ရှင်ပြုခြင်း

ဝီကီပီးဒီးယား မှ
ရှင်လောင်းလှည့်ပွဲ

ရှင်ပြုခြင်းသည် ထေရဝါဒ ဗုဒ္ဓဘာသာဝင် လူမျိုးတိုင်း ရင်ဝယ်ဖြစ်သော သားယောက်ျားလေးကို အချိန်အခါ အရွယ်ရောက်လာလျှင် သင်္ကန်း ဝတ်ပေးခြင်းဖြစ်သည်။

ရှင်ပြုပွဲသမိုင်းအစ[ပြင်ဆင်ရန်]

ဘုရားရှင်သည် ဘုရားအဖြစ်ရောက်ရှိပြီး တစ်နှစ်မြောက်သည့်အချိန်တွင် မွေးရာဇာတိ ကပိလဝတ်နေပြည်တော်သို့ ကြွရောက် သီတင်းသုံးတော်မူသည်။ တစ်ရက်တွင် ယသော်ဓရာမိဘုရားက သားတော်ရာဟုလာကို ဘုရားရှင်ထံ အမွေတောင်းခိုင်းပါသည်။ သားတော်ရာဟုလာမှ ဘုရားရှင်ထံအမွေတောင်းသည့် အခါတွင် ဘုရားရှင်က " သာရိပုတ္တရာ ရာဟုလာကို ရှင်ပြုပေးလိုက်ပါလို့ စေခိုင်းတော်မူပါသည်။ ရှင်သာရိပုတ္တရာ ရဟန္တာအရှင်မြတ်ကြီးမှ မည်သို့ရှင်ပြုပေးရမလဲဟု မေးလျှောက်သည့်အခါ ဘုရားရှင်က ရဟန်းအပေါင်းကို စုဝေးစေပြီး "ရဟန်းတို့ သရဏဂုံသုံးပါးနဲ့ ရှင်သာမဏေပြုပေးဖို့ ငါဘုရား ခွင့်ပြုတော်မူတယ်" ဟု မိန့်တော်မူပါသည်။

ရှင်ပြုနိုင်သည့်အရွယ်[ပြင်ဆင်ရန်]

မောင်ရှင်လောင်းများ ပြင်ဆင်ထားသည်ကို တွေ့ရပုံ

အသက် တစ်ဆယ့်ငါးနှစ် ပြည့်သူကိုသာ ရှင်ပြုပေးရန် ဘုရားရှင်မှ မိန့်ဆိုတော်မူကြောင်း ဝိနည်းမဟာဝါ ပါဠိတော်တွင် ပါရှိသည်။ သို့ရာတွင် မိဘများကွယ်လွန်သွားသဖြင့် ခိုကိုးရာမဲ့နေသော ကလေးငယ်နှစ်ဦးကို သာသနာ့ဘောင်အတွင်းသို့ သွတ်သွင်းချင်၍ ညီတော်အာနန္ဒာမထေရ်က ဘုရားရှင်ထံသို့ လျှောက်ထားသောအခါ အသက်တစ်ဆယ့် ငါးနှစ် မပြည့်သေးသော်လည်း မိမိရှေ့တွင် ချထားသောဆွမ်းကို ကျီးမလာအောင် ခြောက်လှန့်နိုင်ခဲ့လျှင် ဒီသူငယ်ကို ရှင်ပြုပေးနိုင်တယ်လို့ ထပ်ဆင့်သတ်မှတ်တော် မူခဲ့ပါတယ်။

မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည်တွင် သီတင်းသုံးနေစဉ်ကာလတွင် အမျိုးသားတစ်ဦး၏ အိမ်တွင် ရောဂါနှိပ်စက်ဖျက်ဆီးလေ၏၊ ထိုအခါ သားငယ်နှင့် ဖခင်တို့သည် သာသနာ့ဘောင်သို့ ဝင်ကာ ရဟန်းခံ၊ ရှင်ပြုကြသညဆွမ်းခံသွားလာရာတွင် သားဖြစ်သူကိုရင်က ဆွမ်းလောင်းပြီးသောအခါ "ဖခင် ကျွန်ုပ်အားလည်း ပေးပါဦး" ဟုတောင်းလေ့ရှိသည်။ ထိုအခါ ဘိက္ခုနီမနှင့် ရသော ကလေးဖြစ်ဟန်ရှိသည်ဟု လူတို့က ကဲ့ရဲ့ကြလေသည်။ ထို့ကြောင့် န ဘိက္ခဝေ ဦနပန္နရသ ဝဿော ဒါရကော ပဗ္ဗာဇေတဗ္ဗော တစ်ဆယ့်ငါးနှစ်ပြည့်မှ ရှင်ပြုပေးရမည်ဟု သိက္ခာပုဒ် ပညတ်တော်မူခဲ့သည်။

အခါးတစ်ပါးတွင် အရှင်အာနန္ဒာ၏ အလုပ်အကျွေးဒါယကာတစ်ဦး တစ်အိမ်ပျက်စီးရာ သားနှစ်ယောက်သာ ကျန်ရစ်ခဲ့လေသည်။ ရှေးအလေ့အားဖြင့် ရဟန်းတွေ့သော အခါ ပြေးလာကြသည်။ ထိုအခါ ရဟန်းတို့က မောင်းမဲသောကြောင့် ကလေးနှစ်ဦးသည် ငိုယိုလေသည်။ ရှင်အာနန္ဒာတွေ့လျှင် ကလေးနှစ်ဦးအား ရှင်ပြုပေးချင်သော်လည်း တစ်ဆယ့်ငါးနှစ်မပြည့်ဘဲ ဖြစ်နေလေသည်။ မြတ်စွာဘုရားထံ လျှောက်ထားတောင်းပန်သောအခါ "ချစ်သား အာနန္ဒာ − ထိုသူငယ်ကလေးတို့သည် မိမိစားသောခွက်၌ ကျီးလာနှိုက်ပါက ပျံသွားအောင် မောင်းနိုင်ပါလော" ဟု မိန့်တော်မူ၏။ ထိုအခါ အာနန္ဒာက "မောင်းနိုင်သည် ဘုရား" ဟု လျှောက်ထား၏။ ထိုအခါ မြတ်စွာဘုရားက အနုဇာနာမိ ဘိက္ခဝေ ဦနပန္နရသဝဿံ ဒါရကံ ကာကု ဍေပကံ ပဗ္ဗာဇေတုံ ဟု တစ်ဆယ့်ငါးနှစ် မပြည့်သေးသော်ငြားလည်း ကျီးမောင်းနိုင်သော သူငယ်တို့ကို ရှင်သာမဏေ ပြုပေးရန် ခွင့်ပြုတော်မူခဲ့သည်။

ထိုသို့ ခွင့်ပြုတော်မူခဲ့သည့် အချိန်မှစကာ ခုနှစ်နှစ်သား ရဟန္တာများဖြစ်သော ရှင်ပဏ္ဍိတ၊ ရှင်သုခ၊ ရှင်သောပါက အစရှိသည့် သာမဏေများ၊ အပဒါန် ပါဠိတော်လာ ငါးနှစ်သား ရဟန္တာများ ပေါ်ထွက်လာခဲ့သည်။ [၁]

ရည်ရွယ်ချက်[ပြင်ဆင်ရန်]

