ပေစာ

ဝီကီပီးဒီးယား မှ

ပေစာဆိုသည်မှာ ပေပင်မှရသော ပေရွက်ပေါ်တွင် အက္ခရာစာလုံးများရေးသောကြောင့် ပေနှင့်စာကို တွဲ၍ ပေစာဟုခေါ်သည်။ ပုံနှိပ်ခေတ်မတိုင်မီက လောကီလောကုတ္တရာ စာပေများအားလုံးကို ပေစာများတွင် တွေ့နိုင်သည်။ ယခုတွေ့ရှိသော ရှေးခေတ်စာပေအားလုံးလိုလိုပင် ပေပေါ်တွင် ရေးသားထားခဲ့သည်။ ပေရွက်မှရသော ပေချပ်များကို များသောအားဖြင့် စာရေးရန် ပြုလုပ်သုံးစွဲကြသည်။ တခါတရံတွင် ဘုရင်မင်းမြတ်အစရှိသော မင်းညီမင်းသားများသည် ရွှေ၊ ငွေ၊ ကြေးတို့ကို ပေရွတ်သဏ္ဌာန် အပြားခတ်ကာ ရွှေပေ၊ ငွေပေ၊ ကြေးပေအဖြစ် စာပေကို မှတ်တမ်းတင်ကြသည်။

ပေစာထုပ်၏အနားလေးဘက်လုံးကို ရွှေအပြည့်ချထားလျှင် ရွှေမျဉ်းပေ (ရွှေပိန်းပေ)ဟုခေါ်ပါသည်။(Photo by National Library of Myanmar)
ပေစာထုပ်၏ အနားလေးဘက်လုံးကို ဟင်္သာပြဒါးသုတ်ပြီး ရွှေချသည့်အခါ အပြည့်မချဘဲ ဘေးနှစ်မျက်နှာ၏ အလယ်က နှစ်လက်မ/ သုံးလက်မ လောက်ချန်ပြီးမှ ကျန်သောအပိုင်းကို ရွှေချထားရင် ကြံဆစ်ပေ (ရွှေမျဉ်းကြံဆစ်ပေ)ဟုခေါ်ပါသည်။(Photo by National Library of Myanmar)
ပေစာထုပ်၏ အနားလေးဘက်လုံးကို ဟင်္သာပြဒါးသုတ်ထားရင် မျဉ်းနီပေ ဟုခေါ်ပါသည်။(Photo by National Library of Myanmar)
ပေစာထုပ်၏ အနားလေးဘက်လုံးကို စစ်စေးသုတ်ထားရင် မျဉ်းနက်ပေ ဟုခေါ်ပါသည်။ (Photo by National Library of Myanmar)
ပေစာထုပ်၏ အနားလေးဘက်လုံးကို ဘာမှသုတ်လိမ်းထားခြင်းမလုပ်ဘဲ အဖြူထည်အတိုင်းထားရင် မျဉ်းဖြူပေ(ပေကြမ်း)ဟုခေါ်ပါသည်။ (Photo by National Library of Myanmar)

ပေစာအမျိုးအစား[ပြင်ဆင်ရန်]

ပေစာအမျိုးအစား ၅ မျိုးရှိသည်။

  1. ရွှေမျဉ်းပေ
  2. ကြံဆစ်ပေ
  3. မျဉ်းနီပေ
  4. မျဉ်းနက်ပေ
  5. မျဉ်းဖြူပေ(ပေကြမ်း) တို့ဖြစ်သည်။

ပေစာထုပ်၏ အနားလေးဘက်လုံးကို ရွှေအပြည့်ချထားလျှင် ရွှေမျဉ်းပေ(ရွှေပိန်းပေ)ဟု ခေါ်ပါသည်။

ပေပင်[ပြင်ဆင်ရန်]

ပေပင်သည် အပူပိုင်းအရပ်ဒေသ၌ ပေါက်လေ့ရှိသည်။ ထန်းပင်နှင့် အနည်းငယ်တူသည်။ ပေပင်၏အသီးသည် သေးငယ်သည်။ ပေပင်မှ ပေရည်ကိုရသည် ငန်သောအရသာရှိသည်။ ထန်းပင်ထက် လုံးပတ်ကြီး၍ အရွက်သည်းကြီးသည်။ ပေပင်၏အသက်မှာ နှစ် ၆၀ခန့် ရှည်သည်ဟုဆိုသည်။ ပေတသီး ကျီးတသား ဆိုသော စကားပုံအတိုင်း ပေပင်သည် တစ်ကြိမ်သီးပြီးလျှင် သွေ့ခြောက်၍ သေသွားသည်။

ပေသုံးနည်း[ပြင်ဆင်ရန်]

ပေရွက်ကို ပေပင်ပေါ်မှခူးပြီးလျှင် ပြီးခြင်း ရေးရသည်မဟုတ်ပေ။ ပေရွက်ပေါ်တွင် ကညစ်ဖြင့်ရေးနိင်သည့် အခြေတိုင်အောင် အဆင့်ဆင့် လုပ်ရသောလုပ်ငန်းသည် များလှသည်။ ပေပင်၏အသက် ရှစ်နှစ်ခန့်တွင် ပေရွက်ကို ခူးနိုင်သည်။

