့စားသတိုးမင်းကြီးမဟာမင်ထင်စည်သူ ဆောက်လုပ်လှူဒါန်းအပ်သော ကျောင်းတော်ကြီး၌ သီတင်းသုံးစဉ် ဝါတော် ၁၈ ဝါအရ ၁၂၄၆ ခုနှစ်တွင် သီပေါမင်းက တောင်ခွင်ဆရာတော်အား ဝိသုဒ္ဓသီလာစာရကဝိဓဇမဟာဓမ္မရာဇာဓိ ရာဇဂုရု ပထမဘွဲ့တံဆိပ်တော်နှင့် ၁၂၄ရ ခုနှစ်တွင် ဝိသုဒ္ဓသီလာစာရဓဇသီရိပဝရမဟာဓမ္မရာဇာဓိရာဇဂုရု ဒုတိယ ဘွဲ့တံဆိပ်တော်ကိုလှူဒါန်းသည်။

ထိုနောက် အင်္ဂလိပ်အစိုးရလက်ထက် ဝါတော် ၃၉ ဝါမြောက် ၁၂၆၅ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁ဝ ရက် သောကြာနေ့တွင် သတ္တမဧဒွက်ဘုရင်မင်းမြတ်၏ ကိုယ်စားအိန္ဒိဘုရင်ခံချုပ်က မြန်မာနိုင်ငံဘုရင်ခံမင်းကြီးဆာ စဟျူးဗန်းသို့လွှဲအပ်ကာမန္တလေးတောင်ခြေရှိ သုဓမ္မာစရပ်တော်တွင် ခမ်းနားကြီးကျယ်စွာ မင်းပွဲသဘင်ဆင်ယင်ကျင်း ပလျက် တောင်ခွင်ဆရာတော်အား ဆာနပ်အမိန့်တော်နှင့်တကွ ဝိသုဒ္ဓသီလာစာရသီရိပဝရဓမ္မသေနာပတိမဟာ သံဃရာဇာ ဘွဲ့တံဆိပ်တော်ကိုကပ်လှူအပ်နှင်းသဖြင့် သံဃိဿရ·သံဃဦးကိုင်သာသနာပိုင်အဖြစ်သို့ ရောက်သည်။ ၁၂၉၄ ခုနှစ်တွင် လောကီလောကုတ္တရာ ကျမ်းဂန်တို့၌ အလွန်ကျွမ်းကျင်လိမ်မာသော သာသနာပိုင် ဆရာ တော်ကြီးအား ဘုရင်ခံမင်းကြီး ဆာ·ချားအင်းနစ် အမှူးရှိသော ယူနီဗာစီတီ သိပ္ပံကျောင်းကြီး၏ ဆီနိတ်လူကြီးများ အဖွဲ့က မြန်မာစာပေ ကျမ်းဂန် ပိဋကတ်အရာပါရဂူမြောက် (ဒီ·လစ်)ဘွဲ့တံဆိပ်ကို ကပ်လှူအပ်နှင်းကြသည်။

သာသနာပိုင်ဆရာတော်ကြီးသည် ဝါတော် ၆၁ ဝါ ရရှိသောအခါ အသက်အရွယ်ကြီးရင့်ပြီဖြစ်၍ သာသနာ ရေး သာသနာမှုကိုစီရင်ဆုံးဖြတ်ရန် သုဓမ္မာဆရာတော်တို့အား လွှဲအပ်ကာချမ်းသာစွာနေလိုသဖြင့် မိမိငယ်စဉ်က သာမဏေရဟန်းဖြစ်ရာ အမရပူရမြို့ဘုံကျော်တိုက်ကြီးသို့ ပြောင်းရွှေ့သီတင်းသုံးသည်။ သက်တော်၉၄၊ ဝါတော် ရ၅၊ ၁၂၉၉ ခုနှစ်တပေါင်းလပြည့်ကျော် ၂ ရက်ကြာသပတေးနေ့ နံနက် ရ နာရီ ၁၅ မိနစ်အချိန်တွင် ဘုံကျော်တိုက်ကြီးမှာပင် ပျံလွန်တော်မူသည်။

တောင်ခွင်သာသနာပိုင်ဆရာတော်ကြီးပြုစုသော ကျမ်းတို့မှာ ပဋိပတ္တိက္ကမဒီပနီ၊ ဝိနိစ္ဆယကျမ်းပေါင်း ရှစ်ဆယ်ကျော်ပါဝင်သော ဂုဠှတ္ထဝိနိစ္ဆယကျမ်း ပထမတွဲနှင့် ဒုတိယတွဲစသည်တို့ဖြစ်သည်။ တောင်ခွင်သာသနာပိုင်ဆရာတော်ကြီး ပျံလွန်တော်မူသည့်နောက် သုဓမ္မာဂိုဏ်း၌ သာသနာပိုင် တင်မြှောက်ခြင်းမရှိ၊ ဂိုဏ်းအကြီးအမှူးမဟာနာယကဆရာတော် အဆက်ဆက်တို့သာသနာရေး သာသနာမှုတို့ကို စီရင်ဆုံးဖြတ်ကြသည်။

၁၃၂၁ ခုနှစ်မှစ၍ နိုင်ငံတော်အစိုးရက ဂိုဏ်းကြီး သုံးဂိုဏ်းလုံးမှာ သက်ဆိုင်ရာဂိုဏ်း၏အကြီးအမှူး ကိုးကွယ် ရာကို နိုင်ငံတော်၏ကိုးကွယ်ရာအဖြစ်ဖြင့် သုဓမ္မာဂိုဏ်းတွင်ဆရာတော်ကြီးနှစ်ပါး၊ ရွှေကျင်ဂိုဏ်းတွင် ဆရာတော်ကြီး တပါး၊ ဒွာရပိုင်းတွင်ဆရာတော်ကြီးတစ်ပါး ဤဆရာတော်ကြီး လေးပါးတို့အား အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တို့ကိုလှူဒါန်းသည်။


သာသနာရေးသာသနာမှုကို စီရင်ဆုံးဖြတ်ရန်ကား အစိုးရကသာသနာရေးဌာန သီးခြားဖွင့်လှစ်ကာ ဝိနိစ္ဆယဌာနအက်ဥပဒေ ပြဋ္ဌာန်း၍ ယင်းအက်ဥပဒေအရ ခရိုင်တိုင်း မြို့နယ်တိုင်း၌ ဝိနည်းဓိုရ်ဆရာတော်များ တင်မြှောက်၍ ဝိနိစ္ဆယဌာနများ ဖွင့်လှစ်ပြီးလျှင် သာသနာရေးဌာန၏ အကူအညီအထောက်အပံ့ဖြင့် ဝိနည်းဓိုရ်ဆရာတော်များက မိမိတို့သက်ဆိုင်ရာ ခရိုင်၊ မြို့နယ် တို့၌ဖြစ်ပွားသော သာသနာရေးသာသနာမှုတို့ကို စီရင်ဆုံးဖြတ်ကြလေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)