၁။ အလုံးစုံသောသံသရာ ဝဋ်ဆင်းရဲတွင်းမှ လွတ်မြောက်လိုခြင်း။
၂။ သာသနာ့အမွေခံ သာသနာ့ဒါယကာဖြစ်လိုခြင်း။
၃။ ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး ဟူသောပစ္စည်းလေးပါး ဒါယကာဖြစ်လိုခြင်း။
၄။ သာသနာပြု ပုဂ္ဂိုလ်ဖြစ်လိုခြင်း။

အဓိကလုပ်ငန်းကြီး (၃) ရပ်[ပြင်ဆင်ရန်]

၁။ ဆံရိတ်ခြင်း (ဝါ) ဆံချခြင်း
၂။ သင်္ကန်းဆီးခြင်း
၃။ သရဏဂုံဆောက်တည်ခြင်း

ဆံရိတ်ခြင်း (ဝါ) ဆံချခြင်း[ပြင်ဆင်ရန်]

ဆံချနေသည့် ရှင်လောင်းနှင့် မိသားစုကို တွေ့ရစဉ်။

မောင်ရှင်လောင်း ဦးခေါင်းမှ ဆံပင်ကိုရိတ်သည့်အခါ အိမ်မှာကတည်းက ရိတ်လို့ ရသည်။ သို့ရာတွင် ကျောင်းတွင်ရိတ်ပါက ကျောင်းတိုက်တွင်းရှိ သံဃာတော်များကို ဆံရိတ်မည့်အကြောင်း ခွင့်ပန်ကြားပြီးမှ ရိတ်ရမည်ဟု ရွှေပန်းတိမ်သည်သားအား အကြောင်းပြု၍ ဘုရားရှင်မှ ဝိနည်းနှင့် ပညတ်တော်မူခဲ့သည်။

ရှင်သာမဏေလောင်းများ ဆရာထံသို့ သင်္ကန်းအပ်ခြင်းနှင့် သင်္ကန်းတောင်းခြင်း

သင်္ကန်းဆီးခြင်း[ပြင်ဆင်ရန်]

သာမဏေ၊ ရဟန်းဝတ်မည့်သူများ ဆံချနေပုံ

သင်္ကန်းဆီးခြင်း၊ သင်္ကန်းတောင်းခြင်း၊ သင်္ကန်းဝတ်ခြင်း ဟုလုပ်ငန်းသုံးခု ရှိသည်။ ပါဠိနှင့်စိမ်းနေလျှင် မြန်မာဘာသာနှင့် ရွတ်ဆိုခြင်း၊ အာရုံပြုခြင်းတို့ဖြင့် လျှောက်ထားနိုင်သည်။ ရှင်လောင်းမှ ဥပဇ္ဈယ် ဆရာဘုန်းကြီးရှေ့တွင် ဆောင့်ကြောင့်ထိုင်ပြီး မိမိဝတ်မည့်သင်္ကန်းကို လက်အုပ်ချီပြီး သင်္ကန်းကပ်ရာတွင် "အရှင်ဘုရား အလုံးစုံသော သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ရာ နိဗ္ဗန်ကို မျက်မှောက်ပြုပါရခြင်း အကျိုးငှာ တပည့်တော်၏ လက်၌ရှိသော ဤသင်္ကန်းကို ယူတော်မူ၍ တပည့်တော်အား သနားစောင့်ရှောက် ချီးမြှင့်သောအားဖြင့် ရှင်သာမဏေ ပြုလုပ်ပေးတော်မူပါ ဘုရား" ဟုဆိုပြီး သင်္ကန်းကို ဆရာလက်အပ်ရသည်။

သင်္ကန်းတောင်းရာတွင် "အရှင်ဘုရား အလုံးစုံသော သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ရာ နိဗ္ဗန်ကို မျက်မှောက်ပြုပါရခြင်း အကျိုးငှာ အရှင်ဘုရား၏ လက်၌ရှိသော ထိုသင်္ကန်းကို ပေးတော်မူ၍ တပည့်တော်ကို သနားစောင့်ရှောက် ချီးမြှင့်သောအားဖြင့် ရှင်သာမဏေ ပြုပေးတော်မူပါဘုရား" ဟုဆိုရပါမည်။

သင်္ကန်းဝတ်ရာတွင် ဆရာဘုန်းတော်ကြီး ကိုယ်တိုင်ကဖြစ်စေ၊ ဘုန်းတော်ကြီးမှ စေခိုင်းခံရသူကဖြစ်စေ မောင်ရှင်လောင်းအား သင်္ကန်းဝတ်ပေးနိုင်သည်။ မောင်ရှင်လောင်းကိုယ်တိုင်လည်း ဝတ်လို့ရသည်။

သရဏဂုံဆောက်တည်ခြင်း[ပြင်ဆင်ရန်]

သရဏဂုံဆောက်တည်ခြင်းသည် ရှင်ပြုမင်္ဂလာတစ်ခုလုံး၏ ပဓာနအကျဆုံးဖြစ်သည်။ သရဏဂုံသည် ဗုဒ္ဓသာသနာတော်၏ ပန္နက်လည်းဖြစ်သည်။ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံသရဏံ ဂစ္ဆာမိ ၊ သံဃံ သရဏံ ဂစ္ဆာမိ ဟုဆိုအပ်သော သရဏဂုံ (၃) ပါးကို ဆရာဘုန်းကြီးနှင့် တပည့်မောင်ရှင်လောင်းတို့သည် ဌာန်ကရိုဏ်းကျကျ ပီပီသသဖြင့် ရွတ်ဆိုပြီး ဆုံးသွားလျှင် ရှင်သာမဏေစစ်စစ် ဖြစ်သွားသည်။

ရှင်ပြုမင်္ဂလာ ဆင်နွှဲသည့်အခါတွင် (၁) ရှင်သာမဏေစစ်စစ်ဖြစ်ရန် ၊ (၂) ရှင်သာမဏေ စစ်စစ်ဖြစ်ပြီးလျှင်လည်း ဆယ်ပါးသီလ၊ လိင်ဆယ်ပါး၊ ဒဏ်ဆယ်ပါး၊ သေခိယ-၇၅ပါး၊ ခန္ဓကဝတ် (၁၄) ပါးစသော ရှင်ကျင့်ဝတ်ကို သိရှိလိုက်နာရွတ်ဆိုနိုင်ရန် မောင်ရှင်လောင်းအား ဘုန်းတော်ကြီးကျောင်းသို့ အနည်းဆုံး ရက်သတ္တပတ် တပတ်ကြိုတင်ပို့ကာ သင်ကြားသင့်ပါသည်။ မိဘများမှ အမွန်အမြတ်ထားပြီး ရှင်ပြုပေးခြင်းကို အနှစ်သာရရှိသည့် သာသနာပြုရှင်ပြုဖြစ်ရန် ရှင်သာမဏေတိုင်းမှ ရှင်ကျင့်ဝတ်များကို လိုက်နာရပါမည်။[၂]

ကြွေးတင်ကျွန်ဖြစ် ရှင်သာမဏေမဖြစ်[ပြင်ဆင်ရန်]

