မူလဒွါရဂိုဏ်း
သက္ကရာဇ် ၁၂၁၄ခုနှစ်တွင် ဧရာဝတီတိုင်းဗြိတိသျှအစိုးရလက်ထက်အုတ်ဖိုမြို့(ယခုအင်္ဂပူမြို့)မှဆရာတော်အရှင်ဥက္ကံသဝိမာလာသည် ရေသိမ်၌ ရဟန်းခံခြင်းကိုအကြောင်းပြု၍ အင်္ဂလိပ်အစိုးရလက်အောက်ရှိ သုဓမ္မာဂိုဏ်းဝင် ဆရာတော်များနှင့်အငြင်းပွားခဲ့သည်။ အုတ်ဖိုဆရာတော်သည် မိမိတပည့်ရဟန်းများနှင့် သီးခြားဂိုဏ်းခွဲခဲ့သည်။ ဘုရားရှိခိုးရာ၌ ကာယကံ၊၀စီကံ၊မနောကံဟူ၍ ရှိခိုးခြင်းမပြုရ၊ ကာယဒွါရ၊၀စီဒွါရ၊မနောဒွါရဟု ဒွါရဖြင့်ရှိခိုးမှ မှန်ကန်သည်ဟု အုတ်ဖိုဆရာတော်က ဆုံးဖြတ်သည်။ (ယခုထိုသို့ဘုရားရှိခိုးသည်ကိုမတွေ့ရတော့ပါ။ တစ်နိုင်ငံလုံးနီးပါး ကာယကံ၊၀စီကံ၊ မနောကံဖြင့်သာ ရှိခိုးကြသည်။)
ဇိနတ္တပကာနီကျမ်းပြုကျီးသဲလေးထပ်ဆရာတော်(သုဓမ္မာဂိုဏ်း)က ကံဖြင့်ရှိခိုးမှမှန်ကန် ကြောင်းငြင်းခုံခဲ့သည်။ ထို့ကြောင့်အောက်မြန်မာနိုင်ငံ၌ အုတ်ဖိုဆရာတော်၏ဂိုဏ်းကို ဒွါရဂိုဏ်းဟုခေါ်ကြသည်။ သုဓမ္မာဂိုဏ်းကိုမူ ကံဂိုဏ်းဟုခေါ်ကြသည်။ နောက်ပိုင်းတွင်မူ ကံဂိုဏ်းဟုမခေါ်တော့ပဲ သုဓမ္မာဂိုဏ်းဟုပင်ပြန်လည်ခေါ်ကြသည်။ ယင်းဒွါရဂိုဏ်းသည်
- (က) အနောက်ချောင်းဒွါရဂိုဏ်း၊
- (ခ) မဟာဒွါရဂိုဏ်း၊
- (ဂ) မူလဒွါရဂိုဏ်း ဟူ၍ (၃) မျိုးထပ်၍ကွဲသွားကြပြန်သည်။
မူလဒွါရဂိုဏ်း
[ပြင်ဆင်ရန်]အုတ်ဖိုဆရာတော်ကြီးပျံလွန်တော်မူပြီးနောက် မဟာဒွါရဂိုဏ်းဝင်သံဃာများသည် လပြည့် လကွယ်ကိစ္စကို အခြားဂိုဏ်းသံဃာများနှင့်အတူ ပြန်လည်လက်ခံကြသော်လည်း အချို့သောဒွါဂိုဏ်းသံဃာများမှာ အုတ်ဖိုဆရာတော်ကြီးချမှတ်ခဲ့သည့်မူအတိုင်း လပြည့်ကျော် (၁)ရက်နှင့် လဆန်း (၁) ရက်တို့တွင် သိမ်ဝင်ဥပုသ်ပြုမြဲ ပြုကြသည်ာ ထိုသို့မူလအတိုင်းရှိသည့်ဒွါရဂိုဏ်းကို မူလဒွါရဟု ခေါ်ဆိုကြသည်။
မူလဒွါရဟူသောအမည်၏ရှေ့တွင် 'ဓမ္မဝိနယာနုလောမ' ဟုထပ်ဆင့် ဝိသေသပြု ထားသည်။ ( ဓမ္မ + ဝိနယ + အနုလောမ ) သုတ္တံ၊ အဘိဓမ္မာတရားတော်နှင့်လည်းကောင်း ဝိနည်းနှင့်လည်းကောင်းလျော်ညီသောဂိုဏ်းဟုဆိုလို၍ အမည်အပြည့်အစုံမှာ 'ဓမ္မဝိနယာ နုလောမူလဒွါရနိကာယ' ဂိုဏ်းဟုခေါ်ဆိုကြသည်။
ဓမ္မဝိနယာနုလောမ မူလဒွါရနိကာယ သာသနာပိုင် အစဉ်အဆက်
၁။ ဘဒ္ဒန္တ ဥက္ကံသဝံသမာလာ အုပ္ဖိုဆရာတော်ဘုရားကြီး
၂။ ဘဒ္ဒန္တ မေဓာ မဟာဗောဓိဝန်ဆရာတော်ဘုရားကြီး လက်ပတန်းမြို့
၃။ ဘဒ္ဒန္တ သုမနာစာရ မိဂဒါရုံဆရာတော်ဘုရားကြီး ပုသိမ်မြို့
၄။ ဘဒ္ဒန္တ ပဏ္ဍိစ္စာဘိဝံသ ထိန်တောရွာမဆရာတော်ဘုရားကြီး သာယာဝတီခရိုင်
၅။ ဘဒ္ဒန္တ ဝိစိတ္တ အင်္ဂပူဆရာတော်ဘုရားကြီး အင်္ဂပူမြို့
၆။ ဘဒ္ဒန္တ ဝါသဝ အဂ္ဂမဟာပဏ္ဍိတ ဆုတောင်းပြည့်ဆရာတော်ဘုရားကြီး ပန်းတောင်းမြို့
၇။ ဘဒ္ဒန္တ သုဘာသိတ အဂ္ဂမဟာပဏ္ဍိတ ကန်တွင်းဆရာတော်ဘုရားကြီး ပြည်မြို့
၈။ ဘဒ္ဒန္တ ဂဏာစေရ ရှားခဲဆရာတော်ဘုရားကြီး
၉။ ဘဒ္ဒန္တ နန္ဒမာလာ အဂ္ဂမဟာပဏ္ဍိတ မဲဇလီကုန်းဆရာတော်ဘုရားကြီး အင်္ဂပူမြို့
၁၀။ ဘဒ္ဒန္တ စက္ကာဝုဓ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ စက္ကပဇ္ဇောတာရုံဆရာတော်ဘုရားကြီး ရွှေတောင်မြို့
၁၁။ ဘဒ္ဒန္တ ကောဝိဒ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ထုံးကြီးဆရာတော်ဘုရားကြီး ကံမမြို့
၁၂။ ဘဒ္ဒန္တ ဂဏသေဋ္ဌိ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ တောင်ကုတ်ဆရာတော်ဘုရားကြီး ရခိုင်ပြည်နယ်
၁၃။ ဘဒ္ဒန္တ ဗုဒ္ဓင်္ကုရ ဇီးဖြူကုန်းဆရာတော်ဘုရားကြီး လက်ပန်တန်းမြို့
၁၄။ ဘဒ္ဒန္တ စိတြဉာဏ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ကံမဆရာတော်ဘုရားကြီး ကံမမြို့
အုတ်ဖိုဆရာတော် (မြန်မာ ၁၁၇၉-၁၂၆၇)
အုတ်ဖိုဆရာတော် ဦးဥက္ကံဝံသမာလာသည် ဒွါရဂိုဏ်း(ဝါ) ဒွါရသာသနာကို စတင်ခဲ့သော သာသနာပြုပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်တစ်ပါးဖြစ်ပေ သည်။ ဆရာတော်သည် သက္ကရာဇ် ၁၁၇၉ ခုနှစ် တပေါင်းလ ဆန်း ၅ရက်တနင်္ဂနွေနေ့၌ ဟင်္သာတခရိုင် သာရဝေါမြို့ကလေးမှ နှစ်မိုင်ကွာသော ရွာကလေးရွာ၌ ဖွားမြင်တော်မူသည်။ ခမည်း တော်နှင့် မယ်တော်တို့သည် ဦးရွှေပန်းနှင့် ဒေါ်လေးတို့ဖြစ်ကြ၍ ဆရာတော်၏ငယ်မည်မှာ မောင်ညင်းတည်း။
ဆရာတော်ဘုရားကြီး ထေရုပ္ပတ္တိအကျယ်ကို ဤwikiပေါ်၌ အုပ်ဖိုဆရာတော်ဟူ၍ ရိုက်နှိပ်ရှာဖွေ ဖတ်ရှုတော်မူကြပါ။
လက်ပံတန်းဆရာတော် မူလဒွါရနိကာယဂိုဏ်း ဒုတိယမြောက်သာသနာပိုင် (၁၂၆၉-၁၂၀၄)
လက်ပံတန်းဆရာတော်ဦးမေဓာသည် ကျေးဇူးရှင်အုတ်ဖို ဆရာတော်ဘုရားကြီး အောက်ပြည်အောက်ရွာသို့ ပြန်လည်ရောက်ရှိ သီတင်းသုံးသည့် အချိန်မှစ၍ တပည့်အဖြစ် ဝင်ရောက်ခိုလုံဆည်းကပ်ရင်း အုတ်ဖိုဆရာတော် ဘုရားကြီးထံမှ ပညာရည်နို့သောက်စို့သည့် တပည့်ရင်းတစ်ပါးပင်ဖြစ်သည်။ လက်ပံတန်းဆရာတော်ကို ခမည်းတော် ဦးရွှေဘေး၊ မယ်တော်ဒေါ်ဇံတို့မှ ၁၁၉ဝ ပြည့်နှစ် ဝါခေါင်လပြည့်ကျော် ၅ ရက် ကြာသပတေးနေ့တွင် လက်ပံတန်းမြို့နယ် မီးလောင်ကုန်းကျေးရွာတွင် ဖွားမြင်တော်မူသည်။ သက္ကရာဇ် ၁၂၁ဝ ပြည့်နှစ်တွင် ရဟန်းအဖြစ်သို့ ရောက်တော်မူသည်။ ဘွဲ့တော်မှာ အရှင်မေဓာဖြစ်သည်။
လေးမျက်နှာမြို့နယ်၊ နတ်ထမင်းကုန်းရွာ၊ သပြေပင်ကျောင်းတိုက်မှ ဒွါရဝါဒီဖြစ်တော်မူသော ဦးနန္ဒမဉ္ဇူ ဆရာတော်ဘုရားကို လေးမျက်နှာမြို့၊ ဂိုဏ်းအုပ်ဆရာတော်ဦးပဲ၊ ဂိုဏ်းထောက်ဆရာတော် ဦးဉာဏ၊ မြင်းကကုန်း ဘုန်းကြီးတို့က ဒွါရသာသနာပြုသည့်အတွက် အမျက်ထားရင်းရှိကြသဖြင့် အရှင်နန္ဒမဉ္ဇူဆရာတော်ပိုင် ဆိုင်သည့် ဆရာရင်း ပေးအပ်ခဲ့သော ပေစာထုပ်များ ကို အကြမ်းဖက်သိမ်းယူကြသောကြောင့် ယင်းပုဂ္ဂိုလ်သုံးဦးအား ဒုတိယပါရာဇိက သိက္ခာပုဒ်ဖြင့် သာသနာတော်မှ ရှုံးခြင်းသို့ရောက်၍ ဘုရားသားတော်မပီ ဒုဿီလအကျော် ဘိုးသူတော်ဖြစ်သည်ဟု သံဃာအပေါင်းတို့က တစ်ညီတစ်ညွတ် တည်းပြောဆိုတော်မူကြကုန်သည်။
ယင်းသို့ ပြောဆိုသည်ကို မကျေနပ်သဖြင့် ဒွါရဝါဒီသံဃာများကို လေးမျက်နှာအရောက်ပင့်၍ ဝိုင်းရိုက်ရန် ညှိနှိုင်းတိုင်ပင်ပြီး မြို့အုပ်မင်း ဦးကံပေါ် ထံ စာအုပ်အရေးနှင့်ပတ်သက်၍ အုတ်ဖိုဆရာတော်ဘုရားကြီးအား ရှင်းလင်း လျှောက်ထားလိုပါသဖြင့် ပင့်လျှောက်ပေးပါရန်ဆိုသည်။ မြို့အုပ်မင်းကလည်း ဂိုဏ်းအုပ်ဂိုဏ်းထောက်တို့ စကားကိုယုံစား၍ ပင့်ဆောင့်လေသည်။ ထိုအခါ အုတ်ဖိုဆရာတော်ဘုရားကြီးသည် လက်ပံတန်းဆရာတော် ဦးမေဓာအပါအဝင် တပည့်လက်သား ၁၅ပါးနှင့်တကွ ကြွရောက်တော်မူသည်။ ဂိုဏ်းအုပ်ဂိုဏ်းထောက်ဆရာတော်များသည် မူလကပင် ဝိုင်းဝန်းရိုက်နှက်ရန် အကြံရှိသည်နှင့်အညီ လေးမျက်နှာမှ နတ်ကမင်းကုန်းသို့ ကြွရောက်ရာလမ်းတွင် ဂိုဏ်းအုပ်ပက္ခဝင် ရဟန်းတို့က တုတ်လက်နက်ကိုယ်စီဖြင့် ရန်ပြုသဖြင့် ဆရာတော်ဘုရားကြီးအား ကာကွယ်ပေးရင်းပင် လက်ပံတန်းဆရာတော်ခေါင်းတွင် အနည်းငယ် ဒဏ်ရာရခဲ့သည်။
လက်ပံတန်းဆရာတော် ဦးမေဓာသည် ၁၂၂၈ ခုနှစ်တွင် အုတ်ဖို ဆရာတော်ဘုရားကြီး တောရတည်ဆောက်ရန် အုတ်ဖိုမြို့ ကန်ကုန်းကျောင်းတိုက်မှ ထွက်ခွာသောအခါ ယင်းကျောင်းတိုက်အား စီမံအုပ်ချုပ်၍ စာပေပရိယတ်ပို့ချသင်ကြားရန် တာဝန်ပေးလွှဲအပ်ခြင်းခံရသည်။ ထို့အပြင် အလဇ္ဇီဒုဿီလများကို ဖယ်ရှားရှင်းလင်း၍ သာသနာတော်သန့်ရှင်းတည်တံ့ ပြန့်ပွားရေးအတွက်လည်း အုတ်ဖိုဆရာတော်ဘုရားကြီး၏ မိန့်မှာချက်နှင့်အညီ ကြိုးပမ်းဆောင်ရွက်တော်မူသည်။
ယင်းနောက် ဆရာတော် ဦးမေဓာသည် လက်ပံတန်းမြို့ မီးလောင်ကုန်း၌ ဗောဓိဝန်ကျောင်းတိုက်ကို တည်ထောင်၍ စာပေပရိယတ္တိ ပို့ချခြင်းဖြင့် သာသနပြုလေသည်။ လက်ပံတန်းဆရာတော်ဘုရားကြီးသည် စာချရာတရားဟောရာ စကားပြောဆိုရာတို့၌ ပိုင်နိုင်စွာပြု၍ ပို့ချဟောပြောတော်မူသည်။
လက်ပံတန်းဆရာတော် အရှင်မေဓာသည် စာပေပို့ချ ဟောပြောသည့်အခါ ပိုင်နိုင်သကဲ့သို့ ကျမ်းပြုစုရာ၌လည်း ကောင်းမွန်လှသည်။ တစ်ခါသော် ဒွါရဝါဒီလဇ္ဇီပေသလ ပုဂ္ဂိုလ်များကို နှိမ်နှင်းလိုသော ဆန္ဒဖြင့် သင်္ဂဇာဆရာတော်သည် “ဥပါသကောဝါဒ”အမည်ဖြင့် စာတမ်းငယ်ကို ၁၂၄၄ နှစ်တွင် ထုတ်ဝေသည်။ အုတ်ဖိုဆရာတော်ဘုရားကြီး သုံးဆယ်မြို့သို့ ကြွရောက်လာသောအခါ ဒကာများကယင်းစာတမ်းငယ်ကိုပြသ၍ ကြည့်ရှုရ၏။ ထိုအခါ ဆရာတော် ဘုရားကြီးက ဤစာတမ်းငယ်သည် သာသနာပျက်စီးကြောင်း ဒါယကာအများ အပါယ်သို့လားနိုင်ကြောင်း မကောင်းသည့် စာတမ်းပင်ဖြစ်သည်ဟု ဆိုသည် ယင်းစာတမ်းငယ်သည် ပါဠိအဌကထာ ဋီကာ အဆိုထိုထိုဝါဒနှင့်မညီ၊ ရေးသူ၏ အတ္တနောမတိ သုစရိုက်နှင့်အလျော် ထုတ်ဖော်ရေးသား ထားသည်ဖြစ်သောကြောင့် “သမ္ဖပ္ပလာပရိစ္ဆာဝါဒ” ဖြစ်သည်ဟု မိန့်လျက် ပါဠိအဋ္ဌကထာဋီကာအရ ထုတ်ဖော်ပြ၍ “မိစ္ဆာဝါဒ နသနစာတမ်း”ကို သုံးဆယ်မြို့၌ပင် ရေးသားထုတ်ဝေ တော်မူသည်။
