နာအောက်၊ ဦး

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
ဦးနာအောက်(၁၁၉၄-၁၂၇၅)
ဦးနာအောက်သိမ်တော်ကြီး၊ ကော့နှတ်ရွာ

ဦးနာအောက်(၁၁၉၄-၁၂၇၅)[ပြင်ဆင်ရန်]

၁၉ ရာစုတွင် ကျော်ဇောထင်ရှား သော မွန်တိုင်းရင်းသားများတွင် ဘုရားဒကာ ဦးနာအောက်သည် တစ်ယောက်အပါအဝင် ဖြစ်ခဲ့သည်။[၁]

ငယ်ဘဝ[ပြင်ဆင်ရန်]

ကရင်ပြည်နယ် ဘားအံမြို့နယ်၊ ဖဲ ကတာကျေးရွာ မွန်ကျေးရွာက လေးဖြစ်သော ခရဲကျေးရွာတွင် ကောဇာသက္ကရာဇ် ၁၁၉၄ ခုနှစ် ကဆုန်လဆုတ် ၃ ရက် ကြာသ ပတေးနေ့တွင် မွေးဖွားသည်။ မိဘနှစ်ပါးသည် အလွန်ဆင်းရဲပြီး မွေးချင်း ၅ ယောက်အနက် စတုတ္ထမြောက် သားဖြစ်လေသည်။ ဦးနာအောက်အား မွန်ဘာသာဖြင့် "အအက်" ဟု ခေါ်တွင်လေသည်။ မွန်ဘာ သာ အအက်ဟူသည် မြန်မာဘာသာ အဓိပ္ပါယ်မှာ အရုပ်ဆိုးအကျည်းတန်ဟု ဆို နိုင်သည့်အပြင် သူတစ်ပါးအပေါ် နိုင်ထက်စီးနင်းမလုပ်ခြင်း၊ ဒေါသကို ထိန်းသိမ်း ခြင်းနှင့် နှိမ့်ချ၍နေတတ်ခြင်းဟုလည်း အဓိပ္ပါယ်ဖေါ်နိုင်သည်။

လူလားမြောက် အရွယ်ရောက်လာသောအခါတွင် မောင်အောက်အား ပညာသင် ကြားရန် ကော့မယ်ခရ ဘုန်းတော်ကြီးထံ၌ မိဘနှစ်ပါးက အပ်နှံလေသည်။ ဘုန်း တော်ကြီးကျောင်းတွင် ပညာကို ကောင်းစွာမသင်ကြားနိုင်ဘဲ ကျောင်းမှထွက် ကာ ကျွဲကျောင်းသား၊ နွားကျောင်းသားဘဝဖြင့် ဆင်းရဲသော မိဘနှစ်ပါးကို ကူ ညီရလေသည်။ စာသင်ကြားရမည့်အရွယ်တွင် မောင်အောက်သည် ကျောင်း လွယ်အိတ်လွယ်ပြီး ကျောင်းတက်ရမည့်အစား ကော့မယ်ခရရွာ၌ လောက်လေး ကိုကိုင်ကာ လောက်စာလုံးအိတ်လွယ်ပြီး ကျွဲစားကျက်၌ ကျွဲစီးပြီး ကျွဲကျောင်း သားဘဝ ဖြစ်ခဲ့ရသည်။

မောင်အောက်သည် အလွန်ဆင်းရဲလှသော်လည်း လုံ့လ၊ ဝိရိယနှင့် ဇွဲရှိသူ ဖြစ် သည်။ ရောင့်ရဲတင်းတိမ်သူလည်း ဖြစ်သည်။ ဟင်းလျာအဖြစ် ဆားရလျှင် ဆား နှင့်စားပြီး ငါးပိဖုတ်နှင့်လည်း ကျေနပ်သူဖြစ်သည်။ မောင်အောက်သည် ရှေးဘဝက ပုပ္ပစေတနာ အကျိုးမပေးသဖြင့် ပထမအရွယ် ၌ ဒုက္ခ၊ သုက္ခံ လောကလှိုင်းတံပိုးအောက်၌ မြုပ်တစ်ခါ ပေါ်တစ်လှည့်ဖြင့် ခရီး ကြမ်းကြီးပေါ်တွင် လျှောက်နေရသူဖြစ်၏။ သို့ ကျွဲကျောင်းသားဘဝနှင့် ဘဝကို ရင်ဆိုင်နေရစဉ် ကတိုးရွာသူဌေးကြီး ဦးမွန်ထော်၏ ကိုးဆောင်အိမ်ကြီး၊ ကော့ နှတ်ရွာရှိ သူဌေးဦးထော်အာနှင့် အခြားအိမ်ကြီး အိမ်ကောင်းများကို တွေ့ရှိသော အခါ ယင်းတို့ကဲ့သို့ ကြီးပွားချမ်းသာလိုသောစိတ်များ တဖွားဖွား ပေါ်ပေါက်လာ ခဲ့၏။

ဘုန်းကံရှိသော ယောကျာ်းပီပီ ဘဝကို အရှုံးမပေးတတ်သူ ဇွဲရှိသောသူ လုံ့လဝိရိ ယရှိသူဖြစ်သည့်အလျောက် ကျွဲကျောင်းသား၊ နွားကျောင်းသားဘဝတွင် ကျ ရောက်လင့်ကစား ကတိုးကော့နှတ်ရွာများသို့ ရောက်ရှိစဉ်က မြင်တွေ့ရသော လူချမ်းသာတို့၏ ကြီးပွားချမ်းသာ တိုးတက်နေသည်ကို အားကျကာ ၎င်းတို့ကဲ့ သို့ ဖြစ်လာရန် ကြိုးစားမည်ဟု သန္ဓိဋ္ဌါန်ချထားလေသည်။

ဦးနာအောက် သိမ်တော်ကြီးအတွင်းရှိ နံရံဆေးရေး ရုပ်လုံးရုပ်ကြွများ

လူလားမြောက်အရွယ်သို့ ရောက်ရှိလာသောအခါတွင် မိဘနှစ်ပါးလည်း ကွယ် လွန်ပြီး ဖြစ်သောကြောင့် မိမိ၏အကြံအစည် အောင်မြင်ရန်အတွက် ကတိုး၊ ကော့နှတ်ရွာနှင့် တဆက်တည်းဖြစ်သော သံလွင်မြစ်ပေါ်ရှိ သံဃာပိုင်ရွာရှိ မိမိ၏ အစ်မကြီး ဒေါ်ထောဂေ့ (မိထဝ်ဂွံ) ရှိရာသို့ လာရောက်နေထိုင်ကာ အစ်မ၏ လယ်မြေတွင် လယ်သမားအဖြစ် ဝင်ရောက်လုပ်ကိုင်လေသည်။

အချိန်တန်အရွယ်ရောက်သောအခါ ဖူးစာရှင်ဖြစ်သော မိရွှေမှုန်နှင့် လက်ထပ် ထိမ်းမြှားလေသည်။ မိရွှေမှုန်သည် အိမ်တွင်းမှုအပြင် ကောက်စိုက်ခြင်း၊ ကိုင်း လုပ်ခြင်းတို့၌လည်း ယောကျာ်းများနှင့် ရင်ဘောင်တန်းပြီး ပစ္စည်းဥစ္စာရှာဖွေ တတ်သူဖြစ်လေသည်။ တက်ညီလက်ညီဖြင့် ဘဝခရီးကို စတင်လျှောက်စဉ်မှာ ပင် မိရွှေမှုန်သည် မိမိ၏ ချစ်လှစွာသော ခင်ပွန်းသည်ကို လက်တွဲဖြုတ်ပြီး သေ မင်းခေါ်ရာနောက်သို့ ပါသွားရရှာလေတော့သည်။

ချစ်ဇနီးကွယ်လွန်ပြီးနောက် ဝမ်းနည်းဖွယ်ရာ၊ အားနည်းဖွယ်ရာများကို ဖယ်ရှား ပြီး ဘဝကို အရှုံးမပေးသော ယောကျာ်းပီပီ မိမိ၏အဓိဋ္ဌာန် အောင်မြင်ရေးအ တွက် မင်းဖြစ်လိုက မင်းနားခစား၊ သူဋ္ဌေးဖြစ်လိုက သူဋ္ဌေးနားမှာ ခစားမှဖြစ်မယ် ဟု စိတ်ကူးပြီး ကော့နှတ်ရွာရှိ သူဌေးကြီးဦးထော်အာထံတွင် အလုပ်ဝင်လုပ်လေ သည်။

ဦးထော်အာ၏ စည်းစိမ်ချမ်းသာ ပစ္စည်းကြွယ်ဝမှုကို အားကျ၍ ဦးထော်အာကဲ့ သို့ ကြွယ်ဝချမ်းသာရန်

  1. အလုပ်ကို ကြိုးစားလုပ်မည်။
  2. ရဲရဲဝံ့ဝံ့ နောက်မတွန့်ပဲ လုပ်ရမည်။
  3. ရိုးသားရမည်။
  4. ဝေဖန်ထောက်ရှု မိမိမှုကို ဝေဖန်ရမည်ဟူသော စည်းကမ်းလေးချက် ကို ချမှတ်လေသည်။

ထိုသို့ သူဌေးကြီးဦးထော်အာထံတွင် ဝင်ရောက်အလုပ်လုပ်နေစဉ် မောင်အောက် ၏ ယောက္ခမတို့က ၎င်းတို့၏ သမီးငယ် မိရွှေမှုန်၏ညီမ မိရွှေအုပ်နှင့် ပြန်လည် လက်ဆက်ပေးလေသည်။ မိရွှေအုပ်နှင့် ကြာရှည်ပေါင်းလိုက်ရဘဲ အစ်မမိ ရွှေမှုန် နည်းတူ မိရွှေအုပ်လည်း သေဆုံးသွားလေသည်။

ဒုတိယဇနီးသေဆုံးပြီးနောက် ရှိသမျှပစ္စည်းများကို အစ်မကြီးအားအပ်နှံခဲ့ပြီး သူ ဌေးကြီးဦးထော်အာထံတွင် ခြေစုံပစ်၍ အလုပ်ဝင်လုပ်တော့သည်။

