မြန်မာအက္ခရာ

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

မြန်မာအက္ခရာ သည် ဗြာဟ္မီအုပ်စုတွင် ပါဝင်ပြီး မြန်မာဘာသာမွန်ဘာသာရှမ်းဘာသာ၊ စကောနှင့် ပွဲကရင်ဘာသာများ ရေးသားရာတွင် အသုံးပြုသည်။ မူလပထမ ရှေးမြန်မာအက္ခရာသည် ထောင့်ချွန်းနှင့် လေးထောင့် အက္ခရာတို့သာ ဖြစ်ကြသည်။ သရေခေတ္တရာပြည်နှင့် ရွှေဘိုနယ် ဟန်လင်းကြီးမြို့များ ကောင်းစားစဉ် အခါကာလတို့က ရေးသားသုံးစွဲကြသော အက္ခရာတို့မှာ ထောင့်ချွန်းပုံ အက္ခရာမျိုးများ ဖြစ်ကြ၍ ပုဂံခေတ်မှ အင်းဝခေတ်အထိတွင် ရေးသားကြသော အက္ခရာများမှာမူကား လေးထောင့်ပုံသဏ္ဍာန်များသာ ဖြစ်ကြလေသည်။ ကုန်းဘောင်ဆက်သို့ ရောက်ရှိမှသာလျှင် အက္ခရာဝိုင်းဝန်းလာလေသည်။ အမရပူရ ပထမမြို့တည်နန်းတည် ဖြစ်တော်မူသော ဘိုးတော်မင်းတရားကြီး (၁၁၄၃-၁၁၈၁)၏ အမိန့်တော်ပြန်တမ်းတွင် "ငါ၏ ပိဋကတ်တော်များကို အက္ခရာစောက်ဖြင့် မသုံးရ။ အက္ခရာဝန်းဖြင့်သာ သုံးရမည်" ဟု ပါရှိသည်မှာ အက္ခရာဝန်းဝိုင်း လာခြင်း၏ ခိုင်မာသော အထောက်အထားပင် ဖြစ်သည်။

မြန်မာအက္ခရာကို ရေးသားရာတွင် ဘယ်မှ ညာသို့ ရေးသားသည်။

သမိုင်းကြောင်း[ပြင်​ဆင်​ရန်​]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - မြန်မာအက္ခရာသမိုင်း

ဗျည်းအက္ခရာများ[ပြင်​ဆင်​ရန်​]

မြန်မာသင်ပုန်းကြီးတွင် ဗျည်းအက္ခရာ (၃၃) လုံး ရှိပြီး ဝဂ်အက္ခရာ (၂၅) လုံးနှင့် အဝဂ်အက္ခရာ (၈)လုံး ဖြစ်သည်။

ဝဂ်နာမည် ဝဂ်ဗျည်း
သိထိလ ဓနိတ သိထိလ နိဂ္ဂဟိတ
ကဏ္ဍဇ က /k/ /kʰ/ /g/ /g/ /ŋ/
ကကြီး ([ka̰ dʒí]) ခခွေး ([kʰa̰ gwé]) ဂငယ် ([ɡa̰ ŋɛ̀]) ဃကြီး ([ɡa̰ dʒí]) -
တာလုဇ /s/ /sʰ/ /z/ /z/ /ɲ/
စလုံး ([sa̰ lóʊɴ]) ဆလိမ် ([sʰa̰ lèɪɴ]) ဇခွဲ ([za̰ ɡwɛ́]) ဈမျဉ်းဆွဲ ([za̰ mjíɴ zwɛ́]) -
မုဒ္ဒဇ /t/ /tʰ/ /d/ /d/ /n/
ဋသန်လျင်းချိတ် ([ta̰ θəlíɴ dʒeɪʔ]) ဌဝမ်ဘဲ ([tʰa̰ wàɴ bɛ́]) ဍရင်ကောက် ([da̰ jìɴ ɡaʊʔ]) ဎရေမှုတ် ([da̰ jè m̥oʊʔ]) ဏကြီး ([na̰ dʑí])
ဒန္တဇ /t/ /tʰ/ /d/ /d/ /n/
တဝမ်းပူ ([ta̰ wàɴ bu]) ထဆင်ထူး ([tʰa̰ sʰìɴ dú]) ဒထွေး ([da̰ dwé]) ဓအောက်ခြိုက ([da̰ oʊʔ tʃʰaɪʔ]) နငယ် ([na̰ ŋɛ̀])
ဩဌဇ /p/ /pʰ/ /b/ /b/ /m/
ပစောက် ([pa̰ zaʊʔ]) ဖဦးထုပ် ([pʰa̰ óʊ tʰoʊʔ]) ဗထက်ခြိုက်‌ ([ba̰ là tʃʰaɪʔ]) ဘကုန်း ([ba̰ ɡóʊɴ]) -
အခြားဗျည်းများ
အဝဂ် /j/ /j/ /l/ /w/ /θ/
ယပက်လက် ([ja̰ pəlɛʔ]) ရကောက်‌ ([ja̰ ɡaʊʔ]) - - -
/h/ /l/ /ʔ/
- ဠကြီး ([la̰ dʒí]) -

ပါဠိဘာသာရေးရိုးရေးစဉ်အတိုင်း "က…ဠ" နောက်တွင် အ အက္ခရာထက်၌ နိဂ္ဂဟိတ်တင်သော (အံ) ကို ဖြည့်၍ က…ဠ၊ အံ ဟု ဗျည်း (၃၃) လုံး ရေတွက်သတ်မှတ်ကြသည်လည်း ရှိသည်။ ဤ၌ သေးသေးတင် (ံ) ကိုသာ ဗျည်းဟု ဆိုလိုသည်။ ယှဉ်သော (အ) မှာ အသံရွတ်ဆိုရရုံမျှ ပြထားခြင်းဖြစ်သည်။[note ၁]

အ အဆုံး ဗျည်း (၃၃) လုံးမူသည် မြန်မာမှုအရ အရေးအသားစနစ်ကို အလေးပေးထား၍ အံ အဆုံး ဗျည်း (၃၃) လုံးမူမှာ စကားသံစနစ်ကို အလေးပေးထားကြောင်း တွေ့ရသည်။ အံ (ံ) ဗျည်းအဆုံးထားလိုသူတို့က (အ) သည် သရမျှသာဖြစ်၍ ဗျည်းစာရင်းတွင် ပါစရာမလို၊ (ံ) သာ ဗျည်းအဖြစ် ပါသင့်သည်ဟု ယူဆကြသည်။ သို့သော် (အ) သည် ရှေးပုဂံခေတ်ကပင် သရ၏ တာ၀န်အပြင် ဗျည်းတစ်ခုသဖွယ် ဆောင်ရွက်လာခဲ့ကြောင်းကို ဤသို့ တွေ့ရပေသည်။

