ကောလူမျိုး

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
အခါ (ခေါ်) ကောလူမျိုး
၁၉၀၀ ပြည့်နှစ်ဝန်းကျင်က ရေးဆွဲထားသော အာခါလူမျိုးပုံ ပန်းချီ
ကော် လုံမငယ်

ကောလူမျိုး သို့မဟုတ် အာခါလူမျိုး မှာ လိုလိုမိုဆို အစုဝင်လူမျိုး ဖြစ်သည်၊ လူဦးရေ မှာ ၄၀၀၀၀ နီးပါးမျှရှိ၍ တဖြည်းဖြည်း တိုးတက်လျက်ရှိသည်။ ကောလူမျိုးများသည် နေထိုင်ရာ အစုအလိုက် အိကောခကောကောဟူ၍ အမည်ကွဲပြားလျက်ရှိသည်။ (လိုလိုမိုဆိုလူမျိုးလည်းရှု)။ ထိုလူမျိုးတို၏ မူရင်းဒေသမှာ ယူနန်နယ်ဖြစ်သည်။ ထိုဒေသမှ မဲခေါင်မြစ်ဝှမ်းတစ်လျှောက် ဆင်းသက်လာ၍ ရှမ်းပြည်နယ်တောင်ပိုင်း ကျိုင်းတုံနယ်အရှေ့ဘက်နယ်စပ်ဆီမှ မြန်မာနိုင်ငံတွင်းသို့ ဝင်‌ရောက်လာဟန်တူသည်။ ယခုအခါတွင် ထိုသူတို့ကို ရှမ်းပြည်နယ်တောင်ပိုင်း အရှေ့စွန်ဒေသများတွင် အများဆုံး တွေ့ရ၏။ ယူနန်နယ် တောင်ပိုင်းနှင့် ယိုးဒယားနိုင်ငံ မြောက်ပိုင်းတို့၌လည်း တွေ့ရသည်။ ကောလူမျိုးတို့မှာ များသောအားဖြင့် နတ်ကိုးကွယ်ကြ၏။ ခရစ်ယာန်အယူဝါဒီ အနည်းငယ်မျှ ရှိသည်။ အယူသည်း၍ ဘိုးဘေးစဉ်ဆက်ကို ရိုသေကိုးကွယ်ကြသူများဖြစ်သည်။ ကချင်တို့ကဲ့သို့ပင် လူရည်သန့် လူတောင့်များဖြစ်ကြသည်။ ရိုးရိုးနှင့်ရှင်းရှင်း နေတတ်ကြသည်။ အမြွာ၊ ရုပ်ပျက်ဆင်းပျက်၊ မစွမ်းမသန် မွေးဖွားသော ကလေးများကို ဖျောက်ဖျက်ပစ်လေ့ရှိကြသည်။ ကချင်တောင်များတွင် တွေ့ရှိလေ့ရှိသော ကိုယ်အင်္ဂါချို့တဲ့သူမျိုးကို ကောရွာများတွင် တွေ့ရခဲသည်။ ကောအမျိုးသမီးတို့ ခါးဝတ်မှာ အတွန့်အခေါက်များဖြင့် လှပစွာတန်ဆာဆင်ထားသည်။ ဘာသာဘာဝ သီဆိုကျူးရင့် ပျော်ရွှင်စွာနေတတ်သည်နှင့်အမျှ လုပ်မှုဆောင်တာများကို မပင်မပန်း မပျင်းမရိ ဆောင်ရွက်သူများ ဖြစ်သည်။ ကောအမျိုးသားတို့မှာ ယောက်ျားပီသ လွတ်လပ်စွာ နေလိုသူများဖြစ်သည်။ လိုလိုအစုဝင် လီဆူးလားဟူတို့ ကဲ့သို့ပင် ဒူးလေးနှင့် မြှားကို သုံးစွဲကြသည်။ အမဲလိုက်ဝါသနာပါ၍ မုဆိုးဘဝတွင် ကျွမ်းကျင်သူများဖြစ်ကြသည်။ (ဦးဘရှင်) [၁]

အာခါလူမျိုးများ၏ နောက်ခံသမိုင်း[ပြင်ဆင်ရန်]