  • ခူးပြီးလျှင် အလယ်ကြောမကို သင်၍ အရင်းအဖျားဖြတ်ကာ ခွေ၍ နေပူ၌ အခြောက်လှမ်းရသည်။
  • ခြောက်သောအခါ ခွေထားသော ပေကို ဆန့်၍ ပေချပ်များ တထပ်ချင်းထပ်ပြီးလျှင် ပြန်ခွေရသည်။ ပေချပ်ထပ်သောအခါ ခွေနိုင်အောင်ထပ်ရသည်။
  • ဤသို့ခွေထပ်ပြီးသော ပေများကို ရာဝင်စဉ့်အိုးထဲထည့်ကာ ထိုအိုးထဲသို့ရေကို ပေခွေများနစ်သည့်တိုင်အောင် ထည့်ရသည်။ ထို့ပြင် ထမင်းကိုလည်းသင့်တင့်အောင် ထည့်ပေးရသည်။ ပေထည့်သည့်အိုးကို နေပူပူတွင် တပတ်ခန့်ထားရသည်။ အဖုံးပိတ်မထားရချေ။ အပူဓာတ်ကြောင့် အမြှုပ်များထွက်လာလျှင် ပေကိုဆယ်ကြည့်ရသည်။
  • ပေရွက်၌ အစိမ်းကွက်များ ရှိသေးလျှင် မနပ်သေးသဖြင့် ထပ်၍ စိမ်ထားရသည်။ ပေရွက်များသည် ညိုနေမှသာလျှင်နပ်သည်။ သို့သော် အညိုလွန်လျှင်လည်း ဆွေးသွားတတ်သည်။ အနေတော်နပ်မှသာလျှင် စာရေး၍ ကောင်းသည်။ ပေရွက်စိမ်လျှင် နပ်သင့်သလောက် စိမ်မိစေရန် အထူးသတိထားရသည်။
  • ပေရွက်စိမ်ခြင်းသည် အနံ့အလွန်ပြင်းသဖြင့် လူသူကင်းဝေးရာနေရာ၌ စိမ်ထားရသည်။ ထိုသို့စိမ်ခြင်းသည် စာရေးရာတွင် ပျော့ပျောင်းချောမွတ်စေရန်ဖြစ်သည်။
  • ပေရွက်များနပ်လာလျှင် ဆယ်ပြီးသော် ရေအေးနှင့် စင်အောင်ဆေးရသည်။ ထို့နောက် တစ်ရွက်ချင်း ပြန်ခွေပြီး အရိပ်၌ထား၍ အခြောက်ခံရသည်။
  • ခြောက်လျှင် ပြန်ဖြန့်ပြီးနောက် ပေရွက်အထပ်လိုက် စည်းထားရသည်။ ပေရွက်ပြန့်စေရန်ဖြစ်သည်။ ဖြန့်မရလျှင် နှင်းရည်ခံပြီးဖြန့်ရသည်။
  • ပြီးလျှင် ပေရွက်၏ ပြက်အကျယ် အကြီးအသေးရွေးကာ ခွဲခြား၍ မျိုးတူချင်းထားရသည်။
  • အမျိုးအစား ရွေးချယ်ခွဲထားပြီးသော ပေရွက်များကို ကျမ်းဟုခေါ်သော ပေရွက်၏အကျယ်အရှည်နှင့် ထပ်တူထပ်မျှသောသစ်သားနှစ်ခုဖြင့် အဖက်အောက်ညှပ်ထားရသည်။ ကျမ်းသည် ပေရွက်၏အနံအလျားကို တိုင်းသောပစ္စည်းလည်းဖြစ်သည်။
  • ကျမ်း၏အလျားကို ဗယ်ပြန်ညာပြန် သုံးချိုးတစ်ချိုးထား၍ ပလ္လင်ပေါက်နှစ်ခု ရှိရသည်။ ပလ္လင်ပေါက်ကို စူးဖြင့်ဖောက်ထားခြင်းဖြစ်သည်။
  • ပေရွက်များကိုလည်း ဗယ်ပြန်ညာပြန် သုံးချိုးတစ်ချိုးထားပြီးသောအခါ အပေါက်ကလေးနှစ်ပေါက် ဖောက်ရသည်။ ထိုသို့ဖောက်သောအခါ ကျမ်းခေါ်သစ်သားချပ်ပေါ်တွင် ပေရွက်များကိုတင်ပြီး အပေါ်က ကျမ်းတစ်ခုထပ်တင်ရသည်။ ထို့နောက် ဖောက်စူးဖြင့်ဖောက်ရသည်။ ပေဖောက်စူး၏ထိပ်တွင် အပေါက်ကလေးရှိသည်။ ပေချပ်များ ထပ်သောအခါ၌ ပေဖောက်စူး၏အင်အားကို ကြည့်ပြီး ပေချပ်များထပ်ရသည်။ ပေချပ်တိုင်း ဗယ်တစ်ချက် ညာတစ်ချက် အပေါက်ကလေးဖောက်ရသည်။ ပေချပ်ပေါ်ရှိ အပေါက်ကို ပလ္လင်ပေါက်ဟုခေါ်သည်။ ပလ္လင်ပေါက်သည် ပေချပ်များ ထပ်ထားလျှင် တိမ်းစောင်းခြင်းမရှိဘဲ ညီညာရန် ပြုလုပ်ခြင်းဖြစ်သည်။
  • ပေစာ တစ်ထုပ်ကို များသောအားဖြင့် ပေ အခေါ် ၂၅အင်္ဂါ (ချပ်ရေအားဖြင့် ၃၀⁠၀ချပ်) ပြည့်လျှင် ပလ္လင်ပေါက်ဖောက်ပြီး ပေချပ်များကို အလ္လင်တိုင်ခေါ် ကောင်းမွန်ချောမွတ်စွာ ပြုလုပ်ထားသော တစ်လက်မ၏ ဆယ်ပုံ ၁ပုံခန့်သာ လုံးပတ်ရှိသော ဝါးတိုင်လေးနှစ်တိုင်သွင်း၍ ပေချပ်များကို ခိုင်မြဲရန် ထိန်းပေးရသည်။ ထိုတိုင်လေးများကို ပလ္လင်တိုင်ဟုခေါ်သည်။ အမြင့်မှာ ထပ်ထားသော ပေချပ်၏အမြင့်ကို လိုက်၍ အရှည်အတိုထားရသည်။
  • ပေစာတစ်ထုပ်၏ အမြင့်သည် လေးလက်မ၊ ခြောက်လက်မ၊ ခုနှစ်လက်မ၊ ရှစ်လက်မ စသည်ဖြင့် ကျမ်းစာ၏ စာသားကိုချင့်၍ရှိသည်။ သစ်သားဖြင့် ညှပ်သွင်းကာ ပလ္လင်တိုင်စိုက်ပြီး ပေစာထုပ်ကို ပေရွက်များ ညီစေရန် ပေထိုးဆောက်ဖြင့် ပေရွက်၏ထိပ်နှစ်ဖက်ကို ဖြတ်ချရသည်။ ပေးထိုးဆောက်သည် ကြေးစည်ပုံသဏ္ဌာန်ရှိ၍ ထက်မြအောင်သွေးထားသည်။ ပေးထိုးဆောက်လုပ်သော သံသည် အလွန်မျိုးကောင်းရသည်။
  • လှည်းမပျဉ်ဖြစ်စေ၊ အခြားတမိုက်ခန့်ထူသော သစ်သားကိုဖြစ်စေ အလယ်ကထွင်းရသည်။ အလယ်ထွင်းထားသောကြောင့် ဘေးနှစ်ဖက်မောက်နေသည့်အထဲသို့ ထိပ်ဖြတ်ထားပြီးပေချပ်ကို သွင်းရသည်။ ချောင်လျှင် သပ်ရိုက်သွင်း၍ ပေထိုးဆောက်ဖြင့် တဖက်ပြီးလျှင် တဖက်ထိုးရသည်။
မင်းတုန်းမင်းတရားကြီးနှင့် မိဖုရားခေါင်းကြီးတို့ လှူဒါန်းတော်မူသော သုတ်မဟာဝါ အဋ္ဌကထာပါဌ် ပေစာ

ပေမျဉ်းပစ်နည်း[ပြင်ဆင်ရန်]

