ဒါန
သူတော်ကောင်းတို့၏ အလှူသည် ငါးမျိုးရှိသည်။ ထိုငါးမျိုးမှာ
- သဒ္ဓါဒါန
- သက္ကစ္စဒါန
- ကာလဒါန
- အနုဂ္ဂဟိတဒါန
- အနုပဟစ္စဒါန တို့ဖြစ်ကြသည်။
သဒ္ဓါဒါန[ပြင်ဆင်ရန်]
ကံ - ကံ၏ အကျိုးကို ယုံကြည်၍ အလှူခံပုဂ္ဂိုလ်အား ပေးလှူခြင်းကို သဒ္ဓါဒါနဟု ခေါ်သည်။ ထိုသူသည် ဖြစ်လေရာ ဘုံဘဝ၌ ရရှိနိုင်သော အကျိုးကျေးဇူးများမှာ
- ဥစ္စာပစ္စည်း ကြွယ်ဝချမ်းသာ၏။
- များသောအသုံးအဆောင်ရှိ၏။
- ရှုချင်သဖွယ် ရှိ၏။
- စိတ်ကြည်လင်ဖွယ် ရှိ၏။
- လွန်ကဲသော အဆင်းသဏ္ဌာန်နှင့် ပြည့်စုံ၏။
သက္ကစ္စဒါန[ပြင်ဆင်ရန်]
လှူဖွယ်ဝတ္ထုပစ္စည်းတို့ကို သပ်ရပ်ကောင်းမွန်သန့်ရှင်းစွာ ပြုပြင်၍ အလှူခံပုဂ္ဂိုလ်အား ရိုသေစွာ လှူခြင်းကို သက္ကစ္စဒါနဟုခေါ်သည်။ ထိုသူသည် ဖြစ်လေရာ ဘုံဘဝ၌ ရရှိနိုင်သော အကျိုးကျေးဇူးများမှာ -
- ဥစ္စာပစ္စည်း ကြွယ်ဝချမ်းသာ၏။
- များသောအသုံးအဆောင် ရှိ၏။
- သား၊ မယား၊ ကျေးကျွန်၊ အခြွေအရံတို့ မိမိစကားကို နားထောင်၏။
- တတ်သိနားလည်လွယ်သော ဉာဏ်ရှိ၏။
လှူဖွယ်ဝတ္ထုကို ကောင်းမွန်စွာ မစီမံဘဲ ဖြစ်ကတတ်ဆန်း လှူသောသူသည် ဖြစ်လေရာ ဘုံဘဝ၌ ဥစ္စာစည်းစိမ်ရှိသော်လည်း သား၊ မယား၊ ကျေးကျွန်တို့ အပေါ်၌ ဩဇာမညောင်းဖြစ်တတ်၏။
ကာလဒါန[ပြင်ဆင်ရန်]
လှူဖွယ်ဝတ္ထုတို့ကို အချိန်ကာလနှင့် လျှော်ညီအောင် လှူဒါန်းခြင်းကို ကာလဒါနဟု ခေါ်သည်။ ထိုသူသည် ဖြစ်လေရာ ဘုံဘဝ၌ ရရှိနိုင်သော အကျိုးကျေးဇူးများမှာ -
- ဥစ္စာပစ္စည်း ကြွယ်ဝချမ်းသာ၏။
- များသောအသုံးအဆောင် ရှိ၏။
- အချိန်ကာလနှင့် လျှော်စွာ အကျိုးတရားများစွာ ရနိုင်၏။
အချိန်အခါမဟုတ်ဘဲ လှူသောသူသည် ဥစ္စာစည်းစိမ်ရှိသော်လည်း လိုအပ်သော အချိန်၌ လိုအပ်သော ပစ္စည်းများကို မရတတ်ပေ။
အနုဂ္ဂဟိတဒါန[ပြင်ဆင်ရန်]
အလှူခံ ပုဂ္ဂိုလ်အား ချီးမြှောက်လို၍ လှူခြင်းကို အနုဂ္ဂဟိတဒါနဟု ခေါ်သည်။ ထိုသူသည် ဖြစ်လေရာ ဘုံဘဝ၌ ရရှိနိုင်သော အကျိုးကျေးဇူးများမှာ
- ဥစ္စာပစ္စည်း ကြွယ်ဝချမ်းသာ၏။
- များသောအသုံးအဆောင် ရှိ၏။
- ရရှိသော စည်းစိမ်ဥစ္စာ အပေါ်၌ သုံးဆောင်လိစိတ်ရှိ၏။ သုံးလည်း သုံးဆောင်၏။