သင်္ဂဇာဆရာတော်သည် ထိုသို့ရှင်းလင်းပြသရေးသားသည်ကို မကျေနပ်၊ ဒေါသအလွန်ပွားကာ “ဥပါသကောဝါဒစာတမ်း”ကိုအကျယ်ဖွင့်၍ ဥပါသကောဝါဒဋီကာဟူသောအမည်ဖြင့် ဒွါရဝါဒီဂိုဏ်းကို ပုတ်ခတ်ဆဲရေး၍အုတ်ဖိုဆရာတော် ဘုရားကြီးကိုလည်း သံဃာကို ဂိုဏ်းကွဲအောင်ပြုသည်ဟုဆိုပြီးလျှင် “ဒေဝဒတ်” နှင့်ပမာပြု၍ ရေးသားထုတ်ဝေပြန်သည်။
ထိုအခါ လက်ပံတန်းဆရာတော် ဦးမေဓါသည် “ဝနေဒုဋ္ဌောစမက္ကာဋော" ဟူသောဂါထာလာရှိသည့် အလျောက် “မျောက်” သည် မိမိမှီရာ “တော”ကို ဖျက်ဆီးသကဲ့သို့ သင်္ဂဇာဆရာတော်သည်လည်း မိမိမှီခိုရာ “ သာသနာတော်” ကို ဖျက်ဆီးနေသောကြောင့် “မျောက်နှင့်တူပေသည် ဟုပမာပြလျက် “ဥပသကောဝါဒဋီကာ”” ၌ ချို့ယွင်းနေသော အရာဌာနတို့ကို ကျမ်းဂန်နှင့်အညီ ထောက်ပြ၍ “ဝါနယနိပတ္တနီ စာတမ်းရေးသားတော်မူသည်။
လက်ပံတန်းဆရာတော်ဘုရားကြီးသည် ကျေးဇူးရှင်အုတ်ဖိုဆရာတော် ဘုရားကြီးပျံလွန်တော်မူသည့် ၁၂၆ရ ခုနှစ်နောက်ပိုင်း ဒွါရဂိုဏ်းကို ဦးစီး စောင့်ရှောက်တော်မူရင်း ၁၂၆၉ ခုနှစ်တွင် မူလဒွါရနိကာယဂိုဏ်းကြီး၏ ဒုတိယမြောက်ဂိုဏ်းချုပ်သာသနာပိုင်အဖြစ် သံဃာအပေါင်း၏ တညီတညွတ် တင်မြှောက်ခြင်းကို ခံယူရလေသည်။ ဆရာတော်ဘုရားကြီးသည် သာသာနာ့ တာဝန်များကို ထမ်းရွက်သယ်ပိုးရင်း ၁၂၇၄ ခုနှစ်တွင် ခန္ဓာဝန်ချုပ်ငြိမ်း၍ ဘဝနက်ထံပျံလွန်တော်မူလေသည်။
ပုသိမ်မြို့ ပထမမိဂဒါယုံဆရာတော် မူလဒွါရနိကာယဂိုဏ်း တတိယမြောက်သာသနာပိုင် (၁၂ရ၅-၁၂၈၃)
ပုသိမ်မြို့၊ ပထမမိဂဒါယုံဆရာတော်ဘုရားကြီးကို ၁၁၉၄ ခုနှစ်၊ နယုန် လဆန်း ၁ဝ ရက် ၁ နာရီ အချိန်တွင် အမရပူရမြို့၊ မင်းနေပြည်၌ ဖွားမြင်တော်မူသည်။ သီလရှင်ဆရာကြီး မယ်ကင်းနှင့် ဆွေမျိုးနီးစပ်တော်သဖြင့် ကသည်းနွယ်ဖွားဟု ယူဆသူများရှိသကဲ့သို့ အချို့ကလည်း ဗြဟ္မဏနွယ်ဟု မှတ်ယူကြသည်။ ပထမမိဂဒါယုံ ဆရာတော်ဘုရားကြီး၏ ဘွဲ့တော်မှာ အရှင်သုမနစာရဖြစ်သည်။ ရတနာပုံရွှေမြို့တော် သာသနာပိုင်ဆရာတော် အရှင်ဉေယျဓမ္မ၏ တပည့်ရင်းဖြစ်သည်။
မောင်းထောင်သာသနာပိုင်ဆရာတော်ဘုရားကြီး အရှင်ဉေယျဓမ္မ ရာဇာဓိရာဇဂုရုဆရာတော်ကို ဥပဇ္ဈာယ်ပြု၍ သာမဏေအဖြစ်၊ ရဟန်းအဖြစ် ရတော်မူခဲ့သည်။ ၁၂၁၄ ခုနှစ်တွင် ရဟန်းဖြစ်သည်။ မောင်းထောင်ဆရာတော် ဘုရားကြီးထံတွင် ပဋိပတ္တိ၊ ပဋိယတ္တိ နှံ့စပ်ကျွမ်းကျင်အောင် သင်ယူတတ်မြောက် သည့်အပြင် ဗေဒင်နက္ခတ်လည်း တတ်ကျွမ်းသည်။ ၁၂၃၈ ခုနှစ် ရဟန်းဝါ ၂၄ ဝါ အရတွင် ပုသိမ်မြို့သို့ ရောက်ရှိတော်မူသည်။
ပုသိမ်မြို့သို့ရောက်ရှိပြီးနောက် မှန်စီကျောင်းဆရာတော်ဘုရားကြီး၏ တပည့်ဒါယကာတို့နှင့်စပ်လျဉ်း၍ အုတ်ဖိုဆရာတော်ဘုရားကြီး၏ သတင်းကြားသိလျှင် ရှမ်းကလေးကျွန်းဆရာတော်ထံမှ နာခံခဲ့ရသော ဓမ္မဝိနယ အမိန့်တော် ပြန်တမ်းနှင့် တငြမ်းတည်းကိုက်ညီသော အမူအကျင့်ကို နှစ်သက်မြတ်နိုးတော်မူသည်နှင့် … ကျောင်းရေစက်ချသောအခါ အုတ်ဖိုဆရာတော်ဘုရားကြီးအား ပင့်ဆောင်၍ ယထာဓမ္မ၊ ယထာဝိနယ ဒွါရဝါဒီ တရားများကိုနာခံပြီးလျှင် ဒွါရဝါဒီ သာသနာပြုမှုကို ဆောင်ရွက်တော်မူသည်။
သက္ကရာဇ် ၁၂၄၂ ခုနှစ်တွင် ပုသိမ်မိဂဒါယုံဆရာတော်ဘုရားသည် သိမ်သမုတ်သောအခါ ကျေးဇူးရှင် အုတ်ဖိုဆရာတော်ဘုရားကြီးနှင့်တကွတပည့်များ ဖြစ်ကြသော ဟင်္သာတမြို့ လယ်တီဆရာတော် အရှင်စန္ဒိမာ၊ လက်ပံတန်းမြို့ ဗောဓိဝန်ဆရာတော်အရှင်မေဓါ၊စစ်ကွင်းမြို့ ကုသိနာရုံဆရာတော်အရှင်ပညာသာရ အပါအဝင် တပည့်သံဃာအပါးသုံးဆယ်တို့ကို ပင့်ဖိတ်၍ သီမသမ္မုတိ ကံဆောင် တော်မူသည်။
အုတ်ဖိုဆရာတော်ဘုရားကြီးသည် ပထမမိဂဒါယုံဆရာတော် ဘုရားကြီး၏ သိက္ခာကာမဝိနယကုက္ကုစ္စဂုဏ် တို့နှင့်ပြည့်စုံတော်မူခြင်း၊ သတိသမ္ပဇည ပြည့်စုံတော်မူခြင်း၊ ဘောဇနမတ္တညုဂုဏ်ရှိတော်မူခြင်း ဣန္ဒိယသံဝရသီလဖြင့် အဏုမတ္တေသုဝဇ္ဇေသုဘယဒဿာဝိတာဂုဏ် ပြည့်စုံတော်မူခြင်းတို့ကို ထင်ရှားစွာ သိမြင်တော်မူသဖြင့် ပုသိမ်မြို့နယ်အတွက်လေးစားအားထားတော်မူလေသည်။
အုတ်ဖိုဆရာတော်ဘုရားကြီး လေးစားအားထားတော်မူသည်နှင့်အညီ မိဂဒါယုံဆရာတော်ဘုရားကြီးသည် ထေရဝါဒဗုဒ္ဓသာသနာ သန့်ရှင်းပြန့်ပွားစေလိုသော ဆန္ဒတော်နှင့်အညီ သာသနာတော်ကို ချီးမြှောက်ပြုစုတော်မူသည်မှာ ဒွါရဝန္ဒနာသည်သာ ကျမ်းဂန်နှင့်အညီ မှန်ကန်ကြောင်း ဝန္ဒနာဒိဝိနိစ္ဆယကျမ်းကို ဒွါရဝါဒီတို့ ဟောပြောလျက် ဒွါရဝါဒီအယူအဆသာ ဖြစ်နေသော ဆယ်ပါးသီလကို လူတို့ဆောက်တည်အပ်ကြောင်းပြသည့် ဒသသီလ ဝိနိစ္ဆယကျမ်း၊ အုတ်ဖိုဆရာတော်ဘုရားကြီး၏ သသင်္ကကပ္ပဋ္ဌစာတမ်းကို ထောက်ခံသည့် ယထာဝဿူပနာယိကကျမ်း၊ သံဝေဂဝတ္ထုဆိုင်ရာကျမ်း၊ ဝိပဿနာဆိုင်ရာကျမ်း စသည့်ကျမ်းအများအပြား ရေးသားပြုစုခဲ့ပါသည်။
ပထမမိဂဒါယုံဆရာတော်ဘုရားကြီးသည် သက်တော်ထင်ရှား ရှိတော်မူစဉ်ကာလကပင် သီလ,သမာဓိ, ပညာဂုဏ်များမှာ ထင်ရှားကျော်ကြား အံ့ဩ ချီးမွမ်းမှုများရှိခဲ့သည်။ ဆရာတော်ဘုရားကြီးသည် မူလဒွါရ နိကာယဂိုဏ်း၏ တတိယမြောက် ဂိုဏ်းချုပ်သာသနာပိုင်အဖြစ် ဆောင်ရွက်တော်မူရင်း ၁၂၈၃ ခုနှစ် တန်ခူးလပြည့်ကျော် ၁၂ ရက်နေ့တွင် ဘဝနတ်ထံစံမြန်းတော်မူသည်။ ဆရာတော် ဘုရားကြီး၏ရုပ်ကလာပ်ကို မီးသင်္ဂြိုဟ်ခြင်းပြုတော်မမူဘဲ ဂူသွင်း ပူဇော်ထားရှိ ကြလေသည်။ ဆရာတော်ဘုရားကြီး၏ အလောင်းတော်ဓာတ်ကိန်းရာ ဂူတိုက်ကို ပျံလွန်တော်မူပြီးနောက် နှစ်ပေါင်း ၄ဝ ကျော်မှ တူးဖော်ရာ ဆရာတော်ဘုရားကြီး၏ ရုပ်ကလာပ်သည် ပင်ကိုပကတိအတိုင်း မပျက်မယွင်း တည်ရှိတော်မူနေသဖြင့် ဆရာတော်ဘုရား၏ သီလ, သမာဓိ, ပညာဂုဏ်တို့ကြောင့် ဖြစ်နိုင်ကြောင်း အချို့ကမူ ရဟန္တာပုဂ္ဂိုလ်ဟုပင် ဆိုကြလေသည်။ ပုဂ္ဂိုလ်ထူးတစ်ပါးပင် ဖြစ်သည်။
ထိန်တောရွာမကျောင်းဆရာတော် ဓမ္မဝိနယာနုလောမ မူလဒွါရနိကာယဂိုဏ်း၏ စတုတ္ထမြောက်သာသနာပိုင် (၁၂၈၄-၁၂၉၃)
ထိန်တောရွာမကျောင်း ဆရာတော်လောင်းလျာကို ကနောင်မြို့၌ ခမည်းတော်ဦးပွင့် မယ်တော်ဒေါ်ခိုင်တို့မှ ၁၂၀၀ ပြည့်နှစ် ဒုတိယဝါဆိုလဆန်း ၁၄ရက် ကြာသပတေးနေ့ နံနက် ၄ချက်တီးအချိန်တွင် မွေးဖွားသန့်စင်တော်မူသည်။ ငယ်နာမည်မှာ မောင်မြတ်သာဒွန်းဖြစ်သည်။
၉ နှစ်အရွယ်သို့ရောက်သောအခါ နောင်ရေးကိုတွေးဆ၍ ကနောင် ဆရာတော်ဘုရားထံ ပညာသင်ရန် မိဘတို့ကအပ်နှံကြသည်။ ကျောင်းသို့ရောက်သည့်နေ့မှစ၍ ၃လရာသီမျှပင် မပြည့်သေးသော်လည်း သင်ပုန်းကြီး၊ မင်္ဂလသုတ် အက္ခရာအရေးအဖတ် တတ်သိလိမ္မာ စံတင်လောက်အောင် ဖြစ်ခဲ့သည်။ ထိုအခါ ကနောင် ဆရာတော်ဘုရားကြီးသည်။ တပည့်၏အနုမာနကို မှန်းဆ၍ သင်္ဂဟခေါ် သင်္ဂြိုဟ်၊ ကစ္စည်း၊ သဒ္ဒါသုတ်စသည်တို့ကို အာစေရမုဋ္ဌိ လက်ဆုပ်မိအောင် ညွှန်ပြ ပို့ချတော်မူသည်။
မောင်မြတ်သာဒွန်း ၁၂ နှစ်သားအရွယ်သို့ရောက်သော် မိခင်ဖခင်တို့က ကနောင်ဆရာတော်အား ဥပဇ္ဈာယ်ပြု၍ သာမဏေပြုပေးသည်။ သာမဏေဘွဲ့တော်မှာ ရှင်ပဏ္ဍိစ္စဖြစ်သည်။ သာမဏေနှစ်ဝါအရတွင် ခမည်းတော် ဦးပွင့် ကွယ်လွန်၍ လူထွက်ပြီး မိခင်ဒေါ်ခိုင်အား ဆည်းကပ်လုပ်ကျွေး ပြုစုစောင့်ရှောက်သည်။ ကနောင်မြို့တွင် ကုန်သွယ်အလုပ်ဖြင့် ၉ နှစ်တိုင် နေထိုင်ခဲ့ပြီးနောက် ထိန်တောရွာသို့ ပြောင်းရွှေ့နေထိုင်သည်။ အသက် ၂၄ နှစ်အရွယ်တွင် မိခင်အား ရဟန်းပြုရေးခွင့်ပေးပါရန် တောင်းပန်သည်။ မိခင်မှခွင့်ပြုသောကြောင့် ထိန်တောမြို့နေ ဥပါသိကာမကြီး ဒေါ်ညိုလေးက ရဟန်းဒါယကာပြု၍ ထိန်တောတိုက်ကြီး ကုန်းဆရာတော် ဦးဗျားကြီးကို ဥပဇ္ဈာယ်ပြု၍ စစ်ကွင်းမြို့ ကုသိနာရုံဆရာတော် ဦးပညာသာရ ယင်းတိုက်ကြီးကုန်းဆရာတော် ဦးဇယန္တ စသောကမ္မဝါဆရာတို့ဖြင့် သက္ကရာဇ် ၁၂၂၄ ခုနှစ် တပေါင်းလပြည့်နေ့၌ ဥဒကုက္ခေပ (ရေသိမ်)တော်တွင် ရဟန်းအဖြစ်သို့ ရောက်တော်မူသည်။ ဘွဲ့တော်မှာ အရှင်ပဏ္ဍိစ္စ ပင်ဖြစ်သည်။