မိမိတို့ကိုယ်ကို အာခါဟုခေါ်ကြပြီး ကျာနီကူ(Za nyi gu)ဟု အမည်တွင်သော အခါလူမျိုးများသည် တရုတ်ပြည်အနောက်တောင်ပိုင်း၊ မြန်မာပြည်အရှေ့ပိုင်း၊ လောနိုင်ငံအနောက်ပိုင်း၊ ထိုင်းနိုင်ငံမြောက်ပိုင်းနှင့် ဗီယက်နမ်နိုင်ငံအနောက်မြောက်ပိုင်းမှ တောင်တန်းတောင်ပေါ်တစ်လျှောက်တွင် အခြားလူမျိုးစုများနှင့် ရောနှောလျက်ရွာများတွင် နေထိုင်ကြပါသည်။ [၂] တရုတ်ပြည်၏ မြစ်နီမြစ်ဒေသတွင် အလွန်ဆွေမျိုးနီးစပ်မှုရှိသော အဖွဲ့တစ်ဖွဲ့ နေထိုင်ကြပြီး၊ ၎င်းတို့ကို ဟနီး(Hani)ဟုခေါ်ကြပါသည်။ ကျာနီ(Za Nyi)သည် အာခါများ မိမိတို့ကိုယ်ကို ခေါ်ဝေါ်သော အမည်ဟောင်းများ ဖြစ်ပြီး၊ ကဗျာလင်္ကာများတွင် အသုံးပြုဆဲဖြစ်ပါသည်။ ဟနီးများ၏ လူဦးရေမှာ (၁.၂)သန်းကျော်ရှိပြီး၊ ယင်းတို့ အနက်မှ လူပေါင်း(၉၀၀၀၀၀) ခန့် ပြောသောဒေသစကားမှာ အာခါတို့၏ စကားနှင့် နီးစပ်မှုရှိပါသည်။ [၃] တရုတ်ပြည်တောင်ပိုင်းမှ ပိုင်ယွဲ့၊ ပိုင်ဖူနှင့် တိချံ(Bai-Yue, Bai-Pu and Di-Qiang) တို့မှာ အဓိက ရှေးဟောင်းလူဦးရေ အဆက်အနွယ်ဖြစ်ပြီး၊ လွန်ခဲ့သောနှစ်ပေါင်း ၂၀၀၀ ကတည်းကတည်ရှိခဲ့ကြပါသည်။ ပိုင်ယွဲ့ နှင့် ပိုင်ဖူတို့မှာ တရုတ်ပြည်တောင်ပိုင်းတွင် နေထိုင်ကြသော် ရှေးဟောင်းလူအုပ်စုများဖြစ်ကြပြီး ဟဲမူတူ(He-Mu-Du) ယဉ်ကျေးမှုနှင့် ဆက်စပ်လျက်ရှိကာ အလယ်ပိုင်းနိမ့်ကျသော ယန်စီမြစ်ချိုင့်ဝှမ်းတွင် လွန်ခဲ့သောနှစ်ပေါင်း (၇၀၀၀)ခန့်က ရှိနေသောသူများ ဖြစ်ပါသည်။ ကျောက်ခေတ်သမိုင်းသုတေသီများ၏ ရှာဖွေတွေ့ရှိချက်အရ၊ ပိုင်ယွဲ့ နှင့် ပိုင်ဖူ တို့ ယူနန်ပြည်နယ်တွင် နေထိုင်ခဲ့ကြသည်မှာ လွန်ခဲ့သော နှစ်ပေါင်း (၄၀၀၀) ခန့်က ဖြစ်သည်ဟု ဖြစ်ပါသည်။ ယနေ့လက်ရှိ တိုင် ၊ ရွှေနှင့် ကျွမ့် (Dai, Shui and Zhuang)တို့သည် ပိုင်ယွဲ့မှ ဆင်းသက်လာခဲ့ကြသည် ဖြစ်ပြီး၊ "ဝ"၊ တအာင်းနှင့် ပလန်(Wa, Deang and Blang)တို့မှာ ပိုင်ဖူမှ ဆင်းသက်လာခဲ့ကြသူများဖြစ်ပါသည်။ ယီ၊ ပိုင်၊ ဟနီး၊ လီဆူ၊ လားဟူ၊ နာရ‌ှီ၊ကျင်းဖော (ဂျိမ်းဖော)၊ တိဗက်၊ ပုယီ၊ ဖုမီ၊ အချန်၊ နွီး(နူ)၊ ဂျင်နု နှင့် တုလုံ (Yi, Bai, Hani, Lisu, Lahu, Naxi, Jingpo, Tibetan, Buyi, Pumi, A Chang, Nu, Jinuo and Dulong) တို့သည် ယနေ့ ယူနန်ပြည်နယ်ရှိ ဒီကင်မှ ဆင်းသက်လာခဲ့ကြသူများဖြစ်ပါသည်။ ဒီကင်တို့သည် ဇန့် (Tibet) - မီယန်(Zang - Mien) မှ လာခဲ့ကြသည်ဖြစ်ပြီး၊ ထိုနေရာသည်ရှည်မျောသောနေရာ အဝန်းဖြစ်ပြီး မြစ်ဝါမြစ်အထက်ပိုင်းမှ အလယ် အောက်မြစ်ဝါမြစ်ချိုမ့်ဝှမ်းတွင်ရှိကာ လွန်ခဲ့သော နှစ်ပေါင်း(၈၅၀၀) ကတည်းက နေထိုင်ခဲ့ကြပါသည်။ ဒီကင်တို့၏ အဓိကကျသည့် ယူနန်ပြည်နယ်သို့ ပြောင်းရွှေ့ခဲ့ခြင်းသည် ချင်မင်းဆက် (Qin Dynasty) အချိန်က ဖြစ်ပြီး၊ လွန်ခဲ့သော နှစ်ပေါင်း (၂၇၀၀)ခန့်က ဖြစ်ပါသည်။ ဘာသာစကားဗေဒအရပြောရပါလျှင် ပိုင်ယွဲ့၊ ပိုင်ဖူနှင့် ဒီကင်တို့သည် ဒိတ်၊ ဩစထရို - အေရှ နှင့် တိဗက် - မြန်မာ(Daic, Astro Asiatic and Tibeto-Burman) တည်းဟူသော ဆီနို-တိဗက်ဘာသာစကားမိသားစု (Sino-Tibetan Language Family)၏ ထပ်ဆင့်ပွားများ ဖြစ်ကြကာ ဘိုင်းယူသည် ဒိတ် နှင့်လည်းကောင်း၊ ဘိုင်းပူသည် ဩစထရို - အေရှနှင့် လည်းကောင်း၊ ဒီကင်သည် တိဗက်-မြန်မာနှင့်လည်းကောင်း အသီးသီးဆက်စပ်မှုရှိနေပါသည်။ [၄] သမိုင်းကဖော်ပြသည်မှာ ဟေးယစ်(Heyis)ဟု အမည်တွင်သော မျိုးနွယ်စုတစ်ခုသည် B.C ၃ ရာစုတွင် တတူ(Dadu) မြစ်၏ တောင်ဘက်တွင်သွားလာနေထိုင်ခဲ့ကြသည်ဟုဖြစ်ပါသည်။ ထိုသူများမှာ ဟနီး(Hanis) ဟု ခေါ်သော ယနေ့လူများ၏ ဘိုးဘွားဘီဘင်များဖြစ်နိုင်ချေရှိပါသည်။ မှတ်တမ်းများဆက်လက်ဖော်ပြထားသည်မှာ ၎င်းတို့သည် တရားဝင်စာရင်းသွင်းခြင်းခံရသူများဖြစ်သွားပြီး၊ ထိုနန်းဆက်၏ လက်အောက်ခံများ ဖြစ်သွားခဲ့ကြပါသည်။ [၅] အခြားမှတ်တမ်းများက အလားတူဖော်ပြသည်မှာ အာခါ/ဟနီးတို့သည် ယူနန်သို့ A.D အစဦးရာစုများ တွင်ပြောင်းရွှေ့နေထိုင်ခဲ့ကြသည်ဟူ၍ဖြစ်ပါသည်။ အာခါတို့သည် အခြားအုပ်စုများနှင့် အတူတကွ နေထိုင်ခဲ့ကြပေ လိမ့်မည်။ အချို့ထင်မြင်ယူဆချက်မှာ လွန်ခဲ့သော ကာလရှည်လျားလှသော အချိန် ယီ/ဟနီးတို့ မူလ အစသည် တိဗက် အရှေ့ပိုင်းဖြစ်ပေလိမ့်မည်ဟုဖြစ်သည်။ အချို့စော-ကတက်ကြသည်မှာ ရှဲချွန် (Szechuan)လွင်ပြင်များသည် မူလနေထိုင်ရာ အရပ်သာ၍ဖြစ်နိုင်သည်ဟူ၍ဖြစ်ပါသည်။ [၆]