က အစ ဠ အဆုံး ဗျည်း (၃၂) လုံးကို သရသင်္ကေတများနှင့် ယှဉ်၍ အက္ခရာပွားနိုင်သကဲ့သို့ (အ) ကိုလည်း ယင်းသင်္ကေတအားလုံးနှင့် ယှဉ်၍ အက္ခရာပွားနိုင်သည်။ အခြား ဗျည်းများကို ဝဆွဲ၍ ဗျည်းတွဲအဖြစ် ရေးနိုင်သကဲ့သို့ (အ) ကိုလည်း ဝဆွဲ၍ ဗျည်းတွဲအဖြစ် ရေးနိုင်သည်။ ဗျည်းတို့တွင် အသတ်တင်၍ ရေးနိုင်သကဲ့သို့ ပုဂံခေတ်က (အ) တွင် အသတ်တင်၍ ရေးခဲ့ကြသည်။

ဤသည်တို့ကို ထောက်၍ ရှေးမြန်မာတို့သည် မြန်မာစကားသံများကို အက္ခရာဖြင့် ဖော်ပြရာ၌ အ အက္ခရာကို ဗျည်းတစ်ခုသဖွယ် တီထွင် သုံးစွဲခဲ့ကြသည်မှာ ထင်ရှားပေသည်။ ထို့ကြောင့် ဗျည်းအက္ခရာတို့ အရေးပွားပုံစနစ်ကိုပြသည့် သင်ပုန်းကြီး၌ ဗျည်းအက္ခရာ၏ လုပ်ငန်းများ အားလုံးကို ဆောင်ရွက်ပေးသော (အ) ကို ဗျည်းအက္ခရာများအဆုံး၌ တစ်ပေါင်းတည်း ထည့်သွင်းပြသထားခြင်းဖြစ်သည်။ ဤသို့ ပြခြင်းဖြင့် လက်တွေ့၌ အသုံးတည့်လှပေသည်။ ထို့ကြောင့် ပါဠိကျမ်းဂန်အရ က အစ အံ အဆုံး ဗျည်း (၃၃) လုံးကို သူ့နည်း သူ့ဟန် မှန်ကန်သည့် အလျောက် ရှိစေ၍ လက်တွေ့ သင်ကြားမှုနယ်ပယ်၌ အသုံးတည့်သော မြန်မာ့နည်း မြန်မာ့ဟန် က အစ အ အဆုံး ဗျည်း (၃၃) လုံးကို သင်ပုန်းကြီးမူအတိုင်း အစဉ်တစိုက် လက်ခံခဲ့ကြပေသည်။

မြန်မာစာရေးသားရာတွင် အပိုဒ် (၂၇) ပါ ဗျည်း (၃၃) လုံးအပြင် ပါဠိစာပေတွင် သုံးသည့် ဉကလေးကိုလည်း အသုံးပြုလျက်ရှိသည်။ ပါဠိစာပေတွင် စဝဂ်၌ စ၊ ဆ၊ ဇ၊ ဈ၊ ဉ ဟု ဉကလေးနှင့်သာ ရှိသည်။ ညကြီးမှာ ပါဠိတွင် ဉကလေးနှစ်လုံးဆင့်သည့် ပါဌ်ဆင့်စာလုံး ဖြစ်သည်။ သို့သော် မြန်မာစာတွင် ပုဂံခေတ်ကစ၍ စ၀ဂ်ကို စ၊ ဆ၊ ဇ၊ ဈ၊ ည ဟု ညကြီးဖြင့် သတ်မှတ်ခဲ့ကြသည်။ ပုဂံ၊ ပင်းယနှင့် အင်း၀ ခေတ်ဦး ကျောက်စာများတွင် ပါဠိဂါထာရေးရာ၌ပင် ဉကလေးကို သုံးခဲလှသည်။ ညကြီးကိုသာ သုံးသည်။ မြန်မာစာခေတ်ဦးတွင် ညကြီးသာ အသုံးတွင်သည်။ (သာဓက။ ။ ပည္စဝဂ္ဂီ၊ ဗျည္ဇန၊ ညာဏ်။) သက္ကရာဇ် ၈၀၀ ခန့်ရောက်မှ ဉကလေးကို သုံးလာသည်။ သို့တိုင်အောင် ကုန်းဘောင်ခေတ် နန်းသုံးစာပေရေးရာ၌ ဉ ကလေးကို ‘ဉ ဦးခေါင်းမဲ့’ ဟူ၍ အသုံးမပြုရ။ ညကြီးကိုသာ သုံးရသည်။ (ဉ် ) ရေးလိုသော် (ည်)နှင့် ကွဲပြားအောင် (ညံ်) ဟု အစက်သင်္ကေတဖြင့် ရေးသည်။ ထို့ကြောင့် ဗျည်း (၃၃) လုံး ရေတွက်ရာတွင် ပုဂံခေတ်ကတည်းက မြန်မာတို့ တစ်သမတ်တည်း သုံးခဲ့သည့် ညကြီးကိုသာ ထည့်သွင်း ရေတွက်သည်။ ဉကလေးကို စဝဂ်အက္ခရာတစ်လုံးအဖြစ် ထည့်မည်ဆိုလျှင် စဝဂ်၌၊ စ၊ ဆ၊ ဇ၊ ဈ၊ ဉ၊ ည ဟု အက္ခရာ ၆ လုံး ရှိမည်ဖြစ်ရာ တစ်၀ဂ်လျှင် ၅ လုံးစီရှိသော အစဉ်အလာပျက်မည်ဖြစ်သည်။ စဝဂ်တွင် ညကြီးက နေရာယူပြီးဖြစ်၍ နောက်မှ အသုံးပြုလာသော ဉကလေးကို ဗျည်းအရေအတွက်တွင် မထည့်ကြတော့ပေ။ ပုဂံခေတ် မြန်မာကျောက်စာအချို့၌ သက္ကတဗျည်း ၂ လုံးကိုလည်း တွေ့ရသည်။ ၎င်းဗျည်းတို့မှာ ‘ဂသျှ’ ခေါ် (ူ) နှင့် ‘ပသျှ’ ခေါ် (ြ) တို့ ဖြစ်သည်။

မြန်မာဗျည်းတွဲ သင်္ကေတများ[ပြင်​ဆင်​ရန်​]

