ကနန်းလူမျိုး

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ကနန်းလူမျိုးဟူသည် မြန်မာအနွယ်ဝင် လူမျိုးစု တစ်ခုဖြစ်သည်။ ကနန်းလူမျိုးတို့သည် ယဉ်ကျေးသိမ်မွေ့သည်၊ ခင်မင်ရင်းနှီးတတ်သည်၊ စားဝတ်နေရေး တို့တွင် ရောင့်ရဲတင်းတိမ်သည်။ ဥပမာအားဖြင့်ဆိုရသော် စားရေးတွင် မိမိတို့ကိုယ်တိုင် စိုက်ပျိုးကြသောတောင်ယာတော ထွက်ဆန်ရေစပါးနှင့်သီးနှံများဖြင့်သာ စားသောက်ကြ၏။ ဝတ်ရေးတွင်လည်း မိမိတို့ဘာသာယက် လုပ်သော ပုဆိုး၊ ထမီ၊ အင်္ကျီ၊ ခေါင်းပေါင်း၊ စောင်စသည့် အဝတ်အထည်များကိုသာ ဝတ်စားဆင် ယင်ကြပါ၏။ နေထိုင်မှုတွင်လည်း လက်ဖြစ် သစ်၊ ဝါး၊ သက်ကယ်များဖြင့်သာ ဆောက်လုပ်နေ ထိုင်ကြလေသည်။


ကနန်းလူမျိုးတို့သည် ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြပြီး ကိုးကွယ်မှုတွင် ဗမာလူမျိုးတို့ထက်ပင် ထူးထူးခြားခြား ကိုးကွယ်ခြင်းကို တွေ့ရှိရပေသည်။ အထူးသဖြင့် ကနန်း လူမျိုးတို့သည် စုပေါင်းလုပ်ဆောင်မှုကို အလေးဂရုထား၍ ဦးစားပေးစုပေါင်းလုပ်ဆောင်ကြသည်။ လူငယ် လုံမငယ်တို့၏ရာသက်ပန်ချစ်ရေး ကြိုက်ရေး အိမ်ထောင်ရေးဘဝအတွက် မိမိတို့ ဘာသာလွတ်လွတ်လပ်လပ် ရွေးချယ်ပိုင်ခွင့် ရှိပေသည်။ ဥပမာအားဖြင့် လူပျိုသည် အပျိုအိမ်သို့ လူပျိုလှည့် သွားရောက်သောအခါ အပျို၏မိဘ မောင်ဘွားများက ဧည့်ခန်းတွင် လွတ်လွတ်လပ်လပ် ပြောဆိုခွင့်ပြုထားကြပြီး အပျိုအနေနှင့်လည်း ကွမ်း၊ ဆေး၊ လက်ဘက်၊ စသည်တို့ဖြင့် လူပျိုမပြန်မချင်း မိုးလင်းအောင် တစ်ညလုံးနေကလည်း ကြည်ကြည်ဖြူဖြူပင် ဧည်ခံတတ်ကြပါ၏။ ဂဒူးဂနန်းလူမျိုးတို့သည် ညီအစ်ကိုအရင်းအချာများ ဖြစ်ကြောင်းနှင့်ကချင်လူမျိုးတို့သည် အစ်ကိုကြီးဖြစ်ကြောင်း ပြောပြပါသည်။ ကဒူးလူမျိုးနှင့်ကနန်းလူမျိုးတို့၏စကားများမှာ အများဆုံးတူကြသော်လည်း ကချင်ဘာသာ စကားဖြင့်မူ မဆိုစလောက် တစ်လုံးစ နှစ်လုံးစသာ တူရောင်ရောင် တွေ့ရသည်။ သို့သော် ကဒူးကနန်းများ၏စကားတွင် ဗမာစကားလည်း တစ်လုံးစ နှစ်လုံးစ ပါတတ်ကြပေသည်။ ဗမာစကားဖြင့်...နာမည် ဘာခေါ်သလဲ ကနန်းစကားဖြင့်...နံနံမယ်ကော ကချင်စကားဖြင့်...နမြင်ဖာရဲ့တာစသည့်အသုံးအနှုန်း 'ဝါကျ'တစ်ခုအား ပုံစံပြခြင်းဖြစ်ပါ သည်။ ဗမာစကားကို ကနန်းစကားပြောရာတွင် တစ်လုံးစ နှစ်လုံးစ ထည့်သွင်းပြောတတ်သည်ဆိုရာ ၌... ဗမာစကားဖြင့်...အားကြီးလှတာဘဲကွယ် ကနန်းစကားဖြင့်...အားကြီးကလာမာကွယ်စသည်ဖြင့် သုံးနှုန်းပုံမျိုးဖြစ်သည်။ ကသာခရိုင် ကဒူးကနန်းနယ်အတွင်းပိုင်းတွင် ဗမာများနှင့်ရောနှောနေထိုင်မှု မရှိသဖြင့်လည်း ကောင်း၊ လမ်းပန်းဆက်သွယ်သွားလာမှုတွင်လည်း လှည်းလမ်းကို မဆိုထားဘိ၊ လူသွားလမ်းက လေးပင်လျှင် အချို့နေရာများတွင် ခက်ခက်ခဲခဲသွားလာရခြင်းကြောင့်လည်းကောင်း၊ ကဒူးကနန်းလူ မျိုးအများစုသည် ဗမာစကားကို နားလည်သူ နည်းပါးကြလေသည်။ ကျွန်တော်၏နယ်မြေဓလေ့ အသုံးအနှုန်း မကျွမ်းကျင်စဉ်က ကိုယ်တွေ့ဖြစ်ရပ်တစ်ခုကို ဆက်လက်တင်ပြလိုပါသည်။ ဗမာများနှင့်ရောနှောနေထိုင်ပြီး ဗမာလိုသာ ပြောဆိုနေထိုင်ကြသည့် ကနန်းနယ်စပ် ပင်လယ် ဘူးမြို့နှင့် ၂ မိုင်ခန့်အကွာ စိုင်းယားကြီးကျေးရွာမှ ရင်းနှီးသောအမျိုးသမီးတစ်ဦးအား ကျွန်တော် မှ အဒေါ်ကြီးတစ်ယောက်ထဲလား...တစ်ခြားလူတွေ ဘယ်သွားကြတုံးလို့ ထင်းခွဲနေသောအိမ်ရှင် အမျိုးသမီးအား နှုတ်ဆက်မေးမြန်းလိုက်ရာ အိမ်ရှင်အမျိုးသမီးသည် ခွဲလက်စထင်းနှင့်ဓားမကို မြေတွင် ပစ်ချ၍ အိမ်ပေါ်သို့ ခပ်သွက်သွက်တက်သွားပြီး အခန်းအပြင်ဘက်သို့ပင် ထွက်မလာဘဲ ကျွန်တော် ပြန်ရန် နှုတ်ဆက်သည်ကိုပင် မည်သို့မျှ ပြန်လှန်မပြောတော့ပါ။ ကျွန်တော့်မှာ စိတ်စနိုးစနောင့်ဖြင့် အိမ်လည်ရာမှ ပြန်လာရသော်လည်း အိမ်ရှင်အမျိုးသမီး၏အပြုအမူကြောင့် စိတ်မကောင်းဖြစ်နေခဲ့မိပါသည်။

