မဟာရဋ္ဌသာရ၊ သျှင်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

မဟာရဋ္ဌသာရ၊ ရှင် (မြန်မာ ၈၃ဝ-၈၉၂)[ပြင်ဆင်ရန်]

မြန်မာစာပေသမိုင်းကို ပြန်လည်လေ့လာသော် အင်းဝခေတ် (သက္ကရာဇ် ၇၂၆ မှ ၉ဝ၁ ကျော်) သည် စာကြီးပေကြီး အထွန်းကားဆုံးသော ခေတ်တစ်ခေတ် ဖြစ်သည်ကို တွေ့မြင်နိုင်လေသည်။ ထိုခေတ်တွင် တိုင်းပြည်ကို အုပ်ချုပ်သော မင်းများကိုယ်တိုင်က စာပေကို အားပေးချီးမြှောက်ခဲ့သည်ကိုလည်း တွေ့ရသည်။

ပေါ်ထွန်းခဲ့သော စာဆိုများမှာလည်း လူပုဂ္ဂိုလ် စာဆိုများထက် ရဟန်းပုဂ္ဂိုလ် စာဆိုများက ပိုမိုထင်ရှားခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။ ထိုခေတ်တွင် ကဗျာလင်္ကာ စာပေအမျိုးမျိုး ထွန်းကားခဲ့သည့်အနက် ပျို့နှင့်မော်ကွန်းစာပေတို့သည် မြန်မာစာပေသမိုင်းတွင် ထိပ်ဆုံးက နေခဲ့သော ခေတ်လည်း ဖြစ်ပေသည်။ ထို့ကြောင့် အင်းဝခေတ်ကို ပျို့နှင့် မော်ကွန်းစာပေတို့တံခွန်စိုက်သော ခေတ်ဟု ဆိုသင့်ပေသည်။

ယင်းပျို့နှင့် မော်ကွန်းစာပေတို့ကို ပြုစုခဲ့သူ ရဟန်းပုဂ္ဂိုလ် စာဆိုများအနက် ရှင်မဟာရဋ္ဌသာရသည် တစ်ပါး အပါအဝင် ဖြစ်သည်သာမက အထင်ရှား အကျော်ကြားဆုံးသော စာဆိုတော်တစ်ဦးလည်း ဖြစ်ပေသည်။

ရှင်မဟာရဋ္ဌသာရသည် ရဟန်းပုဂ္ဂိုလ် ဖြစ်လင့်ကစား ငယ်ရွယ်စဉ်အခါကပင် နန်းတွင်း၌ ကြီးပြင်းခဲ့ရသူဖြစ်၏။ ဇာတိအားဖြင့်လည်း မင်းအမျိုးအနွယ် ဖြစ်၏။ အဘမှာ ဟံသာဝတီ မွန်ဘုရင်မ ရှင်စောပု၏တူ၊ ဗညားအိန်၏ မြေး၊ ဓမ္မပါလ အမတ်ဖြစ်၍၊ အမိမှာ အင်းဝမြို့တည် သတိုးမင်းဖျား သမီးတော်၏ မြစ်ဖြစ်သည်။ သူ၏ ငယ်မည်မှာ မောင်မောက်ဖြစ်၍ သက္ကရာဇ် ၈၃ဝ ပြည့်နှစ်တွင် အင်းဝမြို့၌ ဖွားမြင်ခဲ့သည်။

စာဆိုကျော် ရှင်မဟာရဋ္ဌသာရသည် သက်တော် ၁ဝ နှစ်အရွယ်ကပင် ကဗျာလင်္ကာများကို စပ်ဆိုခဲ့သည်ဟု အဆိုရှိ၏။ သူ၏ အသက် ၁၆ နှစ်အရွယ် သက္ကရာဇ် ၈၄၆-ခုနှစ်တွင်ကား ဘူရိဒတ်လင်္ကာကြီးကို ဖွဲ့နွဲ့စပ် ဆိုတော်မူ လေသည်။ ထိုဘူရိဒတ် လင်္ကာကြီးသည် မြန်မာစာပေ ဂန္ထဝင်တွင် အဟောင်းဆုံး လင်္ကာရှည်ကြီး ဖြစ်သည်ဟု ဆိုသင့်လေသည်။ စာဆိုကျော်သည် မြတ်စွာဘုရား ဟောကြားတော်မူခဲ့သော မဟာနိပါတော်လာ ဇာတ်တော်ကြီး ၁ဝ ဘွဲ့ အဝင်အပါ ဘူရိဒတ် ဇာတ်တော်ကြီးကို ပင်ကိုဉာဏ်ရွှင်ရွှင်ဖြင့် အလင်္ကာတန်ဆာ ဆင်ကာ မြန်မာဘာသာသို့ ဖွဲ့နွဲ့ပြန်ဆိုထားခြင်း ဖြစ်သည်။ ဤနေရာ၌ ဘုရားဟော ဇာတ်တော်ကြီး များကို အလင်္ကာတန်ဆာဆင်ကာ ဖွဲ့နွဲ့ရေးသားရာတွင် ရှင်မဟာရဋ္ဌသာရသည် အဦးဆုံး ဖြစ်သည်ဟု ဆိုသင့်၏။

ယင်းလင်္ကာကြီး၌ စာဆိုကျော်သည် အနေအထိုင်အားဖြင့် နန်းတွင်း၌ ကြီးပြင်းခဲ့ ရသူ၊ ဇာတိအားဖြင့် ငယ်ရွယ်သေးသူ ဖြစ်သည့်အလျောက် လောကဓမ္မတာ လူမှုရေးရာများကို ဖွဲ့နွဲ့ရေးသားရာတွင် သိကျွမ်းပိုင်နိုင်လှခြင်းကြောင့် နှောင်းစာဆိုတို့ အတုယူရလောက် အောင်ပင် ကောင်းမွန်လှပေသည်။ ယင်းလင်္ကာကြီး၌ ဘူရိဒတ်နဂါးမင်း မယ်တော်သည် သားတော်ကို မမြင်မတွေ့ရသဖြင့် လွမ်းမှိုင်တွေဝေပုံကို -

တရှိုက်မက်မက်၊ တသက်သက်လျှင်၊ စက်လက်မျက်ရည်၊ ဆည်လည်းမတတ်၊ မိန်းသေပြတ်မျှ၊ ကြင်ဆွတ်လေလေ၊ အောက်မေ့ချေသော်၊ မပြေတို့နိုင်၊ ကမ်းနှယ်ယိုင်လျက်၊ ရိပ်မြိုင် နန်းထဲ၊ နေစမြဲသား၊ သွေးခဲဘုန်းခေါင်၊ မယ်တော့်မောင်ကို၊ ပြောင်ပြောင်ဝင်းဝင်း၊ ဗိမာန်တွင်း၌၊ ဟင်းလင်းအချည်း၊ မြင်ကတည်းက၊ အူသည်းငြိမ့်ငြိမ့်၊ ကြောခြင်စိမ့်မျှ၊ နှစ်သိမ့်လွမ်းရူး၊ ပတ်ပတ်မူးလျက်၊ အထူးရှေ့နောက်၊ တောင်မြောက်မသိ၊ မျက်စိ မိုက်မိုက်၊ မှောင်တိုက်အသွင်၊ ယခုထင်ခဲ့၊ တိုင်ပင်နှိုင်းချက်၊ သားဝမ်းထွက်နှင့်၊ ဆိုတက်မနီး၊ တဖျင့်ကြီး သို့၊ ကိုယ်ထီးကျန်စွာ၊ ငါ့ကြမ္မာကား၊ ဇာတာဂြိုဟ်တန့်၊ မသန့်စန်းလဂ်၊ ရှေးဝိပါက်ကြောင့်၊ ရွှေငှက်ဟင်္သာ၊ ရေမဲ့ရာ၌၊ မျက်နှာအောက်ချ၊ မှိုင်လည်တသို့၊ သားလှလုလင်၊ မျိုးလွန်းကြင်ကို၊ ဖူးချင်တောင့်တ၊ မတွေ့ရ၍၊ ကြောင့်ကြညှိုးချုံး၊ မရွှင်ပြုံးသည်၊ ကိုယ်လုံးသမ်းတို့စွတကား။
ဟု ထိထိငြိငြိ၊ ဖွဲ့ဆိုနိုင်ခဲ့သဖြင့် ဘုရင် မင်းမြတ်နှင့်တကွ တစ်နိုင်ငံလုံး၏ မြှောက်စားခြင်းကိုပင် ခံရလေသည်။

စာဆိုကျော် ရှင်မဟာရဋ္ဌသာရ ဆရာတော်သည် ဘူရိဒတ် လင်္ကာကြီးကိုသာ မဟုတ်၊ ယင်း၏ နိဂုံးဖြစ်သော ဘူရိဒတ် ဇာတ်ပေါင်းပျို့ကိုလည်း သက်တော် ၂၆ နှစ်အရွယ် သက္ကရာဇ် ၈၅၆ ခုနှစ်တွင် လက်စသတ် ဖွဲ့ဆိုခဲ့ပေသေးသည်။ ထို့နောက် ၂ နှစ်မျှအကြာ သက္ကရာဇ် ၈၅၈ ခုနှစ်တွင် တံတားဦးတည် မော်ကွန်းကို ပြုစု စီရင်ပြန်လေသည်။ ဆရာတော်နှင့် အပြိုင်စာဆိုဖက်ဖြစ်သော တောင်တွင်းမြို့ဇာတိ ရှင်မဟာသီလဝံသ ဆရာတော်သည်လည်း တံတားဦးတည် မော်ကွန်း တစ်စောင်ကို ရှင်မဟာရဋ္ဌသာရနည်းတူ ရေးသားသေးသော်လည်း ၁၂ ပုဒ်မျှဖြင့် ရပ်တန့်စေခဲ့သည်။

အကြောင်းမှာ ရှင်မဟာရဋ္ဌသာရသည် ထိုမော်ကွန်းကို ရေးသားလျက် ဘုရင် မင်းမြတ်ထံ သွင်းပြီးဖြစ်ကြောင်း ကြားသိရ၍ ဖြစ်သည်။ ယင်းမော်ကွန်းနှင့် စပ်လျဉ်း၍ ရှင်မဟာသီလဝံသသည် မိမိရေးပြီးသမျှကို တပည့်များအား ဖျက်ဆီးစေသော်လည်း တပည့်များက စာကို မြတ်နိုး၍ သိမ်းဆည်းထားသဖြင့် ယနေ့အထိ တွေ့ရှိရသေးကြောင်း အဆိုရှိသည်။ စာဆိုကျော်နှစ်ပါး၏ စာကို နှိုင်းခိုင်းရာ၌ ရှင်မဟာရဋ္ဌသာရ၏ စာတို့သည် ရှင်မဟာသီလဝံသ၏ စာများလောက် မနက်နဲ၊ နုရုံယဉ်ရုံမျှသာရှိ၏။ ထို့ကြောင့် ရှေးဆရာကြီးများက ရှင်မဟာရဋ္ဌသာရ၏ စာများသည် တူရိယာ ၅ ပါးကို တစ်ပြိုင်နက်တည်း တီးသကဲ့သို့ကြားရ သူတို့၏ နား၌ လွန်စွာ သာယာနာပျော်ဖွယ် ဖြစ်ပေ၏။

သို့သော် မလေးနက်လှ၊ အဝေးသို့လည်းမရောက်။ [[ရှင်မဟာ သီလဝံသ]]၏ စာများကား စည်တော်ကြီး ရွမ်းသည်နှင့် တူလှ စွာ၏။ နား၌ သာယာနာပျော်ဖွယ် မဖြစ်လှသော်လည်း နက်နဲလှ၏။ အဝေးသို့လည်း ရောက်၏ဟု ဆိုကြသည်။


ရှင်မဟာရဋ္ဌသာရ၏ အကောင်းဆုံးသော လက်ရာ ကား သက္ကရာဇ် ၈၈၅ ခုနှစ်ခန့်တွင် ပြီးစီးသော စတုဓမ္မသာရ ကိုးခန့်ပျိုးဖြစ်သည်။ ထိုပျို့သည် ဘုရားဟော ဝီသတိနိပတ် ဟတ္ထိပါလ ဇာတ်တော်ကို အလင်္ကာ တန်ဆာဆင်ကာ မြန်မာဘာသာသို့ပြန်ဆိုဖွဲ့နွဲ့ထားသော ပျို့ဖြစ်ခြင်းကြောင့် ဟတ္ထိပါလပျို့ဟုလည်း အမည်တွင် သည်။ ဆရာတော် ရှင်မဟာရဋ္ဌသာရသည် လောကအကြောင်း၌ နိုင်နင်းသူ ဖြစ်သည့်အလျောက် ဓမ္မကြောင်းကို လောကကြောင်းဖြင့် အမွှမ်းတင်ကာ ဖွဲ့ဆိုရေးသားရာတွင် အထူးပင် ကျွမ်းကျင် ပိုင်နိုင်လှပေသည်။ ဤကိုးခန်းပျို့ သည် လောက၊ ဓမ္မ၊ ရာဇ ကြောင်း သုံးပါးစလုံး ပြည့်ဝစုံလင်လှ၏။ သို့သော် သက္ကရာဇ် ၈၈၆ ခုနှစ်တွင် မိုးည|င်း စား စော်ဘွားစလုံးနှင့် ပြည်ဘုရင် သတိုးမင်းစောတို့အင်းဝနေပြည်တော်ကို တိုက်ခိုက် ကြပြီးနောက် ပြည်ဘုရင် က ရှင်မဟာရဋ္ဌသာရ အစရှိသော ပညာရှင်များကို ပြည်မြို့သို့ ပင့်ဆောင်သွားလေသည်။

ရှင်မဟာရဋ္ဌသာရလည်း ပြည်မြို့သို့ရုတ်တရက် လိုက်ပါသဖြင့် တပည့်များထံမှ ကိုးခန်းပျို့၏ ရှေ့၈ ခန်းကိုသာ သိမ်းယူ နိုင်ခဲ့ပြီးလျှင် ဇာတ်ပေါင်းခန်းကိုမူ စုံစမ်းရှာဖွေရာ မရသေး ကြောင့် အသစ်ထပ်မံ ရေးရလေသည်။ သို့သော် ဇာတ်ပေါင်း ခန်းကို အသစ် ပြန်လည်ရရှိခဲ့ပေသည်။ ကိုးခန်းပျို့ကား အလွန် ခန့်ညား၍ အနှစ်သာရနှင့် ပြည့်စုံသော ပျို့ကြီးဖြစ်သည်။ ယင်း ပျို့တွင် ကိလေသာတည်းဟူသော မိုးကြီး စီးယိုကျသည့်ဘေးမှ လွတ်မြောက်အောင် ဘာဝနာဉာဏ်တည်း ဟူသော သံပြား ကပျဉ်ပြားများဖြင့် ကာကွယ်ထားသည့် စိတ်နှစ်လုံးတည်း ဟူသော ကျောင်းသင်္ခမ်းကို ပြဆိုရာ၌ - အာပေါ်ကမ္ဘာ၊ ပျက်ပြုန်းခါ၌၊ ရူပါဝစရ၊ သောဋ္ဌသတွင်၊ သုဘကိဏ်အောက်၊ ဘုံတစ်လျှောက်ကို၊ လင်းပျောက်နိုင်အောင်၊ ပြည့်လျှမ်းဆောင်သည်၊ ရေတောင် မောက်ဖြိုး၊ ရွာသည့်မိုးထက်၊ ထမ်းပိုးလှင်ကန်၊ အပြန် ပြန်တည့်၊ သည်းထန်လှစွာ၊ ကိလေသာဟု၊ မဟာမေ၊ ဖြိုးဖြိုးကျလျက်၊ သောကစိမ့်ဧး၊ ယိုသားဘေးမှ၊ ဟန့်ထေး လို့ငှာ၊ ဘာဝနာဉာဉ်၊ သံပြားပျဉ်တိ၊ မြဲယှဉ်ပတ်ကုံး၊ လွှမ်းပိတ်ဖုံးသား၊ နှလုံးသင်္ခမ်း၊ ကျောင်းသားဝှမ်း၌ ဟူ၍ ဥပမာ ဥပစာစကားတို့ဖြင့် တန်ဆာဆင်ကာ ဖွဲ့နွဲ့ စီခြယ်ခဲ့ပေသည်။

ထို့နောက် စာဆိုကျော် ရှင်မဟာရဋ္ဌသာရ ဆရာတော်သည် အမျိုးလေးပါးတို့အား သွန်းသင်ဆုံးမဩဝါဒ စကား မှာကြားခဲ့ရန် ကျင့်ဖွယ်ရာ ဝတ္တရား အမျိုးမျိုးတို့ကို ကျမ်းအစောင်စောင်တို့မှ ထုတ်နုတ်၍ အလွန် နက်နဲစွာလှ အနှစ်သာရနှင့် ပြည့်စုံအောင် အလင်္ကာတန်ဆာဆင်ကာ ဂမ္ဘီသာရပျို့တစ်စောင်ကိုလည်း ပြုစုခဲ့ပေ သေးသည်။