မြန်မာစာတွင် -ျ၊ ြ – ၊ -ွ၊ -ှ ဟူ၍ အခြေခံဗျည်းတွဲ သင်္ကေတ (၄) ခုရှိသည်။ ဗျည်းတွဲသင်္ကေတများသည် ကျ၊ ပြ၊ စွ၊ လှ စသည်ဖြင့် ဗျည်း (၃၃) လုံးမှ ဆီလျော်ရာ ဗျည်းများနှင့် ယှဉ်တွဲနိုင်သည်။ လျှ၊ ကြွ၊ မြွ စသည်ဖြင့် ဗျည်းတွဲသင်္ကေတအချင်းချင်း နှစ်ခု သုံးခုပေါင်း၍လည်း ဗျည်းများနှင့် ယှဉ်တွဲနိုင်သည်။

နှစ်ခုပေါင်းသော ဗျည်းတွဲသင်္ကေတ (၅) တွဲမှာ အောက်ပါတို့ ဖြစ်သည်။

  • -ျ + -ွ = ကျွ
  • ြ- + -ွ = ကြွ
  • -ျ + -ှ = -ကျှ
  • ြ- + -ှ = ပြှ
  • -ွ + -ှ = -ွှ

သုံးခုပေါင်းသော ဗျည်းတွဲသင်္ကေတ (၂) တွဲမှာ အောက်ပါတို့ ဖြစ်သည်-

  • -ျ + -ွ + -ှ = ပျွှ
  • ြ – + -ွ + -ှ = ပြွှ

ဤသို့အားဖြင့် ဗျည်းတွဲသင်္ကေတ စုစုပေါင်း (၁၁) တွဲ ရှိသည်။

အထက်ဖော်ပြပါ ဗျည်းတွဲသင်္ကေတများသည် ပုဂံခေတ် မြန်မာစာအရေးအသား ထွန်းကားစကတည်းက မြန်မာတို့ အသုံးပြုခဲ့ကြသော ဗျည်းတွဲသင်္ကေတများဖြစ်သည်။ ၎င်းတို့အပြင် ပုဂံခေတ်မှ အင်းဝခေတ်တိုင် – ္လ (လဆွဲ) ဗျည်းတွဲသင်္ကေတရှိခဲ့သည်။ လဆွဲသည် ကဝဂ်ဗျည်း၊ ပဝဂ်ဗျည်းများနှင့် ယှဉ်သည်။ (သာဓက။ ။ က္လ၊ ခ္လပ်၊ ပ္လု၊ ဖ္လစ်။) သက္ကရာဇ် ၈၀၀ ကျော်သောအခါ ကဝဂ်ဗျည်းနှင့်ယှဉ်သော လဆွဲနေရာတွင် ယပင့်သည်လည်းကောင်း၊ ပ၀ဂ်ဗျည်းနှင့်ယှဉ်သော လဆွဲနေရာတွင် ရရစ်သည်လည်းကောင်း ဝင်ရောက်လာသည်။ ထိုသို့ ပြောင်းသွားခြင်းမှာ ယင်းစကားလုံးတို့၏ အသံထွက် ရွေ့လျောမှုကြောင့် ဖြစ်ရာသည်။

လဆွဲ ဗျည်းတွဲသင်္ကေတနှင့်သော် ထိုရှေးခေတ်က အခြေခံ ဗျည်းတွဲသင်္ကေတ (၅) ခု ရှိခဲ့သည်။ နှစ်ခုပေါင်းသော ဗျည်းတွဲသင်္ကေတများလည်း ယခုထက် အရေအတွက်ပိုသည်။ ပုဂံခေတ်မှ အင်းဝခေတ်တိုင် အောက်ပါနှစ်ခုပေါင်း ဗျည်းတွဲသင်္ကေတများကို သုံးခဲ့ကြသည်။

  • -ျ + ြ- = ြ- ျ (သာဓက။ ။ တြ ျာ၊ ဆြိ ျာ)
  • -ျ + – ္လ = -္လ ျ (သာဓက။ ။ ခ္လျင်၊ က္လျပ်)
  • -္လ + -ွ = -လွ (သာဓက။ ။ ကလွတ်၊ ခလွတ်)
  • – ္လ + – ှ = -လှ (သာဓက။ ။ မ္လှူ)

ထို့ကြောင့် အင်းဝခေတ် သက္ကရာဇ် ၈၀၀ ကျော်အထိ ဗျည်းတွဲသင်္ကေတ (၁၆) ခု သုံးခဲ့သည်။ သက္ကရာဇ် ၈၀၀ ကျော် ‘လ’ သံ တိမ်ကောသွားသည့် အခါ ဗျည်းတွဲသင်္ကေတ (၁၁) ခု တည်တံ့လာသည်။

မြန်မာအသတ်ဗျည်းများ[ပြင်​ဆင်​ရန်​]

မြန်မာအသတ် ဗျည်း (၁၀) ခု ရှိသည်။ ၎င်းတို့မှာ အောက်ပါတို့ဖြစ်သည်-

  • ကဝဂ် – က်၊ င်
  • စဝဂ် – စ်၊ ဉ် ၊ ည်
  • တဝဂ် – တ်၊ န်
  • ပဝဂ် – ပ်၊ မ်
  • အဝဂ် – ယ်။

ဝဏ္ဏဗောဓနသတ်အင်းတွင် က်၊ င်၊ စ်၊ ည်၊ တ်၊ န်၊ ပ်၊ မ် ဟူ၍ အသတ်ဗျည်း (၈) ခု ပြသည်။ ဝေါဟာရတ္ထပကာသနီကျမ်းက အဆိုပါ (၈) ခုတွင် ယ် နှင့် ဝ် ဖြည့်၍ (၁၀) ခု ပြဆိုခဲ့သည်။ မြန်မာသင်ပုန်းကြီးတွင်လည်း က်၊ င်၊ စ်၊ ည်၊ တ်၊ န်၊ ပ်၊ မ်၊ ယ်၊ ဝ် ဟူ၍ အသတ်ဗျည်း (၁၀) ခု ပြသည်။

