မွန်လူမျိုး
မည် မန် မောန် | |
---|---|
လူဦးရေ စုစုပေါင်း | |
c. ၁.၁ သန်းကျော် | |
အများစု နေထိုင်သည့် နေရာ | |
မြန်မာ ထိုင်း | c. ၁.၁ သန်းကျော်[မှတ်စု ၁][၁] |
ဘာသာစကား | |
မွန်၊ ဗမာ၊ ထိုင်း | |
ကိုးကွယ်မှု | |
ထေရဝါဒ ဗုဒ္ဓဘာသာ | |
ဆက်စပ် တိုင်းရင်းသား အုပ်စုများ | |
ခမာ နှင့် အခြား ဩစထြိုအေးရှားတစ် ဘာသာစကားပြောဆိုသူများ |
မွန်လူမျိုး (မွန်: ဂကူမည်(ဂကူမန်))သည် မြန်မာနိုင်ငံ၏ တိုင်းရင်းသားမျိုးနွယ်စုထဲတွင် တစ်ခုအပါအဝင် ဖြစ်သည်။ တစ်ခါက ရာဇာဓိရာဇ် မင်းနှင့် အခြား ဘုန်းတန်ခိုးအာဏာ ကြီးမားသော မင်းများလည်း မွန်လူမျိုးထဲမှ ပေါ်ပေါက်ခဲ့ဖူးပါသည်။ သမိုင်းထဲတွင် မွန်ဘုရင်မကြီး ရှင်စောပုသည်လည်း မြန်မာ့သမိုင်းတွင် တစ်ပါးတည်းသော ဘုရင်မကြီးဖြစ်သည်။ ၎င်း၏သားမက်ဖြစ်သည့် ဓမ္မစေတီမင်းသည်လည်း သာသနာတော် သန့်ရှင်းရေးအတွက် ကြိုးပမ်းခဲ့သူအဖြစ် သမိုင်းတွင် ထင်ရှားပါသည်။[၂]
နောက်ခံ သမိုင်းကြောင်းနှင့် ပေါ်ပေါက်လာပုံ
မွန်-ခမာတို့ အုပ်စုသည် တရုတ်ပြည်တောင်ပိုင်း ယန်စီမြစ်ဝှမ်း (Yangtze Kiang) တွင် စတင်အခြေတည် နေထိုင်ခဲ့သည်ဟု ဆိုသည်။ ပါမောက္ခ G.H.Luce ၏ Old Burma, Early Pagan (1969) စာအုပ်တွင် ဤသို့ ဖော်ပြထားသည်။
မွန်-ခမာ အုပ်စုဝင်
သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်းကလည်း အောက်ပါအတိုင်း မှတ်ချက်ချထားသည်ကို တွေ့ရသည်။ "မွန်နှင့် ခမာလူမျိုးတို့ကား မွန်ဂိုလွိုက် အနွယ်ဝင်များ ဖြစ်၍ ဝ၊ ပလောင်၊ ရိယန်တို့မှာ မွန်ဂိုလွိုက်အနွယ်များ ဖြစ်သော်လည်း ဝ တို့၌ တောင်ဘက်အမျိုး (Australoid) ရောနှောမည်ဟု သံသယရှိသည်" ဟု ဆိုထားသည်။
မွန်ရာဇဝင်သမိုင်းတစောင်တွင် မွန်လူမျိုးတို့သည် ရှေးပဝေသဏီအခါက မွန်တိဟု အမည်တွင်လျက် ရှမ်း (စောထိုင် သို့မဟုတ် ထိုင်း)ခမာတို့နှင့်အတူကုန်းမြင့်တောင်တန်းကြီး တလျှောက် မြို့ရွာပြုစု နေထိုင်ကြကြောင်း၊ နောင်ကာလရှည်လျားမှ တောင်ဘက်သို့ ရွှေ့ဆင်း၍ အဆိုပါမြစ်ကြီးတို့၏ အဝရှိ အရပ်ဒေသတို့တွင် နေထိုင်ကြသည်" ဟုဆိုသည်
