ကထိန်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
ကထိန်တော်အတွက် ပဒေသာပင်

ဗုဒ္ဓဘုရားသည် ဇေတဝန် ကျောင်းတော်မြတ်၌ ကိန်းဝပ် စံမ္ပာယ် တင့်တယ်စွာ သီတင်းသုံးနေတော်မူစဉ် သင်္ကန်းလျာ နွမ်းနယ်ပါးရှား ပါဝေယျကတိုင်းသား ဘဒ္ဒဝဂ္ဂီညီနောင် သုံးကျိပ်တို့အား အကြောင်းပြု၍ ကထိန်အလှူ ဖြစ်ပေါ်လာသည်။

သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူသော မြတ်စွာဘုရားသခင်အား ဖူးမြှော်ရန် ဘဒ္ဒဝဂ္ဂီ ရဟန်းသုံးကျိပ်တို့သည် မိမိတို့ ဝါဆိုဝါကပ်ရာ သာကေတမြို့မှ ဝါကျွတ်သောအခါ ခြေလျင်ခရီးဖြင့် ကြွလာကြ၏။ ထိုအခါ မိုးကြီး သည်းထန်စွာ ရွာသွန်းသဖြင့် ရဟန်းများ မိုးရေစိုစွတ် ကြကုန်သည်။ ထိုသို့ မိုးရေစိုစွတ်သော သင်္ကန်းဖြင့်ပင် ပူဇော်ကြရသည်ကို မြတ်စွာဘုရားသခင် မြင်တွေ့ရသောအခါ ထိုခရီးသည်ရဟန်းတို့ကို အကြောင်းပြု၍ ပူရိမ ဝါကပ်ခြင်း၌ ပြည့်စုံသော ရဟန်းတို့အား ကထိန်ခင်း ခွင့်ပြုကြောင်း ပညတ်တော်မူခဲ့သည်။

ကထိန်ဖြစ်ပေါ်လာပုံ[ပြင်ဆင်ရန်]

ညီနောင်သုံးကျိပ်[ပြင်ဆင်ရန်]

ဘဒ္ဒဝဂ္ဂီညီနောင်သုံးကျိပ်တို့သည် မိဂဒါဝုန်တောတွင် ဇနီးမယားတို့ဖြင့် ပျော်ပါးနေ၏။ ထိုမင်းသားတို့သည် ကောသလမင်းကြီးနှင့် ဆွေမျိုးတော်စပ်ကြ၏။ ကောသလမင်းကြီး၏ အဖေတူ မအေကွဲတော်စပ်သည့် ညီတော်နောင်တော်များ ဖြစ်ကြသည်။ မင်းသားသုံးဆယ်တို့တွင် တစ်ပါးသော မင်းသားမှာ ဇနီးမယားမရှိသည့်အတွက် ရုပ်ရည်ချောမောပြေပြစ်သော ပြည့်တန်ဆာမ တစ်ဦးကို ငှားရမ်းကာ ပျော်ပါး၏။ ထိုပြည့်တန်ဆာမသည် မင်းသားများ ပျော်ပါးမေ့လျော့နေခိုက် ရွှေငွေလက်ဝတ်ရတနာများကို ခိုးယူထွက်ပြေးလေ၏။ မင်းသားသုံးဆယ်တို့သည်လည်း ပြည့်တန်ဆာမကို တောအတွင်း လိုက်လံရှာဖွေလေသည်။[၁]

မင်းသားတို့နှင့် မြတ်စွာဘုရားတွေ့ကြပုံ[ပြင်ဆင်ရန်]