ရေကြည်ရာမြက်နုရာသို့ ပျံနှံ့သွားခြင်း[ပြင်ဆင်ရန်]

အာခါလူမျိုးစုတို့၏ ( ဂျာဒယ်း ) ဒေသတွင် အေဒီ(၅) ရာစုမှ (၁၀)ရာစုအထိ မြို့ပြတည်ထောင်၍ နေလာခဲ့ရာ၊ အေဒီ (၁၀) ရာစုနောက်ပိုင်းတွင် ပြောင်းရွှေ့မှုကြီးရှိခဲ့ရာ၊ တရုတ်ပြည်တောင်ပိုင်း၊ ဗီယက်နမ် အနောက်မြောက်ပိုင်း၊ လောနိုင်ငံ အလယ်နှင့်မြောက်ပိုင်းဒေသ၊ မြန်မာနိုင်ငံ ရှမ်းပြည်နယ် ( အရှေ့ပိုင်း )၊ ထိုင်းနိုင်ငံမြောက်ပိုင်းဒေသများသို့ ပျံ့နှံ့နေထိုင်သွားခဲ့ကြသည်။ မြန်မာနိုင်ငံသို့ ( ၁၀ ) ရာစုကတည်းက ရောက်ရှိလာခဲ့ကြောင်း၊ အထူးဒေသ (၄) ရှိ အာခါရွာများဖြစ်ကြသော ဘားဆားအာခါရွာ၊ အေးချွေးအာခါရွာ နှင့် အခြားရွာများစွာတို့က ရွာတည်နှစ် ( ၈၀၀ ) နှစ်ကျော်ဖြစ်သည်ဟု သိရသည်။[၇]

တောင်ပေါ်နေတိုင်းရင်းသား အာခါလူမျိုး[ပြင်ဆင်ရန်]

အာခါတိုင်းရင်းသားလူမျိုးများသည် တောင်ပေါ်ဒေသ၌ နေထိုင်ရခြင်း၏ အကြောင်း လေ့လာသော်- (၁) ပတ်ဝန်းကျင်ရှိ လူမျိုးများ၏ အနိုင်ကျင့်မှုဒဏ်နှင့် နှောက်ယှက်ခြင်းဒဏ်မှ ကင်းလွတ်ရန်၊ တောင်ပေါ်ဒေသ၏ ရာသီဥတု၌ နေပျော်ခြင်း၊ (၂) အာခါလူမျိုးများသည် သမိုင်းအရ အနောက်ပိုင်းဒေသသို့ အဆက်မပြတ် ရွှေ့ပြောင်းနေရခြင်းကြောင့် မြေပြန့်ဒေသ၏ အပူဒဏ်ကိုမခံနိုင်ခြင်း၊ (၃) မြစ်၊ ချောင်းဘေးနေရာဒေသများ၌ ဖြစ်လေ့ရှိသော ငှက်ဖျားရောဂါဒဏ်ကို စိုးရိမ်ခြင်း၊ (၄) တောင်ပေါ်ဒေသ၌သာ ရွှေ့ပြောင်းတောင်ယာလုပ်ရန် သင့်လျော်ခြင်းတို့ကြောင့် ဖြစ်နိုင်သည်ဟု ယူဆရသည်။[၈]

မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်လာခြင်း[ပြင်ဆင်ရန်]