ခမာတို့သည်ယိုးဒယားတို့နှင့်စစ်ဖြစ်သောအခါ ခမာမျိုးနွယ်စုဝင်မွန်တို့သည်လည်း စစ်ရှုံး၍စစ်ပြေးရင်းမြန်မာပြည်အောက်ပိုင်းသို့ချည်းနှင်းဝင်ရောက်နေထိုင်ခဲ့ကြသည်။ မြန်မာနိုင်ငံအတွင်းရှိ မွန်လူမျိုးတို့၏ အစဦး မင်းနေပြည်တော်သည် သုဝဏ္ဏဘူမိ (ခေါ်) သထုံဖြစ်ပြီး ထိုင်းနိုင်ငံအတွင်းရှိ မွန်တို့၏ မင်းနေပြည်တော်မှာ လန်ဖန်း (ယခုထိုင်းနိုင်ငံ မြောက်ပိုင်း) ဖြစ်သည်။
ထိုင်းနိုင်ငံအတွင်းရှိ မွန်တို့မှာ ဆုံးခန်းတိုင် ပျက်စီးခြင်းသို့ ရောက်ရသော်လည်း ခမာတို့မှာမူ ထိုင်းတို့နှင့် သမိုင်းတလျှောက် စစ်ပြုကာ ဆက်လက်နေထိုင်နိုင်ခဲ့ပြီး ယနေ့တွင် ကမ္ဘောဒီးယားနိုင်ငံအဖြစ် ရပ်တည်နေနိုင်သေးသည်။ မြန်မာနိုင်ငံရှိ မွန်တို့မှာ ပုဂံ အင်အားနည်းချိန်တွင် မဂဒူးမင်းဆက်ကို ထူထောင်ကာ မုတ္တမကို ဗဟိုပြုကာ ပြန်လည်ဦးမော့ခဲ့သော်လည်း ရှေးမွန်တို့၏ မြင့်မားခြင်းကို ပြန်မရနိုင်တော့ပေ။ နောက်ပိုင်းတွင် ဟံသာဝတီ (ပဲခူး) မှာ မင်းနေပြည်တော် ဖြစ်လာခဲ့သည်။ မွန်လူမျိုးတို့သည် (၉) ရာစုမှ (၁၁) ရာစု၊ (၁၃)ရာစုမှ (၁၆)ရာစုအထိနှင့် (၁၈)ရာစုတွင် နှစ်အပိုင်းအခြား တိုတောင်းသည့် ကာလများအတွင်း မြန်မာနိုင်ငံတွင် အလွန်တန်ခိုးဩဇာ ကြီးမားခဲ့ကြသည်။ [၃]
မွန်နှင့် ခမာမှာ ဘာသာစကားအားဖြင့်သာ တူညီပြီး မျိုးနွယ်မှာ တစ်ခုတည်းမဟုတ်ဟုလည်း ဆိုကြသည်။ မွန်-ခမာတို့သည် အရှေ့အာရှတွင် မိုးရေသောက် လယ်များဖော်ထုတ်ပြီး စပါးကို အကြီးအကျယ်စိုက်ပျိုးသည့် ပထမဆုံး လူမျိုးများ ဖြစ်သည်ဟု သမိုင်းများက ဆိုသည်။
ရှေးဟောင်းမွန်လူမျိုးများ
ရှေးဟောင်း ပျူလူမျိုးများ နည်းတူ မြန်မာနိုင်ငံ သမိုင်းနှင့် ထေရဝါဒ ဗုဒ္ဓဘာသာ သာသနာကို အခြေခံ အုတ်မြစ်ချပေးခဲ့သူ လူမျိုးကြီး တစ်မျိုးမှာ မွန်ခမာ အနွယ်ဝင် မွန်လူမျိုးများ ဖြစ်သည်။ အရှေ့အာရှတိုက်ဆိုင်ရာ သမိုင်းပညာရှင်များ ဖြစ်ကြသည့် အိုနယ်လုစ်နှင့် ဟာဘတ် အေစတက်တို့က အာရှတိုက် တောင်ပိုင်းဒေသများသို့ ဦးစွာဝင်ရောက်လာသည့် မောင်းဂွတ် အနွယ်ဝင်များဟု ဆိုကြသည် သို့သော် တိဗက် တရုတ်နှင့် ထိုင်း တရုတ် အနွယ်ဝင်များနှင့် မဆိုင်ပဲ ဩစထရို အေရှတစ်အုပ်စုဝင် လူမျိုးနွယ်များ အဖြစ် မွန် ခမာလူမျိုးများအား သတ်မှတ်ကြသည်။