မြန်မာအသတ် ဗျည်းတို့၏ သမိုင်းတွင် ဝသတ်သည် အေဒီ ၁၉ ရာစုအတွင်း၌ ခေတ်တိမ်သွားသည်။ ဉ သတ်ကို အေဒီ ၁၅ ရာစု အလယ် (သက္ကရာဇ် ၈၀၀ ခန့်)တွင် အသုံးပြုလာကြသည်။ ထို့နောက် "ဉ ဦးခေါင်းမဲ့" ဟူသော အမည်ကြောင့် မင်္ဂလာမရှိဟု ပစ်ပယ်ခံခဲ့ရသည်။ ဉသတ်သည် အေဒီ ၁၉ ရာစု ကုန်ခါနီးတွင်မှ တည်တံ့လာသည်။ ဤသမိုင်းကြောင်းအရ အသုံးမတွင်တော့သော ဝ် ကို ချန်လှပ်၍ အသုံးတွင်သော ဉ် ကို ထည့်သွင်းကာ အသတ်ဗျည်း (၁၀) ခု ရေတွက်သည်။ မြန်မာစာအရေးအသား ခေတ်ဦးကာလကမူ က်၊ င်၊ စ်၊ ည်၊ တ်၊ န်၊ ပ်၊ မ်၊ ယ်၊ ၀်၊ ဟ်၊ အ် ဟူ၍ အသတ်ဗျည်း (၁၂) ခုအထိ ရှိခဲ့ဖူးသည်။ ထိုစဉ်က ဟ် ကို ယခု ဝစ္စပေါက်သုံးသည့်နေရာတွင် သုံးကြသည်။ (သာဓက။ သာဟ် = သား၊ ဖျက်ဆီဟ် = ဖျက်ဆီး။) ဟ် သည် အေဒီ ၁၃ ရာစုအစတွင် ပျောက်ကွယ်သွားခဲ့သည်။ ဝစ္စပေါက်မှာ အေဒီ ၁၆ ရာစုရောက်မှ အသုံးတွင်ကျယ်လာသည်။

အ် ကို မြန်မာစာအရေးအသား စတင်တွေ့ရချိန်မှ အေဒီ ၁၆ ရာစုအထိ တွေ့ရသည်။ အသတ်မပါသော သံရှည်စာလုံးများ ဖြစ်သည့် ပေ၊ ဧ စသည်တို့ကို အသံတိုစေရန် ‘အ’ သတ်၍ ပေအ်၊ ဧအ် ဟု ရေးသည်။ ပေ့၊ အေ့ ဟု အောက်မြစ်သံထွက်သည်။ အသတ်ပါသော သံရှည် စာလုံးများဖြစ်သည့် နှင်၊ အမ်၊ နိယ် စသည်တို့ကို အသံတိုစေလိုသောအခါတွင်မူ နှင်အ်၊ အမ်အ်၊ နိယ်အ် ဟု အသတ်ဗျည်းနှစ်ခု ဆက်မရေးတော့ဘဲ ထက်အောက်ဆင့်လျက် နှင်အ ၊ အမ်အ ၊ နိယ်အ ဟု နေရာချုံ့၍ ရေးခဲ့ကြသည်။ နှင့်၊ အံ့၊ နေ့ဟု အောက်မြစ်သံထွက်သည်။ ဤသို့ဖြင့် အ် နှင့် အ် ချုံ့ရေးသည့် -အ် ဟူ၍ ရှိခဲ့သည်။ အ် သည် အေဒီ ၁၆ ရာစု (သက္ကရာဇ် ၉၀၀ ခန့်)တွင် တိမ်ကောပျောက်ကွယ်သွားသည်။ -အ် မှာ မျက်မြင်ပုံသဏ္ဌာန်အရ အဆွဲသဘောသို့ သက်ရောက်သွားပြီး အောက်မြစ်သို့ အဆင့်ဆင့် ပြောင်းလဲသွားသည်။

ပါဠိ၊ သက္ကတသက် အသတ်ဗျည်းများ[ပြင်​ဆင်​ရန်​]

မြန်မာတို့သည် ပါဠိဘာသာ၊ သက္ကတဘာသာနှင့် ထိတွေ့ခဲ့သည်မှစ၍ မြန်မာဘာသာ၌ လိုအပ်သော ဝေါဟာရများကို ပါဠိဘာသာ သက္ကတဘာသာတို့မှ ရတန်သရွေ့ ယူငင်သုံးစွဲခဲ့ကြသည်။ ဤသို့သုံးစွဲရာ၌ မူလအသွင်သဏ္ဌာန်မပျက် ယူငင် သုံးစွဲသည်လည်း ရှိသည်။ မြန်မာ့အာ၊ မြန်မာ့နားနှင့် အဆင်ပြေအောင် လိုအပ်သလို ပြုပြင်၍ သုံးစွဲသည်လည်း ရှိသည်။ သက္ကတဝေါဟာရများကို မြန်မာမှုပြုရာ၌ နောက်ဆုံးစာလုံးကို ချေခြင်း (မဂ္ဂ = မဂ်ဂမှ နောက်ဆုံး ဂ ကို ချေခြင်း) ၊ နောက်ဆုံးစာလုံး၏ သရကို ချေခြင်း (ဓာတုတွင် တုမှ ဥ သရကို ချေခြင်း) စသည်တို့ဖြင့် မဂ်၊ ဓာတ် ကဲ့သို့ အသတ်ဗျည်းအဆုံး ရှိသော ပါဠိ၊ သက္ကတသက်စာလုံးများ ဖြစ်လာသည်။ ဤသို့ဖြင့် မြန်မာဘာသာ၌ မြန်မာအသတ်ဗျည်း (၁၀) ခု အပြင် ပါဠိ၊ သက္ကတသက် အသတ်ဗျည်းများ ပေါ်ပေါက်ခဲ့သည်။ မြန်မာတို့ ပါဠိ၊ သက္ကတသက် အသတ်ဗျည်းများကို သုံးစွဲလာခဲ့သည်မှာ ပုဂံခေတ် ကျောက်စာများ ပေါ်ပေါက်သည့် အေဒီ ၁၁ ရာစုမှ ယနေ့တိုင်ပင် ဖြစ်သည်။ ပါဠိ၊ သက္ကတဝေါဟာရများကို မြန်မာမှုပြု၍ မြန်မာဆန်ဆန် သတ်သည်ကို သဒ္ဒါနုသာရီသတ်နည်းဟု စာပေ ကျမ်းဂန်များတွင် တွေ့ရသည်။ ဝဏ္ဏဗောဓနသတ်အင်းတွင် ရှင်ဥက္ကံသမာလာက "မာဂဓသို့လိုက်၍ သတ်သည့်အသတ်" ဟု ခေါ်ဆိုသည်။ ပါဠိ၊ သက္ကတသက် အသတ် ဝေါဟာရများကို စုစည်း၍ မုံကင်း ဆရာတော် ရှင်ဝိသုဒ္ဓ ပြုစုထားသည့် သဒ္ဒါနုသာရီ သတ်ပုံကျမ်း (၁၂၁၅-ခု) နှင့် တောင်ငူမြို့ စာရေး ဦးကြီး၏ ပါဌာနုသာရီ သတ်ပုံကျမ်း (၁၂၂၁-ခု)တို့ ပေါ်ပေါက်ခဲ့ဖူးသည်။

