သီတင်းကျွတ်လ
သီတင်းကျွတ်မီးထွန်းပွဲတော် | |
| အခြေခံ အချက်အလက်များ | |
|---|---|
| အင်္ဂလိပ်အမည် | Thadingyut |
| လအမှတ် | ၇ |
| ရက်အရေအတွက် | ၂၉ ရက် |
| ဥတု | မိုးဥတု |
| အထိမ်းအမှတ်ပန်း | ကြာဖြူပန်း |
| အထိမ်းအမှတ်ပွဲတော် | သီတင်းကျွတ်မီးထွန်းပွဲတော် |
သီတင်းကျွတ်လ သည် မြန်မာပြက္ခဒိန်၏ ခုနစ်လမြောက်လဖြစ်ပြီး စက်တင်ဘာလမှ အောက်တိုဘာလအတွင်းတွင် ကျရောက်လေ့ရှိသည်။ ဤလတွင် ၂၉ ရက်ရှိသဖြင့် ရက်မစုံသောလ ဖြစ်သည်။ ရှေးခေတ်က သီတင်းကျွတ်လကို "သန်တူလ" ဟု ခေါ်ဝေါ်ခဲ့ကြပြီး၊ "သန်" သည် စပါးပင်ကို ရည်ညွှန်းကာ "တူ" သည် "ထူ" ဖြစ်သဖြင့် "စပါးပင်များ ထူထူထောင်ထောင် ပေါက်ရောက်လျက် ရှိပြီ" ဟု ဆိုလိုသည်။ ထိုသို့ အပင်များ အောင်မြင်ဖြစ်ထွန်းသည့်အတွက် ပျော်ပွဲရွှင်ပွဲများ ကျင်းပကြခြင်းဖြစ်သည်။ ယခုအခါ "သီတင်းကျွတ်" ဟူသော အခေါ်အဝေါ်မှာ ရဟန်းသံဃာများ ဝါဆိုကြခြင်း ပြီးဆုံးပြီဟူသော အဓိပ္ပာယ်ဖြင့် ပြောင်းလဲခေါ်ဝေါ်လာကြခြင်း ဖြစ်သည်။ သီတင်းကျွတ်လ၏ အထိမ်းအမှတ်ပန်းမှာ ကြာဖြူပန်း (Nymphaea lotus) ဖြစ်သည်။
သီတင်းကျွတ်လ (သန်တူလ)
[ပြင်ဆင်ရန်]သီတင်းကျွတ်လသည် မြန်မာလများတွင် သတ္တမမြောက်လဖြစ်ပြီး မိုးဥတုတွင် ပါဝင်သည်။ ရှေးအခါက သီတင်းကျွတ်လဟူ၍ မခေါ်ကြဘဲ သန်တူလဟု ခေါ်ဆိုရေးသားကြသည်ကို တွေ့ရသည်။ သန်တူလ၏ အဓိပ္ပာယ်မှာ ဝဿာနမိုးဥတုရာသီကို "သန်" ဟူ၍ ရှေးသူဟောင်းတို့ ခေါ်ကြသည်ဟု ဝေါဟာရလီနတ္ထဒီပနီကျမ်း၌ ဆိုသည်။ သီတင်းကျွတ်လသည် မိုးဥတု၏ နောက်ပိုင်းချိန် လတစ်ခုလည်း ဖြစ်သည်။
အချို့ပညာရှင်တို့ကမူ "သန်" ဟူသောပုဒ်သည် ကောက်၊ စပါး၊ ဟော၊ တိဗက်၊ မြန်မာ၊ တရုတ်၊ ထိုင်း၊ မွန်ခမာ ဘာသာအပေါင်းတို့လာ မြန်မာစကားဟု ဆိုသည်။ "တူ" ပုဒ်သည်လည်း အသံချင်း အနီးစပ်ဆုံးဖြစ်သော "ထူ" ပုဒ်နှင့် တွဲယူရပေမည်။ "ထူ" သည် တစ်စုံတစ်ရာကို ထောင်သည်၊ စိုက်သည်၊ မတ်စေသည်၊ ဟု ဖြစ်သဖြင့် သန်တူလသည် ကောက်စပါးပင်များ ပေါက်ဖွား၊ ထွက်ထ၊ ထောင်မတ်လာသောလဟု အဓိပ္ပာယ်ရသည်ဟု ယူဆကြသည်။
ပုဂံခေတ် ထိုးကျောက်စာတို့တွင် သီတင်းကျွတ်ဟူသော စကားကို အလျှင်းမတွေ့ရသလောက်ပင် ရှိ၍ သက္ကရာဇ် ၅၇၄ ခုနှစ်ထိုး တုရွင်းတောင်စော ရဟန်းသိမ်ကျောက်စာအတွင်း စာသားတစ်နေရာ၌သာ "သတင်းချွတ်" ဟူသော အသုံးကို ရှေးဦးဆုံး တွေ့ရလေသည်။ "သတင်းချွတ်" ဟူသော စကားသည် သတင်းသီလ စောင့်ထိမ်းသူတို့က ချွတ်လွှတ်ကုန်ဆုံးအောင် ပြုသည်ဟု အနက်ထွက်လေသည်။ "သတင်းချွတ်" နှင့် "ဝါကျွတ်" ဟူသော စကားကို ဖက်တွဲ၍ "သတင်းကျွတ်" ဟူသော စကား ဖြစ်ပေါ်လာသည်ဟု တွေးထင်ဖွယ်ရှိသည်။
