အနူးလူမျိုး
အနူးလူမျိုးသည် မြန်မာနိုင်ငံအစိုးရမှ တရားဝင် အသိအမှတ်ပြုထားသည့် တိုင်းရင်းသား (၁၃၅)မျိုးထဲတွင် ပါဝင်လေသည်။ တိုင်းရင်းသားလူမျိုးကြီး (၈)မျိုးအနက်၊ ချင်းတိုင်းရင်းသားထဲမှ လူမျိုးစု တစ်စုဖြစ်သည်။ အနူးလူမျိုးတို့သည် ပလက်ဝနယ်တွင် ခမီလူမျိုးတို့နှင့် ရောနှောနေထိုင်ကြသည့် လူမျိုးများဖြစ်သည်။ အနူးတို့ ပြောဆိုသောစကားမှာ ခမီရှေးဟောင်းစကားနှင့် များစွာတူသည်။
အနူးအမျိုးသားများသည် အလျား ၃-တောင်၊ အနံ ၁-တောင် တောင်ဆုပ်ခန့်ရှိသော အဝတ်ရှည်စ တစ်ခုကို ခါးတွင်စည်း၍ နောက်ဘက်မှ ရှေ့သို့ ထုတ်ယူပြီး ငယ်ပါကို ဖုံးအုပ်ကာ အမြိတ်သဖွယ် ဖားလျားချထားသည်။ အရောင်မှာ အဖြူဖြစ်၍ အနီရောင်များကိုလည်း တချို့ဝတ်ဆင်ကြသည်။ အဖြူရောင်ဝတ်သူသာ များလေသည်။ သျှောင်ထုံးခေါင်းပေါင်းတို့ကို ကြည့်၍ ယောက်ျား မိန်းမ ခွဲခြားသိနိုင်သည်။ အနူးအမျိုးသားများသည် ခေါင်းပေါင်းအဖြူကို ပေါင်းပြီး ဆံထုံးကို ထိပ်တည့်တည့်တွင် ထုံးထားသည်။
အနူးအမျိုးသမီးများသည် အလျား၂-တောင်၊ အနံ ၁-တောင်လောက်ရှိသော ဂျပ်ခုတ် သင်တိုင်းထဘီများကို ဝတ်ဆင်ကြသည်။ ထိုသင်တိုင်းထဘီတွင် အလယ်မှ ကန့်လန့်စင်းများ အမြဲပါရှိသည်။ အများအားဖြင့် အနူးအမျိုးသမီးများသည် ထဘီကို ညာဘက်ပေါင်တွင် ခွဲ၍ ဝတ်ဆင်လေ့ရှိသည်။ ရင်ဖုံးကို ညာစလွယ်သိုင်း၍ အစတစ်စသည် ဘယ်ချိုင်း၏ နောက်မှ လျှိုကာ ဘယ်ဘက်ဘေးတွင် တခြားတစ်ဖက်မှ အစနှင့် ချည်နှောင်ထားသည်။
အနူးအမျိုးသားများသည် လူပျိုလှည့်သည်ကို မီးတောင်းသည်ဟု ခေါ်သည်။ ကာလသားများသည် မိန်းမပျိုလေးများထံ လာရောက်၍ ချစ်ရေးဆိုကြရာ အချစ်ဆိုသည်မှာ မီးကဲ့သို့ ပူရိုးမှန်ရကား၊ ချစ်ခွင့်တောင်းသည်ကိုပင် မီးဖြင့်တင်စား၍ မီးတောင်းသည်ဟု ယူဆနိုင်သည်။ တချို့က လူပျိုလှည့်ရသော အချိန်သည် မှောင်မိုက်သော ညဖြစ်သဖြင့် ချစ်သူမျက်နှာကိုကြည့်ရန် မီးဖြင့်တောင်း၍ ကြည့်ရာမှ မီးတောင်းသည်ဟူသောစကား ဖြစ်လာသည်ဟု ဆို၏။[၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ မောင်ပုဆိုးကြမ်း ရေး တိုင်းရင်းသားလူမျိုးများ အဘိဓာန်