ကယားလူမျိုး
ကယားလူမျိုး (အင်္ဂလိပ်: Kayah People) သို့မဟုတ် ကရင်နီ (Karenni) သည် မြန်မာနိုင်ငံ၏ အရှေ့ဘက်တောင်တန်းဒေသများဖြစ်သော ကယားပြည်နယ်တွင် အဓိကနေထိုင်ကြသော ကရင်နွယ်စုဝင် ဖြစ်ပြီး သမိုင်းကြောင်းအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စော်ဘွားနယ်မြေများအဖြစ် ရပ်တည်ခဲ့သည့် ရာဇဝင်ရှိသည်၊၊
| Kayah, karenni ꤊꤢ꤬ꤛꤢ꤭ꤜꤟꤤ꤬-ꤖꤢꤨ | |
|---|---|
ကယား (ကရင်နီ) ရိုးရာဝတ်စုံ | |
| လူဦးရေ စုစုပေါင်း | |
| ၉၅,၀၀၀ ကျော် (ခန့်မှန်း) | |
| အများစု နေထိုင်သည့် နေရာ | |
∟ ကယားပြည်နယ်=၇၅၀၀၀ ∟ ကရင်ပြည်နယ်=၅၀၀၀ ∟ ရှမ်းပြည်နယ် (တောင်ပိုင်း)=၅၀၀၀ ∟ မယ်ဟောင်ဆောင်ခရိုင်=၁၀၀၀၀ | |
| ဘာသာစကား | |
| ကယားဘာသာစကား၊ မြန်မာဘာသာစကား | |
| ကိုးကွယ်မှု | |
| ခရစ်ယာန်ဘာသာ (အများစု)၊ ဗုဒ္ဓဘာသာ၊ နတ်ကိုးကွယ်မှု (ကတိုးဘိုး) | |
| ဆက်စပ် တိုင်းရင်းသား အုပ်စုများ | |
| ကရင်လူမျိုး၊ ပအိုဝ်းလူမျိုး၊ ကယန်းလူမျိုး |
သမိုင်းကြောင်းနှင့် အမည်ရင်းမြစ်
[ပြင်ဆင်ရန်]ကယားလူမျိုးတို့သည် မိမိတို့ကိုယ်ကို လူနှင့်ငှက် အမျိုးအနွယ်ဖြစ်သော ကိန္နရီ ကိန္နရာ တို့မှ ဆင်းသက်လာသည်ဟု ယုံကြည်ကြသည်၊၊ ဗြိတိသျှနယ်ချဲ့ခေတ်တွင် ၎င်းတို့ ဝတ်ဆင်သော အင်္ကျီအရောင်ကို အစွဲပြု၍ "ကရင်နီ" (Red Karen) ဟု ခေါ်ဆိုခဲ့ကြသည်၊၊ ၁၈၇၅ ခုနှစ်တွင် မြန်မာဘုရင် မင်းတုန်းမင်း နှင့် ဗြိတိသျှအစိုးရတို့အကြား ချုပ်ဆိုခဲ့သော စာချုပ်အရ ကရင်နီနယ်မြေကို လွတ်လပ်သော ကြားနေနယ်မြေအဖြစ် အသိအမှတ်ပြုခဲ့ကြသည်၊၊
လွတ်လပ်ရေးရပြီးနောက် ၁၉၅၁ ခုနှစ် အောက်တိုဘာလတွင် လွှတ်တော်၌ အတည်ပြုချက်အရ "ကရင်နီပြည်နယ်" အမည်မှ ကယားပြည်နယ် အဖြစ်သို့ ပြောင်းလဲသတ်မှတ်ခဲ့သည်၊၊ သို့သော် ကရင်နီအမျိုးသားရေးလှုပ်ရှားသူများကမူ ဤသို့အမည်ပြောင်းလဲခြင်းသည် ၎င်းတို့၏ သမိုင်းဝင်လွတ်လပ်မှုကို မှေးမှိန်စေရန် ပြုလုပ်ခြင်းဖြစ်သည်ဟု ယူဆကြပြီး ယနေ့တိုင် "ကရင်နီ" ဟူသော အမည်ကိုသာ ပိုမိုနှစ်သက်စွာ အသုံးပြုကြသည်၊၊
ယုံကြည်ကိုးကွယ်မှု
[ပြင်ဆင်ရန်]ကယားလူမျိုးအများစုမှာ ခရစ်ယာန်ဘာသာဝင်များနှင့် ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြသော်လည်း မိရိုးဖလာ "ကတိုးဘိုး" (ခေါ်) တံခွန်တိုင်နတ်ပူဇော်ပွဲ ဓလေ့ကိုမူ ရိုးရာမပျက် ထိန်းသိမ်းထားကြသည်၊၊ ၎င်းတို့၏ အထင်ရှားဆုံးပွဲတော်မှာ ကယားပြည်နယ်နေ့ (ဇန်နဝါရီ ၁၅) နှင့် တံခွန်တိုင်ပွဲတော်တို့ ဖြစ်သည်၊၊