အထက်ပါပျို့၊ မော်ကွန်းများအပြင်၊ ဆရာတော်သည် ပုံတော်နိုင်မော်ကွန်း၊ ရဲရည်တက် မော်ကွန်း၊ ရတနာပူရမြို့တည် မော်ကွန်း၊ ဝတ်ရုံကျောင်းဖွဲ့မော်ကွန်း စသည်တို့နှင့် သဘာဝ၏ ကြည်နူးစဖွယ် သာယာ ဆန်းကြယ်ပုံတို့ကို ဖွဲ့နွဲ့ထားသော ရွှေစက်တော်သွား တောလားကဗျာ၊ ဝဏ္ဏပဘာ ချီအလှဖွဲ့ တောင့်တဲတွန့်ရတုတို့ကိုလည်း ပြုစုရေးစပ်ခဲ့ပေသေးသည်။

ရှင်မဟာရဋ္ဌသာရ နောက်ဆုံးရေးသား ပြုစုခဲ့သော ပျို့မှာကား ၈၉၁ ခုနှစ်ရေး သံဝရပျို့ပင် ဖြစ်သည်။ ယင်း ပျို့တွင် ဧကာဒသနိပါတ် သံဝရဇာတ်တော်လာ ဗာရာဏသီပြည် ဗြဟ္မဒတ်မင်း၏ သားတော်တစ်ရာတွင် အငယ်ဆုံး သံဝရ မင်းသားသည် ဘုရားလောင်း အမတ်ကြီး၏ ဩဝါဒကို ခံယူကာ အရာရာ၌ လုံ့လပြုခြင်းကြောင့် ခမည်းတော်၏ အမွေကို ဆက်ခံ၍ မင်းပြုရကြောင်း၊ အခြားနောင်တော်များ အားလုံးက ကျေနပ်ကြကြောင်းတို့ကို အဖိုးတန်သော စာသား များ၊ ဆုံးမစကားများဖြင့် ဖွဲ့နွဲ့ဆိုခဲ့လေသည်။ စာဆိုကျော် ရှင်မဟာရဋ္ဌသာရ သည် ထိုပျို့ကိုပြုစုပြီး နောက်တစ်နှစ် သက္ကရာဇ် ၈၉၂ ခု သက်တော် ၆၂ နှစ်တွင် ပြည်မြို့၌ ပျံလွန်တော်မူသည်။[၁]


ပုရေနိသင်-ချီ ကိုယ်ရေး ကိုယ်တာဖွဲ့ ရတုရေးသူ သျှင်မဟာရဋ္ဌသာရမှာ ၈၃၀-ပြည့်နှစ် ဝါဆိုလ အတွင်း အင်းဝနေပြည်တော်တွင် ဖွားမြင်တော်မူ၍ ငယ်မည်မှာ မောင်မောက်ဖြစ်သည်။ ဗညားအိမ်နှင့် ရှင်စောပု၏ သမီးတော်တို့မှ ဆင်းသက်ဆက်နွယ်လာသော မြေးတော် ဓမ္မပါလသည် မောင်မောက်၏ဖခင်ဖြစ်၍ မိခင်မှာ သတိုးမင်းဖျား၏ အနွယ်တော်ဖြစ်သည်။ မောင်မောက်သည် ငယ်ရွယ်စဉ်အခါကာမလှ စ၍ နန်တော်တွင်း၌ ကြီးပြင်းလာရသူဖြစ်သဖြင့် ဘုရင်မင်းခေါင်ကိုယ်တော်တိုင် တအူတုံဆင်း ညီအရင်းကဲ့သို့ အရေးပေးခြင်းကို ခံတော်မူရသည်။ မောင်မောက်သည် နန်းတော်တွင်း ပညာရှိများထံမှလည်းကောင်း၊ ကျမ်းဂန်တတ်မထေရ်များထံမှလည်းကောင်း ဖခင်ဖြစ်သူ ပညာရှိအမတ်ကြီးထံမှလည်းကောင်း နောင်တော် သျှင်ဝရစက္ကပါလ မထေရ်ထံမှလည်းကောင်း လောကီလောကုတ္တရာ ကဗျာလင်္ကာများကို သင်ကြားတတ်မြောက်သောကြောင့် ၁၆-နှစ်သား အရွယ်ကပင် ဘူရိဒတ် လင်္ကာကြီးကို စတင်ရေးသား ပြုစုလေသည်။ အသက် ၂၀-ပြည့် ရဟန်းဘဝရောက်မှ ဘူရိဒတ်လင်္ကာကြီး အပြီးသတ်သည်။ သက္ကရာဇ် ၈၈၇-ခုနှစ် လောက်ကျသောအခါ သျှင်မဟာရဋ္ဌသာရသည် အင်းဝ မငြိမ်မသက်ဖြစ်သောကြောင့်လည်းကောင်း၊ သတိုးမင်းစောက ပြည်မြို့သို့ ပင့်ဆောင်သောကြောင့်လည်းကောင်း ပြည်မြို့သို့ရောက်တော်မူသည်။ ရောက်၍ မကြာမီပင် ဇာတ်ပေါင်းခန်းကို ရေးသားတော်မူသည်။ ဆင်ဖြူရှင် သတိုးမင်းစောလည်း သျှင်မဟာရဋ္ဌသာရအား ပုထိုးကျောင်း၊ တောင်ခွင်ကျောင်း မင်းတုန်းကျောင်း ဤကျောင်း ၃-ကျောင်းကို ဆောက်လုပ်လှူဒါန်းတော်မူသည်။ သတိုးမင်းစော နတ်ရွာစံလွန်၍ သားတော်ဘုရင်ထွေး နန်းတတ်သောအခါတွင်လည်း ခမည်းတော်လက်ထက်ကကဲ့သို့ပင် ကြည်ညိုရင်းစွဲရှိသဖြင့် ပြည်မြို့နှင့် ရွှေတောင်အကြားအခွန်တသောင်းထွက်သည့် ဥယျဉ်တော် ၅-ရပ် အတွင်း တံတိုင်း မီးတားနှင့်တကွ ဆုတောင်းပြည့်ဘုရား၊ မင်္ဂလာစေတီတော်၊ အရံကျောင်းပေါင်းများစွာနှင့် ရွှေဗိမာန်တော်ကြီးကို ဆောက်လုပ်လှူဒါန်းတော်မူသည်။ သက္ကရာဇ် ၈၉၂-ခုနှစ် သက်တော် ၆၂-နှစ် အရွယ်တွင် ပျံလွန်တော်မူသတည်း။ [၂]

သျှင်မဟာရဋ္ဌသာရ အရှင်မြတ်သည် မြန်မာ့စာပေသမိုင်းစဉ်တွင် ထိပ်တန်းပညာရှင် တစ်ပါး ဖြစ်တော်မူ၏။ ဆရာတော်သည် မိမိမွေးဖွားရာဒေသကို ကိုးခန်းပျို့နိဂုံး၌-

တောင်ကား ပင်းယ၊ မြောက်မှ စစ်ကိုင်း၊ ရံသိုင်းသာလှ၊ ရွှေအင်းဝ၌၊ နန်းကမြင်ထင်၊

မြို့လယ်ခွင်ဝယ်၊ သခင်ဘုရား၊ တည်ထားသာသနာ၊ သင်္ချာအမွန်၊ နှစ်ထောင်လွန်၍၊ အစွန် မြတ်မှု၊ ဆယ့်နှစ်ခုဝယ်၊ ဥတုဝဿ၊ မိုးလရှေးဖျား၊ နေသွားကရကဋ်၊ ခေါ်မှတ်ဝေါဟာ၊ အာ သဠှာ၌၊ ပညာပွားဘို့၊ ကုသိုလ်ပို့သား၊ ငါတို့ဖွားရာ၊ ချက်မြှုပ်ရွာသည်၊ ၊ အောင်ခြာပြည်

ကြီး နားတောင်းတည်း။

ဟု စပ်ဆိုပြခဲ့သဖြင့် သာသနာသက္ကရာဇ် ၂ဝ၁၂-ခု၊ မြန်မာနှစ် ၈၃ဝ-ပြည့် ဝါဆိုလအတွင်း ရတနာ ပူရ အင်းဝမြို့အလယ်၌ ဖွားမြင်တော်မူကြောင်း သိရှိရ၏။ နေ့ရက်အတိအကျကိုမူ အမှတ်အသား မရှိခဲ့ပေ။ အချို့က ဝါဆိုလပြည့် ဗုဒ္ဓဟူးနေ့ဖွားဟု ဆိုကြသည်။ ဤအဆိုမှာ ဥတုဝဿ၊ မိုးလရှေးဖျား၊ နေသွားကရကဋ်၊ ဟူသော အဖွဲ့ကို ထောက်၍ ဆိုလိုဟန် ရှိသည်။ ထိုအဖွဲ့ကို ထောက်ရှုလျှင် လပြည့်နေ့ မဖြစ်နိုင်ပေ။ လပြည့်ကျော် တစ်ရက်နေ့သာ ဖြစ်နိုင်၏။ မိုးဥတုကို ရေတွက်ရာ၌ လပြည့်ကျော်တစ်ရက်နေ့မှ စ၍ ရေတွက်ရသည်။ ထို့ကြောင့် မိုးလရှေးဖျား ဟူသော ပုဒ်ကို ထောက်၍ ဝါဆိုလပြည့်ကျော် တစ်ရက်နေ့သော်လည်းကောင်း ဖြစ်မည်။ သို့မဟုတ် ထိုရက်နောက်ပိုင်း ရက်အနည်းငယ်အတွင်း ဖြစ်နိုင်သည်။

ဆရာတော်၏ အဖမျိုးရိုးနှင့် ပတ်သက်၍လည်း ကိုးခန်းပျို့ နိဂုံးမှာပင်-

တလိုင်းပြည်လုံး၊ ယူကျုံးပိုက်ထုပ်၊ ထီးအုပ်သာငြိမ်၊ စည်းစိမ်ထူပြော၊ နတ်နှင့်လျော သား၊ သျှင်စောပုတူ၊ လှိုက်ဆူကျော်ရှိန်၊ ပုသိမ်မင့်မြေး၊ စဉ်ရှေးဘရိုး၊

ဟူ၍ စပ်ဆိုပြခဲ့၏။ ထိုအဖွဲ့အရ ရာဇဝင်လမ်းကြောင်းကို ပြန်ပြောင်းကြည့်ရှုလျှင် ဟံသာဝတီ ရာဇာဓိရာဇ်မင်း၏ သမီးတော် သျှင်စောပု၌ ဗညားဓမ္မရာဇာနှင့် ဗညားရန်ဟူ၍ မောင်တော်နှစ်ပါး ရှိသည်။ နောင်တော် ဗညားဓမ္မရာဇာသည် ရာဇာဓိရာဇ် မရှိသည့်နောက် ဟံသာဝတီ၌ မင်းပြုနေ ၏။ ညီတော် ဗညားရန်သည် ဒလ၊ ဒဂုံ၊ ပုသိမ်တို့ကို စိုးပိုင်၍ ဘုရင်ငယ်ပြုလုပ်နေခဲ့သည်။ ထိုဗညာရန်မှ မွေးဖွားသော ဗညားအိမ်သည်လည်း ပုသိမ်မြို့ကို စိုးအုပ်နေခဲ့ပြန်သည်။ သျှင်စောပုသည် တူတော်သူ ဗညားအိမ်အား သမီးတော် နဲတကာသင်နှင့် စုံဖက်တော်မူစေသဖြင့် တူသမက် နှစ်ချက်တော် ဖြစ်ပေသည်။ ထိုသျှင်စောပု၏ သမီးတော်နှင့် တူသမက်တို့၏ မြေးဖြစ် သော ဓမ္မပါလအမတ်သည်ကား ဆရာတော် သျှင်မဟာရဋ္ဌသာရ၏ မွေးဖခင်ပေတည်း။ ဆရာတော်သည် မိခင်ဘက်မှ အမျိုးအနွယ်ကိုလည်း ကိုးခန်းပျို့နိဂုံးမှာပင် အောက်ပါ အတိုင်း ဖွဲ့ဆိုတော်မူခဲ့၏။

တို့မိမျိုးလည်း၊ သတိုးမင်းဖျား၊ တရားစောင့်သုံး၊ ရန်လုံးထွင်ချွေ၊ ရွှေမြေအင်းဝ၊ တည်စနန်းသီး၊ ပြည်ထောင်ကြီး၏၊ သမီးမြစ်ရင်း၊ နွယ်မယွင်းသည်၊ စည့်ကွင်း မလိမ်လှည့်

တောင်းတည်း။

ဖော်ပြပါ အဖွဲ့ကို ထောက်၍ ဆရာတော်၏ အမိအနွယ်မှာ သက္ကရာဇ် ၇၂၆-ခုနှစ်တွင် ရတနာပူရ အင်းဝမြို့နန်းကို စတင် တည်ထောင်တော်မူသော သတိုးမင်းဖျား၏ အနွယ်တော်ဖြစ် ကြောင်းကိုမူ ဧကန်သိရှိကြရ၏။ သို့ရာတွင် အနွယ်အဆက်ကိုကား တိကျစွွှာ မရေးဆိုနိုင်ကြပေ။ ပညာရှင်အချို့က သမီးမြစ်ရင်း ဟူသော ပုဒ်ကို ထောက်၍ ဤသို့ ဆိုမိန့်ကြ၏။ သတိုးမင်း ဖျား၏ အလယ်နန်းမိဖုရားမှာ စောမင်းညို ဖြစ်၏။ ထိုစောမင်းညိုမှ သမီးတော်စောနန်းကို ဖွား မြင်သည်။ သမီးတော် စောနန်း၏ မြစ်သည် ဆရာတော် သျှင်မဟာရဋ္ဌသာရ၏ မိခင်ဖြစ်ပေသည်။

စာဆိုတော်များ အတ္ထုပ္ပတ္တိကျမ်းကို ပြုစုသော ကျမ်းဆရာ၏ အဆိုအရ ဆရာတော် သည် သတိုးမင်းဖျား၏ အနွယ်တော် ဖြစ်ကြောင်းမျှကိုသာ အတည်ပြုဖော်ပြထား၏။ ဤသို့ အတည်မပြုနိုင်ခြင်းမှာလည်း ကိုးခန်းပျို့ နိဂုံးလာ သမီးဖြစ်ရင်း ဟူသော ပုဒ်၌ မူကွဲများတွင် အရီးမြစ်ရင်း၊ နွယ်မယွင်း ဟုလည်းကောင်း၊ ဦးရီးမြစ်ရင်း နွယ်မယွင်း ဟုလည်းကောင်း အသီးသီး ရှိနေကြသောကြောင့် ဖြစ်သည်။

မှန်နန်းတော် စနုဆောင်အတွင်း ပညာရှင် ၁၃-ဦးတို့ ရေးသားကြသော မှန်နန်းရာဇဝင်

တော်ကြီး၊ ပထမတွဲ၌-

သတိုးမင်းဖျားမှာ သားတော် သမီးတော် ရှိသည်ဟု စာပေမတွေ့။ ရာဇဝင်သစ်၌ ကျောက်စာ၊ ဟတ္ထိပါလနိဂုံးများကို ညွှန်း၍ သမီးရှိဟန်ဆိုသည်မှာလည်း မည်သည့်ကျောက် စာဟူ၌ အတပ်မဆို။ ဟတ္ထိပါလနိဂုံးတွင်လည်း အချို့သော မူတို့၌ သမီးမြစ်ရင်းဟူ၍လည်း ကောင်း၊ အရီးမြစ်ရင်းဟူ၍လည်းကောင်း၊ ဦးရီးမြစ်ရင်းဟူ၍လည်းကောင်း အသီးသီး ရှိကြ

သည်ဖြစ်၍ သမီးရှိ၏ဟု မုချမသိသာသည်။

ဟု ရေးသားထားပြီးလျှင် သတိုးမင်းဖျားတွင် သမီးမရှိသည့် အဆိုကို အတည်ပြုသကဲ့သို့ ရှိ၏။ အထက်ပါ အဆိုသုံးချက် ခြားနားမှုတို့ကို ယူ၍ မိမိတို့ သဘောသင့်သရွေ့ ဖွင့်ဆိုရေး သားထားကြသည်။ ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်း၌-

သတိုးမင်းဖျားအရီးတော်၏ မြစ်တော်ရင်း စောနန်းတို့ သင့်မြတ်ရာတွင် ပြည်စုန်ဘုရင်

မဟာသီဟသူရ နန်းတက်နှစ် သက္ကရာဇ် ၈၃ဝ-ပြည့်တွင် အဝရွှေမြို့တော်၌ သျှင်မဟာရဋ္ဌ

သာရကို ဖွားမြင်တော်မူသည်။

ဟူ၍ အရီးမြစ်ရင်းပုဒ်အရ ဖွင့်ဆိုရေးသားခဲ့သည်။ ထိုအရီးတော်အနွယ်ဆိုသော စကားကို လေ့လာပြန်လျှင်လည်း သတိုးမင်းဖျား၏ ဖခင်မှာ တကောင်းမြို့စား သတိုးဆင်ထိန်းဖြစ်၏။ ထို သတိုးဆင်ထိန်း၏ နှမသည် အရီးတော် ဖြစ်ရပေမည်။ သို့ရာတွင် သတိုးဆင်ထိန်း၏ နှမနှင့် စပ်လျဉ်း၍ စာဟောင်းပေဟောင်းများ၌ အမှတ်အသား မတွေ့ရပေ။ သို့ဆိုလျှင် အရီးမြစ်ရင်း ဆိုသော စကားသည်လည်း သေချာလှသည် မဟုတ်ချေ။