ဆရာတော်သည် ဆရာရှင် ဦးဗျားကြီးထံ၌ ၅ ဝါမျှ သင်္ဂဟအဋ္ဌကထာ ကစ္စည်း၊ သဒ္ဒါအခြေခံစာပေတို့ကို သင်ယူပြီးနောက် စစ်ကွင်းကုသိနာရုံဆရာတော်ထံ ၃ ဝါမျှ ပါဠိ အဋ္ဌကထာပိဋကတ်တော်များကို လေ့လာဆည်းပူး ပြီးနောက် မန္တလေးမြို့ ဘုရားကြီးတိုက်၌ ၂ ဝါပတ်လုံ၊ အဋ္ဌကထာဋီကာ နေတ္တိကျမ်းပေါင်းစုံ တို့ကို ကျွမ်းကျင်တတ်မြောက်အောင် သင်ယူပြီးသောအခါ ဆရာအရှင် ဦးဗျားကြီးထံသို့ ပြန်လည်ကြွတော်မူသည်။
ထိန်တောသို့ ရောက်ရှိပြီး၊ ရဟန်း ၁၂ ဝါရသောအခါ ထိန်တော ရွာမကျောင်းတိုက်ကို တည်ထောင်၍ မူလအာဒိကမ္မိက ကျေးဇူးရှင် အုတ်ဖိုဆရာတော်ဘုရားကြီး၏ နည်းနာအတိုင်း ဒွါရသာသနာတော် ကြီးပွားတိုးတက်အောင် ဆောင်ရွက်တော်မူသည်။ ၁၂၈၄ ခုနှစ်တွင် မူလဒွါရနိကာယဂိုဏ်း၏ စတုတ္ထမြောက်သာသနာပိုင်အဖြစ် သံဃာတော်အပေါင်းတို့က တင်မြှောက်တော်မူသည်။ ဆရာတော်ဘုရားကြီးသည် ကျမ်းဂန်များကိုလည်း ရေးသားပြုစုတော်မူသည်။ သီလ,သမာဓိ, ပညာဖြင့် ပြည့်စုံသည့်ပုဂ္ဂိုလ်မြတ်လည်း ဖြစ်သည်။ ဝိနယကုက္ကုစ္စဖြစ်သော မစင်ကြယ်သည့် ဝတ္ထုပစ္စည်းများကို အလှူခံခြင်းမပြုပါ။ ဝိနည်းသိက္ခာကို အထူးစောင့်ထိန်းကာ စောင့်ရှောက်တော်မူသည်။ ဆရာတော်ဘုရားကြီးသည် မည်သည့်အခါမျှ ရေချိုးခြင်း၊ သင်္ကန်းလဲခြင်း မရှိသော်လည်း၊ ဆိုးညစ်သောအနံ့အသက် လုံးဝမထွက်ဟု ဆိုကြလေသည်။ တပည့်ဒကာတို့၏ တောင်းပန်လျှောက်ထားမှုကြောင့် တစ်နှစ်လျှင် တန်ခူးလတွင်သာ တစ်ကြိမ် ရေချိုး၍ သင်္ကန်းလဲလှယ်ဝတ်ရုံတော်မူသည်။ ဆရာတော်ဘုရားကြီးသည် သက်တော် ၉၄ နှစ်ရောက်သည့် တိုင်အောင် မည်သည့်ရောဂါမျှမကပ်ရောက်ဘဲ။ ၁၂၉၃ ခုနှစ် တပေါင်းလပြည့်နေ့တနင်္လာနေ့ ညဉ့် ရ နာရီ ၄၅ မိနစ်အချိန်တွင် ရုပ်နာမ်ချုပ်ငြိမ်းတော်မူပါသည်။
၁၂၉၄ ခုနှစ် တပိုတွဲလ၌ ကျေးဇူးရှင် အင်္ဂပူဆရာတော်ဘုရားကြီးကိုယ်တိုင် ကြီးမှူးကာ သာဓုကီဠနပွဲသဘင် ဆင်ယင်ကျင်းပသည်။ ထိန်တောဆရာတော်ဘုရားကြီး၏ ရုပ်ကလာပ်တော်သည် ညှီနံ့ အပုတ်နံ့ အနံ့ဆိုးကင်းကာ ဖေါင်းပွခြင်းအလျင်းမရှိ ပကတိကျိန်းစက်နေဘိသကဲ့သို့ ဖူးမြင်ကြရသည်။ ထို့ကြောင့်ပင် ဆရာတော်ကြီး၏ တပည့်ဖြစ်သူ ဘားအံမြို့၊ အမိတာရာမရဲကျောင်း ဆရာတော်ဦးဗြဟ္မာဟု သည် နောင်လာနောက်သား တပည့်ရဟန်းသံဃာများနှင့်တကွ ဒါယကာ ဒါယကာများအပေါင်း ဆရာတော်ဘုရားကြီး၏ ရုပ်ကလာပ်ကို ပကတိအတိုင်း ဖူးမြှော်ကြည်ညို နိုင်စေရန် ရည်သန်၍ မီးသင်္ဂြိုဟ်မှုမပြုဘဲ မှန်ခေါင်းသွင်းပြီးလျှင် တဝဂူစေတီဖြင့် ပူဇော်ရန် ကြံဆောင်ကာ ၁၂၉၅ ခုနှစ်၌ ဗဟုပုညာနုနိမ္မိတ စေတီတော်တည်ထားသည်။ ယနေ့တိုင် ထိန်တောရွာမကျောင်း၌ ဆရာတော်ဘုရားကြီး၏ ရုပ်ကလာပ်ကို နှစ်စဉ် တပေါင်းလပြည့်နေ့တွင် ပူဇော်ပွဲပြုလုပ်ကြသည်။ ထိုနေ့တွင် ဆရာတော်ဘုရားကြီး၏ရုပ်ကလာပ်တော်အား တပည့် ရဟန်းများက သင်္ကန်းတော် လဲလှယ်ဝတ်ရုံ ပူဇော်မှုပြုကြသည်။
အင်္ဂပူဆရာတော် ဓမ္မဝိနယာနုလောမ မူလဒွါရနိကာယဂိုဏ်း၏ ပဉ္စမမြောက်သာသနာပိုင် (၁၂၉၅-၁၃၀၃)
အင်္ဂပူဆရာတော်ဘုရားကြီးသည် မြို့သူကြီး ဦးမောင်အံ့ ဇနီး ဒေါ်ခင်ခင်ရိပ် တို့၏သားတော်ဖြစ်တော်မူသည်။ ၁၂၁၄ခုနှစ် ဝါဆိုလပြည့်ကျော် ၇ ရက် ဗုဒ္ဓဟူးနေ့တွင် အင်္ဂပူမြို့ (အုတ်ဖိုမြို့)တွင် ဖွားမြင်တော်မူသည်။ ၁၂၃၄ ခုနှစ်တွင် အုတ်ဖိုဆရာတော်ဘုရားကို ဥပဇ္ဈာယ်ပြု၍ ရဟန်းအဖြစ်သို့ ရောက်တော်မူသည်။ ဘွဲ့တော်မှာ ဦးဝိစိတ္တဖြစ်သည်။
အင်္ဂပူဆရာတော် အရှင်ဝိစိတ္တသည် အုတ်ဖိုဆရာတော်ဘုရားကြီး လက်ထက် လက်ပံလှ အဇိနာရာမတိုက်၌ ရှိစဉ်အခါကပင် စာချဆရာတော်အဖြစ် ကျောင်းတိုက်တာဝန်ကို ထမ်းဆောင်လျက်ရှိသည်။ စာပေပရိယတ္တိ အရာ၌ ထူးချွန်ကျော်ကြားသည်။ အင်္ဂပူဆရာတော်သည် အုတ်ဖိုဆရာတော် ဘုရားကြီး၏ ဥပဋ္ဌာက အလုပ်အကျွေးအဖြစ်ဖြင့် သီဟိုဠ်သို့ ၁၂၄၂ ခုနှစ် ရောက်စဉ်(သက်တော် ၂၈ နှစ်)ကပင် သီဟိုဠ်သားရဟန်းတော်တို့၏ ချီးကျူးခြင်းကိုခံရသည့် နိရုတ္တိပါရဂူအဖြစ်ထင်ရှားသောပုဂ္ဂိုလ်ဖြစ်သည်။
၁၂၇၁ ခုနှစ်ဝါဆိုလဆန်း ၁၃ရက်နေ့တွင် အင်္ဂပူဆရာတော် အရှင်ဝိစိတ္တသည် အင်္ဂပူ (အုတ်ဖိုမြို့) အနောက်မီးရထား ဘူတာရုံအနီးတွင် သနဲသပေါက် တိုက်သူကြီး ဦးစိန်ဖူး၊ သားဖြစ်သူ ပျဉ်းမကုန်းသူကြီး ဦးဖိုးဖြူ၊ သူကြီးကတော် ဒေါ်ရွှေရည်တို့ကဝယ်ယူလှူဒါန်းအပ်သော မြေကွက်၌ အင်္ဂပူကျောင်းတိုက်ကို သိုက်မြိုက်စွာ တည်ထောင်ဖန်ဆင်း၍ ရဟန်းရှင်လူ ပရိသတ်တို့အား ပရိယတ္တိ ဓမ္မကိုသင်ကြားပို့ချကာ သာသနာပြုတော်မူသည်။
၁၂၈၀ ပြည့်နှစ်ရောက်လျှင် ဒွါရဂိုဏ်းသည် ဂိုဏ်းခွဲထွက်မှု ဖြစ်ပေါ်ခဲ့သည်။ ဟင်္သာတမြို့ကို ဗဟိုပြု၍ ဝန်းကျင်ဆက်စပ်ရာ ဒွါရဂိုဏ်းဝင် သံဃာတော်များ စုစည်းကာ အစည်းအဝေးပြု၍ ဟင်္သာတမြို့၊ ရန်ကုန် ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသီရိမာလာဘိဓဇကို ဒုတိယမြောက် သာသနာပိုင်အဖြစ်တင်မြှောက်၍ “ဓမ္မာနုဓမ္မမဟာဒွါရနိကာယဂိုဏ်း" ဟုပြောင်းလဲ သမုတ်တော်မူလေသည်။
ထိုအခါ အင်္ဂပူဆရာတော်ဘုရားကြီးနှင့် တပည့်သံဃာတော်များ ကလည်း သံဃာ့သဘင်အစည်းအဝေးကြီးကို ဖိတ်ခေါ်ခြင်းမပြုဘဲ မိမိတို့အင်္ဂပူမြို့ နေ ဒွါရဂိုဏ်းဝင်အစုအဖွဲ့ကို “ဓမ္မဝိနယာနုလောမ မူလဒွါရနိကာယဂိုဏ်း ဟု အမည်သတ်မှတ်ကာ မဟာဒွါရနှင့်အပြိုင် ရပ်တည်ခဲ့သည်ဓမ္မဝိနယာနုလောမသည် ဓမ္မဝိနယနှင့်လျော်ညီသော “မူလဒွါရနိကာယ” ဆိုသည်မှာမူလဒွါရဂိုဏ်း အပေါင်းအစုဟု အဓိပ္ပါယ်ရသည်။
အင်္ဂပူဆရာတော်ဘုရားကြီးသည် တပည့်များအပေါ်၌ မေတ္တာတရားဖြင့် အုပ်ချုပ်သင်ပြ သိမ်းသွင်းတော်မူသည်။ ဆရာတော်ဘုရားကြီးသည် အပြင်အပ ဗဟိဒ္ဓပုဂ္ဂိုလ်တို့၌ နေမင်းပမာ တင်းမာခက်ထန်စွာကျင့်ဆောင်သည်ဟု ဆိုစေကာ မူ အတွင်းနေအနီးရှိ တပည့်များကိုမူ လိုလားအပ်သော ပရိယတ္တိပညာကို နည်းနာရအောင် ညွှန်ပြပို့ချပေးခြင်း၊ ကြင်နာစွာဖေးမကူညီခြင်း စသည်အား ဖြင့် လမင်းပမာကြည်သာအေးမြစွာကျင့်ဆောင်တော်မူလေသည်။ မိမိပုဂ္ဂလိကပိုင် ဖြစ်သည့်ပစ္စည်းများကို တပည့်တို့အား ““အဒိန္နာဒါန်” မရှိရ ငါပေးပြီးဖြစ်သည်ဟု ခွင့်ပြုထားလေသည်။
အင်္ဂပူဆရာတော်ဘုရားကြီးသည် မာဂဓ၊ သက္ကတနှစ်ဌာနတွင် မာဂဓကိုသာ အားထားတော်မူသည်။ မာဂဓကျမ်းတို့ကား ပဋိသမ္ဘိဒါပတ္တ ဖြစ်တော် မူကြကုန်သော အရှင်မဟာကဿပ အစရှိကုန်သော ရဟန္တာကြီးတို့က ဗုဒ္ဓမြတ်စွာဘုရား၏ မိန့်ဆိုချက်နှင့်အညီ ဟောကြားရွတ်ဆို၍ သုံးကြိမ်တိုင်တိုင် သင်္ဂါယနာသဘင် တင်တော်မူခဲ့ပြီး လေးကြိမ်မြောက် ပေထက်အက္ခရာတင်တော် မူခဲ့ပြီး ဖြစ်သည်ဟုဆိုသည်။
၁၂၉၅ ခုနှစ် မူလဒွါရဂိုဏ်း၏ ပဉ္စမမြောက်မဟာနာယကတင်သဘင် အခမ်းအနားပြုတင်မြှောက်ရာတွင် အင်္ဂပူဆရာတော်ကြီး အရှင်ဝိစိတ္တမထေရ်မြတ်ကို “ဓမ္မဝိနယာနုလောမ မူလဒွါရဂိုဏ်းကြီး၏ ပဉ္စမမြောက်သာသနာပိုင် အဖြစ်တင်မြှောက်ခြင်းခံရသည်။ အင်္ဂပူဆရာတော်ဘုရားကြီးသည် ဒွါရဝါဒီ စည်ပင်ပြန့်ပွားပြီး သာသနာသန့်ရှင်းကြီးပွားအောင် လုံ့လပြုအားထုတ် တော်မူရင်း ၁၃ဝ၃ ခုနှစ် သီတင်းကျွတ်လတွင် ဘဝနတ်ထံ ပျံလွန်တော်မူလေသည်။
ပန်းတောင်းဆရာတော် ဓမ္မဝိနယာနုလောမ မူလဒွါရနိကာယဂိုဏ်း၏ ဆဋ္ဌမမြောက်သာသနာပိုင် (၁၃၀၄-၁၃၂၀)
ပန်းတောင်ဆရာတော်ဘုရားကြီး၏ ငယ်နာမည်မှာ မောင်ရွှေညှာ ဖြစ်သည်။ ပြည်ခရိုင်၊ ပန်းတောင်းမြို့ ကြခတ်အရပ်၌ အဖဦးမိုး၊ အမိဒေါ်ပန်းနု တို့မှ ၁၂၃၆ ခုနှစ် တော်သလင်းလဆန်း ၆ ရက်၊ ဗုဒ္ဓဟူးနေ့နံနက် လေးချက်တီး အချိန်တွင် ဖွားမြင်တော်မူသည်။ ၉ နှစ်သားအရွယ်တွင် အုတ်ကျောင်းဆရာတော် ဦးအရိယဝံသထံ အပ်နှံလေသည်။ သင်ပုန်းကြီး၊ မင်္ဂလသုတ်များကို သင်ကြားရသည့်အပြင် အုတ်ဖိုဆရာတော်ဘုရားကြီး၏ ဂုဏ်တော်ဖွင့် လက္ခဏာတော်ကြီးဘုရားရှိခိုးလည်း သင်ကြားရသည်။
ကျောင်းသားဘဝမှစ၍ ဂုဏ်တော်ဖွင့် လက္ခဏာတော်ကြီးဘုရားရှိခိုးတို့ကို အသက်အရွယ်ကြီးသည့်တိုင်အောင် နေစဉ်မပြတ်ရွတ်ဖတ်ပူဇော်သည်။ ပရိတ်ကြီး၊ ငရံ့မင်းပရိတ် ၊ သဒ္ဒါသုတ်စဉ် ဝိဘတ်သွယ် တို့ဖြစ်လေသည်။
၁၃ နှစ်သားအရွယ်တွင် သာမဏေအဖြစ် ခံယူတော်မူသည်။ ဘွဲ့တော်မှာ ရှင်ဝိစိတ္တဖြစ်သည်။ သာမဏေဝတ်ဖြင့် သင်္ဂြိုဟ်သဒ္ဒါ ဝိနည်းငယ်လေးစောင်၊ သင်္ခေပဝဏ္ဏနာဋီကာ, ကင်္ခါဝိတရဏီအဋ္ဌကထာများကို သင်ကြားတော်မူသည်။ မြေနီကုန်း တောရဆရာတော် ဦးခေမိန္ဒသည် ထိုအချိန်က အုတ်ကျောင်း၌ သီတင်းသုံးစဉ်ကာလဖြစ်၍ ယင်းဆရာတော်ထံမှ ဂဏန်းသင်္ချာကိုးကြောင်း၊ ခရိုင်တွက်နည်း၊ ဗေဒင်အင်္ဂဝိဇ္ဇာပညာရပ်များ သင်ယူခဲ့ရလေသည်။ ၁၂၅၆ ခုနှစ်ဦး တန်ခူးလပြည့်ကျော် ၆ရက် ဗုဒ္ဓဟူးနေ့ နံနက် ၈ နာရီအချိန်တွင် ပန်းတောင်းမြို့ အုတ်ကျောင်းတိုက် ဥဒကုကွေပ(ရေသိမ်)၌ ရဟန်းအဖြစ်သို့ ရောက်တော်မူသည်။ ရဟန်းဒါယကာ များမှာ ပန်းတောင်းမြို့၊ ကြခတ်ရပ်နေ ဦးညိုကြီး+ဒေါ်အုန်းခိုင် သမီး ဒေါ်ဝါရုံ တို့ဖြစ်သည်။ ဥပဇ္ဈာယ်ဆရာမှာ အုတ်ကျောင်းဆရာတော် ဦးအရိယဝံသ ဖြစ်သည်။