အိန္ဒိယပြည် ဒဏ္ခိဏ ကုန်းမြေတဝိုက်ရှိ မွန်းဒတ်စ် လူမျိုးများ၊ ဘင်္ဂလားနယ်ရှိ ဆန်သာလ် လူမျိုးများ၊ အာသံနယ်ရှိ ခါဆီးလူမျိုးများ၊ မြန်မာနိုင်ငံရှိ ပလောင်၊ ဝ၊ မွန်လူမျိုးများသည် မူလက လူမျိုးတမျိုးတည်း ဖြစ်လိမ့်မည်ဟု ယူဆကြသည်။ သို့သော် အာရှ တိုက်တောင်ပိုင်းသို့ ဝင်ရောက်လာကြရင်း အိန္ဒိယ၊ မြန်မာ၊ အင်ဒိုချိုင်းနား ကျွန်းဆွယ် ဒေသများသို့ ပြန့်နှံ့သွားကြသည်ဟု သမိုင်း သုတေသီများက ယူဆကြသည်။ မွန်လူမျိုးများ မြန်မာနိုင်ငံတွင်းသို့ ဝင်ရောက် မလာခင်က ၎င်းတို့နှင့် အနွယ်တူ ခမာလူမျိုးများနှင့် အတူ အင်ဒိုချိုင်းနား တဝိုက်တွင် နေထိုင်ခဲ့ကြကြောင်း သမိုင်းဝင် အထောက်အထားများ တွေ့ရှိရသည်။ ယိုးဒယား (ထိုင်း) များမှာ ၁၃ ရာစု လောက်ကမှ ဝင်ရောက်နေထိုင်ကြသည်။
အင်ဒိုချိုင်းနားကျွန်းဆွယ် မဲနမ်မြစ်ဝှမ်းဒေသတဝိုက်တွင် ရှေးဟောင်း မွန်လူမျိုးများနှင့် သက်ဆိုင်သည့် မြို့ဟောင်းမြို့ပျက်များ၊ ဘာသာ ကိုးကွယ်မှု ဆိုင်ရာ ရှေးဟောင်း ကျောက်စာများကို တွေ့ရှိရသည်။ မွန်ရာဇဝင်ဟောင်းများ၌ မဲနမ်မြစ်ဝှမ်း မြောက်ပိုင်းဒေသကို ယောနကတိုင်း-ဟရိပုဉ္စပြည်နယ်၊ တောင်ပိုင်းဒေသကို အယဇ္ဈယတိုင်း-ဒွါရဝတီပြည်နယ်ဟု ရေးသားဖေါ်ပြကြပြီး အာရပ် ခရီးသွား မှတ်တမ်းများတွင်လည်း သုဝဏ္ဏဘူမိတိုင်း၏ ကြီးကျယ်ခန်းနားပုံကို ရေးသားထားကြသည်။ ရှေးဟောင်း မွန်လူမျိုးများသည် အိန္ဒိယ တောင်ပိုင်း ဒေသများနှင့် ကူးလူးဆက်ဆံခဲ့ကြပြီး ထေရဝါဒ ဗုဒ္ဓဘာသာနှင့် အခြား ယဉ်ကျေးမှုများကိုလက်ခံကျင့်သုံးခဲ့ကြသည်။
၃ ရာစု ဝန်းကျင် လောက်တွင် ဗီယက်နမ်နိုင်ငံတွင် ပေါ်ပေါက်ခဲ့သည့် စမ္ပပြည်နယ်နှင့်လည်းကောင်း၊ ၅ ရာစု လောက်တွင် စတင် တည်ထောင် ၍ ၁၃ ရာစုခန့်အထိ အင်ဒိုချိုင်းနားကျွန်းဆွယ်နှင့် အရှေ့အာရှတိုက် တောင်ပိုင်းတွင် ကြီးကျယ် ကောင်းစားခဲ့သည့် ခမာ လူမျိုးများ၏နိုင်ငံတော်ကြီးနှင့် ရှေးဟောင်းမွန်လူမျိုးများသည် ဆက်သွယ်မှုများ ရှိခဲ့ကြသည်။ ရှေးဟောင်း မွန်လူမျိုးများသည် မဲနမ်မြစ်ဝှမ်းဒေသ တဝိုက်တွင် နှစ်ကာလများစွာ နေထိုင်ပြီးမှ မြန်မာနိုင်ငံ တောင်ပိုင်းဒေသ ဖြစ်သည့် တနင်္သာရီ ဘက်သို့ ပြန့်နှံ့ဝင်ရောက်လာကြသည်။ ထို့နောက် ဧရာဝတီမြစ်ဝှမ်းများနှင့်၊ စစ်တောင်း၊ မြစ်ဝကျွန်းပေါ်၊ ပဲခူးဘက်သို့ ပြန့်နှံ့လာပြီး ၉ ရာစုနှစ်ခန့်တွင် ဥဿာပဲခူးပြည်နှင့် မာလမင်းဆက်ကို ထူထောင်ကြသည်။