တစ်ဖန် ဦးရီးမြစ်ရင်း ဟူသော ပုဒ်အတိုင်း အနွယ်တော်ကို ရှာဖွေပြန်လျှင် မှန်နန်း ရာဇဝင်တော်ကြီး၌-

တစ်စီးရှင်သားတော် မင်းစောယွမ်းသည် မြို့တည်ပြီးလျှင် သီရိအသင်္ခယာဟူသော

အမည်ကို ခံ၍ မြောက်ဘက်တစ်လွှားကို မင်းပြုတော်မူ၏။ သားတော် သမီးတော်ကား မိဖုရားကြီးတွင် သမီးတော် စိုးမင်းကိုယ်တော်ကြီး တစ်၊ မောင်တာ် ကျစွာမင်း တစ်၊ ညီတော် နော်ရထာမင်းရဲ တစ်၊ ရာဇဝင်ကြီး၌ မင်းရဲမင်းကြီးဟု ရှိ၏။ ညီတော် တရဖျားငယ် တစ်၊

ပေါင်း လေးပါးတည်း။

ပါရှိပေသည်။ သတိုးမင်းဖျားသည် အစ်မတော် စိုးမင်းကိုယ်တော်ကြီးမှ မွေးဖွားသူ ဖြစ်၏။ စိုးမင်း ကိုယ်တော်ကြီးတွင် မောင်တော် သုံးယောက်ရှိသဖြင့် သတိုးမင်းဖျားမှာလည်း ဦးရီးတော် သုံးယောက် ရှိခဲ့ပေသည်။ သို့ဆိုလျှင် ဆရာတော် သျှင်မဟာရဋ္ဌသာရသည် ဦးရီးမြစ်ရင်း၊ နွယ် မယွင်း ဟူသော စကားအရ မည်သည့်ဦးရီးတော်မှ ဆင်းသက်လာသနည်းဟု မေးသင့်ဖွယ်ရာ ဖြစ်ရပြန်လေသည်။

ထိုကြောင့် ဆရာတော်၏ အမိမျိုးရိုးမှာ သတိုးမင်းဖျား မင်းတရား၏ အနွယ်တော် ဖြစ်ကြောင်းကိုသာ ဧကန်အားဖြင့် မှတ်သားထားရပေဦးတော့မည်။ ဆရာတော်၏ ငယ်နာမည်မှာ မောင်မောက် ဖြစ်၏။ ဆရာတော်ကိုယ်တိုင်ကလည်း မိမိငယ်နာမည်ကို အထူးသဖြင့် လျှို့ဝှက်၍ ကိုးခန်းပျို့ နိဂုံးတွင် ဆိုလေဟန် ရှိ၏။ ထိုငယ်နာမည်ကို ဖော်ပြသော လျှို့ဝှက်စာစာပိုဒ်မှာ

ဧကက္ခရ၊ ကောသကျမ်းလာ၊ အဝဂ်ရာဝယ်၊ ဥစ္စာဝါစက၊ တတ်စွမ်းလှ၍၊ အတ္ထပြဲ့ပြဲ့၊ ဟောဖွင့်ချဲ့သည်၊ ၊ ဘက်မဲ့ အဘယ်သဒ္ဒါနည်း။

ဟူ၍ ဖြစ်၏။ ထိုစကားပိုဒ်မှ ဧကက္ခရကောသကျမ်းလာ အဝဂ်အရာဝယ် ' ဥစ္စ ' အနက်ကိုဟော သော သဒ္ဒါသည် ' ရာ ' ဖြစ်၏။ ရာသည် ဥစ္စဝါစက ဥစ္စအနက်ကို ဟော၏။ ဥစ္စဟူသော ပါဠိ ကို မြင့်ခြင်း၊ မောက်ခြင်း၊ မြင့်မောက်ခြင်း ဟု ပြန်ဆိုရ၏။ ဆရာတော်သည် ဤဥစ္စဝါစကသဒ္ဒါ ဖြင့် မောင်မောက်ဟူသော မိမိငယ်နာမည်တော်ကို ဝှက်ဆိုမိန့်တော်မူခြင်း ဖြစ်တန်ရာလေသည်။

သျှင်မဟာရဋ္ဌသာရလောင်းလျာ မောင်မောက်သည် ဘုရင်မင်းမြတ်၏ နန်းတော်သို့ ဖခင်ကြီးနှင့်အတူ လိုက်ပါ၍ နေလေ့ရှိခဲ့၏။ ဘုရင်မင်းခေါင်ကိုယ်တိုင်လည်း မောင်မောက်အား တစ်အူတုံဆင်း ညီငယ်ရင်းကဲ့သို့ အောက်မေ့၍ ချီးမြှောက်တော်မူခဲ့၏။ ငါးနှစ်သားအရွယ်မှာပင် ထီးမှုနန်းရာတို့ကို ကျွမ်းကျင်ခြဲ့ပီဟု ဆိုနိုင်၏။ ထို့ကြောင့် မိမိရေးသားသော ပျို့နိဂုံးများတွင်- ရွှေနန်းတော်ထက်၊ ငါးနှစ်သက်က၊ လေ့ကျက်ခဲ့မြောက်၊ (ကိုးခန်း) ရတနာပူရ၊ ပြည်မတန်ဆောင်၊ တံခွန်ထောင်သား၊ မင်းခေါင်လက်ထက်၊ ပျိုရွယ်သက် က၊ ဝမ်းထွက်စတေ၊ မှတ်သောထွေဖြင့်၊ စာပေသင်ကာ၊ နေလှည့်ရာတွင်၊ (သံဝရ) စသည်ဖြင့် ထည့်သွင်းရေးစပ်ခဲ့၏။

ဤတွင် နှောင်းခေတ်ရေးစာစောင် အမှတ်အသားတို့၌ ရှစ်နှစ်သားအရွယ်တွင် ဒုတိယ ဘုရင်မင်းခေါင်ထံတွင် သားအမှတ်မွေးမြူပါရန် ပေးဆက်အပ်နှံကြောင်း အဆိုပြုကြလေသည်။ ထိုအဆိုကို မဖြစ်နိုင်ကြောင်း စာဆိုတော်များအတ္ထုပ္ပတ္တိတွင် ရှင်းလင်းထားသည်။ ¤င်းတို့ အဆိုအရ ကိုးခန်းပျို့ နိဂုံးတွင်

ရှစ်နှစ်တည်းက၊ ခမည်းတော်မင်း၊ မယ်တော်နှင်းသား၊ အရင်းအချာ၊ ငါ့တကာနှင့်၊

ငါသာရဟန်း၊ လူဝယ်ပန်းသို့၊ ရွှင်လန်းမချိုး၊ လွန်မြတ်နိုးလျက်၊

ဟူသော စကားကို ကိုးကား၍ ဆိုလေဟန် ရှိ၏။ ထိုစကားကို ရှင်းဦးအံ့။ ဒုတိယဘုရင်မင်းခေါင် အဖသည် သက္ကရာဇ် ၈၃၂-ခုနှစ်တွင် မင်းဖြစ်သော ရတနာမြစည်းခုံဒါယကာ မင်းတရားကြိီး ဖြစ်သည်။ ထိုမင်းတရားကြီး၏ အဖဖြစ်သော ဒုတိယမင်းခေါင်၏ ဘိုးတော်သည် သက္ကရာဇ် ၈ဝ၄-ခုနှစ်တွင် မင်းဖြစ်သော ထူပါရုံဒါယကာ နရပတိကြီး ဖြစ်၏။ ထိုနရပတိ၏ သမီးတော် တွင်းသင်းစား ရွှေအိမ်သည်နှင့် မိဖုရားမောင်တော် ပခန်းစား သီဟပတေ့ကြီး၏သား ဥဇနာ ဟုလည်းတွင်သော သီဟပတေ့ငယ်နှင့် စုံဖက်ရာတွင် ဖွားမြင်သည့် သမိီးတော်ကို ရှစ်နှစ် အရွယ်ကပင် ဘိုးတော်နရပတိကြီးသည် ဒုတိယဘုရင်မင်းခေါင်နှင့် စုံဖက်ပေးတော်မူသည်။

ဒုတိယမင်းခေါင်လည်း ထိုအခါက ခုနစ်နှစ်ကျော် ရှစ်နှစ်အရွယ်မျှသာ ရှိပေသေးသည်။ ဤသည်ကို ရည်၍ ဆရာတော်သျှင်မဟာရဋ္ဌသာရက နန်းထက်သမီး၊ စောင့်စည်းသီလ၊ ဒါန ဖြည့်ဆည်း၊ ရှစ်နှစ်တည်းက၊ ခမည်းတော်မင်း၊ မယ်တော်နှင်းသား၊ ဟူ၍ စပ်ဆိုခဲ့ခြင်း ဖြစ်ပေသည်။ ဆရာတော်သည် မိမိကိုယ်ကို ရည်ညွှန်း၍ စပ်ဆိုခဲ့ခြင်းမဟုတ်ပေ။ ထို့ကြောင့် ဆရာတော်လောင်းလျာ မောင်မောက်ကို မင်းတရားထံ မွေးစားရန် အပ်နှံသည်ဟူသော အဆိုမှာ လျော်ကန်တော့သည် မဟုတ်ကြောင်း တင်ပြထားလေသည်။ သို့ရာတွင် ဘုရင်မင်းခေါင်သည် မောင်မောက်အား ဝမ်းထွက်သားကဲ့သို့ ချစ်ခင်ယုယစွာ စောင့်ရှောက်ကြောင်းကိုကား ဖော်ပြခဲ့ပြီးသော အဖွဲ့များဖြင့် ထင်ရှားလေသည်။

ဤသို့ ဘုရင်မင်းခေါင်က ချစ်ခင်ယုယစွာ စောင့်ရှောက်ခဲ့သည်မှာလည်း တစ်နွယ်ငင် တစ်စဉ်ပါဆိုသကဲ့သို့ ဖြစ်၏။ မောင်မောက်ဖခင် အမတ်ကြီးမှာလည်း ပြည်စုန်မင်း သီဟသူနှင့် မိဖုရားကြီးတို့အပြင် သားတော် ဒုတိယမင်းခေါင်နှင့် မိဖုရားတို့ကလည်း လက်သုံးတောင်ဝှေးသဖွယ် အားကိုးအားထားခြင်း ခံရသူ ဖြစ်သည်။ တစ်ဖန် မောင်မောက်၏ မိခင်ကြီးမှာလည်း ရာဇအနွယ် ပါသူပင် ဖြစ်သောကြောင့် နန်းတွင်းနန်းပြင် သွားလာဝင်ထွက်ရေး၌ ဦးစားပေးခြင်း ခံထားရသူ ဖြစ်သည်။ ထိုအကြောင်းတို့ကို ဖွင့်ဆို၍ ဆရာတော်ကိုယ်တိုင် ဘူရိဒတ်ဇာတ်ပေါင်းခန်းပျို့၌

ဤသို့ ဖွဲ့ဆိုတော်မူခဲ့၏။

ကူဋာဂါရ၊ ဂေဟကြငှန်း၊ ပွင့်ရွှေနန်းနှင့်၊ မည်မှန်းအဝ၊ ပုရိန္ဒဟု၊ စွဲထသန္ဓေ၊ တို့ချက် ြေ<ွကသား၊ မင်းနေပြည်သာ၊ ထိုနေရာဝယ်၊ သမ္ဘာမျိုးချ၊ ငါတို့ဘလည်း၊ ဓမ္မပါလ၊ ဗြဟ္မဏသို့၊ စာဂစွန့်ကြဲ၊ ကုသိုလ်ရဲလျက်၊ ဝမ်းထဲဖြောင့်စင်း၊ ဂုဏ်သတင်းတည့်၊ လှိုင်ခြင်းရနံ့၊ ပန်းနှယ် ပျံ့မျှ၊ လောက်ငံ့သောက်စား၊ မကုန်အားသား၊ ပုဏ္ဏားဇော်ဂီ၊ မှီခိုရဟန်း၊ ကူးသန်းလားလာ၊ ချိုင့်ဝှမ်းရာဖြင့်၊ သဒ္ဓါပြန့်ပြန့်၊ စိတ်မတွန့်တည့်၊ ရှည်သန့်လက်ကြီး၊ ပေးမငြီးဟု၊ မြှောက်ချီး သာဓု၊ ယခုတိုင်အောင်၊ လူ့ဘောင်ပြောပ၊ ချီးမွမ်းကြ၏။ ရှေးကစီလျဉ်၊ မင်းစဉ်မင်းဆက်၊ မပျက်စွဲသုံး၊ ဤထုံးဤနည်း၊ ဤသို့တည်းဟု၊ သိပ်သည်းနတ်ရွာ၊ သိမြင်မှာလည်း၊ လိုရာမကျန်၊ တတ်ပွန်ကျယ်ဝန်း၊ အဆန်းဆန်းသား၊ ဂဏန်းဟူးရား၊ ကိုးပါးနဝင်း၊ တြင်းသုံးခု၊ ရှစ်ခုဂြိုဟ် ပြေး၊ ကောင်းြ<ွကယ်ရေးနှင့်၊ ရန်ဘေးဥပဒ်၊ စက်သွားဖြတ်သို့၊ မချွတ်မှန်အောင်၊ ကျေးဇူး ဆောင်သား၊ မင်းခေါင်မင်းဖျား၊ မင်းနှစ်ပါးတို့၊ မှတ်သားယုံကြုံ၊ မြတ်နိုးတုံသည်၊ ၊ စုပုံ

လက်သုံး တောင်ဝှေးတည်း။

မောင်မောက်သည် ငယ်ရွယ်စဉ်မှ စ၍ နန်းတွင်သူ နန်းတွင်းသား ပညာရှင်များထံမှ လည်းကောင်း၊ ဖခင်ဓမ္မပါလအမတ်ကြီးထံမှလည်းကောင်း၊ စာပေကဗျာစသော နည်းနာနယတို့ကို လေ့လာမှတ်သားခဲ့ရ၏။ အထူးသဖြင့် စာပေသင်ကြားရာ ဆရာကား နောင်တော်ရင်းဖြစ်သော သျှင်ဝရစက္ကပါလဖြစ်သည်။ မောင်မောက်သည် နောင်တော်ရင်းထံ၌ သင်ရိုးကျမ်းစာ အဖြာဖြာတို့ ကို ဂရုပြု၍ လေ့လာသင်ကြားခဲ့သည်။ သို့ဖြင့် ကျောင်းတွင် ပညာသင်၍လည်းကောင်း၊ ဖခင်ကြီး နှင့် အတူ နန်းတော်တွင်းသို့ လိုက်၍လည်းကောင်း လည့်လည်ပျော်မြူးနေခဲ့လေသည်။

တစ်နေ့သောအခါ မောင်မောက် ၁ဝ-နှစ်သားအရွယ်တွင် ဖခင်ဖြစ်သူနှင့်အတူ နန်း တော်တွင်းသို့ လိုက်ပါသွားလေသည်။ ထိုအချိန်တွင် နန်းတော်တွင်း၌ အိမ်ရှေ့မင်း မဟာသီဟသူ၏ တောင်ဆောင်စံ မြောက်သားတော်သမီး သျှင်စိုးမင်း၊ မြောက်ဆောင်စံ တန်ဆောင်းရှင်ခံ မြောက်သားတော်သမီး မင်းလှမြတ်နှင့် မင်းဘုန်းထွတ်တို့ကို နားထွင်းမင်္ဂလာ ဆင်ယင်တော်မူနေ ခိုက်ဖြစ်၏။ ထိုအချိန်တွင် အိမ်ရှေ့မင်းတရားက မောင်မောက်၏ ဖခငြ်ကီးအား သမီးတော်သုံးပါး နှင့် စပ်ဆိုင်ရာ မင်္ဂလာရှိသော ကဗျာလင်္ကာတိ်ု့ကို ဖွဲ့ဆိုလျှောက်ထားရမည်ဟု မိန့်တော်မူ၏။ ထိုအခါ မောင်မောက်က ဖခင်အစား ကျွန်တော်မျိုး ဖွဲ့ဆိ်ုလျှောက်ထားပါရစေ၊ ဟု လျှောက်ထား ၍ ရုတ်တရက် စပ်ဆို လျှောက်ထားလိုက်သည်။

အိုဘယ့်ဘယ် ၊ အိုဘယ့်သမီးတော် ၊ ထင်ပေါ်ဘုန်းပျံ့သင်း ၊

အိုဘယ့်ဘယ် ၊ အိုဘယ့်သမီးတော် ၊ နတ်သော်ပုံမယွင်း ၊

အိုဘယ့်ဘယ် ၊ အိုဘယ့်သမီးတော် ၊ စန္ဒောလနှယ်ဝင်း ၊


မောင်မောက်သည် ညီညွတ်သော ကာရန်ဝကျဖြင့် မှူးမတ်ဗိုလ်ပုံတို့ အလယ်တွင် ရဲ့ဝံ့စွာ စပ်ဆိ်ု၍ လျှောက်တင်လိုက်ရာ ပရိသတ်အပေါင်းမှာ ဝမ်းမြောက် အံ့ဩစွာ မောင်မောက်၏ ပညာစွမ်းကိ်ု ချီးမွမ်းထောမနာကြကုန်၏။