ပေချပ်များ တညီတည်းဖြစ်လာသော်လည်း စာမရေးနိုင်သေးပေ။ စာရေးရန် မျဉ်းချရသည်။ နှစ်ပေခန့်အရှည်ရှိ၍ နှစ်လက်မ၊ သို့မဟုတ် နှစ်လက်မခွဲအကျယ်ရှိသော လက်သန်းလုံးခန့်ရှိသည့် ဝါးသို့မဟုတ် သစ်သားကို မျဉ်းကြိုးတားရန် အထစ်လေးများ ထစ်ထားရသည်။ ဗယ်ညာ နှစ်ဖက်ထစ်ရသည်။ မျဉ်းတားလိုသော ပေ၏ပြက်အကြီးအသေးကိုလိုက်၍ ရှစ်ကြောင်းမှ ၁၂ကြောင်းအထိ ပြုလုပ်ကြသည်။

ဘောင်ရိုက်ထားသော သစ်သား ဘေးနှစ်ဘက် အဘယ်တိုင်ကို ကြိုးနှင့်ဖြစ်စေ၊ သံချောင်းနှင့်ဖြစ်စေ ခိုင်အောင်ပြုလုပ်ပြီး ချည်ပွ⁠ပွကလေးများကို ထစ်ကလေးများအပေါ်တွင် ချည်ရသည်။ ထို့နောက် ကျမ်းညီညီပေါ်တွင် ပေရွက်ကိုချ၍ ကြိုးများကို နနွင်းရေဖြင့် သုတ်ရသည်။ အပေါ်က ပေရွက်တစ်ချပ်ထပ်လိုက်ပြီး နနွင်းသုတ်ထားသော ကြိုးများကို အလည်မှထားလိုက်သည်။ ထိုသို့ပြုလုပ်ခြင်းကို မျဉ်းပစ်သည်ဟုခေါ်သည်။ နနွင်းသုံးခြင်းသည် သာသနာတော်နှင့် လျော်ညီသည်ဟုလည်း ယူဆကြသည်။ မျဉ်းပစ်ရာတွင် စုံခွ-မနင်း လုပ်ရသည်။ သဘောမှာ ပလ္လင်ပေါက်ကို မျဉ်းကြောင်းမထိဘဲ၊ မျဉ်းကြောင်းရှစ်ကြောင်း စုံထားသည်ဆိုပါက ပလ္လင်ပေါက်ကို ခွကာ တဖက်တချက် မျဉ်းကြောင်းလေးကြောင်း အညီအမျှထားရသည်။ ကိုးကြောင်းဆိုပါက အလယ် ပလ္လင်ပေါက်ကို မျဉ်းတစ်ကြောင်းနင်းကျော်သွားရသည်။ နနွင်းသုတ်မျဉ်းကို ပေပေါ်မှောက်ချပြီးနောက် ထိုမျဉ်းပေါ် ပေချပ်ထပ်မှောက်၍ လက်နှင့်သပ်ပေးရသည်။ လက်နှင့်သပ်သောအခါ လက်ဝဲလက်ဖြင့် ဝဲဘက်သပ်ကာ ယာဖက်လက်ဖြင့် ယာဘက်သို့ သပ်ရသည်။

ပေချပ်များကို မျဉ်းချပြီးနောက် တစ်လက်မပတ်လည်ရှိ ပေတိုင်းသစ်သားကို လက်မဝက်ခန့် ထစ်ရသည်။ ထစ်ထားသောဖက်တွင် ခဲသားဆန့်ရုံ သုံးလေးပေါက်ခန့် အပေါက်ဖောက်ပြီးနောက် ခံသားထည့်ကာ အရှည်အတို လိုသလောက်ကြည့်၍ မျဉ်းတားရသည်။ ထိုသို့ပြုလုပ်ခြင်းသည် ပေချပ်၏ထိပ်နှစ်ဖက်တွင် ကွက်လပ်ချန်ခြင်း (မာဂျင်တားခြင်း) ပင်ဖြစ်သည်။ ပလ္လင်ချပ်ဟုခေါ်သော ပထဆုံး စာရေးသောစာမျက်နှာတွင် ထိုနည်းကို မသုံးရပေ။ ပေရွက်ဖြင့်သာ ပေချပ်၏ အလ္လင်ပေါက် အတွင်းတစ်ဖက်တစ်ချက်ကို တိုင်းရသည်။

စာစင်ခုံ[ပြင်ဆင်ရန်]

ပေချပ်ပေါ်တွင် စာရေးရန် စာစင်ခုံရှိသည်။ စာစင်ခုံသည် နောက်မှီပါ အမြင့် တစ်ပေရှစ်လက်မခန့်ရှိသည်။ စာရေးရာတွင် ထိုင်၍ရေးရသည်။ ကြက်ခြေသဏ္ဌာန်ပြုလုပ်ထားသော ခြေထောက်နှစ်ဖက်ရှိ တိုင်များသည် သုံးလက်မခန့် အပေါ်သို့ တိုင်စွန်းလေးများထွက် လျက်ရှိသည်။ ထုံခုံ၌ ကိုးလက်မ သစ်သားခင်းသုံးထားပြီး သုံးလက်မခန့် ချန်ထားသည်။ ထိုသစ်သားခင်း၏အောက်တွင် လေးဘက်ကာရံ၍ အံပြုလုပ်ထားသည်။ သုံးလက်မ အတွင်းချန်ထားသော နေရာမှာ ပေစာရေးလျှင် အသုံးအဆောင်ပစ္စည်းများ ထည့်သွင်းထားရန်ဖြစ်သည်။ သစ်သားခင်း၏အပြင်ဘက် ကြက်ခြေခတ်တိုင်း အပိုစွန်း နှစ်ခုတွင် အမှီသစ်သားတန်းရှိသည်။ စာစင်ခုံ၏အတွင်းဘက် ကြက်ခြေတိုင်စွန်းတခုတွင် အင်္ကျီချုပ်ရာတွင် အသုံးပြုသော ချုပ်ခုံတွင် ပါသည့် အဝတ်ဖုလုံးမျိုး ပါသည်။ လောလောဆယ်ကြည့်ကူးမည့် ပေချပ်ကို သစ်သားနောက်မှီတွင် ထောင်ထားပြီး ကျန်ပေချပ်များကို သစ်သားခင်းပေါ်တွင် စာပုလွေခံ၍ အလိုက်သင့်တင်ထားရသည်။ ကူရေးမည့် ပေရွက်ကို အဝတ်ဖုလုံးပေါ်တင်၍ လက်စွပ်ကလေးဖြင့် လက်ညှိုးတွင် စွပ်ကာ ညာဘက်လက်ညှိုးကက်မဖြင့် ကညစ်ကိုကိုင်ပြီးရေးရသည်။ ပေချပ်ကို ဝဲဘက်လက်မ လက်ခလယ်တို့ဖြင့် ညှပ်ထားရသည်။ စာရေးလျှင် ဝဲဘက်လက်မကို လက်သည်းရှည်ထား၍ အခွက်ကလေးပြုထားပြီး ကညစ်ကို လက်သည်းပေါ်တွင် တင်ပြီးရေးနိုင်သည်။ ကညစ်ကို ထိန်းခြင်းသဘောဖြစ်သည်။ ကညစ်ဆိုသည်မှာ ခဲတံလုံးခန့်ရှိ ထိပ်ဖျားချွန်သော သံချွန်ပင်ဖြစ်သည်။

