ကနန်းလူမျိုး
| လူဦးရေ စုစုပေါင်း | |
|---|---|
| မသိရှိရသေး (လူဦးရေနည်းသော လူမျိုးစု) | |
| ဘာသာစကား | |
| ကနန်းဘာသာစကား၊ မြန်မာဘာသာ | |
| ကိုးကွယ်မှု | |
| ထေရဝါဒဗုဒ္ဓဘာသာ၊ ရိုးရာနတ်ကိုးကွယ်မှု | |
| ဆက်စပ် တိုင်းရင်းသား အုပ်စုများ | |
| ကဒူး၊ ဗမာ၊ ကချင် ၊ ဆယ်လ် အုပ်စုဝင် လူမျိုးများ |
ကနန်းလူမျိုး(အင်္ဂလိပ်: Ganan people) သည် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများဖြစ်သည့် စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးအချို့တွင် အဓိကနေထိုင်ကြသည့် လူဦးရေနည်းသော လူမျိုးစုတစ်ခုဖြစ်သည်။ ကနန်းလူမျိုးများသည် တိဗက်–ဗမာ မိသားစုအတွင်းရှိ ဆယ်လ် အုပ်စု၏ Luish အခွဲအုပ်စုတွင် ပါဝင်သည်ဟု သတ်မှတ်ထားကြသည်။
သမိုင်းကြောင်းအရ ကနန်းလူမျိုးများသည် ဗမာလူမျိုးများ အလယ်မြန်မာပြည်သို့ တိုးချဲ့မဝင်ရောက်မီကတည်းက ရောက်ရှိနေပြီဖြစ်သော တိဗက်–ဗမာ လူမျိုးအုပ်စုများထဲမှ တစ်ခုဟု ယူဆနိုင်သည်။ ကချင်များကို "ခနာမ်(Hkap Nam)" ဟု ခေါ်၍ အထက်ဘက် (မြစ်ဖျားဘက်) တွင် နေထိုင်သော ကချင်များကို “ ခခူး(Hkap Hku) ” ဟု ခေါ်ကြရာ ခနာမ်မှ ကနန်း ဖြစ်လာသည်ဟုလည်း ယူကြသည်။နိုင်ငံရေး၊ ဘာသာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ပေါင်းစည်းမှုများကြောင့် အချိန်ကြာလာသည်နှင့်အမျှ မြန်မာလူ့အဖွဲ့အစည်းအတွင်းသို့ စိမ်ဝင်သွားခဲ့ကြသည်။ကနန်းလူမျိုးတို့သည် ယဉ်ကျေးသိမ်မွေ့သည်၊ ခင်မင်ရင်းနှီးတတ်သည်၊ စားဝတ်နေရေး တို့တွင် ရောင့်ရဲတင်းတိမ်သည်။ ဥပမာအားဖြင့်ဆိုရသော် စားရေးတွင် မိမိတို့ကိုယ်တိုင် စိုက်ပျိုးကြသောတောင်ယာတော ထွက်ဆန်ရေစပါးနှင့်သီးနှံများဖြင့်သာ စားသောက်ကြ၏။ ဝတ်ရေးတွင်လည်း မိမိတို့ဘာသာယက်လုပ်သော ပုဆိုး၊ ထမီ၊ အင်္ကျီ၊ ခေါင်းပေါင်း၊ စောင်စသည့် အဝတ်အထည်များကိုသာ ဝတ်စားဆင်ယင်ကြပါ၏။ နေထိုင်မှုတွင်လည်း လက်ဖြစ် သစ်၊ ဝါး၊ သက်ကယ်များဖြင့်သာ ဆောက်လုပ်နေထိုင်ကြလေသည်။
ဘာသာစကား
[ပြင်ဆင်ရန်]ကနန်းဘာသာစကားသည် ကတူးဘာသာစကားနှင့် အလွန်နီးစပ်ပြီး၊ ရာစုနှစ်များစွာကြာ ဗမာဘာသာစကားနှင့် ထိတွေ့ဆက်ဆံမှုများကြောင့် ဗမာဘာသာစကား သက်ရောက်မှုများစွာတွေ့ရသည်။ ယနေ့ခေတ်တွင် ကနန်းလူမျိုးအများစုသည် မြန်မာဘာသာကို အဓိကအသုံးပြုလာကြပြီး ယဉ်ကျေးမှုအရလည်း ဗမာလူမျိုးအုပ်စုအတွင်းသို့ တဖြည်းဖြည်း ပေါင်းစည်းသွားခဲ့ကြသည်။
