ပုဂံမြို့ဟောင်း

ဝီကီပီးဒီးယား မှ

တမ္မဒီပ(ခေါ်)ပုဂံသည် မြန်မာနိုင်ငံ၏ ပထမဆုံးဧကရာဇ်နိုင်ငံတည်ထောင်ရာ မြို့တော်ဟူ၍ မြန်မာတို့အတွက် အမျိုးသားရေး လက္ခဏာတစ်ရပ်အနေဖြင့်လည်းကောင်း၊ များပြားလှသည့် ရှေးဟောင်းလက်ရာ စေတီပုထိုးများကြောင့်လည်းကောင်း၊ ဗုဒ္ဓဘာသာဝင်များအတွက် ကြည်ညိုဖွယ်ရာ နာမည်ကျော်စေတီပုထိုးများကြောင့် သော်လည်းကောင်း ပြည်တွင်းခရီးသွားများနှင့် ကမ္ဘာလှည့်ခရီးသည်တို့ကို စွဲဆောင်ရာနေရာအဖြစ်လည်းကောင်း ကမ္ဘာကျော်သည့် နေရာတစ်နေရာဖြစ်သည်။

တည်နေရာ[ပြင်ဆင်ရန်]

မန္တလေးတိုင်းအတွင်းရှိ ညောင်ဦးမြို့နယ်အတွင်း ဧရာဝတီမြစ်၏ အရှေ့ဘက်ကမ်းတွင်တည်ရှိသည်။ မန္တလေးမြို့မှ အနောက်တောင်ဘက် မိုင်၉၀အကွာတွင်တည်ရှိသည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

ပျူမြို့ပြနိုင်ငံများခေတ်ကုန်ဆုံးပြီးနောက် ကျောက်ဆည်နယ်မှတစ်ဆင့် ယပ်တောင်ပုံဖြန့်ကာ မြန်မာနိုင်ငံအလယ်ပိုင်းဒေသ အတွင်းသို့ အုပ်စုများဖွဲ့ကာ ဝင်ရောက်လာသည့် ဗမာလူမျိုးတို့သည် မူရင်းဌာနေလူမျိုးများဖြစ်သည့် ပျူ နှင့်မွန် တို့ထံမှ စာပေ၊ လယ်ယာစိုက်ပျိုးခြင်း နှင့် ယဉ်ကျေးမှုများကို ဆက်ခံရယူကာ တဖြည်းဖြည်း အင်အားကောင်းသည့် အဆင့်သို့ရောက်လာသည်။ မူလအစက စစ်တိုက်ခိုက်ခြင်းဖြင့် ကျော်ကြားသော လူမျိုးသည် စည်းလုံးခြင်းဖြင့်သာ မိမိတို့၏အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်နိုင်မည်ဟူသော် စစ်ရေးအမြင်ဖြင့် မြို့ရွာများကို စုစည်းတည်ထောင်လာကြသည်။ သို့ဖြင့် လမ်းခရီးနှင့်ဆက်သွယ်ရေး လွယ်ကူပြီး မိမိတို့ အခြေချရာ ရပ်ဝန်း၏ ဗဟိုတွင်ရှိသည့် ဒေသမှ ကျေးရွာများကို စုစည်းကာ ပုဂံမြို့အဖြစ် တည်ထောင်လိုက်ကြသည်။

ပုဂံနိုင်ငံတော်[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ပုဂံခေတ်

အစောပိုင်း ပုဂံမင်းဆက်များနှင့် ပတ်သက်၍ တိကျသည့် သမိုင်းအထောက်အထားများကို မတွေ့ရပဲ ပါးစပ်ရာဇဝင်များအနေဖြင့်သာ မှတ်သားလာခဲ့ကြပြီး အနော်ရထာမင်းလက်ထက်ရောက်မှသာ တိကျသည့် သမိုင်းအထောက်အထားများကို စတင်တွေ့ရှိလာကြရသည်။ အနော်ရထာ၏ သိမ်းသွင်းမှုကြောင့် ပုဂံနိုင်ငံတော်သည် ပဒေသရာဇ် အဆင့်မှ ဧကရာဇ်(အင်ပါယာ) အဆင့်တို့ တက်လှမ်းလာနိုင်ခဲ့သည်။ သူ့အားဆက်ခံသည့် စောလူးမင်းလက်ထက်တွင် တိုင်းပြည်အခြေအနေဆိုးရွားသွားခဲ့သော်လည်း ကျန်စစ်သားအလောင်းစည်သူ အစရှိသည့် မင်းများလက်ထက်တွင်မူ တိုင်းပြည်အင်အား ပြန်လည်ပြည့်ဝလာပြန်သည်။

