နှင်းမြ၊ ဒေါ်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
ပထမဆုံး အမျိုးသမီး မင်းတိုင်ပင်အမတ် ဒေါ်နှင်းမြ ( ၁၈၈၇-၁၉၇၄ )

ဒေါ်နှင်းမြ (၁၈၈၇-၁၉၇၄) သည် မြန်မာ့ပထမဆုံး အမျိုးသမီး မင်းတိုင်ပင်အမတ် ဖြစ်သည်။

ဒေါ်နှင်းမြကို ကျိုက်မရော အပိုင် ထပ်ကေးရွာ၌ ၁၈၈၇ ခုနှစ်၊ ဒီဇင်ဘာလ ( ၁၀ ) ရက် ၊ စနေနေ့တွင် မော်လမြိုင် ဒိုင်းဝန်ကွင်းနေ အမျိုးဘာသာသာသနာကို ပြုစုအားပေး စောင့်ရှောက်ခဲ့သော မွန်သစ်ကုန်သည် သူဋ္ဌေးကြီး ဦးသာညှင်းနှင့် အမိ ဒေါ်ရင်တို့မှ ဖွားမြင်ခဲ့သည်။ မွေးချင်းခြောက်ဦး အနက် ပဉ္စမမြောက် သမီး ဖြစ်သည်။ ဒေါ်နှင်းမြသည် ဝံသာနုဂျီစီဘီအေ သမ္မတ ဦးချစ်လှိုင်၏ နှမအရင်း ဖြစ်သည်။ ဖခင်ဖြစ်သူ ဦးသာညှင်းသည် သားသုံးယောက် အား အင်္ဂလိပ်စာသင်ကျောင်း၌ ပညာဆည်းပူးစေလျက် သားအကြီးဆုံး ဦးဦးဘော်ကို အိန္ဒိယနိုင်ငံသို့ ဝတ်လုံဘွဲ့ယူရန် စေလွှတ်ပြီး သားလတ် ဦးချစ်လှိုင်နှင့် သားငယ် ဦးမြတ်ငြိမ်တို့အား မြန်မာနိုင်ငံတွင် ဘွဲ့ယူပြီး အင်္ဂလန်သို့ စေလွှတ်ကာ ဝတ်လုံဘွဲ့ယူစေသော်လည်း သမီးတို့ကိုမူ အိမ်၌ ပင် ကျောင်းများကဲ့သို့ နံနက်ချိန်၊ မွန်းလွဲချိန် မှ ညနေချိန်အထိ အသက် ( ၂၀ )တိုင်အောင် အရေး၊ အဖတ်၊ အတွက်တို့ကို အခြေခံမှ စပြီး မြန်မာစာပေ ကျမ်းဂန် ဇာတ်ကြီး ( ၁၀ ) ဘွဲ့၊ သဒ္ဒါသင်္ဂြိုဟ်၊ ဗေဒင် စသည်တို့ကို တတ်ကျွမ်းသည် အထိ သင်ကြားပေးခဲ့သည်။ ထို့နောက် ဒေါ်နှင်းမြသည် ပျဉ်းမနား စက်သူဌေး ဦးဖေအောင် နှင့် အိမ်ထောင်ကျ၍ သမီး မမြသန်း၊ ဗိုလ်စိန်တင်နှင့် မောင်ငွေတင် တို့ကို ထွန်းကားခဲ့သည်။ ခင်ပွန်းဖြစ်သူ ဦးဖေအောင်သည် မျိုးချစ်ပုဂ္ဂိုလ်ဖြစ်၍ မော်လမြိုင်မြို့မှ မင်းတိုင်ပင် အမတ် ဖြစ်ခဲ့သည့်နည်းတူ သားသမီးတို့မှာလည်း မျိုးချစ်စိတ်ဓာတ် ရင့်သန်သူများ ဖြစ်ကြသည်။ ဒေါ်နှင်းမြသည် စီးပွားရေး အမြင်ကျယ်သည့် အပြင် နိုင်ငံခြား ဓနရှင်များနှင့်လည်း အပြိုင်အဆိုင် လုပ်၍ မြန်မာ့စီးပွားရေး ကို မြှင့်တင်ရန် ကြိုးစားလုပ်ကိုင်ခဲ့သူ ဖြစ်သည်။ သူကိုယ်တိုင်လည်း မော်လမြိုင် ကျားတံတား ဆန်စက် ပိုင်ရှင်ဖြစ်သည်။ ခင်ပွန်းသည် ဦးခင်အောင် နှင့်အတူ ကွပ်ကဲအုပ်ချုပ်ကာ စပါးကို အကြီးအကျယ်ဝယ်ယူပြီး ဂျာမနီ နိုင်ငံနှင့် တိုက်ရိုက်ဆက်သွယ်ရောင်းချခဲ့သည်။ သတ္တုတွင်း မိုင်းများ ဖြစ်သော သထုံနယ် ဇင်းကျိုက်တောင်ရှိ ရန်ကြီးအောင် သတ္တုမိုင်းနှင့် လှိုင်းဘွဲ့နယ် ဒေါနတောင်ခြေရှိ ပြည်စိုးမိုင်းအပြင် မြိတ်ခရိုင်မှ ဘုတ်ပြင်းမိုင်း တို့ကိုလည်း ဒေါ်နှင်းမြကိုယ်တိုင် ဦးစီးအုပ်ချုပ်ခဲ့သည်။ ထိုမိုင်းများမှ ထွက်သော သံနှင့် ဝူလ်ဖရမ်တို့ကို ဟယ်ဖရင်စမစ် အင်္ဂလိပ်ကုမ္ပဏီမှ တစ်ဆင့် အနောက်နိုင်ငံသို့ တင်ပို့ရောင်းချခဲ့သည်။


