တိုင်ချွန်းလူမျိုး
အများစု နေထိုင်သည့် နေရာ | |
---|---|
ဘာသာစကား | |
တိုင်ချွန်းဘာသာစကား | |
ကိုးကွယ်မှု | |
ခရစ်ယာန်ဘာသာ |
တိုင်ချွန်းလူမျိုး သို့မဟုတ် တာရွှန်းလူမျိုးသည် မြန်မာနိုင်ငံအစိုးရမှ တရားဝင် အသိအမှတ်ပြုထားသည့် တိုင်းရင်းသား (၁၃၅)မျိုးထဲတွင် ပါဝင်လေသည်။ တိုင်းရင်းသားလူမျိုးကြီး (၈)မျိုးအနက်၊ ချင်းတိုင်းရင်းသားထဲမှ လူမျိုးစု တစ်စုဖြစ်သည်။ အလယ်ပိုင်း ချင်းလူမျိုးများတွင် အပါအဝင်ဖြစ်သော တိုင်ချွန်းလူမျိုးသည် ရှေးအခါက ချင်းလူမျိုးများထဲတွင် အင်အား အကြီးမားဆုံးနှင့် အာဏာအရှိဆုံး အုပ်စုတစ်စုဖြစ်ခဲ့ဘူးသည်။
ယင်းတို့၏ မူလဒေသမှာရွှန်ကလဖြစ်၏။ ရွာအမည်ကို အစွဲပြု၍၊ ရွှန်ကလလူမျိုးဟုလည်း ထင်ရှားသည်။ ယင်းတို့၏ ဖိုးဖွားဘီဘင်များသည် ထိုရွာ၏ကျောက်တုံး ကြီးတစ်ခုထဲမှ ပေါက်ဖွားလာကြသောသူများ ဖြစ်သည်ဟု အစဉ်အလာ အယူရှိကြ၏။ နှစ်ပေါင်းများစွာ ကြာလတ်သော် တိုင်ချွန်းလူမျိုး အချို့တို့သည် ဖလမ်းမြို့ အနောက်ဘက်တွင် ကလရွှန်းရွာကို တည်ထောင်၍ နေကြပြန်သည်။
ရွာအမည်က လရွှန်းမှ တာရွှန်းဟူသောအမည် ဆင်းသက်လာသည်ဟုဆို၏။ များမကြာမီ ကလရွှန်းရွာကို ဟားခါးချင်းများ ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့်၊ နှစ်ပေါင်းများစွာ ဟားခါးချင်းများ လက်အောက်တွင် သုံ့ပန်းများအဖြစ် နေခဲ့ရပြီးနောက်၊ ယင်းတို့နှင့် စေ့စပ်ကျေအေးကာ ဖလမ်းရွာကို တည်ထောင်နေထိုင် ခဲ့ကြပြန်သည်။
ထို့နောက် မိမိတို့၏ ဆွေမျိုးသားချင်းများကိုသာမက အခြားလူမျိုးတို့ကိုပါ ခေါ်ဆောင်၍ ဖလမ်း၌နေထိုင် စေ၏။ သို့သော် တာရွှန်း(ရွှန်ကလ)လူမျိုး အချို့တို့သည် ဖလမ်းသို့ လိုက်မပါလာဘဲ၊ အခြားအရပ်၌ သီးခြား နေထိုင်ကြသည်။ တာရွှန်းလူမျိုးစုတွင် ရွှန်ကလ၊ ဇဟောင်၊ တလော်ဇမ်၊ ခွာလဆီးနှင့် ဝှန်လငိုဟူ၍ ငါးမျိုးပါဝင်သည်။ ရွှန်ကလလူမျိုးများအနက် ဖမ်းရွာ၊ ဇောင်းတဲရွာ၊ ဆွန်းဟင်းရွာနှင့် ဇာမွယ်ရွာတို့တွင် နေသူများ (မူလ ရွှန်ကလ) နှင့်သီးခြားရွှန်ကလများ ဟူ၍ နှစ်မျိုးကွဲသွားပြန်၏။ ဇဟောင်လူမျိုးများလည်း ဤကဲ့သို့ပင် နှစ်မျိုးကွဲ၏။ ဇဟောင်လူမျိုးများလည်း ဤကဲ့သို့ပင်နှစ်မျိုးကွဲ၏။ ယင်းတို့အပြင် ကွန်လီ၊ ငွန်နှင့် မင်းလယ်တောင်အုပ်စု ဟူ၍လည်း ရှိသေးသည်။