ရဟန်းအဖြစ်သို့ ရောက်ပြီးနောက် ဝါတွင်းကာလအုတ်ကျောင်းတိုက်တွင် သီတင်းသုံးပြီးနောက် ၁၂၅၆ ခုနှစ် နတ္တော်လပြည့်ကျော် ၈ရက်၊ ဗုဒ္ဓဟူးနေ့တွင် လက်ပံလှသို့ စာသင်ကြွသည်။ လက်ပံလှသို့ စာသင်သွားသော အခါ ဦးနန္ဒမာလာ ကဘွဲ့တော်ကို ဦးဝါသဝ ဟုပြောင်းစေခဲ့သည်။ ရဟန်း ဦးဝါသဝ သည် လက်ပံလှတွင်နေ၍ တစ်လခန့်ကြာလျှင် ပန်းတောင်းသို့ ပြန်ကြွလာသည်။ အကြောင်းမူ စာကောင်းစွာမသင်ရ၍ ပြန်လာခြင်းပင်။
ယင်းသို့ပြန်လာပြီးနောက် လက်ပံတန်းမြို့၊ မီးလောင်ကုန်း ပထမ ဗောဓိဝန်ကျောင်းတိုက်ဆရာတော် ဦးမေဓာထံတွင် အဘိဓမ္မာဘက်ဆိုင်ရာ ဝိနည်းဘက်ဆိုင်ရာ၊ အာစေရမုဋ္ဌိ ဟူသော ဆရာလက်သုံး ထုံးနည်း ဥပဒေသတို့နှင့်တကွ မှတ်သားနာယူခဲ့ရသည်။ သုတ္တန်အဋ္ဌကထာကြီးများကို ဆုံးခန်းတိုင် မသင်ရပေ။
လက်ပံတန်း၌ စာပေသင်ယူတော်မူနေစဉ် မယ်တော်မကျန်းမာကြောင်း သံကြိုးစာရသဖြင့် ဝါပန်ကာ ခေတ္တပြန်လာသည် ရောဂါဝေဒနာခံစားနေရသော မယ်တော်ကြီးက သားရဟန်းကြွရောက်လာသည်ကို မသိပေ။ ဆရာတော်သည် မယ်တော်ကြီးအား ဘုရားဆေးဖြင့်ဟကယ်တင်ပေအံ့ဟု သဘောရကာ ဗောဇ္ဈင်ပရိတ်၊ သီဟိုဠ်ဆရာတော် စီရင်အပ်သော “တေနသစ္စဝဇ္ဇေန သောတ္ထိ ဟောတုသဗ္ဗဒါ”ဂါထာနှင့် အုတ်ဖိုဆရာတော်ဘုရားကြီးစီစဉ်အပ်သော “စိရံ ကာယောဋ္ဌိတော ဟောတု၊ သမ္ပတ္ထိဝါပိ သဗ္ဗဒါ” စသော ဂါထာ၊ မိမိပဋိဘာန်ဖြင့် စီမံအပ်သော “ဗောဇ္ဈင်္ဂပရိတ္တံ၊ တံရက္ခတု”ဟူသော သစ္စာပတ္ထနာမှုကို စူးစိုက် တည်ငြိမ်စွာ ရွတ်ဖတ်တော်မူသည်။
ထိုအခါ မယ်တော်ကြီးသည်သတိရလာ၍ ဦးခေါင်းငဲ့စောင်းကာ သားတော်ရဟန်းကို ကြည့်လေသည်။ ဆရာတော်က မယ်တော်ကြီးအား ဝေဒနာ ကိုစွဲ၍ ဒေါမနဿမဖြစ်စေရန် မိမိပြုခဲ့ဘူးသော ကောင်းမှုကံကိုသာ အထပ်ထပ် အောက်မေ့ဖွားများရန် ဟောကြားတော်မူသည်။ နေ့စဉ်ပင် မယ်တော်ကြီးအနီး၌ ရွတ်ဖတ်ပူဇော်လေရာ ဝေဒနာသက်သာလာ၍ လက်ပံတန်းသို့ပြန်ကြွသည်။
လက်ပံတန်းမြို့ မီးလောင်းကုန်းရွာ ပထမဗောဓိဝန်ကျောင်းတိုက်၌ ၃ နှစ်မျှ သင်ကြားပြီးနောက် မြန်အောင်မြို့ ဂူကိုးလုံးကျောင်းတိုက်ဆရာတော် အရှင်နန္ဒိယထံသို့ ပြောင်းရွှေ့ခဲ့သည်။ သို့ရာတွင် ဂူကိုးလုံးဆရာတော်ကြီးမှာ အသက်အရွယ်ကြီးရင့်သဖြင့် စာပေပို့ချမှု ကောင်းစွာမပြုနိုင်သည့်အပြင် ပန်းတောင်းဆရာတော်ကိုယ်၌ကပင် အနာနှစ်လုံးသုံးလုံးပေါက်ပြီး ကျန်းမာရေးကြောင့် လင်းလွန်ပင်ကျောင်းသို့ ပြောင်းရွှေ့ပြန်ရာ လိုအင်မပြည့်သဖြင့် လက်ပံလှကျေးရွာ အဇိနာရာမကျောင်းသို့ ၁၂၉၅ ခုနှစ်တွင်ပြန်လည် ရောက်ရှိသည်။
လက်ပံလှတွင် သီတင်းသုံးစဉ်ကာလအတွင်း လိုအပ်သော ပရိယတ္တိ ကျမ်းစာများ၊ သဒ္ဒါနည်းနာများ၊ လုပ်ထုံးဖြတ်ထုံးစသည့် အာစေရမုဋ္ဌိများကို ဆည်းပူးပြီး အင်္ဂပူဆရာတော်ဘုရားကြီးကို ကူညီခဲ့ရသည်။ အုတ်ဖိုဆရာတော် ဘုရားကြီထံမှ လက္ခဏစိတြတ္ထယောဇနာ ခေါ် သဒ္ဒါသုတ်နက်ကို ညဝါအဖြစ် လိုက်နာသင်ယူသည်။စပ်ရာစပ်ရာဌာနတို့၌ ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာကျမ်းဂန်အဆို လိုအပ်သောအဓိပ္ပါယ်ဆန်းကြယ်သော အဆုံးအဖြတ် မှတ်သားဖွယ်ရာ အာစေရမုဋ္ဌိ၊ အတိသုခုမ၊ ဝိနိစ္ဆယတို့ကို အုတ်ဖိုဆရာတော် ဘုရားကြီး၏ မိန့်ဟတော်မူချက်များကို ကြားနာရသည်။ အင်္ဂပူဆရာတော် ဘုရားကြီးထံ၌ကား လိုအပ်သော ပါဠိတော်၊ အဋ္ဌကထာ၊ ကျမ်းဂန်များ ကစ္စာယနသာရ စသော သဒ္ဒါဗျာကရုဏ်းဆိုင်ရာကျမ်းများ ဖွဲ့သီခြင်းဆိုင်ရာ ဗဟုသုတများကိုရရှိသည်။ ၁၂၅၉ ခုနှစ်အထိ လက်ပံလှတွင် စာပေသင်ယူတော်မူသည်။
၁၂၆၄ ခုနှစ် မွေးရပ်သို့ပြန်စဉ် ပန်းတောင်းမြို့ ဘုရားပေါ်ဆရာတော် ဘုရားကြီး၏ တိုက်တွန်းချက်အရ မုံရွာမြို့ ဓမ္မာရုံတိုက်၊ ရွှေကျင်နိကာယဝင် ဦးပဒုမထံ၌ ခေတ္တမျှ စာလိုက်ခဲ့သည်။ နာမပရာမဋ္ဌ အဆုံးအဖြတ်ကို သေချာစွာ ကူးယူခဲ့လေသည်။ မန္တလေး၌မူ ရက်အနည်းငယ်မျှနေပြီး ဗဟုသုတ ရယူဆည်းပူးခဲ့သည်။ မုံရွာမှပြန်လာပြီး လက်ပံလှသို့သာကြွတော်မူသည်။
၁၂၆၇ ခုနှစ်တွင် ပန်းတောင်းမြို့ ကြခတ်ရပ်နေ ဦးမြတ်ရာ၊ ဦးချက်ကြီး၊ ဦးသာဇံ နှင့် ဦးရွှေမှိန်တို့လေးဦးသည် လက်ပံလှသို့သွားရောက်ပြီးလျှင် အင်္ဂပူ ဆရာတော်ဘုရားကြီးထံ၊ လျှောက်ထား တောင်းပန်ကြလေသည်။
ဒါယကာ လေးဦးတို့က “ပန်းတောင်းဆရာတော် အရှင်ဝါသဝ ကို ချီးမြှောက်ပါရန် မချီးမြှောက်ပါက ကြခတ်ရပ်နှစ်ပိုင်းကွဲ၍ အရှင်ဘုရားတို့ အလိုရှိအပ်သော ဒွါရဝန္ဒနာသာသနာတော်လည်း ညှိုးမှိန်ကာ မစည်ကားဘဲ ရှိပါလိမ့်မည်” ဆရာတော်လေးအား ချီးမြှောက်ပါမူ ပန်းတောင်းနယ်မြေတဝန်း ဒွါရဝန္ဒနာ ဓမ္မက္ခန္ဓာသာသနာ ပွားစီးအားကြီးဖွယ်ရာ ရှိပါသည်ဘုရား”ဟုလျှောက်ထားလေသည်။
ပန်းတောင်းဆရာတော်ဘုရားသည် အရှေ့ပိုင်းအနောက်ပိုင်း ဒါယကာတို့ မညီညွတ်သောအခြေအနေတွင် သားချင်းတော်စပ်သူတို့က မနေစေလိုကြောင်း၊ လက်ပံလှ၌ပင် သီတင်းသုံးကာ ဆရာသမားများအား လုပ်ကျွေးပြုစုရင်း ပဋိယတ် ပဋိပတ်တို့ကို ကိုယ်တိုင်သောက်စို့ရင်း တဘက်မှလည်း ရဟန်းငယ်နှင့် သာမဏေတို့ကို စာပေသင်ကြားပို့ချခြင်းအားဖြင့် သာသနာပြုလိုကြောင်း လျှောက်ထားလေသည်။
ထိုအခါ အင်္ဂပူဆရာတော်ဘုရားကြီးက “ရှုပ်ပစေ၊ ရှုပ်ပစေ မင်းလိုလူက အရှုပ်ထဲမှာမှ ပိုပြီးအရည်အချင်း သိသာတယ် အရည်အချင်းရှိသူဟာ အရှုပ်ကိုမကြောက်နဲ့ အရှုပ်ကြီးလေ အရည်အချင်းရှိသူရဲ့ သတ္တိ ထွက်လာလေပဲ။ ဒီလိုအရည်အချင်းနဲ့ ကိုယ်တွင်းသတ္တိ အခြေပြုတိုးတက် ကြီးမြင့်လာခြင်းက အရှည်တည်တံ့တယ် ပိုပြီးအရှိန်အစော်ရှိတယ်။ သြဇာအာဏာစူးရှတယ်။ ဒါကြောင့် ရှုပ်သမျှဟာ ငါ့တပည့်အရည်အချင်းပြဖို့ စစ်တလင်းဖြစ်တယ်။ မင်း လိုက်သွား မင်းကိုယုံတယ်၊ မင်းလိုက်မှ ပန်းတောင်းနယ်မြေမှာ ဒွါရဝန္ဒနာ သာသနာထွန်းကား အရှည်တည်တံ့စည်ပင်မယ်”ဟု မိန့်တော်မူသည်။
၁၂၆၇ ခုနှစ် ပြာသိုလတွင် ပန်းတောင်းမြို့ ကြခတ်ရပ်၌ ဆုတောင်းပြည့် ကျောင်းသစ်တိုက်အာရာမ်ကို ခံယူတော်မူသည်။ စာသင်တိုက်အဖြစ်ထူထောင်ကာ စာပေပရိယတ္တိ ပို့ချသည်။ ပရိယတ္တိသင်ကြားရေး၌ ပထမဦးစွာ ကစ္စည်းသဒ္ဒါ ကျမ်း ကျေစေပြီးမှ အဘိဓမ္မာကျမ်းစာတို့ကိုသင်စေသည်။ ကိုယ်တော်တိုင် ကစ္စည်းသဒ္ဒါကို အခြေပြုမှစ၍ပို့ချသည်။ အတော်ကျွမ်းကျင်မှ တိုက်အုပ် ဆရာတော်ကို လွှဲပြောင်းပို့ချစေသည်။ ထူးချွန်သူ စာသင်သားများကို အဘိဓမ္မာ အဋ္ဌကထာဝိနည်းအဋ္ဌကထာများကို ကိုယ်တော်တိုင် ပို့ချတော်မူပြန်သည်။ ကစ္စာယန၊ ဘေဒစိန္တာ၊ ရူပသိဒ္ဓိ စသည်တို့ကို သီးသန့်ပို့ချခြင်း၊ နည်းပါးသည်။ အဋ္ဌကထာကြီးများသင်ကြားပို့ချရာ၌ ယင်းကစ္စာယန၊ ဘေဒစိန္တာ၊ ရူပသိဒ္ဓိလာ အဓိပ္ပါယ်တို့ကို ဆိုင်ရာဆိုင်ရာ ကဏ္ဍအလိုက်ထည့်သွင်းရှင်းပြ ဖွင့်ဆိုနှံ့စပ်စွာ ပို့ချတော်မူလေသည်။
ပုဒ်စစ်၊ သဒ္ဒါစစ်၊ သံဝဏ္ဏနာ၊ နည်း၊ ဥပစာတို့ကို ကြေကြေညက်ညက် နှုတ်တတ်ဖြစ်စေလျက်၊ ယင်းတို့ကို အခြေခံကာ သဒ္ဒါကျမ်းငယ်စသည့် ကျမ်းလာ အဓိပ္ပါယ်တို့ကို သွတ်သွင်းခါ သဘောပေါက် စာတတ်ဖြစ်အောင် ဝါတွင်းကာလပတ်လုံး စာဝါမပျက်ပို့ချတော်မူသည်။
ဆရာတော်ဘုရားကြီးသည် တရားဟောပြောသည့်အခါများတွင်လည်း ကြားနာသူ စိတ်နှလုံးကြည်နူးခြင်းဖြစ်ပြီး တရားသဘောပေါက်အောင် ဟောသည်။ ဆရာများပေးသည့်နည်း၌တည်၍ အာကာသဂင်္ဂါမှ လျော့ကျသော ရေသည်အစဉ်မပြတ်သကဲ့သို့ မပြတ်သောစကားကို ဖြစ်စေလျက်ဟောကြားသည့် ဓမ္မကထိက၏စကားသည်သာ အနုပ္ပဗန္ဓမည်၏ ဆိုသကဲ့သို့ပင် ဆရာတော် ဘုရားကြီး၏တရားသည် အနုပ္ပဗန္ဓပင် ဖြစ်သည်ဟုဆိုသည်။
ဆရာတော်ဘုရားကြီးသည် ဒွါရဝန္ဒနာ သာသနာထွန်းကား ပြန့်ပွားရေးတွင် ဝီရိယလုံ့လပြု ကြိုးပမ်းအားထုတ်တော်မူသည်။ ကျမ်းပေါင်းများစွာလည်း ရေးသားပြုစုတော်မူသည်။ ၁၂၉၅ ခုနှစ်ပြာသိုလ၌ အိန္ဒိယဘုရင်ခံချုပ် ဆက်ကပ် လှူဒါန်းသော “အဂ္ဂမဟာပဏ္ဍိတ”ဘွဲ့တံဆိပ်တော်ရရှိသည်။ ၁၃၁၅ ခုနှစ်တွင် ဆဋ္ဌသံဂီတိ ဩဝါဒါစရိယ သံဃနာယကဘွဲ့ကို ခံယူရရှိသည်။ “ဓမ္မိဝိနယာနုလောမ မူလဒွါရ နိကာယဂိုဏ်း”၏ ပဉ္စမမြောက် သာသနာပိုင်ဖြစ်တော်မူသော အင်္ဂပူဆရာတော်ဘုရားကြီး ဘဝနတ်ထံပျံလွန် တော်မူသောအခါ -
