ဘဟန်၊ ဒေါက်တာ

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ဒေါက်တာ ဘဟန် (၁၈၉၀-ဇန်နဝါရီ ၃ဝ ၁၉၆၉)[ပြင်ဆင်ရန်]

ဒေါက်တာဘဟန်
  • ပါမောက္ခ မဟာသရေစည်သူ ဒေါက်တာ ဘဟန်
  • The University English Myanmar Dictionary ကျမ်းပြုသူ
  • ဒေါက်တာဘမော်နှင့် ညီအစ်ကို

မြန်မာ စာပေ လောကတွင် ယနေ့တိုင် အပြည့်စုံဆုံး၊ အခိုင်မာဆုံး၊ အကောင်းဆုံးဟု သတ်မှတ်နိုင်၍ ပညာရှင် သုတေသီများ ကိုယ်တိုင် အားကို အားထား အသုံးပြု နေရသည့် အင်္ဂလိပ် - မြန်မာ အဘိဓာန်မှာ ဒေါက်တာ ဘဟန် ပြုစုသော တက္ကသိုလ် အင်္ဂလိပ် - မြန်မာ အဘိဓာန် (The University English - Burmese Dictionary) ဖြစ်သည်။ ဤ အဘိဓာန်ကြီးတွင် ဝေါဟာရပေါင်း ငါးသောင်းခွဲကျော် ပါဝင်၍ စာမျက်နှာပေါင်း ၂၂၉၂ ရှိသည်။ စာအုပ် အရွယ် ၁၀.၅ ၉" ရှိ၍ အပိုင်း ၁ဝ ပိုင်းခွဲကာ ဟံသာဝတီ ပုံနှိပ်တိုက်မှ ၁၉၅၁ - ၁၉၆၆ တွင် ပထမ အကြိမ် ပုံနှိပ် ထုတ်ဝေ ခဲ့သည်။ ၁၉၄၄ ခုနှစ်တွင် အပိုင်း ၁ဝ ပိုင်းကို စုစည်း၍ သုံးတွဲ အဖြစ် ဒုတိယ အကြိမ် ပုံနှိပ် ထုတ်ဝေပါသည်။

ထူးခြားသည်မှာ ဤမှျ ပြည့်စုံ ခိုင်မာ လှသော အင်္ဂလိပ် - မြန်မာ အဘိဓာန် ကျမ်းကြီးကို ဒေါက်တာ ဘဟန်သည် အသက် ၆ဝ ကျော်လွန်မှ တဦးတည်း ပြုစု နိုင်ခဲ့ခြင်းပင် ဖြစ်သည်။ ဒေါက်တာ ဘဟန်သည် အဘိဓာန် လုပ်ငန်းကို ၁၉၅၁ ခုနှစ်တွင် စတင်၍ ၁၉၆၆ ခုနှစ် ကျမှသာ လုပ်ငန်း လက်စသတ်နိုင်ခဲ့သည်။
ပထမ အကြိမ် ထုတ်ဝေ ခဲ့စဉ်ကမူ -

  • Part I A, B ၁၉၅၁
  • Part II C ၁၉၅၂
  • Part III D, E ၁၉၅၂
  • Part IV F, G ၁၉၅၃
  • Part V H, I, J, K ၁၉၅၃
  • Part VI L, M, N ၁၉၅၅
  • Part VII O, P ၁၉၅၇
  • Part VIII Q, R ၁၉၅၈
  • Part XI S ၁၉၆၃
  • Part X T, U, V, W, X, Y, Z ၁၉၆၆-တို့တွင် ထုတ်ဝေခဲ့သည်။


ဒေါက်တာ ဘဟန်၏ အဘိဓာန် မထွက်ပေါ်မီ မြန်မာ စာပေ လောကတွင် အသုံးပြု နေသည့် ဆရာ ယုဒသန် (Dr. Judson) ၏ အင်္ဂလိပ် - မြန်မာ အဘိဓာန်နှင့် ဦးထွန်းငြိမ်း၏ ကျောင်းသားသုံး အင်္ဂလိပ် - မြန်မာ အဘိဓာန် ကျမ်းများမှာ အလွန် ချီးမွမ်းဖွယ် ကောင်းသော်လည်း ခေတ်နောက်ကျ နေပြီဟု ဆိုနိုင်ပါသည်။ ယုဒသန်၏ အဘိဓာန်မှာ ပထမ အကြိမ် အဖြစ် ၁၈၄၉ ခုနှစ်က ထုတ်ဝေခဲ့၍ နှစ်ပေါင်း တရာ ကျော်ခဲ့ပြီ ဖြစ်သည်။ ဦးထွန်းငြိမ်း၏ အဘိဓာန် သည်လည်း ပထမ အကြိမ် အဖြစ် ၁၉၀၆ ခုနှစ်က ထုတ်ဝေခဲ့ရာ နှစ်ပေါင်း ငါးဆယ် ကျော်ပြီ ဖြစ်သည်။