အာခါတိုင်းရင်းသား လူမျိုးများသည် မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်လာခဲ့ကြသော လူမျိုးစု အုပ်စုကြီး (၃) ခုအနက် တိဗက်မြန်မာ အနွယ်အုပ်စုဝင်ဖြစ်သည့် "လိုလိုမို"ဆို အုပ်စုဖြစ်သည်။ တိဗက်လွင်ပြင် မဲခေါင်မြစ်အတိုင်း တရုတ်ပြည်မှ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်လာခဲ့ကြသည်။ အာခါလူမျိုးတို့၏ မူရင်းဒေသမှာ ယူနန်နယ်ဖြစ်သည်။ အေဒီ ၁၀ရာစုကတည်းက ရှမ်းပြည်နယ်အရှေ့ပိုင်း နယ်စပ်မှ မြန်မာနိုင်ငံသို့ ဝင်ရောက်လာခဲ့ကြသည်။[၉]

အာခါရွာနှင့် ချစ်စရာ့ဓလေ့များ[ပြင်ဆင်ရန်]

အာခါ လူမျိုးများသည် ရွာသစ်တည်မည်ဆိုပါက ထိုရွာတွင် အာခါလူမျိုး၏ (ဇွေမား) ခေါ် အကြီးအကဲတစ်ဦး၊ (ဗာဂျီ) ခေါ် (ကျီမား) ပန်းပဲဆရာတစ်ဦး၊ (ဖီးမား) ခေါ် နတ်ဆရာတစ်ဦးတို့ ပါရှိရသည်။ ထို့သို့သော ပုဂ္ဂိုလ် (၃) ဦးရှိမှသာ ရွာ၏ အဂါၤရပ်နှင့် ညီညွတ်သည်။ အာခါလူမျိုးများနေထိုင်သည့် ရွာများသည် ထူးခြားသည့် ဓလေ့ (၅)ရပ် ရှိသည်။ (၁) နှစ်တစ်နှစ်၏ စားနပ်ရိက္ခာသီးနှံများ၊ ကောက်ပဲသီးနှံများ ရိတ်သိမ်းပြီးစီးမှု အထိမ်းအမှတ်အဖြစ် နှစ်သစ်ကြိုဆိုသည့် ခါးထောင်းဖား ( အဖွေလော ) နှစ်သစ်ကူးပွဲ ကျင်းပသည့် ဓလေ့၊ (၂) အိမ်တိုင်းတွင် မိမိတို့၏ ဘိုးဘေး ဘီဘင်ကို ကိုးကွယ်ရန် ( ပါလော့ ) ခေါ် ဘုရားစင် ထားရှိပြီး၊ နှစ်စဉ် ရာသီပွဲများဖြင့် ( ၁၀ ) ကြိမ်ထက်မက ပူဇော်သည့် ဓလေ့၊ (၃) ရွာတိုင်းတွင် လူနှင့် သရဲတစ္ဆေနေရာကို ခွဲခြားသတ်မှတ်သည့် " လချေလန်းခန် " ရှိသည်။ နှစ်စဉ် သရဲတစ္ဆေ နတ်ဆိုးမောင်းထုတ်ပွဲတွင် တစ်ရွာလုံးရှိ အိမ်များမှ သူရဲတစ္ဆေကို ရွာတံခါးပြင်သို့ မောင်းထုတ်သည့်ဓလေ့၊ (၄) အိမ်တိုင်း၏ လယ်၊ခြံ များတွင် " ဟွန်ဖီ " ဟုခေါ်သည့် နတ်စင်တည်ထားပြီး စပါးသီးနှံအထွက်တိုးရန်၊ နေကောင်းကျန်းမာရန် ဆုတောင်းသည့်ဓလေ့ရှိသည်။ အာခါတိုင်းရင်းသားတို့၏ နတ်ပူဇော်ခြင်းသည် တိကျစွာလိုက်နာရသည်။ သို့မှသာလျှင် မင်္ဂလာဖြစ်သည်။[၁၀]

ရွာမြေရွေးချယ်တည်ဆောက်ခြင်း[ပြင်ဆင်ရန်]