ထိုအခါကာလသည် မြတ်စွာဘုရားသည် ဗာရာဏသီမြို့၊ မိဂဒါဝုန်တောတွင် သီတင်းသုံးတော်မူပြီး ဥရုဝေလတောသို့ ကြွတော်မူသည်။ ထို့နောက် တောအုပ်ထဲရှိ သစ်ပင်ကြီးတစ်ပင်အောက်တွင် သီတင်းသုံးတော်မူနေချိန် ဖြစ်သည်။ လိုက်လံရှာဖွေနေစဉ် မင်းသားသုံးကျိတ်တို့သည် သစ်ပင်အောက်တွင် သီတင်းသုံးတော်မူနေသော မြတ်စွာဘုရားရှင်ကို မြင်သွားကာ အနားသို့ ချဉ်းကပ်ပြီး “ အရှင်ဘုရား၊ ဒီအနီးအနားတွင် မိန်းမတစ်ယောက်ကို မတွေ့မိဘူးလားဘုရား ” ဟုမေးသည်။ ထိုအခါ မြတ်စွာဘုရားက မင်းသားတို့အား “ မင်းသားတို့၊ ဘာအတွက်ကြောင့် မိန်းမကို လိုက်လံရှာဖွေနေကြသလဲ ” ဟုမေး၏။ ထိုအခါ မင်းသားတို့လည်း ရှာဖွေရခြင်း၏ အကြောင်းစုံကို ပြောလေသည်။ ထိုအခါ မြတ်စွာဘုရားက မင်းသားတို့အား “ (၁) ပျောက်သွားတဲ့ မိန်းမကိုရှာခြင်း (၂) မိမိကိုယ်ကို ရှာခြင်း စသည့် ရှာခြင်းနှစ်မျိုးတွင် ဘယ်ဟာက သင်တို့အတွက် ပို၍ မြတ်ပါသလဲ ” မေးလေ၏။ မင်းသားတို့သည် ပါရမီ ရင့်သန်သူများဖြစ်သည့်အားလျော်စွာ မိမိကိုယ်ကိုရှာခြင်းကသာ မြတ်ကြောင်း ပြောလေ၏။ ထိုအခါ မြတ်စွာဘုရားက မင်းသားတို့အား တရားဟောတော်မူလေ၏။ ပထမ အနုပုဗ္ဗီကထာတရား (၄) ပါးကို ဟောတော်မူ၏။ ထို့နောက် သာမုက္ကံသိက တရားဖြစ်သည့် သစ္စာလေးပါးတရားကို ဟောတော်မူ၏။ တရားဆုံးတော်မူသောအခါ မင်းသားတို့တွင် အချို့သည် သောတပတ္တိမဂ်ဖိုလ်၊ အချို့သည် သကဒါဂါမိမဂ်ဖိုလ် တို့ကို အသီးသီး ရရှိသွားကြ၏။[၁]

မင်းသားများ ဧဟိဘိက္ခုရဟန်းအဖြစ် ရရှိကြပုံ[ပြင်ဆင်ရန်]

မင်းသားတို့သည် မြတ်စွာဘုရားထံတွင် ရဟန်းအဖြစ်ကို ရစေရန် ခွင့်ပန်လျှောက်ထားလေ၏။ မြတ်စွာဘုရားသည် မင်းသားသုံးဆယ်တို့အား ပရိက္ခရာ ရှစ်ဖြာပြည့်စုံစွာဖြင့် မင်းသားတို့အား ရဟန်းဘဝကို ရရှိစေတော်မူ၏။ ထိုရဟန်းတော်တို့သည် ကောသလတိုင်း အနောက်အရပ်ရှိ ဝါဝေယျတိုင်းတွင် သီတင်းသုံးတော်မူ၏။ ရဟန်းတော်တို့သည် အရညကင်ဓုတင်၊ ပိဏ္ဍိပါတ်ဓုတင်၊ ပံ့သုကူဓုတင်၊ တိစီဝရိတ်ဓုတင် ဆောင်ရဟန်းများ ဖြစ်တော်မူ ကြလေသည်။[၁]

သာဝတ္ထိမြို့သို့ ခြေလျင်ခရီး[ပြင်ဆင်ရန်]