ထိုသို့ထူထောင်စဉ် မြန်မာနိုင်ငံ ပင်လယ်ကမ်းရိုးတန်းဘက်ကို အခြေစိုက် ထူထောင်ရန် ကြိုးပမ်းအားထုတ်ကြသည့် အိန္ဒိယနိုင်ငံ တောင်ပိုင်း ချိုလာမင်းဆက် ဘုရင်များနှင့် တိုက်ခိုက်ကြရသည့် စစ်ပွဲများအကြောင်း မွန်ရာဇဝင်များ၌ ရေးသားထားသည်။ ၁၀ ရာစုခန့်က အိန္ဒိယတောင်ပိုင်း ချိုလာမင်းဆက် ရာဂျန်ဒရာမင်းသည် မြန်မာနိုင်ငံ ပင်လယ်ကမ်းရိုးတန်းကို တိုက်ခိုက် သိမ်းပိုက်ထားကြောင်း ဖေါ်ပြထားသည်။
ခမာ လူမျိုးတို့၏ ကမ္ဗောဒီးယားနိုင်ငံ တန်ခိုးကြီးမားခဲ့စဉ်က မွန်လူမျိုးတို့၏ မြို့ပြ ပြည်နယ်များကို ယင်းတို့နိုင်ငံ၏ အစိတ်အပိုင်းတခု အဖြစ် ဆက်ဆံခြင်း ခံခဲ့ရသည်။ အနော်ရထာ မင်း လက်ထက်တွင် ဥဿပဲခူးအား မဲနမ်မြစ်ဝှမ်းမှ ဂျွန်း (ဂျွမ်း) စစ်သည်များ လာရောက် တိုက်ခိုက်၍ အနော်ရထာဘုရင်၏ တပ်များက သွားရောက် ကူညီရကြောင်း ရာဇဝင်သမိုင်းများ၏ ရေးသားထားချက်များကိုလည်း ဆက်စပ်လေ့လာကြည့်နိုင်သည်။
ရှေးဟောင်း မွန်လူမျိုးများသည် တနင်္သာရီမှ ပဲခူးအထိ ပြန့်နှံ့လာပြီး ရာစုနှစ် အနည်းငယ်အတွင်း မြစ်ဝကျွန်းပေါ် ဒေသတခုလုံးသို့ ပြန့်နှံ့သွားကြသည်။ ရန်ကုန်၊ မြောင်းမြ၊ ပုသိမ်၊ ဖျာပုံ၊ ကျိုက်လတ်၊ တွံတေး၊ ဒေးဒရဲ၊ လပွတ္ကာ၊ ဓနုဖြူ၊ ကျုံပျော် အစရှိသည့် မြို့များသည် မွန်လူမျိုးများ တည်ထောင်ခဲ့ကြသည့် မြို့ပြများဖြစ်ပြီး အခေါ်အဝေါ်များသည်လည်း မွန်လူမျိုးတို့ ဝေါဟာရများ ဖြစ်သည်။
၁၄ ရာစုခန့်တွင် ရှေးဟောင်း မွန်လူမျိုးတို့ အပြည်ပြည် အကွဲကွဲ အပြားပြား အမင်းမင်း ဖြစ်နေခြင်းအား ရာမညတိုင်းကို စတင်ထူထောင်သည့် ဝါရီရူမင်းဆက် ရာဇာဓိရာဇ်ဘုရင်က ပထမဦးဆုံးအကြိမ် စည်းလုံးသိမ်းသွင်းခဲ့သည်။ ရှေးဟောင်း မွန်လူမျိုးတို့၏ မြို့ဟောင်းများ စေတီများ ကိုးကွယ်မှု ဆိုင်ရာနှင့် ယဉ်ကျေးမှုများအား လေ့လာတွေ့ရှိချက်တွင် ရှေးဟောင်း ပျူလူမျိုးများ ကဲ့သို့ ဗြဟ္မဏနှင့် မဟာယနများကို မတွေ့ရှိရပဲ ထေရဝါဒ ဆိုင်ရာ ယဉ်ကျေးမှုများကိုသာ တွေ့ရှိရသည်။ ဗိသုကာ နည်းပညာမှာ အိန္ဒိယနိုင်ငံ တောင်ပိုင်းသို့ နွယ်ကာ ပါဠိစာပေကိုသာ သုံးစွဲပြီး အက္ခရာ အရေးအသားမှာ အိန္ဒိယနိုင်ငံ အရှေ့တောင်ဘက် ကမ်းရိုးတန်းဒေသသုံး ပလ္လဝ အက္ခရာမျိုးနှင့် ဆင်တူလေသည်။ [၄] [၅] [၆] [၇]
ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံ
