လူမျိုး

ဝီကီပီးဒီးယား မှ

လူမျိုးဆိုသည်မှာ ကိုယ်ပိုင်ယဉ်ကျေးမှု၊ အစားအစာ၊ အဝတ်အစားပုံစံနှင့် ဘာသာစကားများပြီး တခါတရံ ထိုသူတို့သည် ၎င်းတို့၏လွတ်လပ်သော ကိုယ်ပိုင်အစိုးရကို တည်ထောင်ခြင်း(သို့မဟုတ်) ရွေးချယ်ခြင်းများကို မျှဝေခံစားကြသော လူအစုကို လူမျိုးဟုခေါ်သည်။

ကမ္ဘာ့ အမျိုးအဆွေများ[ပြင်ဆင်ရန်]

ညီအစ်ကို မောင်နှမများသည် တမိတဖတည်းမှ ဆင်းသက် ပေါက်ဖွားသော်လည်း အသားအရောင် မျက်နှာပုံပန်းမှအစ တစ်ထေရာ တည်း တူသည်ဟုမရှိ၊ ကွဲလွဲကြသကဲ့သို့ တစ်ဘိုးတစ်ဘေးတည်းမှ ဆင်းသက်လာသော ကမ္ဘာ့လူမျိုးကြီးများသည်လည်း လူမျိုးအလိုက် အသားရောင် မျက်နှာပုံပန်း ကွဲလွဲကြသည်။

လူမျိုး[ပြင်ဆင်ရန်]

လွန်ခဲ့သည့် နှစ်ပေါင်း အတော်ကြာကပင် လူ မျိုးများအကြောင်းကို ဇာစ်မြစ်နှင့်တကွ စနစ်တကျ လေ့လာလိုက်စားသော လူမျိုးရေးရာပညာ ပါရဂူများသည် ကမ္ဘာပေါ်ရှိ လူမျိုးအသီးအသီးကို လေ့လာကြည့်ကြသည်။ ကမ္ဘာအရပ်ရပ်တွင် နေထိုင်ကြသော လူများမှာ သန်းပေါင်းများစွာသော အရေအတွက်ရှိ၍ ရုပ်သွင်အမျိုးမျိုး၊ အသားရောင်အသွယ်သွယ် ဖြစ်လေရကား ထိုသူတို့အား အဓိကလူမျိုးများအဖြစ် ခွဲခြားရန်ကိစ္စမှာ မလွယ်ကူလှချေ။

ကမ္ဘာပေါ်ရှိလူများကို လူမျိုးအလိုက်ခွဲခြားရားတွင် လူမျိုးရေးရာ ပညာရှင်ကြီးများသည် လုံးဝဆန့်ကျင်သော နည်းကြီး နှစ်နည်းကိုသာ အသုံးပြုကြလေသည်။ ပထမနည်းမှာ အသက်မဲ့သူ၏ ဦးခေါင်းခွံကို လေ့လာ၍ ခွဲခြားသောနည်းဖြစ်၍၊ ဒုတိယနည်းမှာ အသက်ရှင်နေသောလူ၏ အသားအရေနှင့် ဆံပင်အစရှိသော အပေါ်ယံအင်္ဂါများ၏ အရောင်ကိုမူတည်၍ ခွဲ ခြားသောနည်းဖြစ်လေသည်။ များသောအားဖြင့်ကား ဒုတိယနည်းကို အသုံးများသော်လည်း ယခုခေတ်တွင် နည်းနှစ်ခုစလုံးကို ပေါင်း၍ အသုံးချလေသည်။