သူဌေးကြီး ဦးထော်အာနှင့်ဇနီး ဒေါ်ခမာနားတို့သည် ထိုအချိန်တွင် ကော့နှတ်ရွာ ၌ အလွန်ကြွယ်ဝချမ်းသာသော သူဌေးကြီးဟု ကျော်ကြားလျှက်ရှိသည်။ ရန်ကုန်မြို့တွင် သားဖြစ်သူ မောင်ရွှေအိုးအမည်ဖြင့် ရွှေအိုးဘရားသား ကုမ္ပဏီ တစ်ခုကိုလည်း တည်ထောင်ထားလေသည်။ သစ်တောပိုင်ရှင်သူဌေး ကြီးလည်း ဖြစ်သည်။ ကော့နှတ် ဘုရားကျောင်းဝင်းရှိ တိုက်ကျောင်းကြီး မဟာမြတ်မုနိ ပိဋ ကတ်တိုက်နှင့် မီးလောင်သွားသော ဇရပ်ကြီးတစ်ဆောင်၏ အလှူရှင်လည်း ဖြစ်၏။

မောင်အောက်သည် သူဌေးကြီး ဦးထော်အာထံ၌ အလုပ်ဝင်လုပ်ရာတွင် ရေတွေ့ သောငါးကဲ့သို့ စိတ်အားငယ်မှု၊ ဝမ်းနည်းမှုများကို ဖြေဖျောက်၍ စိတ်ချမ်းသာစွာ ဖြင့် အလုပ်ကိုကြိုးစားခြင်း စည်းကမ်းသေဝပ်ခြင်းတို့ကြောင့် အလုပ်သမားအ ပေါ် ခေါင်းဆောင်မှု ရရှိလာသည်။ သူဌေးကြီးဦးထော်အာသည် ရိုးသားသော မောင်အောက်အား အလုပ်သမားခေါင်းဆောင်ခန့်ပြီး သစ်တောကြိုးဝိုင်းသို့ မိမိ၏ လူယုံအဖြစ်နှင့် စေလွှတ်၍ သစ်လုပ်ငန်းကို လုပ်ကိုင်စေသည်။ မောင်အောက် သည် သစ်တောကြိုးဝိုင်းတွင် သူဌေးကြီးအလိုကျ သစ္စာရှိရှိဖြင့် လုပ်ကိုင်ဆောင် ရွက်ပေးသဖြင့် အတော်ဆုံးနှင့် သစ္စာအရှိဆုံး အလုပ်သမားခေါင်းဆောင် အဖြစ် အသိအမှတ်ပြုကာ ဆုငွေများချီးမြှင့်ပြီး သူကောင်းပြုလေသည်။ ထိုသို့ ဥစ္စာ ပစ္စည်းနှင့် ချီးမြှင့်ခြင်းခံရသော်လည်း မောင်အောက်မှာ ဘဝင်မြင့်ခြင်းမရှိပဲ မိမိ၏ ရောက်လိုသော ပန်းတိုင်ကိုပင် စွဲမြဲစွာထားပြီး အလုပ်ကိုကြိုးစား၍ လုပ်ကိုင် လေသည်။

ထိုသို့ အလုပ်ကြိုးစားမှု စည်းကမ်းရှိမှုတို့ကြောင့် ပစ္စည်းဥစ္စာများ စုဆောင်းမိလာ ၏။ စုဆောင်းမိလာသော ဥစ္စာပစ္စည်းများကို ထိန်းသိမ်းရန် ဘဝကြင်ဖော် လိုလာ ၏။ တတိယ မြောက်ဇနီးအဖြစ် မိဂျာဥနှင့် လက်ထပ်ထိမ်းမြှားပြန်လေသည်။

မိဂျာဥနှင့် ထိမ်းမြှားပြီးနောက် စုဆောင်းထားသောငွေအပြင် သူဌေးကြီး ဦးထော် အာထံမှ ချေးယူထားသော ငွေအရင်းအနှီးဖြင့် သူဌေးကြီးဦးထော်အာထံမှ အ လုပ်ခွဲထွက်ကာ မိမိကိုယ်ပိုင်သစ်လုပ်ငန်းကို စတင်လုပ်ကိုင်လေတော့သည်။

မောင်အောက်သည် မိမိကိုယ်ပိုင်သစ်လုပ်ငန်းလုပ်ကိုင်ရန်အတွက် သစ်တောသို့ မထွက်မီ တစ်နေ့တွင် "ငါသည် ငယ်စဉ်အချိန် ဆင်းရဲသားအချိန်၌ ငါရည်မှန်း ထားသော ချမ်းသာရမည့် ရောင်ခြည်ဦးဘဝသို့ ငါတက်လှမ်းရတော့မည်။ သို့ သော်ကံတရားသည် ဆန်းကြယ်ပါ၏။ ဉာဏ်နှင့်ဝီရိယသည် ကံတရား၏ အခြံအ ရံမျှသာ ဖြစ်သည်။ ထို့ကြောင့် ငါ့ကောင်းမှုကံပြည့်အောင် ရတနာသုံးပါးသည် ငါ၏ ကိုးကွယ်ရာ ဖြစ်ပါသည်" ဟု စိတ်ကူးမိလေသည်။

ထိုစိတ်ကူးခံစားချက်ကို နှလုံးသွင်းလျှက် ပန်း၊ ဆီမီး၊ ဖယောင်းတိုင်များကို ကိုင် ဆောင်လျှက် ဘုရားကျောင်းဝင်းအတွင်းသို့ ဝင်သွားလေသည်။ ဘုရားကျောင်း ဝင်းအတွင်းရှိ ဘုရားငုတ်တို စေတီအနီးသို့ ရောက်သောအခါတွင် ပန်း၊ ဆီမီး၊ ဖ ယောင်းတိုင်များဖြင့် ဘုရားအားပူဇော်ကာ သူ၏လိုအင်ဆန္ဒကို ဆုတောင်း၍ အိမ် သို့ပြန်သွားလေသည်။

ယင်းဆုတောင်းချက်နှင့်အညီ အောင်မြင်မှုသည် မဝေးသောကာလတွင် ရှိနေပြီး ဖြစ်သည်ကို မောင်အောက်သည် ယုံကြည်မှုအပြည့်နှင့် ဝမ်းမြောက်ဝမ်းသာ ဖြစ် နေမိလေသည်။

  • (မှတ်ချက်။ ။ ကော့နှတ်ဟူသော ဝေါဟာရမှာ မွန်ဘာသာ "ကံဟနှာတ်" ဟူသော အသံမှ ဖြစ် ပေါ်လာသော အမည်ဖြစ်သည်။ "ကံ" ဟူသောအဓိပ္ပါယ်မှာ ကုန်းမြင့် မြေနေရာ ကို ဆိုလိုပြီး "ဟနှာတ်" မှာ ပက်ခွံ့ ဟူသော အဓိပ္ပါယ်ရသည်။ ကော့နှတ်ရွာ မ ဖြစ်ပေါ်လာမီ ထိုနေရာကို ရေလွှမ်းမိုးသောအခါ ပက်ခွံ့လောက်ရှိသော ကုန်း မြင့်ကလေးသာ ပေါ်ထွန်းလျှက်ရှိပြီးနောက် ပက်ခွံ့မျှလောက်သာ ရှိသောမြေနှင့် ပတ်ဝန်းကျင်နေရာတွင် ရွာတည်သောအခါ ထိုရွာကို "ကော့နှတ်" "ပက်ခွံ့ကုန်း" ဟူ၍ ခေါ်တွင်လေသည်။)

မောင်အောက်သည် ယုံကြည်မှုအပြည့်အဝဖြင့် သစ်တောသို့ တက်သွားသည်။ ထိုအချိန်၌ တနင်္သာရီတိုင်းသည် အင်္ဂလိပ်တို့ သိမ်းပိုက်ထားပြီး မြန်မာပြည်အ ထက်ပိုင်းမှာ မငြိမ်မသက်ဖြစ်နေသော အချိန်အခါဖြစ်လေသည်။ သက္ကရာဇ် ၁၂၄၇ ခုနှစ်၊ သီပေါမင်းပါတော်မူပြီးနောက် ရှမ်းပြည်နှင့် ကယားပြည်နယ်တွင် အင်္ဂလိပ်တို့ကို ခုခံတိုက်ခိုက်ကြသည်။ ထို့ကြောင့် တိုင်းရင်းသားရှမ်းနှင့် ကယား တို့ကို အင်္ဂလိက်တို့က ဆက်လက်နှိမ်နင်းနေရလေသည်။ နောက်ဆုံးတွင် တိုင်း ရင်းသားများတို့သည် အားမတန်၍ မာန်လျှော့ကာ အင်္ဂလိပ်တို့နှင့် စေ့စပ်ပြေငြိမ်း ရလေသည်။ သို့သော် ကယားစော်ဘွားတို့က မိမိတို့ပိုင်သစ်တောများ ဖြစ်ကြ သော လွယ်ကော်၊ မယ်ဖ၊ မယ်ခဲ၊ သဖန်းချောင်းသစ်တောများကို ဈေးပေါပေါဖြင့် တိုင်းရင်းသား ညီအစ်ကိုတော်ဖြစ်သည့် မွန်လူမျိုးဦးနာအောက်အား သစ်ထုတ် ခွင့် ပေးလိုက်လေသည်။ ရှမ်းစော်ဘွားများကလည်း မိမိတို့ပိုင် သစ်တောများမှ နန်းဖဲတောကိုလည်း ဦးနာအောက်အား ဈေးနှုန်းချိုသာစွာဖြင့် လုပ်ကိုင်ခွင့်ပေး လေသည်။ အရေးကြီးသွေးနီးဆိုသကဲ့သို့ တိုင်းရင်းသားအချင်းချင်း ရိုင်းပင်းကူ ညီမှုကြောင့် နေ့ချင်းညချင်းဆိုသလို ဦးနာအောက်၏စီးပွားရေးမှာ အံ့ဩဖွယ် ကောင်းလောက်အောင် တိုးတက်လာတော့သည်။