သို့နှင့် ဆက်လက်လေ့လာသောအခါ...အဒေါ်ကြီးလို့ခေါ်တာဟာ...လင်က မယားကိုခေါ်တဲ့စကားဗျ၊ လင်မယားသာ ခေါ်ဝေါ်သုံးနှုန်းရတဲ့စကား၊ အဲဒါ သူ့ကို အဒေါ်ကြီးခေါ်လို့ခင်ဗျား ကို စိတ်ဆိုးနေတာဘဲဟု အမျိုးသမီး၏ခဲအိုက ပြန်ပြောပြမှပင် ကျွန်တော့်မှာ တအံ့တဩဖြစ်မိ ရင်း... ကျွန်တော်တို့အရပ်မှာ အဒေါ်တို့ အဒေါ်ကြီးတို့လို့ခေါ်တာဟာ ယဉ်ကျေးတဲ့အနေနဲ့ခေါ် တာပါဗျာ။ ခင်ဗျားတို့ဓလေ့ ဒီလိုမသိလို့ပါ၊ နောက် ဒီလို မသုံးနှုန်းပါဘူးဗျာ၊ တောင်းပန်ပါတယ် ဟု ဖြေရှင်းရင်း တောင်းပန်ခဲ့ရပါသည်။ ညယ်နှင့်မညယ်သည် စကားသံအားဖြင့် နီးစပ်လုနီးနီးဖြင့် ညယ်ထက်မညယ်က စကားတစ်လုံးသာ ပို၏။ ကဒူးကနန်းတို့၏ညယ်ဟူသောစကားလုံးသည် ယဉ်ကျေးသိမ်မွေ့သော အသုံးအနှုန်းပင် ဖြစ်သော်ငြားလည်း မညယ်ဟုသော ကချင်(ဂျင်းဖော)လူမျိုးတို့၏စကားလုံးမှာ ဆဲရေးတိုင်းထွာခြင်းသာ ဖြစ်ပါသည်။ ထို့ကြောင့် နယ်မြေဓလေ့များနှင့်ညီအစ်ကို နောင်ဘွား သွေးရင်းသားရင်း တိုင်းရင်းသား လူမျိုးများအကြောင်းကို လေ့လာသိရှိသင့်ကြကြောင်း တင်ပြအပ်ပေသတည်း။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ဥက္ကလာ-သောင်း ရေးသော စန္ဒာရုပ်စုံမဂ္ဂဇင်း၊ ၁၉၇၁-ခုနှစ်၊ ဩဂုတ်လထုတ်၊ အမှတ် (၂၉)၊ စာမျက်နှာ (၃၉ မှ ၄၀)အထိ လာရှိသော ဆောင်းပါး