၁။ ၁၂၂၈ ခုနှစ် ကဆုန်လတွင်ဖွားမြင်သော ဟင်္သာတခရိုင် မဲဇလီကုန်းမြို့ ကြံတောဆရာတော်။
၂။ ၁၂၂၉ ခုနှစ် တော်သလင်းလတွင် ဖွားမြင်သော သာယာဝတီခရိုင် သာရဝေါတိုက်နယ် ရွာကလေးဆရာတော်။
၃။ ၁၂၃၁ ခုနှစ် သီတင်းကျွတ်လတွင် ဖွားမြင်တော်မူသော သာယာဝတီခရိုင်၊ ဇီးဖြူကုန်းမြို့၊ လုလင်ကျော် ဆရာတော်။
၄။ ပန်းတောင်းဆရာတော်ဘုရားကြီးလေးပါးတို့သည် မဟာနာယကတွင် သိက္ခာတော်ကြီးရင့်သော မထေရ်ကြီများဖြစ်ကြ၍ ဓမ္မဝိနယာနုလောမ မူလဒွါရနိကာယဂိုဏ်း ဆဋ္ဌမမြောက်မဟာနာယက သံဃရာဇာ သာသနာပိုင်များဖြစ်ကြလေသည်။ မဟာနာယက သံဃရာဇာလေးပါးတို့အနက် ပန်းတောင်း ဆရာတော်ဘုရားကြီးသည် ပဓာန မဟာနာယကအရာ၌ တည်တော်မူရပေသည်။
၁၃၀၅ ခုနှစ် ဝါဆိုလတွင် ရွာကလေးဆရာတော်ဘုရားကြီးသည် လည်းကောင်း၊ ၁၃၀၇ ခုနှစ် ပြာသိုလတွင် ကြံတောဆရာတော် ဘုရားကြီးသည် လည်းကောင်း၊ ၁၃၁၆ ခုနှစ် နှောင်းတန်ခူးလတွင် လုလင်ကျော် ဆရာတော် ဘုရားကြီးသည်လည်းကောင်း၊ အသီးသီးခန္ဓာချုပ်ငြိမ်းရုပ်သိမ်းပျံလွန်တော်မူ ကြလေသည်။ ထိုအခါ ပန်းတောင်းဆရာတော်ဘုရားကြီးသည် တစ်ပါးတည်းသော ဓမ္မဝိနယာနုလောမ မူလဒွါရနိကာယဂိုဏ်း၏ ဆဋ္ဌမမြောက်မဟာနာယက သံဃရာဇာသာသနာပိုင်ဖြစ်တော်မူလေသည်။
၁၃၀၆ ခုနှစ် တန်ဆောင်မုန်းလဆန်း ၁၀ ရက် ဟင်္သာတ, အင်္ဂပူ ဒွါရအမည်ရှိကုန်သော ဒွါရတို့သည် ကျေးဇူးရှင်အုတ်ဖိုဆရာတော်ဘုရားကြီး၏ တပည့်ချင်းဖြစ်ပါလျက် နှစ် ၃၀ မျှ တစ်သီးတစ်ခြား ရပ်တည်နေရာမှ ပြန်လည်စည်းရုံးရန် အခွင့်သာသည်ဖြစ်၍ မဲဇလီကုန်းမြို့ တောင်ဖက် ကန်ဆည်ရွာ ဘုရားကြီးကျောင်းတိုက်အတွင်း၌ သံဃာ့အစည်းအဝေးကျင်းပလျက် နိကာယသမောဓာန ပြုတော်မူလေသည်။ ထိုအစည်းအဝေးကြီးကား အောင်မြင်တော်မူသည်။
ပန်းတောင်းဆရာတော်ဘုရာကြီးသည် ဒွါရဝါဒီဖြစ်သော သမ္မတ ဒေါက်တာဦးဘဦး ဆည်းကပ်ကိုးကွယ်သည့် ဆရာတော်ဖြစ်သည်။ ဆရာတော် ဘုရားကြီးသည် အုတ်ဖိုဆရာတော်ဘုရားကြီး၊ အင်္ဂပူဆရာတော်ဘုရားကြီး တို့နည်းတူ ဒေသအများအပြားသို့ လှည့်လည်သီတင်းသုံး စာပေပို့ချသည့်အပြင် တပည့် သံဃာတော်များအားလည်း သင့်လျော်ရာ ဒေသများသို့သွားရောက် သီတင်းသုံးသာသနာပြု စေလွတ်တော်မူသည်။
၁၃၁၇ ခုနှစ် တပို့တွဲလဆန်း ၁၃၊ ၁၄၊ ၁၅ ရက်များတွင် ကျင်းပသော ဒွါရဝါဒီနှစ်တစ်ရာပြည့် မဟာသဘင်အစည်းအဝေး၌ သံဃမဟာနာယက သဘာပတိအဖြစ်အုပ်ချုပ်တော်မူသည်။ ထိုအစည်းအဝေးကြီးသို့ မူလဒွါရ မဟာဒွါရ၊ နန်ဦးမဟာဒွါရ နိကာယဝင်များ၊ ရခိုင်ပြည်နယ် ဒွါရဝါဒီများ ကံမမြို့နယ်မှ ဒွါရဝါဒီများ ပါဝင်တက်ရောက်ကြသည်။
ပြည်ထောင်စုမြန်မာနိုင်ငံတော်သမ္မတကြီး ဒေါက်တာဦးဘဦး နိုင်ငံတော် ဗုဒ္ဓသာသနာအဖွဲ့ချုပ်၊ ဒုတိယဥက္ကဋ္ဌ နိုင်ငံတော်တရားသူကြီးချုပ် အဂ္ဂမဟာသရေစည်သူ ဦးသိမ်းမောင်၊ သမ္မတအတွင်းဝန် သီရိပျံချီ ဦးပါချီနှင့် တာဝန်ရှိသူတို့ တက်ရောက်ကြသည်။
ဆရာတော်ဘုရားကြီးသည် တပို့တွဲလပြည့် နေ့လယ် ၁၁ နာရီအချိန်တွင် ကျင်းပအပ်သော ဒွါရဝါဒီ နိကာယနှစ်တစ်ရာပြည့် ကျောက်တိုင်ပန္နက်တင် မင်္ဂလာသဘင်အခမ်းအနားသို့ တက်ရောက်သည်။ ကျေးဇူးရှင် ပန်းတောင်းဆရာတော်ဘုရားကြီးသည် ဒွါရဝါဒီ နှစ်တစ်ရာပြည့် မဟာသဘင်သံဃာ့အစည်းအဝေး နောက်ဆုံးနေ့၌ နိဂုံးချုပ် ဩဝါဒအဖြစ် (၁) နိကာယဝင် အရှင်သူမြတ်တို့သည် ဒွါရဝါဒီ ပီသစွာနေထိုင်ကြရန်။ (၂) ဗုဒ္ဓနုဿတိ အာရုံထုံမွှမ်းကြရန်။ (၃) အပ္ပမာဒတရားလက်ကိုင်ထား၍ သတိဓမ္မ ပြည့်စုံကြရန် ဟောကြားတော်မူပါသည် ။ ဆရာတော်ဘုရားကြီးသည် ၁၃၂ဝ ပြည့်နှစ် ကဆုန်လဆန်း ၂ မြန်မာနှစ်ဆန်း ၂ရက်နေ့ နာရီပြန် ၂ ချက်တီးအချိန်၌ စုတိကမ္မဇရုပ်ချုပ်ငြိမ်း စံလွန်တော်မူသည်။
ကန်တွင်းဆရာတော် ဓမ္မဝိနယာနုလာမလဒွါရနိကာယဂိုဏ်း၏ သတ္တမမြောက် သာသနာပိုင် ပြည်မြို့ (၁၃၂၀-၁၃၂၁)
ပြည်မြို့ ကန်တွင်းဆရာတော်ဘုရားကြီးသည် သက္ကရာဇ် ၁၂၅ဝ ခုနှစ်တွင် ဖွားမြင်တော်မူသည်။ ဟင်္သာတမြို့နယ် သံပရာကိုင်းရွာ ဇာတိဖြစ်သည်။ ပန်းတောင်းမြို့သို့ရောက်ပြီး သက္ကရာဇ် ၁၂၆၉ခုနှစ်တွင် ပန်းတောင်းမြို့ ဆုတောင်းပြည့်ကျောင်းသစ်တိုက် ပန်းတောင်းဆရာတော်ဘုရားကြီးအားဥပဇ္ဈာယ်ပြု၍ ရဟန်းအဖြစ်သို့ ရောက်တော်မူသည်။ ဘွဲ့တော်မှာ အရှင်သုဘာသိတ ဖြစ်သည်။ ပန်းတောင်းမြို့သို့ရောက်ပြီးမှ ရဟန်းတက်ခြင်းပင်။ ကန်တွင်းဆရာတော်သည် ငယ်စဉ်ကပင် လုံ့လဝီရိယ ကြီးမားတော်မူသည်။ ပန်းတောင်းဆရာတော်ဘုရားကြီး၏ အားကိုးပြုရသော တပည့်တစ်ပါးပင်ဖြစ်သည်။ သက္ကရာဇ် ၁၂၇၅ ခုနှစ် ဝါဆိုလဆန်း ၆ ရက်နေ့၌ ပြည်မြို့ ဆုတောင်းပြည့်တိုက်ကို တည်ထောင်၍ စာသင်တိုက်ဖွင့်လှစ်ရန် ပန်းတောင်းဆရာတော်ဘုရားကြီးက စေလွှတ်ရာ အခြံအရံများနှင့်တကွ ကြွရောက်တော်မူသည်။ ၁၂၈၆ ခုနှစ်တွင် လမ်းမတော် မြန်မာ့ကျက်သရေဆောင် ကုမ္ပဏီ ဦးလှဘူး+ ဒေါ်ညွန့် တို့က ကျောင်းတိုက်အတွင်း ဆောက်လုပ်လှူဒါန်းသော ဝေနယိကရုမ်အုတ်ကျောင်းသစ်ကို အလှူခံသည်။
ပြည်မြို့၊ မူရေပင်အရပ်တွင် ဦးမိုး+ဒေါ်စို ဇနီးမောင်နှံနှစ်ဦးသည် လယ်လုပ်၍ ငွေကြေးစုဆောင်းမှုပြုကာ ကျောင်းကြီးတစ်ဆောင် လှူဒါန်းရန် အာသီသ ပြင်းပြသည့်အလျောက် ကြိုးပမ်းလုပ်ဆောင်ကာ ချွေတာ စုဆောင်းမှု ကောင်းမွန်သောကြောင့် ကျောင်းကြီးတစ်ဆောင် ဆောက်လုပ် လှူဒါန်းနိုင်လောက်သည့် ပစ္စည်းဥစ္စာစုမိလေသည်။ ထိုအခါ ဦးမိုးသည် မည်သည့် မြို့ရွာ၊ မည်သည့်ကျောင်းတိုက်၌ ဆောက်လုပ်လှူဒါန်းရန် သင့်ပါမည်နည်းဟု ပြည်မြို့မှအစပြုကာ မန္တလေးမြို့တိုင် ရှာဖွေရာ မိမိနှစ်သက်သော ကျောင်းတိုက်၊ မိမိကြည်ညိုသော ရဟန်းသံဃာတို့ကို မတွေ့ရချေ။
တစ်နေ့သော် ဦးမိုးသည် ပြည်မြို့ကန်တွင်းဆုတောင်းပြည့် ကျောင်းတိုက်သို့ ရောက်ရှိသွားသည်။ ထိုအချိန်တွင် ကန်တွင်းဆရာတော် ဦးသုဘာသိတသည် စာဝါအတွက် ခေါင်းလောင်း တီးချိန်တည်း။ ခေါင်းလောင်းသံစဲလျှင် ကျောင်းအသီးသီးမှ ရဟန်းသံဃာတို့သည် သင်္ကန်းကို ပရိမဏ္ဍလအစ ညီစွာဝတ်ရုံလျက် ကျမ်းစာအုပ်ကို ရင်မှာပိုက်ကာ တည်ငြိမ်သော အိန္ဒြေဖြင့် ဆရာတော်၏ကျောင်းသို့ ကြွသွားကြသည်ကို မြင်ရသဖြင့် ကြည်ညိုခြင်းများစွာ ဖြစ်ရလေသည်။ ထိုအခါ ဦးမိုးသည် ရဟန်းသံဃာတော်တို့နောက်မှ လိုက်သွား၍ ကြည့်ရှုပြန်ရာ အစီအရီ ညီညာစွာရှိနေသော သံဃာစီးဖိနပ်များကို တအံ့တသြတွေ့ရလေသည် ဆရာတော်ကိုလည်း လှမ်းမျှော်ဖူးတွေ့ရလေသည်။ စာအဓိပ္ပါယ်ရှင်းလင်း ပြသသည်ကိုလည်း ကြည်ညိုစွာကြားနာရသည်။ ငြိမ်သက်စွာ စာနာ, စာလိုက်နေကြသော ရဟန်းများကိုလည်း ဖူးတွေ့ရသည်ဖြစ်၍ တစ်သက်တာဝယ် မတွေ့ဘူးသော အတိဣဋ္ဌာရုံကို တွေ့ကြုံဖူးမြင်ရသဖြင့် ကြက်သီးမွှေးညှင်းထမျှ သဒ္ဓါတရားဖြစ်ပွား တတ်ကြွ၍ ဤကျောင်းတိုက်၌ပင် ကျောင်းဆောက်လုပ် လှူဒါန်းတော့မည်ဟု ဆုံးဖြတ်မိလေတော့သည်။
ကျောင်းမှ အိမ်သို့ပြန်ရောက်လျှင် ဇနီးဖြစ်သူ ဒေါ်စိုအား မိမိဖူးမြင်ခဲ့ရသည့် အတွေ့အကြုံများကို ပြောပြသည်။ နောက်တစ်နေ့၌ ဇနီးသည်ကိုခေါ်၍ နှစ်ဦးသားသွားရောက်ဖူးမြှော်သည်။ ဤသို့ ၃-၄ ရက် ဖူးမြင်စုံစမ်းပြီးမှ ကျောင်းဆောက်လုပ်လှူဒါန်းလေသည်။ ကျောင်းဒကာ ဦးမိုးသည် ကျောင်းအမ ဒေါ်စို မကျန်းမာစဉ်မှာပင် လယ်မြေအချို့ကို ကန်တွင်းဆရာတော်ဘုရားအား လှူဒါန်းလေသည်။
ဆရာတော်ဘုရားကြီးသည် ဒွါရဝါဒီ မဟာနိကာယဝန်ဆောင်ဖြစ်သည်။ သက်တော် ၅၁ နှစ်အရွယ် ၁၃ဝ၁ ခုနှစ်တွင် အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော် ရရှိတော်မူသည်။ ဆရာတော်ဘုရားကြီးသည် ကာယဗလ ပါးလျသော်လည်း လုံ့လဝီရိယအရာ၌ အထူးထက်သန်တော်မူသည့် အလျောက် ပညာတတ်တပည့်များ ပေါ်ထွက်လာသည်အထိ စာပေပရိယတ္တိသင်ကြားပို့ချတော်မူသည်။ သာသနာတော်အတွက် အကျိုးများသော ကျမ်းဂန်များကိုလည်း ရေးသားပြုစု တော်မူသည်။ သက္ကတအရာ၌ ကျွမ်းကျင်လိမ္မာသည်။
၁၃၁၆ ခုနှစ် ကဆုန်လဆန်း (၁၃)ရက်မှ စတင်ကျင်းပမည် ဆဋ္ဌသံဂါယနာတင်ပွဲကြီး၌ ပြည်ခရိုင်မှ အဂ္ဂမဟာပဏ္ဍိတဘွဲ့ တံဆိပ်တော်ရ ရဟန်းနှစ်ပါးဖြစ်သော ပန်းတောင်းဆရာတော်ဘုရားကြီးနှင့် ပြည်ကန်တွင်း ဆရာတော်တို့ ပင့်ဖိတ်ခံရသည်။