စာရေးနည်း[ပြင်ဆင်ရန်]

စာရေးရာတွင် အရေးမှားခဲ့သော် မှားသောစာလုံး၏ အလယ်တွင် ဝတ်ဆံထည့်ခြင်းဖြင့် ဖျက်ပစ်လိုက်ရသည်။ ရှေးက ပေကူးရေးရာတွင် "က"ဖျက်ရမည့်အစား "ယ" ဖျက်မိသဖြင့် "ကဖျက်ယဖျက်"ဟူသော စကားပုံပေါ်ပေါက်လာရသည်ဟု ဆိုသည်။ ပေကူးရာနှင့် ကျက်မှတ်ရာတွင် အမှတ်အသားကို နံနံစေ့ခန့် ပျားဖယောင်းဖြင့် စားကြောင်းကို တေးထားတက်သည်။ ပေတွင် စာရေးသောအခါ သဘောတူ ထပ်တူထပ်မျှစာကြောင်းများ ပါလာလျှင် ပေယျာလစာတမ်းထိုးပြီး ထားသည်။ ထို့ကြောင့် မြန်မာစကားတွင် ချန့်ခဲ့သောသဘောကို "ပေယျာလကံ၊ ဝကွက်ချန်"သည်ဟု သုံးကြသည်။ အချို့ စာလုံးများကိုလည်း နိသျပြန် ပေစာများပေါ်တွင် "မဟာရာဇ၊ ကြီး။ တွံ၊သည်။" စသည်ဖြင့် အတိုချုံးရေးလေ့ရှိသည်။ ပေချပ်များပေါ်တွင် မိမိလိုရာ ကျမ်းစာကို ကညစ်ဖြင့် ရေးသောအခါ စာသားများ ကောင်းစွာ ပီသထင်ရှားခြင်းမရှိသေးပေ။ ရေနံသုတ်ပြီးမှသာလျှင် စာသားများထင်ရှားလာသည်။ ရေနံသုတ်ပြီးလျှင် ပေချပ်များကို ထပ်ကာ ကြိုးနှင့်စည်းပြီး နေလှမ်းရသည်။ ရေနံအထဲသို့ စိမ့်မဝင်ရန်ဖြစ်သည်။ ရေနံသုတ်ခြင်းကို ရေနံကိုင်သည် ဟုခေါ်သည်။ ပေချပ်၏ ခွက်နေသည့်ဖက်ကို ဝမ်းဖက်၊ ခုံးနေသည့်ဖက်ကို ကျောဖက်ဟုခေါ်သည်။ ပေစာရေးလျှင် ပထမဆုံးပေချပ်၏ ဝမ်းဖက်စာမျက်နှာကို စာရေးလျှင် ပလ္လင်ပေါက်နှစ်ခု၏ အတွင်း၌သာ စာရေးလေ့ ရှိသည်။ ကျောဖက်နှင့် ကျန်ပေချပ်များကို ဘေးနှစ်ဖက် တလက်မခွဲခန့်ချန်၍ စာအပြည့်ရေးရသည်။ အဆုံးပေချပ်၏ ကျောဖက်ကို ပထမပေချပ်ကဲ့သို့ ပလ္လင်ပေါက်အတွင်းနေရာ၌သာ စာရေးသည်။ ပေစာ၏ ပထမဆုံးပေချပ်ကို ပလ္လင်ချပ်ဟုခေါ်သည်။ ထိုသဘောယူ၍ စကားစပြောလျှင် စကားပလ္လင်ခံသည်ဆိုကြသည်။

ပေကို မျဉ်းကိုင်ခြင်း[ပြင်ဆင်ရန်]

ပေချပ်များဖြင့် မိမိလိုရာ စာကိုရေးပြီး မျဉ်းကိုရသည်။ မျဉ်းကိုင်ခြင်းကြောင့် ခန့်ညား သပ်ယပ်လှပလာသည်။ ပေစာထုပ်အမျိုးအစားလဲ ခွဲခြားပေးသည်။ (၁) မျဉ်းနက်၊ (၂) မျဉ်းနီ၊ (၃) ရွှေမျဉ်းကြံဆစ်နှင့် (၄) ရွှေမျဉ်းရွှေပိန်း ဟူ၍ရှိသည်။ သစ္စေးနက်သုတ်ခြင်းဖြင့် မျဉ်းနက်၊ ဟင်္သပြဒါးသုတ်ခြင်းဖြင့် မျဉ်းနီကိုရရှိသည်။ ရွှေမျဉ်းကြံဆစ်မှာ ပေစာထုပ်ဩဘေးနှစ်ဘက် အလယ်တွင် သုံးလက်မခန့် ဟင်္သပြဒါးသုတ်ပြီးလျှင် ကျန်နေရာများကို ရွှေချထားခြင်းဖြစ်သည်။ ရွှေမျဉ်းရွှေပိန်းပေမှာ ပေစာတထုပ်လုံး ရွှေချထားသည်။ ကျန်ပေများကို ပေကြမ်းဟုခေါ်သည်။

မျဉ်းကိုင်ခြင်းကို စာရေးပြီးမှသာ ပြုလုပ်ရသည်။ ပေစာထုပ်တွင် ပထမပေချပ်နှင့် နောက်ဆုံးပေချပ်တို့ကို အပိုပေချပ် ၁၀ရွက်ခန့်စီထည့်၍ ပိုးကြိုးခြည်ကြိုးတို့ဖြင့် ပလ္လင်ပေါက်သွင်းကာ တစ်ဖက်တချက်စီ ချုပ်ရသည်။ ဗယ်ပြန် ညာပြန်ချုပ်ရသည်။ ပေချပ်အပိုထည့်ခြင်းမျာ အကြောင်းတစ်စုံတစ်ရာကြောင့် ပေချပ်များပျောက်ခဲ့သော် အစားထိုးရေးထည့်ရန်ဖြစ်သည်။

ပေစာထုပ်ကို မျဉ်းကိုင်လျှင် ပေစာထုပ်၏အဖုံး ကျမ်းနှစ်ခုကို အချောကိုင်ရသည်။ ပေချပ်များ မတိမ်းစောင်းရန် ပလ္လင်တိုင်စိုက်ရသည်။ ဘေးနှစ်ဖက်ကို ပေထိုးဆောက်ဖြင့် ထိုးပြီး ချောမွတ်စေရန် ရွေပေါ်ထိုးရသည်။ ပြီးလျှင် ရေနံထုတ်ရသည်။ ရေနံထုပ်သည်ဆိုသည်မှာ တောင်ပို့မြေကြီးကို ရေနှင့်ဖျော်၍ ပေစာထုပ်၏ ဘေးနှစ်ဖက်ကို မထူမပါးသုတ်ရသည်။ ပြီးနောက် နေလှမ်းရသည်။ ထိုအခါ ရေနံကိုင်စဉ်က ရေနံများ ဘေးနှစ်ဖက်နှင့်ထိပ်ဖက်တွင် ရှိခဲ့လျှင် ကွက်လာမည်။ ကွက်သောနေရာကို တောင်ပို့မြေ ပြန်သုတ်ပြီး နေလှမ်းရသည်။ ရေနံကွက် မပေါ်သည့်တိုင်အောင် ပြုလုပ်ရသည်။