ဦးနာအောက်၏ သစ်တံဆိပ်မှာ (၃၃၃) ဖြစ်သည်။ ယင်းတို့သည် ရတနာသုံးပါး၊ ပိဋကတ်သုံးပုံ၊ ဘုံသုံးပါးဟူ၍ အဓိပ္ပါယ်ရသည်။ ထိုတံဆိပ်ကို မှတ်ပုံတင်ပြီး မိမိ ပိုင်သစ်တောမှ သစ်များကို ယင်းတံဆိပ်ဖြင့် ခတ်နှိပ်လေသည်။ ကုသိုလ်ကံ အ ကျိုးပေးလာမှုကြောင့် ထုတ်လုပ်ရန်အလွန်ခက်သော မယ်ဖ၊ မယ်ခဲ၊ သဖန်း ချောင်းသစ်တောများရှိ သစ်များသည် ထိုနှစ်တွင် မိုးသည်းထန် စွာရွာပြီး ရေလျှံ မှုကြောင့် သံလွင်မြစ်အတွင်းသို့ အလွယ်တကူ ရောက်ရှိလာကာ မြစ်တလျှောက် မျောပါလာကြပြီး ကတိုး၊ ကော့နှတ်သစ်ဆိပ်သို့ ကောင်းမွန်စွာ ဆိုက်ရောက်လာ ကြလေသည်။

ထိုအချိန်တွင် သံလွင်မြစ်ကမ်းပေါ်ရှိ သံဃာပိုင်ရွာမှ မော်လမြိုင်သို့ စီးဆင်းသော သံလွင်မြစ်တစ်လျှောက် ငါးမိုင်လောက်အကွာအဝေးအထိ သစ်ဖောင်များဖြင့် ပြည့်နှက်နေတော့၏။ ထိုသစ်အားလုံး၏ တံဆိပ်မှာ (၃၃၃) ဖြစ်လေသည်။ သစ် ထုတ်လုပ်ရေးစခန်းမှ ကော့နှတ်ရွာအရောက် သစ်တစ်လုံးအတွက် ကုန်ကျစ ရိတ်ငွေသည် ငွေဒင်္ဂါး ၂ဝ ဖြစ်သည်။ မော်လမြိုင်တွင် ရောင်းရသော ဈေးနှုန်းမှာ ငွေဒင်္ဂါး ၉၀-၁၀ဝ ထိ ရောင်းရသဖြင့် ထိုနှစ်ဦးမှာပင် ဦးနာအောက်သည် စုစု ပေါင်းအမြတ်ငွေ ၁ဝ သိန်းခန့်ရရှိလေတော့သည်။

မောင်အောက်၏ ဆုတောင်းခန်းသည် ပြည့်စုံပြီး ဉာဏ်နှင့် လုံ့လ၊ ဝီရိယသာ ကျန်တော့သည်။ ဆင်းရဲသားဘဝမှ နေ့ချင်းညချင်း ချမ်းသာလာသော်လည်း မိမိ ၏ ဘဝဟောင်းကိုမမေ့ဘဲ မိမိ၏ အလုပ်သမားများအပေါ် ဘကြီးအရွယ်ကို ဘ ကြီး၊ ဖခင်အရွယ်ကို ဖခင်လိုသဘောထားပြီး ချီးမြှင့်ထိုက်သူကို ချီးမြှင့်၍ ဆုံးမ သင့်သူကို ဆုံးမလေသည်။ ထို့ကြောင့် အလုပ်သမားများက ဖခင်လိုသဘော ထားပြီး ဘကြီးအောက်လို့ အမွှန်းတင်ခေါ်ကြလေသည်။ မွန်ဘာသာအားဖြင့် "အနာဲအံက်" "ဘကြီးအောက်" ဟူ၍လည်း အမွှန်းတင်ပြီး ခေါ်ကြသည်။ "အနာဲ" ၏ အဓိပ္ပါယ်မှာ "ဘကြီး" ဖြစ်သည်။

ထိုသို့ကြီးပွားချမ်းသာလာသော အနိုင်အောက်သည် ပက်ခွံ့မျှလောက်သာ ရှိ သော အောင်မြေပေါ်တွင် ရပ်တည်ပြီး ဘုရားငုတ်တိုစေတီငယ်ထံတွင် အဓိဋ္ဌာန် ဝင်ကာ ဆုတောင်းခဲ့သဖြင့် ယခုအခါ ဆုတောင်းသည့်အတိုင်း ပြည့်စုံလာသည် ကို အဖန်ဖန်သတိရသဖြင့် အလုပ်အားသည့်အခါတိုင်း သစ်တောကြိုးဝိုင်းမှ ကော့နှတ်သို့ ပြန်လာသည်။ ဘုရားငုတ်တိုငယ်ကို စေတီကလေးကို စေတီအ ကြီးအဖြစ် ပြည်လည်တည်ကာ ဇနီးသည် ဒေါ်ဂျာဥနှင့်အတူ ရေစက်သွန်းချ အမျှ ပေးဝေခဲ့လေသည်။

ဇနီးသည် ဒေါ်ဂျာဥမှာလည်း နိုင်အောက်နှင့် ကြာရှည် လက်မတွဲလိုက်ရဘဲ သေ မင်းခေါ်ရာနောက်သို့ လိုက်ရပြန်သည်။

ဦးနာအောက်သည် ထိုအချိန်တွင် အသက် ၄ဝ ကျော်မျှသာရှိသေးသည်။ ဇနီး သည် သေဆုံးသည့်အတွက် တရားနှင့်ဖြေကာ အံကြိတ်၍ အလုပ်ကို ဆက်လုပ် လေတော့သည်။

ထိုအမြတ်ငွေ ဆယ်သိန်းဖြင့် သစ်ထုတ်လုပ်ရေးလုပ်ငန်းကို တိုးချဲ့လိုက်လေ သည်။

သံလွင်မြစ်အရှေ့ဘက် ယိုးဒယား (ထိုင်း) ပြည်တွင် မယ်ဟောင်ဆွန် သစ်တော ကြိုးဝိုင်းကို အခွန်ဆောင်ပြီး မိမိကိုယ်တိုင်ကြီးကြပ်၍ ဆင်ပေါက်အစီး (၄၀) နှင့် သစ်ထုတ်လုပ်ရေးလုပ်ငန်းကို လုပ်ကိုင်ရာ အမြတ်အစွန်းများစွာ ရလာပြန်၏။

ဦးနာအောက်သည် အလုပ်ကို ထကြွစွာလုပ်၏။ နိုးနိုးကြားကြားအမြဲတမ်းရှိ၏။ ငယ်သားအပေါ် သနားကြင်နာမှုရှိ၏။ အမြင်မတော်သည်များကို သည်းခံပြီး ပြု ပြင်ပေး၏။ လုပ်ငန်းတစ်ခုကို ကိုယ်တိုင်ကျင့်ကြံထောက်ရှုပြီးမှ လုပ်တတ်၏။ ထို ကဲ့သို့သော ထကြွနိုးကြား သနားသည်းခံ၊ ဝေဖန်ထောက်ရှုဟူသော နာယက ဂုဏ်ခြောက်ပါးကို လက်ခံထားပြီး လုပ်ငန်းကို လုပ်ဆောင်သောကြောင့် သူ၏ လုပ်ငန်းသည် လျင်မြန်စွာ တိုးတက်ခြင်းဖြစ်လေသည်။

လုပ်ငန်းကိုတွင်ကျယ်လာအောင် မယ်ဟောင်စွန်သစ်တောကို တူဖြစ်သူ (ဇနီးမိ ဂျာဥ ဘက်မှ) နိုင်ထွန်းရင်နှင့် နိုင်တွတ်တို့အား ဆင်အစီး ၄၆ စီးနှင့် ကြီးကြပ် ခိုင်းစေပြီး မိမိမှာမူ ရှမ်းပြည်ရှိ မောင်းမဲသစ်တောနှင့် ကယားပြည်နယ်ရှိ ဖား စောင်း သစ်တောကို ဆက်လက်လုပ်ကိုင်ပြန်သည်။

ဦးနာအောက်သည် သစ်တောလုပ်ငန်းတွင် များစွာအောင်မြင်မှုရပြီးနောက် ကော့ နှတ်ရွာသို့ပြန်လာသောအခါတွင် ချစ်တီးကုလားနှင့် ဘာဘူကုလားများသည် တိုင်းရင်းသားဖြစ်ကြသော တောင်သူလယ်သမားများအား မတန်မဆသော အ တိုးနှုန်းဖြင့် ငွေချေးပြီး သွေးစုပ်ချယ်လှယ်နေသည်ကို တွေ့မြင်ရသဖြင့် ထိုချစ် တီးကုလားနှင့် ဘာဘူကုလားများကို တိုက်ရန်အတွက် ငွေတိုးချစားခြင်းနှင့် စပါး ရောင်းဝယ်လုပ်ငန်းကို တိုးချဲ့စမ်းသပ်လုပ်ကိုင်လေတော့သည်။

နိုင်ငံခြားပွဲစား ချစ်တီး၊ ဘာဘူကုလားများသည် သူတို့၏စီးပွားရေး ဈေးကွက်ထဲ သို့ မွန်တိုင်းရင်းသား ခေတ်ပညာမဲ့ ဘုန်းကြီးကျောင်းထွက် အရင်းရှင်ပေါက်စ တစ်ယောက် ဝင်ထွက်လာသည်ကို အထူးမလိုလား၍ ဦးနာအောက်၏ လုပ်ငန်း ပျက်ဆီးရာပျက်စီးကြောင်းအတွက် နည်းအမျိုးမျိုးဖြင့် တိုက်ခိုက်လာကြ၏။ ထို သို့တိုက်ခိုက်ခံရမှုအပြင် ဦးနာအောက်အလုပ်သမားများ၏ လုပ်ငန်းမကွျမ်းကျင် မှုကြောင့် ပထမတွင် အရှုံးနှင့်သာ ရင်ဆိုင်ရလေတော့သည်။ သို့သော်လည်း ဦး နာအောက်မှာကား "ဘဲအုပ်တစ်ရာနှစ်ရာ မဗေဒါကတစ်ပင်တည်း၊ မဗေဒါအံကို ခဲ ပန်းပန်လျှက်ပဲ" ဟူသော စာဆိုနှင့်အညီ အရင်းရှင်နိုင်ငံခြားသားတို့ ဝိုင်းပြီး တိုက်ခိုက်ကြသည်ကို အပြုံးမပျက် အံကြိတ်လျှက် ရင်ဆိုင်ရန် ဆုံးဖြတ်ချက်ချ လိုက် လေသည်။