ထိုပွဲကြီးတွင် ကြွရောက်လာကြကုန်သော သံဃာတော်အားလုံး တပေါင်းတည်း သိမ်သမုတ်မှု၊ ဥပုသ်ပြုမှု၊ ရွတ်ဆိုမှုတို့သည် ဖြည့်စွက်လာသော အချက် ၃ ချက်သည် မိမိတို့၏ နိကာယစည်းမျဉ်းနှင့် မညီညွတ်သောကြောင့် ထိုအမှုမှ ကင်းလွတ်ခွင့်ပြုရေး ဒွါရဝါဒီတို့မှ တောင်းဆိုရာ ယင်းသုံးချက် ပါဝင်နိုင်လျှင်တက်ပါ။ မပါဝင်နိုင်လျှင်မတတ်ပါနှင့်ဟု ပင့်ဖိတ်ရေးအဖွဲ့ကပြန်ကြားသည်။
ထိုအခါ မူလဒွါရ ပဓာနအမှုဆောင်ဖြစ်သော ကန်တွင်းဆရာတော် ဘုရားကြီးသည် မဟာဒွါရ အမှုဆောင်များဖြစ်သော ဟင်္သာတမြို့ သပြေပင် ဆရာတော်၊ လယ်တီဆရာတော်တို့နှင့် ညှိနှိုင်းကာ မတက်ရောက်ရန်ဆုံးဖြတ် သည်။
ထိုအခါ အစိုးရအဖွဲ့သည် ၁၃၁၆ ခုနှစ် ကဆုန်လဆန်း ၁၂ရက်နေ့ ညတွင် ရေဒီယိုမှနေ၍ ဒွါရဝါဒီဂိုဏ်း၏ တောင်းဆိုချက်များကို လိုက်လျောပါကြောင်း ဒွါရဝါဒီဆရာတော်၊ သံဃာတော်တို့သည် ဆဋ္ဌသံဂါယနာ ဖွင့်ပွဲသဘင် သို့ ကြွရောက်ပါမည့်အကြောင်း ကြေညာပင့်လျှောက်လေသည်။
ပြည်မြို့ရှိ သာသနာရေးအရာရှိတို့သည် ကဆုန်လဆန်း (၁၃)ရက်နေ့ နံနက်ကပင်လာရောက်ပြီး အစိုးရ၏လိုက်လျောချက်နှင့်ပင့်လျှောက်မှုတို့ကို ကန်တွင်း ဆရာတော်အားလျှောက်ထားသည်။ ထိုသို့လျှောက်ထားမှုကြောင့် ဆရာတော် ဘုရားသည် ဟင်္သာတမြို့ ရှိ ဒွါရဝါဒီအမှုဆောင် ဆရာတော်များထံသို့လည်းကောင်း၊ ပန်းတောင်းနယ်ရှိ ဘာဏကအဖွဲ့ဝင်များထံသို့လည်းကောင်း၊ မင်းလှ မြို့နယ် ဘာဏကအဖွဲ့ဝင်များထံသို့လည်းကောင်း အကြောင်းကြားလေသည်။
ထို့နောက် ပန်းတောင်းဆရာတော်ဘုရားကြီးနှင့်အတူ ကဆုန်လပြည့် ကျော်(၁)ရက်နေ့တွင် ပင့်ဆောင်ရန်ရောက်ရှိနေသော ကားများဖြင့် ဆဋ္ဌသံဂါယနာ ပွဲသဘင်သို့ကြွသည်။ ထိုအကြောင်းများကို မူလဒွါရပဓာန အမှုဆောင်ဖြစ်တော်မူသောကန်တွင်းဆရာတော်ဘုရားကြီးသည် ပါဠိဂါထာ ရစနာ ၅-ပုဒ်ဖြင့် အကျဉ်းချုပ် မှတ်တမ်းပြုတော်မူခဲ့သည်။
ကန်တွင်းတိုက်မှ ဆင့်ပွားသာသနာပြုကြသည့် ပုဂ္ဂိုလ်များမှာ ပြည်မြို့ ဂန္ဓမာတောရ၌ ဦးဉာဏာဓိပတိ။ မအူပင်မြို့၊ ထန်းပင်ကွေ့ ကျောင်း၌ ဦးဇောတိဒတ္တ။ ဟင်္သာတခရိုင်၊ မဲဇလီကုန်းမြို့ ဆုတောင်းပြည်တိုက်၌ ဦးနန္ဒမာလာ။ ရွှေတောင်မြို့ သီရိဝိသုတာရုံ လှိုင်မြရှင်ကျောင်းတိုက်၌ ဦးဝေဒိယက။ ဘားအံ့ တရုပ်လှရွာ အထက်ကျောင်းကြီး၌ ဦးဝေဒိဿရ။ မင်းလှမြို့တွင်း ဆုတောင်းပြည့် ကျောင်းတိုက်၌ ဦးဉာဏဓာရ၊ ငါးသိုင်းချောင်းမြို့ ဆုတောင်းပြည့်ကျောင်းတိုက်၌ ဦးနိရင်္ဂဏ။ ရန်ကုန်မြို့ဝင်ဒါမီယာ- ၂၂ ဗြဟ္မနိမ္မိတာရံ ကျောင်းတိုက်၌ ဦးသဟမ္ပတိ။ ပုသိမ်ရာမညမြို့သစ် ဆုတောင်းပြည့်ကျောင်းသစ်၌ ဦးဓမ္မာဓိကတို့ဖြစ်ကြသည်။ ဆရာတော် ဘုရားကြီးသည် ဓမ္မဝိနယာနုလောမမူလဒွါရ နိကာယဂိုဏ်း၏ သတ္တမမြောက်သာသနာပိုင်အဖြစ် ၁၃၂ဝ ပြည့်နှစ်မှ ၁၃၂၁ ခုနှစ်ထိ တာဝန် ထမ်းဆောင်ခဲ့သည်။ ဆရာတော်ဘုရားကြီးသည် သက်တော် ၇၁ နှစ် အရွယ် ၁၃၂၁ ခုနှစ်ဦးတွင် ပျံလွန်တော်မူသည်။
ရှားခဲဆရာတော် ဓမ္မဝိနယာနုလောမမူလဒွါရနိကာယဂိုဏ်း၏ အဋ္ဌမမြောက်သာသနာပိုင် (၁၃၃၈-၁၃၄၃)
သတ္တမမြောက်သာသနာပိုင် ဖြစ်တော်မူသော ပြည်မြို့ကန်တွင်း ဆရာတော်ဘုရားကြီး ပျံလွန်တော်မူသည့် ၁၃၂၁ ခုနှစ် နောက်ပိုင်းတွင် သာသနာပိုင်အဖြစ် တင်မြောက်မှုမရှိသေးဘဲ ၁၃၂၁ ခုနှစ်မှ ၁၃၃၈ ခုနှစ် အထိကာလတွင် တွဲဘက်ဒုတိယသာသနာပိုင်များဖြစ်တော်မူကြသော ရန်ကုန်မြို့ စမ်းချောင်းမဟာရာဇိကာရုံဆရာတော် ဦးဓီရုက္ကဋ္ဌ၊ ကြည့်မြင်တိုင် ကိုးထပ်ကြီး ဆရာတော်၊ စစ်ကွင်းဓမ္မာရုံဆရာတော် ဦးဣန္ဒက၊ ဘားအံမြို့ ရဲကျောင်းတိုက် ဆရာတော် ဦးဂုဏုတ္တရ၊ အင်္ဂပူမြို့ ဓမ္မသုခဆရာတော်၊ မအူပင်မြို့ ဒီပဲယင်း ဆရာတော်၊ ရေကြည်မြို့ ဒီပါရုံဆရာတော်ဘုရားကြီးတို့က ဓမ္မဝိနယာနုလောမ မူလဒွါရနိကာယဂိုဏ်းကို ညှိနှိုင်းအုပ်ချုပ်ခဲ့ကြသည်။ ၁၃၃၈ ခုနှစ်ရောက်မှသာ ဟင်္သာတမြို့နယ် ရှားခဲကျေးရွာမှ ရှားခဲဆရာတော် ဦးဂဏစီရ အား မူလဒွါရဂိုဏ်းသံဃာတော်များက ညှိနှိုင်းဆုံးဖြတ်၍ အဋ္ဌမမြောက် သာသနာပိုင်အဖြစ် တင်မြှောက်ခဲ့ကြသည်။
ဆရာတော်ဘုရားကြီးကို ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်၊ ဆင်လမ်းရွာအနီး ရှမ်းစုကျေးရွာတွင် ခမည်းတော်ဦးအောင်သင်း၊ မယ်တော် ဒေါ်နုတို့က ၁၂၅၇ ခုနှစ် တနင်္လာနေ့တွင် ဖွားမြင်တော်မူသည်။ ကျောင်းသားအရွယ်တွင် ရွာရှိဘုန်းတော်ကြီးကျောင်းတွင် ပညာသင်ကြားသည်။ ၁၃ နှစ်သား အရွယ်တွင် သာမဏေဘဝသို့ ရောက်၍ သဒ္ဒါ၊ သင်္ဂြိုဟ် အခြေခံမှ စတင်သင်ယူသည်။ ၁၂၇၇ ခုနှစ်တွင် ရဟန်းအဖြစ်သို့ ရောက်ရှိပြီး ဘွဲ့တော် ဦးဂဏစီရ ဖြစ်သည်။ ဇလွန်မြို့ မဟာနာဂဝံသတိုက်သို့ စာပေပရိယတ္တိ သင်ယူရန် ရောက်ရှိတော်မူသည်။ ထို့နောက် ဟင်္သာတမြို့ နှင့် ၆ မိုင်အကွာ ရှားခဲကျေးရွာ၌ နိမ္မိတာရုံကျောင်းတွင် ကျောင်းထိုင်ဆရာတော်အဖြစ် ပြောင်းရွှေ့သီတင်းသုံး၍ စာပေပရိယတ္တိပို့ချကာ သာသနာပြန့်ပွားရေးကို အားထုတ်ကြိုးပမ်း ဆောင်ရွက်တော်မူသည်။
၁၃၃၈ ခုနှစ်တွင် ဓမ္မဝိနယာနုလောမ မူလဒွါရနိကာယဂိုဏ်း၏ အဋ္ဌမမြောက် သာသနာပိုင်အဖြစ် မူလဒွါရဂိုဏ်းစည်ပင်တိုးတက်အောင် ဆောင်ရွက်တော်မူရင်း သက်တော် (၈၈)နှစ်၊ သိက္ခာတော် (၆၆)ဝါအရ ၁၃၄၅ ခုနှစ်တွင် ဘဝနတ်ထံပျံလွန်တော်မူသည်။ ၁၃၄၂ ခုနှစ်တွင်အသက်အရွယ်ကြီး ရင့်တော်မူသည့်အပြင် ဆီးရောဂါပါ စတင်ခံစားလာရသဖြင့် ၁၃၄၃ ခုနှစ်တွင် သာသနာပိုင်အဖြစ်ရှိနေသော်လည်း လုပ်ငန်းတာဝန်များ ထမ်းဆောင်ရန် မစွမ်းသာသဖြင့် မဲဇလီကုန်းဆရာတော်အား တာဝန်ပေးခဲ့သည်။ ၁၃၄၅ ခုနှစ်တွင် ဆီးရောဂါ ကုသမှုကိုခံယူရန် ဟင်္သာတမြို့ ချမ်းသာကြီးကျောင်းတိုက်တွင် သွားရောက်သီတင်းသုံး ဆေးကုသမှုခံယူနေစဉ်ကာလ၌ပင် ယင်းကျောင်းတိုက်တွင် ပျံလွန်တော်မူသည်။
မဲဇလီကုန်းဆရာတော် ဓမ္မဝိနယာနုလာမမူလဒွါရနိကာယဂိုဏ်း နဝမမြောက် သာသနာပိုင် (၁၃၄၅-၁၃၆၁)
မဲဇလီကုန်းဆရာတော်လောင်းလျာကို ကန်ထောင့်ရွာတွင် ခမည်းတော် ဦးမြတ်အေး၊ မယ်တော်ဒေါ်သစ်တို့မှ ၁၂၆၃ ခုနှစ်တွင် ဖွားမြင်တော်မူသည်။ မဲဇလီကုန်းဆရာတော်ဘုရားကြီးသည် ပြည်မြို့ ကန်တွင်းဆုတောင်းပြည့်ဆရာတော် ဘဒ္ဒန္တသုဘာသိတ တပည့်ဖြစ်သည်။ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းမြို့၊ ဆုတောင်းပြည့်တိုက်ရှိ တပည့်ရဟန်း သာမဏေများကို စာပေပရိယတ္တိဓမ္မကို မပြတ်ပို့ချသည်။ မဲဇလီကုန်းဆုတောင်းပြည့် ဆရာတော်ဘုရားကြီး၏ ဘွဲ့တော်မှာ အရှင်နန္ဒမာလာဖြစ်သည်။ ဆရာတော်သည် စာပေ ပရိယတ္တိ၌ မာနကင်းသော ပုဂ္ဂိုလ်ဖြစ်သည်။ ဆရာတော်ဘုရားသည် ကျေးဇူးရှင် ပန်းတောင်းဆရာတော်ဘုရားကြီး မိမိကျောင်းတိုက်၌ လာရောက်သီတင်းသုံး နေထိုင်စဉ် ရိုသေဝပ်တွား ကျိုးနွံစွာဖြင့် လိုအပ်သော စာပေများကို လေ့လာသင်ယူလေ့ရှိသည်။ ကျေးဇူးရှင် ပန်းတောင်းဆရာတော်ဘုရားကြီးကလည်း အုတ်ဖိုဆရာတော်၊ အင်္ဂပူဆရာတော်ဘုရားကြီးတို့၏အထံမှ ရအပ်သော နိသျည်းတို့ကို နည်းရအောင် ပို့ချပေးသနားတော်မူသည်။
အဋ္ဌမမြောက် သာသနာပိုင်ဖြစ်တော်မူသော ဆရာတော်ဘုရားကြီးသည် ဟင်္သာတ ရှားခဲဆရာတော်ဘုရားကြီး ပျံလွန်တော်မူပြီးနောက် ၁၃၄၅ “ဓမ္မဝိနယာနုလောမ မူလဒွါရ နိကာယ" ဂိုဏ်းကြီး၏ နဝမမြောက်သာသနာပိုင် ဖြစ်လာသည်။ သာသနာတော်ပြန့်ပွားစည်ပင်ရေး ဒွါရဝန္ဒနာ သာသနာတိုးတက် စည်ပင်ရေးတို့ကို လုံ့လဝီရိယစိုက်ထုတ်စွမ်းတော်မူသမျှ ကြိုးပမ်းအားထုတ်တော်မူပါသည်။ ဆရာတော်ဘုရားကြီးသည် ၁၃၆၁ ခုနှစ် ပြာသိုလဆန်း ၁၂ ရက်နေ့တွင် ခန္ဓာဝန်ချုပ်ငြိမ်းကာ ဘဝနတ်ထံသို့ စံမြန်းတော်မူသည်။
ဆရာတော်ဘုရားကြီးသည် ခရစ်နှစ် ၁၉၈၀ ပြည့်နှစ် ကောဇာ သက္ကရာဇ် ၁၃၄၂ ခုနှစ် ပထမအကြိမ် နိုင်ငံတော်သံဃမဟာနာယက အဖွဲ့တွင် ဓမ္မဝိနယာ နုလောမ မူလဒွါရနိကာယဂိုဏ်း ဦးစီးနာယက သာသနာပိုင် ဖြစ်တော်မူသော မဲဇလီကုန်းဆရာတော်ဘုရားကြီးသည် နိုင်ငံတော်သြဝါဒါ စရိယဆရာတော်အဖြစ် ဆောင်ရွက်တော်မူသည်။
ရွှေတောင်ဆရာတော် ဓမ္မဝိနယာနုလောမမူလဒွါရနိကာယဂိုဏ်း ဒဿမမြောက်သာသနာပိုင် (၁၃၆၁-၁၃၆၈)
မူလဒွါရနိကာယဂိုဏ်း၏ ဒဿမမြောက်သာသနာပိုင်မှာ ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ရွှေတောင်မြို့ယွန်းတန်းရပ် စက္ကပဇ္ဇောတာရုံ ပန်းတောင်းကျောင်းသစ် ဆရာတော်ဘုရားကြီး ဘဒ္ဒန္တစက္ကာဝုဓ မဟာထေရ်မြတ်ဖြစ်သည်။