ထို့နောက် ပေရွက် နံဘေးစောင်းများ ချောမွတ်ရန် ထီးကျောက်ခေါ်သော ကျောက်ဖြင့် တိုက်သည်။ မှုန်ပြီး ချောမွတ်လာမှ သစ္စေးသုတ်သည်။ ပါး⁠ပါးသုတ်၍ သတွက်ရွက်ကို အခြောက်လှမ်းပြီး ပေပေါ်တွင် သစ္စေးနည်း⁠နည်းကျန်သည်အထိ တိုက်ရသည်။ ထိုကဲ့သို့ သစ္စေးသုတ်လိုက် သစ္စေးအိပ်လျှင် (ခြောက်လျှင်) သတွတ်ရွက်ခြောက်နှင့် ပြန်တိုက်လိုက်ဖြင့် သုံးကြိမ်သုံးခါ ပြုလုပ်ရသည်။ ချောမွတ်စေရန်ဖြစ်သည်။

ပေစာထုပ်၏ နံဘေးစောင်းများ ချောမွတ်လာမှသစ္စေးသုတ်ရသည်။ မျဉ်းနက်ဆိုလျှင် သစ္စေးထူထူသုတ်ရသည်။ မျဉ်းနီဆိုလျှင် သစ္စေးပါး⁠ပါးသုတ်ကာ ခြောက်လျှင် ဟင်္သပြဒါးရော၍သုတ်ရသည် ထိုအခါ အနီရောင်ရသည်။ ရွှေချလိုပါက သစ္စေးကို အနီရောင်ပေါ်တွင် ပါး⁠ပါးထပ်သုတ်ရသည်။ ပြီးလျှင် သစ္စေးကို အဝတ်ခြောက်ဖြင့် ပြန်သုတ်ရသည်။ သစ္စေးပြန်နုတ်သည် ဟုခေါ်သည်။ ရွှေပြားကပ်၍ဖြစ်ရုံ သစ္စေးကျန်မှ ရွှေပြားကပ်ကာ ရွှေချသည်။ ကြံဆစ်ပေလုပ်လိုလျှင် ဘေးနှစ်ဖက်အလယ်တွင် လက်လေးသစ်ခန့်ချန်ထား၍၊ ရွှေမျဉ်းရွှေပိန်းဆိုလျှင် တထုပ်လုံးအပြည့် ရွှေချရသည်။ ရွှေချသောအခါ ရွှေပြားသည် အချို့နေရာတွင် အပေါက်ကျန်နေတတ်ပြီး အစွန်းအစမညီ ရှိတက်သည်။ ထို့ကြောင့် ဂွမ်းနှင့် လှိမ့်ပေးရသည်။ ဂွမ်းတကျပ်သားခန့်လောက်မှာ ရွှေတုံးကြီးပမာဖြစ်သွားတတ်သည်။

ပေရေးနည်းရောက်လာပုံ[ပြင်ဆင်ရန်]

ပေပေါ်တွင် စာရေးခြင်းသည် အိန္ဒိယနိုင်ငံမှာ ရောက်လာဟန်တူသည်။ စာရေးခြင်းနှင့်အတူ ပေရွက်သုံးပုံသုံးနည်းလည်း တစ်ခါတည်းပါလာဟန်တူသည်။ ရှေးဦးစွာ ပေနှင့်စာသည် ပျူလူမျိုးတို့ထံ ရောက်ရှိလာခဲ့သည်။ မြန်မာနိုင်ငံတွင် ရှေးအကျဆုံးတွေ့ရှိရသော ပေစာမှာ (အေဒီ ၄၀၀-၆၀၀) က သရေခေတ္တရာ (မှော်ဇာနယ်) မှတူးဖော်ရရှိသောပေဖြစ်သည်။ ပေရွက်သဏ္ဌာန်ခတ်ထားသော ရွှေပြားအပေါ်တွင် စာရေးထားခြင်းဖြစ်သည်။ မျက်မြင် သက်သေသာဓကများအရ ပေစာသည် ကျောက်စာထက်ပင်ရှေးကျသည်။ မှော်ဇာနယ်က ရရှိသော ပေများပေါ်တွင် ရေးသားထားသည့် အက္ခရာများမှာ လွန်ခဲ့သော နှစ်ပေါင်း ၁၃၀၀-၁၄၀⁠၀ ကျော်ကျော်က သုံးစွဲသော အက္ခရာများဖြစ်သဖြင့် ပုံဂံခေတ်ကျောက်စာများထက် နှစ်ပေါင်း၄၀၀-၅၀၀ ခန့်စောသည်။ ဒုတိယကမ္ဘာစစ်ကြီး မဖြစ်မီက ရှေးအကျဆုံးပေစာကို ပုံနှင့်တကွ ဒေါက်တာ ဂျေ အေ စတူးဝပ်က အရှေ့တိုင်းနှင့် အာဖရိကတိုက် ဘာသန္တရ ကျောင်းထုတ်စာစောင် ၇ အပိုင်း ၃ တွင် ဖော်ပြရေးသားထားသည်။ ပေရွက်သုံးပုံသုံးနည်းများကိုလည်း ဆာ အီမာဆင်တင်းနင့် ရေးသော သီဟိုဠ်နိုင်ငံသမိုင်းတွင်လည်းကောင်း၊ အဲလဗက်ဖိုက် ရေးသော အတိတ်နှင့် ပစ္စုပ္ပန် မြန်မာပြည် အတွဲ ၁ တွင် လည်းကောင်း၊ ၁၉၅၀ ပြည့်နှစ် ဩဂုတ်လထုတ် မြန်မာနိုင်ငံ သုတေသနအသင်းဂျာနယ်၊ အတွဲ ၃၃ အပိုင်း ၂ တွင် ရန်ကုန်တက္ကသိုလ် ဘာသာပြန်နှင့် စာအုပ်ထုပ်ဝေရေးဌာန စာတည်းမှူး ဦးဝန်ရေးသည့် မြန်မာနိုင်ငံ ပေစာများအကြောင်း မှတ်စုတွင်လည်းကောင်း၊ ဖော်ပြရေးသားထားသည်။ စာရေးပြီးသော ပေစာထုပ်များကို ဇာတ်နိပါတ်တော်မှ အခန်းများဖြင့် လှပသေသပ်စွာ ထုလုပ်ရုပ်လုံးဖော်ထားသော စာတိုက်ခေါ် သေတ္တာကြီးများတွင် ထည့်သွင်းထားလေ့ ရှိသည်။ အချို့သော စာတိုက်ကြီးများကို ရွှေချထားသည်။ စာတိုက်ကြီးများသည် မြန်မာ အနုပညာတရပ်အနေဖြင့် ဂုဏ်ယူနိုင်သော ပစ္စည်းတခုဖြစ်သည်။ စာတိုက်မှာ အကြီးအသေးလိုက်၍ ပေစာထုပ် ၂၀ မှ ၅၀ ခန့်အထိ ထည့်သွင်းနိုင်သည်။

