ပျူ

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
ပျူ
ပျူမြို့ပြနိုင်ငံများ
c. 2nd century BCE – c. 1050

ပျူ တည်နေရာ
အနီရောင်စက်ဝန်းထဲရှိပျူမြို့ပြနိင်ငံများပြပုံ
မြို့တော် ဗိဿနိုး
သရေခေတ္တရာ
ဟန်လင်း
မိုင်းမော
ဘာသာစကား ပျူ
ကိုးကွယ်ယုံကြည်မှု ထေရဝါဒ ဗုဒ္ဓဘာသာမဟာယန ဗုဒ္ဓဘာသာ
အစိုးရစနစ် ဘုရင်စနစ်
ခေတ်ကာလ မြန်မာနိုင်ငံ ခေတ်ဦး
 - Earliest Pyu presence in Upper Burma c. 2nd century BCE
 - Beikthano founded

ပျူ (သို့) ပျူလူမျိုး များ သည် တိဘက်-ဗမာအနွယ်ဝင်များထဲမှ မြန်မာနိုင်ငံအတွင်းသို့အစောဆုံးရောက်ရှိအခြေချခဲ့သည့်လူမျိုးများအနက်မှ အုပ်စုတစ်ခုဖြစ်သည်ဟု မှန်းဆရပါသည်။ အသားရောင်ပေါ်မူတည်၍ လူမျိုးခွဲခြားသောစနစ်အရ ပျူတို့သည် မွန်ဂိုလွိုက်ခေါ် အသားဝါမျိုးနွယ်အုပ်စုတွင်ပါဝင်သည်။ [၁]

ဧရာဝတီမြစ်ရိုးအနောက်ဖက်တစ်လျှောက် မြို့ပြနိုင်ငံများထူထောင်ကာနေထိုင်ခဲ့ကြသည်။အေဒီ ၄ရာစုနှင့် ၅ ရာစုများတွင် ပျူတို့အထွတ်အထိပ်ရောက်ချိန်ဖြစ်ပြီး သရေခေတ္တရာ ၊ဗိဿနိုး နှင့် ဟန်လင်းမြို့များကိုထူထောင်ခဲ့ကြသည်။ နောင် ၈ရာစုအစောပိုင်လောက်တွင် နန်ကျောက် တို့၏ရန်စစ်ကို ခံရကာအင်အားနည်းသွားရပြီး မျိုးတူ ဗမာအပါအဝင် ကျန် ချင်းကရင်ပအိုဝ်း အစရှိသည့် လူမျိုးအုပ်စုကြီးများအတွင်း ရောနှောပျောက်ကွယ်သွားရသည်။

အမည်အခေါ်အဝေါ်[ပြင်ဆင်ရန်]

အေဒီလေးရာစုခန့်တွင် တရုတ်ပြည်၌ ချူကျူရေးသော ဟွာယန်ကောကျိ(The History of The State of Hua-Yang) တွင် ဖျောက် (သို့) ဖျောင်း ဟုခေါ်သော ပျူလူမျိုးများကို စတင်ရေးခဲ့သည်ဟုယူဆကြောင်း၊ ပျူကို တရုတ်တို့က ဖျောက်ဟုခေါ်၍ ၎င်းတို့ကိုယ်တိုင်က ထုလော်ကျူဟု ခေါ်တွင်ကာ ဂျာဗားအမျိုးသားတို့က တုလီချူ ဟု ခေါ်ဆိုကြောင်း ဒေါက်တာသန်းထွန်းမှ သုံးသပ်သည်။[၂]

မြန်မာ-တရုတ်သမိုင်းပညာရပ်သုတေသီ နှင့် မြန်မာ့သမိုင်းကော်မရှင် အဖွဲ့ဝင် ဖြစ်သော ဦးရည်စိန်မှ ယခုလို သုံးသပ်ထား၏ ။ ခရစ်နှစ်သုံးရာစုနောက်ပိုင်းနှင့် လေးရာစုအလယ်ပိုင်းတွင် ပျူတို့တည်နေရာကို အတိအကျမှတ်တမ်းတင်ထားသော ရှေးတရုတ်မှတ်တမ်း လေးကျမ်းရှိ၏။ ထိုကျမ်းများသည်