ဗုဒ္ဓဘာသာဝင် မြန်မာတို့၏ အစဉ်အလာ ဓလေ့တစ်ခုမှာ သားရှင်ပြုရာတွင် အိတ်သွန်ဖာမှောက် အောတိုက်၍ လှူဒါန်းခြင်း ဖြစ်သည်။ မိမိတို့၏ ငွေအင်အားထက် ကျော်လွန်၍ သားငယ်ကို မင်းမြောက်တန်ဆာ ဆင်မြန်းပေးကာ အဘိသိက်သွန်း၍ မြင်းဖြင့်လှည့်ခြင်း၊ မြို့များ၌ မော်တော်ကားဖြင့်လှည့်လည်ခြင်း၊ လူအမြောက်အမြား ဖိတ်ကြားပြီး ကျွေးမွေးခြင်း၊ မဏ္ဍပ် ဆောက်၍ ဆိုင်းဝိုင်း၊ အဆိုတော် တို့ဖြင့် ဧည့်ခံခြင်း၊ အသံချဲ့စက် ငှားရမ်း၍ တစ်ရပ်ကွက်လုံး ဆူညံသွားအောင် သီချင်းများဖွင့်ခြင်း၊ ပဓာနအလှူထက် ပကာသနအမှုတို့ဖြင့် ငွေသုံးဖြုန်းခြင်း စသည်တို့ကို ကောင်းသည် လိုအပ်သည်ထင်၍ သူ့ထက်ငါ မသာရင်တောင် မနိမ့်ကျအောင် လုပ်မည်ဟု အားခဲကာ လုပ်ဆောင်နေကြ၏။ အချို့လယ်သမားတို့က လှည်းကိုရောင်း၊ နွားကိုရောင်း၊ လယ်ကို ပေါင်နှံကာ ရှင်ပြုအလှူကို ပြုလုပ်ကြသဖြင့် လယ်လုပ် ကိရိယာများလည်းသုဉ်း၊ လယ်ပေါင်လည်းဆုံးရှုံး၍ ကြွေးတင်ကျွန်ဖြစ်ရသည့် အခြေသို့ ဆိုက်ရောက်ကြရသည်။ လွတ်လပ်ရေး မရမီက ချစ်တီးကုလား သူဌေးတို့ထံ သမီးပါအပ်နှံ၍ ကျွန်အဖြစ်ခံခဲ့ကြရသည်ကို ဆင်ခြင်အောက်မေ့ သင့်ကြသည်။ သားရှင်ပြုခြင်းနှင့် လှူဒါန်းခြင်းတို့သည် သီးခြားကိစ္စနှစ်ရပ် ဖြစ်သည်ကို သဘောပေါက်ထားသင့်ပါသည်။

၁။ ရှင်ပြုခြင်းသည် မိမိသားငယ်အား သာသနာ့အမွေကို ခံယူစေပြီး ရှင်သာမဏေတို့၏ သီလနှင့် ကျင့်ဝတ်ကို စောင့်ထိန်းစေခြင်းဖြင့် သီလသာသနာကို ထူထောင်ခြင်းဖြစ်သည်။
၂။ လှူဒါန်းခြင်းသည် ပစ္စုပ္ပန်တမလွန် ကောင်းကျိုးချမ်းသာကို ရည်မှန်း၍ ဒါနသာသနာကို ထူထောင်ခြင်းဖြစ်သည်။

“ရှင်ပြုခြင်းက ပဓာန၊ လှူဒါန်းခြင်းက သာမည” ရှင်ပြုခြင်းသည် ဒါနပြုခြင်းထက် အဆများစွာပို၍ သာလွန်မြင့်မြတ်သည်။ ရှင်သာမဏေအဖြစ်သို့ တင်မြှောက်ရာတွင် သရဏဂုံကို ပီပီသသ မရွတ်ဆိုတတ်လျှင် ရှင်မဖြစ်ပါ၊ ရှင်ဝတ်ပြီးနောက် ရှင်ကျင့်ဝတ်များ နှင့်အညီ လေးလေးစားစား မနေထိုင်လျှင်လည်း အကျိုးကျေးဇူးမကြီးပါ။ ရှင်ပြုခြင်းကိစ္စ အောင်မြင်ပေါက် မြောက်ရန်အတွက်-

(၁) ဥပဇ္ဈာယ်ဆရာကောင်းထံ ချဉ်းကပ်၍ ဩဝါဒခံယူခြင်း၊
(၂) သင်္ကန်းတောင်း၊ လိင်ဒဏ်၊ သေခိယ၊ ပစ္စေဝက္ခဏာ၊ ခန္ဓကဝတ် တို့ကို သင်ယူပြီး သရဏဂုံ ပီပီသသ ရွတ်ဆိုတတ်အောင် လေ့ကျင့်ထားခြင်း၊
(၃) သင်္ကန်း၊ သပိတ်၊ ပရိက္ခရာ တို့ကို ဓမ္မကံနှင့် လျော်ညီအောင် ဝယ်ခြမ်း စီမံထားခြင်း တို့ကို ကြိုတင်ဆောင်ရွက်ထားသင့်သည်။

သင်္ကန်းပရိက္ခရာ ဝယ်ခြမ်းခြင်းသည် မွန်မြတ်သည့် ဒါနကောင်းမှု ဖြစ်သည်။ ရှင်ပြုရာတွင် ဤဒါနကောင်းမှုသာလျှင် ပဓာနလိုအပ်သည်။ သင်္ကန်းပရိက္ခရာသစ်အတွက် ငွေကြေးမတတ်နိုင်လျှင်လည်း ဘုန်းကြီးကျောင်းသို့ ငွေတတ်နိုင်သမျှ လှူဒါန်းပြီး ကျောင်းထိုင်ဆရာတော်ထံမှ သင်္ကန်းပရိက္ခရာအဟောင်းများကို ရယူနိုင်သည်။ မြတ်စွာဘုရားသည် မိမိ၏ တစ်ဦးတည်းသော ရင်သွေးဖြစ်သည့် ရာဟုလာကို ရှင်သာမဏေပြုစေရာတွင် မည်သည့်အလှူအတန်း ပကာသနကိုမျှ မပြုလုပ်ချေ။ အရှင်သာရိပုတ္တရာက ရာဟုလာ၏ ဦးခေါင်းကို ရိတ်၍ သာမေဏဝတ်ပေးခြင်းဖြင့် ရှင်ပြုခြင်းကိစ္စ ပြီးစီးသွားပေတော့သည်။ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသက “အနာဂတ် သာသနာရေး” စာအုပ်တွင် “သားရှင်ပြု အလှူမင်္ဂလာပြုပြင်ရေး” အကြောင်းကို ဤသို့ ရေးသားထား၏-