ထို့အပြင် ပထမဝီဝင်ဒေသအလိုက် လူများအနှံ့အပြားနေထိုင်ပုံ၊ ဘာသာစကား၊ ကိုယ်ကာယအသွင်အပြင်၊ အလေ့အကျင့်နှင့် ဓလေ့ထုံးစံ စသည်တို့ကိုလိုက်၍ ခွဲခြားသော နည်းများလည်းရှိသေးသည်။ ယခုခေတ် လူမျိုးရေးရာပညာရှင်များကမူ ဦးခေါင်းခွံ၏ ပုံပန်းသဏ္ဌာန်၊ မျက်နှာအချိုးအစား၊ အသား၏အသွေးအရောင်၊ ဆံပင်၏အရောင်အဆင်း၊ အရပ်အမောင်း၊ အရိုးများ၏ ပုံသဏ္ဌာန် အစရှိသော ခန္ဓာကိုယ်၏ အသွင်အပြင်ကိုမူတည်၍ ခွဲခြားခြင်းပြုကြ၏။ ဤသို့ နည်းစနစ်အမျိုးမျိုးတို့ဖြင့် ခွဲခြားကြရာတွင် အဓိက အရေးအကြီးဆုံး ထားသည့်အချက်မှာ အသား၏အသွေးအရောင်ပင် ဖြစ်လေသည်။ ထိုနည်းအရ ခွဲခြားလိုက်သောအခါ ကမ္ဘာပေါ်တွင် လူဖြူမျိုး၊ လူဝါမျိုး၊ လူနီမျိုး၊ လူမည်းမျိုးဟူ၍ လူမျိုးကြီး လေးမျိုး ပေါ်ထွက်လာလေသည်။

ထိုအဓိကလူမျိုးကြီးများကို တစ်ဖန် အသေးစိတ်ခွဲခြားသောအခါ အသားအရေ၏ အသွေးအရောင်အပြင် အခြားကိုယ်အင်္ဂါ လက္ခဏာများကိုလည်း ထည့်သွင်းရန် လိုအပ်လာလေသည်။ အရေးအကြီးဆုံးမှာ ဦးခေါင်းခွံ၏ ပုံသဏ္ဌာန်ဖြစ်၏။ ဦးခေါင်းခွံ၏ အရှည် အတို၊ အကျဉ်း အကျယ်၊ လုံးခြင်း ပြားခြင်း စသည်တို့ကိုလိုက်၍ ဦးခေါင်းရှည်လူမျိုး၊ ဦးခေါင်းမရှည် မတိုလူမျိုး၊ဦးခေါင်းတိုလူမျိုး၊ ဦးခေါင်းလုံးလူမျိုး အစရှိသည်ဖြင့် ခွဲခြားရရှိပြန်သည်။ သို့ရာတွင် ဤနည်းကို လှေနံဓားထစ် မှတ်သားထား၍မဖြစ်ပေ။ အဘယ်ကြောင့်ဆိုသော် အချို့သောလူမျိုး များသည် မွေးခါစအရွယ်ဖြစ်သော ကလေးများ၏ ဦးခေါင်းကို ပြုပြင်ထားတတ်ကြသောကြောင့်ဖြစ်သည်။ ပုံစံပြရမည်ဆိုသော် နယူးဂင်းနီကျွန်း၏ အရှေ့ဘက်ရှိ နယူးဗြိတိန်ကျွန်းတွင် နေထိုင်ကြသော မယ်လာနီးရှန်းလူမျိုးများသည် ကလေးသူငယ်များ၏ ဦးခေါင်းကို ငယ်စဉ်ကစည်းနှောင် ထားတတ်ကြလေရာ ကြီးပြင်းလာသောအခါ အဆိုပါကလေးများ၏ ဦးခေါင်းများသည် ရှည်လျားလျား ဖြစ်နေလေသည်။ လူမျိုးခွဲခြားရာတွင် ဦးခေါင်းခွံ၏ ပုံသဏ္ဌာန်ကဲ့သို့ အရေးကြီးသော အခြားအချက်တစ်ခုမှာ မျက်နှာထောင့်ချိုးပင် ဖြစ်၏။ မျက်နှာထောင့်ချိုးဟုဆိုရာတွင် လူ၏နဖူးနှင့် မျက်နှာရှိ အရိုးများနှင့် ဦးခေါင်းခွံ၏ အောက်ခြေတို့ တွေ့ဆုံရာထောင့်ချိုးကို ဆိုလိုရင်းဖြစ်သည်။ အထက်ပါအချက်များနှင့် အခြားသော အချက် များကို အခြေခံထား၍ လူမျိုးများကို ခွဲခြားလိုက်သောအခါ ယခုခေတ် ဥရောပတိုက်သားများသည် အောက်ပါရှေးဦးလူမျိုး သုံးမျိုးမှ ဆင်းသက်လာခဲ့ကြသည်ကို တွေ့ရှိရ၏။