ပါဠိ၊ သက္ကတသက် အသတ်ဗျည်း (၂၇) လုံး တွေ့ရှိရသည်။ ဝဏ္ဏဗောဓနသတ်အင်းတွင် (၂၂) လုံး ပြ၍ လယ်တီဆရာတော်၏ သင်ပုန်းကြီး သံခိပ်တွင် (၂၅) လုံး ပြသည်။ ယင်း (၂၇) လုံးအနက် ဝဏ္ဏဗောဓနသတ်အင်းတွင် ခ၊ ဉ ၊ ဌ ၊ ထ၊ ဓ၊ ဘ (၆) လုံး မပါ။ ဍ ပါသည်။ သင်ပုန်းကြီးသံခိပ်၌ စ၊ ဌ၊ ပ (၃) လုံး မပါ။ ဃ ပါသည်။ အသတ် (၂၇) ခု အပြင် ယခင်က ဃ် ကိုလည်း ပါဠိသက် အသတ်အဖြစ် ယူဆရေတွက်ကြသည်ကို တွေ့ရသည်။ မိုး ဟူသော စာလုံးကို ခေတ်အဆက်ဆက် ရှေးဟောင်း ကျောက်စာ၊ မင်စာများတွင် မိုဝ် ဟူ၍ ရေးခဲ့ကြသည်။ သို့သော် အေဒီ ၁၉ ရာစု ခန့်တွင် ပါဠိမေဃမှ မိုး ဖြစ်သည်ဟူသော အယူအဆ လွှမ်းမိုးလာပြီး "မိုဃ်း"ဟု ရေးခဲ့ကြသည်။ အေဒီ ၂ဝ ရာစုအလယ် ရောက်သောအခါ ရှေးကျောက်စာ၊ မင်စာများကို အထောက်အထားပြု၍ ဃ် ကို ဖြုတ်ခဲ့ကြသည်။

သရအက္ခရာများ[ပြင်​ဆင်​ရန်​]

မြန်မာစာရေးသားမှုတွင် အခြေခံအားဖြင့် သရအက္ခရာ (၁၂) လုံး ရှိသည်။ ၎င်းတို့မှာ အ၊ အာ၊ ဣ၊ ဤ၊ ဥ၊ ဦ၊ ဧ၊ အဲ၊ သြ၊ သြော်၊ အံ၊ အို တို့ ဖြစ်သည်။ တစ်နည်းအားဖြင့် အ၊ အာ၊ အိ၊ အီ၊ အု၊ အူ၊ အေ၊ အဲ၊ အော၊ အော်၊ အံ၊ အို ဟုလည်း ရေးသားနိုင်သည်။ ယင်းအခြေခံ သရ (၁၂) လုံးကို မူတည်ပြီး အောက်မြစ် (- ့)၊ ဝိသဇ္ဇနီ (-း) တို့ဖြင့် အရေးပွား၍လည်းကောင်း၊ အသတ်ဗျည်းများဖြင့် အရေးပွား၍လည်းကောင်း လိုအပ်သမျှ ချဲ့ထွင် အသုံးပြုကြသည်။ မြန်မာစာ မူလအခြေခံ သင်ပုန်းကြီး၌ ကမချဂ သရ (၂၁) လုံးဟူ၍ ရှိသည်။ ၎င်းတို့မှာ အောက်ပါအတိုင်းဖြစ်သည်။

အာ အား
အိ အီ အီး
အု အူ အူး
အေ အေ့ အေး
အဲ အဲ့ အဲး
အော အော့ အော်
အံ့ အံး

ယင်းသရ (၂၁) လုံးအနက် အောက်မြစ် (- ့)၊ ဝိသဇ္ဇနီ (-း) ဖြင့် ပွားထားသော သရများကို နုတ်ပယ်၍ မူလအခြေခံသရများ ထုတ်ယူသောအခါ အ၊ အာ၊ အိ၊ အီ၊ အု၊ အူ၊ အေ၊ အဲ၊ အော၊ အော်၊ အံ ဟူ၍ သရ (၁၁) လုံး ရရှိသည်။ ယင်းသရ (၁၁) လုံးတွင် အိုသရကို ဖြည့်စွက်သောအခါ အထက်အပိုဒ်၌ ဖော်ပြခဲ့သည့် မြန်မာစာ၏ အခြေခံဖြစ်သော သရ (၁၂) လုံး ရရှိလာသည်။ သင်ပုန်းကြီးတွင် ကမချ သရ (၂၁) လုံး စီစဉ်ရာ၌ အသတ်ဗျည်းမပါသည့် သရများကိုချည်း ရွေးသန့်စီစဉ်ခဲ့သည်။ ထိုသို့ စီစဉ်ပြုစုသည့် ကာလ၌ အိုသရကို ‘အိုဝ်’ဟု ဝသတ်နှင့် ရေးဆဲဖြစ်သည်။ ထို့ကြောင့် ကမချသရ စာရင်းတွင် အိုဝ်သရကို မထည့်သွင်းခဲ့ပေ။ နောင်သော် ဝသတ်ပြုတ်ပြီး အိုဟု အရေးတွင်ကျယ်လာသည်။ ထို့ကြောင့် မူလကမပါသော အိုကို အခြေခံသရစာရင်းတွင် ထည့်သွင်း ရေတွက်သည်။

ဗျည်းအရေအတွက်နှင့် စပ်လျဉ်း၍ အယူအဆအမျိုးမျိုး ရှိကြသကဲ့သို့ သရအရေအတွက်နှင့် စပ်လျဉ်း၍လည်း အယူအဆအမျိုးမျိုး ရှိခဲ့ကြသည်။ ရှေးပါဠိသဒ္ဒါကျမ်းတစ်စောင်ဖြစ်သော ကစ္စည်းသဒ္ဒါကျမ်းက အ၊ အာ၊ ဣ၊ ဤ၊ ဥ၊ ဦ၊ ဧ၊ သြ-သရရှစ်လုံးဟု ပြသည်။ မောဂ္ဂလလာန်ကျမ်းကမူ အ၊ အာ၊ ဣ၊ ဤ၊ ဥ၊ ဦ၊ ဧ၊ သြ၊ ဧတ်၊ သြတ်-သရ (၁ဝ) လုံးဟု ပြသည်။ ကုန်းဘောင်ခေတ် တောင်တွင်းဆရာတော် ခင်ကြီးဖျော်၏ သဒ္ဒဗျူဟာကျမ်း၌မူ အ၊ အာ၊ ဣ၊ ဤ၊ ဥ၊ ဦ၊ ဧ၊ သြ-သရရှစ်လုံးတွင် အဲ၊ သြော်၊ အို သုံးလုံးဖြည့်စွက်ပြီး မြန်မာသရ ၁၁ လုံးဟု ပြဆိုခဲ့သည်။ ယင်းပြဆိုချက်များ၌ အံ ကို မတွေ့ရချေ။ ရှေးသဒ္ဒါဆရာများက အံ ကို အခြေခံသရတစ်ခုအဖြစ် မယူကြချေ။ ၎င်းတို့က နိဂ္ဂဟိတ် (- ံ) ကို ဗျည်းစာရင်း၌ ထည့်သွင်းကြသဖြင့် အသရတွင် နိဂ္ဂဟိတ်ဗျည်း (- ံ) ယှဉ်သော အံ ကို အခြေခံသရတွင် မထည့်ကြခြင်းဖြစ်သည်။ မြန်မာ သင်ပုန်းကြီးကမူ အံ ကို ဗျည်းစာရင်း၌ ထည့်သွင်း မပြဆိုခဲ့ချေ။ အသတ်ဗျည်းမပါသော သရများကို ကမချသရများအဖြစ် စုစည်း ဖော်ပြသော အခါတွင်မူ အသတ်ဗျည်း ထင်ရှားမရှိသော အံ သည်လည်း ကမချ သရများတွင် အကျုံးဝင်ခဲ့လေသည်။ ဤသို့ဖြင့် သင်ပုန်းကြီးက အံ ကို သရတစ်ခုအဖြစ် ဖော်ပြခဲ့ပေသည်။