အခါတပါး၌ ရဟန်းတော် သုံးဆယ်တို့သည် သာဝတ္ထိမြို့၊ ဇေတဝန်ကျောင်းတော်တွင် သီတင်းသုံးတော်မူနေသော မြတ်စွာဘုရားအား ဖူးမြော်ရန် ခြေလျင်ခရီးဖြင့် ကြွချီတော်မူ၏။ ရဟန်းတို့သည် သာဝတ္ထိသို့ရောက်ရန် လိုနေသေးချိန်တွင် ဝါကပ်ရမည့် အချိန်ဖြစ်သည့် ဝါဆိုလပြည့်ကျော် (၁) ရက်နေ့သည် နီးကပ်လာ၏။ ထို့ကြောင့် သာဝတ္ထိသို့ အရောက်ဆက်သွားရန် မဖြစ်နိုင်တော့သဖြင့် လမ်းခုလပ်ရှိ သာကေတမြို့တွင် ဝါကပ်တော်မူ၏။ မင်းသားတို့ ဝါကပ်တော်မူရာ သာကေတသည် မြတ်စွာဘုရားသီတင်းသုံးတော်မူနေသည့် သဝတ္ထိမြို့နှင့် ခြောက်ယူဇနာသာ ဝေးတော့၏။ ထိုသို့ အနီးအနားတွင် သီတင်းသုံးရသော်လည်း မြတ်စွာဘုရားကို မဖူးမြော်ရလေခြင်းဟု ရဟန်းတော်တို့သည် တွေးတောကာ ဝါတွင်းသုံးလပတ်လုံး သီတင်းသုံးတော် မူရလေသည်။[၁]

သာဝတ္ထိမြို့သို့ ခရီးဆက်ခြင်း[ပြင်ဆင်ရန်]

ရဟန်းတော်တို့သည် သာကေတမြို့၌ သီတင်းသုံး၍ သီတင်းကျွတ်လပြည့်နေ့တွင် မဟာပဝါရဏနေ့တွင် ပဝါရဏ ပြုပြီးလျှင် သာဝတ္ထိသို့ ခရီးဆက်ခဲ့ကြသည်။ ထိုအချိန်သည် မိုးကာလ ဖြစ်သောကြောင့် ရဟန်းတော်တို့၏ နှစ်ထပ်သင်္ကန်းများတွင် ရေများဝင်ကာ လေးလံလာသည်။ ရဟန်းတော်များသည် ဓုတင်ဆောင် ရဟန်းများဖြစ်သောကြောင့် သပိတ်၊ နှစ်ထပ်သင်္ကန်း စသည်တို့ကို ပခုံးတစ်ဖက်စီမှာလွယ်၍ ဝန်စည် စလွယ်များဖြင့် ပင်ပင်ပန်းပန်း ခက်ခက်ခဲခဲပင် မြတ်စွာဘုရားထံသို့ ခရီးဆက်ခဲ့ကြသည်။

မြတ်စွာဘုရားထံသို့ ရောက်သောအခါ ရိုသေစွာရှိခိုး၍ သင့်တင့်လျောက်ပတ်သော နေရာတွင် ထိုင်ကြသည်။ မြတ်စွာဘုရားသည် ရဟန်းတို့အား “ရဟန်းတို့ ကျန်းမာကြရဲ့လား၊ မျှတကြရဲ့လား၊ ဝါတွင်း သုံးလပတ်လုံး ညီညီညွတ်ညွတ် ဝမ်းမြောက်ဝမ်းသာနဲ့ အငြင်းအခုံမရှိ ချမ်းသာစွာနေထိုင်ကြရဲ့လား၊ ဆွမ်းအတွက် မပင်မပန်း ချမ်းချမ်းသာသာ ရှိကြရဲ့လား” ဟု မေးတော်မူ၏။ ထိုအခါ ရဟန်းတို့ကလည်း ကျန်းမာကြောင်း၊ မျှတကြောင်း၊ ချမ်းသာစွာနေထိုင်ခဲ့ကြောင်း၊ ဆွမ်းအတွက် မပင်ပန်းကြကြောင်း ပြောကြားလေသည်။ ထို့နောက် ရဟန်းတို့သည် မိမိတို့ မြတ်စွာဘုရားထံသို့ လာရာတွင် ဖြစ်ပျက်ခဲ့ပုံများကို လျောက်ထားကြလေသည်။ မြတ်စွာဘုရားလည်း ရဟန်းသုံးဆယ်တို့အား အနမတဂ္ဂိယသုတ္တန်တရားတော်ကို ဟောကြားတော်မူလေ၏။ တရားဆုံးသောအခါ ရဟန်းသုံးဆယ်တို့သည် အရဟတ္တမဂ်ဖိုလ်၊ အရဟတ္တဖိုလ် ကိုရရှိတော်မူကြကာ ဈာန်ဖြင့် ပါဝေယျတိုင်းသို့ ပြန်ကြွလေသည်။[၁]