အုပ်ချုပ်ရာ၌ အကြီးအကဲ ငါးဦးပါဝင်သော အုပ်ချုပ်ရေးအဖွဲ့ရှိ၏။ အဖွဲ့ဝင်လူကြီးများကို ရွာများမှ မဲဆန္ဒဖြင့် တင်မြှောက်ရ၏။ သို့သော် များသောအားဖြင့် ဖလမ်းရွာမှပင် ရွေးကောက်ခံရသူများ၏ အဖွဲ့ဝင်များသည် နေ့စဉ် နံနက်တိုင်း စုဝေး၍ ရပ်ရွာအမှုအခင်းများကို စီရင်ရ၏။ အဖွဲ့မှကြီးမှူး၍ ရွာများအပေါ်တွင် အခွန်အကောက်များ စည်းကြပ်တောင်းခံ၏။ တခါသော် အခွန်အကောက်များကြီး လေးသဖြင့် သီးခြားရွှန်ကလအပါအဝင် အချို့ရွာများသည် တော်လှန်ရန် စုဝေးကြလေ သည်။ သို့သော် ဖလမ်းခေါင်းဆောင်များသည် တစ်ဘက်ကမ်းရှိ ငွန်လူမျိုး၊ မင်လယ်တောင်ရှိ ထောလူမျိုးနှင့် ခွာလဆီးလူမျိုးများကို မိမိတို့ဖက်ပါအောင် သွေးဆောင်၍ ကူညီစေသည်။
အင်အားချင်းမမျှသောကြောင့် တော်လှန်လိုသော ရွာအားလုံးပင် ဖလမ်းလက်အောက်သို့ ရောက်ရှိလာပြီးလျှင် အုပ်ချုပ်ရေးအဖွဲ့သို့ အခွန်ဆက်လာရလေသည်။ ဤသို့ဖြင့် တာရွှန်းလူမျိုးများသည် တဖြည်းဖြည်းနှင့် အခြားရွာများကို သိမ်းသွင်းနိုင်ခဲ့လေသည်။
ယင်းတို့သည် မြန်မာတို့နှင့်လည်း မဟာမိတ်ဖြစ်ခဲ့ဘူး၏။ ကွန်းကြီးခေါ် မြန်မာရွာကလေးကို ဟားခါးချင်းများ ဝင်ရောက်တိုက်ခိုက်ခြင်းကြောင့် တာရွှန်းတို့သည် ဟားခါးရွာကလေး တစ်ရွာကို ဝင်ရောက်ဖျက်ဆီးလိုက်သည်။ ဗြိတိသျှတို့ မြန်မာပြည်မကို သိမ်းပိုက်ပြီးသည့်နောက်တွင် အင်အားကြီးမားနေသော တာရွှန်းတို့အား အလွယ်တကူ မအောင်မြင်ဘဲရှိခဲ့၏။ ၁၈၉၁-၉၂ ခုနှစ် ရောက်မှသာလျှင် ဖလမ်းကို သိမ်းယူနိုင်လေသည်။ ၁၈၉၅-၉၆ ခုနှစ်တွင်ကား တာရွှန်းလူမျိုးများ လက်နက်ချရပြီးနောက်၊ ဗြိတိသျှတို့သည် ယင်းတို့ ၏အင်အားနှင့် စည်းရုံးမှုကို ဖြိုခွင်းခဲ့လေရာ၊ ယခုအခါသာမန်ချင်းလူမျိုး အုပ်စုကလေးတစ်ခု အနေမျှသာကျန်ရှိ၍ တာရွှန်းရွာကလေးတွင်ပင် နေထိုင်လျက်ရှိကြသည်။ ရှေးကထက် ပိုမိုယဉ်ကျေးလာ၏။ လူဦးရေမှာ ၁၉၅၃ ခုနှစ်သန်ကောင်စာရင်းအရ ၁၉၈၇ ယောက်ရှိ၏။