"ခုခံဝံ့သူ အောင်ပွဲရ၏" ဟူသော ဆောင်ပုဒ်ကို လက်ခံယုံကြည်ပြီး မိမိ၏အား နည်းချက် ဟာကွက်ပျော့ကွက်များကို လေ့လာရာတွင် မိမိ၏ပွဲစားများနှင့် အလုပ်သမားများ မကွျမ်းကျင်မှုကြောင့် လုပ်ငန်းမအောင်မြင်သည်ကို တွေ့ရသ ဖြင့် သစ်တောလုပ်ငန်း၌ အားထားရသော လူယုံတော်ဦးငယ်ကိုဆင့်ခေါ်ပြီး စပါး လုပ်ငန်းတွင် တာဝန်ယူထမ်းဆောင်စေသည်။ ငွေကြေးဘက်တွင်မူ မိမိ၏လူယုံ တော်ဦးဘိုးခင်အား တာဝန်ချထားလေသည်။ စာရေးကြီးဦးဘိုးခင်သည် နေ့စဉ် ဝင်ငွေထွက်ငွေစာရင်းနှင့် ဘဏ်သွင်းငွေ ထုတ်ငွေစာရင်းများကို ဦးနာအောက် အား တင်ပြအစီရင်ခံရလေသည်။

ကော့နှတ်ဘုရားဝင်း အရှေ့မြောက်ထောင့်၌ ဟောင်းနွမ်းယိုယွင်းနေသော ရုပ် ပွားတော်လေးဆူ တည်ရှိနေသည်။ တစ်နေ့တွင် လယ်သူမ မမိဗျူသည် ကော့ နှတ်ရွာတွင်းမှ လယ်တောသို့အသွား ထိုရုပ်ပွားတော်လေးဆူ တည်ရှိရာနေရာသို့ ဖြတ်သွားစဉ် ရုပ်ပွားတော်လေးဆူအား ဝင်ဖူး၍ အဓိဋ္ဌာန်ပြု ဆုတောင်းလေ သည်။ "တပည့်တော်မသည် ဆင်းရဲသူတစ်ဦး ဖြစ်ပါသည်။ တပည့်တော်မသည် ချမ်းသာခဲ့သော် မွန်မြတ်သော စေတီတစ်ဆူ တည်ဆောက်လှူဒါန်းပါမည်ဘုရား" အဓိဋ္ဌာန်ပြု၏။ ထိုသို့ ဆုတောင်းပြီးနောက် မကြာမီသော ကာလတွင်ပင် သူဋ္ဌေးကြီးမုဆိုးဖို ဦး နာအောက်သည် ထိုလယ်သူမအား မိမိ၏ စတုတ္ထမြောက်ဇနီးအဖြစ် လက်ထပ် ထိမ်းမြားလိုက်လေသည်။

မိဗျူသည် သူဋ္ဌေးကြီးဦးနာအောက်၏ ဇနီးအဖြစ်သို့ ရောက်သွားသောအခါတွင် သူမဆုတောင်းခဲ့သည့်အတိုင်း ရုပ်ပွားတော်လေးဆူနေရာတွင် စေတီတစ်ဆူ တည်ပြီး ဆုတောင်းပြည့်စေတီဟု ခေါ်တွင်စေလေသည်။ ထိုစေတီသည် ယနေ့ တိုင်အောင် ဆုတောင်းပြည့်စေတီဟုခေါ်တွင်ပြီး တင့်တယ်စွာဖူးမြော်နိုင်ပါသည်။

ကောင်းမှုကုသိုလ်တို့မည်သည် အကျိုးပေးလျှင် မနှေးအမြန် အကျိုးခံစားရ သည် မဟုတ်ပါလော။

ဦးနာအောက်သည် ဆင်းရဲသားဘဝမှ ချမ်းသာလာသူပီပီ ဘဝတူဆင်းရဲသား များအား ကူညီလေ့ရှိ၏။ မိမိကဲ့သို့ ချမ်းသာလာနိုင်အောင် ထာဝရ ဂရုဏာရှေ့ ထားပြီး ထောက်ပံ့ခြင်း၊ သွန်သင်ဆုံးမခြင်းနှင့် ချီးမြှင့်မြှောက်စားခြင်းတို့ကို အစဉ် တစိုက်ပြုလုပ်သည်။ တစ်လလျှင် ငွေဒင်္ဂါး ၂ဝ ရသော အလုပ်သမားတစ် ယောက်သည် လတိုင်းလတိုင်းမထုတ်ဘဲ တစ်နှစ်ပြည့်မှ ငွေဒင်္ဂါး ၂၄ဝ ထုတ်ယူ လျှင် အထူးချီးမြှင့်ငွေအဖြစ် ငွေဒင်္ဂါး ၅၀ဝ ထပ်ဆောင်းပေး ရုံတွင်မက အဝတ် အစားများပါ ထောက်ပံ့လေသည်။

အလုပ်သမားတို့အား မိမိတို့၏ ချွေးနှဲစာတို့ကို စုဆောင်းတတ်စေခြင်းနှင့် ဘဝတိုး တက်ရေး အတွက် အချိန်ပိုလုပ်အားပေးခြင်းကို အားပေးသည့် သဘောပင်။

ထို့ကြောင့် ဦးနာအောက်၏ အလုပ်သမားများသည် သူ၏နောက်ကွယ်တွင် မည် သူမျှ ခိုးယူသုံးစွဲ အလွဲသုံးစားမှု မပြုလုပ်ကြချေ။ ထိုကြောင့်လည်း သူ၏စီးပွား ဥစ္စာသည် ဒီရေအလား တိုးတက်လာ၏။ ကလွီ၊ ဒရယ်၊ သဲကုန်း၊ ကျုံတော်၌ လည်းကောင်း၊ ဟံသာဝတီ ပဲခူး ဘက်၌လည်းကောင်း၊ ခရမ်းသုံးခွ တို့၌လည်း ကောင်း၊ သံလွင်မြစ်တစ်လျှောက် လက်ပံတော၊ မှော်ဘီ၊ ထုံးအိုင်ဘက်၌လည်း ကောင်း၊ ဂျိုင်းမြစ်ဘက် ကရနာ၊ ကော့တက်၊ ကော့ဘိန်း၊ ခရား၊ သံလှယ်၊ ကော့လမု၊ ဇာသပြင်၊ ဂျိုင်း၊ သရက်တော၊ ဂန္ဓီတိုင်အောင် တို့၌လည်းကောင်း၊ ကျိုက်မရော၊ အတ္ထရံမြစ် ကမ်းရှိ ရွာတို့၌လည်းကောင်း စပါးများ ဝယ်ယူလေတော့သည်။

ဦးငယ်သည် အခြားပွဲစားများထက် ငွေနှစ်ကျပ် သုံးကျပ် အပိုပေးခြင်းဖြင့် စပါးကို အလွယ်တကူ ဝယ်ယူရရှိလေသည်။ ထို့ပြင် လယ်သမားတိုင်းရင်းသားများနှင့် ရင်းရင်းနှီးနှီး နေထိုင်ဆက်ဆံသွားမှုကြောင့် နိုင်ငံခြားပွဲစားများထက် အခွင့်အ ရေးရကာ မကြာမီအတွင်း၌ စပါးတင်းပေါင်း ၂၅၀၀၀ဝ အထိ ဝယ်ယူရရှိသည်။

ဝယ်ယူရရှိသော စပါးများကို တုန်ကင်း၊ လှေများဖြင့်တင်ပြီး "အောင်ခေမာ"၊ "အောင်ပန်း" တစ်ထပ်သင်္ဘောများဖြင့်ဆွဲကာ အောင်မောင်းကြီးများကို တီးခတ် ၍ မောင်းတဒူဒူနှင့် အသံပေးပြီး မော်လမြိုင်သို့ သယ်ဆောင်သွားလေသည်။ ဦး ငယ်သည် မော်လမြိုင်တွင် စပါးသွင်းပြီးနောက် ကော့နှတ်ရွာသို့ ပြန်လာခဲ့လေ သည်။

ဦးငယ်သည် မိမိအနေဖြင့် သူများထက် ငွေပိုပေးပြီး ဝယ်သည်ဖြစ်သောကြောင့် ငွေဒင်္ဂါး ၈၀ဝ မျှ စာရင်းကွာခြားလျော့နည်းသည်ကို ဦးနာအောက် ဆူပူတော့ မည်ဟု ယူဆထားသော်လည်း ဦးနာအောက်က "ငါအရင်းရယင်ပြီးတာပဲ၊ အ မြတ်မရယင် နေပါစေ တို့တိုင်းရင်းသားတွေ မနစ်နာယင် ပြီးတာပဲ" ဟု ပြောရင်း တဒုန်းဒုန်းနှင့် ထောင်းနေသော ကွမ်းဆံမှ ကွမ်းကိုယူစားပြီး ဦးငယ်အား လူယုံ တော်စာရေးကြီး ဦးဘိုးခင်ထံ စားရင်းရှင်းပြီး ပွဲခထုတ်ယူရန် စေလွှတ်လိုက်လေ သည်။

စာရေးကြီး ဦးဖိုးခင်သည် စပါးတစ်ရာနှင့် ပွဲခ ၂ဝ နှုန်း စပါး ၂ သိန်းခွဲအတွက် ပွဲခ ငွေပေါင်း ၅၀၀ဝ ကျသင့်သော်လည်း မောင်ငယ်စာရင်းအတွက် ငွေ ၈၀ဝ လျော့ နေသည်အတွက် စာရင်းစာအုပ်ကိုကိုင်ပြီး ဦးနာအောက်ထံသွား၍ လျော့နေ သည့်ငွေအတွက် နှုတ်ယူရမည်၊ မနှုတ်ယူရမည်ကို သိလို၍ သွားမေးလေ၏။

ဦးနာအောက်သည် စာရင်းစာအုပ်ကိုယူပြီး ကြည့်ရာတွင် စာရင်းဟောင်းတွင် ယ ခင်က ပွဲစားတစ်ယောက်သည် စပါးတင်း ၉၀၀၀ဝ ဝယ်ရာ၌ ငွေ ၁၄၀ဝ လျော့၍ လည်းကောင်း၊ နောက်ပွဲစားတစ်ယောက်သည် စပါးတင်းပေါင်း ၆၀၀၀ဝ ဝယ်ရာ ၌ ငွေ ၈၀ဝ လျော့၍လည်းကောင်း၊ ကျန်ပွဲစားတစ်ဦးသည် စပါးတင်းပေါင်း ၃၀၈၀ဝ ဝယ်ယူရာတွင် ငွေပေါင်း ၈၀ဝ လျော့၍လည်းကောင်း တေ‎ွ့ရှိ သောအခါ တွင် ပွဲစားသုံးယောက်ဝယ်သော စပါးစုစုပေါင်း တင်း ၁၈၀၀၀ဝ တွင် လျော့ငွေ ပေါင်းက ကျပ် ၃၀၀၀။ မောင်ငယ်ဝယ်သည့်စပါးက တင်းပေါင်း ၂၅၀၀၀၀၊ ငွေလျော့သည်က ၈၀၀၊ စပါးတင်း ဆယ်တင်းတွင် ဆယ်ပြားလောက် လျော့ သည့်သဘော မှတ်ချက်တွေ့ရှိသဖြင့် ချီးမြှင့်သည့်အနေနှင့် လျော့ငွေကို ပွဲခမှ မနုတ်သည့်အပြင် နောက်ထပ်ငွေ ၁၀၀ဝ ကျပ် ထပ်ဆောင်းပေးလိုက်သည်။