ပေစာထုပ်[ပြင်ဆင်ရန်]

ပေစာထုပ်
ဆုတောင်းစာပါ ပေစာ စာစည်းကြိုး

စာတိုက်တွင် ထားသည့် ပေစာတထုပ်ကို ယူကြည့်လျှင် စာပုလွေဖြင့် ပတ်၍ အပေါ်က စာစည်းကြိုးခေါ် စာထုပ်ကြိုးဖြင့် ရစ်ပတ်ထားသည်ကိုတွေ့ရမည်။ စာစည်းကြိုးသည် အနံ လက်မဝက် (သို့) တလက်မ၏ လေးပုံသုံးပုံ၊ (သို့) တလက်မခန့်ရှိ၍ အလျား ၁၅ ပေရှိသည်။ စာစည်းကြိုးကို ဂျပ်ခုပ်နည်းမျိုးဖြင့် ခိုင်ခံ့လှပသပ်ရပ်စွာ စာလုံးဖော်၍ ယက်ထားသည်။ စာများမှာ ပေစာလှူဒါန်းသူ အမည်၊ နေရပ်၊ ဆုတောင်းစာများကို လင်္ကာဖြင့် လည်းကောင်း စကားပြေဖြင့်လည်းကောင်း ရေးသားဖော်ပြထားသည်။ စာစည်းကြိုးကိုကြည့်ခြင်းဖြင့် ရှေးခေတ်မြန်မာတို့၏ ခြည်မျှင်ဖြစ်အောင် လုပ်ခြင်း၊ အထည်ယက်လုပ်ခြင်း အိမ်တွင်းမှုအတက်နှင့် ဆေးအရောက်စပ်ခြင်းပညာ၊ ပုံစံထုတ်လုပ်ပုံ အနုပညာအဆင့်အတန်း မည်မျှမြင့်ကြောင်း သိသာနိုင်သည်။ စာစည်းကြိုးကိုဖြေပြီးလျှင် စာပုလွေ (သို့မဟုတ်) စာထုပ်ပုဝါကို တွေ့ရသည်။ စာထုပ်ပုဝါမှာ အောက်ခံ အဝတ်ကြမ်းခံကာ အပေါ်မှ အဖိုးထိုက်တန်သော ပိုးဖဲကတ္တီပါစများထပ်ချုပ်ထားသော ပစ္စည်းဖြစ်သည်။ စာပုလွေမှာ ဝါးများကို ယင်းသဖွယ်ယက်ထားသည်း။ တခါတရံ ခြည်ပါရော၍ ယက်သည်။ အများသောအားဖြင့် အပေါ်မှ အဝတ်ဖြင့် ထပ်၍ချုပ်ထားသည်။ ပေချပ်များမကျိုးစေရန်ဖြစ်သည်။ မိမိလိုရာ အပိုင်းကဏ္ဍကိုခွဲပြီး စာပုလွေဖြင့်ပတ်ကာ သယ်ယူလေ့ရှိသည်။ စာပုလွေပြီးလျှင် ပေစာထုပ်ကို ထိန်းထားသော ကွင်းလျှောကြိုးရှိသည်။ ထိုကြိုး၏အစကို သန်လျက်နှင့်တူသော ဆင်စွယ်/သစ်သားဖြင့်ပြုလုပ်ထားသော တစ်လက်မခွဲအကျယ်နှင့် အရှည် ၉/၁၀ လက်မရှိသော ပစ္စည်းကို အပေါက်ဖောက်၍ချည်ထားသည်။ ၎င်းမှာ ပေချပ်ခွာသော ကရိယာဖြစ်သည်။ စာရေးပြီး မဉ်းကိုင်ပြီးပေစာထုပ်တွင် ပေချပ်များ ပူးကပ်နေသည်ကို ခွာရန်ဖြစ်သည်။ ထို့ပြင် ကျမ်းအမည်ကိုလည်းရေးထိုးထားခြင်းဖြင့် ကျမ်းအမည်ကို ချက်ချင်းသိနိုင်သည်။

ကွင်းလျှောကြိုးကိုဖြေပြီးလျှင် ကျမ်းကိုဖွင့်ရသည်။ ထိုကျမ်းကိုအစွဲပြု၍ စာအုပ်ကို "ကျမ်းစာ"ဟုခေါ်ကြခြင်းဖြစ်သည်။ ပေစာများ၏အဖုံးကျမ်းသည် သစ်သားဖြစ်၍ ပေချပ်အနံအလျားကိုလိုက်၍ ပြုတ်ရသည်။ အချို့မှာ လှပစွာ အလယ်ကထွင်း၍ ဟင်္သပြဒါးသုတ်ထားသည်။ အချို့က ရွှေချထား အချို့က ဆေးရေးရုပ်ချယ်ထားသည်။ အချို့မှာ မှန်စီရွှေချထားသည်။ အချို့မှာ တန်ဆာဆင်ခြင်းမရှိ၊ ပေချပ်များ၏ အတိုင်းအထွာအတိုင်းသာ ဖြစ်သည်။ စိတ်ဝင်စားစရာတစ်ခုမှာ စာစည်းကြိုး၊ ကျမ်းတို့ကို အရောင်ချယ်ရာတွင် အနီရောင်ကိုသာ အသုံးများခြင်းဖြစ်သည်။