  • (၁) မြေထဲပင်လယ်တစ်ဝိုက်တွင် နေထိုင်ကြသော မြေထဲပင်လယ် လူမျိုး -

ထိုမြေထဲပင်လယ် လူမျိုးသည် ဦးခေါင်းရှည်သည်။ အရပ်အမောင်းမှာ သေးသွယ်၍ ပုသည်။ ဆံပင်နှင့် အသားမှာ မည်းနက်သည်။

  • (၂) နောဒစ်၊ သို့မဟုတ် တျူတိုနစ်လူမျိုး -

ထိုလူမျိုးသည် ဦးခေါင်းရှည်၍ အရပ်အမောင်း ထွားကျိုင်းမြင့်မားသည်။

  • (၃) အယ်လပိုင်လူမျိုး -

ထိုလူမျိုးသည် ကျယ်ပြန့်သောဦးခေါင်းရှိ သည်။ အရပ် မနိမ့်မမြင့်ဖြစ်၍ မွဲပြာရောင်မျက်လုံး၊ အညိုရောင် ဆံပင်နှင့် ညိုသောအသားရောင်ရှိသည်။

အထက်တွင် ရေးသားခဲ့သည့်အတိုင်း လူမျိုးခွဲခြားရာတွင် နည်းစနစ်အမျိုးမျိုးကို အသုံးပြုကြသော်လည်း အသားနှင့် မျက်လုံးများ၏ အရောင်၊ အဆင်း၊ ပုံသဏ္ဌာန်၊ အသွင်အပြင်နှင့် နေထိုင်သည့် တိုင်းပြည်ဒေသကိုလိုက်၍ ခွဲခြားလိုက်သောအခါ လူဖြူ၊ လူဝါ၊ လူနီ၊ လူမည်း ဟူသော လူမျိုးကြီး လေးမျိုးရရှိလေ သည်။ ယင်းလေးမျိုးတို့အနက် လူဝါ၊ သို့မဟုတ် မွန်ဂိုးလီးယန်း လူမျိုး များသည် တရုတ်ဂျပန်၊ မြန်မာ၊ ယိုးဒယား စသော အာရှတိုက် အရှေ့ပိုင်းနိုင်ငံများတွင် အနှံ့အပြား နေထိုင်ကြ၏။ ထိုအသားဝါ လူမျိုးများ၌ အလွန်ရှေးကျသော ယဉ်ကျေးမှုများရှိ၍ ကမ္ဘာပေါ်တွင် အဆင့်အတန်း အမြင့်ဆုံးသော လူမျိုးတစ်မျိုးဖြစ်လေသည်။ မန်ဂိုးလီးယန်းလူမျိုးများသည် ရှေးနှစ်ပေါင်းများစွာကတည်းကပင် ဘာသာစကား၊ အယူဝါဒ၊ အနုပညာ စာပေအစရှိသော ကိုယ်ပိုင်ယဉ်ကျေးမှုများနှင့် အဆင့်အတန်းမြင့်မြင့် နေထိုင်ခဲ့ကြပေသည်။ အခြားလူမျိုးများထံမှတစ်ဆင့် အတုခိုးနည်းယူခြင်း မပြုခဲ့ကြသည်သာမက အခြားလူမျိုးများကသာလျှင် မွန်ဂိုးလီးယန်း လူမျိုးတို့၏ ယဉ်ကျေးမှုကို အတုခိုးနည်းယူခဲ့ကြရပေသည်။

တောင်အမေရိကတိုက်နှင့် မြောက်အမေရိကတိုက်များတွင် မူလက နေထိုင်သော တိုင်းရင်းသား လူမျိုးများဖြစ်သည့် ရက်အင်ဒီးယန်း လူနီမျိုးကို အချို့သော သမိုင်းဆရာများက အသားဝါ လူမျိုးထဲသို့ သွတ်သွင်းကြသော်လည်း အမှန်မှာ တစ်သီးတခြား တည်ရှိသော လူမျိုးတစ်မျိုးပင်ဖြစ်သည်။ သူတို့တွင် ကိုယ်ပိုင်တီထွင်ထားသော စာရေးခြင်းအတတ်ရှိသောကြောင့် လူရိုင်းများဟု မခေါ်ဆိုနိုင်ပေ။ အချို့သော လူနီများမှာ များစွာပင်ယဉ်ကျေးလေသည်။ သို့ရာတွင် သူတို့၏ ယဉ်ကျေးမှုများမှာ များသောအား ဖြင့် ကိုယ်ပိုင်မဟုတ်ဘဲ လူဖြူများထံမှ တစ်ဆင့်ရရှိသော ယဉ်ကျေးမှုများသာဖြစ်၏။