“သားရှင်ပြုကိစ္စ၌ ဂုဏ်သရေရှိ လူကြီးလူကောင်းတို့ကို ဖိတ်၍ ကျွေးမွေးလေ့ရှိကြ၏။ ထိုလူကြီးလူကောင်းတို့သည် ထိုကဲ့သို့ အစားအစာကို စားနေကျဖြစ်၏။ အလှူရှင်က ဖိတ်လို့သာ အားနာ၍ (မသွားကောင်းသဖြင့်) သွားရသည်။ မိမိအိမ်မှာ (ရုံးမှာ) အလုပ်ကိစ္စတန်းလန်းနှင့် မအားလပ်ကြ။ ကျွေးမွေးရာ၌ ကုန်သော ငွေလည်း မနည်းလှ၊ စားရသူတို့ကလည်း အားနာပါးနာနှင့် မလွှဲသာလို့ လာကြရာဝယ် အဘယ်မှာ ကုသိုလ်ထုပ်ကြီး ရနိုင်ပါမည်နည်း။ ထိုအပေါ်မှာ ဂုဏ်ဖော်ချင်သော (ပကာသနအကုသိုလ် လောဘစိတ် ကလေး) ပါလိုက်ချေသေး၏။ “ဘုန်းကြီးပင့်ရာမှာလည်း ပင့်ရိုးပင့်စဉ်မပါလျှင် မကောင်းသော ဘုန်းကြီးပေါင်း များစွာကိုပင့်ရပြန်၏။ ထိုဘုန်းကြီးများသည် ပရိယတ် ပဋိပတ် အလုပ်ပျက်ကြရ၏။ နောက်ပါကျောင်းသားတို့လည်း စာသင် ပျက်ကြရ၏။ သို့ဖြစ်၍ ရာပေါင်းထောင်သောင်းများစွာ အကုန်အကျခံ၍ ပြုကြရသော သားရှင်ပြု သမီးနားသ အလှူဒါနကြီးသည် အဘယ်နည်းဖြင့် သာသနာကို အားပေးရာ ရောက်တော့မည်နည်း။ “အလှူဒါယကာတစ်ယောက်သည် ကူငွေများကို မျှော်လင့်ပြီး အလှူကြီးကို ခမ်းခမ်းနားနား မွမ်းမံပြင်ဆင်၍ထား၏။ ကုန်ငွေနှင့် အကူရသောငွေမှာ မျှော်လင့်ချက်အတိုငိ်း ဖြစ်မလာသောအခါ တရားကိုပင် ဖြောင့်ဖြောင့်မနာနိုင်အောင် ဖြစ်သွား၏ ။ “ပရိတ်ရွတ်တာကိုလည်း စိတ်မဝင်စားနိုင်၊ ဟောပြောသောတရား ကိုလည်း အာရုံမပြုနိုင်တော့ဘဲ စိတ်တွေ ကယောင်ချောက်ချားဖြစ်နေတော့၏။ တရားဆုံးလို့ ဆုံးမှန်းမသိ၊ ဘေးလူတွေက အမျှဝေလိုက် အမျှဝေလိုက်လို့ ပြောသည့်အခါ သတိရပြီး ကပျာကယာ “သောက်ကျိုးနည်းပါပြီးဗျို့” လို့ နှုတ်က ထွက်သွားရှာသတဲ့။” အမတ်ကြီးဦးပေါ်ဦးကလည်း “ယမမင်းထံ အစစ်ခံ သံပေါက်” ထဲတွင် သားရှင်ပြုအလှူနှင့်ပတ်သက်၍ ဤသို့ကောက်ချက်ချပြထား၏-

၁။ သားကြီးရှင်ဖြစ်၊ ကျွန်တော်စစ်၊ ညှစ်၍လှူခံတယ်။
၂။ ကွမ်း၊ ဆေး၊ လက်ဖက်၊ ဆီစက်စက်၊ ဝတ်နှင့် ကြက်သား ကျွေးခဲ့တယ်။
၃။ သည်ကို ဟိုကို၊ ကြွပါဆို၊ ဗျိုဗျာမစဲ ခေါ်ခဲ့တယ်။
၄။ ကျွန်တော်အလှူ၊ ကြွေးတွေပူ၊ ငွေကူရဘိ မျှော်မိတယ်။
၅။ ကူငွေနှင့်သာ၊ ငါလှူတာ၊ ထေမိပါရင် တော်ရော့မယ်။
၆။ ပရိက္ခရာ၊ ညံ့လှစွာ၊ ဖိုးချိုတာမှ ဝယ်လှူတယ်။
ပဓာနဖြစ်သည့် ပရိက္ခရာတွင် ငွေချိုထား၍ ပကာသနဖြစ်သည့် ဝတ်သားကြက်သားတွင် ငွေစရံကြိုပေး၍ မှာကြသည်။ အသားပေါ်သူ တို့ကလည်း အလှူရက်ရောက်မှ ဝက်ကြက်တို့ကို လောလောလတ်လတ် သတ်ဖြတ်ပြီး အသားကို လာပို့သည်။ ကုသိုလ်က တစ်ပဲ ငရဲက တစ်ပိဿာဟု ဆိုရမည့် မိဿက အလှူမျိုးဖြစ်သည်။ အလှူရက်ပြီးသောအခါ၌လည်း ကြွေးတင်ကျန်ရစ်သဖြင့် စိတ်ညစ်ဆင်းရဲကာ ပရစေတနာ ပျက်ရတော့သည်။ သို့အတွက် ပုဗ္ဗ၊ မုဉ္စ၊ ပရဟူသော စေတနာသုံးတန် အင်္ဂါ မစုံလင်သည့်အတွက် အလှူ အကျိုးမှာ မဖွံ့ဖြိုး မကြီးကျယ်တော့ချေ။ လက်ငင်းဘဝ၌ပင် ကြွေးတင်ကျွန် ဖြစ်ခံရ၍ အရှုံးကြီးဆုံးရှုံးရပါတော့သည်။ “ပျက်အစဉ် ပြင်ခဏ” ဟူသည်နှင့်အညီ မှားယွင်းသည့် အစဉ်အလာကို ဖယ်ရှား၍ အကျိုးများမည့် အစဉ် အလာသစ်ကို ထူထောင်သင့်ကြပါသတည်း။ [၃]

ရဟန်းသာမဏေများ သင်ကြား လေ့ကျင့်ရမည့်တရားများမှ ၇၅-မျိုး[ပြင်ဆင်ရန်]

၁-၂။ သင်းပိုင် (ခါးဝတ်) ကို ချက်ဖော်ပြီးမဝတ်ရ၊ ချက်ဖုံးစေရမည်။ သင်းပိုင်၏ အောက်အနားသည် ဒူးဆစ်အောက် လက်ရှစ်သစ်ကျစေ၍ ရှေ့နောက်နိမ့်မြင့် ညီညာဝန်းဝိုင်းနေစေရမည်။ ဧကသီ (အပေါ်ရုံ) ၏ အောက် အနားသည် ဒူးဆစ်အောက် လက်လေးသစ်ကျစေ၍ ရှေ့နောက်နိမ့်မြင့် ညီညာဝန်းဝိုင်း နေစေရမည်။

  • ခြွင်းချက်။ ။ ညီညာစွာ ဝတ်ရုံပါလျက် မညီမညာ ဖြစ်သွားလျှင် လည်းကောင်း၊ မညီမညာဖြစ်နေသည်ကို အမှတ်တမဲ့ သတိမထားမိလျှင်လည်းကောင်း၊ ခြေသလုံးတွင် အနာရှိ၍ တိုတိုဝတ်ခြင်း၊ ရှည်ရှည်ဝတ်ခြင်း ပြုလျှင်သော် လည်းကောင်း၊ ဘေးအန္တရာယ်ကြောင့် ပြေးလွှားရလျှင်သော် လည်းကောင်း၊ စိတ်မနှံ့ခြင်းကြောင့် လည်းကောင်း မညီမညာ တို ရှည် ဝတ်ရုံခြင်းကြောင့် အာပတ်မသင့်ချေ။

၃-၄။ မြို့ရွာအတွင်း၌ သွားလာနေထိုင်သည့်အခါ၊ ဆွမ်းခံ၊ ဆွမ်းစား၊ တရားဟောသည့်အခါတို့၌ လည်ပင်း နှင့် လက်ကောက်ဝတ်တို့ကို လုံခြုံစွာဖုံး၍ သင်္ကန်းရုံထား ရမည်။