တက္ကသိုလ် အင်္ဂလိပ် - မြန်မာ အဘိဓာန်ကြီး ပြုစုချိန်တွင် ဒေါက်တာ ဟန်သည် ရန်ကုန် တက္ကသိုလ် ဥပဒေ မဟာ ဌာနမှူးနှင့် ဂုဏ်ထူးဆောင် ဥပဒေ ပါမောက္ခ ရာထူးမှ အငြိမ်းစား ယူပြီးစ ဖြစ်သည်။ လူ့သက်တမ်းဖြင့် တွက်လျှင် ဘဝ တသက်တာ ပညာဆည်းပူး လေ့လာမှု ပြီးစီး၍ ပညာရည် အပြည်ဝဆုံးချိန်ဟု ဆိုနိုင်ပါသည်။ ဒေါက်တာ ဘဟန်သည် အသက် ၂၅ နှစ် အရွယ်ကပင် အိနိ္ဒယပြည် ကာလကတ္တား တက္ကသိုလ်မှ (M.A.) မဟာ ဝိဇာဘွဲ့ကို အင်္ဂလိပ် စာပေဖြင့် ရရှိခဲ့သည်။ အသက် ၃၅ နှစ် အရွယ်တွင် အင်္ဂလန်ပြည် ကိန်းဘရစ် တက္ကသိုလ်၌ ပညာ သင်ကြားခွင့် ရခဲ့သည်။ ထို့နောက် လင်ကွန်းအင်း ဥပဒေ ကျောင်းမှ ဘားအက်လေးဘွဲ့၊ ဂျာမနီနိုင်ငံ ဖရိုင်းဘတ် တက္ကသိုလ်မှ ဒေါက်တာဘွဲ့၊ ပြင်သစ်နိုင်ငံ ဘောဒိုး တက္ကသိုလ်မှ စာပေ ပါရဂူဘွဲ့များ ရရှိခဲ့သည်။ အသက် ၅၇ နှစ် အရွယ်တွင် ရန်ကုန် တက္ကသိုလ်မှ ဂုဏ်ထူးဆောင် ဥပဒေ ပါရဂူဘွဲ့ ထပ်မံ ချီးမြှင့်ခြင်း ခံရသည်။

ဤ ပညာရေး ပါရဂူဘွဲ့ ဒီဂရီများသည် ဒေါက်တာ ဘဟန်၏ ပညာရည် အဆင့်အတန်းကို ဖော်ပြ နေပါသည်။ ထို့ထက် အရေး ပါသည်မှာ အသက် ၁၉ နှစ် အရွယ်တွင် ရန်ကုန် တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ကို ဘာသာစုံ ဂုဏ်ထူးဖြင့် အောင်မြင်ပြီးနောက် ဦးထွန်းငြိမ်း၏ လက်အောက်တွင် အစိုးရ လက်ထောက် စာတော်ပြန် လုပ်ကို်င်ခွင့် ရခဲ့ခြင်းနှင့် ဦးထွန်းငြိမ်း၏ အင်္ဂလိပ် - မြန်မာ အဘိဓာန်ကျမ်းကြီး ဒုတိယ အကြိမ် ပုံနှိပ် ထုတ်ဝေနိုင်ရေး အတွက် ပြင်ဆင် တည်းဖြတ်ခွင့် ရခဲ့ခြင်းပင် ဖြစ်သည်။ ထိုအချိန်က ဒေါက်တာဘဟန်မှာ အသက် ၂၅ နှစ် အရွယ်မှျသာ ရှိသေးသည်။ ဤသို့ အဘိဓာန်ကျမ်းပြု ဦးထွန်းငြိမ်း၏ လက်အောက်တွင် ဘာသာပြန် အတွေ့အကြုံနှင့် အဘိဓာန် လုပ်ငန်း အတွေ့အကြုံများ လက်တွေ့ ဆည်းပူး ခဲ့ရခြင်းသည် ဒေါက်တာ ဘဟန် အတွက် တက္ကသိုလ် အင်္ဂလိပ် - မြန်မာ အဘိဓာန်ကြီး ပြုစုရေးတွင် များစွာ အထောက်အပံ့ ဖြစ်လာပါသည်။

