ကမ်းယံလူမျိုး
ကမ်းယံလူမျိုး
[ပြင်ဆင်ရန်]အာရှတိုက် အလယ်ပိုင်းတွင် နေထိုင်ကြသော မွန်ဂိုလူမျိုးတို့သည် မိမိတို့ဒေသ၌ အစာရေစာ ရှားပါး သဖြင့် ရှေးနှစ်ပေါင်းများစွာကပင် တောင်ဘက်သို့ တသုတ်ပြီး တသုတ် ပြောင်းရွှေ့လာကြရာ မြန်မာနိုင်ငံသို့ ရှေးဦးစွာ ဝင်လာသူများမှာ တိဘက်-မြန်မာလူမျိုးများ ဖြစ်ကြသည်။
သူတို့သည် အရှေ့ဘက်လမ်း၊ အနောက်ဘက်လမ်းဟူ၍ လမ်းနှစ်သွယ်ဖြင့် ဝင်ရောက်လာကြသည်။ အရှေ့ဘက်လမ်းဖြင့် ဝင်ရောက်လာသူသည် မဲခေါင်မြစ်ကြောင်း၊ သံလွင်မြစ်ကြောင်း တို့ဖြင့် ဝင်ရောက်လာကြသည်။ အနောက်ဘက်လမ်းဖြင့် ဝင်ရောက်လာသူတို့အနက် အချို့မှာ ဒီဟောင်းခေါ် ဗြဟ္မပုတ္တရမြစ်ဝှမ်းအတိုင်း ဆင်းလာကြပြီးလျှင် အာသံနယ်၌ မြို့ပြ တည်ထောင်နေထိုင်ကြသည်။ အချို့မှာ ဧရာဝတီမြစ်ကြောင်း၊ ချင်းတွင်းမြစ်ကြောင်းတို့ဖြင့် ဝင်ရောက်လာကြသည်။ ဤသို့ဖြင့် သူတို့သည် ဗြဟ္မပုတ္တရမြစ်နှင့် ဧရာဝတီမြစ်များအကြားရှိ ရေဝေကုန်းတန်းကြီးတွင် မှီတင်းနေထိုင်လာကြရာ နောင်ကာလ ကြာမြင့်သော် တောင်ဘက်သို့ ပြန့်နှံ့လျက် နေထိုင်ကြလေသည်။
တိဘက်-မြန်မာတို့သည် မြန်မာနိုင်ငံတွင်းသို့ ရောက်လာသောအခါ ပျူ၊ ကမ်းယံ၊ သက်ဟူ၍ အမျိုးသုံးစား ကွဲပြားခဲ့သည်။ ဧရာဝတီမြစ်ကမ်းတလျှောက်တွင် ပျူတို့မြို့ပြ တည် ထောင်နေထိုင်ကြသည်။ အနောက်ရိုးမတစ်လျှောက်ဖြစ်သော တောင်ကုန်းဒေသများတွင် နေထိုင်သူများကို သက်ဟု ခေါ်တွင်သည်။ အနောက်ရိုးမ၏ တောင်ဘက်စွန်းဖြစ်သော ရခိုင်ရိုးမနှင့် ဘင်္ဂလားအော်အကြားရှိ ပင်လယ်ကမ်းခြေ အရပ်ဒေသတွင် နေထိုင်ကြသူများကို ကမ်းယံဟု ခေါ်ကြသည်။ ကာလကြာမြင့်သော် ပျူတို့သည် ကွယ်ပျောက်၍ မြန်မာအစု တွင် ပါဝင်လာကြသည်ဟု ဆိုသည်။ သက်နှင့် ကမ်းယံ များကိုမူ ချင်း၊ ရခိုင်အစုများတွင် ထည့်သွင်းရေတွက်ကြ လေသည်။
ကမ်းယံတို့ မှီတင်းနေထိုင်ရာဒေသမှာ သံတွဲမှစ၍ တောင်စဉ်ခုနစ်ခရိုင်ဖြစ်ကြောင်း၊ သရေခေတ္တရာတွင် ပျူတို့ ကောင်းစားစဉ် ရခိုင်ပြည်တောင်ပိုင်းတွင် ကမ်းယံတို့ရှိခဲ့ကြောင်း ယင်းတို့မှာ ဗုဒ္ဓဝါဒီများဖြစ်ကြောင်း သိရသည်။[၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)