ကျမ်းကိုဖွင့်သောအခါ ပေချပ်များကို တွေ့ရသည်။ ပလ္လင်တိုင်မှ နုတ်၍ဖတ်ရသည်။ အချို့ပေစာအုပ်များတွင် ပေရွက်အလွတ် လေးငါးချပ်တွေ့ရပြီး ပြီးမှပလ္လင်ချပ်လာသည်။ ပလ္လင်ချပ်တွင် ဝမ်းဖက်၌ ပလ္လင်ပေါက်နှစ်ခုအတွင်း၌သာ သာရေးသာသည်။ ကျောဖက်နှင့် အခြားပေချပ်များတွင် နံဘေးမျဉ်းကွက်လပ် ချန်သည်မှအပ အပြည့်ရေးသည်။ အဆုံးပေချပ်၏ကျောဘက်တွင်လည်း ပထမပေချပ်ဝမ်းဖက်မျာကဲ့သို့ရေးသည်။ ပေချပ်၏ကျောဘက်တိုင်းတွင် ဝဲဖက်၌ စာမျက်နှာ၊ ယာဖက်၌ ကျမ်းအမည်ကို ရေးထိုးလေ့ရှိသည်။ စာမျက်နှာအရေအတွက်ကို ဂဏန်းသင်္ကေတမသုံးဘဲ ဗျည်းနှင့်သရ သံစဉ်တွဲ၍ သုံးသည်။ ဗျည်းနှင့်သရတွဲပုံမှာ က၊ ကာ၊ ကိ၊ ကီ၊ ကု၊ ကူ၊ ကေ၊ ကဲ၊ ကော့၊ ကော်၊ ကံ၊ ကား ဖြစ်သည်။ ထို ၁၂ လုံးပေတစ်ချပ်ကို တစ်အင်္ဂါဟု ခေါ်သည်။ ထိုကဲ့သို့ က မှစ၍ ဗျည်း ၃၃ လုံးကိုသုံးသည်။ ၃၃ အင်္ဂါထက်ပိုသောပေစာထုပ်ကို က ယပင့် (ကျ) မှစ၍ သရအစဉ်လိုက် သုံးသွားသည်။ ပေချပ် တစ်ချပ်တွင် စာကြောင်းရေ လေးကျောင်းမှ ၁၂ ကြောင်းအထိရေးလေ့ရှိသည်။ ထိုသို့ရေးသည်ကို အစွဲပြု၍ ပေစာထုပ်ကို ကျမ်းအမည်နှင့် ယှဉ်တွဲကာ လေးကြောင်းရေးပေ၊ ရှစ်ကြောင်းရေးပေ စသည်ဖြင့် ခေါ်ကြသည်။ နောက်ဆုံးပေချပ်တွင် ကျမ်းရေးသူ၏အမည်၊ နေရပ်၊ ကျောင်းအမည်၊ ရေးသားသော သက္ကရာဇ်ကို တွေ့နိုင်သည်။

ဘုရင့်စာခွတ်တောက်များကို ထန်းဖူးပေါ်တွင် ရေးကြသည်။ ထန်းဖူးက ပေထက်ပို၍ ကြာရှည်ခံခြင်းကြောင့်ဟုဆိုသည်။ ဘုရင့်အမိန့်တော်ဆိုလျှင် ထန်းဖူး သို့မဟုတ် ပေချပ်ပေါ်တွင် တစ်ကြောင်းတည်း ရေးသည်။ မှူးကြီးမတ်ရာများက ထုတ်ဆင့်သည့်အမိန်ဆိုလျှင် နှစ်ကြောင်းရေသည်။ ထို့ကြောင့် တစ်ကြောင်းစာချွန်တော်၊ နှစ်ကြောင်းစာချွန်တော်ဟု ခေါ်ဝေါ်ကြသည်။

ကျောင်းစာရေး[ပြင်ဆင်ရန်]

ပေစာကို ကျောင်းစာရေးခေါ် ပေစာရေးသူများကရေးကြသည်။ များသောအာဖြင့် ရဟန်း၊ပုဂ္ဂိုလ်ပညာရှိများ၏ စီကုံးဖွဲ့ရေးသားမှုကို လိုက်ရေးရသူများသာဖြစ်သည်။ ကျောင်းစာရေးမျာသည် ဘုန်းကြီးကျောင်းမျာတွင် နေလေ့ရှိကြသည်။ ကျောင်းကပင်ထမင်းကျွေးရသည်။ ရေးခမှာ ၁၀ ကြောင်းပေ တစ်အင်္ဂါ ငွေ တစ်ကျပ်၊ ၁၁ ကြောင်းပေ တစ်အင်္ဂါ တစ်ကျပ်လေးပဲ စသည်ဖြင့် ပေချပ်ပေါ်ရှိ စာကြောင်းရေကိုလိုက်၍ ပေးရသည်။ ကျောင်းမှထမင်းမကျွေးလျှင် ပေကူးခအဖိုးငွေကိုတိုးပေးရသည်။ ကောင်းမှုတော်ကြီးကျောက်စာတွင် တောင်ဖီလာဆရာတော် ရေးခဲ့သည့်အတိုင်းပင် ကျောင်းစာရေးများသည် အက္ခရာတတ်ရသည်၊ မြဲမြံသောသတိရှိရသည်။ သို့မှသာ စာရေးရာ၌ အမှားအယွင်း အကျအပေါက် ကင်းဝေးမည်ဖြစ်သည်။ ကျောင်းစာရေးသည် တစ်နေ့လျှင် ပေခြောက်ရွက်၊ နှစ်ရက်မှာ တစ်အင်္ဂါရေးနိုင်သည်။ ရှေးခေတ်က ပေစာတစ်ထုပ်ရေးလျှင် ငွေ ၃၀၊ ၃၅ ကျပ်ခန့် ကုန်ကျသည်။ ယခုခေတ်တွင် ပေစာအရေးအသားသည် မရှိသလောက်ပင်ဖြစ်သည်။ ပုံနှိပ်စာအုပ် ထုတ်ဝေရန်သာလျှင် ပေမူကို ကော်ပီစာအုပ်ထဲသို့ ကူရေးခြင်းသာရှိသည်။

ပေစာအကူးများ၍ သတ်ပုံချွတ်ယွင်းလျှင် စာအဓိပ္ပာယ်လည်းမှားသည်။ မြန်မာရှင်ဘုရင်များနှောင်းခေတ်၌ ပေစာကူးသူတို့ ချွတ်ယွင်းချက်များသောကြောင့် သတိပေးသည့်အနေဖြင့် "ခွေးတိရစ္ဆာန်၊ မဟာဒါန်၊ နိဗ္ဗာန်နှင့်ဝေး ကျောင်းစာရေး" ဟု ဆိုစမှတ်ပြုခဲ့ကြသည်။

ကုန်းဘောင်ခေတ် ဘိုးတော်ဘုရားလက်ထက်က ပေစာရေးပုံကို ကျည်းကန်ရှင်ကြီးမေတ္တာစာတွင် "နောင်ရေးကိုလည်း မရှု၊ ခုရေးကိုလည်း မမြင်၊ ဉာဏ်လီဆင်၍၊ ချစ်ရှင်မိန်မြတ်၊ ပိဋကတ်တွင်၊ ရေးမှတ်သည့်ကျမ်းဂန်မှာ၊ အဘိဓာန် ဓာတုမာလာ၊ ဋီကာကျော် ပါဌ်နိသျတသွယ်၊ ရှစ်ဆယ်အင်္ဂါပေါင်း၊ ရှစ်ကြောင်းတစ်မျိုး၊ ကိုးကြောင်းတဝက်၊ လက္ခသုံးမူးတီး၊ တသီးမှာ လေးမူးနှင့်၊ သုံးဦးသောကျမ်ရပ်ကို၊ ရေးမှတ်၍ပြီးပါပြီ။ ဤကုသိုလ်၏အကျိုးကို၊ ဒုက္ခမျိုးကင်းဝေးလျက်၊ စကြဝတေး၊ သဌေးမန္ဓတ်၊ သိကြားနတ်ကဲ့သို့၊ လူ့ရပ်နတ်ပြည်၊ ကြင်(ကျင်)လည်စုန်ဆန်၊ ချမ်းသာစံ၍၊ နိဗ္ဗာန်ရမည့် အချက်ကို၊ ပန္နက်ဆုယူကာ၊ ဆရာပြုသော ကုသိုလ်စုဆို့ကိုလည်း၊ သာဓုခေါ်မည့် အကြောင်း" စသည်ဖြင့် ရေးသားထားသည်။