ကထိန်ခင်းရန် ခွင့်ပြုခြင်း[ပြင်ဆင်ရန်]

ရဟန်းတော်များ ပြန်ကြွသွားပြီးနောက် မြတ်စွာဘုရားသည် ကထိန်ခင်းခြင်းကို ခွင့်ပြုပြီးဖြစ်မည်ဆိုပါက ဤရဟန်းတော် သုံးဆယ်တို့သည် နှစ်ထပ်သင်္ကန်းကို ထားပစ်ခဲ့ပြီး သင်းပိုင်၊ ဧကသီဟူသော နှစ်ထည်သော သင်္ကန်းဖြင့် လာမည်ဆိုပါက ဤကဲ့သို့ ပင်ပန်းမည်မဟုတ်။ ပွင့်တော်မူပြီးခဲ့သော ဘုရားရှင်တို့သည်လည်း ကထိန်ခင်းခြင်းကို ခွင့်ပြုတော်မူခဲ့သည် ဟုကြံစည်တော် မူလေသည်။ ထို့နောက် ကထိန်ခင်းခြင်းကို ခွင့်ပြုတော်မူလိုသဖြင့် ရဟန်းတော်တို့ကို ခေါ်တော်မူ၍ ရဟန်းတို့ ပုရိမဝါ (ပထမဝါ) သို့ ကပ်တော်မူလျက် ဝါမှ ကျွတ်တော်မူလာကြကုန်သော ရဟန်းတို့ကို ငါဘုရားခွင့်ပြုတော်မူ၏ ဟု မိန့်တော်မူကာ ကထိန်ခင်းခြင်းကို ခွင့်ပြုတော်မူလေသည်။ ဤသို့ဖြင့် ကထိန်ခင်းခြင်း ဖြစ်ပေါ်လာသည်။[၁]

ကထိန်ခင်းခြင်း[ပြင်ဆင်ရန်]

ဝါတွင်း သုံးလပတ်လုံး ဝါမကျိုးမပျက်ပဲ ပဝါရဏာပြုသော ရဟန်းရှိရာ ကျောင်းတိုက်၌ ကထိန်ခင်းကြသည်။ ကထိန်ခင်းရာ၌ သင်္ကန်းတစ်ထည်ကို ဖြစ်စေ အများကို ဖြစ်စေ ’ဣမံစီဝရံ သံဃဿဒေမိ’ ဤသင်္ကန်းကို သံဃာတော်များအား လှူဒါန်းပါ၏ဟု လျှောက်ထား၍ ဆက်ကပ် လှူဒါန်းကြသည်။

ကထိန်ပွဲတော်ကို ’မိုးလကုန်စဲ ကထိန်ပွဲ’ဟူသော ဆိုရိုးနှင့်အညီ၊ သီတင်းကျွတ် လပြည့်ကျော် တစ်ရက်နေ့မှ တန်ဆောင်မုန်း လပြည့်နေ့အထိ ခင်းကျင်းရသည်။ မြန်မာနိုင်ငံတွင် ပုဂံခေတ်အခါကပင်လျှင် အစပြု၍ ကထိန်ခင်းပွဲ ကျင်းပခဲ့ကြသည်။ ယခုခေတ် ကထိန်ခင်းရာတွင် မရှိနွမ်းပါးသော ရဟန်းအားဖြစ်စေ၊ အကြီးဆုံး မထေရ်အားဖြစ်စေ ကပ်လှူရန် ဥတ်သင်္ကန်းအပြင် အခြံအရံ လှူဖွယ်ပစ္စည်းများကို ထည့်သွင်း လှူဒါန်းလေ့ရှိသည်။