ဆရာတော်လောင်းလျာကို ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့၊ တပ်ကုန်းရပ် ၊ ခမည်းတော် ဦးစံမှူး မယ်တော် ဒေါ်ရွှေသစ်တို့မှ ၁၂၆၈ခုနှစ် တန်ဆောင်မုန်းလပြည့် အင်္ဂါနေ့တွင် ဖွားမြင်တော်မူသည်။ မွေးချင်း ၇ ယောက် အနက် စတုတ္ထမြောက်ဖြစ်သည်။ ၉ နှစ်သားအရွယ်တွင် ပဉ္စမတန်း အောင်မြင်ခဲ့သည်။ အစိုးရမူလတန်းကျောင်း ပျက်စီးသွားသဖြင့် မိဘများက ပညာဆက်လက် သင်ကြားစေလိုသောဆန္ဒဖြင့် ပန်းတောင်းမြို့မ ဆုတောင်းပြည့် ကျောင်းသစ်တိုက်၊ မူလဒွါရ သာသနနိကာယ ဆဋ္ဌမမြောက် သာသနာပိုင် ဖြစ်တော်မူသော ပန်းတောင်းဆရာတော်ဘုရားကြီးထံအပ်နှံ၍ ပညာသင်ကြားစေရာ မင်္ဂလသုတ် ပရိတ်ကြီး ဝတ်တက် ဝတ်ကပ်၊ ဆုံးမစာ၊ သဒ္ဒါ၊ သင်္ဂြိုဟ် စာငယ်များကို သင်ကြားတတ်မြောက်ခဲ့သည်။
၁၂၈၃ ခုနှစ်၊ တပေါင်းလဆန်း ၇ ရက် စနေနေ့တွင် ပန်းတောင်း ဆရာတော်ဘုရားကြီးကို ဥပဇ္ဈာယ်ပြု၍ မယ်တော် ခမည်းတော် ဆွေမျိုးမိသားစု တို့၏ ချီးမြှောက်ထောက်ပံ့မှုဖြင့် သာမဏေပြုရာ ဘွဲ့တော်မှာ ရှင်စက္ကာဝုဓ ဖြစ်သည်။ ၁၂၈၇ ခုနှစ် တပို့တွဲလဆန်း ၁ ရက်နေ့ နံနက် ၉နာရီအချိန်တွင် မူလဒွါရနိကာယဂိုဏ်း၏ ပဉ္စမမြောက်သာသနာပိုင် ဖြစ်တော်မူသော အင်္ဂပူဆရာတော်ဘုရားကြီး အမှူးပြုသော ဂိုဏ်းသံဃာတော်အပါး ၃၀ ကျော် စုဝေးကြွရောက်ချီးမြှောက်တော်မူ၍ အင်္ဂပူဆရာတော်ဘုရားကြီးကို ဥပဇ္ဈာယ်ပြုကာ ရဟန်းဘဝသို့ ရောက်ရှိတော်မူသည်။ ရဟန်း၊ ဒါယကာ၊ ဒါယကာမများမှာ အရီးတော် ဥပသိကာ ဒါယိကာမကြီး ဒေါ်ရွှေပုံနှင့် နောင်တော်. ဒါယကာ ဆန်စက်ပိုင်ရှင် ဦးချစ်တီးနှင့် ဒါယကာမ ဒေါ်ကြာပဲ တို့ဖြစ်ကြသည်။
ရဟန်းအဖြစ်တွင် သုတ္တန်၊ ဝိနည်း၊ အဘိဓမ္မာ နေ့ဝါ ညဝါ သင်ရိုး ပဋိပတ်စာပေများကို သင်ယူတော်မူခဲ့ပြီး၊ ပထမငယ်၊ ပထမလတ်၊ ပထမကြီးတန်း ထိ လေ့လာအားထုတ်တော်မူခဲ့သော်လည်း ကျန်းမာရေးချို့ယွင်းမှုကြောင့် ပထမလတ်တန်းထိသာ အောင်မြင်တော်မူခဲ့သည်။
၁၂၉၅ ခုနှစ်တွင် ပန်းတောင်းဆရာတော် ဘုရားကြီး၏ ဩဝါဒအရ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့၌ သိမ်တောင်ဆုတောင်းပြည့်တိုက်သစ်ကို ထူထောင်ကာ နှစ်ဝါနှစ်နှစ် အားသစ်ကြိုးပမ်း သာသနာဝန်ထမ်း စောင့်ရှောက်ခဲ့သည်။ ထိုမှပန်းတောင်းမြို့သို့ ပြန်လည်၍ နောက်တစ်နှစ်တွင် ပညာဗဟုသုတ ရှာရန် ဆရာတော်ကြီးထံခွင့်ပန်၍ ပခုက္ကူမြို့ ပခုက္ကူ အရှေ့တိုက်ခေါ် မဟာဝိဇယာရာမကျောင်းတိုက်၌ ၆လကြာမျှ ဝိသုဒ္ဓိမဂ်အဋ္ဌကထာများကို လေ့လာမှတ်သားသင်ယူခဲ့သည်။ မန္တလေးမြို့သို့မူ ဒေသန္တရ ဗဟုသုတရရုံမျှသာ နေထိုင် ခဲ့ရသည်။
ထိုသို့နေထိုင်ခဲ့ရခြင်းမှာ ကျေးဇူးရှင် ပန်းတောင်းဆရာတော်ဘုရားကြီး၏ မိန့်မှာချက်အရ ပန်းတောင်းမြို့သို့ ပြန်လည်ကြွရောက်တော်မူခဲ့ရခြင်းကြောင့် ဖြစ်သည်။ ယင်းနောက် ရွှေညောင်ပင်ကျောင်း၌ ကျောင်းထိုင်နာယကအဖြစ် နေတော်မူ၍ စာပေသင်ကြားမှု ပြုသည်။ ထိုမှတဖန် ကရင်ပြည်နယ် ဘားအံမြို့ ရဲကျောင်းတိုက်တွင် ဂျပန်တက်လာသောနှစ်အထိ တပည့်တပန်းများကို စာပေပို့ချကား သာသနာရေးကိစ္စတို့ကို ဆောင်ရွက်နေထိုင်ခဲ့သည်။
၁၃၀၈ ခုနှစ် ဝါဆိုလဆန်း ၁၂ရက်နေ့တွင် ရွှေတောင်မြို့ ယွန်းတန်းရပ်တွင် စက္ကပဇ္ဇောတာရုံ ပန်းတောင်းကျောင်းသစ်တိုက်ကို တည်ထောင်၍ ပဋိယတ်၊ ပဋိပတ် နှစ်ရပ်သောဓုရသာသနာအလုပ်ကို အားထုတ်နေထိုင်ခဲ့သည်။ ရွှေတောင်မြို့တွင် ယခင်ဆရာအဆက်ဆက် ဒွါရသာသနာပြန့်ပွားရေးကို ကြိုးပမ်းတော် မူကြသော်လည်း အရှင်စက္ကာဝုဆရာတော်ဘုရား လက်ထက်လောက် ထွန်းပြန့်မှု မရှိခဲ့ချေ။ ဆရာအရှင်၏ လက်ထက်မှသာ ဒွါရသာသနာ ရွှေတောင်တွင် ထွန်းပလာခဲ့သည်။
၁၃၆၁ ခုနှစ်တွင် မူလဒွါရမဟာနိကာယဂိုဏ်း၏ ဒဿမမြောက် သာသနာပိုင် ဖြစ်တော်မူသည်။ ၁၃၆ဝ ပြည့်နှစ် ပြာသိုလပြည့်နေ့တွင် အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော် ဆက်ကပ်ခံရသည်။ သာသနာ တာဝန်များအဖြစ် ပဲခူးတိုင်းသံဃနာယကအဖွဲ့ (မူလဒွါရ) ဥက္ကဋ္ဌ၊ နဝမအကြိမ်မြောက် သာသနာပိုင်ဖြစ်တော်မူသော မဲဇလီကုန်း ဆရာတော်ဘုရားကြီး၏ လက်ထက်တွင် တွဲဖက်ဒုတိယသာသနာပိုင် နိုင်ငံတော် ဩဝါဒါစရိယအဖြစ် ဆောင်ရွက်တော်မူခဲ့သည်။ သက်တော် ၁၀၀ အတွင်း ချင်းနင်းဝင်ရောက်သည့် ၁၃၆၈ ခုနှစ်မှာပင် ဘဝနတ်ထံစံလွန်တော်မူသည်။
ထုံးကြီးတောင်ကျောင်းဆရာတော် ဓမ္မဝိနယာနုလောမမူလဒွါရ နိကာယဂိုဏ်း ဧကာဒဿမမြောက်သာသနာပိုင် (၁၃၆၉ - ၁၃၇၇)
ရွှေတောင်ဆရာတော်ဘုရားကြီး စံလွန်တော်မူသောအခါ မကွေးတိုင်း သရက်ခရိုင် ကံမမြို့နယ် ထုံးကြီးတောင်ကျောင်း ဆရာတော်ဘုရားကြီးသည် ၁၃၆၉ ခုနှစ်တွင် မူလဒွါရနိကာယဂိုဏ်း၏ ဧကာဒဿမမြောက် သာသနာပိုင်အဖြစ် ဂိုဏ်းဝင်သံဃာတော်များက တင်မြှောက်ခြင်းကိုခံရသည်။
ဆရာတော်ဘုရားကြီးကို မကွေးတိုင်း၊ သရက်ခရိုင်ကံမမြို့နယ် တောင်စကိုင်းရွာ၌ ခမည်းတော်ဦးဘိုးကြူး မယ်တော်ဒေါ်ပန်းစိန် တို့မှ ၁၂၇၄ ခုနှစ် သီတင်းကျွတ်လပြည့်ကျော် ၁၀ ရက် တနင်္လာနေ့ ညဉ့်သန်းခေါင်ကျော် ၂ နာရီ ၁၅ မိနစ်အချိန်တွင် ဖွားမြင်တော်မူသည်။ ခုနှစ်နှစ်သားအရွယ်တွင် ရွာဦးကျောင်းဆရာတော် ဘဒ္ဒန္တဝိဇယ အရှင်သူမြတ်ထံ ပညာသင်ရန် အပ်နှံခဲ့သည်။ သဒ္ဒါသင်္ဂြိုဟ်ထိသင်ကြားတတ်မြောက်ခဲ့သည်။
၁၂၈၇ ခုနှစ်တွင် မိဘများက သာမဏေပြုပေးသည်။ ဥပဇ္ဈာယ်ဆရာမှာ ရွာဦးကျောင်းဆရာတော် ဘဒ္ဒန္တဝိဇယဖြစ်သည်။ သာမဏေဘွဲ့မှာ ရှင်ကောဝိဒ ဖြစ်သည်။ သာမဏေနှစ်ဝါအရတွင် ပိဋကတ် ဗေဒင် ဆေးကျမ်း ဓာတ်ကျမ်း တတ်ကျွမ်းထင်ရှားသော ကံမမြို့ သုံးထပ်ကျောင်းဆရာတော် ဦးကုသလထံ ပညာသင်ကြားရန် ပို့ပေးခဲ့သဖြင့် ၁၅ နှစ်သားအရွယ်လောက်တွင် ဗေဒင်လက်ရိုး သံဒိဋ္ဌ မဟာရန္တသင်္ကြန်လက်ရိုး သင်္ကြန်စာများပါ ထုတ်နိုင်သည့်အပြင် ဒသာ အမျိုးမျိုးနှင့် အာယုဒသာ နေသရ လသရ သယောဒယစသော ဗေဒင်ကျမ်းကြီးများကိုပင် တတ်မြောက်ခဲ့သည်။ ထိုမှတဖန် ရန်ကုန်မြို့ ကြည့်မြင်တိုင် စလင်း ကျောင်းတိုက်ဆရာတော် ဦးရေဝတထံ နေ့ဝါညဝါ စာပေများနှင့် အစီအစဉ် ကဗျာရေးနည်းများပါ သင်ကြားခဲ့သည်။
၁၂၉၃ ခုနှစ် တပို့တွဲလပြည့်ကျော် ၁၃ ရက်နေ့ နံနက် ၈ နာရီအချိန်တွင် တောင်စကိုင်းရွာ ဥဒကုက္ခေပရေသိမ်၌ တောင်စကိုင်းဆရာတော် ဘဒ္ဒန္တဝိဇယ မဟာထေရ်ကို ဥပဇ္ဈာယ်ပြု၍ မိဘနှစ်ပါး၏ ပစ္စယာနုဂ္ဂဟဖြင့် ရဟန်းတက်ခဲ့ပါသည်။ ဘွဲ့တော်မှာ အရှင်ကောဝိဒပင်ဖြစ်ပါသည်။ ရဟန်းဖြစ်သည့်နှစ်မှာပင် မန္တလေးမြို့ အနောက်ပြင် ခင်မကန်တိုက် သိမ်ကျောင်းဆရာတော် ဦးအရိယ ဦးကဝိန္ဒ၊ ဦးတိလောကနှင့် သူဌေးကျောင်း ဆရာတော်များထံ စာလိုက် စာတက် ခဲ့ပါသည်။ ဆန်း အလင်္ကာ အဘိဓာန် ဋီကာကျော် ကင်္ခါ အဋ္ဌသာလိနီကျမ်းများနှင့်တကွ ဆိုဝါဖြင့် ဝိနည်းငါးကျမ်းပေါက်မြောက်၍ ပထမငယ်တန်း အောင်မြင်ခဲ့ပါသည်။ အားလပ်ချိန်များတွင် အင်္ဂလိပ်စာပေကိုလည်း လေ့လာလိုက်စားခဲ့ပါသည်။ မန္တလေးမြို့၌ လေးဝါမျှ နေထိုင်ကာ စာပေပရိယတ္တိလေ့လာသင်ယူ ခဲ့ပါသည်။
၎င်းနောက် ရဟန်း ငါးဝါအရတွင် ရန်ကုန်မြို့ သို့ စုန်ဆင်း၍ ဆရာရင်း ဦးရေဝတထံ၌ ဝိနည်းအဋ္ဌကထာ ဋီကာနှစ်ကျမ်း အဘိဓမ္မာအဋ္ဌကထာကြီး နှစ်ကျမ်းနှင့် ဘေဒစိန္တာ သဒ္ဒါငယ် ဋီကာ အဘိဓာန်မှစ၍ ယမိုက်ပဋ္ဌာန်း ညဝါကျမ်းကြီးများပါသင်ယူပြီး ပထမလတ်အောင် ပထမကြီးတန်းထိ ဝင်ရောက် ဖြေဆိုခဲ့ပါသည်။
၁၃၀၀ ပြည့်နှစ်တွင် မွေးရပ်သို့ပြန်ကြွလာပြီ ကြွင်းကျန်သော အဋ္ဌကထာ ဋီကာစာပေများ ကြည့်ရှုလေ့လာလျက် စာသင်သားများအား စာဝါများ ပို့ချပေးခဲ့ပါသည်။ ၁၃၀၃ ခုနှစ်တွင် ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက် အဂ္ဂမဟာပဏ္ဍိတ ဦးပညာနှင့် စာချဆရာတော်ကြီးများထံ နည်းခံလေ့လာပြီး စာလိုက်ခဲ့ပါသည်။
၁၃ဝ၇ ခုနှစ် တပိုတွဲလပြည့်ကျော် ၄ ရက်နေ့တွင် ဒါယကာ ဒါယကာမ များ၏ ပင့်ဆောင်မှုအရ ကံမမြို့ မြောက်ဘက် နှစ်မိုင်အကွာ ထုံးကြီးကျေးရွာ တောင်ကျောင်း၌ ကျောင်းထိုင်ဘုန်းကြီးအဖြစ် ယနေ့တိုင် နေထိုင်သီတင်းသုံးလျက် ရှိပါသည်။