အာခါလူမျိုးများသည် ရွာသစ်တည်ရန် လိုအပ်သည့်အခါတွင် ရွာအကြီးအကဲ၊ ပန်းပဲဆရာနှင့် နတ်ဆရာ (၃) ဦးတို့သည် ရွာအကြီးအကဲက ဦးစီးပြီး သင့်တော်မည့်နေရာ ရွေးချယ်ကာ မြေမျက်နှာပြင်တွင် မြေညှိ၍ မြေမာအောင် ထုပြီးနောက် ဤနေရာတွင် ရွာတည်သင့် မသင့် (ဇွေမား) ခေါ် ရွာအကြီးအကဲသည် လတ်ဆတ်သန့်ရှင်းသော ကြက်ဥအစိမ်းတစ်လုံးကိုယူ၍ ဘိုးဘေးများကို တိုင်တည်ပြီး အဓိဋ္ဌာန်ပြုရာတွင် ကြက်ဥကို ညာဘက်နားရွက်မှ ကိုင်၍ လွှတ်ချလိုက်ရသည်။ ထိုလွှတ်ချလိုက်သည့် ကြက်ဥကွဲခဲ့သော် ထိုနေရာတွင် ရွာတည်ရန် သတ်မှတ်ရသည်။ အကယ်၍ ရွာအကြီးအကဲက လွှတ်ချလိုက်သော ကြက်ဥမကွဲခဲ့သော် ထိုနေရာသည် နတ်များနေထိုင်ရာ၊ နတ်မွေ့လျော်ရာ အပေါ်၌ ကြက်ဥ ကျမကွဲခြင်းဖြစ်သည့်အတွက် ရွာတည်ရန် မသင့်ဟု သတ်မှတ်ကာ အခြားတစ်နေရာသို့ နေရာပြောင်းရွှေ့ရှာဖွေရသည်။ ရွာသစ်တည်ရန် သတ်မှတ်လိုက်သော မြေနေရာ အကျယ်အဝန်းရှိ သစ်ပင်များ၊ ချုံနွယ်ပင်များ၊ ခုတ်ထွင်ရှင်းလင်း၍ ရွာဝင်/ထွက်တံခါး (လန်းခန်) နှင့် ရွာဝင်တံခါးနတ်စင်၊ အပျိုလူပျို ချိန်းတွေ့မည့် (ဒယ်းခန်း) ခေါ် မြေညီကွင်း၊ လူသေမြှုပ်ရန် သင်္ချိုင်းမြေနေရာများ ရွေးချယ်ပြီး ခုတ်ထွင် ရှင်းလင်းထားသော အမှိုက်သရိုက်များကို စုပုံ၍ (ဖီးမား) ခေါ် နတ်ဆရာသည် ဘိုးဘေးများအား ရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်တည်၍ မီးရှို့ရသည်။ ထို့နောက် ရက်ကောင်းရက်မြတ်ကို ရွေးချယ်ပြီး ( ကျား၊ သိုး၊ မျောက် ) နေ့များမှအပ ကျန်နေ့ရက်များကို ရွေးချယ်၍ ကြက်ဥကွဲသောနေရာတွင် (ဇွေမား) ခေါ် ရွာအကြီးအကဲ၏ အိမ်ကို ဦးစွာဆောက်လုပ်ရသည်။ ရွာအကြီးအကဲ၏ အိမ်ဆောက်လုပ်ပြီးမှ ရွာသားများ၏ အိမ်ကို ဆောက်လုပ်ရပါသည်။ အာခါလူမျိုးများ အမြတ်တနိုးထားသော နတ်စင်ကို မိမိရွာကဖြစ်စေ၊ တခြားရွာကဖြစ်စေ မြင်းစီးလျက် ရွာဝင်မုဒ်ကို ဖြတ်မကျော်ရ။ နတ်စင်ကို မြင်းပေါ်ကဆင်း၍ ဖြတ်လျှောက်ရသည်။ နတ်စင်ကို အရိုအသေမဲ့ထိခြင်း၊ ဖျက်စီးခြင်းမပြုရ။ ပြုလုပ်ခဲ့သော် ရွာသို့ လျော်ကြေးပေးရသည်။[၁၁]

နေအိမ်အခန်းဖွဲ့စည်းပုံ[ပြင်ဆင်ရန်]

အာခါတိုင်းရင်းသား လူမျိုးများသည် နေအိမ်ဆောက်လုပ်ရာတွင် ခြေတံရှည်အိမ်၊ အိမ်တံခါးမကြီး အရှေ့ဘက်တစ်ပေါက်၊ အနောက်ဘက်တစ်ပေါက်ထားပြီး၊ ပြူတင်းပေါက်ဟူ၍မထားဘဲ အိမ်အမိုးသည် သက်ကယ်ဖြင့် တိုင်ခြေ မထိတထိမိုးကြသည်။ အိမ်အတွင်းတွင် တခြမ်း၌ အိမ်ရှင်မိန်းမနေရန်နှင့် တဘက်ခြမ်းတွင် အိမ်ရှင်ယောင်္ကျားသည် နေထွက်ရာရှေ့ဘက်ပေါက်တွင် နေထိုင်ရပြီး၊ အိမ်ရှင်မိန်းမနှင့် ကလေးများသည် အနောက်ဘက်ခြမ်းတွင် နေထိုင်ရသည်။ အိမ်အတွင်းတွင် အခန်း(၂)ခန်းဖွဲ့ထားသကဲ့သို့ မီးဖို (၂)ခုရှိသည်။ တက်/ဆင်း နိုင်ရန် လှေကား (၂)ခုထားရသည်။ အိမ်ရှင်ယောင်္ကျားနေသည့်ဘက်၌ ရပ်နီး/ရပ်ဝေး ဧည့်သည်များ ဧည့်ခံခြင်းပြုရသည်။ အိမ်ရှင်မိန်းမနေသည့်ဘက်တွင် ဧည့်သည်ယောင်္ကျား သွားလာခွင့်မပြုရ။ ထမင်းချက်ရန် အိမ်ရှင်မိန်းမနေသည့်ဘက်က မီးဖိုကိုသုံးပြီး၊ အိမ်ရှင်ယောင်္ကျား နေသည့်ဘက်တွင် ရေနွေးသောက်ရန် အတွက်သာသုံးသည်။[၁၂]

မျိုးဆက်သစ်ကိုဦးစားပေးခြင်း[ပြင်ဆင်ရန်]

အာခါအမျိုးသားနှင့် အမျိုးသမီးတို့သည် လူပျို၊ အပျို ချိန်းတွေ့ရမည့် ကွင်းပြင်တွင်သာ တွေ့ရသည်။ အိမ်နှင့် အခြားနေရာများတွင် ညအချိန် ချိန်းတွေ့ခွင့်မရှိ။ ချိန်းတွေ့ ရာတွင် ရင်းရင်းနှီးနှီးစကားပြောခြင်း၊ သီချင်းဆိုခြင်းမှအပ လွန်လွန်ကျူးကျူး မပြုလုပ်ရပါ။ ဒါန်းစီးပွဲတော်ကာလတွင် ဒါန်းကို ဒယ်းခန်အနီးတွင် ဆောက်လုပ်ကြသည်။ သင်္ချိုင်းမြေကို ရွာ၏ အနောက်ဘက် နေဝင်ရာဘက်တွင် သတ်မှတ်သည်။[၁၃]