မွန်လူမျိုးတို့သည် ရှေးနှစ်ပေါင်း များစွာကတည်းက ကိုယ့်ထီး ကိုယ့်နန်း၊ စာပေ၊ ယဉ်ကျေးမှုနှင့် နေလာကြသူများဖြစ်သည်။ ရွှေဟင်္သာ သည် မွန်လူမျိုးများ၏ အထိမ်းအမှတ် အမှတ်အသားတစ်ခုဖြစ်သည်။ မွန်နိုင်ငံ တည်ရှိရာ ဒေသကို ရာမညဒေသ ဟုလည်းခေါ်ဆိုခဲ့ကြသည်။
ကိုးကွယ်ယုံကြည်မှု
မွန်လူမျိုးအများစုသည် ထေရဝါဒဗုဒ္ဓဘာသာ ကို ရှေးပဝေသဏီကတည်းက ကိုးကွယ်ကြသည်။
သာသနာအစ သထုံက
ဂေါတမ မြတ်စွာဘုရား ဘုရားဖြစ်ပြီး ၈ ဝါမြောက်တွင် ဂဝမ္ပတိ မဟာထေရ်ကို အကြောင်းပြု၍ သထုံ၊ ဟံသာဝတီ စသော မွန်တို့၏ ဒေသများသို့ ဒေသစာရီကြွချီ ရောက်ရှိတော်မူသည်။ မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုပြီး သာသနာ သက္ကရာဇ် ၂၅၃ ခုနှစ်၊ သီရိဓမ္မာ သောကမင်းကြီး လက်ထက်တွင် ကိုးတိုင်းကိုးဌာနသို့ ရဟန်းတော်များ စေလွှတ် သာသနာပြုစေရာတွင် သောဏထေရ်နှင့် ဥတ္တရထေရ်နှစ်ပါး သထုံဒေသသို့ သာသနာပြုရန် ရောက်ရှိတော်မူပြန်သည်။
သာသနာ သက္ကရာဇ် ၉၀၀ ကျော်တွင် မွန် အရှင်ဗုဒ္ဓဃောသ မထေရ်သည် သီဟိုကျွန်း (သီရိအလင်္ကာ) သို့ ကြွကာ ပိဋကတ်တော်များကို မာဂဓဘာသာဖြင့် ပေရွက်ပေါ်တွင် ကူးယူပြီး သထုံသို့ ယူဆောင်လာခဲ့၍ မွန်တို့ဒေသတွင် ဗုဒ္ဓသာသနာတော် ထွန်းကားစည်ပင်လာခဲ့သည်။ အနော်ရထာမင်း လက်ထက် ပိဋကတ်တော်များကို သထုံမှ ပုဂံသို့ ဆောင်ကြဉ်းခဲ့ပြီး ထေရဝါဒဗုဒ္ဓဘာသာသည် မြန်မာနိုင်ငံအနှံ့ ပြန်နှံ့သွားခဲ့သည်။ ထို့ကြောင့် "သာသနာအစ သထုံက" ဟု ဆိုစမှတ်ပြုကြကြောင်း တွေ့ရှိရသည်။
ဦးငါးဦး
သာသနာဝင်ကျမ်းများအရ ဂေါတမမြတ်စွာဘုရား ပွင့်တော်မူပြီး (၄၉) ရက်မြောက် လင်းလွန်းပင်ရင်း၌ စံနေတော်မူစဉ် မြန်မာနိုင်ငံ ဥက္ကလာပတိုင်းသား မွန်လူမျိုး တဖုဿနှင့် ဘလ္လိက ကုန်သည် ညီနောင်နှစ်ဦးတို့သည် မြတ်စွာဘုရားကို ဖူးမျှော်ခဲ့ရပြီး သာသနာတော်တွင် ဘုရားကို ဦးစွာဖူးမျှော်ခွင့်ရသူများ၊ သရဏဂုံနှစ်ပါးတွင် ဦးစွာတည်သူများ၊ မြတ်စွာဘုရား ကိုယ်စားတော် သံဃာတော်များကို ဦးဆုံးကိုးကွယ်ခွင့် ရသူများ၊ မြတ်စွာဘုရား၏ ဆံတော်များ ဌာပနာပြီး ကမ္ဘာပေါ်တွင် ပထမဦးဆုံး စေတီဖြစ်သော ရွှေတိဂုံစေတီတော်ကို တည်ထားကိုးကွယ်ခွင့် ရခဲ့သူများဖြစ်ကြောင်း သိနိုင်သည်။
စာပေ
မွန်လူမျိုး ကို မွန်ဘာသာဖြင့် ဂကူမန် ဟုရေးသားသည်။ မွန်စာပေတွင် ဗျည်း (၃၅) လုံးရှိပြီး ၊ သရ (၁၂) လုံး ရှိသည်။
