ကွီလူမျိုး

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

ကွေ့လူမျိုး[ပြင်ဆင်ရန်]

ကွေ့လူမျိုးသည် လဟူဟုခေါ်သော ရှမ်းလူမျိုးစုတွင် ပါဝင် သည်။ လဟူတို့ကို ရှမ်းတို့ကမူ မုဆိုးလူမျိုးဟု ခေါ်ဝေါ်ကြ သည်။ လဟူတို့သည် ယခုအခါ မိုင်းဆပ်၊ မိုင်းပန်ဒေသများနှင့် ကျိုင်းတုံမြို့အနီး တဝိုက်တွင် နေထိုင်ကြသည်။ သူတို့သည် ရှေးနှစ်ပေါင်းများစွာက သံလွင်မြစ်၏မြောက်ဖက် တရုတ်မြန်မာ နယ်စပ်တွင် တည်ရှိသော မိုင်းလင်းဒေသမှ ပြောင်းရွေ့လာခဲ့ကြ သည်။

လဟူလူမျိုးထဲတွင် လဟူနနှင့် လဟူစီဟု အုပ်စုနှစ်မျိုး ကွဲပြန်သေးသည်။ လူဟူစီအုပ်စုကို ကွေ့လူမျိုးဟု ခေါ်ကြသည်။ အုပ်စုတစ်ခုနှင့်တစ်ခု စကားအသုံးအနှုန်း ဓလေ့ထုံးစံများ အနည်းငယ်စီ ကွဲပြားခြားနားကြ သော်လည်း၊ အခြေခံအယူ ဝါဒ၊ အလေ့အကျင့်တို့မှာ တူညီကြသည်။ ကွေ့တို့သည် မိုင်းလင်းဒေသတွင် နေထိုင်ကြစဉ်က တရုတ်နှင့် မြန်မာ နှစ်နိုင်ငံသို့ အခွန်ပဏ္ဏများ ဆက်သရလေသည်။ ကွေ့တို့သည် တောင်ကုန်းမြင့်များပေါ်တွင် ရွာတည်လေ့ ရှိသည်။ အိမ်များမှာ သစ်ဝါးများဖြင့် ဆောက်လုပ်သော မြေစိုက်အိမ်ငယ်ကလေးများ ဖြစ်ပေသည်။ တစ်ခါတစ်ရံ အိမ်ထောင်စု ၃၊ ၄ ခု စုပေါင်း၍ တစ်အိမ်တည်း၌ နေထိုင်တတ်ကြသည်။ ရွာဝင်ဝများတွင် တိုင်နှစ်ခု စိုက်ထူ၍ သစ်သားကန့်လန့်များဖြင့် ပြုလုပ်ထားသော တံခါးများ တပ်ဆင်ထားလေ့ရှိသည်။ သို့ရာတွင် ထိုတံခါးများမှာ ကောရွာ များတွင် ပြုလုပ်ထားလေ့ရှိသော တံခါးများလောက် မမြင့်ချေ။ သူတို့သည် တောင်ယာများတွင် ပဲ၊ ပြောင်း၊ ဆန်၊ စပါးနှင့် ဘိန်းများကို စိုက်ပျိုးကြသည်။

ကွေ့ရွာတိုင်းတွင် ကျောင်းဆောင်ငယ် တစ်ဆောင်စီနှင့် ဆင်းတုတော်တစ်ဆူစီ ကိုးကွယ်ထားလေ့ရှိသည်။ တစ်ခါတစ်ရံ ထိုကျောင်းဆောင်များတွင် တရုတ်စာများကို တွေ့ရတတ်သည်။ လပြည့်နေ့နှင့် လကွယ်နေ့ များမှာ ကွေ့လူမျိုးတို့ ဘုရားရှိခိုး သော နေ့ထူးနေ့မြတ်များ ဖြစ်သည်။

ကွေ့တို့သည် တစ်လင်၊ တစ်မယားစံနစ်ကို လက်ခံ လိုက်နာကြသည်။ ခင်ပွန်း သို့မဟုတ် ဇနီး သေဆုံးပြီးမှ ဖြစ်စေ၊ သို့မဟုတ် ကွာရှင်းပြီးမှဖြစ်စေ နောက်ထပ် အိမ်ထောင်ပြုကြသည်။ သတို့သားနှင့် သတို့သမီးတို့ မင်္ဂလာ ဆောင်သည့်အခါ ခန်းဝင်ပစ္စည်း တင်ရသောထုံးစံ မရှိချေ။ လက်ထပ်ပွဲများတွင် ကြက်ဝက်များ သတ်ဖြတ်ကာ အရက် သေစာများနှင့် ရပ်သူရွာသားများအား ဧည့်ခံလေ့ရှိသည်၊ သတို့သားနှင့် သတို့သမီး လက်ထပ်ပြီးသည့်နောက် မိန်းကလေး မိဘအိမ်တွင် ၄ နှစ်၊ ယောက်ျားလေးမိဘအိမ်တွင် ၃ နှစ် တစ်လှည့်စီ နေထိုင်ကြရသည်။ ထို့နောက်မှ အိုးအိမ် ခွဲခြား၍ နေလိုက နေနိုင်သည်။ အကယ်၍ မိန်းကလေးသည် သူ၏ မိဖအိမ်မှ ခွဲခွာလာခဲ့ပြီးမှ လင်ယောက်ျား သေဆုံးခဲ့လျှင် မိဘအိမ်သို့ မပြန်တော့ဘဲ မိမိနေထိုင်သည့် လက်ရှိ အိမ်မှာပင် ဆက်လက်နေထိုင်လေ့ရှိသည်။ အိမ်ထောင်ပြုလိုကလည်း ထိုအိမ်မှပင် နောက်အိမ်ထောင်ပြုလေသည်။ ကွေ့လူမျိုးများ သေလျှင် သစ်သားခေါင်းများဖြင့် ထည့်၍ မြှုပ်နှံကြသည်။ ပစ္စည်းဥစ္စာကြွယ်ဝသူများ သေလျှင် ရွှေငွေအဝတ်အစားများကို သေသူနှင့် အတူထည့်၍ မြှုပ်နှံလေ့ရှိသည်။