မောင်မောက်သည် နောင်တော် သျှင်ဝရစက္ကပါလအထံ၌ စာပေသင်ကြားနေရာမှ ဆက်လက်၍ သီဟိုဠ်ရောက်ဘုန်းတော်ကြီးထံတွင်လည်း စာပေများကို နည်းခံသင်ကြားပြန်လေ သည်။ ဤသည်ကို ရည်၍ ဘူရိ်ဒတ်ဇာတ်ပေါင်းပျို့ နိဂုံး၌

ရဋ္ဌသာရ၊ လဒ္ဓသရော်၊ နွတ္ထခေါ်သား၊ သူတော်သွေးရည်၊ ငါတုံသည်လည်း၊ ဖြောင့်

ကြည်သဒ္ဓါ၊ နောင်ဆရာလျှင်၊ သမ္ဘာရင့်လှည့်၊ ညီတပည့်ဟု၊ မပြည့်ပေါ်တင်း၊ ထဲဝမ်းတွင်းက၊ ချစ်ခြင်းတမူ၊ မတူစသာ၊ နည်းနာသင်ထွေ၊ အခြေရမြောက်၊ ကြံ့ကြံ့ထောက်၍၊ ရောက်ပေါက် သိဃိုဠ်၊ ကျေးဇူးဟိုသား၊ ပုဂ္ဂိုလ်မည်သီး၊ ထေရ်ဘုန်းကြီးဝယ်၊ မှီးခဲ့လက်လွတ်၊ ြ<ွကင်းမဲ့တတ်

သား၊ သူမြတ်တိ်ု့ထံ၊ ထုံးစံရမိ၊ အပြည့်ကြည့်လျက်၊

ဟု ဖွဲ့ဆိုထားလေသည်။

မောင်မောက် ထပ်ဆင့်ဆည်းကပ်ခဲ့သော သီဟိုဠ်ရောက်ဘုန်းတော်ကြီး ဆိုသည်မှာ သက္ကရာဇ် ၇၉၁-ခုနှစ်က ဓာတ်တော် ငါးဆူနှင့်အတူ အင်းဝသို့ သာသနာပြု ြ<ွကရောက်လာသော သီရိသဒ္ဓမ္မာဘိလင်္ကာရနှင့် သီဟဠမဟာသာမိ မထေရ်နှစ်ပါးကို ရည်ညွှန်းဟန်တူပေသည်။ ထိုနှစ်ပါး ကို သီဟိုဠ်ရောက်ကြီး သီဟိုဠ်ရောက်ငယ်ဟူ၍ မှတ်သားကြသည်။ ထိုအရှင်နှစ်ပါးတွင် မောင်မောက် နည်းခံသင်ကြားခဲ့သော ဆရာမှာ သီလဂုဏဝန်၊ ထေရ်မွန်ပုဂ္ဂိုလ်၊ သိန်းဃိုဠ်ရောက် ကြီး၊ သံဃာ့ထီးကို၊ ဟု ကိုးခန်းပျို့ နိဂုံး၌ စပ်ဆိုသည်ကို ထောက်၍ အကြီးဖြစ်သော သျှင်သဒ္ဓမ္မာ ဘိလင်္ကာရ မထေရ်ကိုပင် ဆိုရမည် ဖြစ်ပေသည်။

ထိုသီဟိုဠ်ရောက် ဘုန်းတော်ကြီးထံ၌ ခိုမှီးနေစဉ် အသက် ၁၆-နှစ် အရွယ်တွင် 'သာကီယဟု၊ တေဇကျော်ဟိုး ' အစချီ ဘူရိဒတ်လင်္ကာကြီးကို ရေးသားစပ်ဆိုလေသည်။ ထိုအကြောင်းကို ကိုးခန်းပျို့ နိဂုံး၌

သိန်းဃိုဠ်ရောက်ကြီး၊ သံဃာ့ထီးကို၊ ခိုမှီးငြမ်းထောက်၊ ထိပ်ထက်ဆောက်မှ၊ ဆယ့်

ခြောက်နှစ်ရွယ်၊ နှစ်ဆယ်အတွင်း၊ လေးနှစြ်<ွကင်းဝယ်၊ မကင်းဝါသနာ၊ ဆက်တိုင်းပါ၍၊ ပညာ

မြင်သိ၊ စွမ်းသတ္တိဖြင့်၊ ဘူရိဒတ္တ၊ ဆိုစပြီးမြောက်၊

ဟု ဖွဲ့စပ်ထားရာ ဘူရိဒတ်လင်္ကာကြီးကို ၁၆-နှစ်အရွယ်မှ စတင်ရေးသားခဲ့ပြီး ၂ဝ- အတွင်း လေးနှစ်တာကာလ၌ ရေးသားခဲ့သည်ဟု ဆိုပေသည်။

မောင်မောက်သည် မည်သည့်ခုနှစ်တွင် သာမဏေဘောင်သို့ ဝင်ရောက်ခဲ့သည်ဟု အမှတ်အသား မတွေ့ရပေ။ ဘူရိဒတ်လင်္ကာကြီးကို ရေးသားချိန်တွင်အမူ လူ့ဇာတိ လူ့အဖြစ်နှင့် သာ ရှိနေပေသေးသည်။ သံဝရပျို့ နိဂုံး၌ ခပ်သိမ်းဒါန၊ အနန္တကို၊ ဓမ္မအလှူ၊ အောင်သောဟူသည်၊ စိတ်ယူတည်ဘိ၊ လူ့ဇာတိက၊ ဘူရိဒတ္တ၊ ဆိုစပြီးမြောက်၊ ဟု ရေးဖွဲ့ထားသောကြောင့် မောင်မောက်သည် ၁၆-နှစ်အရွယ် လူပျိုပေါက်သည်အထိ သျှင်သာမဏေဘောင်သို့ မဝင်ရသေး ကြောင်း ထင်ရှားသည်။ စာဆိုတော်များအတ္ထုပ္ပတ္တိကျမ်း၌မူ မောင်မောက်သည် ၁၉-နှစ်ကျော် ၂ဝ-တွင်း၌ လူ့ဘဝ လူ့ဇာတိမှ တစ်ခါတည်း ရဟန်းဘောင်သို့ တက်ရောက်ခဲ့သည်ဟု မှတ်ချက် ချထား၏။ သို့ရာတွင် ခိုင်လုံသော အထောက်အထား မတွေ့ရပေ။

သျှင်မဟာရဋ္ဌသာရလောင်းလျာ မောင်မောက်သည် ၁၆-နှစ်အရွယ်၊ သို့မဟုတ် ထို့ထက် ပိုလွန်သည့် အရွယ်အထိ နန်းတော်တွင်း၌ ကျက်စား ပျော်ပါးနေခဲ့ရသောကြောင့်လည်းကောင်း၊ ' ဝဏ္ဏပဘာ ' နှင့် ' ပုရေနိသင် ' စသော ရတုများကို ရေးစပ်ထားသောကြောင့်လည်းကောင်း နှောင်းခေတ် သုတေသီတို့၏ အတွေး၌ သျှင်မဟာရဋ္ဌသာရ၏ ဘဝကဏ္ဍသစ်တစ်ခုကို ဖော်ထုတ် ခဲ့ကြသည်။ ဤသည်မှာ သျှင်မဟာရဋ္ဌသာရ၏ အချစ်ရေးကိစ္စပေတည်း။

သျှင်မဟာရဋ္ဌသာရ၏ ဘဝသည် နန်းသူတို့အလယ်တွင် ထင်ရှား ကျော်ကြားခဲ့၏။ ကဗျာလင်္ကာ စာဆိုတော်လေးဖြစ်သောကြောင့် နန်းတွင်းသူ အလှကလေးများက ပျူငှာအခွင့် အရေးပေး၍ မြတ်နိုးမိကြမည်။ ထိုအထဲတွင် သျှင်မဟာရဋ္ဌသာရနှင့် နှစ်ကိုယ်တူ ရည်မျှ၍ ချစ် ခဲ့ရသူမှာ ' ဝဏ္ဏပဘာ ' ခေါ် လှကလျာ ဖြစ်ခဲ့ပါသည်။ သျှင်မဟာရဋ္ဌသာရလောင်းလျာသည် ကဗျာဆရာ ဖြစ်သည့်အလျောက် ဝဏ္ဏဘာ၏ အလှကို လင်္ကာဖြင့် ကုံးသီခဲ့၏။ ရတုဖြင့် ရေးစီခဲ့၏။ ဆရာတော်သည် ဝဏ္ဏပဘာ၏ အလှသရုပ်ကို တောင့်တဲတွန့်ရတုပိုဒ်စုံဖြင့် ဖော်ထုတ်လှစ်ပြခဲ့၏။ ထိုရတုမှာ လူ့အဖြစ် လူ့ဇာတိကပင် ချစ်သူ၏ အလှကို ခြယ်မှုန်းခဲ့သည်ဟု ယူဆရ၏။ အဘယ့်ကြောင့်ဆိုသော် ' ပုရေနိသင် ' ချီရတုတို့၌ ရဟန်းဘဝဖြင့် စပ်ဆိုရာ အထိန်းအချုပ်ဖြင့် စပ်ဆိုခဲ့သည်။ ဝဏ္ဏပဘာအဖွဲ့မှာကား ချစ်သူ၏ အလှကို အားကုန်ခြယ်မှုန်း၍ သီကုံးဖွဲ့ဆိုခဲ့ခြင်း ဖြစ်၏။ ထို့ပြင် မျက်စိအောက်တွင် ရှုမြင်ရသည့်အတိုင်း ဖွဲ့ဆိုခဲ့ခြင်းလည်း ဖြစ်သည်။ ထို့ကြောင့် ဝဏ္ဏပဘာရတုကို ငယ်စဉ်လူ့ဘဝက ရေးသားခဲ့သည်ဟု ယူဆစရာ ရှိပေသည်။

ဤသို့ဖြင့် သျှင်မဟာရဋ္ဌသာရလောင်းလျာသည် ရဟန်းပြုရန် အချိန်အရွယ်သို့ ရောက် ရှိလာခဲ့၏။ ထိုအခါ ကျွန်းတွင် ဇမ္ဗူလုံး၊ ပြိုင်တိုင်းရှုံးသည်၊ ပြစ်လုံးကင်းစင်ကွာ၊ မိုးသူဇာကို ပစ်ခွာထားခဲ့ရတော့မည်။ တစ်ချိန်ကဆိုလျှင် ဝဏ္ဏပဘာ လှကလျာ ငယ်ကျွမ်းဝင်နှင့်၊ သို့ပင်တာရှည၊် ပျော်ရမည်ဟု လည်း မှတ်ထင်ခဲ့မိသဖြင့် ခက်မတစ်ထောင်၊ ပညောင်စောင့် နတ်၊ ရှင်နတ်မြတ်ကို ပင် ခိုင်မြဲစေမှုအတွက် သက်သေပြုခဲ့ကြဖူးသည်။ ဘယ်သို့ပင် ချစ်စထုံး နှောင်၊ ပျော်ရအောင်ဟု ရည်ရွယ်ထားပါသော်လည်း သာသနာတော်ရေးအတွက် ရဟန်းဘောင် သို့ တက်ရောက်ရတော့မည့် အခါတွင် ချီတုံ ချတုံ အာရုံထွေပြားလျက် စိတ်သောက ပွားခဲ့ရပေ သည်။

ဤသို့ သာသနာရေးက တစ်ဖက်၊ အချစ်ရေးက တစ်ဖက်နှင့် စိတ်ဝိတက်များပြားနေ ရချိန်တွင် ငြိ်မ်သက်စွာ စိတ်ကို ထိန်းသိမ်းတော်မူလျက် သာသနာ့ဝန်ထမ်း ရဟန်းမြတ်ဘဝနှင့် မာတုဂါမတို့သည် မအပ်စပ်စွတကား၊ ဟု တရားသံဝေ ယူတော်မူချေ၍ သာသနာရေးကို အနိုင် ပေးခဲ့ရှာသည်။ ဝဏ္ဏပဘာ၊ ကလျာဖူးစသစ်၊ ပျိုမျစ်မျစ်ကို ကြေကွဲစွာ ခွဲခွာတော်မူ၍ ရဟန်းဘဝ ကိုသာ ရယူတော်မူခဲ့သည်။ ထိုအကြောင်းကို ရဟန်းဘဝ ရယူတော်မူပြီးသည့်နောက်၌ စပ်ဆိုတော်မူသော ' ပုရေနိသင် ' အစချီ ရတုပိုဒ်စုံတွင်-

ပုရေနိသင်၊ ဆက်တိုင်းကြင်၍၊ အိမ်ရှင်အစစ်၊ ငယ်ကျွမ်းချစ်နှင့်၊ ထပ်ရစ်လက်သင်၊

ထုံးစတွင်၌၊ သွေးငင်ကြမ္မာ၊ ဝါသနာကြောင့်၊ ဆရာမိဘ၊ ကွပ်ဆုံးမလည်း၊ ချစ်စထုံးနှောင်၊ ပျော်ရအောင်ဟု၊ သန်ကောင်မဟူ၊ အတူယှဉ်နွှဲ၊ သန်လွဲမခန့်၊ အသက်စွန့်၍၊ ဝေဓွန့်ခရီး၊ ချုံကြီးတောအုံ၊ ဝါးရုံဝါးစေး၊ သစ်ကျားဘေးကို၊ မတွေးဆံဖျား၊ မလေးစားတည့်၊ တရားသံဝေ၊ အောက်မေ့ချေသော်၊ ကြေးရွှေဂဟေ၊ မစပ်ချေသို့၊ စာပေတတ်ပွန်၊ ဓမ္မခန်နှင့်၊ ကျမ်းဂန် သိမြောက်၊ ပဉ္စင်းရောက်က၊ ထပ်လှောက်ကြင်ဖွယ်၊ ရှေးသောနှယ်ကို၊ ၊ အဘယ်ကြိုးရှာ

ပေတော့မည်။

ဟု ဖော်ပြတော်မူခဲ့သည်။

သျှင်မဟာရဋ္ဌသာရသည် မိမိကိုယ်ကို တရားချ၍ ရဟန်းဘဝကို ရယူခဲ့သော်လည်း အလွမ်းဖြေ မပြေနိုင်ခဲ့ရှာပေ။ ထို့ကြောင့်လည်း စိတ်ပြေရာ ပြေကြောင်း အောက်မေ့၍ လူလည်း တစ်ထွေ၊ ရေလည်းတစ်ခြား၊ ဖျားလည်းတက်သက်၊ ကြောက်မက်ချင်ဖွယ်၊ ပင်လယ်ချောင်းမြောင်း၊ မကြီးတောင်းတည့်၊ ဆောင်းဆောင်းဆိုင်းဆိုင်း၊ ပြိုင်းရရိုင်းတည့်၊ မှိုင်းမှိုင်းအုပ်ထွေ၊ ဝေဝေမို့မို့၊ ညို့ရရို့နှင့်၊ မြသို့ရှိန်းရှိန်း၊ ခပ်သိမ်းတောတောင်၊ ကုန်အောင်ပတ်ကုံး၊ မျှော်မဆုံး သည့် ရခိုင်တောင် ကုန်းဒေသဆီသို့ ခရီးထွက်ခဲ့လေသည်။ ရခိုင်ပြည်သို့ ရောက်ရှိသည်တွင် ' နှစ်ကူးလည်၍၊ မိုးစည်ပျံ့ ပျူး၊ ' အစချီ ရတုပိုဒ်စုံကို ရေးသားတော်မူသည်။

ထိုမှတစ်ဖန် စက်တော်ရာ ဒေသသို့ ဘုရားဖူးရန် ြ<ွကရောက်ခဲ့ပြန်သည်။ ထိုဒေသသို့ ြ<ွကချီတော်မူရင်း တောင်တောင်ရေမြေ သာယာပုံ၊ ငှက်တိရစ္ဆာန်တို့၏ ဖိုမယှက်နွှဲ ပျော်ပွဲဝင်နေ ကြပုံတို့ကို ဖွဲ့နွဲ့၍ တောလားလင်္ကာကို စီကုံးတော်မူသည်။

သျှင်မဟာရဋ္ဌသာရသည် အသက် ၁၆-နှစ်အရွယ် လူပျိုငယ်ဘဝက ရေးသားခဲ့သော ဘူရိဒတ်လင်္ကာကြီးကိုလည်း ရဟန်းအဖြစ်ရောက်မှ အပြီးသတ် ရေးသားနိုင်လေတော့သည်။ ထိုအကြောင်းကို ဘူရိဒတ်လင်္ကာကြီး နိဂုံး၌