ရုပ်ပုံများ[ပြင်ဆင်ရန်]

၃၁ ဘုံ သရုပ်ဖော်ပေစာ

ပေစာများနှင့်အတူ သရုပ်ဖော်ပုံများဆွဲထားသည့် ပေများမှာ အလွန်ရှားသည်။ နှစ်လက်မအကျယ်ရှိသော ပေရွက်ပေါ်တွင် ရုပ်ပုံများရေးဆွဲထားသည်မှာ အလွန်အံ့ဩခြီးမွမ်းစရာကောင်းသည်။ ၃၁ ဘုံပေစာထုပ် (ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်) တွင် မြင်းမိုရ်တောင်ကို အလယ်ကထားပြီးလျှင် ကျွန်းကြီးလေးကျွန်းရံနေပုံနှင့် ၃၁ ဘုံလုံးကို အစီအစဉ်ဖြင့် ရေးဆွဲထားသည်။ မြင်းမိုရ်တောင်နှင့် ကျွန်းကြီးလေးကျွန်း၊ ကျွန်းငယ်များရံနေပုံကို ဆွဲရသည်မှာ နှစ်လက်မဖြင့် မဆန့်သဖြင့် ပေချပ်များကို ကြိုးဖြင့် တစ်ချပ်နှင့်တစ်ချပ် ဆက်ကာ ပုံဆွဲထားသည်မျာ ခြီးမွမ်းအံ့ဩဖွယ်ရာ ကောင်းလှပေသည်။

ပေ၏အကျိုးပြုပုံ[ပြင်ဆင်ရန်]

ပေစာများသည် ဗုဒ္ဓဒေသနာတော်ကို မြန်မာနိုင်ငံတွင် အလွန်အကျိုးပြုသည်။ မိုင်းခိုင်းမြို့စားရေးသားခဲ့သော "ပိဋကတ်သမိုင်း" စာတမ်းတွင် စာရင်းတင်ခဲ့သော လောကီ၊ လောကုတ္တရာ စာပေအားလုံးသည် ပေရွက်ပေါ်တွင် ရေးသားမှတ်တမ်းတင်ထား ခြင်းပင်ဖြစ်သည်။ ရှေးခေတ်စာပေများကို ထိန်းသိမ်းလာသည်မှာ ပေစာပင်ဖြစ်သည်။ မြန်မာနိုင်ငံသို့ ၁၈၂၆ ခုနှစ်ခန့်တွင် ပုံနှိပ်စက်များ စတင်ရောက်ရှိလာသည် ဆိုသော်လည်း အောက်မြန်မာပြည် မော်လမြိုင်၊ ရန်ကုန်မြို့များတွင်သာဖြစ်ပြီး အသုံးမများသေးပေ။ ပေပေါ်တွင်စာရေးခြင်းအလေ့သည်လည်း လျော့မသွားချေ။ ယခုတွေ့ရှိရသောပေစာများတွင် သက္ကရာဇ် ၁၂၇၀ ကျော်အထိ ရေးသားထားသော ပေစာထုပ်များကို တွေ့ရှိရခြင်းကြောင့်ဖြစ်သည်။

ပေစာများကို လေ့လာလျှင် ရှေးခေတ်က မြန်မာနိုင်ငံတွင် စာပေရှိ၍ အယူဝါဒရေးစာပေ မည်မျှထွန်းကားခဲ့ပုံကို သိရှိရသည်။ စာစည်းကြိုးကိုကြည့်ခြင်းအားဖြင့် အိမ်တွင်းလက်မှုပညာ ရက်ကန်းရက်ခြင်းအတတ်၊ ဆေးဆိုးခြင်း အတတ်၊ ပုံစံဖော်ခြင်းအတတ်များ ကောင်းစွာဖြစ်ထွန်းနေသည်ကိုလည်း သိရှိနိုင်သည်။ စာတိုက်များတွင်လည်း ပန်းပုပညာ ပြောင်မြောက်စွာ ထွင်းလုပ်ထားခြင်းကို တွေ့ရသဖြင့် မြန်မာ့အနုပညာ မည်မျှဆန်းပြားကြောင်း ခန့်မှန်းနိုင်သည်။ ထို့ကြောင့် ပေစာသည် မြန်မာ့ယဉ်ကျေးမှုအဖြာဖြာကို ဖော်ထုတ်သော ရတနာတစ်ပါးပင် ဖြစ်သည်။ မြန်မာစာပေ၊ မြန်မာ့ယဉ်ကျေးမှု၊ အယူဝါဒရေးရာစာပေများကို ရင်းမြစ်တိကျစွာ လေ့လာလိုက်စားလိုလျှင် ပေစာနှင့်ကင်း၍ မရကောင်းပေ။ ယုခုအခါ ရှေးက ရေးခဲ့သော ပေစာများသာရှိပြီး ခေတ်၏တိုးတကက်မှုကြောင့် အသစ် ထပ်မံရေးမှုများ မရှိသလောက် ဖြစ်၍ ပေစာများကို အလေးဂရုပြုကာ ထိန်းသိမ်းထားရှိရန်အလွန်ပင် အရေးကြီးပေသည်။ ရှေးခေတ်က မြန်မာများသည် ဤမျှလုပ်ငန်းဆောင်တာ အဆင့်ဆင့် များလှသော ပေစာဖြင့် အယူဝါဒရေးစာပေ၊ လောကီစာပေ စသည်တို့ကို ယခုခေတ်လူများ နည်းယူမှတ်သား လိုက်နာလောက်အောင် ကျမ်းကြီး ကျမ်းဂန်များအဖြစ် ရေးထားခဲ့သည်မှာ ချီးကျူးစရားကောင်း၍ ဂုဏ်ယူထိုက်သော အချက်ပင် ဖြစ်သည်။ [၁]

အကိုးအကား[ပြင်ဆင်ရန်]

  1. ဒေါ်ခင်⁠ခင်စု၊ မြန်မာပေစာ၊ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ-၁၀ (မြတ်-ယူး)၊ မြန်မာနိုင်ငံဘာသာပြန်စာပေအသင်း၊ ရန်ကုန်၊ ၁၉၆၈၊ ဒုကြိမ်၊ နှာ ၂၈၉-၂၉၉။