ဦးထွန်းငြိမ်းမှာ အင်္ဂလိပ် - မြန်မာ အဘိဓာန် ကျမ်းပြု ပုဂ္ဂိုလ် ဖြစ်ရုံမှျမက ၁၈၉၉ ခုနှစ်ကပင် ပုဂံ၊ ပင်းယ၊ အင်းဝ ကျောက်စာများကို အင်္ဂလိပ်ဘာသာ ပြန်ဆိုခဲ့သော ပညာရှင် တဦး ဖြစ်သည်။ ထို့ပြင် ပုဂံခေတ် မြစေတီ ကျောက်စာနှင့် ပျူခေတ် မောင်ကန် ရွှေပေချပ် ပါဠိတော်များကို အင်္ဂလိပ်မှ မြန်မာ ပြန်ဆိုခဲ့သည်။ ခရစ်ယာန် သမ္မာကျမ်းစာ ကိုလည်း အင်္ဂလိပ်မှ မြန်မာ ပြန်ဆိုခဲ့သည်။ အခြား လူသိ နည်းသော ဦးထွန်းငြိမ်း၏ စွမ်းဆောင်ချက်မှာ ကမာ္ဘ့ ပညာရှင် လောကတွင် ထင်ရှားသော မြန်မာနိုင်ငံ သုတေသန အသင်းကြီးကို စတင် တည်ထောင်သူများတွင် တဦး အပါအဝင် ဖြစ်၍ အသင်း၏ ငွေထိန်း တာဝန်ကိုလည်း ထမ်းဆောင် ခဲ့ခြင်းပင် ဖြစ်သည်။ ဒေါက်တာ ဘဟန် ကိုယ်တိုင် ကလည်း ဆရာဖြစ်သူ ဦးထွန်းငြိမ်း ကဲ့သို့ပင် သုတေသနစိတ် ထက်သန်သဖြင့် အင်္ဂလိပ် ဘာသာဖြင့် သုတေသန စာတမ်းများကို မြန်မာနိုင်ငံ သုတေသန အသင်း ဂျာနယ်တွင် ရေးသားခဲ့သော ပညာရှင် တဦး ဖြစ်ခဲ့သည်။

ဒေါက်တာ ဘဟန်သည် ငယ်ရွယ်စဉ် ကမူ အင်္ဂလိပ် စာပေကို ပိုမို ကွျမ်းကျင်ခဲ့သည်။ ဦးထွန်းငြိမ်း၏ လက်အောက်တွင် လုပ်ကိုင်ရသည့် အခါ ဆရာဖြစ်သူ ဦးထွန်းငြိမ်း၏ သတိပေး တိုက်တွန်းမှုကြောင့် မြန်မာ စာပေ၊ မြန်မာ့ ယဉ်ကျေးမှု ဓလေ့ ထုံးစံများကို် မြန်မာ ပညာရှိများထံ လေ့လာ လိုက်စားခဲ့သည်။ ထို့နောက် ဥရောပတွင် ပညာ ဆက်လက် ဆည်းပူးခွင့် ရသောအခါ ဂျာမန်နှင့် ပြင်သစ် ဘာသာစကားကို အလွန် ကွျမ်းကွျမ်းကျင်ကျင် တတ်မြောက်ခဲ့သည်။ ဒေါက်တာ ဘဟန်သည် သမ္မာကျမ်းစာကို အလေ့လာ လိုက်စားခဲ့ခြင်းဖြင့် အင်္ဂလိပ်ဘာသာ စကားကို အလွန် ကွျမ်းကျင် လာပါသည်။ ထို့ကြောင့် ဒေါက်တာ ဘဟန်၏ တက္ကသိုလ် အင်္ဂလိပ် - မြန်မာ အဘိဓာန် ထွက်ပေါ် လာသောအခါ မြန်မာနိုင်ငံ သုတေသန အသင်း ဂျာနယ်တွင် ဆရာကြီး ဦးဖေမောင်တင်က အောက်ပါ အတိုင်း ရေးသားခဲ့သည်။