ဆရာတော်ဘုရားကြီးသည် အာနာပါန ကမ္မဋ္ဌာန်းကို အမြဲမပြတ် အားထုတ်ပွားများပါသည်။ ဆရာတော်ဘုရားကြီးသည် ဘဝပါရမီအလျောက် ပါရမီကုသိုလ်ဖြစ်စေခြင်းငှာ တရားဓမ္မများကိုလည်း အမြဲဟောပြောလျက် ရှိသည်။ ဟောပြောသည့်အခါများတွင် နိကာယ်ငါးကျမ်းစုံလင်အောင် ဟောပြောသည့်အခါ ပါဠိအာဂုံအရကျက်ပြီးမှ အဋ္ဌကထာ ဋီကာအစုံတို့နှင့် ချိန်ညှိပြီး ဟောပြောလေ့ရှိပါသည်။ ကံမမြို့နယ်နှင့်အနီးပတ်ဝန်းကျင် ပြည်၊ အောင်လံမြို့များ၌ပါ ဟောကြားခဲ့ပြီး ထင်ရှားကျော်ကြားသော ဓမ္မကထိက ဆရာတော်တစ်ပါး ဖြစ်ပါသည်။
ဆရာတော်ဘုရားကြီးသည် ဂိုဏ်းပေါင်းစုံ သံဃာညီညွတ်ရေး သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေး စတင်သည့် ၁၃၄၂ ခုနှစ်မှာပင် သံဃသမ္မုတိ ဖြစ်၍ မြို့နယ်သံဃနာယကဥက္ကဋ္ဌ အဖြစ် ငါးနှစ်၊ မကွေးတိုင်းသံဃနာယက (မူလဒွါရ) ဥက္ကဋ္ဌအဖြစ် ကိုးနှစ်၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖြစ် ရှစ်နှစ်မျှ ဆောင်ရွက်ခဲ့ပြီး ၂၀၀၁ ခုနှစ် ကောဇာသက္ကရာဇ် ၁၃၆၂ ခုနှစ်၌ မြန်မာနိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီမှ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ဆက်ကပ်လှူဒါန်းခြင်းခံရပြီး ၁၃၇၀ ပြည့်တွင် နိုင်ငံတော်သြဝါဒါ စရိယဆရာတော်အဖြစ် ရွေးချယ်တင်မြှောက်တော်မူခြင်း ခံရသည့်အပြင် ၁၃၇၁ခုနှစ် ပြာသိုလပြည့်ကျော် ၅ ရက် တနင်္လာနေ့တွင် ပြည်ထောင်စု မြန်မာနိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ဆက်ကပ်လှူဒါန်းသော သာသနာပြုအဆင့်မြင့် အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော်ကို အလှူခံရရှိတော်မူခဲ့ပါသည်။
ဓမ္မဝိနယာနုလောမ မူလဒွါရနိကာယ ဂိုဏ်းကြီး၏ ဧကာဒဿမမြောက် သာသနာပိုင်၊ နိုင်ငံတော်ဩဝါဒါစရိယ ဖြစ်တော်မူသော ထုံကြီးဆရာတော်ဘုရားကြီးသည် ၁၃၇၆ ခု ကဆုန်လဆန်း၁၂ရက် သက်တော်(၁၀၂)နှစ် သိက္ခာတော် (၈၂)ဝါ အရတွင် ဘဝနတ်ထံ စံလွန်တော်မူသည်
တောင်ကုတ်ဆရာတော်ဘုရားကြီး ဓမ္မဝိနယာနုလောမ မူလဒွါရနိကာယဂိုဏ်း၏ ဒွါဒဿမမြောက် သာသနာပိုင် (၁၃၇၉ - ၁၃၈၁)
ဆရာတော်လောင်းလျာကို ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပန်းတောင်းမြို့၌ ခမည်းတော် ဦးဘိုးငြိမ်း၊ မယ်တော် ဒေါ်ကျေးဥ တို့မှ ၁၂၈၂ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက် တနင်္လာနေ့တွင် ဖွားမြင်တော်မူသည်။
ဆရာတော်သည် ၁၂၉၆ခုနှစ်၊ အသက် (၁၄)နှစ်သားအရွယ်တွင် ပဲခူးတိုင်း(အနောက်ပိုင်း) ပန်းတောင်းမြို့၊ ကြခတ်ရပ်ကွက်၊ ဆုတောင်းပြည့်ကျောင်းတိုက်၊ မူလဒွါရ ဆဋ္ဌသာသနာပိုင် ဆဋ္ဌသံဂါယနာဩဝါဒါစရိယဆရာတော် ဘဒ္ဒန္တဝါသဝ (အဂ္ဂမဟာပဏ္ဍိတ) ကိုဥပဇ္ဈာယ်ပြုလျက် ခမည်းတော် မယ်တော်တို့၏ ပစ္စယာနုဂ္ဂဟကို ခံယူကာ ရှင်သာမဏေအဖြစ်သို့ ရောက်ရှိခဲ့ပါသည်။
၁၃၀၁ခုနှစ်၊ သီတင်းကျွတ် လပြည့်ကျော် (၁၁)ရက် အင်္ဂါနေ့တွင် ပန်းတောင်းမြို့၊ ဖောင်းကန်ရပ်ကွက်၊ ရွှေညောင်ပင်ကျောင်း ခဏ္ဍသိမ်တော်၌ ဆရာတော်ဘဒ္ဒန္တဝါသဝ (အဂ္ဂမဟာပဏ္ဍိတ)ကိုပင် ဥပဇ္ဈာယ်ပြု၍ ရန်ကုန်မြို့ အင်းစိန်ရာဇဝတ်ရုံး စာရေးကြီး ဦးလှမောင်+ဒေါ်ပုတို့၏ ပစ္စယာနုဂ္ဂဟကိုခံယူကာ မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ရှိခဲ့ပါသည်။
ဆရာတော်သည် ပန်းတောင်းမြို့ ဆုတောင်းပြည့်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝါသဝ (အဂ္ဂမဟာပဏ္ဍိတ) စာချဆရာတော်များ၊ ကရင်ပြည်နယ်၊ ဘားအံမြို့ ရဲကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဉာဏုတ္တရ (ဂ္ဂမဟာပဏ္ဍိတ)၊ ပန်းတောင်းမြို့၊ အုတ်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တစန္ဒကုမာရ ပဲခူးတိုင်း ရွှေတောင်မြို့၊ စက္ကပဇ္ဇောတာရုံ ကျောင်းတိုက်၊ နိုင်ငံတော်ဩဝါဒါစရိယဆရာတော် ဘဒ္ဒန္တစက္ကဝုဓ (အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ) စသည့် ဆရာတော်များထံတွင် လောကီလောကုတ္တရာ ကျမ်းစာတို့ကို ကျမ်းရိုးပေါက် သင်ယူဆည်းပူးခဲ့ပါသည်။
သရုပ်ပြသင်္ဂဟကျမ်း (ပုံနှိပ်ထုတ်ဝေပြီး)၊ ရုပ်တွက်နည်းပြသဒ္ဒါမှတ်စု (လက်ရေးမူ)၊ ခေတ်မီဗေဒင် (လက်ရေးမူ) နာနာနယပကိဏ္ဏက ဗဟုသုတကျမ်း (လက်ရေးမူ) များကို ပြုစုတော်မူခဲ့ပါသည်။
ဆရာတော်သည် ၁၃၄၅ခုနှစ်မှ ၁၃၅၀ခုနှစ်အထိ (၄)နှစ်တိုင်တိုင် သင်သန်းသား သင်တန်းသူ (၆ဝဝ) ကျော်တို့အား ယဉ်ကျေးမှုသင်တန်း ပို့ချပေးခဲ့ပါသည်။ တောင်ကုတ်မြို့ ဆုတောင်းပြည့် ကျောင်းတိုက်၌ ၁၃၃၇ခုနှစ်မှ ၁၃၅၄ခုနှစ်အထိ တွဲဖက်ဆုတောင်းပြည့် မူလတန်းကျောင်း ဖွင့်လှစ်ကာ စတုတ္ထတန်းအောင်မြင်သည်အထိ ပညာသင်ကြား ပေးခဲ့ရာ (၁၇)နှစ်အတွင်း ကျောင်းသား (၁၀၀၀)ကျော် ရှိခဲ့ပြီးဖြစ်ပါသည်။
၁၃၄၅ခုနှစ်မှစ၍ ဘုန်းတော်ကြီးသင် မူလတန်းကျောင်းဖွင့်လှစ်ကာ နှစ်စဉ်ကျောင်းသား (၃၀)ကျော်တို့အား ပညာသင်ကြားပေးလျက်ရှိပါသည်။ (၅၈)နှစ်ကြာ တောင်ကုတ်မြို့၌ နေထိုင်ပြီး ကျေးရွာများမှ နတ်ကိုးကွယ်သူ ချင်းလူမျိုးအိမ်ထောင်စု (၃၀၀)ကျော်တို့အား ဗုဒ္ဓဘာသာဝင်ဖြစ်အောင် စည်းရုံး နိုင်ခဲ့ပါသည်။
ဆရာတော်သည် ပဲခူးတိုင်း ပြည်မြို့ ရွာဘဲရပ်ကွက်၊ ရွှေဟင်္သာ ဆုတောင်းပြည့်ကျောင်းတိုက်သိမ်တော်နှင့် ပန်းတောင်းမြို့နယ် သောင်ကြီးကျေးရွာ သာသနာ့အလင်းရောင်ကျောင်း သိမ်သမုတ်ပွဲတို့၌ ကိုယ်တိုင်ကြီးကြပ်၍ ဦးစီးသမုတ်ပေးတော်မူခဲ့ပါသည်။
ဆရာတော်သည် ဆဋ္ဌသင်္ဂါယနာတင်ပွဲ၌ ဆဋ္ဌသင်္ဂီတိကာရက၊ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်တွင် တောင်ကုတ်မြို့နယ် သံဃနာယကအဖွဲ့ (မူလဒွါရ)ဥက္ကဋ္ဌ၊ ၁၃၇၇ ခုနှစ်မှ (၁၃၇၉) ခုနှစ်ထိ ဓမ္မဝိနယာနုလောမ မူလဒွါရဂိုဏ်းကြီး၏ ဒွါဒသမမြောက် သာသနာပိုင်အဖြစ် ဆောင်ရွက်တော်မူခဲ့ပါသည်။
ဆရာတော်ကြီးသည် သာသနာတော်အကျိုးကို သယ်ပိုးဆောင်ရွတ်တော်မူရင်း သက် တော် (၉၇)၊ သိက္ခာတော်(၇၈)ဝါရ၊ (၁၃၇၉) ခုနှစ် ဝါဆိုလပြည့်ကျော်(၁၅) ရက် တနင်္ဂနွေနေ့ နံနက် ၁၀း၃၄ မိနစ်အချိန်တွင်ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ပါသည်။
ဇီးဖြူကုန်းဆရာတော်ဘုရားကြီး ဓမ္မဝိနယာနုလောမ မူလဒွါရနိကာယဂိုဏ်း၏ တေရသမမြောက် သာသနာပိုင် (၁၃၇၉ - ၁၃၈၁)
ဆရာတော်လောင်းလျာသည် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ ကွမ်းခြံကုန်းရွာ၌ ခမည်းတော် ဦးဘိုးဘွား၊ မယ်တော်ဒေါ်မယ်သူကိုမှ ၁၂၈၁ ခုနှစ်၊ တန်ဆောင်မုန်း လပြည့်ကျော် ၈ ရက်၊ ကြာသပတေးနေ့တွင် ဖွားမြင်တော်မူသော သားရတနာဖြစ်ပါသည်။
ဆရာတော်လောင်းလျာသည် ၁၃၀၆ ခုနှစ်တွင် ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပန်းတောင်းမြို့ ဆုတောင်းပြည့်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဝါသအား ဥပဇ္ဈာယ်ပြု၍ ခမည်းတော် မယ်တော် တို့၏ ပစ္စယာနုဂ္ဂဟဖြင့် ဆုတောင်းပြည့်ကျောင်၊ ခဏ္ဍသိမ်တော်၌ မြင့်မြတ်သောရဟန်းအဖြစ်သို့ ရောက်ရှိတော်မူခဲ့ပါသည်။
ဆရာတော်သည် ပန်းတောင်းမြို့ ဆုတောင်းပြည့်ကျောင်းတိုက်ဆရာတော်အပါအဝင် ဆရာတော်များထံတွင် ပရိယတ္တိစာပေ၊ ပါဠိတော် အဋ္ဌကတာ ဋီကာများကို ကျမ်းကြီးပေါက် သင်ယူ ဆည်းပူး တော်မူခဲ့ပါသည်။
ဆရာတော်သည် ရန်ကုန်မြို့ ရှမ်းလမ်း မဟာရာဇိကာရုမ်ကျောင်းတိုက် တည်ထောင်ရာ၌ ပါဝင်ခြင်း၊ လက်ပံတန်းမြို့နယ် ဇီးဖြူကုန်းရွာ ဝိဇိတာရုမ်ကျောင်းတိုက်ရှိ ကျောင်းဟောင်း များပြုပြင်ခြင်း၊ ပဲခူးမြို့၌ ထန်းတောကျောင်း၊ ဆင်ဖြူကျွန်းကျောင်း၊ မဟာဝိဇိတာရုံ ကျောင်းများ တည်တောင်ခြင်း၊ ငါးပါးမာရ်အောင်မြင် စေတီတော်မြတ်ကြီးတည်ခြင်း စိန်ရောင်ခြည် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ပြန်လည်ပြုပြင် ပူဇော်ခြင်းများ ဆောင်ရွက်တော်မူပြီး နေဝင် နေထွက် အချိန်ဇယားကျမ်း၊ ဗုဒ္ဓနာကျမ်းများကို ပြုစုတော်မူခဲ့ပါသည်။
ပဲခူးတိုင်းဒေသကြီး သံဃနာယကအဖွဲ့ ( မူလဒွါရအကျိုးတော်ဆောင်၊ ၁၃၇၅ ခုနှစ်မှ ၁၃၇၈ ခုနှစ် အထိ ဓမ္မဝိနယာနုလော မူလဒွါရ နိကာယဂိုဏ်း၊ ဒုတိယဂဏာဓိပတိ၊ ၁၃၇၉ ခုနှစ်မှ (၁၃၈၁) အထိ ဂဏာဓိပတိ၊ နိုင်ငံတော်ဩဝါဒါစရိယ အစရှိသော သာသနာ့တာဝန်များကို ထမ်းဆောင်တော်မူခဲ့ပါသည်။
ဆရာတော်ကြီးသည် သာသနာတော်အကျိုးကို သယ်ပိုးဆောင်ရွတ်တော်မူရင်း သက် တော် ( ၁ဝဝ)၊ သိက္ခာတော်(၇၅)ဝါရ၊ (၁၃၈၁ ခုနှစ် ဝါဆိုလန်း ၈ ရက်)၊ ၉.၇၂၀၁၉ ရက်(အင်္ဂါနေ့) နံနက် ၎း၃၀ နာရီတွင် ဘ၀နတ်ထံ ပျံလွန်တော်မူခဲ့ပါသည်။