မည်ပင်ရဋ္ဌ၊ သာရအစစ်၊ ဆယ့်ခြောက်နှစ်လျှင်၊ တက်သစ်အရွယ်၊ လူငယ်သော်က၊

ဆိုစတင်းလင်း၊ ြ<ွကင်းဘိသောအား၊ ဆန်းပြားနည်းနာ၊ အဖြာဖြာလျှင်၊ လင်္ကာယတိ၊ စောင်း သို့ညှိ၍၊ ဘူရိဒတ္တ၊ နဂရပဝေ၊ ခေါ်ထွေအမည်၊ အပိုင်းသည်ကား၊ သာကြည်ချမ်းမြေ့၊ ဤ

တွင်ရွေ့လျှင်၊ စေ့စေ့စုံစုံ၊ အပြီးကုန်၏၊

ဟု မှတ်သား ဖွဲ့ဆိုတော်မူခဲ့၏။

သက္ကရာဇ် ၈၅၆-ခုနှစ်၊ အသက် ၂၆-နှစ် အရွယ်၌ ဘူရိ်ဒတ်လင်္ကာကြီး၏ အဆက်ဖြစ် သော ' ဘူရိဒတ်ဇာတ်ပေါင်းပျို့ ' ကိုလည်း ရေးသားစီရင်တော်မူပြန်သည်။ ထိုအချိန်တွင် အင်းဝ မြို့တော်၌ သီတင်းသုံးကြသော ရဟန်းပုဂ္ဂိုလ်အချို့သည် သျှင်မဟာရဋ္ဌသာရနှင့် သျှင်မဟာသီလ ဝံသတို့အား ကဗျာလင်္ကာစသည်တို့ကို ဖွဲ့ဆိုတော်မူကြသဖြင့် ' သာချင်းသည်များ ' ဟူ၍ သတ်မှတ်ခေါ်ဝေါ်ကြဟန် ရှိပေသည်။ ထိုစဉ်အခါက ဗုဒ္ဓသာသနာအမြင်ဖြင့် ရှုကြည့်ပါမူ ဤသို့ပင် ရှုမြင်ကြမည်သာ ဖြစ်သည်။ သို့ရာတွင် တစ်ဖက်မှ အပြစ်တင်သကဲ့သိ်ု့ ချီးမွမ်းထောမနာ ပြုသူတွေ လည်း အများအပြားပင် ရှိချေမည်။

ယခုဖော်ပြခဲ့သော အချက်အလက်များနှင့် စပ်လျဉ်း၍လည်း ရှေးဟောင်းစာပေများ၌ များစွာ တွေ့ရခြင်း မရှိပေ။ တွေ့ရှိရသော စာဟောင်းအမှတ်အသားများတွင်လည်း သျှင်မဟာ ရဋ္ဌသာရ၏ လုပ်ဆောင်ချက်နှင့် ပတ်သက်၍ ဆိုလောက်ဖွယ်သော အကြောင်းများကို မတွေ့ရ ပေ။ သို့ရာတွင် ထိုခေတ်၏ တွေးခေါ်ယူဆချက်အရဆိုလျှင် ရဟန်းပုဂ္ဂိုလ်အချို့၏ အာရုံ၌ နှစ်မြို့ နိုင်မည် မဟုတ်ချေ။ ကုန်းဘောင်ခေတ်ပိုင်းမှာပင် သင်္ကန်းရုံမှု၊ တင်မှု အသေးအဖွဲကိစ္စလေးမှ စ၍ သာသနာပိုင်နှင့်တကွ ရဟန်းပညာရှင်များ အတိဒုက္ခရောက်ခဲ့ကြရသည်။ ထို့ထက် ရှေးကျ သော အင်းဝခေတ်တွင်မူ သျှင်မဟာရဋ္ဌသာရတို့ လုပ်ဆောင်ချက်များသည် အဘယ်မှာလျှင် ခမ်းနား၍ မလာဘဲ ရှိပါမည်နည်း။

သျှင်မဟာရဋ္ဌသာရ၏ လုပ်ဆောင်ချက်အပေါ်၌ မနှစ်သက်ကြောင်းကို ဖော်ပြသော ရှေးဦးစွာ တွေွှ့ရသည့်စာမှာ သာလွန်မင်းတရားလက်ထက် အမှတ်အသား ဖြစ်သည်။ သက္ကရာဇ် ၉၉၇-ခု၊ တန်ဆောင်မုန်းလဆန်း ၁၂-ရက်၊ သောကြာနေ့တွင် ရည်မှုံနှင့် အောင်မြတ်ကို စေတော်မူ ၍ တောင်ဖီလာဆရာတော်ထံ လျှောက်တင်ရာ၌

ပြည်တွင် မဟာဓမ္မသာမိဘုန်းတော်ကြီးကို ဘိုးတော်မင်းတရားကြီး ပင့်တော်မူသော

အခါ ရဋ္ဌသာရသူမြတ်တွင် တပည့်ခံတော်မူဖူးသလောဟု မေး၏။ မကြိုက်၍ မခံပေသည် ဟု ဆိုသည်။ ဘယ့်ကြောင့် မကြိုက်သနည်းဟု မေးသော် သူမြတ်တို့သည် စာပေကျမ်းဂန် မူကား တတ်၏။ ဝတ္ထုကံကျောင်းကို နေ၍ စည်းစိမ်းချမ်းသာ များလှသည်။ မထေရ်သင်္ဃ ရာဇာအကျင့်သာ ဖြစ်သည်။ စာပေနာသည့် တပည့်တို့သည် ဒုကုဋ်တင်၍မျှ မနာကုန်။

ထို့ကြောင့် မကြိုက်၍ မခံပေသည်ဟု ဆိုသည်။

ဟူ၍ သာလွန်မင်း အမေးပိ်ုဒ်တွင်လည်းကောင်း၊

သျှင်ဓမ္မသာမိသည် သျှင်ရဋ္ဌသာရ၌ တပည့်မခံဆိုရာမှာလည်း အရှင်ရဋ္ဌသာရတို့သည် ရပ်မအသုံးအဆောင်ကို သုံးဆောင်သည် ဖြစ်သောကြောင့် မခံလေသည်။

ဟူ၍ တောင်ဖီလာဆရာတော် အဖြေပိုဒ်တွင်လည်းကောင်း တွေ့ရှိရလေသည်။

ဖော်ပြပါ အကြောင်းရပ်တို့ကို ကောက်ချက်ချလျှင် သျှင်မဟာရဋ္ဌသာရသည်-

၁၊ ဘုရင် မင်းမြတ်များ လှူဒါန်းသော ပြည့်စုံသည့်ကျောင်း၌ နေထိုင်ခြင်း၊

၂၊ စာပေပို့ချစဉ် စာလိုက်တပည့်တို့သည် ဒုကုဋ်တင်၍ မလိုက်ခြင်း၊

၃၊ ရပ်မအသုံးအဆောင်၌ ပါဝင်သည့်ဟု လူတို့သမုတ်သော စာပေများကို ဖွဲ့ဆိုခြင်း

တို့ကို အဓိကအားဖြင့် တွေ့မြင်ရပေသည်။

ထိုအကြောင်းကိုပင် ထပ်လောင်း၍ သက္ကရာဇ် ၁၁၂၃-ခုနှစ်တွင် လက်ဝဲနော်ရထာက တောင်တွင်းခင်ကြီးဖျော်အား လျှောက်ထားသောကြောင့် ဖြေဆိုရဖူးသည်။ တစ်ဖန် သာသနာ လင်္ကာရစာတမ်းကို ရေးသားသော မဟာဓမ္မသင်္ကြံ၏ စာအုပ်၌လည်း ထိုအကြောင်းကိုပင် ဖောက်သည်ချ ရေးခဲ့ပြန်သည်။ သို့ရာတွင် မူလစကားအတိုင်း မဟုတ်တော့ဘဲ ပြည်မဟာဓမ္မသာမိ နေရာတွင် စစ်ကိုင်းသျှင်တိသာသနဓဇဟူ၍ ရေးသားထား၏။ အခြား အဓိပ္ပာယ်ကား အားလုံးတူ သည်။ ထို့ပြင် အပိုမှတ်သားချက်များလည်း ပါဝင်လာခဲ့ပြန်သည်။ သာသနာလင်္ကာရစာတမ်းကျမ်း တွင် အောက်ပါအတိုင်း ရေးသားထားသည်။

သက္ကရာဇ် ၈၄၂-ခုနှစ်၊ ရှမ်းဈေးလမ်းမအရှေ့၊ မနော်ရမ္မံဥယျာဉ်နှင့် မနီးမဝေးတွင်

ဒုတိယဘုရင်မင်းခေါင်လက်ထက် သိမ်တော်သမုတ်ရသည်။ သိမ်မြောက် ဘုရားလည်းတည် သည်။ ထိုသိမ်ကို ဒုတိယဘုရင်မင်းခေါင်သိမ်ဟု တွင်သည်။ ရွှေစည်းခုံတောင်က သိမ်ကိုကား ပထမမင်းခေါင်သိမ်ဟု တွင်သည်။ ဒုတိယမင်းခေါင် သိမ်သမုတ်သည့်ကာလ အခြားသင်္ဃာ များက သာချင်းသည်တို့ ပါလျှင် ငါတို့ မလာမလိုက်ပြီဟု ဆိုသောကြောင့် သျှင်သီလဝံသနှင့် သျှင်ရဋ္ဌသာရတို့ သိမ်သမုတ်ရာ မပါဝင်ရဟူ၍ ဆရာစဉ်ဆက် ဥဒါန်းစည်ရှည် ပြောဆိုကြ

သည်။

အထက်ပါစကားကို သတိထား၍ လေ့လာလျှင် ချွတ်ယွင်းချက်များကို တွေ့ရမည် ဖြစ်၏။ ထိုရေးသားချက်အရ ၈၄၂-ခု၊ ဒုတိယဘုရင်မင်းခေါင်လက်ထက် သိမ်သမုတ်သည် ဟု ဆိုလိုရင်း ရှိ၏။ ၈၄၂-ခုနှစ်တွင် သျှင်မဟာရဋ္ဌသာရသည် ရဟန်းဘောင်သို့ ရောက်နိုင်သော အရွယ်လည်း မဟုတ်သေး။ ဆရာတော်သည် ၈၃ဝ-ပြည့်ဖွား ဖြစ်၍ ၁၂-နှစ်အရွွှယ်မျှသာ ရှိပေသေးသည်။ သို့မဟုတ်ဘဲ သက္ကရာဇ် ၈၄၂-ခုနှစ်တွင် နန်းတက်သော ဒုတိယဘုရင်မင်းခေါင် လက်ထက် ဟုဆိုလျှင် လက်ခံသင့်သကဲ့သို့ ရှိ၏။ သို့တိုင်အောင် ရဟန်းငယ်ကလေးမျှသာဖြစ် သော သျှင်ရဋ္ဌသာရအား သက်တော် ဝါတော်ကြီးမားသော ဆရာတော်ကြီးများက အလေးဂရုပြု ကာ ဖယ်ရှားနေလမ့်မည် မဟုတ်ပေ။

ဖော်ပြခဲ့ပြီးသော ပြဿနာများကိုသာ စာဟောင်းပေဟောင်းများ၌ အမှတ်အသား တွေ့ရသေးသည်။ ရှင်မဟာရဋ္ဌသာရနှင့် သျှင်မဟာသီလဝံသတို့နှင့် စပ်လျဉ်း၍ နှောင်းခေတ်စာပေ နယ်မြေတွင် အတည်မပြုလောက်သော အရေးအသားများကား မြောက်မြားလှစွာကုန်၏။ထိုအရေး အသားတို့သည်လည်း ယုံကြည်ဖွယ်ရာ တန်ဆာဆင်၍ ရေးသားခဲ့ကြသဖြင့် အတော်ပင် တွင်ကျယ် လျက် ရှိခဲ့၏။ သို့ရာတွင် နှုက်နှုက်ချွတ်ချွတ် လေ့လာသူ ပညာရှင်တို့သည်ကား စစ်၍ စစ်၍ ယုံကြည်ကြလေသည်။

မည်သို့ရှိစေ သျှင်မဟာရဋ္ဌသာရတို့ ခေတ်တွင် စာပေဖွဲ့နွဲ့မှုကို ယုံကြည်ကိုးစားသူလည်း ရှိမည်။ ပယ်မြစ်ကန့်ကွက်သူလည်း ရှိမည်။ ဤသည်မှာ လောကနိယာမ သဘောအရ ဖြစ်သည်။ သျှင်မဟာရဋ္ဌသာရဆရာတော်ကလည်း ဤကဲ့သို့ ချီးမွမ်းခြင်း၊ ကဲ့ရဲ့ခြင်းသဘောကို သိတော်မူသည် သာတည်း။ သို့သော်လည်း ဘုရားလူ့ဘ၊ မုနိန္ဒလျက်၊ မိန်းမယောကျာ်း၊ လူ့စကားဖြင့်၊မကြား စကောင်း၊ မနာတောင်းကို၊ အကြောင်းဆောင်သွေး၊ ဟောတုံသေး သဖြင့် ချီးမွမ်းမှု၊ ကဲ့ရဲ့မှုတို့ကို ကြည့်ရှုတော် မမူအားဘဲ လူ့အကျိုး လူ့စာရိတ္တအတွက် အတွေးလည်း မပျက်ခဲ့။ အရေးလည်း မပျက်ခဲ့။ ဆိုရေးရှိက ဆိုအပ်သည်သာ ဖြစ်ပေသည်။

ဤကဲ့သို့ ဇာတ်တော်ကြီးများကို ဖွဲ့ဆိုရာမှာလည်း ပညာရှင်ကြီးများအတွက်ဟူ၍ ဝန် ခံတော် မမူပေ။ စာကြီးပေကြီးများကို မဖတ်ရှုနိုင်သူ နုနယ် ငယ်ရွယ်သူများအတွက် အထူးအားဖြင့် ရည်ညွှန်းရေးသားထား၏။ ဆရာတော်သည် ငါ၏ စာသည် ငါ့အောက် အသိပညာငယ်သော နုနယ်သူများအတွက် အသိ်ပညာပြန်ပွားကာ အမှောင်ခွင်း၍ အလင်းကို ဆောင်နိုင်ပါစေ၊ ဟူ သော စေတနာဖြင့် ရေးသား ဖွဲ့ဆိုခဲ့ခြင်း ဖြစ်ပေသည်။ ဆရာတော်ကလည်း- လူတို့နားတွင်း၊ မိုက်မလင်းကို၊ ဝင်းဝင်းထွန်းညီး၊ Óဏ်ဆီမီးဖြင့်၊ မှောင်ကြီးကင်း ပျောက်၊ ငါ့စာရောက်က၊ ငါ့အောက်ပညာ၊ နုသေးစွာသား၊ သမ္ဘာမပြန့်၊ လူအဝှန့်အား၊ စိတ် ပြားပညာ၊ ပွားပါလိမ့်မည်၊ သူတို့ရည်၍၊ သာကြည်ရွှင်လန်း၊ လင်္ကာညွှန်း - ရပါကြောင်း ဝန်ခံတော်မူခဲ့လေသည်။

ဤဘူရိဒတ်လင်္ကာကြီးနှင့် ဘူရိဒတ်ဇာတ်ပေါင်းပျို့တို့ကို ရေးသားပြီးနောက် ပြည်သူအများတို့သည် ဆရာတော်၏ Óဏ်ရည်အစွမ်းကို လေးစားကြည်ညိုကြသည်။ ဘုရင်နှင့် မှူးမတ်အသိုင်းအဝန်းမှလည်း ဆရာတော်၏ စာများကို အင်းဝရွှေနန်းတော်ကြီး အတွင်း၌ စာပွဲ သဘင်ခံ၍ ကြားနာကြပြီးလျှင် ရွှေပန်း၊ ငွေပန်း၊ ရွှေပေါက်ပေါက်၊ ငွေပေါက်ပေါက်တို့ဖြင့် ကြဲမြှောက်ကာ ကောင်းချီးနုမော် သာဓုခေါ်ကြလေသည်။ ဆရာတော်သည် ရဟန်းဘဝကို ရယူခဲ့ပြီးသည့်နောက် မိမိဘဝကို စာပေ၌သာ မြှုပ် နှံထားခဲ့၏။ ယင်းသို့ မြှုပ်နှံကာ စာပြုလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်တော်မူရင်း တပည့် စာသင်သားများကိုလည်း စာပေပို့သခြင်း အလုပ်များကို မလစ်ဟင်းစေဘဲ ဆောင်ရွက်နေသည် ဖြစ်ကြောင်းကို -

စိတ်ပြားဝေခွဲ၊ ကြံနှိုက်နဲလျက်၊ စာပွဲခံခံ၊ စာအံသောင်းသောင်း၊ တပည့်ပေါင်းကို၊

ဖြားယောင်းပစ္စည်း၊ ဖြည့်သိမ်းဆည်း၍၊ ဟောနည်းသွယ်ပြား၊ ရှင်တော်ကြားသို့၊ နားပါးဝင် ကြောင်း၊ သင်လိုက်ရှောင်း၏၊ မကောင်းဝန်တို၊ အကုသိ်ုလ်ကား၊ ၊ ငါ့ကို မချစ် ပစ်စေ