  • ဝေ့ပြည်ထောင်သမိုင်းအကျဉ်း (An Outline History of The Wei State - AD 220-25)
  • အနောက်တောင်ဘက်ဒေသ ဦးဆောင်းကျမ်း (The Gazetteer of The South West Region)
  • နန်းကျွန်းဒေသ အုပ်ချုပ်ရေးနယ်ရှစ်နယ်ဦးဆောင်းကျမ်း (The Gazetteer of The Eight Prefectures of Nan Chung or Present day Szechwan Yunnan and Kueichow Border Region)
  • ဟွာယန်ဒေသသမိုင်း (The History of The State of Hua-Yang) တို့ဖြစ်ကြသည်။

ယခုအခါ ဟွာယန်ဒေသသမိုင်း တစ်ခုပင်ကျန်ရှိ၍ အခြားသုံးကျမ်းမှာ ပျောက်ဆုံးနေပြီဖြစ်သည်။ သမိုင်းကျမ်းများအချို့နှင့် ရှေးဟောင်းစွယ်စုံကျမ်းများတွင် ကောက်နှုတ်ချက်အတိုအထွာများကိုတွေ့ရှိထားခြင်းကြောင့် ထိုကျမ်းများသည် လွန်ခဲ့သောအခါ၌ ရှိခဲ့ကြောင်းကို သိနိုင်သည်။

ဤကျမ်းသုံးကျမ်းများအနက် ပျူတို့ဒေသအမည်ကို ထူးခြားစွာဖေါ်ပြထားသောကျမ်းသည် ဝေ့ပြည်ထောင်သမိုင်းအကျဉ်း ဖြစ်၏။ သမိုင်းပညာရှင်ဖေယင်း (Fei Yin) သည်” သုံးပြည်ထောင်ခေတ်သမိုင်း (The Annals of The Epoch of The Three Kingdoms - AD 220-80) ကိုမှတ်စုပေးခဲ့သည်။ မှတ်စုထည့်သွင်းပြီးစီးသည့်နှစ်သည် ခရစ်နှစ် ၄၂၉-ခုနှစ်ဖြစ်ပါသည်။ ထို့ကြောင့် ခရစ်နှစ် ၄၂၉-ခုနှစ်၌ ဝေ့ပြည်ထောင်သမိုင်းအကျဉ်း သည်ထင်ရှားသောကျမ်းတကျမ်း ဖြစ်နေသေး၍ မပျောက်ဆုံးသေးကြောင်းသိသာသည်။ ဖေယင်းသည် သုံးပြည်ထောင်ခေတ်သမိုင်းမှ ဝေ့ပြည်ထောင်သမိုင်း ၏အဆုံး ဝေ့ပြည်ထောင်အကျဉ်း ၌ အနောက်ဘက်မျိုးနွယ်စုအခန်းကို ထုတ်နှုတ်၍ မှတ်စုသွင်းပေးခဲ့သည်။

Section of the His Jung (Xi Rong) in the Wei Lueh (Wei Lue) ၌ "ရှေးတရုတ်နိုင်ငံ (စိန့်တိုင်း) အနောက်ဘက်တခွင်ရှိ နိုင်ငံများအကြောင်းဖြစ်သည်။ ထိုနိုင်ငံများအကြောင်းများထဲ၌ ဖန်းယွယ့် (P'an-Yueh) နိုင်ငံရှိ၏ ။ထီးယဲန်ကျူနိုင်ငံ (T 'ien Chu or Tian Zhu Kingdom) ၏အရှေ့တောင်ဘက်လီပေါင်း သုံးလေးငါးထောင်အကွာတွင်တည်ရှိသည်။ ယီပု (I-Pu orYi Bu) နှင့်နီးကပ်၏။ ထိုဒေသ (ဖန်ယွယ့်နိုင်ငံ) မှလူတို့သည် အရပ်ပု၍ စိန့်တိုင်းသားတို့နှင့်တူညီသည်။ ရှူနယ် (Shu State) မှကုန်သည်များသည် ထိုဒေသသို့ရောက်ခဲ့နိုင်သည်။" ဟုထူးထူးခြားခြားဖေါ်ပြထားသည်ကိုတွေ့ရသည်။