ဤတွင် ဦးနာအောက်သည် ချီးမြှင့်ထိုက်သူအား ချီးမြှင့်ပြီး ဆုံးမသင့်သူကို လည်း ဆုံးမတတ်ကြောင်း ပြသလိုက်ခြင်း ဖြစ်၏။

ဦးနာအောက်သည် ငွေတိုးချလုပ်ငန်းကိုလည်း လုပ်ကိုင်သည်။ ချစ်တီးကုလား ထံ လယ်သမားများ အဆမတန်သော အတိုးဖြင့် ငွေချေးရသည်ကို မိမိသည် လည်း လယ်သမားဘဝမှ တက်လာသူ ဖြစ်သည်နှင့်အညီ တွေ့မြင်ရသည့် အ တွက် ချစ်တီးကုလားကို ပြန်တိုက်သည့်သဘောဖြင့် အတိုးနှုန်းသက်သက်သာ သာဖြင့် လယ်သမားများအား ငွေချေး၏။ လယ်ယာလုပ်ငန်းကိုလည်း တိုးချဲ့ သည်။ ၎င်း၏ လုပ်ငန်းများတွင် တိုင်းရင်းသားများကိုသာ လုပ်ကိုင်စေလေသည်။

မီးသင်္ဘောသူဋ္ဌေး ဖြစ်လာခြင်း[ပြင်ဆင်ရန်]

ဦးနာအောက်သည် အင်္ဂလန်နိုင်ငံ စကော့တလန်ပြည်၊ ဂလာစဂိုမြို့ရှိ မက္ကီအင် ဘက္ကစတာ ကုမ္ပဏီထံမှ သင်္ဘောများနှင့် စက်ပစ္စည်းများကို ဦးရွှေလေးအား စေ လွှတ်၍ မှာကြားဝယ်ယူလေသည်။

သင်္ဘောလွန်းတင်ရန်အတွက် သင်္ဘောကျင်းကို မုတ္တမမြို့၊ ဆီဆုံရပ်၌ တည် ဆောက်လေသည်။ ထိုသင်္ဘောကျင်းသည် သက္ကရာဇ် ၁၂၆၂ ခုနှစ်တွင် တည် ဆောက်ပြီးစီးပြီး ကုန်ကျစရိတ်မှာ တစ်သိန်းကျော်ဖြစ်သည်။

ဦးနာအောက် ပိုင်ဆိုင်သော သင်္ဘောများမှာ (၁) အောင်စင်္ကြာ၊ (၂) အောင်မင်္ဂ လာ၊ (၃) အောင်တပ်၊ (၄) အောင်သိန်း၊ (၅) အောင်ဒီပါ၊ (၆) အောင် သီတာ၊ (၇) အောင်မင်္ဂလာဖြစ်ပြီး နှစ်ထပ်သင်္ဘောများဖြစ်သည်။ တစ်ထပ်သင်္ဘောများ မှာ (၁) အောင်ဇေယျနှင့် (၂) အောင်နိဗ္ဗာန်ဟု ခေါ်သော်လည်း နောင်တွင် အောင်ခေမာနှင့် အောင်ပန်းဟူ၍ အသီးသီးပြောင်းလဲ ခေါ်တွင်စေခဲ့သည်။

ဦးနာအောက်ပိုင် မီးသင်္ဘောတို့သည် ကိုးစီးဖြစ်ကာ နှစ်ထပ်မီးသင်္ဘော၏ ကျ သင့်ငွေသည် တစ်စီးလျှင် ကျပ် ၆၀၀၀ဝ ဖြစ်ပြီး တစ်ထပ်မီးသင်္ဘော၏ ကျသင့် ငွေသည် တစ်စီးလျှင် ကျပ် ၃၅၀၀ဝ ဖြစ်လေသည်။

သင်္ဘောများ၏ ကိုယ်ထည်နှင့် အမိုးများကို ငှက်ပျောညွန့်အရောင် ဆေးချယ် ထားပြီး သင်္ဘော၏ ပြောင်းတိုင်များကို အညိုရောင် အခံထား၍ အဖြူရောင်ဖြင့် ရစ်ပတ်ထားလေသည်။ သင်္ဘောသားအားလုံးတို့သည် တိုင်းရင်းသားများသာ ဖြစ် လေသည်။ ထိုသင်္ဘောများသည် သံလွင်မြစ်၊ ဂျိုင်းမြစ်နှင့် အတ္ထရံမြစ်များ တွင် ပြေးဆွဲ၏။

သင်္ဘောခများကို အင်္ဂလိပ်ပိုင် ဧရာဝတီကုမ္ပဏီက သင်္ဘောခများထက် လျှော့ပေါ့ စေပြီး ဘုန်းတော်ကြီး၊ ရှင်သာမဏေ၊ သီလရှင်၊ လူအိုနှင့် ကလေးငယ်များအား အခမယူပဲ နိဗ္ဗာန်ကူးတို့အဖြစ် သတ်မှတ်၏။ ထို့ပြင် ဦးနာအောက်သည် နှစ်စဉ် နှစ်တိုင်း သီတင်းကျွတ်လဆုတ် (၃) ရက်နေ့မှစ၍ အောင်နိဗ္ဗာန် တစ်ထပ် သင်္ဘောပေါ်တွင် ကုနိသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများ တင်ဆောင်ပြီး သံလွင်မြစ်၊ ဂျိုင်းမြစ်နှင့် အတ္ထရံမြစ်များတို့၏ ဝဲယာရှိ ကျောင်းများနှင့် ဘီလူးကျွန်းဘက်ရှိ ကျောင်းများတွင် တန်ဆောင်မုန်း လပြည့်နေ့အထိ ကထိန်အလှူများအဖြစ် သွား ရောက် လှူဒါန်းလေ၏။ ယင်းအပြင် နိဗ္ဗာန်ကူးတို့အဖြစ် သတ်မှတ်လှူဒါန်းထား သော အလှူဒါနအတွက်လည်း တစ်ခါနှစ်ခါ ရေစက်ချ အမျှပေးဝေလေ့ရှိသည်။

ထိုသို့ ရွာစဉ်လျှောက်ပြီး တစ်လပတ်လုံး ကထိန်အလှူကို လှူဒါန်းသည့်အတွက် ထိုဒေသတွင် "ကထိန်လှူဒါန်းခြင်းအစ ဦးနာအောက်က" ဟု ယခုတိုင် ပြောစ မှတ်ပြုကြလေသည်။

ဧရာဝတီ သင်္ဘောကုမ္ပဏီနှင့် တိုက်ပွဲ[ပြင်ဆင်ရန်]

ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေးလုပ်ငန်းကို လက်ဝါးကြီးအုပ်ထား သော အင်္ဂလိပ်နယ်ချဲ့အရင်းရှင်ပိုင် ဧရာဝတီ ဖလော်တီလာ ကုမ္ပဏီကြီးသည် သူ၏စီးပွားရေး ကွက်ထဲသို့ ဝင်ရောက်လာသော တိုင်းရင်းသားအရင်းရှင် ဦးနာအောက်ပိုင် သင်္ဘောများကို မလိုလားမနှစ်သက်ချေ။ ထို့ကြောင့် ဦးနာအောက်သင်္ဘောက တစ်ကျပ်နှုန်းယူလျှင် ဧရာဝတီကုမ္ပဏီက တစ်ဝက်လျှော့ကာ ငါးမူး (၅ဝ ပြား)နှုန်း ယူလေ၏။ ဦးနာအောက်က တစ်မတ် (၂၅ ပြား) နှုန်း လျှော့လိုက်၏။ ဧရာဝတီက တစ်မူး (၁ဝ ပြား) ဧရာဝတီက တစ် ပဲ (၅ ပြား) နောက်ဆုံးတွင် အခမဲ့တင်လာသည့်အထိ တိုက်ပွဲဆင် လာကြ၏။

ဦးနာအောက်၏ သင်္ဘောများဆိပ်ကမ်းတွင် မဆိုက်ကပ်နိုင်အောင် သင်္ဘောဆိပ် ကမ်းမှန်သမျှ မိမိတို့သင်္ဘောများသာ ဆိုက်ကပ်ခွင့်ရရန် ဧရာဝတီသင်္ဘော ကုမ္ပ ဏီသည် အခွန်ဆောင်၍ ဝယ်ယူလေသည်။ ဦးနာအောက်၏ သင်္ဘောများ ဆိုက် ကပ်ရန် သင်္ဘောဆိပ်ကမ်းမရှိသဖြင့် အခက်အခဲတွေ့ရလေ၏။ ထိုအခါ ဘုရင်ခံ ၏ အတိုင်ပင်ခံအဖွဲ့ဝင်လည်းဖြစ် ကတိုးရွာရှိ တိုင်တစ်လုံးအိမ်ပိုင်ရှင် လည်းဖြစ် သော ဦးရွှေလေးက ဧရာဝတီကုမ္ပဏီသည် ဆိပ်ကမ်းကို အခွန်ဆောင်၍ ကုမ္ပ ဏီပိုင်ဖြစ်အောင် လုပ်နိုင်သကဲ့သို့ မြစ်ချောင်းအားလုံးကို ဦးနာအောက် ပိုင်ဖြစ် အောင် အကြံပေးသဖြင့် သူ၏အကြံပေးချက်အရ မြစ်ချောင်းအားလုံးကို အခွန် ဆောင်လိုက်သောကြောင့် ဧရာဝတီကုမ္ပဏီမှ သင်္ဘောများသည် မြစ်ချောင်းတို့ တွင် ပြေးဆွဲနိုင်ခြင်းမရှိတော့ချေ။ ဧရာဝတီက ဆိပ်ကမ်းများပိုင်ပြီး ဦးနာအောက် က မြစ်ချောင်းများပိုင် ဖြစ်လေသည်။ ခရီးသည်များသွားလာရေး ခက်ခဲလာတော့ ၏။ တရားရုံးသို့ ရောက်သွားကြ၏။ တရားရုံးမှ ဆုံးဖြတ်လိုက်သည်မှာ ဧရာဝတီ သင်္ဘောသည် ခရီးတစ်ခုခုအတွက် ဆိပ်ကမ်းမှ ဦးနာအောက် သင်္ဘောထက်အ ချိန်စောစွာ ထွက်စေပြီး ဦးနာအောက် သင်္ဘောထက်ဦးစွာ ဆိုက်ရောက်ရမည်ဟု ဆို၏။