ကထိန်ခင်းရ၌ သံဃိက စစ်စစ် ဖြစ်သင့်သည့်အတွက် အလှူ့တကာများက မည်သည့်ပစ္စည်းကား သံဃိကပစ္စည်း၊ မည်သည့်ပစ္စည်းကား ပုဂ္ဂလိကပစ္စည်း ဖြစ်သည်ဟု ခွဲခြားလျှောက်တင်ကြားသင့်ပေသည်။ ကထိန်ခင်း၍ သင်္ကန်းရရှိသော ရဟန်းတို့မှာ ကထိန်အာနိသင်ငါးပါး ခံစားရကြောင်း ကျမ်းဂန်များတွင် မိန့်ဆိုထားသည်။

ကထိန်ခင်းရန် ကိစ္စ ၈-ပါး[ပြင်ဆင်ရန်]

  1. ကထိန်သင်္ကန်းကို အလှူခံမှု၊
  2. ကထိန်ခံထိုက်သောပုဂ္ဂိုလ်ကို သံဃာတော်တို့က စိစစ်ရွေးချယ်ပေးမှု၊
  3. ထိုရွေးချယ်ခံရသူအားသိမ်တွင်း၌ ကမ္မဝါဖတ်၍ ကထိန်သင်္ကန်းကို ပေးမှု၊
  4. တိစီဝရိက် အဓိဋ္ဌာန်တင် သင်္ကန်းဟောင်းကိုပစ္စဒ္ဓိုရ်ပြု အဓိဋ္ဌာန်စွန့်မှု၊
  5. ခင်းမည့် သင်္ကန်းသစ်ကို ကပ္ပဗိန္ဒုထိုးမှု၊
  6. သင်္ကန်းအမည်ဖြင့်အဓိဋ္ဌာန်တင်မှု၊
  7. နှုတ်မြွက်၍ ခင်းမှု၊
  8. အနုမောဒနာပြုမှု။

ကထိန်ခင်းမည့်ရဟန်း၏ အင်္ဂါ ၈-ပါး[ပြင်ဆင်ရန်]

၎င်းအင်္ဂါရှစ်ပါးနှင့်ပြည့်စုံသော ရဟန်းမှသာကထိန်ခင်းထိုက်သည် ဆို၏။

  1. ပုဗ္ဗကရဏံဇာနာတိ- ရှေးဦးစွာ ပြုလုပ်ရမည့်ကိစ္စရပ်တို့ကို သိရ ပြုရခြင်း၊
  2. ပစ္စုဒ္ဓါရံ- ပစ္စုဒ္ဓိရ်ပြုတတ်ရခြင်း၊
  3. အဓိဋ္ဌာနံ- အဓိဋ္ဌာန်တင်တတ်ရခြင်း၊
  4. အတ္ထာရံ- ခင်းပုံခင်းနည်း သိထားရခြင်း၊
  5. မာတိကံ- မာတိကာကို သိထားရခြင်း၊
  6. ပလိဗောဓံ- ကြောင့်ကြကို သိထားရခြင်း၊
  7. ဥဒ္ဓါရံ- ကထိန်နှုတ်ပုံကိုသိထားရခြင်း၊
  8. အာနိသံသံ- အာနိသင်တို့ကို သိထားရခြင်း။

ကထိန်အာနိသင် ၅-ပါး[ပြင်ဆင်ရန်]