ယဉ်ကျေးမှု
[ပြင်ဆင်ရန်]ကနန်းလူမျိုးတို့သည် ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြပြီး ကိုးကွယ်မှုတွင် ဗမာလူမျိုးတို့ထက်ပင် ထူးထူးခြားခြား ကိုးကွယ်ခြင်းကို တွေ့ရှိရပေသည်။ အထူးသဖြင့် ကနန်းလူမျိုးတို့သည် စုပေါင်းလုပ်ဆောင်မှုကို အလေးဂရုထား၍ ဦးစားပေးစုပေါင်းလုပ်ဆောင်ကြသည်။ လူငယ် လုံမငယ်တို့၏ရာသက်ပန်ချစ်ရေး ကြိုက်ရေး အိမ်ထောင်ရေးဘဝအတွက် မိမိတို့ ဘာသာလွတ်လွတ်လပ်လပ် ရွေးချယ်ပိုင်ခွင့် ရှိပေသည်။ ဥပမာအားဖြင့် လူပျိုသည် အပျိုအိမ်သို့ လူပျိုလှည့် သွားရောက်သောအခါ အပျို၏မိဘ မောင်ဘွားများက ဧည့်ခန်းတွင် လွတ်လွတ်လပ်လပ် ပြောဆိုခွင့်ပြုထားကြပြီး အပျိုအနေနှင့်လည်း ကွမ်း၊ ဆေး၊ လက်ဘက်၊ စသည်တို့ဖြင့် လူပျိုမပြန်မချင်း မိုးလင်းအောင် တစ်ညလုံးနေကလည်း ကြည်ကြည်ဖြူဖြူပင် ဧည်ခံတတ်ကြသည်။ ကတူးကနန်းတို့သည် ညီအစ်ကိုအရင်းအခြာများဖြစ်ကြောင်း နှင့် ကချင်တို့သည် အကိုကြီးဖြစ်သည်ဟူ၍လည်း ပြောဆိုမှုများရှိသည်။ ကတူးလူမျိုးနှင့်ကနန်းလူမျိုးတို့၏စကားများမှာ အများဆုံးတူကြသော်လည်း ကချင်ဘာသာ စကားဖြင့်မူ မဆိုစလောက် တစ်လုံးစ နှစ်လုံးစသာ တူသရောင်ရောင် တွေ့ရသည်။ သို့သော် ကတူးကနန်းတို့၏စကားတွင် ဗမာစကားလည်း တလုံးစ နှစ်လုံးစ ပါတတ်သည်ဖြစ်ရာ ဥပမာ ဗမာစကားဖြင့် ... နာမည် ဘာခေါ်သလဲ ... ဟု မေးမြန်းခြင်းကို ကနန်းစကားဖြင့် ... နံနံမယ်ကော ...၊ ကချင်စကားဖြင့် ... နမြင်ဖာရဲ့တာ ... ဟူ၍လည်းကောင်း၊ ဗမာစကားဖြင့်... အားကြီးလှတာဘဲကွယ် ... ဆိုသည်ကို ကနန်းစကားဖြင့်... အားကြီးကလာမာကွယ် ... စသည်ဖြင့် သုံးနှုန်းပုံမျိုးဖြစ်သည်။ ကသာခရိုင် ကတူးကနန်းနယ်အတွင်းပိုင်းတွင် ဗမာများနှင့်ရောနှောနေထိုင်မှု မရှိသဖြင့်လည်းကောင်း၊ လမ်းပန်းဆက်သွယ်သွားလာမှုတွင်လည်း လှည်းလမ်းကို မဆိုထားဘိ၊ လူသွားလမ်းက လေးပင်လျှင် အချို့နေရာများတွင် ခက်ခက်ခဲခဲသွားလာရခြင်းကြောင့်လည်းကောင်း၊ ကတူးကနန်းလူ မျိုးအများစုသည် ဗမာစကားကို နားလည်သူ နည်းပါးကြလေသည်။ ဤနေရာတွင်ကျွန်တော်၏နယ်မြေဓလေ့ အသုံးအနှုန်း မကျွမ်းကျင်စဉ်က ကိုယ်တွေ့ဖြစ်ရပ်တစ်ခုကို ဆက်လက်တင်ပြလိုသည်။ ဗမာများနှင့်ရောနှောနေထိုင်ပြီး ဗမာလိုသာ ပြောဆိုနေထိုင်ကြသည့် ကနန်းနယ်စပ် ပင်လည်ဘူးမြို့နှင့် ၂ မိုင်ခန့်အကွာ စိုင်းယားကြီးကျေးရွာမှ ရင်းနှီးသောအမျိုးသမီးတစ်ဦးအား ကျွန်တော်မှ ... အဒေါ်ကြီးတစ်ယောက်ထဲလား ... တစ်ခြားလူတွေ ဘယ်သွားကြတုန်း ... ဟူ၍ ထင်းခွဲနေသောအိမ်ရှင်အမျိုးသမီးအား နှုတ်ဆက်မေးမြန်းလိုက်ရာ အိမ်ရှင်အမျိုးသမီးသည် ခွဲလက်စ ထင်းနှင့်ဓားမကို မြေတွင် ပစ်ချ၍ အိမ်ပေါ်သို့ ခပ်သွက်သွက်တက်သွားပြီး အခန်းအပြင်ဘက်သို့ပင် ထွက်မလာဘဲ ကျွန်တော် ပြန်ရန် နှုတ်ဆက်သည်ကိုပင် မည်သို့မျှ ပြန်လှန်မပြောတော့ပါ။ ကျွန်တော့်မှာ စိတ်စနိုးစနောင့်ဖြင့် အိမ်လည်ရာမှ ပြန်လာရသော်လည်း အိမ်ရှင်အမျိုးသမီး၏အပြုအမူကြောင့် စိတ်မကောင်းဖြစ်နေခဲ့မိပါသည်။ သို့ဖြစ်၍ ဆက်လက်လေ့လာသောအခါမှ ... အဒေါ်ကြီးလို့ခေါ်တာဟာ ... လင်က မယားကိုခေါ်တဲ့စကားဗျ၊ လင်မယားသာ ခေါ်ဝေါ်သုံးနှုန်းရတဲ့စကား၊ အဲဒါ သူ့ကို အဒေါ်ကြီးခေါ်လို့ခင်ဗျား ကို စိတ်ဆိုးနေတာဘဲ ... ဟူ၍ အမျိုးသမီး၏ခဲအိုက ပြန်ပြောပြမှ ကျွန်တော့်မှာ တအံ့တဩဖြစ်မိ ရင်း ... ကျွန်တော်တို့အရပ်မှာ အဒေါ်တို့ အဒေါ်ကြီးတို့လို့ခေါ်တာဟာ ယဉ်ကျေးတဲ့အနေနဲ့ခေါ် တာပါဗျာ။ ခင်ဗျားတို့ဓလေ့ ဒီလိုမသိလို့ပါ၊ နောက် ဒီလို မသုံးနှုန်းပါဘူးဗျာ၊ တောင်းပန်ပါတယ် ... ဟုရှင်းပြရင်း တောင်းပန်ခဲ့ရသည်။ "ညယ်" နှင့် "မညယ်" သည် စကားသံအားဖြင့် နီးစပ်လုနီးနီးဖြင့် "ညယ်" ထက် "မညယ်" က စကားတစ်လုံးသာ ပို၏။ ကဒူးကနန်းတို့၏ "ညယ်"ဟူသောစကားလုံးသည် ယဉ်ကျေးသိမ်မွေ့သော အသုံးအနှုန်းပင် ဖြစ်သော်ငြားလည်း "မညယ်"ဟုသော ကချင်(ဂျိန်းဖော)လူမျိုးတို့၏စကားလုံးမှာ ဆဲရေးတိုင်းထွာခြင်းသာ ဖြစ်သည်။ ထို့ကြောင့် နယ်မြေဓလေ့များနှင့်ညီအစ်ကို နောင်ဘွား သွေးရင်းသားရင်း တိုင်းရင်းသား လူမျိုးများအကြောင်းကို လေ့လာသိရှိသင့်ကြကြောင်း တင်ပြအပ်ပေသတည်း။ [၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ ဥက္ကလာ-သောင်း ရေးသော စန္ဒာရုပ်စုံမဂ္ဂဇင်း၊ ၁၉၇၁-ခုနှစ်၊ ဩဂုတ်လထုတ်၊ အမှတ် (၂၉)၊ စာမျက်နှာ (၃၉ မှ ၄၀)အထိ လာရှိသော ဆောင်းပါး