အာခါတိုင်းရင်းသားတို့၏ ကိုယ်ပိုင်ဟန်[ပြင်ဆင်ရန်]

အာခါတိုင်းရင်းသား လူမျိုးများ၏ လက်မှုအတတ်ဖြစ်သော ပန်းပဲလုပ်ငန်းကို ချယ်ရီပန်းပွင့်သည့် ဇန်နဝါရီလတွင် ဒါး၊ ပေါက်ဆိန်၊ တံဇဉ်၊ ပေါက်ပြားများ၊ ငွေထည် ရတနာများကိုလည်း ထုလုပ်ကြသည်။ အာခါတိုင်းရင်းသားရွာတိုင်းတွင် ပန်းပဲဆရာတစ်ဦးစီ ရှိကြသည်။ ထိုခေတ်အခါက ပန်းပဲဆရာသည် အဓိက အကျဆုံးပုဂ္ဂိုလ်ဖြစ်သည်။ ဇွေမား ခေါ် အကြီးအကဲ ရွာသစ်တည်ဆောက်ရာ၌ သုံးရန် ဒါး၊ ပေါက်ဆိန်၊ လှံ၊ ပေါက်ပြားနှင့် ဖီးမား ခေါ် နတ်ဆရာလက်သုံးဒါးများကို တည်ထွင်ပေးသူ ဖြစ်သောကြောင့်ဖြစ်သည်။ အဓိကအသက်မွေးဝမ်းကျောင်းမှာ စိုက်ပျိုးရေးနှင့် မွေးမြူရေးဖြစ်သည်။[၁၄]

အာခါတိုင်းရင်းသားတို့၏ ဝတ်စားဆင်ယင်မှု[ပြင်ဆင်ရန်]

မိမိတို့၏ တိုင်းရင်းသားဝတ်စုံကို မိမိကိုယ်တိုင် ဝါစိုက်ပြီး၊ ဝါကြိတ် စသည်ဖြင့် ယက္ကန်းလုပ်ငန်းများကို မိသားစုတိုင်းသားစဉ်မြေးဆက် လက်ဆင့်ကမ်းပေးကြသည်။ ချည်များကိုရရှိနိုင်ရန် အာခါအမျိုးသမီးများသည် ထင်းခုတ်၊ ရေခပ်၊ တောင်ယာသွား/ပြန် လမ်းလျှောက်ရင်း ဝါကိုကျစ်၍ ရသော ချည်နှင့်သာ အထည်ယက်လုပ်ကာ (မြန်) ခေါ်အပင်ဖြင့် အနက်ရောင်ကို ကိုယ်တိုင်အရောင်ဆိုးကြသည်။ အာခါတိုင်းရင်းသားလူမျိုးတို့၏ ဝတ်စားဆင်ယင်မှုအခြေခံအရောင်မှာ အနက်ရောင်ဖြစ်သည်။ မိမိတို့၏ရိုးရာဝတ်စုံကို အမြတ်တနိုးဝတ်ဆင်ကြသည်။ အမျိုးသားများသည် ဘောင်းဘီရှည်၊ အင်္ကျီတို/ရှည် ခေါင်းပေါင်းဆင်မြန်းကြပြီး၊ ဘောင်းဘီတွင် ပန်းထိုးလေ့မရှိ၊ အင်္ကျီ၏ အရှေ့ဘက်တွင်သာ ပန်းထိုးလေ့ရှိသည်။ အမျိုးသမီးများသည် စကတ်တို/ရှည်၊ ဘောင်းဘီ၊ အင်္ကျီတို/ရှည် နှင့် ခေါင်းဆောင်းအမျိုးမျိုးကို ငွေထည်၊ ငွေပြား၊ ပုတီး၊ ကြက်မြီးရောင်စုံဖြင့် စီမံကြသည်။ အမျိုးသမီးများ၏ စကတ်အနောက်ဘက်တွင် အစင်းများပါရှိပြီး ပန်းထိုးလေ့မရှိ။ အင်္ကျီ၏အရှေ့ / အနောက်တွင် ပန်းအလှများ စီမံကြသည်။ အမျိုးသမီးများသည် ခြေစွပ်၊ ခါးပတ်အမြီးများကို ရှေ့တွင်ချ၍ ပိုးချည် သို့မဟုတ် ရောင်စုံချည်ဖြင့် ပန်းထိုးကြသည်။ အာခါတိုင်းရင်းသားလူမျိုးတို့သည် နေရာဒေသကို လိုက်၍သော်လည်းကောင်း၊ အမျိုးအနွယ်ကိုလိုက်၍သော်လည်းကောင်း၊ ခေါင်းပေါင်း၊ ခေါင်းဆောင်းအမျိုးမျိုးတွေ့ရှိနိုင်သည်။ အမျိုးသားများ၏ ခေါင်းပေါင်းကိုကြည့်၍ သာမန်လူနှင့် နတ်ဆရာကိုခွဲခြားသိရှိနိုင်သည်။ အမျိုးသမီးများ၏ ခေါင်းဆောင်းများတွင် ငွေထည်ငွေပြားအမျိုးမျိုးဖြင့် အမြတ်တနိုးဆင်မြန်းလျက် လေးသည်ဟုပင် အမှုမထားကြပေ။ အမျိုးသမီးဝတ်စုံနှင့် အမျိုးသားဝတ်စုံကို လဲလှယ်ဝတ်ဆင်ခြင်းပြုလေ့မရှိ။[၁၅]