ကွေ့လူမျိုးများတွင် မိဖသေဆုံးက သားယောက်ျားများသည် မိဖ၏ အမွေအနှစ်ကို အညီအမျှ ခွဲဝေယူကြသည်။ သမီးမိန်းမ များကား အမွေကို လုံးဝမရရှိကြချေ။ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားများအထဲတွင် ဤထုံးစံမျိုး မရှိသလောက်ပင် ဖြစ်သဖြင့် ကွေ့တို့သည် ဤဓလေ့ထုံးစံ များကို တရုတ်လူမျိုးများထံမှ ရရှိဟန်တူသည်။ ကွေ့တို့သည် နတ်များကိုလည်း ယုံကြည်ကိုးကွယ်ကြသည်။ တစ်နှစ်လျှင် ၃ ကြိမ်မျှ ကြက်ဝက်များကို သတ်ဖြတ်၍ နတ်ပူဇော်လေ့ရှိသည်။ ထိုသုံးကြိမ်အနက် တစ်ကြိမ်မှာ အကြီးအကျယ်ဆုံး ဖြစ်သည်။ ထိုအခါမျိုးတွင် ရွာတွင်းသို့ အပြင်လူများအား ဝင်ခွင့်မပြုချေ။ ကွေ့တို့အသုံးပြုလေ့ရှိသော တူရိယာတစ်မျိုးမှာ ကန်းဆို သော ပြွေတစ်မျိုး ဖြစ်သည်။ ကန်းတူရိယာမှာ ဗူးသီးအခြောက် ကို တူရိယာအိမ်အဖြစ် ထားလျက် ၁ ပေမှ ၂ ပေခွဲထိ ရှည် သော ဝါးပြွေ ၄ ခုမှ ၁၄ ခု အထိ တပ်ဆင်ထားသည်။ သူတို့ သည် ကန်းပြွေကြီးကို ဈေးနေ့များ၌ ဈေးသွားဈေးလာစဉ် တီး မှုတ်လေ့ ရှိကြသည်။ တစ်ခါတစ်ရံ ရှေးအစဉ်အလာကပွဲများ ကျင်းပ၍ တီးမှုတ်သီဆိုကြသည်။ ခြေတစ်ဖက်ကို မြေတွင် ထောက်၍ ကရသောကနည်းမျိုးကို ကျွမ်းကျင်ကြသည်။ ပြွေ သမားများမှာ များသောအားဖြင့် အကကောင်းသူများ ဖြစ်ကြ သည်။ သူတို့သည် တရုတ်လူမျိုးများကို တုပဝတ်ဆင်လေ့ရှိကြ သည်။ နက်ပြာရောင် အင်္ကျီဗောင်းဘီများကို အများအပြား ဝတ်ဆင်ကြသည်။

ရွှေဘိုမှ အလောင်းဘုရားဦးအောင်ဇေယျသည် တတိယ မြန်မာနိုင်ငံတော်ကြီး ပြန်လည်ထူထောင်မည် ပြုသည့်အချိန် တွင် ကုဏ္ဏအိန်ဆိုသူ ဦးစီး၍ ကွေ့တို့လည်း အင်အားဖြည့် တင်းကာ အာဏာသိမ်းရန် ကြိုးပမ်းကြသည်။ ကွေ့ဂုဏ္ဏအိန်က လူပေါင်း ၂ဝ စေလွှတ်၍ ဦးအောင်ဇေယျကိုပင် မိမိ၏ သစ္စာခံ ရန် အကြောင်းကြားခဲ့သည်။ သို့ရာတွင် ဦးအောင်ဇေယျက သစ္စာမခံဘဲ ကွေ့တို့ကို တိုက်ခိုက်ချေမှုန်းလိုက်သည်။အလောင်း ဘုရား နတ်ရွာစံပြီးနောက် နောင်တော်ကြီးလက်ထက်တွင် ကွေ့တို့က တစ်ဖန်ခြားနားပုန်ကန်ကြပြန်ရာ မြန်မာ့တပ်မတော် များကို စေလွှတ်၍ နှိမ်နှင်းရပြန်သည်၊ ထိုအချိန်မှစ၍ ကွေ့တို့ ၏အကြောင်းကို မြန်မာသမိုင်းတွင်မတွေ့ရတော့ချေ။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)