မွန်စာပေသည် အေဒီ ၅ ရာစုခန့်တွင် ပေါ်ပေါက်နေပြီ ဖြစ်ကြောင်း စတင်တွေ့ရသည်။ အိန္ဒိယတောင်ပိုင်း ပလ္လဝလူမျိုးတို့၏ ပလ္လဝအက္ခရာကို အခြေခံ၍ မွန်စာကို တီထွင်ခဲ့ကြသည်။ သထုံခေတ်တွင် မွန်စာပေ ကောင်းစွာ ထွန်းကားနေပြီဖြစ်ကြောင်း သုဝဏ္ဏဘူမိ ဝန်းကျင်တွင် တွေ့ရှိရသော မွန်ကျောက်စာများက ဖော်ပြနေသည်။ ယိုးဒယားနိုင်ငံတောင်ပိုင်း ပရပထုံကျောက်စာကိုကြည့်၍ ခရစ်နှစ် ၅ ရာစုခန့်တွင် မွန်တို့ မွန်စာကို ကောင်းစွာရေးတတ် ဖတ်တတ်နေပြီဖြစ်ကြောင်း သိနိုင်သည်။
မွန်စာပေသမိုင်းကို ဆန်းစစ်မည်ဆိုလျှင် ကျောက်စာ၊ မင်စာ၊ အုတ်ခွက်စာ၊ ခေါင်းလောင်းစာ၊ စဉ့်ကွင်းစာ၊ အင်္ဂတေစာ၊ ပုရပိုဒ်စာ၊ ပေစာ၊ ပုံနှိပ်စာ စသည်ဖြင့် ပုံစံအမျိုးမျိုးတွေ့ရှိနိုင်သည်။ ပိဋကတ်တော်ဆိုင်ရာကျမ်း၊ ရာဇာဝင်ကျမ်း၊ ဆေးကျမ်း၊ ဓာတ်ကျမ်း၊ ဗေဒင်ကျမ်း၊ ပျို့ကဗျာလင်္ကာကျမ်း၊ ပုံဝတ္ထုများ၊ စကားပြေအရေးအသားများ စသည်ဖြင့် စုံလင်လှသည်။
မွန်-မြန်မာ စာပေယဉ်ကျေးမှု ပေါင်းကူး
မွန် နှင့် ဗမာတို့၏ ဘာသာစကားနှင့် ယဉ်ကျေးမှုပေါင်းကူးချိန်သည် မွန်နှင့် မြန်မာတို့ ကျောက်ဆည် နယ်တွင် ဆုံတွေ့၍ အတူတကွ နေထိုင်ခဲ့သောအချိန်မှ စတင်ခဲ့သည်။
ထိုအချိန်အတွင် မွန်တို့သည် မြေပြန့်လွင်ပြင်တွင် လယ်ယာလုပ်ငန်းဖြင့် အေးချမ်းသာယာစွာ နေထိုင်ခဲ့သည်မှာ အနှစ်သုံးထောင်ခန့်ပင် ကြာညောင်းခဲ့ပြီး၍ ယဉ်ကျေးမှုအရာတွင် အလွန်မြင့်မား နေပါသည်။ မွန်တို့၏ အချက်အချာနိုင်ငံဖြစ်သော ဒွါရဝတီနိုင်ငံသည်လည်း တန်ခိုးကြီးမားနေချိန် ဖြစ်သည်။ ထို့ပြင် မွန်တို့သည် ထေရဝါဒဗုဒ္ဓဘာသာ ပိဋကတ်တော်များနှင့်တကွ စာပေအရေးအသားများကိုပါ ပိုင်ဆိုင်ထားကြပြီးဖြစ်၍ စိတ်သဘောထား နူးညံ့သိမ်မွေ့နေသူများ ဖြစ်ကြပေသည်။
ရန်ကုန်တက္ကသိုလ်တွင် သမိုင်းပါမောက္ခအဖြစ် ထမ်းဆောင်ယင်း ပြည်ထောင်စုသားများကြားတွင် နှစ်ပေါင်းများစွာနေထိုင်ကာ ကျန်စစ်သားမင်း၏ မွန်ကျောက်စာ (၁၂) တိုင်ကို ဖတ်၍ အက်ပီဂရပ်ဖီယာဗားမင်နီကာ ခေါ် မြန်မာကျောက်စာပေါင်းချုပ် စာအုပ်ကို တည်းဖြတ်ပြုစုပေးခဲ့သော အလွန်လေးစားအပ်သည့် ပါမောက္ခချုပ်၏ ယူဆချက်သည်လည်း ဒေါက်တာသန်းထွန်း၏ ယူဆချက်နှင့် ထပ်တူထပ်မျှပင်ဖြစ်ပါသည်။