ကထိန်ခင်းရသော ရဟန်းတော်များ ခံစားရသည့် ကထိန်အကျိုး၅-ပါးဖြစ်သည်။

  1. အနာမန္တ စာရ- ထင်ရှားရှိသော ရဟန်းကို မပန်ကြားမူ၍ မြို့တွင်းရွာတွင်း ဆွမ်းဖိတ်ရာအိမ်သို့သွားနိုင်ခြင်း၊
  2. အ သမာဒါန စာရ- အဓိဋ္ဌာန်တင်ပြီး ဆောင်သောသင်္ကန်းကို မယူမူ၍ သွားနိုင်နေနိုင်ခြင်း၊
  3. ယာဝ ဒတ္ထ စီဝရ- အလိုရှိတိုင်း သင်္ကန်းကို အဓိဋ္ဌာန် ဝိကပ္ပနာမပြုမူ၍ထားနိုင်ခြင်း၊
  4. ဂဏ ဘောဇန- ထမင်းစားကြွပါ စသည်ဖြင့် မအပ်သောဖိတ်ခြင်းရှိသောဂဏဘောဇဉ်ကို စားနိုင်ခြင်း၊
  5. ကထိန်ခင်းသော ကျောင်းတိုက်၌ ကထိန်ခင်းပြီးနောက် တပေါင်းလပြည့်နေ့အတွင်း သံဃာအားလှူသော သင်္ကန်းလျာပုဆိုးကိုလည်းကောင်း၊ သို့မဟုတ် သင်္ကန်းကိုလည်းကောင်း၊ ထိုကျောင်းတိုက်ရှိ ကထိန် အနုမောဒနာပြုသော ရဟန်းတို့သာ ရနိုင်ခြင်း [၂]

သင်္ကန်းသုံးမျိုး[ပြင်ဆင်ရန်]

ကထိန်ခင်းရန်အတွက်ဘုရားရှင်ခွင့်ပြုတော်မူခဲ့သောသင်္ကန်းသုံးမျိုး ရှိသည်။

  1. သံဃာဋိ- ဒုကုဋ်ခေါ်နှစ်ထပ်သင်္ကန်းကြီး
  2. ဥတ္တရာသင်္ဂ- ကိုယ်ဝတ်ခေါ် ဧကသီ
  3. အန္တရ ဝါသက- ခါးဝတ်ခေါ် သင်းပိုင်

ကထိန်မြောက်သော သင်္ကန်းများ[ပြင်ဆင်ရန်]

  • အဟတေန အတ္တတံ ဟောတိ ကထိနံ

သင်္ကန်းအသစ်ဖြင့် ကထိန်ခင်းမှ ကထိန်မြောက်ပါသည်။

  • အနိမိတ္တကတေန အတ္ထတံ ဟောတိ ကထိနံ

ဘယ်သင်္ကန်း ၊ ဘယ်အမျိုးအစား သင်္ကန်း စသည်ဖြင့် နိမိတ်မပြပဲ အလိုလို ဖြစ်ပေါ်လာသော သင်္ကန်းဖြင့် ကထိန်ခင်းမှ ကထိန်မြောက်ပါသည်။

  • အပရိကထာကတေန အတ္ထတံ ဟောတိ ကထိနံ

ဤသင်္ကန်းဖြင့် ကထိန်ခင်းမည်ဟု ပရိယာယ်မဆိုပဲ အလိုလို ဖြစ်ပေါ်လာသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ကထိန်မြောက်ပါသည်။

  • အကုက္ကုကတေန အတ္ထေတံ ဟောတိ ကထိနံ

မငှားသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ကထိန်မြောက်ပါသည်။

  • အသန္နိဓိကတေန အတ္ထတံ ဟောတိ ကထိနံ

ကထိန်ခင်းမည့် နေ့မရောက်မီ ကျောင်း၌ မသိုမှီး မထိန်းသိမ်းထားသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ကထိန်မြောက်ပါသည်။

  • အနိဿဂ္ဂိယေန အတ္ထတံ ဟောတိ ကထိနံ

ကထိန်ခင်းမည့် နေ့မရောက်မှီ ကျောင်းကို ကြိုတင် ပို့မထားသော သင်္ကန်း ၊ ကထိန်ခင်းမည့် နေ့ရောက်မှ ကျောင်းကို ပို့သော သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ကထိန်မြောက်သည်။

  • ပဥ္စကေန ဝါ အတိရေကပဥ္စကေန ဝါ တဒဟေဝ သဥ္ဆိန္နေန သမဏ္ဏလီကတေန အတ္ထတံ ကထိနံ။

ကထိန်ခင်းသည့် နေ့တွင် အိမ်ကြီးအိမ်ငယ်နှင့်တကွ ငါးခန်း (သို့မဟုတ်) ငါးခန်းထက်ပိုအောင် ဖြတ်ချုပ်ထားသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ကထိန်မြောက်သည်။


[၃]

ကထိန် မမြောက်သော သင်္ကန်းများ[ပြင်ဆင်ရန်]