တိုင်းရင်းသားအရင်းရှင် ဦးနာအောက်သည် နယ်ချဲ့အရင်းရှင်ကို မီးသင်္ဘော သယ်ယူပို့ဆောင်ရေးအတွက် ယှဉ်ပြိုင်သတ္တိပြလိုက်သည်မှာ မော်ကွန်းတင်သွား လေတော့၏။

ဘဝကိုမမေ့သော ဦးနာအောက်[ပြင်ဆင်ရန်]

ဦးနာအောက်သည် ဆင်းရဲသားဘဝမှ လာသည်နှင့်အညီ မိမိဘဝကို မည်သည့် အခါမှ မမေ့ချေ။ အစားအသောက်၌လည်း ကြေးမများချေ။ တောအစားအစာ များသာ နှစ်သက်စားသောက်ပြီး ကွမ်းကိုတဒုန်းဒုန်းနှင့် ထောင်း၍ အမြဲတမ်း စားလေ့ရှိ၏။

နာမည်ကြီးသော ဦးနာအောက်အား တွေ့လို၍ တစ်နေ့တွင် အင်္ဂလန် ဘိလပ်မှ အင်္ဂလိပ်လူမျိုးတစ်ဦးသည် ကော့နှတ်ရွာသို့ ရောက်လာ၏။ ခမ်းခမ်းနားနား ကြီး ကြီးကျယ်ကျယ်၊ အခြွေအရံနှင့် တွေ့ရတော့မည်ဟု ထင်မှတ်ခဲ့သော်လည်း အ ဝတ်ဖြူဝတ်ကာ နှီးဖျာနေသော ဦးနာအောက်အား တွေ့ရသောအခါ အထင်နှင့် အမြင် လွဲမှားခဲ့လေသည်။

ဦးနာအောက်သည် လယ်သမားဘဝကို မမေ့သည့်အလျှောက် လယ်ယာနှင့် ကိုင်းလုပ်ငန်းများကို အားပေးမှုပြု၏။ အချိန်ရတိုင်း နှီးဖျာ၊ ပလိုင်း၊ တောင်း များ ရက်လုပ်နေတတ်ပြီး ကျွမ်းကျွမ်းကျင်ကျင်လည်း ရှိလှ၏။ ရတနာသုံးပါးကို ကိုင်း ရှိုင်းသူဖြစ်သည့်အလျှောက် ရွာရှိကျောင်းကန်ဘုရားသို့ နံနက်တစ်ခေါက်၊ ညနေ တစ်ခေါက် မှန်မှန်သွားပြီး ဝတ်ပြုလေ့ရှိ၏။

တစ်နေ့တွင် ဘုရားကျောင်းဝင်းတွင် ဘုရားရှိခိုးဝတ်ပြုစဉ် ဓားပြသုံးယောက်တို့ သည် ဦးနာအောက်အား မိမိတို့သည် စားစရာမရှိ၍ တစ်ယောက်လျှင် ၅၀ဝ ကျပ် နှုန်းဖြင့် ၁၅၀ဝ ကျပ် တောင်းခံဓားပြတိုက်လေသည်။ ဦးနာအောက်သည် တုန် လှုပ်မှုမရှိဘဲ ၎င်းတို့သည် တကယ်စားစရာမရှိ၍ ဓားပြတိုက်သည်ကို အဖြစ်မှန် သိသည့်အတွက် ဓားပြတိုက်သည်ကို အဖြစ်မှန်သိသည့်အတွက် ဓားပြတို့ကို အ စောင့်ခိုင်းထားပြီး အိမ်သို့ပြန်၍ ငွေ ၁၅၀ဝ ယူကာ ဓားပြတို့အား ပေးကမ်းလိုက် လေသည်။ အလှူတစ်ခု ပြုလုပ်လိုက်သည့် သဘောပင်။

ကောင်းမှုကုသိုလ် ပြုခြင်း[ပြင်ဆင်ရန်]

ဦးနာအောက်သည် မိမိ၏ဘဝကံအကျိုးပေး၍ ချမ်းသာလာသည်ကို လက်တွေ့ ယုံကြည်သူဖြစ်၍ ကောင်းမှုကုသိုလ်ပြုလုပ်ရာတွင် သူမတူအောင် သမိုင်းတွင် ရစ်အောင် လှူဒါန်းသွားသည်ကို ယနေ့တိုင် မြင်တွေ့ရလေသည်။ ထိုသို့ လှူဒါန်း နိုင်ရန်လည်း ဦးနာအောက် အတွက်

  1. သင့်တင့်လျှောက်ပတ်ရာ နေရာအရပ်၌ လူဖြစ်ခြင်း။
  2. ရှေးက ပြုဖူးသော ကောင်းမှုကုသိုလ် အကျိုးပေးခြင်း။
  3. သူတော်ကောင်းကို မှီဝဲခြင်း။
  4. မိမိကိုယ်ကို ကောင်းအောင် တည်ဆောက်နိုင်ခြင်း တည်းဟူသော သမ္ပတ္တိ လေးပါးနှင့်လည်း ပြည့်စုံခဲ့လေသည်။

အထက်ပါသမ္ပတ္တိလေးပါးနှင့် ပြည့်စုံသော ဦးနာအောက်သည် ၁၂၄ဝ ခုနှစ်တွင် မန္တလေး မဟာဝိသုဒ္ဓါရုံကျောင်းတိုက်၌ ပရိယတ္တိစာပေများကို လေ့လာသင်ကြား နေကြသော မွန်ဆရာတော် ဦးပညာဓမ္မကို ကော့နှတ်ရွာတွင် ပရိယတ္တိစာသင် တိုက် ဖွင့်လှစ်ရန် မန္တလေးမှ ကော့နှတ်ရွာသို့ ပင့်လာလေသည်။ ဦးပညာ ဓမ္မခေါ် ဦးပဉ္ဇင်းမိုးသည် ပရိယတ္တိစာပေအပြင် ခေတ်ပညာဖြစ်သော အင်္ဂလိပ်-မြန်မာ၊ သက္ကတ စသော စာပေများကိုလည်း တတ်မြောက်သူ ဖြစ်လေသည်။ ဦးပညာ ဓမ္မသည် မန္တလေးမြို့တွင် ၁၂၃၇ ခုနှစ်မှ ၁၂၄ဝ ခုနှစ်အထိ ပရိယတ္တိစာပေများ ကို သင်ကြားခဲ့သည်။

ဦးပညာဓမ္မသည် မင်းတုန်မင်း၏ မိတ်ဆွေ ရွှေတိဂုံရင်ပြင်ပေါ်ရှိ နောင်တော်ကြီး စေတီတော်၏ ထီးတော်ဒါယကာ နေမျိုးရာဇာသင်္ခရာဘွဲ့ခံ ဦးမွန်ထော်၏ ယောက်ဖ (မိန်းမ၏မောင်) တော်သူဖြစ်ပါသည်။ ဦးပညာဓမ္မကို ဦးထောာ်အာ- ဒေါ်ခမနား၊ ဦးထွန်းကျော်- ဒေါ်မိထော်၊ ဦးနာအောက်- ဒေါ်ဗျူ ၊ သူဋ္ဌေးကြီး သုံး ဦးတို့က ပစ္စည်းလေးပါး ဒါယကာခံယူပြီး ကော့နှတ်ရွာသို့ ပင့်ဆောင်လာသည်။ ကော့နှတ်ရွာသို့ ဦးပညာဓမ္မ ရောက်လာသည့် ၁၂၄ဝ ခုနှစ်သည် တနင်္သာရီ တိုင်းနှင့် မွန်ဒေသအားလုံးတွင် မွန်ပရိယတ္တိသာသနာ ဆိတ်သုဉ်းနေသည့် အ ချိန်အခါဖြစ်သည်။

မွန်ပရိယတ္တိသာသနာသည် ကွယ်ပျောက်ဆိတ်သုဉ်းနေရာမှ ပထမဆုံး မွန်ပရိ ယတ္တိသာသနာကို စတင်ထူထောင်သော နေရာဖြစ်သည်။ ဇာသပြင်ရွာတွင် မွန် ပရိယတ္တိသာသနာကို စတင်ပြီးအားထုတ်နေစဉ် ဦးနာအောက်နှင့် ဦးထော်အာ၊ ဦးထွန်းကျော်တို့က မွန်ပရိယတ္တိ သာသနာကို အားပေးလိုသဖြင့် ကော့နှတ်ရွာ တွင် စာသင်တိုက်ကြီး ဖွင့်လိုသောကြောင့် ဇာသပြင်ကျောင်းမှ စာသင်သား အပါး ၆ဝ ကျော်ကို ကော့နှတ်ရွာသို့ပင့်ကာ စာသင်တိုက်ကို စတင်ထူထောင် လေသည်။ စာသင်တိုက် စတင်ဖွင့်လှစ်သောနှစ်မှာ ၁၂၄၆ ခုနှစ် ဖြစ်လေသည်။ ဦးပညာဓမ္မ ဦးစီးအုပ်ချုပ်သော စာသင်တိုက်သို့ မွန်ဒေသအရပ်ရပ်မှ မွန်သံဃာ တော်တို့သည် ဆရာတော် ဦးပညာဓမ္မထံသို့ခိုလှုံ၍ ပရိယတ္တိ၏ ချိုမြိန်သော နို့ရည်ကို လာရောက်သောက်စို့ကြလေတော့သည်။

မွန်တို့၏ သာသနာသည်[ပြင်ဆင်ရန်]

(က) မဟာသက္ကရာဇ် ၁၀၃ ခုနှစ် တဖုဿနှင့် ဘလ္လိက မွန်ညီနောင်နှစ်ပါးတို့က ဂေါတမ မြတ်စွာဘုရား၏ ဆံတော်ရှစ်ဆူကို ရာမညတိုင်းသို့ ပင့်ဆောင်လာ ခြင်း ဖြင့် သာသနာတော်သည် မွန်ဒေသသို့ ပထမရောက်ရှိလာခြင်း။