ပုဂံခေတ် ရှေးဦးမြန်မာအရေးအသားများတွင် အထက်ပါ သရ (၁၂) လုံးအနက်မှ အဲ၊ အော်၊ အို တို့ကို မတွေ့ရသေးပေ။ ထိုခေတ်က -ဲ အစား -ါယ် ကိုလည်းကောင်း၊ ေ-ာ် အစား -ဝ် ကို လည်းကောင်း၊ [သာဓက။ ။ တဝ်၊ ပုဇဝ် (တော်၊ ပူဇော်)] -ို အစား -ိဝ်၊ -ုဝ်၊ ေ-ိဝ်၊ -ိုဝ် တို့ကိုလည်းကောင်း သုံးခဲ့ကြသည်။ အဆိုပါ ပါယ်၊ ထိုဝ် စသည့် စာလုံးများတွင် ယ်၊ ဝ် များ ပါရှိနေခြင်းကြောင့် ၎င်းတို့ကို သရအဖြစ် မသတ်မှတ်ခဲ့ပေ။

သက္ကရာဇ် ၄၉၃-ခုနှစ်ထိုး အလောင်းစည်သူမင်း၏ ရွှေဂူကြီး ပါဠိဘာသာ ကျောက်စာတွင် ဗေဲသာခမာသ ဟု ဧဲ သရဖြင့် ရေးထိုးထားသည်ကို တွေ့ရသည်။ သက္ကရာဇ် ၅ဝ၉-ခုနှစ်ထိုး ငနွယ်သင်ကျောက်စာ (ပုံ-၅၉) တွင် "လဲကိုဝ်ဖျက်ဆီသသူ" ဟူ၍ အဲသရကို တွေ့ရသည်။ ဧဲ သဏ္ဌာန်သည် သက္ကတသဏ္ဌာန်ဖြစ်၍ အဲ သဏ္ဌာန်သည် မြန်မာမှုပြုထားသော သဏ္ဌာန်ဖြစ်ပေသည်။ ပါဠိတွင် အဲသရမရှိချေ။ ထိုသက္ကတ ဧဲသဏ္ဌာန်ကို စွဲ၍ ယောအတွင်းဝန်၏ လိပိဒီပိကာကျမ်း၊ လယ်တီဆရာတော်၏ သင်ပုန်းကြီးသံခိပ် စသည်တွင် သရအက္ခရာများကို ပြဆိုရာ၌ ဧဲဟု ပြဆိုခဲ့ကြသည်။ သို့သော် ဝေါဟာရတ္ထပကာသနီ ကျမ်းပြုဆရာတော်ကမူ မြန်မာမှု အဲ ကိုပင် နှစ်သက်သည်။ ခင်ကြီးဖျော်၏ သဒ္ဒဗျူဟာတွင်လည်း အဲဟုပင် ပြသည်။ မြန်မာမှု၌ ေ-ဲ ရေးထုံးမရှိကြောင်းကို ဝေါဟာရတ္ထပကာသနီကျမ်းက သဝေတွင် နောက်ပစ်၍လည်း မြန်မာမှု၌ မထင်ရှိခဲ့ ဟု ပြဆိုခဲ့သည်။ အဲသည် သက္ကရာဇ် ၅ဝဝ ခန့်မှစ၍ မြန်မာသရတစ်ခု ဖြစ်လာခဲ့ပေသည်။

အော် သရသည် ပါဠိ၊ သက္ကတဘာသာများတွင် မလာရှိချေ။ မြန်မာမှုသရတစ်လုံးဖြစ်သည်။ ပုဂံခေတ် အေဒီ ၁၂ ရာစုအစပိုင်း၌ -ဝ် ဖြင့် ရေးခဲ့ကြသည်။ အေဒီ ၁၂ ရာစုနောက်ပိုင်းတွင် ဝ သတ် မပါဘဲ ရှေ့ထိုးသင်္ကေတဖြင့် အော်သရကို စတင် ရေးလာကြသည်။ ထိုအခါတွင် အခြေခံသရတစ်ခုဖြစ်လာသည်။ အော်ကို ဝ်ဖြင့်ရော၊ ရှေ့ထိုးဖြင့်ပါ နှစ်သက်သလို ရေးလာရာမှ အေဒီ ၁၃ ရာစု အတွင်းတွင် သဝေရေးချတွင် ရှေ့ထိုးဖြင့်လည်း ရေးလာကြသည်။ ဤသို့ -ဝ်၊ ၊ ေ- ဟူ၍ အဓိကအားဖြင့် သဏ္ဌာန် ၃ မျိုး ကွဲပြားရာမှ အေဒီ ၁၄ ရာစုတွင် -ဝ် ဖြင့် အရေး နည်းပါးသွားသည်။ အေဒီ ၁၈ ရာစုတွင် ချည်းသက်သက် သဏ္ဌာန်မှာလည်း အသတ် -် နှင့် မှားယွင်းဖွယ်ရှိလာသည်။ ထို့ကြောင့် ထိုအရေးမျိုး နည်းပါးလာသည်။ ထိုမှစ၍ ေ-ာ် အရေးသည် တွင်ကျယ်လာသည်။