  • ခြွင်းချက်။ ။ မြို့ရွာအတွင်း ခေတ္တတည်းခို နေထိုင်သည့်အခါ သင်္ကန်းမရုံဘဲ နေခွင့်ရှိသည်။

၅-၆။ မြို့ရွာအတွင်း သွားလာရာ၌ ဣန္ဒြေမရ လက်ကိုလှုပ်ရမ်း၍သွားခြင်း၊ နေထိုင်ရာ၌ လက်ခြေတို့ကို လှုပ်ရမ်းခြင်းမပြုရ။ ဣန္ဒြေရရ သွားလာနေထိုင်ရမည်။

၇-၈။ မြို့ရွာအတွင်း၌ ရှေ့သို့ လေးတောင်ခန့် ကြည့်လျက် မျက်လွှာချ၍ သွားလာနေထိုင်မှုပြုရမည်။ သို့သော် ယာဉ်၊ ရထား၊ နွား၊ မြင်း စသော ဘေးရန်ရှိ မရှိကိုကား တစေ့ တစောင်း ကြည့်နိုင်သည်။

၉-၁၀။ ဧကသီ သို့မဟုတ် သင်းပိုင်ကို မလျက်၊ မြှောက်ပင့်လျက် မြို့ရွာတွင်းသို့ မသွားရ မနေထိုင်ရ။

၁၁-၁၂။ အသံကြယ်စွာ ရယ်မောလျက် မြို့ရွာတွင်း၌ သွားလာ နေထိုင်ခြင်းမပြုရ။

၁၃-၁၄။ မြို့ရွာတွင်းသွားလာစဉ် စကားကို တိုးတိုး ပြောရမည်။ တိုးတိုးအသံဆိုသည်မှာ ရဟန်းတော်သုံးပါး ခြောက်တောင်စီခွာ၍ တန်းစီထိုင်နေသောအခါ တစ်ဖက် စွန်းမှ ပုဂ္ဂိုလ်က အလယ်ပုဂ္ဂိုလ်အား လှမ်း၍စကားပြော ရာ၌ အလယ်ပုဂ္ဂိုလ်သာ စကားလုံးကို ကွဲကွဲပြားပြား ကြားရ၍ အခြားတစ်ဖက်စွန်းပုဂ္ဂိုလ်က ကွဲကွဲပြားပြား မကြားရလျှင် တိုးသောအသံဖြစ်၏။ ဆယ့်နှစ်တောင်ကွာ တစ်ဖက်စွန်းရှိ ပုဂ္ဂိုလ်ပါ ကွဲကွဲပြားပြားကြားရလျှင် ကျယ်သောအသံဖြစ်သည်။

၁၅-၂၀။ မြို့ရွာအတွင်း၌ ကိုယ်ကို လှုပ်ရမ်း၍ လည်းကောင်း၊ လက်ရုံးလက်မောင်းကို လှုပ်ရမ်း၍ လည်းကောင်း၊ ဦးခေါင်းကို လှုပ်ရမ်း၍လည်းကောင်း မသွားလာရ မနေထိုင်ရ။ ကိုယ်အထက်ပိုင်းသည် ကျောက်ဆင်းတုကဲ့သို့ မလှုပ်မရှက် ငြိမ်သက်စွာ ရှိရမည်။

၂၁-၂၂။ ခါးထောက်လျက် မြို့ရွာတွင်းသို့ မသွားရ မနေထိုင်ရ။

၂၃-၂၄။ ဦးခေါင်းခြုံလျက် မြို့ရွာတွင်းသို့ မသွားရ မနေထိုင်ရ။

၂၅။ ဖနောင့်ကိုမြှောက် ခြေဖျားထောက်လျက် လည်း ကောင်း၊ ခြေဖျားကိုမြှောက် နောင့်ထောက်လျက် လည်း ကောင်း မြို့ရွာတွင်းသို့ မသွားရ။

၂၆။ မြို့ရွာတွင်း၌ ထိုင်သည့်အခါ ဒူးနှစ်လုံးထောင်လျက် ပုဆိုးကွင်းသိုင်း၍လည်းကောင်း၊ လက်နှစ်ဖက်ဖြင့် ဒူး နှစ်လုံးကို သိုင်းဖက်၍လည်းကောင်း မထိုင်ရ။

  • (ဤ ၂၆-ပါးမှာ [သမဏသာရုပ္ပ] ကြည်ညိုဖွယ်ဖြစ်အောင် သွားလာနေထိုင်နည်းကိုပြသည်။)

၂၇။ ဆွမ်းခံရာ၌ သပိတ်ကို လက်နှစ်ဖက်ဖြင့် ပိုက်ထားပြီး လေးလေးစားစား လိုလိုချင်ချင် ခံယူရမည်။ မလိုချင်သလို သွန်ပစ်တော့မည့် အမူအရာဖြင့် ဆွမ်း မခံရ။

၂၈။ သပိတ်၌စိတ်စိုက်လျက် ဆွမ်းခံရမည်။

၂၉။ ဆွမ်းကိုနည်းနည်းခံယူပြီး ဟင်းကို ဆွမ်းထက် နှစ်ဆသုံးဆ ခံယူခြင်း မပြုရ။ ဆွမ်းနှင့်ဟင်း မျှတရုံသာ ခံယူရမည်။

၃၀။ သပိတ်အတွင်း နှုတ်ခမ်းအရစ်နှင့် ညီမျှရုံသာ ဆွမ်းကိုခံယူရမည်။

၃၁။ ဆွမ်းစားသည့်အခါ မစားချင့်စားချင် အမူအရာ မရှိရ၊ လေးလေးစားစား ဆွမ်းကိုစားရမည်။

၃၂။ ဆွမ်းစားနေစဉ် တောင်တောင်မြောက်မြောက် မကြည့်ရ၊ မိမိသပိတ်၌သာ စိတ်အာရုံစိုက်ထား၍ စားရမည်။

၃၃။ ဆွမ်းစားရာ၌ ဆွမ်းနှင့်ဟင်းကို တစ်ပိုင်းခြင်း အစဉ်အတိုင်း ယူ၍စားရမည်။ တစ်ဖက်စွန်းကိုယူပြီး အခြားတစ်ဖက်စွန်းကို မယူရ၊ အလယ်မှထွင်းဖေါက် မယူရ။

၃၄။ မပြစ်မကျဲ လက်ဖြင့်ကော်ယူ၍ ရလောက်သော ပဲဟင်းကို ဆွမ်း၏ လေးပုံတစ်ပုံလောက်သာ ထည့်၍ စားရမည်။ ဆွမ်းနည်းနည်း ဟင်းများများစားခြင်း မပြုရ။

၃၅။ ဆွမ်းကို အလယ်ဗဟိုတွင် မို့မောက်အောင်စုပုံပြီး၊ ဆွမ်းဦးထိပ်မှ ယူမစားရ။ ဘေးမှအစဉ်အတိုင်း ယူ၍စား ရမည်၊ သို့ရာတွင် ဆွမ်းစားပြီးခါနီး သပိတ်ထဲ၌ အနည်းငယ် ကျန်နေသည်ကို သိမ်းကျုံးစုဆောင်းလိုက် သောအခါ အစုအပုံ မိုမိုမောက်မောက်ဖြစ်နေတတ်သေး ၏၊ ထိုအစုအပုံကို နှိုက်ယူစားရာ၌ကား အာပတ်မသင့်။