အလှူခံ ပုဂ္ဂိုလ်ကို ချီးမြှောက်လိုသောစိတ်မရှိဘဲ လှူသောသူသည် ဥစ္စာစည်းစိမ်ရှိသော်လည်း မွန်မြတ်သော အသုံးအဆောင်တို့ကို သုံးဆောင်လိုစိတ် မရှိ။ မသုံးဆောင်ရဲဘဲ ရှိတတ်သည်။ အညံစားတို့ကိုသာ သုံးဆောင် ရတတ်၏။
အနုပဟစ္စဒါန[ပြင်ဆင်ရန်]
မိမိကိုလည်းကောင်း၊ သူ၏တစ်ပါးကိုလည်းကောင်း မငြိစွန်း မထိခိုက်စေဘဲ အလှူပြုခြင်းကို အနုပဟစ္စဒါနဟာ ခေါ်သည်။ ထိုသူသည် ဖြစ်လေရာ ဘုံဘဝ၌ ရရှိနိုင်သော အကျိုးကျေးဇူးများမှာ -
- ဥစ္စာပစ္စည်း ကြွယ်ဝချမ်းသာ၏။
- များသော အသုံးအဆောင်ရှိ၏။
- မိမိဥစ္စာကို ရန်သူမျိုးငါးပါးကို မဖျက်ဆီးနိုင်။
- အမွေခံသားဆိုး၊ သမီးဆိုးတို့ မဖျက်ဆီးနိုင်။
မိမိနှင့် သူတစ်ပါးကို ငြိစွန်းထိခိုက်၍ လှူသူသည် ဥစ္စာစည်းစိမ်ရှိသော်လည်း ရန်သူမျိုးငါးပါးတို့၏ ဖျက်ဆီးနှိပ်စက်ခြင်းကို ခံရသည်။
အလှူဒါန၏ မျက်မှောက်အကျိုး (၅) ပါး[ပြင်ဆင်ရန်]
မြတ်စွာဘုရားရှင်သည် ဝေသာလီပြည်၊ မဟာဝုန်တော စုလမ်းမွန်ချွန် အထွတ်တက်သောကျောင်း၌ သီတင်းသုံးစဉ် ဖြစ်သည်။ သီဟစစ်သူကြီး မေးလျှောက်ချက်အရ ဒါန၏ မျက်မှောက်အကျိုး (၅) မျိုးကို ဟောတော်မူခဲ့သည်။ ၎င်းတို့မှာ −
ဒါနဝတ္ထုလှူဒါန်းသော အလှူရှင်သည်
- လူအများတို့ မျက်နှာမြင်လျှင် ချစ်ခင်နှစ်သက်ခြင်း၊
- သူတော်ကောင်းတို့ မှီခို ဆည်းကပ်လာခြင်း၊
- ဂုဏ်ကျေးဇူးသတင်း ပျံ့နှံ့ကျော်ဇောလာခြင်း၊
- ပရိသတ်လေးပါသို့ ရွံရှာခြင်းကင်းပြီး ရဲတင်းစွာ ချဉ်းကပ်နိုင်ခြင်း၊
- သေသည်၏ အခြားမဲ့၌ နတ်ပြည်သို့ လားရခြင်း စသည့်အကျိုးထူးတို့ကို ခံစားရသည်။ (အံ၊ ၂။ ၃၃−၅)
ထို့ပြင်
- ကိလေသာကင်းစွာ ရဟန္တာအရှင်မြတ်တို့၏ အချီးအမြှောက်ကို ရှေးဦးစွာ ခံယူရရှိခြင်း၊
- ရဟန္တာအရှင်မြတ်တို့ ရှေးဦးစွာ ချဉ်းကပ်ခံရခြင်း၊
- လှူဖွယ်ဝတ္ထုကို ရှေးဦးစွာ လှူဒါန်းခွင့်ရခြင်း၊
- တရားတော်ကို ရှေးဦးစွာ နာယူခွင့်ရခြင်း၊
- ကောင်းသော ဂုဏ်သတင်းဖြင့် ပျံ့သင်းကျော်ကြားခြင်း၊
- ပရိသတ် ၄ ပါးသို့ ရဲဝံ့စွာ ချဉ်းကပ်နိုင်ခြင်း၊
- သေသည်၏ အခြားမဲ့၌ နတ်ပြည်သို့ လားရခြင်း စသည့် အကျိုးထူးတို့ကို ခံစားရသည်။ (အံ၊ ၂။ ၄၅၇−၉)