"…. ဒေါက်တာ ဘဟန်၏ အဘိဓာန်သည် အဘိဓာန် ပြုစုသူ မိန့်ဆို သကဲ့သို့ တိကျသေချာ ရှင်းလင်း ပြည့်စုံရုံ မှျမက အင်္ဂလိပ် ဆိုရိုး စကားများကို မြန်မာပြန်ရာတွင် မြန်မာစကား ပီပီသသဖြင့် လှပ ထိမိစွာ ပြန်ဆိုနိုင်သည်။ ထို့ပြင် ဤအဘိဓာန်ကို လေ့လာခြင်းဖြင့် မြန်မာ စာသင်သားတို့အား အင်္ဂလိပ် ဘာသာစကား ကွျမ်းကျင်မှု ပေးနိုင် သကဲ့သို့ နိုင်ငံခြားသားများ အတွက်လည်း မြန်မာဘာသာ စကား ကွျမ်းကျင်မှုတွင် အကူအညီ ပေးနိုင် ပါလိမ့်မည်"[၁]


ဒေါက်တာ ဘဟန်မှာ ပညာရေးတွင် စိတ်အား ထက်သန်၍ ရန်ကုန် တက္ကသိုလ် ဥပဒေ ပညာ မဟာဌာနတွင် ပါမောက္ခ အဖြစ် နှစ်ပေါင်းများစွာ ထမ်းဆောင်ခဲ့သည်။ ထို့ပြင် သုတေသနစိတ် ထက်သန်သော ပညာရှင် တဦး ဖြစ်ရာ မြန်မာ့ဓလေ့ ထုံးတမ်းစဉ်လာနှင့် မြန်မာစာပေ ဝေဖန်ချက်များကို အင်္ဂလိပ် ဘာသာဖြင့် မြန်မာနိုင်ငံ သုတေသန အသင်း ဂျာနယ်တွင် ရေးသား ခဲ့ပါသည်။ ဒေါက်တာ ဘဟန်သည် မြန်မာ ရှေးဟောင်း သမိုင်း ပါရဂူ ဂျီ၊ အိပ်ချ်၊ လုစ် (G. H. Luce)၏ 'မြန်မာအစ ကျောက်ဆည်က' ဟု လူသိများသော 'Old Kyaykse and the Coming of the Burmans' စာတမ်းကို မြန်မာနိုင်ငံ သုတေသန အသင်း အတွက် ကိုယ်စား ဖတ်ကြား ပေးခဲ့ပါသည်။ ထိုဆောင်ရွက်ချက်ကို အချို့သော စာရေးဆရာ၊ သုတေသန ပညာရှင်နှင့် နိုင်ငံရေးသမားတို့က ပြင်းပြင်းထန်ထန် ဝေဖန် ခဲ့ကြသည်။ အထူးသဖြင့် ဗိုလ်တထောင် သတင်းမှ ဦးသိန်းမြင့်ဖေ၏ ဝေဖန်ချက်များမှာ ဩဇာ ကြီးမားလှသည်နှင့် အမှျ ဒေါက်တာ ဘဟန် အတွက် အထင်မှားစရာ ဖြစ်ခဲ့ရသည်။