သော။

ဟု ဇာတ်ပေါင်းခန်းပျို့ နိဂုံး၌ စပ်ဆိုတော်မူလေသည်။

ဤသို့ စာပေပြုစုခြင်း၊ ပို့ချခြင်းတို့ကို လုပ်ဆောင်လာရသောအခါ၌ ယခင်နှစ်များစွာက နန်းတော်တွင်းဝယ် ပျော်ပါး မြော်<ွကားနေခဲ့သော အချိန်တို့ကို နှမြောလာဟန် ရှိသည်။ ယခုမူကား ရဟန်းဘဝကို ရယူနိုင်သဖြင့် ကြည်နူးမဆုံး ရှိလာသည်။ တစ်ဆက်တည်းပင် မိမိဘဝနှင့် ဆက်စပ်၍ ၅၅ဝ-ဇာတ်၊ ဝီသတိနိပါတ်မှ ဟတ္ထိပါလဇာတ်ကို သွား၍ သတိရလေဟန်ရှိသည်။ အဘယ့်ကြောင့် ဆိုသော် ဇာတ်တော်မှာ လောကီအာရုံ့ ကာမဂုဏ်တို့ကို ပယ်ခွာ၍ တောထွက်ပြီး တရားဓမ္မ တို့ကို အားထုတ်သင့်ကြောင်း ပြဆိုသော ဇာတ်ဖြစ်သောကြောင့်တည်း။

ဆရာတော်သည် ထိုဇာတ်တော်ကြီးကို မိမိကိုယ်တိုင် စဉ်းစားမိရုံမျှ မကဘဲ ဘုရင် မင်းခေါင်အားလည်းဟောကြားတော်မူ၏။ ဘုရင်မင်းခေါင်နှင့် မိဖုရားကြီးအတုသိရိမာယာဒေဝီ တို့သည် အလွန်နှစ်သက်တော်မူကြသဖြင့် ထိုဇာတ်တော်ကြီးကို ပျို့တစ်စောင် ဖွဲ့စီတော်မူပါရန် ကိုပင် ဦးတင်လျှောက်ထားကြကုန်၏။ ထိုအကြောင်းကို ကိုးခန်းနိဂုံး၌-

နည်းလျှောက်ကြံမိ၊ ဟတ္ထိပါလ၊ ဇာတကဟု၊ ဓမ္မမြုတေ၊ ဟောကြားပေသော်၊ ထဲနေ

ရပ်အောင်၊ သာစည်ဘောင်တွင်၊ မင်းခေါင်ဒုတိယ၊ တို့မွေးဘလျှင်၊ နားဝငြိမ့်ငြိမ့်၊ နှစ်သိမ့်

ကြည်စွာ၊ တောင်းပန်ထွာသည်၊ ၊ တန်ဆာဆင်စိမ့်သောကြောင်းတည်း။

ဟူ၍ ဖွဲ့ဆိုတော်မူခဲ့သည်။ သို့ရာတွင် ထိုပျို့ကို ချက်ချင်း ဖွဲ့ဆို ရေးသားခြင်း မပြုနိုင်ခဲ့ပေ။

သက္ကရာဇ် ၈၅၈-ခုနှစ်၊ အသက် ၂၈-နှစ်အရွယ်တွင် ' တန်တားဦးတည် မင်္ဂလာစေတီ မော်ကွန်း ' ကို ရေးစပ်ခဲ့သည်။ ထိုစေတီတော်အကြောင်းကား ဤသို့တည်း။ ဒုတိယဘုရင်မင်းခေါင် သည် နန်းတက်တော် မမူမီ အိမ်ရှေ့မင်းသား ဘဝက တန်တားဦးအရပ်၌ ညဥ့်အခါတိုင်းလိုလိုပင် အရောင်အဝါများ ပြိုးပြိုးပြက်ပြက် ဖြစ်သည်ကို မြင်ရသောကြောင့် ဒုဋ္ဌဂါမဏိမင်းကြီးသည် မဟာစေတီတော်ကြီးကို တည်တော်မူသည့်ကာလ နိမိတ်ထင်ရှား ပြဘိသကဲ့သို့ ဝမ်းမြောက်ဝမ်းသာ ဖြစ်တော်မူ၏။ မင်းခေါင်သည် ထိုတန်တားဦးအရပ်၌ နောင်အခါတွင် ကျောင်းနှင့် စေတီတည် မည်ဟုလည်း အကြံအစည် ဖြစ်ခဲ့၏။ သို့နှင့် သက္ကရာဇ် ၈၄၂-ခုနှစ်တွင် မင်းအဖြစ်သို့ ရောက်ရှိ သော အခါ၌ ရှေးဦးစွွှာ မြေတလင်းကို ညှိ၍ ကျောင်းဆောက်တော်မူသည်။

မင်္ဂလာစေတီတော်ကို တည်တော်မူသည့် အခါ၌ကား ပြီးလွယ် ဖြစ်လွယ် တည်တော် မမူဘဲ ကိုယ်တော်တိုင် ကြပ်မတ်ကွပ်ကဲ၍ တည်လုပ်တော်မူသည်။ ထိုသို့ တည်လုပ်တော်မူရာတွင် မြေအောက် ဌာပနာတိုက်ကိုသာလျှင် စီရင်၍ ထားခဲ့၏။ အလယ်ဌာပနာကိုမူ မြတ်စွာဘုရားရှင် ၏ ဓာတ်တော် မွေတော် အစစ်များ ရမှသာလျှင် ဌာပနာ၍ ပူဇော်တော့မည်ဟု ဆိုင်းငံ့ထားခဲ့ လေသည်။

ထိုသို့ ဆိုင်းငံ့ထားခဲ့ရာ ၁၆-နှစ်ခန့်အကြာ သက္ကရာဇ် ၈၅၈-ခု၊ နယုန်လဆန်း ၉- ရက်၊ သောကြာနေ့တွင် ဓာတ်တော်ပို့ အခမ်းအနားကို ကျင်ပပြီးနောက် နယုန်လဆန်း ၁၃- ရက်၊ အင်္ဂါနေ့တွင် ဌာပနာမှု အခမ်းအနားကို စီရင်တော်မူသည်။ ဆရာတော်သျှင်မဟာရဋ္ဌသာရ အရှင်မြတ်သည် ထိုတန်တားဦးတည် မင်္ဂလာစေတီတော်မြတ်ကြီး၏ ဓာတ်တော် ဌာပနာပွဲ အကြောင်းကို အသေးစိတ် လေ့လာတော်မူလျက် ' သုံးဆယ့်နှစ်ပါး၊ ထင်ရှားလက္ခဏာ၊ ' အစချီ တန်တားဦးမင်္ဂလာစေတီမော်ကွန်းကို ရေးသားစီကုံးတော်မူခြင်း ဖြစ်သည်။

ထို့ပြင် ' ကြားပိမ့်နတ်ရှင်၊ ရွှေနားဆင်လော့၊ ' အစချီ ဆင့်ပွားမော်ကွန်း တစ်စောင်ကို လည်း ရွှေနန်းကြော့ရှင် နရပတိ်လက်ထက် သျှင်မဟာရဋ္ဌသာရပင် စပ်ဆိုသည်ဟု ရှေးသူဟောင်း တို့ ဆိုစမှတ် ပြုကြသည်။ ဤမော်ကွန်းမှာလည်း မင်္ဂလာစေတီမော်ကွန်းပင် ဖြစ်၏။ သျှင်မဟာရဋ္ဌ သာရ ရေးသားသည်ဟူ၍ကား အတိအကျ မတွေ့ရပေ။ လက်ဝဲနော်ရထာလျှောက်ထုံးတွင် တောင်တွင်းဆရာတော်က-

ကြားပိမ့်နတ်ရှင်ချီသည့် တန်တားဦးတည်ကို သျှင်ရဋ္ဌသာရ လုပ်ပြန်သည်ဟူ၍ သုတ

နှင့် ပြည့်စုံသည့် ရှေးသူဟောင်းတို့ ပြောစဉ်ရှိသည်။ တစ်ချက်မှာလည်း သျှင်ရဋ္ဌသာရလုပ် ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည် ဖြစ်စေ စာသွားကို ဆင်ခြင်သော် အနက်အဓိပ္ပာယ် အနှစ် သာရ ရှိပေသည် ဖြစ်၍ ပညာရှိတို့ မှတ်သားလောက်သောကြောင့် သုံးပါးစုမှာ ဆရာသွင်း

တန်သည့်အရာကို သွင်းလိုက်ပေသည်။

ဟု ဖြေဆိုခဲ့သဖြင့် ဒုတိယမြောက် ဖော်ပြသော မော်ကွန်းကိုကား ဆရာစဉ် မှတ်သားချက်အရသာ သိရှိရပေဦးမည်။

သက္ကရာဇ် ၈၆၃-ခုနှစ်တွင် ဘုရင်မင်းခေါင် နတ်ရွာစံသဖြင့် သားတော်ရွှေနန်းကြော့ရှင် သည် ထီးနန်းအမွေကို ဆက်ခံ၍ မင်းပြုတော်မူသည်။ ရွှေနန်းကြော့ရှင်နှင့် သျှင်မဟာရဋ္ဌသာရ တိုကား ငယ်စဉ်က နန်းတွင်း၌ အတူကြီးပြင်းလာကြသော သူငယ်ချင်းများ ဖြစ်၏။ ရွှေနန်းကြော့ရှင် သည် ငယ်ပေါင်းဆရာတော် သျှင်မဟာရဋ္ဌသာရအား ကျောင်းဟောင်းတွင် ကျောင်းသစ်ဆင့်ကာ ဆောက်လုပ်တင်လှူ၍ ပစ္စည်းလေးပါးဒကာ ခံတော်မူသည်။ ထိုအကြောင်းကို သံဝရပျို့ နိဂုံး၌ လည်း-

ဘုန်းသန်နရပတိ၊ ထွတ်ခိုင်ပြီ့လည်း၊ တစ်မိတစ်ဖ၊ မပြားကြသို့၊ ယှဉ်ထလက်စွဲ၊ မ

ကွဲမကွေ၊ တစ်နေရာတည်း၊ နေလည်းနေလေ့၊ တွေ့လည်းတွေ့ချင်၊ မြင်လည်းကြင်ချစ်၊ ငယ်

ကျွမ်းဖြစ်၍၊ ကျောင်းသစ်ဆင့်လောင်း၊ ကျောင်းဟောင်းမလပ်၊ နှစ်ဆွမ်းကပ်၏၊

ဟု ဖော်ပြခဲ့လေသည်။

ဆရာတော်သည် ရွှေနန်းကြော့ရှင် နရပတိလက်ထက်တွင် ပုံတောင်နိုင်မော်ကွန်း၊ ဝတ်ရုံကျောင်းဘွဲ့မော်ကွန်း၊ ဂမ္ဘီသာရပျို့ ဆုံးမစာတို့ကို ရေးသား စီရင်တော်မူသည်။ ထို့နောက် ဒုတိယဘုရင်မင်းခေါင်နှင့် မိဖုရားကြီးတိုက လျှောက်ထားတောင်းပန်ဖူးသောကြောင့် ဟတ္ထိပါလ ခေါ် ' စတုဓမ္မသာရကိုးခန်းပျို့' ကြီးကို အသက် ၅၅-နှစ် အရွယ်၌ ရေးသားဖွဲ့ဆိုတော်မူသည်။ ထိုပျို့ကို သက္ကရာဇ် ၈၈၅-ခု၊ တပိုတွဲလဆန်း ၁၂-ရက်၊ စနေနေ့၌ ပုရပိုက်ပေါ်တွင် အက္ခရာတင်၍ ပြီးစီးခဲ့ကြောင်းကို အောက်ပါအတိုင်း ဖွဲ့ဆိုပြထားသည်။

အစွန်းငါးခု၊ ပသျှုအဋ္ဌ၊ ဒီဃသက္ကရာဇ်၊ ရောက်လစ်သောခါ၊ တစ်ရာသီတည်း၊ ကုံ

တွင်ချည်းလျှင်၊ ဝေးစည်းဂြိုဟ်စု၊ ပေါင်းလုနီးနီး၊ မိုးစည်တီးသို့၊ သီးသီးနှံ့ချောက်၊ ကိန်းခန်း လျောက်ဖြင့်၊ မြောက်ခွင်တရှက်၊ စစ်ကိုင်းဘက်က၊ ကြက်ယက်အင်းဝ၊ ညွတ်မျှကမ်းနား၊ မအားခြေချ၊ ကူးကြဆဲဆဲ၊ တပို့တွဲ၌၊ ရောင်ကဲပဝင်း၊ လမင်းဖြူစင်၊ ထွန်းထင်ပြဲ့ပြဲ့၊ တစ်ဆယ့် နှစ်ရက်၊ လက်ကားမကာရ၊ ပြိဿစဉ်းမြတ်၊ နက္ခတ်ရောဟဏီ၊ တိထီဆယ်စေ့၊ စနေ နေ့ဝယ်၊ ထိုရွေ့မလှဲ၊ နေမြဲတိုင်းပင်၊ မေတ္တာရွှင်လျက်၊ စာသင်ပျက်စဉ်၊ ကျက်လျှင်နှုတ်လွတ်၊ အပြီးသတ်၍၊ ရေးမှတ်ပုရပိုက်၊ တင်တုံလိုက်မှ၊ သောင်းတိုက်ဇမ္ဗူ၊ လူတို့နာခန့်၊ ပညာဖြန့်

သည်၊ ၊ နိုးခန့်နှလုံးမပြောင်းတည်း။

ဆရာတော်သည် ဒုတိယဘုရင်မင်းခေါင်၏ ဆန္ဒတော်ကို ဘုရင်မင်းမြတ် မရှိသည့် နောက် နှစ်ပေါင်းအတော်ကြာမှ ကိုးခန်းပျို့ဖြင့် ရေးစပ်ဖြည့်ဆည်းနိုင်လေတော့သည်။ အသက် ၂၅-နှစ်ခန့်ကပင် တောင်းပန်ထားခဲ့သော်လည်း မရေးသားနိုင်ခဲ့သဖြင့် ကိုးခန်းပျို့ကို ရေးသားပြီးချိန် တွင် ဆရာတော်သည် မင်းခေါင်နှင့် မိဖုရားတို့အား အမှတ်ရ တမ်းတမိသည်။ ထို့ကြောင့် ဆရာ တော်သည် ကိုးခန်းပျို့ကြီးကို မကြားနာနိုင်တော့ပြီဖြစ်သော မင်းနှင့် မိဖုရားတို့အား ငါသည် ဤစာကိုးခန်းကို ပြုစု၍ ရအပ်သော ကုသိုလ်အဖို့ကို အမျှဝေငှပါသည်၊ ငါ၏ ဒါယကာ မင်းမျိုး ဆွေစုံတို့သည် ရောက်လေရာ ဘုံဗိမာန်မှ အမျှယူကြပါစေ၊ ဟူ၍ ကုသိုလ်အမျှကို ဝေငှတော်မူ ခဲ့ပါသည်။ ဤသည်ကို ရည်၍ ကိုးခန်းပျို့နိဂုံး၌-

အရင်းအချာ၊ ငါ့တကာနှင့်၊ ငါသာရဟန်း၊ လူဝယ်ထွန်းသို့၊ ရွှင်ပန်းမညှိုး၊ လွန်မြတ်

နိုးလျက်၊ မင်းစိုးဆွေစုံ၊ ရွှေဘုံပျော်ညောင်း၊ ဗိမာန်ပြောင်းလည်း၊ ဇာတ်ပေါင်းပြီးချုပ်၊ စာကိုး အုပ်ဖြင့်၊ ထုပ်ထုပ်ပိုက်ပိုက်၊ သင်္ဂြိုဟ်လိုက်၏၊ တိုက်ရိုက်နတ်နား၊ ကြားပါလေ၍၊ နာစေခလို၊

တောင့်တဆိုသည်၊ ၊ ကုသိုလ်ဝေငှဆင့်လောင်းတည်း။

ဟု ဖွဲ့ဆိုတော်မူခဲ့ပေသည်။

ဆရာတော်သျှင်မဟာရဋ္ဌသာရသည် ကိုးခန်းပျို့ကြီးကို ရေးစပ်သီကုံးပြီးသော နှစ်မှာ ပင် အင်းဝပြည်ကြီး ပျက်စီးရန် ဖန်တီးလာတော့သည်။ မိုးညှင်းစလုံကြီးသည် မင်းနရပတိ၏ နိုင်ငံတော်သို့ ဝင်ရောက် ထိုးစစ်ဆင်လာခဲ့၏။ မင်းနရပတိ်သည်လည်း တပ်ပေါင်း ၁၅-တပ်တို့ဖြင့် ကိုယ်တော်တိုင် ချီတက်တိုက်ခိုက်သည်။ သို့ရာတွင် မိုးညှင်းစလုံ၏ အင်အားကို မခံနိုင်သဖြင့် တပ်တော်အားလုံး အဆီးအတားမရှိဘဲ ဖရိုဖရဲ ဖြစ်ကုန်ကြသည်။ ဤတွင် အင်းဝမြို့တော် တစ်ခုလုံးလည်း ကျီးလန့်စာစား ဖြစ်နေကြရလေသည်။