အာခါဘိုးဘေးတို့၏ ဦးတည်ချက်များ[ပြင်ဆင်ရန်]

အာခါတိုင်းရင်းသား လူမျိုးစုတို့သည် အနွယ်ပေါင်းမည်မျှရှိသည်ကို တိတိကျကျ မဖော်ပြနိုင်သေးပါ။ လက်လှမ်းမီသရွေ့ ဖော်ပြရမည်ဆိုလျှင် မျိုးနွယ်ပေါင်း ( ၄၀ ) ကျော်ရှိမည်ဟု ခန့်မှန်းရသည်။ အာခါလူမျိုးစစ်မစစ်ကို မျိုးဆက်အမည်စာရင်းရေတွက်ကြည့်ပါက ရှင်းလင်းစွာ သိရှိနိုင်ပေသည်။ မျိုးဆက်အမည်စာရင်း ရေတွက်ရခြင်း၏ ဦးတည်ချက်များမှာ-

  1. အာခါလူမျိုးစစ်မှန်လျှင် အာခါမျိုးနွယ် အမည်စာရင်းကို သိရမည်။ အချိန်မရွေး ရေတွက်နိုင်ရမည်။
  2. ရွာတစ်ရွာတွင် မျိုးနွယ်တစ်နွယ်တည်းဖြင့် ရွာမတည်ရ။ အနည်းဆုံး မျိုးနွယ် (၃)နွယ်ပါဝင်နေထိုင်ရမည်။
  3. မျိုးနွယ်တစ်နွယ်ခြင်း၏ သားသမီးများသည် အိမ်ထောင်ဘက်မပြုစေရ။ ပြုလိုပါက မျိုးဆက် (၇)ဆက် ကွာခြားစေရမည်။ မျိုးဆက် (၇)ဆက်မခြားဘဲ လက်ထက်ခဲ့ပါက အမျိုးအနွယ် စာရင်းထဲမှ ပယ်ဖျက်ခြင်းကိုခံရမည်ဖြစ်သည်။
  4. မိမိမျိုးနွယ်၏ အမည်စာရင်းမေ့ပျောက်၍ ပြန်လာကြသူများကို လက်ခံကြသော်လည်း သူတို့၏ မျိုးဆက်အမည်စာရင်းသည် အာခါလူမျိုး၏ ဖခင်ကြီးဖြစ်သော ဂျွေထန်ဖန်မှ ပြန်လည်စတင် ရေတွက်စေရမည်ဖြစ်သည်။ အာခါလူမျိုးစုတို့သည် တစ်နေရာရာ၌တွေ့ဆုံကြ၍ မိတ်ဖွဲ့သောအခါ ရိုးရာယဉ်ကျေးမှုအရ လူအမည်ကို တိုက်ရိုက်မေးမြန်းလေ့မရှိ။ နေရပ်လိပ်စာ၊ အမျိုးအနွယ်၊ အိမ်ထောင်ရှိ/မရှိ၊ သားသမီးရှိ/မရှိ၊ ဘယ်နေရာကပြောင်းရွှေ့လာခဲ့ကြောင်း စသည်ဖြင့် မေးရသည်။ အာခါလူမျိုးတို့သည် အမည်ကို တိုက်ရိုက်မေးသော်လည်း ဖြေကြားလေ့မရှိ။ မိရိုးဖလာ အာခါဇန်းဘာသာ ကိုးကွယ်သူများသည် မိမိ၏အမည်ကို အလွန်တန်ဖိုးထားကြသည်။ အမည်ကိုသိလိုလျှင် အခြားသူထံမှတစ်ဆင့် မေးမြန်းရသည်။ ဤသည်မှာ အာခါရိုးရာ ယဉ်ကျေးမှုတစ်ရပ်ဖြစ်သည်။[၁၆]

အာခါလူမျိုးတိုင်း မှတ်သားထားရမည့် မျိုးနွယ်စဉ်ဆက်ဆင်းသက်လာပုံ[ပြင်ဆင်ရန်]

အာခါလူမျိုးနွယ်ဝင်ဖြစ်သော အိမ်ထောင်စုတိုင်းက အိမ်ထောင်ဦးစီး အမျိုးသားတိုင်းသည် မိမိတို့၏ မျိုးရိုးစဉ်ဆက် အမည်မှတ်တမ်းကို အစဉ်အမြဲ မှတ်မိအောင် မှတ်သားထားရသည်။ ယဉ်ကျေးမှုသမိုင်း နှုတ်မှတ် မှတ်တမ်းအရ မျိုးဆက်ပေါင်း (၅၇) ဆက်ရှိနေပြီဖြစ်သည်။ မည်သည့်နေရာရောက်သည်ဖြစ်စေ မြို့သား၊ ရွာသား ခွဲခြားမှုမရှိဘဲ မိမိလူမျိုးနှင့်တွေ့လျှင် မိသားစုဝင်များနှင့်တွေ့သကဲ့သို့ ဖော်ရွေကြသည်။ အာခါလူမျိုးနွယ်ဝင် အမျိုးသားတိုင်းသည် မိမိတို့၏ မျိုးရိုးစဉ်ဆက် အမည်များကို မရွတ်ဆိုနိုင်ပါက အာခါအမျိုးသား သွေးချင်းအပေါ် သစ္စာမရှိသူဟု မှတ်ယူကြသည်။[၁၇]

အာခါလူမျိုးတို့၏ မျိုးဆက်အမည်ထိန်းသိမ်းခြင်း[ပြင်ဆင်ရန်]