ထီး-ယဲန်ကျူ (Ti 'en Chu or Tian Zhu) ဟူသည် ဟိန္ဒူကိုအသံလှယ်ထားခြင်းဖြစ်၏။ ထိုတရုတ်စာလုံးနှစ်လုံး၏ ရှေးဟောင်းအသံထွက်သည် Hindu နှင့်ခပ်ဆင်ဆင်ဖြစ်သည်။ ယခုအိန္ဒိယနိုင်ငံကိုဆိုလိုသည်။ ယီပုမှာ ယူနန်နယ်ကို ဆိုလိုသည်။ ဤနည်းအားဖြင့် အိန္ဒိယနိုင်ငံ၏ အရှေ့တောင်ဘက် ယူနန်နှင့် နီးကပ်သည့် ဖန်းယွယ့်သည် ရှေးဟောင်းမြန်မာ သို့ ပျူနိုင်ငံ ဖြစ်သည်မှာထင်ရှား၏ ။ ဝေ့ပြည်ထောင်သမိုင်းအကျဉ်း၌ ပါသောစာပိုဒ်တွင် ဖန်ယွယ့် နိုင်ငံကို ဖန်ယွယ့်ဝမ်(င်) ဟူ၍လည်း ခေါ်၏ ။ ဟန့်ယိုယ့်မော်(င်) ဟူသည် ဟန့်လွယ့်မင်း ဟုအနက်ရှိ၏။ သို့ရာတွင်ဤသို့အနက်အဓိပ္ပါယ်ကောက်ယူခြင်းသည်အဖြေမှန်မရနိုင်ချေ။ 'ဟန့်' ဟူသောစာလုံးသည် 'ဖျောင်း' (P'iao)(ပျူ) ဟူသောစာလုံးနှင့် ဆင်တူယိုးမှားဖြစ်သဖြင့် စာမူအဆင့်ဆင့်ရေးကူးရာ၌ မှားယွင်းခဲ့ခြင်းဖြစ်သည်။ ခရစ်နှစ်လေးရာစုအလယ်တွင် ပြုစုပြီးစီးသော ဟွာယန်ဒေသသမိုင်းတွင် ‘ဖျောက်ယွယ့်” ဟုရေးသည်။ ဖျောင်းယွယ့် သို့မဟုတ် ဖျောက်ယွယ့် သည် ပျူဝတ် ကိုအသံလှယ်ထားခြင်းဖြစ်သည်။[၃]

စာပေနှင့် ကိုးကွယ်ယုံကြည်မှု[ပြင်ဆင်ရန်]

ပျူလူမျိုးသည် ကိုယ်ပိုင်ပျူစာပေကိုတီထွင်ခဲ့သည်။ ထိုစာပေများကို ကျောက်စာအဖြစ် ရေးထိုးခဲ့သည်။ ထိုကျောက်စာများမှ အချို့သော ကျောက်စာများသည် ပျူလူမျိုးတို့၏ ကုသိုလ်ကောင်းမှုပြုရာတွင် မှတ်တမ်းအဖြစ် ရေထိုးခဲ့ကြပါသည်။ ပျူလူမျိုးများသည် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်ကိုးကွယ်ခဲ့ကြသည်။ ပျူလူမျိုးတို့၏ အကြီးမားဆုံး သမိုင်အထောက်အထားမှာ ဘော်ဘော်ကြီးဘုရားဖြစ်ပါသည်။ ပျူဘာသာဖြင့် နောက်ဆုံးတွေ့ရသည် ကျောက်စာမှာ ရာဇကုမာရ် ရေးထိုးသည့် မြစေတီကျောက်စာ ဖြစ်သည်။

ရှေးဟောင်း ပျူမြို့တော်[ပြင်ဆင်ရန်]