သက္ကရာဇ် ၈၈၆-ခုနှစ်သို့ ကူးမြောက်လာခဲ့သော်ကား အခြေအနေမှာ ပို၍သာ ဆိုးရွား လာတော့သည်။ ဤကဲ့သို့ အခြေအနေမျိုးတွင် ပြည်ဘုရင်သတိုးမင်းစောကလည်း မိုးညှင်းစလုံကြီး ဘက်မှ ကူညီ၍ တိုက်ခိုက်ပြန်သည်။ တိုက်လေသမျှလည်း မိုးညှင်းစလုံကြီးနှင့် သတိုးမင်းစော တို့ကသာလျှင် နိုင်သည်ချည်း ဖြစ်ခဲ့၏။ သို့နှင့် တဖြည်းဖြည်း ထိုးစစ်ဆင်လာခဲ့ရာ အင်းဝမြို့တော် အနီးသို့ပင် ရောက်ရှိခဲ့လေသည်။

ထိုစစ်ပွဲတွင် ဘုရင်နရပတိ၏ လက်ရုံးတစ်သူလို အားပြုတော်မူရသော စာဆိုတော် သျှင်အဂ္ဂသမာဓိ၏ ဖခင် နတ်မောက်မြို့စားကြီး ဘယကျော်သူလည်း တောင်ပလူတွင် ကျဆုံးခဲ့ ရ၏။ ဤသို့ အခြေအနေအရပ်ရပ် ယိမ်းယိုင်လာသဖြင့် ဘုရင်နရပတိလည်း မြို့မှထွက်၍ အရှေ့ ဆင်ကောင်းဝက်ဝင်အရပ်သို့ ဆုတ်ခွာ တိမ်းရှောင်ခဲ့ရလေသည်။

ရွှေနန်းကြော့ရှင် ဘုရင်ရပတိ မရှိလျှင် မိုးညှင်းစလုံသည် ကတိထားရင်းအတိုင်း အင်းဝ ရွှေနန်းကို သတိုးမင်းစောအား တင်လေသည်။ ထို့နောက် သုံးရက်ခန့်ရှိလျှင် မိုးညှင်းစလုံလည်း ဆင်ကောင်း မြင်းကောင်းတို့ကို ယူ၍ စစ်ကိုင်းဆိပ်မှ ကူးပြီးလျှင် မိုးညှင်းသို့ ပြန်လေသည်။

မိုးညှင်းစလုံပြန်လျှင် ပြည်ဘုရင် သတိုးမင်းစောလည်း အင်းဝတွင် ရှိသော လူကြီး သူကြီးတို့ကို သိမ်းယူ၍ စုန်တော်မူသည်။ ထိုအခါ ရွှေနန်းကြော့ရှင် နရပတိ၏ မိဖုရား ဓမ္မာဒေဝီမှ ဖွားမြင်သော သမီးတော် သီရိဘုန်းထွတ်သည် အထိန်းတော်နှင့် ကွဲနေသဖြင့် အသက်ရှစ်နှစ်အရွယ် မင်းသမီးကလေးမှာ မယောင်မလည် ဖြစ်နေခဲ့၏။ သတိုးမင်းစောသည် ထိုမင်းသမီးကလေးကို လည်း သိမ်းယူတော်မူခဲ့၏။ ဆရာတော်သျှင်မဟာရဋ္ဌသာရကိုလည်း ပင့်ဆောင်ခဲ့သည်။

ထိုအခါ ဆရာတော်သည် ကိုးခန်းပျို့ကြီးကိုလည်း ဆောင်ယူလိုသဖြင့် တပည့်များထံ မှ သိမ်းဆည်းတော်မူခဲ့ရာ ရှစ်ခန်းကိုသာ ပြန်လည်ရရှိ၍ ဇာတ်ပေါင်းခန်းဖြစ်သော နဝမခန်းကိုကား မရရှိခဲ့ပေ။ ထိုရှစ်ခန်းကိုသာ ယူဆောင်၍ ပြည်ဘုရင်ပင့်ဆောင်ရာ အောက်ပြည်အောက်ရွာသို့ လိုက်ပါတော်မူခဲ့ရလေသည်။ ပြည်မြို့သို့ ရောက်ရှိသည်တွင် သတိုးမင်းစောက ဆရာတော်နှင့် မင်းသမီး သီရိဘုန်းထွတ်တို့ကို ရည်ရွယ်၍ အင်းဝကို ငါချီတော်မူသည်တွင် သျှင်တစ်ဆူ လူတစ် ယောက်လည်း ရခဲ့သည်၊ ဟု ကြိမ်းပတော်မူလေသည်။

ဤနေရာတွင် ဆရာတော်သျှင်မဟာရဋ္ဌသာရ ပြည်မြို့သို့ ရောက်ရှိသော သက္ကရာဇ်ကို ၈၈၅-ခုဟုလည်းကောင်း၊ ၈၈၆-ခုဟုလည်းကောင်း အမှတ်အသား အမျိုးမျိုး ရှိသည်။ စာဆိုတော် များ အတ္ထုပ္ပတ္တိကျမ်းတွင် သက္ကရာဇ် ၈၈၇-ခု၊ နှစ်ဦးပိုင်းဟု တင်ပြထားသည်။ ထိုအဆိုအရ သုသော ဓိတမဟာရာဇဝင်တော်ကြီး၊ ဒုတိယတွဲ၌- သက္ကရာဇ် ၈၈၆-ခု၊ တပေါင်းလပြည့်ကျော် ၁၄- ရက်၊ စနေနေ့တွင် မိုးညှင်းစလုံတိုက်၍ အင်းဝ ရှေးဦးစွာ ပျက်သည်။ ဟု အတိအကျ ဆိုထား သည်။ ထို့ကြောင့် အင်းဝပျက်သည်မှာ သက္ကရာဇ် ၈၈၆-ခုနှစ် မကုန်မီ တစ်ရက်ကသာ ဖြစ်သည်။ အင်းဝသို့ ရောက်ရှိ၍ တစ်ရက်မျှအတွင်း ပြည်မြို့သို့ စုန်ဆင်းနိုင်မည် မဟုတ်ပေ။ သို့ဖြစ်ရာ ဆရာတော်သျှင်မဟာရဋ္ဌသာရသည် သက္ကရာဇ် ၈၈၇-ခု၊ နှစ်ဦးပိုင်းအချိန်၌ ပြည်မြို့သို့ ြ<ွကရောက် သည်ဟု ဆုံးဖြတ်သင့်တော့သည်။

ဆရာတော်သျှင်မဟာရဋ္ဌသာရသည် ပြည်မြို့သို့ ရောက်ရှိရာတွင် အင်းဝနေပြည်တော်၌ ကျန်နေရစ်ခဲ့သော ကိုးခန်းပျို့မှ ဇာတ်ပေါင်းခန်းကို စုံစမ်းရှာဖွေတော်မူခဲ့သေး၏။ သို့ရာတွင် သတင်းအစ အနမျှ မရရှိသဖြင့် ဇာတ်ပေါင်းခန်းကို ထပ်မံ ရေးသားရာ သက္ကရာ် ၈၈၈-ခုနှစ်တွင် ပြီးစီးခဲ့လေသည်။

ထိုအခါကျမှ လွန်ခဲ့သော သုံးနှစ်ခန့်က ပျောက်ဆုံးနေခဲ့သော ဇာတ်ပေါင်းခန်းကို စစ်ကိုင်းမြို့ တပည့်များထံမှ ပြန်ရခဲ့သည်။ ဤဖြစ်ရပ်ကို အခြေခံ၍ ဆရာတော်သည် ဇာတ်ပေါင်း ခန်း၏ ဖြစ်ရပ်မှာ သျှင်မဟာဗုဒ္ဓဃောသ၏ ဝိသုဒ္ဓိ်မဂ်ကျမ်းနှင့် တူနေသည်၊ ဝိသုဒ္ဓိမဂ်ကျမ်းကို ရေးသား ပြီးစီးချိန်ဝယ် သိကြားမင်းက ဝှက်ထားခဲ့သည်၊ ထပ်မံရေးသားပြန်ရာ ဒုတိယမြောက် ဝှက်ပြန်သည်၊ တတိယမြောက် ရေးသားပြီးသော အခါမှ သိကြားမင်းက ယခင်နှစ်မူကို ပြန်လည် ပေးအပ်သည်၊ ယခုလည်း ထိုအဖြစ်အပျက်နှင့် တူနေချေပြီ၊ ဇာတ်ပေါင်းခန်းကို မပျက်မစီး ပြန်လည်ရရှိခြင်းမှာလည်း ဆင်ဖြူရှင် သတိုးမင်းစော၏ နားတန်ဆာအလို့ငှာ ပြန်လည် ရရှိခြင်း ဖြစ်ပေသည်၊ ဟု နှလုံးသွင်းမိသည့်အလျောက် ကျမ်းပြီး နိဂုံး၌-

ဗုဒ္ဓဃောသာ၊ ဆရာထေရ်မြတ်၊ ကဝိထွတ်လျှင်၊ ပိဋကတ်နှုတ်၊ နက်စံထုတ်သား၊ ဝိ

သုဒ္ဓိမဂ်၊ သစ်စက်စက်ကို၊ သိုဝှက်သိကြား၊ ကွယ်ရာထားမှ၊ စီးပွားရှာရှာ၊ နှင်းပြန်လှာသို့၊ ဤစာဇာတ်ပေါင်း၊ သုံးနှစ်အောင်း၍၊ အကြောင်းမသိ၊ ပျောက်ကွယ်ရှိလျက်၊ ဇာတိ်ရိုက်ရာ၊ နန်းဖွင့်ခါနှင့်၊ ကြမ္မာချိန်သင့်၊ လင့်သောကြိုက်ဝယ်၊ တစ်တိုက်စကြဝဠာ၊ ကျွန်းချာနှိပ်နင်း၊ မင်းတို့စီးတန်၊ မှန်သည်လက္ခဏာ၊ အင်္ဂါကြံရုံ၊ စွယ်စုံပျိုလူး၊ ရှေ့စူးရဲမာန်၊ လျင်ထန်သနြ်<ွကား၊ စွမ်းအားခြင်္သေ့၊ လှမြေ့ဆင်းရောင်၊ ငွေတောင်အတူ၊ ဆင်ဖြူပေါက်ကြီး၊ ရမြောက်ပြီးသော်၊ ဝေနီးပြောင်ပြောင်၊ တန်ခိုးရောင်ဖြင့်၊ ရန်မှောင်ဖျောက်ပယ်၊ ပင်လယ်ချောက်မွှေ၊ သရေခေတ္တ ရာ၊ မြစ်ညာအင်းဝ၊ မြန်မာ့တိုင်းလုံး၊ ယူကျုံးနိုင်ငံ၊ နေလစံသို့၊ မောင်နှံလွှမ်းမိုး၊ နှစ်ပြည်စိုးသား၊ မင်းရိုးမင်းသား၊ မင်းတရား၏၊ ရွှေနားတန်ဆာ၊ ရတနာဟု၊ သဒ္ဓါနှိုးဆော်၊ နတ်များဖော်

သည်၊ ၊ ဘုန်းတော်အတုမဲ့တောင်းတည်း။

ဟု စပ်ဆိုတော်မူလေသည်။

ပြည်ဘုရင် သတိုးမင်းစောသည် မိမိပင့် ဆောင်လာသော ဆရာတော်အား ပြည်မြို့မှ ဆရာတော် ပညာကျော်များနှင့် မိတ်ဆက်လို၍လည်းကောင်း၊ ဆရာတော်၏ အရည်အသွေးကို သိစေချင်၍လည်းကောင်း တစ်နေ့တွင် နန်းတော်သို့ ပင့်၍ ဆွမ်းကပ်ပွဲ ပြုလုပ်သည်။ ထိုအထဲတွင် ပြည်မြို့မှ ပညာတတ်ဆရာတော် အများအပြား ပါရုံမျှမက လာရောက်ကြသော မှူးမတ်ပရိသတ် များလည်း နန်းတော်တွင်းဝယ် ပြည့်နက်နေခဲ့သည်။ ထိုပရိသတ် အလည်တွင် ပြည်ဆရာတော် တို့အား သတိုးမင်းစောက အင်းဝရွှေပြည်တော်က သျှင်မဟာရဋ္ဌသာရဆရာတော်သည် ကျမ်း ဂန်တတ်၏လော၊ မေးလျှောက်လေသည်။ ထိုအခါ ပြည်ဆရာတော်တို့က အရှင်မဟာရဋ္ဌသာရ သူမြတ်သည် ကျမ်းဂန် မထောင်းတာ ရှိပေ၏၊ ဟု မိန့်တော်မူကြလေသည်။

ဤသို့ မိန့်တော်မူကြလျှင် သျှင်မဟာရဋ္ဌသာရဆရာတော်က ငါ့ကိုပင် မထောင်းတာဟု ဆိုလေဘိသည်ဟု နှလုံးတော် ရှိပြန်၍ မထောင်းတာသည် မည်သို့သော စကားနည်း၊ ပါဠိလော၊ အနက်လော၊ ပါဠိဆိုလျှင် မည်သို့ အနက်ပေး၍ အနက်ဆိုလျှင် မည်သို့အဓိပ္ပာယ်ဖွင့်ဆိုမည်နည်း၊ မည်သည့်အဓိပ္ပာယ်ကို ဆောင်သည့် ဝေါဟာရနည်း၊ ဟု ပရိသတ်အလည်တွင် ရဲဝံ့စွာ ပြန်လည် မေးမြန်းတော်မူရာ ပြည်ဆရာတော်တို့လည်း မည်သို့မျှ ဆိုနိုင်ခြင်း မရှိကြဘဲ ဆိတ်ဆိတ်သာ နေကြလေတော့သည်။ ထိုအဓိပ္ပာယ် သျှင်မဟာရဋ္ဌသာရသူမြတ်က မည်ကဲ့သို့ ပြန်လည် ရှင်းလင်း ပေးသည်ဟူ၍ကား အမှတ်အသား မတွေ့ရပေ။ ပြည်ဆရာတော်တို့ထံက စကားပြန်မရသော ကြောင့် ဖွင့်ဆိုပြောကြားခြင်း မရှိခဲ့ဟန်တူပေသည်။

ပြည်ဘုရင် ဆင်ဖြူရှင် သတိုးမင်းစောလည်း ဆရာတော်သျှင်မဟာရဋ္ဌသာရအား ပုထိုး ကျောင်း၊ တောင်ခွင်ကျောင်း၊ မင်းတုန်းကျောင်းဟုဆိုအပ်သော ကျောင်းတော်ကြီး သုံးရပ်တို့ကို လှူဒါန်းပူဇော်သည်။ ထို့ပြင် ' မဟာသံဃရာဇာ ' ဟူသော ဘွဲ့တံဆိပ်တော်ဖြင့် သာသနာပိုင် အရာကိုလည်း ခန့်ထားပူဇော်လေသည်။

ထို့နောက်တွင်ကား ပြည်ဘုရင်သည် ဆရာတော်အား ဆထက်တန်ဖိုးကြည်ညိုတော် မူသဖြင့် ရွှေဆံတော်ဘုရား မြောက်ဘက်မှ ထီးဖြူရုံကျောင်းတော်ကြီးကိုလည်းကောင်း၊ တပြက်သာကျောင်းတော်ကြီးကိုလည်းကောင်း လှူတော်မူပြန်သည်။ ပစ္စည်းလေးပါးဖြင့်လည်း လိုလေသေး မရှိအောင် ထောက်ပံ့တော်မူလေသည်။ ထိုအကြောင်းကို သံဝရပျို့ နိဂုံး၌-

အညာကသည်၊ ဤရွှေပြည်သို့၊ အကြည်ရောက်အောင်၊ သာဆောင်သိမ်းပြု၊ သား

နှယ်ယုလျက်၊ ဆင်ဖြူ့သခင်၊ နန်းရှင်မင်းစိုး၊ လွန်မြတ်နိုး၍၊ ပုထိုးတောင်ခွင်၊ မင်းတုန်းတွင်၌၊ ကျောင်းထင်သုံးပါး၊ ရှေးဖျားလှူပြီး၊ ကြီးသည့်အရာ၊ မြောက်ထိုက်စွာဟု၊ မဟာသံဃရာဇာ၊ မည်သာအကျော်၊ သမိုက်ခေါ်မှ၊ ဆံတော်ရှင်မြောက်၊ ဆောက်သည့်သင်္ခမ်း၊ ထီးဖြူငြမ်း၌၊ ဆေးကွမ်းလက်ဖက်၊ နှစ်ခွက်ဟင်းထူး၊ စားတော်ဦးနှင့်၊ သင်ဖြူးယွန်းဖြစ်၊ ကညစ်ဂေါ်လီ၊ သုံလီရောင်ဖိတ်၊ သပိတ်သံလုပ်၊ ပိတ်အုပ်သင်္ကန်း၊ ရဟန်းပရိက္ခရာ၊ စေ့စုံစွာလျှင်၊ ဝိသာရဒ၊ ဆင်လှစွယ်ရှင်၊ ဖြူစင်ယပ်ဝန်း၊ အဆန်းအကြယ်၊ ပင်လယ်သင်္ခ၊ စသည်မကျန်၊ အိပ်ဖန်တွင်း ပြင်၊ ထမ်းစင်ဆောင်ရွက်၊ ဝတ်ချက်ထီးစွဲ၊ အမြဲရေခပ်၊ လှူကျွန်အပ်၏၊ ဆောင်းစပ်ခါချိန်၊ ကထိန်မချွတ်၊ သဒ္ဓါညွတ်၍၊ ဂူထွတ်တရှက်၊ တပြက်သာကျောင်း၊ နှစ်တန်လောင်းသော်၊