လှေသင်းအတွင်းဝန်ရေး ဝေါဟာရလီနတ္ထဒီပနီကျမ်း၌ သီတင်းကျွတ်လခေါ်ဆိုသည်မှာ ဝါဆိုလပြည့်နေ့မှ စ၍ ဝါတွင်းသုံးလ၊ ရက်ပေါင်း ၉၀၊ သီတင်းကျွတ်လပြည့်ကျော် တစ်ရက်နေ့ သီတင်းကျွတ်သောကြောင့် သီတင်းကျွတ်လဟူ၍ သာသနာကျမ်းအလိုခေါ်ဆိုကြောင်း သိသာသည် ဟု ပါရှိလေသည်။
ဗေဒင်အခေါ်အားဖြင့် သီတင်းကျွတ်လကို တူရာသီဟု ခေါ်သည်။ တူရာသီ၏[၁] အရုပ်သည် ချိန်ကိုင်စွဲသော ယောက်ျားသဏ္ဌာန် ဖြစ်သည်။ ထိုရာသီကား အဿဝဏီနက္ခတ်နှင့် ယှဉ်၍ လပြည့်သောကြောင့် အဿယုဇဟူ၍ ဆိုသည်။ ကြာပန်းကို ရာသီပန်းဟူ၍ အသိအမှတ်ပြုကြ၏။ ကျီးတာရာ ထွန်းပသည့် သီတင်းကျွတ်လရာသီတွင် နံနက် စက်နာရီ ၅ နာရီ ၅၅ မိနစ်ခန့်တွင် နေထွက်၍ ညနေ စက်နာရီ ၅ နာရီ ၃၇ မိနစ်ခန့်တွင် နေဝင်သည်။ မြန်မာနာရီအားဖြင့် နေ့ညဉ့်နာရီ ၃၀ စီ အညီအမျှ ရှိလေသည်။ သီတင်းကျွတ်လတွင် မြတ်စွာဘုရားသခင် နတ်ပြည်မှ ဆင်းသက်ခဲ့ဖူးသည်ကို အကြောင်းပြု၍ မီးစောင်းတန်း၊ မီးမြင်းမိုရ်များ ထွန်းညှိကာ မီးပွဲသဘင်ကို ဆင်ယင်ကျင်းပကြရိုးဖြစ်လေသည်။
မီးထွန်းပွဲတော်
[ပြင်ဆင်ရန်]

မြန်မာမင်းများလက်ထက် ခေတ်အခါကမူ သီတင်းကျွတ်လတွင် မင်းသားမင်းမြေးမှူးတော်မတ်တော်တို့၏ အဆင်တန်ဆာများကို အသစ်လဲလှယ်ပေးတော်မူခြင်း၊ လက်ဆောင်တော်များကို ကြည့်ရှုတိုင်းထွာစေခြင်း၊ ဆီမီးမြင်းမိုရ်ထွန်းခြင်း၊ ဘုရားစေတီများတွင် ဆီမီးပူဇော်ခြင်း၊ ဝါကျွတ်အကန်တော့ခံခြင်းတို့ကို ပြုသည်။ ထိုကြောင့် ဖိုးသူတော်ဦးမင်း၏ ဆယ့်နှစ်ရာသီဘွဲ့သဖြန်၌ −
ကြာငါးမည်ကြိုင်သင်းလို့၊ လျှံဝင်းတဲ့ပြောင်ထိန်။
ရွှေနန်းတောင်တော်ဦးမှာလ၊ ကွန့်မြူးမြင့်မိုမီးညီးတဲ့ခါချိန်။
ရှိခိုးငယ်နှိမ်၊ သုံးကြိမ်ရိုပြောင်း။
သက္ကစ္စဂါရဝါနှင့် စဉ်အလာပူဇော်ပွဲကို၊ ခဲ့ကြပေတောင်း
ဟု စပ်ဆိုထားခြင်း ဖြစ်လေသည်။ သီတင်းကျွတ်လတွင် တနင်္ဂနွေနေ့နှင့် တနင်္လာနေ့များသည် ပြဿဒါးရက်များ ဖြစ်ကြ၍ အင်္ဂါနှင့် ကြာသပတေးနေ့များသည် ရက်ရာဇာနေ့များ ဖြစ်ကြသည်။ သီတင်းကျွတ်လတွင် ရက်မစုံသောလ ဖြစ်သဖြင့် ရက်ပေါင်း ၂၉ ရက်သာ ရှိ၏။ [၂]
သီတင်းကျွတ်လ၏ အထူးထင်ရှားသော ပွဲတော်မှာ သီတင်းကျွတ်မီးထွန်းပွဲတော် ဖြစ်သည်။ သီတင်းကျွတ်လပြည့်နေ့ကို အဘိဓမ္မာအခါတော်နေ့ အဖြစ် သတ်မှတ်ကြပြီး ဆီမီးထွန်းညှိပူဇော်ခြင်း၊ ကန်တော့ခြင်းနှင့် အလှူအတန်းပြုလုပ်ခြင်းများဖြင့် ကျင်းပလေ့ရှိကြသည်။