(ခ) ဂေါတမမြတ်စွာဘုရား ဝါတော်ရှစ်ဝါရစဉ်ကာလက သုဝဏ္ဏဘူမိ သထုံပြည် သို့ ကြွရောက်လာပြီးနောက် တရားရေအေးတိုက်ကျွေးခြင်းနှင့် ဆံတော်ဓာတ် များကို ပေးသနားတော်မူသဖြင့် သာသနာတော်သည် ဒုတိယအကြိမ် မွန်ဒေသ သို့ ဓာတ်တော်များကို ပေးသနားတော်မူသဖြင့် သာသနာတော်သည် ဒုတိယအ ကြိမ် မွန်ဒေသသို့ ရောက်ရှိလာခြင်း။

(ဂ) မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုပြီးနောက် သာသနာ သက္ကရာဇ် ၂၃၅ ခုနှစ်တွင် သောဏထေရ်-ဥတ္တရထေရ်နှင့် တပည့်သုံးပါးတို့သည် သုဝဏ္ဏဘူမိ သထုံပြည် သို့ ကြွရောက်လာပြီး သာသနာပြုကြသဖြင့် သာသနာတော်သည် တတိယအ ကြိမ် မွန်ဒေသသို့ ရောက်ရှိလာခြင်း။ (ဃ) သာသနာသက္ကရာဇ် ၉၀ဝ ခုနှစ်လောက်တွင် ရှင်မဟာဗုဒ္ဓဃောသသည် သီ ဟိုကျွန်းသို့ ကြွရောက်ပြီး ပိဋကတ်တော်များကို မာဂဓဘာသာဖြင့် ပြန်ဆိုရေး သားကာ သထုံပြည်သို့ ယူဆောင်လာသဖြင့် သာသနာတော်သည် စတုတ္ထအ ကြိမ် မွန်ဒေသသို့ ရောက်ရှိလာခြင်း။

(င) ကောဇာသက္ကရာဇ် ၈၃၂ ခုနှစ်တွင် ဟံသာဝတီ နန်းတက်တော်မူသော ဓမ္မ စေတီမင်းလက်ထက်တွင် သာသနာသန့်ရှင်းရေးခရီးကို ဆောင်ရွက်ပြီး မွန်ပရိ ယတ္တိသာသနာ တိုးတက်ပြန့်ပွားအောင် ဆောင်ရွက်ခြင်းဖြင့် သာသနာတော် သည် ပ ဉ္စမအကြိမ် ပေါ်ထွန်းလာခြင်း။

(စ) ကောဇာသက္ကရာဇ် ၁၂၄ဝ ခုနှစ်တွင်ဦးထော်အာ၊ ဦးထွန်းကျော်နှင့် ဦးနာ အောက်တို့ ပစ္စည်းလေးပါး ဒါယကာခံယူပြီး ကော့နှတ်ရွာတွင် စာသင်တိုက်ကြီး စတင်ထူထောင်သဖြင့် မွန်ပရိယတ္တိသာသနာတော်သည် ဆဋ္ဌမအကြိမ် ပေါ်ထွန်း လာသည်ကို "သာသနာအစ ကော့နှတ်က" ဟု ရှေးဆရာတော်များ နှုတ်ဖျား၌ ပြောဆိုလေ့ရှိကြသည်။ ကော့နှတ်ပရိယတ္တိစာသင်တိုက်သည် ယနေ့တိုင် ရပ် တည်လျှက်ရှိလေသည်။

ထိုသို့ သူတော်ကောင်းကို မှီဝဲရသော သမ္ပတ္တိတရားနှင့် တွေ့ကြုံရသောအခါ ဆင်းရဲသားဘဝ အရသာကို ခံစားခဲ့ဖူးသော ဦးနာအောက်သည် ဆရာတော် ဦး ပညာဓမ္မ၏ ဆုံးမဩဝါဒကို ခံယူကာ နံနက်လျှင် ဝတ်ဖြူကို ဝတ်ပြီး ဆွမ်းစား ကျောင်းသို့ လာရောက်ကာ ဆွမ်းဟင်းများကိုကြည့်ပြီး လိုအပ်ပါက အမြဲဖြည့် ပေးကာ သံဃာတော်များကို ကြည်ညို၍ ညနေကြလျှင် ဖျော်ရည်နှင့်တကွ ဆေး များကို ယူဆောင်လျှက် သံဃာတော်များကို လှူဒါန်းလေ့ရှိသည်။ ကော့နှတ် ကျောင်းတိုက်သည် ထိုအချိန်အခါမှစ၍ စာသင်သား သံဃာတော်အပါး ၁၅၀-၂၀ဝ တို့ဖြင့် အမြဲပြည့်လျှက်ရှိသော ကျောင်းတိုက်ဖြစ်လာသည်။ ဆရာတော် ဦးပညာဓမ္မသည် ပရိယတ္တိစာပေကို မွန်ဘာသာဖြင့် လည်းကောင်း၊ မြန်မာဘာ သာဖြင့်လည်းကောင်း သင်ကြားလို်သော စာသင်သား သံဃာတော်များကို လက် ခံသည်။ မြန်မာဘာသာဖြင့် သင်ကြားလိုသော သံဃာတော်များအား ကော့နှတ် ကျောင်းတိုက်ပေါ်တွင် သီတင်းစေပြီး မွန်ဘာသာဖြင့် သင်ကြားလိုသော သံဃာ တော်များအား ကျောင်းငယ်ပေါင်းများစွာရှိသော ဦးနာအောက်ကျောင်းခေါ် ကျောင်းများတွင် နေထိုင်စေကာ ပရိယတ္တိစာပေများကို လေ့လာစေသည်။ တိုက် ကျောင်းနှင့် အောက်ကျောင်းတွင် နေထိုင်သော စာသင်သားများကို ဆွမ်းစား ချိန်တွင် တစ်နေရာတည်းဖြစ်သော ဆွမ်းစားကျောင်းသို့ တညီတညွတ်စုရုံးကြပြီး ဆွမ်းစားစေသည်။ ထိုသို့ စည်းကမ်းကြီးစွာ အုပ်ချုပ်သော ဆရာတော်၏ ဓမ္မ စာရိတ္တ ဂုဏ်ကျေးဇူးသည် အရပ်ရှစ်မျက်နှာသို့ မွှေးကြိုင်ပျံ့နှံ့ခဲ့လေသည်။ ဘုရား၊ ဝတ်ကျောင်း၊ တန်ဆောင်း ဒါယကာဖြစ်ခြင်း ဦးနာအောက် ကျောင်းသို့ ရောက်လာသောနေ့တစ်နေ့တွင် ဆရာတော် ဦးပညာ ဓမ္မသည် တန်ဆောင်းပြာသာဒ်ပုံကို ရေးဆွဲပြီး ဤပုံအတိုင်း ကော့နှတ်ကျောင်း ဝင်းအတွင်း တစ်နေရာတွင် ဆောက်လုပ်လှူဒါန်းလျှင် ကောင်းမည်ဟု အကြံပေး သဖြင့် ဦးနာအောက်သည် "ဪ…….. ငါလာတုန်းက လက်ဗလာကြီး၊ ပြန် လျှင် အချည်းအနှီးမဖြစ်ရလေအောင် ကောင်းမှုမှတ်တိုင် စိုက်ထူမည်" ဟု စိတ် ပိုင်းဖြတ်ကာ လက်အုပ်ချီမိုးကာ ဆရာတော်ခြေရင်း၌ ဦးခိုက်လျှောက်ထားသည် မှာ " ဆရာတော် အရှင်မြတ်ဘုရား၊ လောကီလောကုတ်အကျိုး၊ ပစ္စုပ္ပန်အကျိုးကို မျှော်ကိုးပြီး ဆရာတော်ဘုရား ညွှန်ကြားသည့်အတိုင်း အမွန်မြတ်ဆုံးသော စုလစ်မွန်းချွန်နှင့်တကွသော ပြာသာဒ်တန်ဆောင်း အဆောက်အအုံအတွက် တ ပည့်တော် စွန့်လွှတ်လှူဒါန်းပါမည်ဘုရား" ဟု လျှောက်တင်လေသည်။ ဆရာတော်လည်း ဦးနာအောက်အား " ဒကာတော်၏ လိုအင်ဆန္ဒကို ပြီးပြည့်ဝ စေမည်" ဟု ပြောကြားပြီး မန္တလေးနေပြည်တော်ရှိ အရည်အချင်းနှင့် ပြည့်စုံ သောပန်းချီ၊ ပန်းပုစသော ပညာရှင်များကိုခေါ်ကာ နှစ်ကျိပ်ရှစ်ဆူ ဝတ်တန် ဆောင်းကို ဆောက်လုပ်စေသည်။ ထိုဝတ်တန်ဆောင်းကို ဘုံ ၁၂ ဆင့် ပြာသာဒ် အဆောင်ဖြင့် တည်ဆောက်ထားသည်။ ကနုတ်ပန်းနှင့် မှန်စီရွှေချ လက်ရာများ မှာ ပထမတန်းဖြစ်သည်။ အတွင်းပိုင်း နံရံများတွင် ပန်းချီကားများအစား ရုပ်လုပ်၊ ရုပ်ကြွ ပန်းပုရုပ်များဖြင့် ဂေါတမမြတ်စွာဘုရား ပဋိသန္ဓေယူခန်းမှစ၍ ပရိနိဗ္ဗာန် စံတော်မူခန်း ဓာတ်တော်၊ မွေတော်ဝေခန်းတိုင် ဗုဒ္ဓဝင်ဇာတ် လမ်းခင်းထားသည်။ အတွင်းပိုင်းနံရံတွင်လည်း ရုပ်လုံး၊ ရုပ်ကြွ ပန်းပုလက်ရာများဖြင့် မနူဟာမင်း၊ အ နော်ရထာမင်းနှင့် ကျန်စစ်သားမင်းတို့၏ အတ္ထုပ္ပတ္တိများကို ထုလုပ်ထားသည်။ ထို တန်ဆောင်းကို ၁၂၆၄ ခုနှစ်တွင် ရေစက်ချလှူဒါန်းခဲ့သည်။ ယင်းနောက် ဘုံ ၁၂ ဆင့် ဒီပင်္ကရာ ဝတ်တန်ဆောင်းကို တည်ဆောက်လှူဒါန်း ပြန်လေသည်။ ထိုဝတ် တန်ဆောင်းတွင် ပင်စည်တစ်ခုတည်း တစ်သားတည်းမှရသော ကျွန်းသားဖြင့် မြတ်စွာဘုရားရပ်တော်မူ ဆင်းတုနှစ်ဆူ ထုလုပ်ထားသည်။ အမြင့်ပေ ၂၀၊ မြေ စိုက် ၂ဝ ပေ၊ စုစုပေါင်း ပေ ၄ဝ ရှည်သည်။ အတွင်းနံရံများတွင်လည်း ရုပ်လုံး ရုပ်ကြွ ပန်းပုလက်ရာများဖြင့် ဇာတ်နိပါတ်တော်များကို ထုလုပ်ထားသည်။ အပြင် နံရံများတွင် မဟောသဓာဇာတ်တော်ကို ပန်းချီဖြင့် ရေးဆွဲထားသည်။ ဝတ်တန် ဆောင်းတွင် ကျောက်သားဖြင့်ထုလုပ်ထားသော မြတ်စွာဘုရားခြေတော်ရာ ရပ် တော်မူနှစ်ဆူအား ပူဇော်ကန်တော့နေသော သစ်လုံးဖြင့်ထုလုပ်ထားသောရဟန်း တော်ရုပ်နှင့် ရဟန္တာရုပ်များကို တွေ့မြင်နိုင်ပါသည်။ ယင်းဝတ်တန်ဆောင်းကို ၁၂၆၅ ခုနှစ်တွင် ရေစက်ချနိုင်ခဲ့လေသည်။ ထို့နောက် ၁၂၆၇ ခုနှစ်တွင် ရဟန်း သံဃာတော်များ ဥပုသ်စောင့်တည် နိုင်ရန်အတွက် မဟာဝိဇယသိမ်တော်ကြီး ကိုလည်း တည်ဆောက်လှူဒါန်းလေ သည်။ သိမ်တော်ကြီး၏ ကြမ်းခင်း၊ နံရံများ၊ မျက်နှာကြက်တံခါးတိုင် စသည်တို့ကို အ ကောင်းဆုံး ကျွန်းသားများဖြင့် ပြုလုပ်ထားသဖြင့် ယခုတိုင်အောင် သစ်သားများ မှာ ကောင်းမွန်တုန်းပင် ဖြစ်လေသည်။

