လီဆူလူမျိုး
လီဆူလူမျိုး (အင်္ဂလိပ်: Lisu people; တရုတ်: 傈 僳 族, Lìsù zú; ထိုင်း: ลีสู่; လီဆူ: ꓡꓲ-ꓢꓴ) သည် တရုတ်-တိဗက် အုပ်စုမှ တိဗက်-ဗမာနွယ် လူမျိုးစု ဖြစ်ပြီး မြန်မာနိုင်ငံ၊ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း (ယူနန်ပြည်နယ်)၊ ထိုင်းနိုင်ငံ မြောက်ပိုင်းနှင့် အိန္ဒိယနိုင်ငံ၊ အရူနာချာပရာဒစ်ပြည်နယ်တို့ရှိ တောင်တန်းထူထပ်သော ဒေသများတွင် ပျံ့နှံ့နေထိုင်ကြသည်။[၁]
| ꓡꓲ-ꓢꓴ | |
|---|---|
လီဆူရိုးရာ ဝတ်စုံဝတ်ဆင်ထားသော အမျိုးသမီးများ | |
| လူဦးရေ စုစုပေါင်း | |
| ၁.၅ သန်းခန့် (ခန့်မှန်းခြေ)[၁] | |
| အများစု နေထိုင်သည့် နေရာ | |
| |
| ဘာသာစကား | |
| လီဆူဘာသာစကား | |
| ကိုးကွယ်မှု | |
| ခရစ်ယာန်ဘာသာ၊ ဗုဒ္ဓဘာသာ၊ နတ်ကိုးကွယ်မှု | |
| ဆက်စပ် တိုင်းရင်းသား အုပ်စုများ | |
| ဗမာလူမျိုး၊ ယီ လူမျိုး၊ လားဟူလူမျိုး [၄] |
သမိုင်းကြောင်း
[ပြင်ဆင်ရန်]လီဆူလူမျိုးတို့၏ ဘိုးဘေးများသည် လွန်ခဲ့သော နှစ်ပေါင်းများစွာက တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း၊ ချင်းဟိုင် (Qinghai) နှင့် ကန်စု (Gansu) ဒေသရှိ မြစ်ဝါမြစ်ဝှမ်းတစ်ဝိုက်တွင် အခြေချနေထိုင်ခဲ့ကြသော တိဗက်-ဗမာနွယ်ဖွားများ ဖြစ်ကြသည်။[၂] တရုတ်သမိုင်းမှတ်တမ်းများအရ ၎င်းတို့သည် ရှေးဟောင်း "ချီအန်" (Qiang) လူမျိုးစုကြီးမှ ဆင်းသက်လာသူများဖြစ်ပြီး အေဒီ ၁၀ ရာစုခန့်တွင် ယူနန်ပြည်နယ်အတွင်းရှိ ဂျင်းရှာမြစ် (Jinsha River) ဝှမ်းသို့ စတင်ရွှေ့ပြောင်းလာခဲ့ကြသည်။[၅] (၁၆) ရာစုနှင့် (၁၉) ရာစုကြားတွင် ယူနန်မှတစ်ဆင့် မြန်မာနိုင်ငံ မြောက်ပိုင်းနှင့် အရှေ့ပိုင်းဒေသများ သို့ စစ်မက်ဘေးနှင့် လူဦးရေတိုးပွားမှုကြောင့် ရွှေ့ပြောင်းလာသည်။ [၃] မြန်မာနိုင်ငံအတွင်းသို့ လီဆူတို့သည် (၁၈) ရာစုနှောင်းပိုင်းတွင် ကချင်ပြည်နယ်၊ ပူတာအိုဒေသမှတစ်ဆင့် စတင်ဝင်ရောက်လာခဲ့ကြသည်။ ထို့နောက် ဗန်းမော်၊ မြစ်ကြီးနား နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတို့တွင် အခြေချခဲ့ကြသည်။ ဗြိတိသျှအုပ်ချုပ်ရေးကာလ မှတ်တမ်းများအရ လီဆူတို့သည် တောင်တန်းဒေသများတွင် စိုက်ပျိုးရေးနှင့် အမဲလိုက်ခြင်းကို ကျွမ်းကျင်စွာ လုပ်ကိုင်သော လူမျိုးစုအဖြစ် ဖော်ပြခြင်းခံရသည်။[၆] ဒုတိယကမ္ဘာစစ်အတွင်း၌ လီဆူလူမျိုးများသည် မဟာမိတ်တပ်ဖွဲ့များနှင့် ပူးပေါင်း၍ ဖက်ဆစ်ဂျပန်တော်လှန်ရေးတွင် ပါဝင်ခဲ့ကြသည်။ လွတ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံ၏ တိုင်းရင်းသားလူမျိုးစု (၁၃၅) မျိုးတွင် တစ်မျိုးအပါအဝင် ဖြစ်လာခဲ့သည်။ ၁၉ ရာစုနှောင်းပိုင်းနှင့် ၂၀ ရာစုအစောပိုင်းတွင် James O. Fraser ကဲ့သို့ ခရစ်ယာန်သာသနာပြု များ ရောက်ရှိလာပြီးနောက် လီဆူစာပေ (Fraser script) ကို တီထွင်နိုင်ခဲ့ခြင်းသည် လီဆူသမိုင်း၏ အရေးကြီးသော မှတ်တိုင်တစ်ခု ဖြစ်လာခဲ့သည်။[၇]
လီဆူလူမျိုးများသည် ဗမာလူမျိုးများကဲ့သို့ပင် လွန်ခဲ့သော နှစ်ပေါင်းများစွာက တရုတ်ပြည်အနောက်မြောက်ပိုင်း ချင်းဟိုင် နှင့် ကန်စု(Gansu) ဒေသရှိ ချီအန် လူမျိုးစုကြီးမှ ဆင်းသက်လာသူများ ဖြစ်သည်။ တောင်ဘက်သို့ ရွှေ့ပြောင်းလာကြရာတွင် ဗမာတို့၏ ဘိုးဘေးများသည် မြေပြန့်လွင်ပြင်များသို့ ဦးတည်သွားကြပြီး၊ လီဆူတို့၏ ဘိုးဘေးများသည် တောင်တန်းဒေသများကို ရွေးချယ်အခြေချခဲ့ကြခြင်း ဖြစ်သည်။မျိုးရိုးဗီဇလေ့လာမှုများအရ လီဆူတို့သည် တိဗက်-ဗမာနွယ်ဖွားများ၏ အမှတ်အသားဖြစ်သော Haplogroup O-M122 နှင့် ဆက်နွှယ်နေပြီး ဗမာ၊ ယီ (Yi) နှင့် လားဟူ တို့နှင့် မျိုးရိုးဗီဇအရ အလွန်နီးစပ်သည်။[၈]ထိုလူမျိုးများ၏ ဘာသာစကားမှာ လိုလို-ဗမာ (Lolo-Burmese) ဘာသာစကားအုပ်စုခွဲတွင် ပါဝင်သည်။
နေထိုင်ရာဒေသ
[ပြင်ဆင်ရန်]မြောက်ဖျားဒေသရှိ လီဆူတို့သည် ပူတာအို၊ လောခေါင်နှင့် စိန်လုံတောင်တန်း၊ တရုတ်နိုင်ငံ ယူနန်နယ်စပ် ဧရာဝတီနှင့် သံလွင်မြစ် ဖျားကောင်းလူတိုက်နယ် စသည့်အရပ်များတွင် ပျံ့နှံ့နေထိုင်လျက် ရှိကြသည်။ လီဆူလူမျိုးတို့သည် မိမိတို့လူမျိုးများ၏ မူလနေထိုင်ရာ ဒေသ ကြီးမားကျယ်ပြန့်သော (မြစ်ကြီး) တစ်ခု၏ အဖျားပိုင်းမှ ဖြစ်သည်၊ မြင့်မားသော အထက်ပိုင်း အရပ်ဒေသဆီမှ ဆင်းသက်လာ ကြသော လူမျိုးများဖြစ်သည်ဟု လက်ခံယုံကြည်ထားကြပေသည်။ တစ်နေရာတည်းတွင် အတည်တကျ နေထိုင်တတ်ခြင်း မရှိသဖြင့် လီဆူတို့ကို မြန်မာနိုင်ငံ၏ ဂျစ်ပစီလူမျိုးများဟု တင်စား ခေါ်ဆိုနိုင်ကြပေသည်။ လီဆူလူမျိုးများကို အများအပြား တွေ့မြင်နိုင်ကြသည့် နေရာတချို့ကား ၎င်းတို့ အခြေချနေထိုင်သည့် ပူတာအိုနယ် အချိန်းခမြစ်ဝှမ်းဒေသပင် ဖြစ်သည်။
လူမျိုးစုများ
[ပြင်ဆင်ရန်]လီဆူလူမျိုးသည် တိဗက်-ဗမာအုပ်စုဝင် လိုလို-ဗမာ အုပ်စုတွင် ပါဝင်၏။ လီဆူလူမျိုးတို့တွင် အဓိကအားဖြင့် အနွယ်(၃)မျိုးရှိသည်ယင်းတို့မှာ လီဆူမည်း၊ လီဆူဖြူနှင့် ပန်းလီဆူ ဟူ၍ပင်ဖြစ်သည်။ လီဆူအနွယ်တို့သည် ၎င်းတို့၏ မူလနေရင်းဌာနေဖြစ်သော သံလွင်မြစ်ဝှမ်း အထက်ပိုင်းဒေသ၌ နေထိုင်လျက် ရှိနေကြပြီး၊ တရုတ်လူမျိုးတို့၏ ယဉ်ကျေးမှု လွှမ်းမိုးနေခြင်းကို ခံနေရပေသည်။ လီဆူအနွယ် သုံးမျိုးတွင် ဆွေမျိုးပေါင်း (၁၄) စုခန့်ရှိသည်။ ယင်းတို့မှာ ဂျာခေါ်ဆွေမျိုးနှင့် ဖာ့ခေါ်ယောက်ျားမျိုးဟု အဓိပ္ပာယ်ရသော ဆွေမျိုးစုများ ဖြစ်ကြလေသည်။
ထိမ်းမြားခြင်း အလေ့အထနှင့် ဆင်ယင်ထုံးဖွဲ့ပုံ
[ပြင်ဆင်ရန်]လီဆူလူမျိုးများသည် မိမိတို့နှင့် မျိုးရိုးနာမည် သို့မဟုတ် ဆွေမျိုးအုပ်စုချင်း တူညီသူများအကြား လက်ထပ်ထိမ်းမြားခြင်းကို ရှောင်ကြဉ်သည့် ဓလေ့ရှိသည်။[၃] မိမိတို့နှင့် ဆွေမျိုးအုပ်စု မတူညီသော လီဆူမျိုးနွယ်စုများအတွင်းသာ အိမ်ထောင်ဖက် ရွေးချယ်လေ့ရှိကြသည်။ ဤကဲ့သို့ သွေးနှောခြင်းကို ရှောင်ကြဉ်သည့် လူမှုရေးစည်းမျဉ်းများကြောင့် လီဆူလူမျိုးများသည် ယေဘုယျအားဖြင့် အရပ်အမောင်းကောင်းခြင်း၊ ကိုယ်ကာယထွားကျိုင်းခြင်းနှင့် ကျန်းမာရေးကြံ့ခိုင်ခြင်းတို့နှင့် ပြည့်စုံကြသည်ဟု ယူဆကြသည်။[၉]လီဆူတို့သည် မူလဘိုးဘေးများ ဆင်းသက်လာရာ အေးမြသော ဒေသများ၏ သဘာဝအတိုင်း အမြင့်ပေ (၄,၀၀၀) နှင့် (၅,၀၀၀) အောက်ရှိသော မြေပြန့်ဒေသများသို့ ဆင်း၍ နေထိုင်လေ့မရှိကြဘဲ မြင့်မားသော တောင်တန်းဒေသများတွင်သာ အခြေချလေ့ရှိကြသည်။[၁]