အသားဖြူလူမျိုးမှာ ကမ္ဘာသစ်နှင့် ကမ္ဘာဟောင်းတွင် အနှံ့ အပြား အများဆုံးဖြစ်၍ မျိုးခွဲများစွာရှိသော်လည်း အဓိကအားဖြင့် အောက်ပါအတိုင်း သုံးမျိုးခွဲထားလေသည်။ ထိုသုံးမျိုးမှာ ဟမ်းမိုက်လူမျိုး၊ ဆီးမိုက်လူမျိုးနှင့် အာရိယာန်လူမျိုးများ ဖြစ်ကြသည်။ ဟမ်းမိုက်လူမျိုးများမှာ အာဖရိကတိုက် မြောက်ပိုင်းတွင် နေထိုင်ကြသော လူဖြူများဖြစ်၏။ ယခုအီဂျစ်လူမျိုးနှင့် လစ်ဗီယန်လူမျိုးများသည် ဟမ်းမိုက် အမျိုးအနွယ်များပင် ဖြစ်လေသည်။ ဆီးမိုက်လူမျိုး များကိုကား အာရေဗျပြည်နှင့် ပတ်ဝန်းကျင်တစ်ဝိုက်ရှိ သဲကန္တာရ များတွင် တွေ့ရှိနိုင်သည်။ ဖီနီရှန်လူမျိုး၊ အဆီးရီးယန်း လူမျိုး၊ ဗက်ဗီလုံးနီးယန်း လူမျိုးနှင့် ဟီးဗရူးလူမျိုး အားလုံးတို့မှာ ဆီးမိုက် အနွယ်ဝင်များဖြစ်၍ ထိုသူတို့၏ အကြောင်းများကို လေ့လာ ရသည်မှာ များစွာပင် စိတ်ဝင်စားဖွယ်ကောင်းလေသည်။ ယခုခေတ် လူများတွင် ယဟူဒီနှင့် အာရပ်လူမျိုးများမှာ ဆီးမိုက်အမျိုးအနွယ်များပင် ဖြစ်တော့သည်။ အာရီယန် သို့မဟုတ် အင်ဒိုယူရိုပီယန် လူမျိုးများမှာကား လူဖြူလူမျိုးများတွင် အကြီးအကျယ်ဆုံးဖြစ်လေသည်။ ဟိန္ဒူလူမျိုး၊ ပါးရှင်းလူမျိုး၊ ဂရိလူမျိုး၊ ဣတာလျံလူမျိုး၊ အင်္ဂလိပ်၊ ပြင်သစ်၊ ဂျာမန်မှစ၍ ကမ္ဘာသစ်သို့ ရွှေ့ ပြောင်းသွားသော အမေရိကန် စသောလူမျိုးတို့သည် အင်ဒိုယူရိုပီယန်မျိုးတွင် ပါဝင်လေသည်။

ကမ္ဘာ့လူမျိုးကြီးလေးမျိုးတွင် အောက်တန်းအကျဆုံးဟု ယူဆကြရ သော လူမျိုးမှာ အသားမည်းလူမျိုးပင်ဖြစ်သည်။ သူတို့သည် များသော အားဖြင့် အာဖရိကတိုက်အလယ်ပိုင်းတွင် နေထိုင်ကြသော နီးဂရိုးလူမျိုးများ ဖြစ်ကြ၏။ ထိုလူမျိုးတွင် ကိုယ်ပိုင်တီထွင်ထားသော ဘာသာစာပေ ယဉ် ကျေးမှုဟူ၍ ပြောပလောက်အောင်မရှိဘဲ လူဖြူမျိုးများထံမှတစ်ဆင့် နည်းယူ ရရှိကြလေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)