ရှေးမြန်မာသမိုင်းပညာရှင်များသည် မြန်မာတို့က ပျူတို့ထံမှတဆင့် ဘာသာယဉ်ကျေးမှုနှင့် စာပေ အရေးအသားကို လက်ခံရရှိ ခဲ့သည်ဟု ယူဆလိုကြသည်။ သို့သော် နောက်ပိုင်းတွင် တွေ့ရှိလာရသော သမိုင်းအထောက်အထားများအရ ဒေါက်တာသန်းထွန်းက အမှန်ကို ဖော်ထုတ်ပြလို၍ သုံးနှုန်းလိုက်သည့် အတိုင်း "မြန်မာတို့ ဆရာကား မွန်ဖြစ်သည်" ဆိုသည်မှာ ထင်ရှားလှပါသည်။
မြန်မာတို့သည် ကျောက်ဆည်နယ်တွင် မွန်တို့နှင့် စတင်တွေ့ဆုံခဲ့ပြီး၊ မွန်တို့ထံမှ ဘာသာ ယဉ်ကျေးမှုနှင့် စာပေအရေးအသားကို လက်ခံယူသည်။ နောင်အင်အားကြီးထွားလာသည့်အခါတွင်မှ ကျောက်ဆည်နယ်၏ မြောက်ဘက်နှင့် အနောက်ဘက်သို့ တစတစ တိုးချဲ့ကာ ပျူတို့၏ ယဉ်ကျေးမှုနှင့် ထိတွေ့လာကြသည်။
အနုပညာ ယဉ်ကျေးမှု
မွန်တို့သည် ပန်းပဲ၊ ပန်းထိမ်၊ ပန်းတဉ်း၊ ပန်းတော့၊ ပန်းရန်၊ ပန်းပု၊ ပန်းတမော့၊ ပန်းပွတ်၊ ပန်းချီ၊ ပန်းယွန်း စသည့် ပန်း ၁၀ မျိုး အတတ်နှင့် အဆောက်အဦးများ တည်ဆောက်ခြင်း၊ အင်္ဂတေရုပ်လုံးများ ထွင်းထုခြင်း စသည့် လက်မှုပညာများကို သထုံခေတ်တွင် ကောင်းစွာ တတ်မြောက်နေပြီဖြစ်သည်။ သထုံဝန်းကျင်တွင် ဂဝံကျောက်ဆစ် လက်ရာများ ကျန်ရစ်နေသည်ကို ယခုတိုင် တွေ့မြင်နိုင်သည်။ ကျောက်သင်ပုန်းလုပ်ငန်းသည် မွန်တို့၏ လက်မှုပညာတစ်ခု ဖြစ်သည်။
တူရိယာ
မွန်လူမျိုးတို့၏ ရိုးရာယဉ်ကျေးမှု တူရိယာမှာ မိကျောင်း(တူရိယာ) ဖြစ်သည်။
ထင်ရှားသော မွန်လူမျိုးများ
- ရှင်အရဟံ - ဗုဒ္ဓသာသနာသန့်ရှင်း ထွန်းလင်းစေသူ
- ရာဇာဓိရာဇ် - ဟံသာဝတီ မွန်ဘုရင်
- မွန်ဘုရင်မကြီး ရှင်စောပု[၈]
- ဗုဒ္ဓဘာသာသာသနာတော် အတွက်ကြိုးပမ်းမှုများကြောင့် ထင်ရှားသော မွန်ဘုရင် ဓမ္မစေတီ
- မွန်သူရဲကောင်း သမိန်ဗရမ်း
- ဗညားဒလ - ဒုတိယမြန်မာနိုင်ငံတော်တည်ထောင်သူဘုရင့်နောင်၏ အတိုင်ပင်ခံဝန်ကြီးချုပ်
- ရှင်မဟာရဋ္ဌသာရ - အင်းဝခေတ်စာဆိုတော်ရဟန်း
- ဗုဒ္ဓ ယော့ဖာ စုဠာလောက (ရာမ၁) - ထိုင်းဘုရင့်နိုင်ငံ၏ ချက္ကရီမင်းဆက် တည်ထောင်သူ[၉]
- အမရိန္ဒြာ - ထိုင်းဘုရင့်နိုင်ငံ၏ ချက္ကရီမင်းဆက် တည်ထောင်သူ ရာမ၁၏ မိဖုရားခေါင်ကြီး၊ ရာမ(၂)၏ မယ်တော်
- မောင်ထော်လေး - စစ်ကဲ
- ဦးနာအောက် - မီးသင်္ဘောသူဋ္ဌေး
- သူဌေးကြီး ဆာဦးသွင်
- ကိုလိုနီခေတ် မြန်မာလူမျိုး ပထမဆုံး ဘုရင်ခံ ဆာဂျေအေမောင်ကြီး
- မြန်မာ့ ပထမဆုံး အနောက်တိုင်းဆရာဝန် ဒေါက်တာရှောလူး