လဂျစ်ဂုံလျှော်ဖြင့် ရက်လုပ်ထားသော အမျိုးသမီး အပေါ်ဝတ်များမှာ သေးမျှင်သော အနက်စင်းကလေးများ ဖောက်ထားလျှက် လက်ရှည်ရင်စေ့ ချုပ်ပြီးလျှင် အင်္ကျီလက်၏ အဖျားတွင် (၄) လက်မခန့် အပြားရှိ အနက်ရောင် ပိတ်စဖြင့် အနားကွပ်ထားကြသည်။ ယင်အင်္ကျီ လက်ရှည်ပေါ်မှ တဖန်အနက်ရောင်ရင်စေ့ အပေါ်ဝတ်အင်္ကျီ လက်ပြတ်ကို ရင်ဖွင့်၍ထပ်၍ လိုက်ထားပြီးလျှင် အတွန့်များများနှင့် စကတ်ချုပ်နည်း အတိုင်းချုပ်လုပ်ကာ ခါးကြိုးသွင်း၍ အလျော့အတင်းထားကာ ဝတ်ဆင်ကြသည်။ ယင်းဂါဝန်ရှည်ကြီးများကိုလည်း အင်္ကျီလက်ရှည်နည်းတူ သေးမျှင်သော အနက်ရောင် မတ်တပ်စင်းလေးများအောက်၌ ထားကြသည်။ နားနှစ်ဘက်တွင် ဝတ်ဆင်ထားသော နားကွင်းသည် ပစောက်သဏ္ဌာန်ဖြစ်ပြီးလျှင် (၄) လက်မခန့် အကျယ်ရှိ သံကွင်းကလေးများ ဖြစ်သည်။ ပန်ဆင်သောအခါ ဟနေသောနားကွင်းအဖျားကို နားပေါက်၌ ထိုးသွင်း၍ ဇောက်ထိုး ချထားလိုက်ကာ ကြိုးဖြင့် သူတို့၏ လှပဆန်းကြယ်သော ကြေးခေါင်းလောင်း ငယ်တပ် ပုတီးစေ့ ဦးထုပ်လေးနှင့် ချိတ်တွယ်၍ ထားကြသည်။
အမျိုးသမီးများနည်းတူ အမျိုးသားများသည်လည်း လဂျစ် ဂုံလျှော်မျှင်ဖြင့်ရက်လုပ်ထားသော အနက်ရောင် သို့မဟုတ် အဖြူရောင်ဒူးပေါ်ဝဲနှင့် အပေါ်ဝတ်အင်္ကျီ ရင်စေ့လက်ရှည် အနက်ရောင်ကို ဝတ်ဆင်ကြသည် ခေါင်းပေါ်တွင် အနက်ရောင် (၂၀) ရှည်လျားသည့် အဝတ်ဖြင့်တစ်ရစ်ပြီးတစ်ရစ် ပတ်ပေါင်း ၍ ထားကြသည်။ အချို့ တောပစ် တောင်သူအမျိုးသားတို့ကမူ သူတို့ပစ်ခတ်ရရှိထားသော သားကောင်တို့၏ အရည်ခွံဖြင့် ဦးထုပ်ချုပ်လုပ်ကာ ဝတ်ဆင်လေ့ရှိသည် လီဆူအမျိုးသား ဦးထုပ်ချုပ်ရန် အမြတ်နိုးဆုံး သားကောင်၏ အရေခွံမှာ ဖြူးသို့ ကတိုးကောင်၏ အရေခွံပင်ဖြစ်သည်။ လီဆူအမျိုးသားဝတ်စုံတွင် မပါလျှင် မပြီးသော အရာကား သစ်သား အပြားကြီး နှစ်ချပ်ကို ထည့်ရန် ကပ်ရန် ကြီးကြီးမားမား ခန့်ခန့်ထယ်ထယ် ပြုလုပ်ထားသော ဓားလွယ် အိတ်ပင်ဖြစ်သည်။ ဓားလွယ်အိတ်ကို ဓားသွင်း၍ သူတို့၏ ရင်ပတ် တည့်တည့်နေရာတွင် ထားကာ လှလှပပကြီး လွယ်ထားလေ့ရှိသူများ ဖြစ်ကြသည်။ လီဆူလူမျိုးသည် တိဗက် - မြန်မာအစု၊ လိုလိုမူဆိုးအုပ်စုခွဲတွင် ပါဝင်သော လူမျိုးဖြစ်၏။ လီဆူတို့ကို ရှမ်းပြည်နယ်နှင့်ကချင်ပြည်နယ် နှစ်နယ်စလုံးတွင် တွေ့ရသည်။ ရှမ်းနှင့်မြန်မာများက လီရှောဟု ခေါ်ဆိုကြပြီးလျှင် အချို့လူမျိုးစုများက လီဆိုးဟုခေါ်သည်။ ပူတာအိုနယ်မြေတွင် လီဆူတို့ကို ယောရင်ဟုခေါ်ကြ သည်။ ရှမ်းပြည်နယ်ရှိလီဆူတို့ကိုလီဆောဟုလည်းခေါ်သေးသည်။ ပူတာအိုနယ်မြေရှိ လီဆူတို့ကား မြောက်ဖျားအကျဆုံးလူမျိုးစုများ ဖြစ်ကြသည်။ မြောက်ဘက်နယ်စပ်ဒေသတွင်သာမကတိဗက်နယ် မြေ အတွင်းတိုင်အောင် ပျံ့နှံ့နေထိုင်ကြ ကြောင်းသိရသည်။ ပူတာအိုမှ လီဆူတို့သည် မလိခမြစ်ဖျားနှင့် အရှေ့ဘက် ကမ်းမိုင် ၂ဝ ပတ်လည်အတွင်းရှိ ကျေးရွာများတွင် အများအပြား နေထိုင် လေ့ရှိကြပြီးလျှင် ဆင်ယင်ထုံးဖွဲ့ပုံတွင် အခြားဒေသရှိလီဆူများနှင့် မတူတစ်မူထူးခြားလျက်ရှိသည်ကို တွေ့ရပေသည်။ ဒေသအလိုက် လီဆူလေးမျိုးရှိသည့်အနက် ပူတာအိုနယ်မှ လီဆူတစ်မျိုးတည်းသာ ဂါဝန်များဝတ်ကြသည်။ လီဆူအချို့တို့သည် လောခေါင်နှင့် စိန်းလုံတောင်တန်းတွင်လည်းနေထိုင်ကြပေသည်။
ပူတာအိုနယ်မြေရှိ လီဆူများအပြင် ကျိုင်းတုံလီဆူ၊ ဗန်းမော် လီဆူနှင့် လွိုင်လင်လီဆူဟူ၍ ဒေသအလိုက်လီဆူသုံးမျိုး ရှိပေသေးသည်။ ကျိုင်းတုံလီဆူတို့သည် သံလွင်မြစ်ကြောင်း အလိုက် စုန်ဆင်းလာသူများဖြစ် ကြ၍ လွိုင်လင်လီဆူတို့မှာ ကျိုင်းတုံမှတစ်ဆင့် လွိုင်လင် မိုးနဲနယ်ဘက်သို့ ပြန့်ပွားရောက်ရှိလာသူများ ဖြစ်ပုံရသည်။ ဗန်းမော်လီဆူတို့မှာ မြောက်ဖျား ဒေသ ပူတာအိုနယ်မြေမှ ကူပြောင်းရောက်ရှိလာသည့် လီဆူတို့၏ အဆက် အနွယ်များပင် ဖြစ်ကြပေသည်။
ရှမ်းပြည်နယ်ရှိ လီဆူလူမျိုးတို့တွင် ခိုလိုလီဆူနှင့် လီဖာလီဆူ ဟူ၍လည်း နှစ်မျိုးရှိပြီးလျှင် တစ်ရပ်တစ်ဒေသတည်းစုရုံးနေထိုင် ခြင်းမရှိ၊ အခြားလူမျိုးစုများနှင့် ရောနှောနေထိုင်လေ့ရှိသည်။ တောင်ပေါ်ဒေသ အေး သောအရပ်များကို ပိုမိုနှစ်သက်သည်။ ရှမ်းပြည်တောင်ပိုင်းတွင် လွိုင်လင် ခရိုင် တောင်ပေါ်ဒေသများ တွင်လည်းကောင်း၊ ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲနှင့်လားရှိုးခရိုင် တောင်ပေါ်ဒေသများတွင်လည်းကောင်း၊ ရှမ်း ပြည်အရှေ့ပိုင်း ကျိုင်းတုံခရိုင်၊ ကျိုင်းတုံနယ်တောင်ပေါ်ဒေသများတွင်လည်းကောင်း နေထိုင်ကြသည်။ ရှမ်းပြည်နယ်တွင် လီဆူ လူဦးရေ ၂ဝဝဝဝခန့် ရှိမည်ဟုခန့်မှန်းရ၏။
လီဆူတို့နေထိုင်သော အိမ်များမှာ တဲတန်းလျားဆန်ဆန်ဆောက် ထား၍ အိမ်ခန်းနှစ်ခုရှိပြီးလျှင် အလယ်တွင် မီးဖိုကိုထားရှိသည်။ လီဆူ လူမျိုးတို့တွင် ဗုဒ္ဓအယူဝါဒီများ၊ ခရစ်ယာန်အယူဝါဒီများနှင့် နတ်ကိုးကွယ်သူများ ပါဝင်၏။ ယင်းတို့တွင် သီးခြားစာပေမရှိချေ။ သို့သော် ခရစ်ယာန်အယူဝါဒီ လီဆူတို့တွင် လီဆူဘာသာအသံ ထွက်အလိုက် အင်္ဂလိပ်စာလုံး များဖြင့် ရေးသားသောစာရှိ၏။ ဗုဒ္ဓအယူဝါဒီ လီဆူအချို့မှာ ရှမ်းစာကိုလည်းကောင်း၊မြန်မာစာကို လည်းကောင်း အသင့်အတင့်တတ်ကြသည်။
လီဆူလူမျိုး အမျိုးသားများသည် ဘောင်းဘီအနက်ကို ဝတ်ဆင်၍ တိုက်ပုံအင်္ကျီခပ်ပွပွ ချုပ်လုပ်ထားပြီးလျှင် ငွေကြယ်သီး သို့မဟုတ် ကြွေကြယ်သီးများကို ရှေ့နောက်လှသလို ဆင်ယင်စီထားကာ ဝတ်ဆင်ကြသည်။
အမျိုးသမီးများမှာ အောက်ပိုင်းအဝတ်များသည် ထဘီလည်းမဟုတ်၊ ဂါဝန်လည်းမဟုတ်သည့် ပုံစံတစ်မျိုးချုပ်ကာ အထဲဝတ်စုံ အပြင်ဝတ်စုံဟူ၍ နှစ်မျိုးဝတ်ဆင်ကြ၏။ အပေါ်ပိုင်းဝတ်စုံအင်္ကျီမှာ လောင်းကွတ်ပုံဏ္ဌာန်ရင်ဖုံးအင်္ကျီပုံမျိုး ချုပ်လုပ်ပြီးလျှင် ယောက်ျား အင်္ကျီနည်းအတိုင်း ငွေကြယ်သီး သို့မဟုတ် ကြွေကြယ်သီးများဖြင့် စိတ်တိုင်းကျ လှသလိုဝတ်ဆင်ထား၏။
ခိုလိုလီဆူအမျိုးသမီးတိုင်း၏ ဝတ်ရုံအင်္ကျီနောက် ခါးစည်းတွင် အမြိတ်တစ်ချောင်းချထား၍ အရောင်မှာ အနီဖြစ်သည်။ လီဖာလီဆူများ၏ ခါးစည်းကြိုးတွင်မူ အမြိတ်နှစ်ချောင်း တွဲလွဲချထားသည်။ ယင်းတို့ကို တောင်ပိုင်းနယ်၌ အများအပြားတွေ့ရသည်။