ရှေးနှောင်းငါးကြိမ်၊ စည်းစိမ်ငါးရပ်၊ ငါးကျောင်းထပ်၏၊

ဟု ဖွဲ့ဆို ပြမှာတော်မူခဲ့၏။

ဆင်ဖြူရှင် သတိုးမင်းစော နတ်ရွာစံသောအခါ သားတော် ဘုရင်ထွေးသည် ထီးနန်းကို ဆက်ခံလေသည်။ ဘုရင်ထွေးလက်ထက်လည်း ဆရာတော်အား ခမည်းတော်မင်းတရား လက်ထက်ကကဲ့သို့ပင် ဆက်လက်ကိုးကွယ်တော်မူသည်။ ပြည်ဘုရင်ထွေးက ဆရာတော်အား ပြည်မြို့နှင့် ရွှေတောင်မြို့နှင့် အကြား အခွန်တစ်သောင်းထွက်သော ဥယျာဉ်တော် နှစ်ရပ်အတွင်း လေးမျက်နှာ တန်တိုင်း မီးတားနှင့်တကွ ဆုတောင်းပြည့်ဘုရား၊ မင်္ဂလာစေတီတော်၊ တန်ဆောင်း ဓမ္မအိမ်သိမ်၊ အရံကျောင်းပေါင်း များစွာတို့နှင့် ရွှေနန်းတော်နှင့် ထပ်တူထပ်မျှ ဖြစ်သော ကျောင်း တော်ကြီးကိုလည်း ဆောက်လုပ်တင်လှူတော်မူလေသည်။ ကျောင်းတော်ကြီးကို ရွှေနန်းတော်ကြီး ကဲ့သို့ ဗိမာန်တော်ကြီး ဖြစ်သောကြောင့် ' ရွှေနန်းတော်ဗိမာန်ကျောင်း ' ဟုပင် နာမည်သမုတ်တော် မူသည်။ ထိုအကြောင်းကို သံဝရပျို့ နိဂုံး၌ပင်-

ခမည်းတော်ရင်း၊ နှစ်ပြည်မင်းလျှင်၊ ဆောက်နှင်းခဲ့တိုင်း၊ ကိန်းခမ်းပိုင်းဖြင့်၊ ဖုန်းလှိုင်း

သားတော်၊ လိုပြည့်သော်ကား၊ ကော်ရော်နှစ်သက်၊ ငါ့လက်ထက်လည်း၊ တိုးတက်မည်သာ၊ ငါ့ဆရာဟု၊ သဒ္ဓါလေလေ၊ ညွတ်ရိုသေလျက်၊ သရေခေတ္တရာ၊ အောင်ခြာတမွတ်၊ နဂိုထွတ်မှ၊ တောင်မြတ်အတာ၊ ရှေ့မျက်နှာ၌၊ ရှုသာဆိုင်းဆိုင်း၊ တန်တိုင်းဝန်းဆီး၊ လုံးကြီးသစ်ရှည်၊ အသည်တစ်ချောင်း၊ တန်ဆောင်းဓမ္မအိမ်၊ ရွှေသိမ်တကွ၊ ဗုဒ္ဓဓာတု၊ တောင်းဆုပြည့်လျှင်၊ ဓာတ်ရှင်များစွာ၊ ဌာပနာသား၊ မင်္ဂလာစေတီ၊ မဟေသီနှင့်၊ အစီတလျဉ်၊ ကျောင်းစဉ်ရံပတ်၊ ရွှေထွတ်ရွှေတိုင်၊ ရိပ်မြိုင်သာဝှဲ၊ ပိန္နဲချိုမြက်၊ သရက်ထန်းအုန်း၊ ဂမုန်းဇီဇဝါ၊ မြညှာသွယ်တင့်၊ ရွှေပွင့်စံကား၊ ချယားကံ့ကော်၊ တစ်ဖော်ပုန်းညက်၊ လိုက်ဖက်သရဖီ၊ စုံစီပန်းမျိုး၊ ဆေးရိုးဟလိဒ္ဒိ၊ သိင်္ဂိဝေရ၊ မရိစတို့၊ ပည်းမျှထူထပ်၊ ရှစ်ရပ်မှီတင်း၊ ရေတွင်းသန့်သက်၊ မြစ်ထက်လင်းကြည်၊ ချမ်းငြိမ်းတည်လျက်၊ မိုရည်မတင်၊ သဲချင်ချင်သား၊ မြေပြင်အထိပ်၊ ပြည့်သိပ်သံဃာ၊ များစွာ လယ်ကျေး၊ ဈေးလည်းနီးယှဉ်၊ ဥယျာဉ်နှစ်စုံ၊ သောင်းပုံခွန်ရ၊ ကျောင်းလှရွှေတောင်၊ ထက် ခေါင်စွင့်စွင့်၊ သုံးဆင့်သွန်းသွန်း၊ ရွှေနန်းတော်ဟန်၊ ကျောင်းဗိမာန်ကို၊ စိတ်သန်ကြည်ဖြူ၊

လှူတော်မူ၏။

ဟု စပ်ဆိုတော်မူခဲ့၏။

ဆရာတော်သည် သက္ကရာဇ် ၈၉၁-ခုနှစ်တွင် ဒါယကာ ဘုရင်ထွေးအား ဆုံးမတော်မူလို သဖြင့် ဧကာဒသနိပါတ်တော်လာ သံဝရဇာတ်တော်ကို ဖွဲ့စီ၍ ' သံဝရပျို့ ' ကို ရေးသားတော်မူ သည်။ နိဂုံး၌-

သက္ကရာဇ်သင်္ချာ၊ ရှစ်ရာအစ၊ နဝအလယ်၊ နှောင်းဆွယ်ဧက၊ လကားအာသဠ်၊ နေ့မှန် ဗုဒ္ဓဝါ၊ ပုဏ္ဏာပြည့်ညီ၊ တိထီဆန်းတက်၊ ဆယ့်ငါးရက်ဝယ်၊

ဟု ရေးစပ်ထားသောကြောင့် သက္ကရာဇ် ၈၉၁-ခု၊ ဝါဆိုလဆန်း ၁၅-ရက်၊ ဗုဒ္ဓဟူးနေ့တွင် ရေးသား ပြီးစီးကြောင်း သိရှိရပေသည်။

ဆရာတော်သည် ပြည်ဘုရင်ထွေးအား သံဝရမင်းသားနှင့် ပုံပြုခိုင်းနှိုင်းကာ စပ်ဆိုတော် မူပြီးလျှင် နိဂုံး၌လည်း ဆင်ဖြူရှင်သား၊ မင်းတရားကို၊ စိတ်ဖျားလိမ္မာ၊ ပွားစိမ့်ငှာလျှင်၊ ဤစာကျေး ဇူးဆပ်သတည်း။ ဟု ဘုရင်ထွေးအတွက် ရည်ညွှန်းချက်တို့ကို တိကျစွာ ဖော်ပြစပ်ဆိုတော်မူလေ သည်။

ဆရာတော်သည် အခြား ကဗျာလင်္ကာနှင့် ပတ်သက်၍ အဖွဲ့အနွဲ့ အသစ်တို့ကိုလည်း တီထွင်၍ ဖွဲ့ဆိုတော်မူခဲ့ပေသည်။ ပဒုမ္မာကြာဆိုနည်းရတု၊ မုတ္တာရွဲသီဆိုနည်းရတု၊ ပုလဲတစ်တန့် သန္တာတစ်တန့်ဆိုနည်းရတု၊ တောင့်တဲတွန့်ရတု၊ သန်လျက်ချနည်းရတု၊ ဝဲရိုက်ဝဲသွင်း ဆုံးမစာလင်္ကာ စသည်တို့မှာ ဆရာတော်သျှင်မဟာရဋ္ဌသာရ၏ တီထွင်မှုများ ဖြစ်ပေသည်။

ဆရာတော်ရေးသားခဲ့သော စာပေများသည် ခေတ်အဆက်ဆက်၌ ထင်ရှားခဲ့သည်။ ပြည်သူတို့၏ စိတ်နှလုံးကို ယဉ်ကျေးသိမ်မွေ့စေခဲ့သည်။ အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်ရန် ထွန်းပြတော်မူခဲ့သည်။ မြန်မာမှု မြန်မာ့ယဉ်ကျေးမှု၏ ပင်မဖြစ်သော စာပေရေးထုံးတို့သည်လည်း နှောင်းခေတ်ပညာရှင်တို့၏ အားကိုးရာ နည်းယူရာ ဖြစ်ခဲ့ပေသည်။ ကဝိလက္ခဏသတ်ပုံကျမ်းကို ရေးသားသော စိန္တကျော်သူကလည်း-

ကဗျာကျမ်း၌လည်း အလွန်ရဲရင့်တော်မူထသော၊ ကြီးသောပညာလည်းရှိတော်မူထ

သော၊ အကြင်ရဋ္ဌသာရမည်သော မဟာထေရ်သည် ရှိ၏။ ထိုရဋ္ဌသာရမည်သော မဟာ ထေရ်၏ နည်းကို အမှီပြု၍ ကဝိတို့ မှတ်ရာဖြစ်သောကြောင့် ကဝိလက္ခဏာမည်သော သတ်ပုံ

ထူးကို ဖွဲ့ဆိုပေအံ့။

ဟူ၍ မြတ်နိုးလေးစားစွာ နည်းခံခဲ့လေသည်။

ဤသို့ မြန်မာစာပေလောက၏ ရှေ့ဆောင်လမ်းပြ ကဝိတစ်ဆူ ဖြစ်တော်မူသော စာဆို အကျော် သျှင်မဟာရဋ္ဌသာရဆရာတော်သည် သက္ကရာဇ် ၈၉၂-ခုနှစ်၊ သက်တော် ၆၂-နှစ်အရွယ် တွင် ပြည်မြို့၌ပင် ပျံလွန်တော်မူခဲ့ရှာလေသည်။ ဆရာတော်၏ ဖွားနှစ် လွန်နှစ်တို့ကို အကျဉ်း သင်္ခေပအားဖြင့် မှတ်သားလွယ်ကူစိမ့်သောငှာ ဆရာတိ်ု့က-

ရဋ္ဌသာရ ၊ ခ တြန်း အဌ် ၊ ဖွားလတ်သက္ကရာ ။ စမ္မာ ဆိဒြ ၊ ဗသျှူးချ ၊ ပြောင်းြ<ွကသက်ခန္ဓာ ။

ဟု စပ်ဆိုထားကြလေသည်။

ဆရာတော် ရေးသားသော ပျို့ ကဗျာ လင်္ကာအရပ်ရပ်တို့မှာ ဘူရိဒတ်လင်္ကာကြီး၊ စတုဓမ္မသာရကိုးခန်းပျို့၊ သံဝရပျို့၊ ဂမ္ဘီသာရပျို့၊ ' ကြားပိမ့်နတ်ရှင် ' ချီ တန်တားဦးမင်္ဂလာစေတီ တော်မော်ကွန်း၊ ' သုံးဆယ့်နှစ်ပါး ' ချီ တန်တားဦးမင်္ဂလာစေတီတော်မော်ကွန်း၊ ပုံတောင်နိုင် မော်ကွန်း၊ ဝတ်ရုံကျောင်းဖွဲ့မော်ကွန်း၊ မင်္ဂလာအောင်ပွဲတော် ရဲရည်တက်မော်ကွန်း၊ ရတနာပူရ မြို့တည်မော်ကွန်း၊ မိတ္ထိလာကန်တော်ဖွဲ့မော်ကွန်း၊ ရွှေစက်တော်သွား တောလားလင်္ကာ၊ ဝဲရိုက်ဝဲသွင်းသုံးမစာလင်္ကာ၊ ဘုရင့်ထံပေး မေတ္တာစာများ၊ ကျောင်းသားသာမဏေတို့အား ဆုံးမစာလင်္ကာ၊ မင်းကြီးသီရိသင်္ခယာသို့ပေး မေတ္တာစာများ၊နှမလက်လျှော့နေလေတော့၊ သျှင်မဟာသီလဝံသ၏ အမေးကို ဖြေဆိုသောရတု၊ ဝန်တောင်လယ်ဘုန်းတော်ကြီးအား မေးလျှောက်သည့်ရတု၊ ရာဇဝသတီခန်းရတု၊ မုတ္တာရွဲသီရတု၊ ပုလဲတစ်တန့် သန္တာတစ်တန့် ရေးနည်းရတု၊ နဝဘာအင်းဆိုနည်းရတု၊ ပဒုမ္မာကြာဆိုနည်းရတု၊ တောင်တဲတွန့်ရတု၊ သိကြားတိုင်ရတု၊ ဘုရားတိုင်ရတု၊ မယ်ဘွဲ့ရတုနှင့် ကိုယ်ရည်သွေးရတုစသည်တို့ ဖြစ်ပေသည်။


[၃]

ပြုစုခဲ့သည့် စာပေများ[ပြင်ဆင်ရန်]

၁။ စတုဓမ္မသာရပျို့၊

၂။ ဂမ္ဘီသာရပျို့၊

၃။ ဘူရိဒတ်ဇာတ်ပေါင်းပျို့၊

၄။ ဘူရိဓာတ်လင်္ကာကြီး၊

၅။ သံဝရပျို့ (၈၉၁)၊

၆။ ပုံတောင်နိုင်မော်ကွန်း၊

၇။ ရတနာပူရမြို့တည်မော်ကွန်း၊

၈။ မိတ္ထိလာကန်တော်ဘွဲ့မော်ကွန်း၊

၉။ တန်တားဦးတည်မော်ကွန်း၊

၁၀။ ရဲရည်တက်မော်ကွန်း၊

၁၁။ ရတုကဗျာများ တောင့်တဲတွန့်ရတု၊

၁၂။ ဝတ်ရုံကျောင်းဘွဲ့မော်ကွန်း၊

၁၃။ ဆုမ္မစာလင်္ကာ၊

၁၄။ လက်သစ်တောင်တာဆုမ္မစာ၊

၁၅။ ရာဇဝသသတီခဏ်းပိုက်စုံရတု၊

၁၆။ ရွှေစက်တော်သွားတော်လား၊

၁၇။ ဒုတိယမင်းခေါင်ထံသွင်းမေတ္တာစာ။[၄]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၈)
  2. မြန်မာကဗျားရွေးချယ်ချက်နှင့် ရတုရွေးချယ်ချက် H 594_ A (ဟံသာဝတီ)
  3. ရဟန်းစာဆိုတော်များ အတ္ထုပ္ပတ္တိ၊ ရေးသားသူ ဘုန်းနွယ်(ရေစကြို)၊ အရှင်ဧသိက(ဘုန်းနွယ်) စာပေရောင်ခြည်ကျောင်း၊ အောင်မြေသာသူဌေးတိုက် ရေစကြိုမြို့။
  4. လှသမိန် (၁၉၆၁ ခုနှစ်). ဂန္ထဝင်ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ်. ၃၅၇၊ ဗိုလ်အောင်ကျော်လမ်း၊ ရန်ကုန်မြို့: ဟံသာဝတီစာအုပ်တိုက်, ဂ၊ ၉။ 

ဆက်လက်လေ့လာရန်[ပြင်ဆင်ရန်]

စတုဓမ္မသာရ ကိုးခန်းပျို့နှင့် နိဒါန်းသံဝရပျို့နှင့် နိဒါန်း၊ မှန်နန်း ရာဇဝင်တော်ကြီး- ပထမတွဲနှင့် ဒုတိယတွဲသာလွန်မင်းအမေးတော်ပုံကျမ်းစာဆိုတော်များ အတ္ထုပ္ပတ္တိကဗျာသာရတ္ထ သင်္ဂြိုဟ်ကျမ်း၊ မြန်မာစာညွန့်ပေါင်းကျမ်း- ပထမတွဲ၊ ပေါရာဏကထာကျမ်း၊ ကဗျာ့ပန်းကုံး၊ ဆုံးမစာပေါင်းချုပ်ကဝိလက္ခဏဒီပနီသာသနာလင်္ကာရစာတမ်းပိဋကတ်သမိုင်းစာတမ်း

မြန်မာစာပေသမိုင်းဂမ္ဘီသာရပျို့ဋီကာကဗျာသာရ၊ ၁၉၆၈-ခု၊ ဇူလိုင်လထုတ် ငွေတာရီ မဂ္ဂဇင်းမှ ရွှေကိုင်းသား၏ ' စစ်ကိုင်းအင်းဝမှ သျှင်မဟာရဋ္ဌသာရ၏ သမိုင်းဝင်ဌာနများ' ဆောင်းပါး၊ တက္ကသိုလ်ဝင်းမွန်၏ ' သျှင်မဟာရဋ္ဌသာရ၏ စာပေအထွေထွေ ' ဆောင်းပါး၊

နိုင်ပန်းလှ၏ ' မွန်မြန်မာစာဆို ' ဆောင်းပါး၊

ကိုးကား[ပြင်ဆင်ရန်]