၃၆။ ဆွမ်းဟင်းထပ်ပြီးရလို၍ ဟင်းကို ဆွမ်းဖြင့်ဖုံးအုပ် ထားခြင်း မပြုရ။

၃၇။ ဆွမ်းဟင်းကိုလည်းကောင်း၊ ဆွမ်းကိုလည်းကောင်း ဖျားနာသူ (ဂိလာန)မဟုတ်လျှင် မိမိအတွက်တောင်း၍ မစားရ။ ဆွေမျိုးတော်သူ ဖိတ်မန်ထားသူတို့အထံ၌ တောင်းကောင်း၏။

၃၈။ ကဲ့ရဲ့လိုသောစိတ်ဖြင့် သူတစ်ပါး သပိတ်ကိုမကြည့်ရ။ ဆွမ်းနည်းလျှင်ပေးမည်။ ဆွမ်းများလျှင်တောင်းမည် ဟူသော စိတ်ဖြင့် ကြည့်ကောင်း၏။

၃၉။ ဆွမ်းလုတ်ကို ဒေါင်းဥပမာဏလောက် မကြီးစေရ။

၄၀။ ဆွမ်းလုတ်ကို ရှည်လျှားမနေစေဘဲ ထက်ဝန်းကျင် ဝန်းဝိုင်းအောင်ပြု၍ စားရမည်။

၄၁။ ခံတွင်းပေါက်သို့ ဆွမ်းလုတ်မရောက်သေးမီ ခံတွင်း ပေါက်ကို ကြိုတင်၍ ဖွင့်မထားရ။

၄၂။ ဆွမ်းစားစဉ် လက်ချောင်းများကို ခံတွင်းထဲသို့ မသွင်းရ။

၄၃။ စကားမပီသလောက်အောင် ခံတွင်းထဲ၌ ဆွမ်းလုတ် ရှိနေစဉ် စကားမပြောရ။

၄၄။ ဆွမ်းလုတ်ဆွမ်းခဲကို ပါးစပ်ထဲသို့ ပစ်ပေါက်မသွင်းရ။

၄၅။ ဆွမ်းလုတ်ကို တစ်ဝက်ကိုက်ဖြတ်မစားရ။ ဆွမ်း လုတ်ကြီးနေလျှင် လက်ဖြင့်ခွဲ၍ စားရမည်။ မုန့်ပဲ စသောခဲဖွယ်ကို ကိုက်ဖြတ်စားနိုင်သည်။

၄၆။ ဆွမ်းလုတ်ကို ပါးစောင်မှာထား၍ ပါးကိုဖောင်းစေ ပြီး မစားရ။

၄၇။ လက်ကို ခါ၍ ခါ၍ ဆွမ်းမစားရ။ လက်၌ ဆွမ်း ဟင်းများကပ်နေလျှင် လက်ချောင်းဖြင့်သာ ခြစ်၍ ဖယ်၍ ချရမည်။

၄၈။ ဆွမ်းလုတ်ကို ခံတွင်းထဲသို့ သွင်းပြီးနောက် လက်ထဲ၌ ဆွမ်းလုံးများကျန်နေသည်ကို အသာအယာ လက်ဖြင့် ပြန်သယ်ဆောင်လာပြီး ပန်းကန်ထဲ သပိတ်ထဲ ချရမည်။

၄၉။ ဆွမ်းစားလျှင် လျှာကိုခံတွင်းအပြင်သို့ ထုတ်ပြီး မစားရ။

၅၀။ ဆွမ်းစားသည့်အခါ ပါးစပ်မှ အသံမည်အောင် မစားရ။

၅၁။ ဟင်းရည်ပူပူ အရည်သောက်သည့်အခါ ရှုးရှုးရှဲရှဲ အသံမမည်အောင် သောက်ရမည်။

၅၂။ ဆွမ်းစားသည့်အခါ လက်ချောင်းများကို လျက်ခြင်း စုပ်ခြင်း လက်ဝါးကို လျက်ခြင်းမပြုရ။ ယာဂုပြစ်ပြစ်၊ တင်လဲ၊ ပျားရည်စသည်တို့ကို လက်ချောင်းဖြင့်ကော်ယူ ပြီး စားရာ၌ လက်ချောင်းကို သွင်းပြီးစုပ်ယူနိုင်သည်။

၅၃။ သပိတ် ပန်းကန်စသည်ကို ခြစ်ခြုတ်၍မစားရ။ အသံမမည်အောင် လက်ဖြင့်သိမ်းယူ၍ စားရမည်။

၅၄။ ဆွမ်းစားစဉ် နှုတ်ခမ်းကို လျှာဖြင့်မလျက်ရ၊ တစ်စုံတစ်ခုကပ်နေပါက နှုတ်ခမ်းအချင်းချင်းဖိပြီး ပါးစပ်အတွင်းသွင်းရမည်။

၅၅။ ဆွမ်းဟင်းပေကျံသောလက်ဖြင့် မိမိပိုင် သောက်ရေ ခွက်ကိုပင်ဖြစ်စေ မကိုင်ရ၊ ကိုင်ပြီးလျှင် ဆေးကြောမည် ဟူသော ရည်ရွယ်ချက်ဖြင့် ကိုင်လျှင် ကိုင်ကောင်း၏။

၅၆။ ဆွမ်းလုံးပါသော သပိတ်ဆေးရေကို မြို့ရွာတွင်း၌ မသွန်ရ။ မြို့ရွာအပြင်အပ၌ သွန်ကောင်း၏။ ဆွမ်းလုံး ကို တစ်နေရာတွင်စု၍ ရေချည်းသက်သက်ဖြစ်စေ၊ ဆွမ်းလုံးပျက်အောင်ချေ၍ဖြစ်စေ သွန်ကောင်း၏။

၅၇။ လက်၌ထီးရှိသော မနာမဖျားသူအား တရားမဟောရ။

၅၈။ တုတ် လှံ လက်၌ရှိသော မနာမဖျားသူအား တရားမဟောရ။

၅၉။ ဓား သံလျက် လက်၌ရှိသော မနာမဖျားသူအား တရားမဟောရ။

၆၀။ လေး မြှား လက်၌ရှိသော မနာမဖျားသူအား တရားမဟောရ။

၆၁။ ကျန်းမာပါလျက် ခြေနင်းစီးထားသူအား တရား မဟောရ။

၆၂။ ကျန်းမာပါလျက် ဖိနပ်စီးထားသူအား တရား မဟောရ။

၆၃။ ကျန်းမာပါလျက် ယာဉ်ပေါ်၌နေသူအား တရား မဟောရ။

၆၄။ ကျန်းမာပါလျက် အိပ်ယာထဲနေသူအား တရား မဟောရ။

၆၅။ ဒူးနှစ်ဖက်ကိုထောင်လျက် အဝတ်ဖြင့်သိုင်းထားသူ၊ လက်ဖြင့်သိုင်းဖက်ထိုင်နေသူအား တရားမဟောရ။