အမှန်စင်စစ် ဒေါက်တာ ဘဟန်မှာ ခရစ်ယာန် ဘာသာဝင် တဦး ဖြစ်သော်လည်း တိုင်းပြည်နှင့် လူမျိုး၏ ဂုဏ်သိက္ခာကို အစဉ် စောင့်ထိန်းခဲ့သော ပညာရှင် တဦး ဖြစ်ပါသည်။ သာဓက ပြရသော် ၁၉၃ဝ ပတ်ဝန်းကျင်က မြန်မာ့သမိုင်း (History of Burma) စာအုပ်ကို ရေးသားသူ အိုင်စီအက်စ် ဝန်ထမ်း ဂျီ၊ အီး၊ ဟာဗေး (G. E. Harvey) အား ရန်ကုန် တက္ကသိုလ် မှ ဒေါက်တာဘွဲ့ ပေးအပ်ရန် စီစဉ်ခဲ့သည်။ ဟာဗေး၏ မြန်မာ ရာဇဝင် စာအုပ်မှာ မြန်မာ့ သမိုင်းနှင့် ပတ်သက်၍ ပထမ ဦးဆုံးသော အဆင့်မြင့် သုတေသန လက်ရာတရပ် ဖြစ်သော်လည်း ယင်းစာအုပ်တွင် မြန်မာ လူမျိုးနှင့် မြန်မာ ဘုရင်များ အပေါ် နှိမ့်ချ၍ တဖက်သတ် ရေးသားထားရာ မြန်မာများ ဘက်မှ မခံမရပ်နိုင် ဖြစ်ခဲ့သည်။ ထို့ကြောင့် ရန်ကုန် တက္ကသိုလ်၏ အစီအစဉ်ကို ဒေါက်တာ ဘဟန်နှင့် ဦးစိုးညွန့်တို့ (လွတ်လပ်ရေး ခေတ်ဦး အမေရိကန်နိုင်ငံ ဆိုင်ရာ မြန်မာ သံအမတ်ကြီး) တို့ ဦးဆောင်၍ ကန့်ကွက် ခဲ့ပါသည်။ ထို့ကြောင့် ဟာဗေးမှာ ရန်ကုန် တက္ကသိုလ်မှ ချီးမြှင့်မည့် ဒေါက်တာဘွဲ့ ရမသွားပါ။ ဤအချက်ကို အမျိုးသား ပညာဝန် ဦးဖိုးကျား ကိုယ်တိုင် ထုတ်ဖော် မှတ်တမ်း တင်ခဲ့ဖူးပါသည်။

ဒေါက်တာ ဘဟန် ပြုစု ရေးသားခဲ့သော လုံးချင်း စာအုပ်များနှင့် ဘွဲ့ယူ စာတန်းများမှာ -

  1. William Black: His Mysticism [D.Litt Thesis] Bordeau, 1924
  2. The Evolution of The Blakean Philosophy [Ph.D. Thesis]
  3. The Planned State Yangon, 1947
  4. A Legal History of India and Burma, Yangon, 1951.
  5. The Supreme Quest: Calcutta, 1933.
  6. Shin Uttamagyaw's Tawla, Letwethondar's Radus: Yangon, 1962.
  7. The University English-Burmese Dictionary : Yangon. 1951-66
  8. A Rapid French Course.
  9. A Rapid German Course.

ဒေါက်တာ ဘဟန် မြန်မာနိုင်ငံ သုတေသန အသင်း ဂျာနယ်တွင် ရေးသားခဲ့သော သုတေသန စာတမ်းများနှင့် စာအုပ် ဝေဖန်ချက်များကို စာစု စာရင်း အဖြစ် တင်ပြပါမည်။

  1. "U Pon'nya's Wizaya: an estimate"JBRS. Vol. 16, Pt. 3 (Dec 1916) P. 139.
  2. "Chitya-a-hamn or true love, by Ma E Kin"JBRS. Vol. 7, Pt. 2 (Aug 1917) P. 186.
  3. "U Pon'nya's Paduma: a criticism"JBRS. Vol. 7, Pt. 2 (Aug 1917) P. 137-141
  4. "Shin Uttamagyaw and his tawla: a nature poem"JBRS. Vol.7, Pt. 2 & 3, Vol.8, Pt. 1-3, Vol. 9, Pt. 1-3 Vol. 10, Pt. 1 (Aug 1917 to April 1920)
  5. "Maung Hmaing by U Maung Gyi". JBRS. Vol. 8, Pt. 1 (April 1918)P.64-67.
  6. "Seindakyawthu: man and poet".JBRS. Vol. 8, Pt. 2 (Aug 1918) P. 107-111.
  7. "Ma Min Thein of Myaung mya".JBRS. Vol. 9, Pt. 2 (Aug 1919) P. 112.
  8. "The meaning of Ari". JBRS. Vol.10, Pt.3 (Dec 1920) P. 160.
  9. "Letwe-thondara's poem". JBRS. Vol. 12, Pt.1 (April 1922) P.34.
  10. "Burmese Syntax, by U Pe Maung Tin".JBRS.Vol.34, Pt.1 (Dec 1951) P. 40-41
  11. "Some problem of a lexicographer".JBRS. Vol.45, Pt.1 (June 1962) P. 1-6
  12. "The Burmese Complex: its roots".JBRS. Vol.46, Pt.1 (June 1963) P. 1-10
  13. "Spiritism in Burma". JBRS.Vol.47, Pt.1 (June 1964) P. 3-10
  14. "Burmese cosmogony and cosmology 4".JBRS.Vol.48, Pt.1 (June 1965) P. 9-16
  15. "The emergence of the Burmese nation". JBRS. Vol.48, Pt.2 (Dec 1965) P. 25-38.
  16. "The Evolution of Burmese dramatic performances and festival occasions".JBRS. Vol.49,Pt. 1 (June 1966) P. 1-18
  17. "Piquant splendours of the Burmese Family life of old".JBRS. Vol. 50, Pt. 1 (June 1967) P. 21-32.
  18. "Aspects of Burmese rural life of old". JBRS. Vol. 51, Pt.1 (June 1968) P. 9-16 JBRS [The Journal of Burma Research Society]