  • န ဒဠှီကမ္မကရဏ မတ္တေန အတ္ထတံ ဟောတိ ကထိနံ

နှစ်လွှာစပ်ကာမျှဖြင့် နှစ်လွှာစပ်ထားသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ကထိန်ခင်းသည် မမည်။

  • န နိမိတ္တကတေန အတ္ထတံ ဟောတိ ကထိနံ

ဤသင်္ကန်းဖြင့် ကထိန်ခင်းမည်ဟု နိမိတ်ပြသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ကထိန်မမြောက်။

  • န ပရိကထာကတေန အတ္ထတံ ဟောတိ ကထိနံ

ဤသင်္ကန်းဖြင့် ကထိန်ခင်းမည်ဟု ပရိယာယ်ဆို၍ ရသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ကထိန် မမြောက်။

  • န ကုက္ကုကတေန အတ္ထတံ ဟောတိ ကထိနံ

ခေတ္တ ငှားသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ကထိန် မမြောက်။

  • န သန္နိကတေန အတ္ထတံ ဟောတိ ကထိနံ

ကထိန်ခင်းမည့် နေ့ မရောက်မီ ကျောင်း၌ သိုမှီးထားသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ကထိန် မမြောက်။

  • န နိဿဂ္ဂိယေန အတ္ထတံ ဟောတိ ကထိနံ

ကထိန်ခင်းမည့် နေ့ မရောက်မီ ကျောင်းကို ကြိုတင်ပို့ထားသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ကထိန် မမြောက်။

  • န အညတြ ပဥ္စကေန အတိရေကပဥ္စကေန ဝါ တဒဟေဝ သဦ္ဆန္နေန သမဏ္ဏလီကတေန အတ္ထတံ ဟောတိ ကထိနံ

ကထိန်ခင်းသည့် နေ့တွင် အိမ်ကြီးအိမ်ငယ်နှင့်တကွ ငါးခန်း (သို့မဟုတ်) ငါးခန်းထက် ပိုအောင် ဖြတ်မထားသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ကထိန် မမြောက်။

[၃]

ကထိန်သင်္ကန်းအား ဉတ်သင်္ကန်း၊ ကထိန်လျာသင်္ကန်း၊ မိုးပေါ်ကျသင်္ကန်း၊ မသိုးသင်္ကန်းဟု အမျိုးမျိုး ခေါ်ဝေါ်ကြသည်။

ကထိန် ဉတ်သင်္ကန်းဆိုသည်မှာ..

ကထိန် ခင်းထိုက်သော ရဟန်းအား ကထိန်ခင်းမည့် သင်္ကန်းကို ဉတ္တိဒုတိယ ကမ္မဝါစာဖတ်ပြီး ပေးအပ်ရသည်ကို စွဲ၍ ကထိန် ဉတ်သင်္ကန်းကြီးဟု ခေါ်ကြပါသည်။ ကထိန်ခင်းမည့် သင်္ကန်းသည် ဒုကုဋ် နှစ်ထပ်သင်္ကန်းမှ ဉတ်သင်္ကန်းဟု မဆိုလိုပါ။ သင်းပိုင်၊ ဧကသီ တထည်ထည်ဖြင့် လည်းကောင်း၊ သင်းပိုင်၊ ဧကသီ ထွဲထားသည့် ဒွိစုံဖြင့် လည်း လှူဒါန်း နိုင်ပါသည်။ [၄]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ၁.၅ မဟာဂန္ဓာရုံကျောင်းတိုက်ဆရာတော် အရှင်ဝိဇယာလင်္ကာရ. ကထိန်အကြောင်းသိကောင်းစရာ 
  2. ဝိနည်းမဟာဝါ- ကထိနက္ခန္ဓက
  3. ၃.၀ ၃.၁ (မဟာဝဂ္ဂပါဠိတော် ၊ စာမျက်နှာ ၃၅၃)
  4. (တိပိဋက ပါဠိ-မြန်မာ အဘိဓာန်၊ က-ဝဂ်၊ အတွဲ-၅၊ ၁၉၉။)