၆၆။ ကျန်းမာပါလျက် ခေါင်းပေါင်း ပေါင်းထားသူအား တရားမဟောရ။

၆၇။ ကျန်းမာပါလျက် ဦးခေါင်းခြုံထားသူအား တရား မဟောရ။

၆၈။ တရားဟောသူသည် အခင်းမပါ ဗလာမြေပေါ်မှာ ထိုင်ပြီး၊ မနာမဖျားဘဲ အဝတ်ခင်းပေါ် ထိုင်သူအား တရားမဟောရ။

၆၉။ မနာမဖျားဘဲ မြင့်ရာ၌နေသူအား မိမိကနိမ့်ရာ၌ နေ၍ တရားမဟောရ။

၇၀။ မနာမဖျားဘဲ ထိုင်နေသူအား မတ်တတ်ရပ်နေသူက တရားမဟောရ။

၇၁။ မနာမဖျားဘဲ ရှေ့ကသွားနေသူအား နောက်ကနေ၍ တရားမဟောရ။

၇၂။ မနာမဖျားဘဲ လမ်းပေါ်၌သွားနေသူအား လမ်းဘေး မှ လိုက်၍ တရားမဟောရ။

၇၃။ မနာမဖျားဘဲ မတ်တတ်ရပ်လျက် ကျင်ကြီး ကျင်ငယ် မစွန့်ရ။

၇၄။ မနာမဖျားဘဲ စိမ်းစိုရာမြက်သစ်ပင်၌ ကျင်ကြီး ကျင်ငယ် တံထွေး မစွန့်ရ။

၇၅။ မနာမဖျားဘဲ (သောက်ရေ သုံးရေ-မြစ် ကန် ချောင်း) ရေ၌ ကျင်ကြီးကျင်ငယ် မစွန့်ရ။

  • ဤသိက္ခာပုဒ် ၇၅-ပါးကို မရိုသေ မလေးစား ဂရုမစိုက်သည့်သဘောဖြင့် လိုက်နာကျင့်သုံးမှုမပြုပါက ရဟန်းများမှာ ဒုက္ကဋ်အာပတ်သင့်သည်။ ရှင်သာမဏေများမှာ သဲဒဏ် ရေဒဏ်ထိုက်သည်။ (မကျန်းမာလျှင်၊ မသိနားမလည်သေးလျှင်၊ အပြစ်မရှိ။) နားလည်အောင် သိအောင် သင်ကြားလေ့ကျင့်ရမည်။
  • ဤသိက္ခာပုဒ်တော်အားလုံး ဆဗ္ဗဂ္ဂီရဟန်းများအား အကြောင်းပြု၍ ပညတ်တော်မူသည်။


ရှင်မပြုကောင်းသောသူ ၁၁ ယောက်[ပြင်ဆင်ရန်]

၁။ ပဏ္ဍုက် − ဘာဝရုပ် ချို့သော ပဏ္ဍုက်။

၂။ ထေယျ သံဝါသက − အသွင်၊ အပေါင်းအဖော် ခိုးသောသူ။

၃။ တိတ္ထိယ ပက္ကန္တက − တိတ္ထိအယူသို့ ပြောင်းသွားသော ရဟန်း၊ သာမဏေ။

၄။ တိရစ္ဆာန − တိရစ္ဆာန်။

၅။ မာတုဃာတက − အမိသတ်သောသူ။

၆။ ပိတုဃာတက − အဘ သတ်သောသူ။

၇။ အရဟန္တ ဃာတက − ရဟန္တာ သတ်သောသူ။

၈။ လောဟိတုပ္ပာ − ဘုရားသွေးစိမ်းတည်အောင် ပြုသောသူ။

၉။ သံဃဘေဒက − သံဃာသင်းခွဲသောသူ။

၁၀။ ဘိက္ခုနိဒူသက − ဘိက္ခုနီမကို ဖျက်ဆီးသောသူ။

၁၁။ ဥဘတော ဗျဉ္ဇနက − နိမိတ်နှစ်ခုရှိသော ဥဘတောဗျည်း။

အထက်ပါ တစ်ဆယ့်တစ်ယောက်တို့တွင် အသက်နှစ်ဆယ် မပြည့်သောသူ၊ ပါရာဇိက ကျသောသူတို့ကို ထည့်လျှင် ရဟန်းမခံကောင်းသူ တစ်ဆယ့်သုံးယောက် ဖြစ်သည်။[၁]

မြန်မာနိုင်ငံ နှင့် ရှင်ပြုခြင်း[ပြင်ဆင်ရန်]

မြန်မာနိုင်ငံသို့ ဗုဒ္ဓဘာသာ စတင် ရောက်ရှိချိန်တွင် ရှင်ပြုခြင်း ဓလေ့ စတင်ခဲ့လိမ့်မည် ဟု မှန်းဆရသည်။

မြန်မာ့ ဓလေ့ ရှင်ပြုပွဲ သို့မဟုတ် ရှင်ပြုနားသမင်္ဂလာ[ပြင်ဆင်ရန်]

မြန်မာနိုင်ငံ တွင် ရှင်ပြုပွဲများကို ပွင့်လင်းရာသီ၊ အထူးသဖြင့် ကျောင်း ရက်ရှည် ပိတ်သည့် နွေရာသီများ တွင် ကျင်းပ ပြုလုပ်ကြလေ့ ရှိပါသည်။ အလှူ့ရှင် တို့သည် မိမိတတို့၏ သား ယောက်ျားလေးများကို ရှင်သာမဏေ ပြုပေးခြင်း၊ သမီးများကို နား ပေါက် ဖောက်ပေးသည့် နားထွင်း မင်္ဂလာ ကျင်းပ ပေးခြင်း စသည်ဖြင့် ပြုလုပ်ပေးကြသော ဓလေ့ ဖြစ်ပါသည်။

အလှူကြီး အလှူလေး၊ အစိမ်းလှူ အကျက်လှူ[ပြင်ဆင်ရန်]

ဘုရားရှင် လက်ထက်ပုံစံ အဓိက လိုရင်းဖြစ်သော ဆံချ သင်္ကန်းဝတ် သာမဏေ ပြု ပေးရုံမျှသာ ဖြစ်သော ရှင်ပြုအလှူပွဲမျိုးကို အလှူလေး သို့မဟုတ် အစိမ်းလှူ ခြင်းဟု ခေါ် ကြ၍ ငွေကြေးချမ်းသာ တတ်စွမ်းနိုင်သူတို့က ချဲ့ထွင် အကျယ်ချဲ့ ပြုလုပ်သည့် ပုံစံ မျိုးကို အလှူကြီး သို့မဟုတ် အကျက်လှူ ဟု ခေါ် ကြသည်။

အလှူကြီး များတွင် ဝါး၊ စက္ကူ၊ ရွှေ ငွေ ဆေးရောင်စုံ ခြယ်သထားသည့် ကနုတ်ပန်း၊ စုလစ်၊ မွန်းချွန်၊ ပြသာဒ်၊ ဘုံဆင့် များဖြင့် တန်ဆာဆင်ထား‌ော အလှူ မဏ္ဍပ် ထိုးခြင်း၊ မြန်မာဆိုင်းဝိုင်းကြီးများ၊ အငြိမ့်ပွဲဇာတ်ပွဲ ခြင်းပွဲများဖြင့် ပရိတ်သတ်ကို ဧည့်ခံခြင်း၊ အလှူလှည့်ခြင်း၊ ဘိသိတ်ခံခြင်း စသည့် ဘာသာ‌ေး မဟုတ်သော ရိုးရာ ဓလေ့ ထုံးတမ်းစဉ်လာ အခမ်းအနားများ ကို တတ်နိုင်လျင် တတ်နိုင်သလို ထည့်သွင်း ကျင်းပကြသည်။