လီဆူတို့သည် များသောအားဖြင့် သစ်လုပ်ငန်း တောင်ယာလုပ် ငန်းနှင့် ဘဲ၊ကြက်၊ ဝက်မွေးမြူခြင်းလုပ်ငန်းများ လုပ်ကိုင်ကြသည်။ ရှမ်းပြည်မြောက်ပိုင်း၌ အစိုးရသစ်တောကြိုးဝိုင်းမရှိသောနေရာများတွင် လီဆူများသည် တောင်ပေါ်မှ သစ်များကို ခုတ်လှဲ၍ ပျဉ်များ၊ တိုင်များခွဲစိတ်ကာ နီးရာဈေးမြို့များသို့ ယူဆောင်ရောင်းချကြသဖြင့် ငွေဝင်လမ်း ကောင်းကြသည်။ သို့သော် ယခုအခါ မြို့ကြီးများရှိ သစ်စက်များမှ ထွက်သောသစ်များကိုသာ အသုံးများလာသောကြောင့် ယင်းတို့၏ သစ်လုပ်ငန်းမှာအနည်းငယ်ဝင်ငွေလျော့သွားလေသည်။ တောင်ယာလုပ်ငန်းမှာ ယင်း တို့အဖို့ ဝင်ငွေအများဆုံးရသော လုပ်ငန်းပင်ဖြစ်သည်။ အကြီးဆုံး တောင်ယာလုပ်ငန်းမှာသစ်သော့ သီးခြံစိုက်ပျိုးခြင်း၊ မုန်ညင်း၊ အာလူး၊ မုန်လာဥ၊တောင်ဝှေးသီးနှင့် အခြားဟင်းသီးဟင်းရွက် အမျိုးမျိုး စိုက်ပျိုးခြင်းများဖြစ်သည်။ ယင်းတို့ကို ဈေးမြို့များသို့ ပို့ဆောင်ရောင်းချ၍ တစ်ဖန်စားရန် ဆန်အိတ်များ ဝယ်ယူသွားကြသည်။ ဘဲ၊ ကြက်၊ဝက်များကိုသာမက မြည်းနှင့် လားများကိုလည်း သယ်ယူပို့ဆောင်ရေးအတွက် မွေးမြူ ထားကြလေသည်။ လီဆူများသည် အလွန်ရိုးသားပြီးလျှင်အေးချမ်း သာယာစွာနေတတ်သော တောင်ပေါ်သားများဖြစ်ကြသည်။ [၁၀]
ရည်ညွှန်းကိုးကား
[ပြင်ဆင်ရန်]- 1 2 3 Gros, S. (2012). "Discovery of the Lisu." Asian Anthropology. ကိုးကား အမှား - Invalid
<ref>tag; name "LisuHist" defined multiple times with different content - 1 2 Bradley, D. (1997). "Tibeto-Burman languages and classification."
- 1 2 3 Dessaint, A.Y. (1972). "The Lisu of Northern Thailand."
- ↑ Wen, B., et al. (2004). "Genetic evidence supports demic diffusion of Han culture." *Nature*.
- ↑ Gros, S. (2012). "Discovery of the Lisu." Asian Anthropology.
- ↑ Rose, A. J. (1900). "The Lisu Tribes of the Burma-China Frontier."
- ↑ Fraser, J. O. (1922). "Handbook of the Lisu Language."
- ↑ Wen, B., et al. (2004). "Genetic evidence supports demic diffusion of Han culture." Nature.
- ↑ Durrenberger, E.P. (1976). "The Economy of a Lisu Village."
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)