- မြန်မာနိုင်ငံ ပထမဆုံး ကာယဗလလေ့ကျင့်သူ ဒေါက်တာဝေါ်လတာချစ်ထွန်း
- မြန်မာနိုင်ငံ ပထမဆုံး ပါရဂူ ဒေါက်တာဘဟန်
- မြန်မာနိုင်ငံ ပထမဆုံး နိုင်ငံတော်အဓိပတိ ဒေါက်တာဘမော်
- မြန်မာနိုင်ငံ ပထမဆုံး အမျိုးသမီး မင်းတိုင်ပင်အမတ် ဒေါ်နှင်းမြ
- မြန်မာနိုင်ငံ ပထမဆုံး အသည်းအစားထိုးကုဆရာဝန်ကြီး ဒေါက်တာနော်မန်လှ
- ခေတ်စမ်းစာပေကို ဦးဆောင်ခဲ့သူ မင်းသုဝဏ် ( မြန်မာနိုင်ငံ၏ သမ္မတ ဦးထင်ကျော်၏ ဖခင်)
- သမိုင်းပညာရှင် ပါမောက္ခ ဒေါက်တာ နိုင်ပန်းလှ
- ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ နန္ဒာလှိုင်
- ဇာဂနာ - ရုပ်ရှင်နှင့် သဘင်ပညာရှင်
- ထူးအိမ်သင် - တေးရေးတေးဆို
- ဗညားနိုင် - အိုင်းရင်းခရော့စ် (Iron Cross) တီးဝိုင်းအဖွဲ့ဝင်
- မင်းကိုနိုင် - ကျောင်းသားခေါင်းဆောင်
- ဦးမြင့်ဆွေ - ဒုတိယ သမ္မတ
- အိချောပို - သရုပ်ဆောင်၊ မော်ဒယ်
- မိစန္ဒီ - အမျိုးသမီးဟစ်ဟော့အဆိုတော်[၁၀]
မွန်အလံများ
(အလာံဂကူမန်)
-
မြန်မာနိုင်ငံရှိမွန်အမျိုးသားအလံ
-
ထိုင်းနိုင်ငံရှိမွန်အမျိုးသားအလံ
-
မွန်ဘုရင်အလံ အေဒီ၂၄၁-၂၁၈
-
မွန်ဘုရင်အလံ
-
မွန်ဘုရင်အလံ- အေဒီ ၁၁၁၆
-
မွန်ပြည်နယ်အလံ
မှတ်စုများ
- ↑ According to CIA Factbook, the Mon make up 2% of the total population of Myanmar (55 million) or approximately 1.1 million people.
- ↑ You must specify title = and url = when using {{cite web}}.။ cia.gov။ 17 January 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 January 2018 တွင် ပြန်စစ်ပြီး။
- ↑ Professor G.H.Luce ၏ Old Burma, Early Pagan (1969)
- ↑ ဦးဘသန်းရေး၏ မြန်မာ့ရာဇဝင်
- ↑ ရာဇဓိရာဇ် အရေးတော်ပုံ ။ ဗညားဒလ
- ↑ အရှေ့တောင်အာရှ ရာဇဝင်၊ ဟော-၁၉၅၅
- ↑ မြန်မာ ရာဇဝင် (ဟာဗေး ၁၉၂၅)
- ↑ မိတ်ဆိနာ-ခေတ်ဦး ဖုနန်-ဖန်-ပျူ နှင့် ရခိုင် ယိုးဒယားသင်းဂျာနယ်။
- ↑ Kaowao Burmese Version။ 22 June 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 18 August 2013 တွင် ပြန်စစ်ပြီး။
- ↑ https://www.bbc.com/burmese/in-depth-47977744
- ↑ https://www.mmload.com/news/64534
ကိုးကား
- ရာမညမိုးစွေ၏ မွန်ဂီတနိဒါန်း
- ဒေါက်တာမင်းတင်မွန်၏ မွန် - မြန်မာ စာပေပေါင်းကူး