အို သည် ရှေးအခါက ဝ် ပါနေသဖြင့် ၎င်းကို သရစာရင်း၌ မထည့်ကြောင်း အထက်အပိုဒ် (၅၄) တွင် ဖော်ပြခဲ့ပြီး ဖြစ်သည်။ ပုဂံခေတ်ဦး ကျောက်စာတစ်ချပ်တလေ၌ ဝ် မပါသော အို အရေးကို တွေ့ရသော်လည်း စံကျရေးထုံးဟု မဆိုနိုင်ချေ။ ပုဂံခေတ်မှ ကုန်းဘောင်ခေတ် သက္ကရာဇ် ၁၁၅ဝ ခန့်အထိ အိုဝ် ရေးထုံးကို သုံးခဲ့သည်။ ဝသတ်မပါသော အို ရေးထုံးကို သက္ကရာဇ် ၁ဝဝဝ ခန့်မှစ၍ တွေ့ရသည်။ သက္ကရာဇ် ၁ဝဝဝ ခန့်မှ ၁၁၅ဝ ခန့်အထိ အိုဝ် ရော အို ပါ သုံးခဲ့ကြသည်။ သက္ကရာဇ် ၁၁၅ဝ နောက်ပိုင်းတွင် အများသူငါ ရေးသားရာ၌ ဝ် ကို မသုံးတော့ပေ။ နန်းတွင်း၌မူ ဆက်လက်သုံးစွဲခဲ့သေးသည်။ မန္တလေးရတနာပုံခေတ်တွင်မူ အိုဝ် ကို မတွေ့ရတော့သလောက် ဖြစ်လာသည်။

ဤသို့အားဖြင့် မြန်မာအခြေခံသရ အက္ခရာလုံးရေသည် မူလ အ၊ အာ၊ အိ၊ အီ၊ အု၊ အူ၊ အေ၊ အော၊ အံ (၉) လုံးတွင် ရှေးဦးစွာ အဲ၊ ထိုနောက် အော်၊ နောက်ဆုံးတွင် အို တိုးပြီး (၁၂) လုံး ဖြစ်လာခဲ့သည်။

အက္ခရာအမည်ရ သင်္ကေတများ[ပြင်​ဆင်​ရန်​]

မြန်မာစာတွင် အက္ခရာအမည်ရသော အတိုရေးသင်္ကေတ ၃ ခု ရှိသည်။ ယင်းတို့မှာ အောက်ပါတို့ ဖြစ်သည်-

  • အက္ခရာ ၏၊
  • အက္ခရာ ၍၊
  • အက္ခရာ ၌။

ယင်းအက္ခရာတို့သည် မူလက အခြားစာလုံးများကဲ့သို့ ဗျည်း၊ သရ၊ အသတ်ဗျည်းတို့ဖြင့် ပေါင်းစပ်သော သာမန် စာလုံးများပင် ဖြစ်ကြသည်။ သို့သော် စာလုံးအစိတ်အပိုင်းအချို့ကို ချုံး၍၊ အချို့ကို သင်္ကေတပြု၍ ပေါင်းရာမှ ကာလကြာညောင်းသောအခါ မူလ ဗျည်း၊ သရ၊ အသတ်ဗျည်းတို့၏ ပုံသဏ္ဌာန်များ ယွင်းဖောက်ပျောက်ကွယ်ပြီး ဣ၊ ဤ၊ ဥ၊ ဦ စသော အက္ခရာများကဲ့သို့ ပင်ကိုပုံသဏ္ဌာန် တစ်ခုရှိသော စာလုံးများ ဖြစ်လာခဲ့ကြသည်။ ထိုသို့ ဖြစ်လာခြင်းကြောင့် ၎င်းတို့ကိုလည်း အမည်ရှေ့တွင် အက္ခရာတပ်၍ အက္ခရာ ၏၊ အက္ခရာ ၍၊ အက္ခရာ ၌ ဟု ခေါ်ဝေါ်ကြသည်။ ၎င်းတို့မှာ ဧယ်အ၊ ရုယ်အ နှိုက်တို့၏ သင်္ကေတစာလုံးများ ဖြစ်ကြသည်။

အက္ခရာ ၏[ပြင်​ဆင်​ရန်​]

အက္ခရာ ၏ နှင့် စပ်လျဉ်း၍ ပညာရှင်အချို့က ယင်းစာလုံးသည် ပုဂံခေတ် ဧအ် () မှ တိုက်ရိုက် ဆင်းသက် ဖြစ်ပေါ်လာသည်ဟု ယူဆကြသည်။ ပညာရှင် အချို့ကမူ ပုဂံကျောက်စာခေတ်ဦးက ဧအ် ရေးသည်မှန်သော်လည်း နောက်ပိုင်းတွင် ဧယ်၊ ဧယ်အ သို့ ရေးထုံးရွေ့လျောသည်။ ဧယ် ၏ သင်္ကေတအဖြစ် () ကို သုံးခဲ့သည်။ ယင်းကမှ ယနေ့ ၏ သဏ္ဌာန်သို့ ပြောင်းလဲ ဖြစ်ပေါ်လာသည်ဟု ယူဆကြသည်။

ပုဂံကျောက်စာခေတ်ဦးတွင် ၏ ကို ဧ၊ ဧအ်၊ ယေ၊ ယေအ် ဟူ၍ ရေးကြသည်။ နောက်တစ်ဆင့်တွင် သင်္ကေတပြု၍ ၊ ဟု ရေးကြသည်။ သည် အက္ခရာ ဧ ယသတ် (ဧယ်) ၏ သင်္ကေတ ဖြစ်သည်။ မွန်တို့ကလည်း အက္ခရာ ဧ ယသတ် (ဧယ်) ၏ သင်္ကေတအဖြစ် သုံးကြောင်း အလယ်ခေတ် မွန်ကျောက်စာများတွင် ခိုင်လုံစွာ တွေ့ရသည်။ ယင်းတွင် အသတ်တင်ခြင်းသည် အ သတ်ခြင်းပင် ဖြစ်သည်။ ထို့ကြောင့် အက္ခရာ ဧ ယသတ် အသတ် (ဧယ်အ်) သို့မဟုတ် (ဧယ်အ) ၏ သင်္ကေတ ဖြစ်သည်။ ကျောက်စာများတွင် အစား ၊ ဟုလည်း ရေးကြသည်။ ယနေ့ အက္ခရာ ၏ သို့ အဆင့်ဆင့် ပြောင်းလဲလာပုံကို ကျောက်စာ၊ မင်စာများတွင် ကွင်းဆက်မပြတ် တွေ့မြင်နိုင်သည်။

အက္ခရာ ၍[ပြင်​ဆင်​ရန်​]