ဇနီးဒေါ်ဂျာဥနှင့်အတူ ရေစက်ချလှူဒါန်းခဲ့သော စေတီကြီးကိုလည်း အထူး ထပ်မံ တည်ဆောက်လှူဒါန်းပြီး နှစ်စဉ်တန်ခူးလ သင်္ကြန်ရက်များအားတွင် ဇာတ် ပွဲ၊ လှေပွဲ၊ လက်ဝှေ့ပွဲနှင့် ကပွဲမျိုးစုံတို့ဖြင့် (၇) ရက်၊ (၇) ညတိုင်တိုင် ဘုရားပွဲကို ကျင်းပလေသည်။ ဘုရားပွဲကျင်းပသည့်နေ့များတွင် ရပ်ဝေးမှလာသည့် ဧည့် သည်များအား ကျွေးမွေးရန် ကော့နှတ်ရွာရှိ ဆင်းရဲသားအိမ်များတွင် ဆန်နှင့်စား စရာရိက္ခာများကို ထောက်ပံ့ပေးဝေထားပြီး ချက်ကွျေးစေသည်။ ဘုရားပွဲစတုဒိ သာမဏ္ဍာပ်တွင်လည်း ဧည့်သည်များအတွက် မလောက်မင မရှိစေရန် တစ်နေ့ လျှင် ထမင်းအိုးကြီး ၅ဝ ကျော်မျှ ချက်ပြုတ်ကွျေးမွေးစေသည်။ ထိုနောက် ဆုတောင်းပြည့်စေတီအနီးတွင် ဝတ်တန်ဆောင်း တစ်ဆောင်ကို ဆောက်လုပ်လှူဒါန်းပြီး တန်ဆောင်း၏ အမိုးနံရံပေါ်တွင် ဦးနာအောက်၏ကောင်း မှုကုသိုလ်ဖြစ်သော အဆောက်အအုံများ၏ ရုပ်ပုံများကို ပန်းချီရေးဆွဲပြီး မှတ် တမ်းတင်စေခဲ့သည်။ ပရိယတ္တိစာပေများကို လေ့လာသင်ကြားနေကြသော ကော့နှတ်ကျောင်းမှ သံ ဃာတော်များနှင့် ရှင်သာမဏေများအတွက် သင်္ကြန်သုံးရက်တွင် စာပြန်ပွဲကျင်းပ စေပြီး ကျမ်းအလိုက် အာဂုံပြန်နိုင်သူ ရဟန်းနှင့် ရှင်သာမဏေများအား ငွေဒင်္ဂါး ဆုများဖြင့် အားပေးထောက်ပ့ံ လှူဒါန်းခြင်းပြုလေသည်။ ထိုသို့ကောင်းမှုပြုစဉ် ချစ်ဇနီးဒေါ်ဗျုတစ်ယောက်သည် လက်တွဲဖြုတ်ပြီး လူ့စည်း စိမ်ကို စွန့်လွှတ်ကာ ဘဝတစ်ပါးသို့ ပြောင်းသွားခဲ့လေသည်။ ဒေါ်ဗျုသေဆုံးပြီးနောက် ရှုမငြီးသော ပ ဉ္စမမြောက်ဇနီးဖြစ်သူ ဒေါ်ငြိမ်းမေနှင့် ဆက်လက်ပြန်လေသည်။

ဆောက်လုပ်လှူဒါန်းခဲ့သော အဆောက်အအုံများ[ပြင်ဆင်ရန်]

  1. မွေးရပ်ကော့မယ်ခရရွာတ‎ွင် ကျောင်း၊ သိမ်နှင့် ဇရပ်များ။
  2. ခရုံရွာတွင် ကျောင်းတစ်ကျောင်း။
  3. မော်လမြိုင်တောင်ဝိုင်းရပ်တွင် " ပန်းဥယျာဉ်ကျောင်း" သိမ်ကျောင်း ကြီး။
  4. ကော့နှတ်ရွာစာသင်တိုက်၊ ဆွမ်းစားဆောင်နှင့် ဘုရားတန်ဆောင်း။
  5. အတုမရှိကျောင်း၊ ရက်ကန်းစင်ကျောင်း (ယခုပျက်စီး) ။
  6. နှစ်ကျိပ်ရှစ်ဆူဝတ်တန်ဆောင်း။
  7. ဒီပင်္ကရာဝတ်တန်ဆောင်း။
  8. မဟာဝိဇယသိမ်တော်ကြီး။
  9. ဆုတောင်းပြည့်ဝတ်တန်ဆောင်း။
  10. မဟာစေတီကြီးနှင့် ဆုတောင်းပြည့်စေတီ။

ဦးနာအောက်ပိုင်ဆိုင်သော မီးသင်္ဘောများ[ပြင်ဆင်ရန်]

  1. အောင်ခေမာ (အောင်ဇေယျ)
  2. အောင်ပန်း (အောင်နိဗ္ဗာန်)
  3. အောင်သိန်း
  4. အောင်တပ်
  5. အောင်စင်္ကြာ
  6. အောင်မာလာ
  7. အောင်ဒီပါ
  8. အောင်သီတာ
  9. အောင်မင်္ဂလာ

ဘဝနိဂုံး[ပြင်ဆင်ရန်]

သာသနာတော်ကို အားပေးချီးမြှောက်လှူဒါန်းသော ဘုရားဒါယကာကြီး ဦးနာ အောက်သည် မည်သူမျှမလွန်ဆန်နိုင်သော သင်္ခါရတရားကြောင့် သက္ကရာဇ် ၁၂၇၅ ခုနှစ်၊ နယုန်လဆုတ် (၁၂) ရက်၊ မွန်းလွဲ (၁၂) နာရီ (၃၅) မိနစ်အချိန်၊ အသက် ၈၁ နှစ်အရွယ်တွင် ကွယ်လွန်အနိစ္စရောက်ခဲ့လေသည်။ ဦးနာအောက် ၏ အလောင်းကို (၇) ရက်၊ (၇) ညထားကာ နေ့စဉ် လှူဒါန်းကျွေးမွေးပြီး (၇) ရက်ပြည့်သည့်နေ့တွင် သင်္ဂြိုဟ်လိုက်သည်။ နောင်လာနောက်သားများ လေ့လာ မှတ်သားနိုင်အောင် ဦးနာအောက်၏ ရုပ်ပုံကို ခရစ်သက္ကရာဇ် ၁၉၂၇ ခုနှစ် အောက်တိုဘာလ ၁၅ ရက်တွင် ထုလုပ်ပြီးစီးခဲ့သည်။ ထုလုပ်ခမှာ ကျပ် ၅၀၀ဝ ဖြစ်လေသည်။ ယင်းကျောက်ရုပ်တုအောက်တွင် မွန်ဘာသာ၊ မြန်မာဘာသာ နှစ် ဘာသာဖြင့် "ကော့နှတ်ရွာနေ ကောင်းမှုပုညရှင်ကြီးဖြစ်သော သစ်ကုန်သည်၊ ဆန်စက်ပိုင်ရှင်၊ မြန်မာပြည် မီးသင်္ဘောသူဋ္ဌေးကြီး၊ ဘုရားဒယကာကြီး ဦးနာ အောက်သည် သက္ကရာဇ် ၁၁၉၄ ခု ၊ ကဆုန်လဆုတ် ၃ ရက်၊ ကြာသပတေး နေ့တွင် မွေးဖွားပြီး သက္ကရာဇ် ၁၂၇၅ ခုနှစ် နယုန်လဆုတ် ၁၂ ရက်နေ့၊ ၁၂ နာရီ၊ ၃၅ မိနစ်အချိန်တွင် ကွယ်လွန်လေသည်" ဟု ကမ္ပည်းထိုးထားပေသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. ကလျာဏ၊ ဦး၊ ဆရာတော် (၂၀၀၆၊ အောက်တိုဘာ) "ဦ:နာအောက်၏ အတ္ထုပ္ပတ္တိ"၊ ကော့နှတ်စေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့။