တိုင်းပြည်နှင့် အမျိုး ဘာသာ သာသနာကို ချစ်မြတ်နိုးသော စိတ်ဖြင့် အစ်ကိုကြီး ဝံသာနု ခေါင်းဆောင် ဦးချစ်လှိုင်နှင့် အတူ နိုင်ငံရေးကို ငွေအား၊ လူအားနှင့် ကိုယ်ပင်ပန်း စိတ်ပင်ပန်း ခံကာ အမျိုးသား၊ အမျိုးသမီးများကို နိုင်ငံချစ်စိတ်နှင့် စည်းရုံးညီညွတ်အောင် ကြိုးပမ်းခဲ့သည်။ အဘက်ဘက်က ငွေကြေး ပြည့်စုံပြီး ဖြစ်၍ အေးအေး စားနိုင်သော်လည်း မနေခဲ့ဘဲ နိုင်ငံရေးကို ဇောက်ချ၍ လုပ်ခဲ့သည်။ ၁၉၂၉ ခုနှစ် ဥပဒေပြုကောင်စီတွင် မြန်မာနိုင်ငံ၌ အမျိုးသမီးများ အမတ်ရွေးနိုင်ခွင့် ရှိလာသောအခါ ဒေါ်နှင်းမြသည် မော်လမြိုင်မှ တွဲရေး အမတ်လောင်းအဖြစ် နှင့် အရွေးခံခဲ့ရ၍ မြန်မာနိုင်ငံတွင် ပထမဆုံး မင်းတိုင်ပင် အမတ် ဖြစ်ခဲ့သည်။


ဒေါ်နှင်းမြသည် မင်းတိုင်ပင်အမတ်ဘဝတွင် မြန်မာအမျိုးသမီးများ မျက်စိပွင့်စေရန် စည်းရုံးဟောပြော လှုံ့ဆော်ပေးခဲ့သည့်အပြင် သဿမေဓ အခွန်မပေးရန်၊ အသက် ( ၁၈ ) နှစ် ပြည့်သော အမျိုးသမီးတိုင်း မဲဆန္ဒပေးနိုင်ခွင့် ရရန် စသော ဥပဒေတို့ကို အဆိုသွင်းခဲ့သည်။ ထို့ပြင် ဒေါ်နှင်းမြသည် ဆရာတော်ဦးဥတ္တမအား အင်္ဂလိပ်အစိုးရက ထောင်ဒဏ်ပေးလိုက်သော အခါ ဒေါ်နှင်းမြတို့ ဝံသာနုအမျိုးသမီးများ စည်းဝေးကပြီးလျင် နိုင်ငံခြား ကုန်များကို သပိတ်မှောက်၍ တိုင်းရင်းဖြစ် ပင်နီ နှင့် ထဘီများကို ဝတ်ဆင်ရန် ဆုံးဖြတ်ခဲ့ကြသည်။ ၁၉၄၅ ခု၊ ဩဂုတ်လတွင် ဂျပန်စစ်ပြီး၍ မြန်မာနိုင်ငံ၌ ဖဆပလတည်ထောင်သည့် အခါ ဒေါ်နှင်းမြသည် မိမိတိုက်မှာ ပင် ဖဆပလ ဖွင့်လှစ်စေပြီး အမြဲ အစည်းအဝေး ပြုလုပ်ခွင့်ပေးခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ဒေါ်နှင်းမြအား အထူး ခင်မင်၍ ရင်းရင်းနှီးနှီးအရေးတယူ အလည်လာတိုင်း တွေ့ဆုံခဲ့သည်။ ဘိလပ်သို့ ဗိုလ်ချုပ်တို့ လွတ်လပ်ရေး တောင်းဆိုဖို့ သွားသည့်အခါ ဒေါ်နှင်းမြသည် ကြိုးစားပမ်းစား လှည့်လည် အလှူခံ၍ ဟောပြောကောက်ခံ စုဆောင်းပေးခဲ့သူ ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးသွားပြီးနောက် ဖဆပလ အမတ်လောင်း ရွေးသောအခါ ဒေါ်နှင်းမြကို စာရင်းမှ ချန်လှပ်ခဲ့သော်လည်း ဒေါ်နှင်းမြကား သဘောထားကြီးစွာ ဖြင့် ဝိုင်းဝန်းကူညီမြဲ ကူညီခဲ့သည်။


ဒေါ်နှင်းမြသည် ဆရာကြီး သခင်ကိုယ်တော်မှိုင်း ဦးစီး ပါဝင်ဆောင်ရွက်နေသည့် ကမ္ဘာ့ငြိမ်းချမ်းရေးအဖွဲ့ ၌လည်း ပါဝင်၍ အကြံဉာဏ်များ တင်ပြခဲ့သည်။ ထို့နောက် လောကုတ္တရာဘက်သို့ ကူးပြောင်း၍ အလှူဒါနနှင့် တရားဘာဝနာကို အချိန်ပြည့်ဆောင်ရွက် ရင်း ၁၉၇၄ ခုနှစ်၊ နိုဝင်ဘာလ ( ၂၈ ) ရက်၊ ကြာသပတေးနေ့၊ အသက် ( ၈၇ ) နှစ်အရွယ်တွင် ကွယ်လွန်ခဲ့လေသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. စောမုံညှင်း၊ မြန်မာအမျိုးသမီး၊ ရန်ကုန်၊တင်ရွှေစာပေ၊ ဒုကြိမ်၊ ၁၉၉၉၊ စာ ၆၇ - ၇၂။