ကယားလူမျိုးစု
[ပြင်ဆင်ရန်]မြန်မာနိုင်ငံရှိ တိုင်းရင်းသား ကယားလူမျိုးစု (၉)စု ရှိသည်။[၁]
- ကယား(ကရင်နီ)
- ကယန်းပဒေါင် (ကယန်းကခေါင်း/ကယန်းလဟွီ)
- ဂေခို (ကယန်းကဒေါ့)
- ဇယိမ်းလူမျိုး (ကယန်းလထာ)
- ယင်းဘော်လူမျိုး (ကယန်းကငန်)
- ပရဲလူမျိုး (ကယော)
- မနူမနောလူမျိုး (ကော်ယော်မနုမနော)
- ယင်းတလဲလူမျိုး
- ဂေဘားလူမျိုး တို့ဖြစ်သည်။

ကယားနှင့် ကရင်နီ အခေါ်အဝေါ်
[ပြင်ဆင်ရန်]ဝတ်ဆင်သော အဝတ်အထည်တို့၏ နီသော အရောင်အသွေးကို လိုက်၍ မြန်မာတို့က ကယားလူမျိုးတို့ကို ရှေးအခါက ကရင်နီဟု ခေါ်ဝေါ်ကြသည်။ အသားရောင်နီမြန်းခြင်းကြောင့် ကရင်နီဟု ခေါ်ဆိုခြင်းမဟုတ်ပါ။ ကယားလူမျိုးတို့ကမူ သူတို့ကိုယ်သူတို့ "ကယား" သို့မဟုတ် "ကယားလိ"ဟု ခေါ်ဝေါ်ကြသည်။ ကယားဟူသော အဓိပ္ပာယ်မှာ ကယားဘာသာစကားအရ "လူ"ဟု အဓိပါယ်ရ၍ ကယားလိဟူသော ဝေါဟာရ အဓိပ္ပာယ်မှာ "လူနီ"ဟု အဓိပ္ပာယ်ရသည်။ ခန့်မှန်းခြေ လူဦးရေ ၉၀၀၀၀ ခန့်ရှိမည်။ နေထိုင်ရာဒေသများမှာ ကယားပြည်နယ်တွင် ၇၅၀၀၀၊ ထိုင်းနိုင်ငံ မယ်ဟောင်ဆောက်ခရိုင် ဒုက္ခသည်စခန်းများတွင် ၁၀၀၀၀၊ ရှမ်းပြည်နယ်တွင် ၅၀၀၀၊ ကရင်ပြည်နယ်တွင် ၅၀၀၀ တို့ဖြစ်ပါသည်။ ပြည်ထောင်စု မြန်မာနိုင်ငံတော် ဖွဲ့အစည်းအုပ်ချုပ်ပုံအခြေခံဥပဒေ (၁၉၄၇) နှစ်တွင် ကရင်ပြည်နယ် ဖွဲ့စည်းသောအခါ၌ ကရင်နီနယ်ကိုပါ ထည့်သွင်းရန် ရည်မှန်းချက်ရှိခဲ့သည္။၁၉၅၁ခုနှစ် အတွင်းက အမည်ပြောင်းလဲရေးနှင့် ကယားပြည်နယ် သီးသန့်တည်ရှိရေးတို့အတွက် ပါလီမန်မှ အက်ဥပဒေပြုလုပ်ကာ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင် လိုအပ်သော ပုဒ်မများကို ပြင်ဆင်ခွင့်ရရှိခဲ့သည်။
ဝတ်စားဆင်ယင်ပုံ
[ပြင်ဆင်ရန်][၂] ကယားလူမျိုးများသည် အရပ်အမောင်း (5)ပေကျော်ခန့်ရှိပြီး မျက်လုံးမျက်ခုံ ကောင်း၍ ရိုးမြင့်သည့်နှာတံ အနေတော်ဖြစ်ပြီး မေးရိုးဝိုင်းသည်အသားညိုသည် ဆံပင်နက်၍ အနည်းငယ်ကြမ်းပုံပေါ်သည် ယောက်ျားများက ဆံထုံးထုံးကြ၍ အဖြူရောင် ခေါင်းပေါင်းကို ပေါင်းသည်။ အနီရောင်ဘောင်းဘီ နှင့်အင်္ကျီ ရင်ကွဲကိုဝတ်ကြသည်။ အမျိုးသမီးများက လည်း ဆံထုံးထုံး၍ အနီရောင်ပုဝါကိုပေါင်းသည်။ အနီ သို့မဟုတ် အနက်ရောင် လက်ပြတ်အင်္ကျီ များကိုဝတ်ဆင်၍အနီရောင် သို့မဟုတ် အနက်ရောင် ခြုံထည်လွှမ်းခြုံထားလေ့ရှိသည်။ (5)ပေခန့်ရှည်သည့် အဖြူရောင်ခေါင်းခါးစည်း ကိုလည်း စဉ်းစားကြလေ့ရှိသည် အနက်ရောင် သင်တိုင်းကိုဝတ်၍ ခြေသလုံးတွင်သစ်ဆေးသုတ်သောကြိုးခွေများ ပတ်လေ့ရှိသည်။ ငွေနားဆွဲ၊ နားတောင်းများကို ဆွဲကြသည်။ ငွေလက်ကောက်အလုံးများကိုဝတ်ဆင်ကြသည်။ ငွေဆံထိုး များကိုထိုးပြီး ခြေကျင်းဝတ်တွင် ပုတီစေ့များကိုစီတန်း၍ ဆွဲလေ့ရှိသည်။
ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံ
[ပြင်ဆင်ရန်]ကယားတို့သည် ရိုးရာနတ်နှင့်ဗုဒ္ဓဘာသာကိုကိုးကွယ်သည်။ တံခွန်တိုင်နတ်ကွန်းသည်အဓိကဖြစ်သည်။ ရာသီပွဲများနေဖြင့် ကောက်ညှင်းထုပ်ပွဲ၊ ကေထိုးဘိုး (ခေါ် ) တံခွန်တိုင်ပွဲ၊ စပါးပုတ်ပွဲ၊ အိမ်တက်မင်္ဂလာပွဲ နှင့် တောလိုက်ပွဲများရှိကြသည်။ ဗုံတို၊ ဗုံရှည်၊ မောင်း၊ လင်းကွင်း၊ ပုလွေ၊ ဖားစည် စသည့်တူရိယာများကိုသုံးပြီး တံခွန်တိုင်အက၊ အိမ်တက်မင်္ဂလာအက၊ ဒီကူးအက၊ ဝါးညှပ်အက ဆွမ်းယင်အကနှင့် နိုင်ငံအကများ ကိုကလေ့ရှိကြသည်။ ကွယ်လွန်သူ၏ဦးခေါင်းကိုလည်း ငွေတောင်ပြည်ဘက်သို့ ဦးလှည့်၍ ထားတတ်ကြသည်။ ကယား ပြည်နယ်၏ထူးခြားသော အထိမ်းအမှတ်ပစ္စည်းဖြစ်သည့် ဖားစည် (ခေါ်) ကြေးနက်စည်ကြီးကိုလည်း ငွေတောင်ပြည်၌သွန်းလုပ်ခဲ့သည် ဟုဆိုသည်။
ကယားတို့သည် ရှေးယခင်က မြန်မာများနှင့်အတူ စစ်ရေးစစ်ရာတွင်အတူလက်တွဲ၍တိုက်ခိုက်ခဲ့ဖူးသည့် အထောက်အထားများကိုလည်းရှိပါသည်။ "ပျိုလေးတို့အိမ်မိုး ထိုးလာတဲ့ပေဖူးလွှာ၊ ဘာစာတဲ့ မေး။ မေးပါနဲ့အေ။ ယိုးဒယားငယ်နဲ့ ကုလားကို စစ်ချီတော့ ကရင်နီအောင်တပ်က ဆံဖြတ်မောင်စီလိုကရေ လွမ်းစာတဲ့လေ" ဟူသော ရှေးဟောင်းတွေ သားလေမှာစစ်သားဘဝ၏ချစ်ရေးချစ်ရာများကို လွမ်းစဖွယ်ကောင်းအောင် ဖော်ပြထားရုံမက ရှေးဟောင်းကာလကတည်းက ကယားလူမျိုးတို့သည် မြန်မာတို့နှင့် စစ်ရေးတွင်အတူလက်တွဲတိုက်ခိုက်ခဲ့ကြဖူးသည်ဆိုသော သာဓကကိုပါထင်ရှားစွာဖော်ပြထား ခြင်းဖြစ်သည်။ [၃]
ရည်ညွှန်းကိုးကား
[ပြင်ဆင်ရန်]- ↑ ခွန်းဆက်နေ (၇ ဖေဖော်ဝါရီ ၂၀၁၆)။ ဒွေးမယ်နော်တို့ပျော်စံရာ ကယားမြေ။ ပြန်ကြားရေးဝန်ကြီးဌာန။ ၁၉ စက်တင်ဘာ ၂၀၁၈ တွင် ပြန်စစ်ပြီး။
- ↑ Karenni(Kayah) and Kayan Studies: ကကရင္နီ (ကယား) စုံတြဲ
- ↑ http://www.mwaf.org.mm/Developing%20Sector_mm/DevSector_mm/Details.asp?id=645[လင့်ခ်သေ]