ယဉ်ကျေးမှု[ပြင်ဆင်ရန်]

ပုဂံခေတ်ယဉ်ကျေးမှုသည် မြန်မာနိုင်ငံအတွက် ပျူ နှင့် မွန်တို့ပြီးလျှင် တိုးတက်ဖြစ်တည်လာသည့် ယဉ်ကျေးမှုဟု ဆိုရမည်ဖြစ်သည်။ ပျူတို့ထံမှ ဘာသာ၊ ကိုးကွယ်ယုံကြည်မှု နှင့် မွန်တို့ထံမှ အနုပညာ၊ လယ်ယာစိုက်ပျိုးရေး ၊ စာပေအက္ခရာ အစရှိသည်တို့ကို သင်ယူခဲ့ကြသည်။ ထို့ကြောင့် နရပတိစည်သူမတိုင်မှီအထိတည်ဆောက်ခဲ့သည့် ပုဂံရှိ စေတီပုထိုးများမှာ မွန်တို့၏ ဓလေ့၊လက်ရာနှင့် အယူအဆများလွှမ်းမိုးနေသည်ကိုတွေ့ရသည်။ သို့သော် နရပတိစည်သူမင်းလက်ထက်မှစ၍ လက်တွေ့ကျသည့် မြန်မာတို့သည် စိတ်ကူးယဉ်ဆန်သည့် မွန်တို့ထက် ပို၍လက်တွေ့ကျသည့်၊တက်ကြွသည့်၊ အရပ်ဒေသနှင့် ပိုမိုကိုက်ညီသည့် လက်ရာများကို တီထွင်သုံးစွဲလာကြသည်။

ပုဂံနိဂုံး[ပြင်ဆင်ရန်]

အလောင်းစည်သူနောက် နန်းတက်သည့် မင်းများလက်ထက်တွင် ပုဂံ၏ဩဇာအာဏာကျဆင်းလာသလို၊ နယ်ခြားမှ ရန်သူများ၏ လုပ်ကြံမှုကြောင့် ထီးဆောင်းမင်းတစ်ပါးကျဆုံးရသည့် အဖြစ်၊ နရသီဟပတေ့ကဲ့သို့ အစားကျူးပြီး အမျက်ဒေါသကြီးသည့်မင်း အစရှိသဖြင့် ပေါ်ပေါက်လာသည်။ ခရစ်နှစ် ၁၂၈၇တွင် မွန်ဂိုတို့၏ ကျူးကျော်မှုကြောင့် နရသီဟပတေ့ ပုဂံကိုစွန့်ခွာထွက်ပြေးရခြင်းဖြင့် ပုဂံ၏ဩဇာမှာ လုံးဝကျဆင်းတော့သည်။ ရှင်ဒိသာပါမောက္ခ၏ သံတမန်ရေးကျွမ်းကျင်စွာ အရေးဆိုမှုကြောင့် မွန်ဂိုဘုရင် ကူဗလိုင်ခန်က တပ်များကို ပြန်ဆုတ်စေသည်။ ထိုမှစကာ ပုဂံမင်းဆိုသည်မှာ အဆောင်အယောင်မျှသာ ဖြစ်၍ အမှန်ဩဇာကြီးသူများမှာ ရှမ်းညီနောင်သုံးဦး ဖြစ်သည်။

ယှဉ်တွဲ ဖတ်ရှုရန်[ပြင်ဆင်ရန်]

  1. ပုဂံ
  2. ပုဂံခေတ်
  3. ပုဂံမင်း
  4. ပုဂံမြို့သစ်
  5. ပုဂံခေတ်ကဗျာ
  6. ပုဂံမင်းဆက်
  7. ပုပ္ပါးတောင်