အာခါတိုင်းရင်းသားတို့၏ မျိုးရိုးစဉ်ဆက်အမည်များ မှတ်သားရခြင်း၏ ရည်ရွယ်ချက်များမှာ -

  1. မိမိသည် မည်သည့်အနွယ်ဝင်ဖြစ်ကြောင်းသိစေရန်၊
  2. သားစဉ်မြေးဆက် မျိုးချစ်စိတ်ဓာတ်၊ ညီအစ်ကို စိတ်ဓာတ်ပျောက်ပျက်မသွားစေရန်၊
  3. မောင်နှမချင်း၊ ဆွေမျိုးရင်းခြာ အချင်းချင်း အိမ်ထောင်မပြုမိစေရန်၊
  4. ပျောက်လုနီးပါးဖြစ်နေသော ဆွေမျိုးဆက်များပြန်လည်ရှာဖွေရာတွင် လွယ်ကူစေရန်၊
  5. မျိုးဆက်စာရင်းရေတွက်ခြင်းဖြင့် မျိုးနွယ်စုသန့်ရှင်း၊ မသန့်ရှင်းဝေခွဲနိုင်စေရန် အမွေအနှစ်အဖြစ် လက်ဆင့်ကမ်းလာခဲ့သည်မှာ ယနေ့တိုင်ဖြစ်သည်။[၁၈]

ကိုးကွယ်သည့်ဘာသာ[ပြင်ဆင်ရန်]

အာခါတိုင်းရင်းသားလူမျိုးတို့သည် ကနဦး ကိုးကွယ်မှုဘာသာသည် အာခါရိုးရာဘာသာ ( အဖွေပေါ်လော် - အာခါဇန်း ) ဘာသာဖြစ်သည်။ အာခါဇန်းဘာသာသည် အာခါလူမျိုးစုသာ သီးသန့်ကိုးကွယ်ရသော ဘာသာဖြစ်သည်။ အကယ်၍ အခြားသော လူမျိုးစုက အာခါဇန်းဘာသာကိုးကွယ်လိုပါက အာခါအနွယ်အဖြစ် ခံယူကြရသည့် ဓလေ့ရှိခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဘိုးဘွားတို့၏ဘုရားကို ကိုးကွယ်သောကြောင့် မျိုးရိုးဆက်ခံရခြင်းဖြစ်သည်ဟု ယုံကြည်ကြသည်။ ယနေ့ခေတ်တွင် အာခါဇန်းဘာသာ၊ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ ကိုးကွယ်သူများလည်း ရှိလာကြသည်။ အာခါတိုင်းရင်းသားများသည် နေရာဒေသ၊ ကိုးကွယ်သည့်ဘာသာ မတူကြသော်လည်း " အာခါချေးခါ ထီခါမား " ဟူသော အာခါလူမျိုးရှိသမျှ တစ်အူတုံဆင်းမိသားစုဝင်များ ဖြစ်ကြသည် ဟုခံယူ၍ ဂုဏ်ယူစွာ နှုတ်မြွတ်ကြသည်။ အာခါတိုင်းရင်းသားများသည် ရက်၊ လ၊ နှစ် ရေတွက်ပုံနှင့် ရာသီပွဲတော်များလည်းရှိကြသည်။ [၁၉]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း အတွဲ (၁)၊ စာမျက်နှာ (၂၆၆)။
  2. (Bisht, Barendra S. and T.s Bankoti. 2004)
  3. (Bradley, David, January 1999)
  4. (Li Jin et al.,2001)
  5. (Ma Yin. 1989)
  6. (West, Barbara A. 2009; Wiens, Herold.1967; Bradley, David 1979; Boucherie, Pascal. 1995, Vol. I)
  7. (ဝင် ဂျန်စီး၏ အာခါလူမျိုးတို့၏ ထွက်မြောက်ရာ စာအုပ်)
  8. (ဝင် ဂျန်စီး၏ အာခါလူမျိုးတို့၏ ထွက်မြောက်ရာ စာအုပ်)
  9. (ဝင် ဂျန်စီး၏ အာခါလူမျိုးတို့၏ ထွက်မြောက်ရာ စာအုပ်)
  10. (ဝင် ဂျန်စီး၏ အာခါလူမျိုးတို့၏ ထွက်မြောက်ရာ စာအုပ်)
  11. (ဝင် ဂျန်စီး၏ အာခါလူမျိုးတို့၏ ထွက်မြောက်ရာ စာအုပ်)
  12. (ဝင် ဂျန်စီး၏ အာခါလူမျိုးတို့၏ ထွက်မြောက်ရာ စာအုပ်)
  13. (ဝင် ဂျန်စီး၏ အာခါလူမျိုးတို့၏ ထွက်မြောက်ရာ စာအုပ်)
  14. (တရုတ်ပညာရှင် မစ္စတာယန်ကျုံးမင်)
  15. (တရုတ်ပညာရှင် မစ္စတာယန်ကျုံးမင်)
  16. ဦးလောယွမ် နှင့် လျိုစုမင်တို့၏ သုတေသန လေ့လာတွေ့ရှိချက်
  17. ဦးလောယွမ် နှင့် လျိုစုမင်တို့၏ သုတေသန လေ့လာတွေ့ရှိချက်
  18. ဦးလောယွမ် နှင့် လျိုစုမင်တို့၏ သုတေသန လေ့လာတွေ့ရှိချက်
  19. (အမေရိကန် စာရေးဆရာ ကိုလန်ဖိစ်)