အက္ခရာ ၍ နှင့် စပ်လျဉ်း၍မူ ရှေးကျောက်စာများတွင် ရုယ်အ ဟု ရေးရာမှ ယနေ့ အက္ခရာ ၍ ပုံသဏ္ဌာန်သို့ အဆင့်ဆင့် ပြောင်းလဲလာပုံကို တွေ့နိုင်သည်။ ထို့ကြောင့် ပညာရှင်အများကလည်း ယင်းသို့ ပြောင်းလဲလာသည်ဟုပင် ယူဆကြသည်။

အက္ခရာ ၌[ပြင်​ဆင်​ရန်​]

အက္ခရာ ၌ သည် နှိုက်ကို အတိုချုံးရေးရာမှ ဖြစ်ပေါ်လာသည်။ နငယ်ဟထိုးတွင် အသတ်တင်လိုက်လျှင် အက္ခရာ ၌ နှင့် အလွန်နီးစပ်သော သဏ္ဌာန်ကို ရသည်။ ယင်းကမှ အက္ခရာ ၌ ဖြစ်လာကြောင်း သက္ကရာဇ် ၁၁ဝဝ ခန့်က ခေါင်းလောင်းစာများ၌ တွေ့ရသည်။ ယင်းသို့ သင်္ကေတပြုရာတွင် တစ်ချောင်းငင်၊ လုံးကြီးတင်၊ ကအက္ခရာတို့ ကျေခဲ့ကြောင်း တွေ့ရသည်။ အရပ်ရပ် အထောက်အထားများအရ သက္ကရာဇ် ၈ဝဝ နှင့် ၁ဝဝဝ အတွင်း ပေစာ၊ ပုရပိုက်စာများတွင် နှိုက်ကို အတိုချုံးရေးသားရာမှ ဆင်းသက် ပေါ်ပေါက်လာသည်ဟု ယူဆရန် ရှိပေသည်။

အသံထွက်ကွဲစေသည့် အမှတ်အသားများ[ပြင်​ဆင်​ရန်​]

There are several diactric marks that alter the vowel sound of a letter. Two diacritics are used exclusively for Pali and are rarely seen elsewhere.

The thirty-three consonants of the Burmese abugida, without diacritics.
အမှတ်အသားများ အမည် မှတ်ချက်
ရေးချ ဝိုက်ချ၊ မောက်ချ creates low tone
ိ (ဣ) လုံးကြီးတင် creates an i sound at creaky tone ( e.g. English seat)
ီ (ဤ) လုံးကြီးတင်ဆန်ခတ် creates an i sound at low tone
ု (ဥ) တစ်ချောင်းငင် creates a u sound at creaky tone (e.g. English truce)
ူ (ဦ) နှစ်ချောင်းငင် creates a u sound at low tone
ေ (ဧ) သဝေထိုး creates an ei sound at high tone (e.g. English cane)
ဲ (ဩ) နောက်ပစ် creates an è sound at high tone (e.g. English pet)
အသတ်, တံခွန် ဝိရာမ; modifies the sound quality of a letter and varies with letters (usually creates a consonant final)
◌း ဝစ္စပေါက်, ရှေ့ကပေါက်, ရှေ့ဆီး Visarga; creates high tone, but cannot be used alone
သေးသေးတင် Anunaasika, creates nasalised -n final
အောက်မြစ် Anusvara, creates short tone
used exclusively for Pali
used exclusively for Pali

One or more of these accents can be added to a consonant to change its sound. In addition, other modifying symbols are used to differentiate tone and sound, but are not considered diacritics.

Ligatures[ပြင်​ဆင်​ရန်​]

Specific consonants (a final and the following consonant), when placed next to one another, may be stacked, with the final placed underneath the consonant. They are considered ligatures, and are typically used to abbreviate, but are not necessary and are primarily used to denote Pali or Sanskrit origin.

ဂဏန်း[ပြင်​ဆင်​ရန်​]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - မြန်မာအက္ခရာဂဏန်း

A decimal numbering system is used, and numbers are written in the same order as Hindu-Arabic numerals.

The numerals from zero to nine are: ၀၊ ၁၊ ၂၊ ၃၊ ၄၊ ၆၊ ၇၊ ၈ နှင့် ၉ (Unicode 1040 to 1049). Separators (such as commas) to group digits are not used.

Another set of digits from zero to nine is used in the Shan language.

ပုဒ်[ပြင်​ဆင်​ရန်​]

There are two primary break characters in Burmese, drawn as one or two downward strokes (၊ or ။), which respectively act as a comma and a full stop. ၏ is used as a full stop if the sentence immediately ends with a verb. ၍ is roughly the equivalent of a comma and is used to connect two trains of thought.

ယူနီကုဒ်ဇယား[ပြင်​ဆင်​ရန်​]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - မြန်မာယူနီကုဒ်

ယူနီကုဒ်စနစ်တွင် မြန်မာအက္ခရာတစ်လုံးချင်းစီအတွက် U 1000 မှ U 109F အတွင်းတွင် သီးခြားသတ်မှတ်ပေးထားသည်။

မြန်မာ[1]
Unicode Consortium မှ ကုဒ်ဇယား (PDF)
  0 1 2 3 4 5 6 7 8 9 A B C D E F
U+100x က
U+101x
U+102x
U+103x     
U+104x
U+105x
U+106x
U+107x
U+108x
U+109x
မှတ်ချက်
၁။^ ယူနီကုဒ် ဗားရှင်း 8.0 အရ


မှတ်စု[ပြင်​ဆင်​ရန်​]

  1. အချို့ပညာရှိများကလည်း (ံ) အပြင် ဝိသဇ္ဇနီ (း) ပါထည့်ပြီး ဗျည်း (၃၄) လုံးဟု သတ်မှတ်လိုသည်။ အချို့ကမူ က…ဠ၊ အံ၊ အံ့၊ အံး ဟူ၍လည်းကောင်း၊ အချို့က က…ဠ၊ အံ့၊ အံ၊ အံး ဟူ၍လည်းကောင်း ဗျည်း ၃၅-လုံး သတ်မှတ်လိုသည်။ (ံ) အပြင် အောင်မြစ် (့) နှင့် ဝိသဇ္ဇနီ (း) တို့ကို ဗျည်းအဖြစ် ဖြည့်စွက်ရေတွက် ဖော်ပြခြင်းဖြစ်သည်။

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာအက္ခရာများ။ မြန်မာစာအဖွဲ့။ ၈ ဖေဖော်ဝါရီ ၂၀၁၆ တွင် ပြန်စစ်ပြီး။
  2. မြန်မာသရအက္ခရာများ။ မြန်မာစာအဖွဲ့။ ၈ ဖေဖော်ဝါရီ ၂၀၁၆ တွင် ပြန်စစ်ပြီး။

ဆက်စပ်ဖတ်ရှုရန်[ပြင်​ဆင်​ရန်​]