ဒေါက်တာ ဘဟန်ကို အဖ ဦးကျေး၊ အမိ ဒေါ်သိန်းတင် တို့မှ ၁၈၉ဝ ပြည့်နှစ်၊ ဇန်နဝါရီ ၃ဝ ရက် (ကြာသပတေးနေ့) တွင် ဖွားမြင်ခဲ့သည်။ ရန်ကုန် ဇာတိ ဖြစ်သည်။ ညီအစ်ကို နှစ်ယောက်ရှိရာ ညီဖြစ်သူ မောင်ဘမော်မှာ မြန်မာ့ နိုင်ငံရေး လောကတွင် ထင်ရှားသော အဓိပဓိ ဒေါက်တာ ဘမော် ဖြစ်သည်။ ဦးကျေးမှာ သာသနာပြု ဆရာကြီး ဒေါက်တာမတ် (Dr. Mark) ၏ တပည့် တဦး ဖြစ်၍ မန္တလေး သံတဲကျောင်းတွင် မင်းတုန်းမင်း၏ သားတော် မင်းညီမင်းသားများနှင့် အတူ ပညာ သင်ကြား ခဲ့ရသူ ဖြစ်သည်။ ထို့ပြင် အင်္ဂလန်သို့ ပညာ ဆက်လက် သင်ကြာရေး အတွက် အရွေးချယ် ခံရသူ တဦးလည်း ဖြစ်သည်။ သို့သော် အင်္ဂလိပ်တို့က သီပေါမင်းအား နန်းချ၍ အထက် မြန်မာပြည်ကို သိမ်းပိုက် လိုက်သည့်နောက် နှစ်အနည်းငယ် အတွင်း ပေါ်ပေါက်ခဲ့သည့် သထုံ ဒေသမှ တော်လှန် ပုန်ကန်မှုတွင် ဦးကျေး ပါဝင် ခဲ့သည်။ နောက်ပိုင်းတွင် ယိုးဒယား (ထိုင်း) သို့ ထွက်ပြေး တိမ်းရှောင်ခဲ့သည်။

မောင်ဘဟန်သည် ၁၈၉၆ ခုနှစ်တွင် မအူပင် အစိုးရ အလယ်တန်း ကျောင်း၌ ပညာ သင်ကြားခဲ့သည်။ နောက်ပိုင်းတွင် ညီဖြစ်သူ မောင်ဘမော်နှင့် အတူ ရန်ကုန်မြို့ စိန့်ပေါလ်ကျောင်းသို့ ပြောင်းရွှေ့ ပညာ သင်ကြားခဲ့သည်။ မောင်ဘဟန်မှာ ငယ်စဉ်ကပင် မိခင် ဒေါ်သိန်းတင်က အင်္ဂလိ်ပ် စကားလုံး တစ်လုံးစ နှစ်လုံးစ သင်ကြားပေးခြင်း ခံရသည်။ စိန့်ပေါလ်ကျောင်းတွင် ပညာ သင်ကြားနေစဉ် မောင်ဘဟန်သည် ဆွစ်ဖ်၏ ဂါလီဗာ၏ ခရီးစဉ် (Swift's Gulliver's Travels)၊ ဒီဖိုး၏ ရော်ဘင်ဆန် ကရူးဆိုး (Defoe's Robinson Crusoe)၊ ကပ္ပတိန် မာရတ်၏ ပင်လယ် ပုံပြင်များ (Captain Maryat's Sea Stories) စသော အင်္ဂလိပ် ဝတ္ထု အမြောက်အများကို ဖတ်ခဲ့ဖြင်းဖြင့် အင်္ဂလိပ် ဝေါဟာရကို ပိုမိုကြွယ်ဝ စေခဲ့သည်။