သရေခေတ္တရာ မြို့ဟောင်းသည် ပြည်မြို့အရှေ့တောင်ဘက် ငါးမိုင်အကွာတွင်ရှိသည်။ အုတ်မြို့ရိုးကိုကျုံးပတ်လည် ဝိုင်းထားသည်။ စက်ဝိုင်းပုံမကျတကျဖြစ်ပြီးတောင် မြောက်နှစ်မိုင်ခွဲ၊ အရှေ့အနောက်နှစ်မိုင်ခန့်ကျယ်ဝန်းသည်။ ပြည်ပေါက်ခေါင်းသွားကားလမ်းကို မြောက်ဘက်မြို့ရိုးပေါ်မှ ဖြတ်လျက်တည်ဆောက်ထားသည်။ မှော်ဇာဘူတာသည်မြို့ဟောင်း၏ ဗဟိုနေရာအရှေ့မြောက်ဘက်ယွန်းယွန်းတွင် တည်ရှိသည်။ ပျူခေတ်ရှေးဟောင်း အဆောက်အအုံများနေရာအနှံတွေ့မြင်နိုင်သည်။ မြို့ရိုးအလယ်ဗဟိုတွင် နန်းတော်ကုန်းနေရာရှိသည်။ စတုဂံအုတ်ရိုး ကာရံထားသည်။ တောင်ဘက်မြို့ရိုးအပြင်ဘက်၌ အရှေ့ပျူတိုက်၊ အနောက်ပျူတိုက်နှင့် ဗိဿနိုး သင်္ချိုင်းကျန်ရှိသေးသည်။

အနုပညာနှင့်ယဉ်ကျေးမှု[ပြင်ဆင်ရန်]

ပျူတို့သည် အမျိုးမျိုးသော ဂီတတူရိယာမျိုးစုံတို့ကို တီထွင်ထားခဲ့သည်။ ပျူလူမျိုးဂီတအနုပညာရှင် တစ်ဖွဲ့သည် အေဒီ ၈၀၂ တွင် တရုတ်ဧကရာဇ်မင်း၏ ဖိတ်ကြားချက်အရ သွားရောက်လည်ပတ်ခဲ့သည်။

ပျူလက်ရာများဟု ထင်ရဖွယ်ရှိသော ရုပ်တုများ၌ အမျိုးသားများသည် အပေါ်ပိုင်းတွင် အဝတ်အစားဆင်မြန်းခြင်းမရှိဘဲ ခန္ဓာကိုယ်အောက်ပိုင်းတွင် ချည်စဖြင့် ချည်နှောင်ထားသည်။ ရှေးဟောင်း တရုတ်ထန်ရာဇဝင်တွင် အမျိုးသားမျာသည် ပန်းရောင်ရှိသော ဖျဉ်အစတစ်ခုကို ခေါင်း၌ပေါင်းထား၍ ပန်းနှင့် ငှက်တောင်တို့ကို စိုက်ထားကြောင်း၊ အမျိုးသမီးများမှာ ယနေ့ဗမာအမျိုးသမီးများနည်းတူ ပန်းရောင်ပုဝါရှည်ကို လက်တွင်စုံချ၍ ယပ်တောင်တစ်ချောင်းအားကိုင်ထားသည်၊ ကျောက်ဖြင့်လုပ်သော လက်ကောက်၊ ပုတီးစသည်တို့ကိုနှစ်သက်သည်၊ အိမ်ထောင်သယ်အမျိုးသမီးသည် ခေါင်းတွင် သျှောင်ထုံးထားသည်ဟု ဖော်ပြထား၏ ။[၄]

ရည်ညွှန်းကိုးကား[ပြင်ဆင်ရန်]

  1. ရည်စိန် - ပျူတိုမြန်မာနိုင်ငံအတွင်းသို့ မည်သို့ဝင်ရောက်ခဲ့သနည်း၊ p.၄၈-၅၁၊ ရတနာမွန်ဓမ္မမဂ္ဂဇင်း၊ ၁၉၈၀-ခုနှစ်၊ နိုဝင်ဘာ
  2. ဒေါက်တာသန်းထွန်း - ခေတ်ဟောင်းမြန်မာရာဇဝင်(တအကြိမ်)၊ p.61
  3. ရည်စိန် - ပျူနိုင်ငံ၊ p.167-178၊ ဉာဏ်လင်းဓမ္မစာပဒေသာ၊ ၁၉၈၄-ခုနှစ်၊ ဒီဇင်ဘာလထုတ်
  4. ဒေါက်တာသန်းထွန်း. ပျူတွေဘယ်ရောက်သွားသလဲ. သီရိဆွေစာအုပ်တိုက်, 205-206။