အစိမ်းလှူ များကို တရက်တည်း အပြီး လုပ်ကြသည်။ အကျက်လှူများကို အလှူဝင် နေ့၊ အလှူကြီးနေ့ ဟု နှစ်ရက်ခွဲ ကျင်းပကြသည်။ အလှူဝင် နေ့တွင် အစား အသောက် ဖြင့် ဧည့်ခံခြင်း၊ ရပ်ဝေးမှ လာသော ဧည့်သည်များကို ဧည့်ခံကြိုဆို နေရာချထားခြင်း၊ ညပိုင်း ဆိုင်း အငြိမ့် တို့နှင့် ဧည့်ခံဖျော် ဖြေခြင်းများ ပြုလုပ်ကြသည်။ အလှူကြီးနေ့ မနက်ပိုင်းတွင် နံနက်ပိုင်း အလှူလှည့်ခြင်း၊ ‌ နေ့လည် ဘိသိတ်ခံခြင်း၊ ညနေ ဆံချ သာမဏေပြုခြင်း နှင့် တရားနာခြင်း တို့ ဆောင်ရွက်လေ့ရှိကြသည်။

အလှူမဏ္ဍပ်[ပြင်ဆင်ရန်]

အလှူမဏ္ဍပ်[ပြင်ဆင်ရန်]

အလှူမဏ္ဍပ် များ ထိုးခြင်း အဓိက ရည်ရွယ်ချက်မှာ အလှူ လာ ဧည့် ပရိတ်သတ် တို့ နားနေရန်ပင် ဖြစ်သည်။

အလှူမဏ္ဍပ် ထဲတွင် ပရိတ်သတ်ကို ‌အစား အသောက် ကျွေးမွေး ဧည့်ခံခြင်း၊ ဆိုင်း အငြိမ့် တို့ဖြင့် ဧည့်ခံ ဖျော်ဖြေခြင်း၊ အလှူမဏ္ဍပ် များ ကို အခြေခံအားဖြင့် ဝါးလုံး တိုင်များ၊ တန်းများ ဖြင့် ထိုးကြပြီး မိုးကာဖြင့် မိုးထားကြသည်။ အလှတန်ဆာ ဆင်ထားသည့် မဏ္ဍပ် များ အတွက် စီးပွားဖြစ် ငှားရမ်းသည့် မဏ္ဍပ်များကို အသုံးများကြသည်။ ဘိသိတ်သွန်းခြင်း၊ဘတရားနာခြင်း၊ အလှူလှည့် စတင် ထွက်ခွာရာ နှင့် ဆိုက်ရောက် ရာ နေရာအဖြစ် သုံးခြင်း စသည်တို့ ဆောင်ရွက်ကြသည်။

အလှူလည့်[ပြင်ဆင်ရန်]

အလှူလှည့်သည့် ဓလေ့ မည်သည့် အချိန်က စသည်ဟူ၍ မှတ်တမ်း မတွေ့ရပေ။ နေရာ ဒေသ အလိုက် အလှူလှည့်ပုံများ ကွာခြားကြသည် ။

အလှူလှည့် ဝတ်စားဆင်ရင်မှု[ပြင်ဆင်ရန်]

အလှူလှည့် အများစုတွင် ရှင်လောင်း ကို ရှင်လောင်းဝတ်စုံ၊ နားထွင်းများကိုလည်း နားထွင်းဝတ်စုံ ဝတ်ဆင်ပေးကြသည်။ ရှင်လောင်းများကို အမျိုးသားကြီးများက ပခုံး‌ေါ် တင် ထမ်းပိုးကြသည်။ အချို့ ‌ဒေသများတွင် ရှင်လောင်းကို ကကြိုး ဆင်ရင်ထားသော မြင်း သို့မဟုတ် ဆင် များ စီးနင်း စေသည်။ သီးသန့် အမျိုးသား တဦးစီက ရွှေထီး တစ်လက်စီကို ရှင်လောင်း တစ်ပါးစီ အား မိုးပေးကြသည်။ နားထွင်းများ ကိုမူ တန်ဆာဆင်ထားသော လှည်းယာဉ် များ စီးနင်း‌စေသည်။

အလှူ့ရှင်များက ရိုးရာဝတ်စုံများ ဆင်မြန်းကာ ပဋိက္ခရာရှစ်ပါး ကိုင်ဆောင်ကြသည်။

ရပ်ရွာ အမျိုးသမီးတို့က အလှဆုံး ရိုးရာဝတ်စုံများ ဆင်မြန်းပြင်ဆင်ပြီး ကွမ်းထောင်၊ ပန်းထောင်၊ လှူဖွယ်ဝတ္ထု၊ ကန်တော့ပွဲ စသည်တို့ကို ကိုင်ဆောင်ကြသည်။ ကွမ်းတောင် ကိုင်ရန် အချော အလှဆုံး အိမ်ထောင်မရှိသူ အမျိုးသမီးကို ရွေးချယ်လေ့ ရှိသည်။

ရပ်ရွာ ကာလသားတို့က အိုးစည်ဝိုင်း၊ ဒိုးပတ်ဝိုင်း၊ သျှိုးလိုက်ရတုဝိုင်း များဖြင့် လိုက်ပါကြသည်။

အချို့အလှူများတွင် တတ်နိုင်သလို ဆင်အက နှင့် အခြားသော အကများ၊ ကို လည်း အလှူလှည့်ရာတွင် ထည့်သွင်းကြသည်။

ဝင်းခင်းခြင်း ဓလေ့ မှာ ရှေးခေတ် ဘုရင်များ ထွက်တော်မူ အခန်းအနားများ ပုံစံကို တုပ ကျင်းပကြခြင်းဖြစ် ရာဇာဝင်း ဟု ခေါ် သည်။ အချို့ နတ် သကြား များ ပါသည့် ‌ဒေဝါဝင်း ကိုပါထည့်သွင်းကြသည်။ ။ ။

ရုပ်ပုံများ[ပြင်ဆင်ရန်]

ဆက်လက်ဖတ်ရှုရန်[ပြင်ဆင်ရန်]

ဗုဒ္ဓဘာသာရဟန်းများသင်ကြားလေ့ကျင့်ရသောသိက္ခာပုဒ်များ

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ သုဓမ္မဝတီရှင်ကျင့်ဝတ်နှင့် ဒုလ္လဘ ရှင်, ရဟန်း မှတ်သားဖွယ် အဓိပ္ပာယ်များ (ဧကာဒသမအကြိမ် ed.)။ တိုက်နံပါတ် − ၅၃၊ ဗိုလ်ရွဲလမ်း၊ ရန်ကုန်မြို့: သုဓမ္မဝတီ စာပုံနှိပ်တိုက်။ အောက်တိုဘာလ၊ ၂၀၀၆ ခုနှစ်။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)CS1 maint: location (link)
  2. အရှင်ဇနကာဘိဝံသ(ရွှေကျင်) ၏ ရုပ်ပုံရှင်ကျင့်ဝတ်
  3. ဒေါက်တာမင်းတင်မွန် “မြတ်ဒါန” စာအုပ်