၁၉၀၅ ခုနှစ်တွင် ပညာသင်ဆု ရ၍ ရန်ကုန် ကောလိပ်၌ လည်းကောင်း၊ ၁၉၀၆ ခုနှစ်တွင် ကာလကတ္တား ဒပ်ဖ်ကောလိပ်၌ လည်းကောင်း၊ ၁၉၀၇ ခုနှစ်တွင် ရန်ကုန် ကောလိပ်၌ လည်းကောင်း ပညာ ဆက်လက် ဆည်းပူးပါသည်။ တက္ကသိုလ် ပညာ ဆက်လက် သင်ကြားစဉ် ပညာသင်ဆုများ ဆက်လက် ရရှိ၍ ၁၉၀၉ ခုနှစ်တွင် ဝိဇ္ဇာ ဘွဲ့ကို ဘာသာစုံ ဂုဏ်ထူးဖြင့် အောင်မြင် ခဲ့ပါသည်။ ထို့နောက် ရန်ကုန် ကောလိပ်တွင် သရုပ်ပြ ဆရာ အဖြစ် ခေတ္တ ဆောင်ရွက်ကာ ၁၉၁၂ ခုနှစ်တွင် အငယ်တန်း နိုင်ငံ့ဝန်ထမ်း ရာထူးကို လည်းကောင်း၊ ၁၉၁၃ ခုနှစ်တွင် ဦးထွန်းငြိမ်း၏ လက်အောက်၌ လက်ထောက် စာတော်ပြန် အရာရှိ အဖြစ် လည်းကောင်း လုပ်ကိုင် ခဲ့ပါသည်။ အလုပ် တာဝန် တဖက်နှင့်ပင် ကာလကတ္တား တက္ကသိုလ်မှ မဟာ ဝိဇ္ဇာဘွဲ့ စာမေးပွဲကို အလွတ် ဝင်ရောက် ဖြေဆိုရာ အင်္ဂလိပ် ဂုဏ်ထူးဖြင့် အောင်မြင်ပါသည်။ မဟာဝိဇ္ဇာ စာမေးပွဲကို နေ့ကျောင်းသားများနှင့် အပြိုင် ဖြေဆို၍ အားလုံးတွင် တတိယ ရခဲ့သည်။ ၁၉၁၈ ခုနှစ်တွင် မြန်မာနိုင်ငံ အကြီးတန်း ဝန်ထမ်း အဖြစ် တိုးမြှင့် ခန့်အပ်ခြင်း ခံရ၍ လစာ ၈၀ဝ ကျပ် ရသော အစိုးရ စာတော်ပြန် ဖြစ်လာပါသည်။

၁၉၂၂ ခုနှစ်တွင် အင်္ဂလိပ် လူမျိုး အိုင်စီအက်စ် အရာရှိ များအား မြန်မာဘာသာ စကား စစ်ဆေး ရသော စာမေးပွဲကို စစ်ဆေးရေး ဘုတ်အဖွဲ့၏ သဘာပတိ အဖြစ် ခန့်အပ်ခြင်း ခံရသည်။ ထိုသို့ ဆောင်ရွက် နေစဉ် ဒေါက်တာ ဘဟန်သည် အမှန်အတိုင်း သမာသမတ် ကျကျ ဆောင်ရွက်လေ့ ရှိရာ အင်္ဂလိပ် အရာရှိကြီး တဦးအား စာမေးပွဲ အအောင် မပေးရာမှ အစိုးရ ဝန်ထမ်း ဘဝတွင် အနှောင့်အယှက် တွေ့လာရသည်။ ထို့ကြောင့် ဥပဒေ ပညာ သင်ကြား၍ လွတ်လပ်စွာ အသက်မွေး ဝမ်းကျောင်း ပြုနိုင်ရန် ၁၉၂၂ ခုနှစ် စက်တင်ဘာလတွင် အင်္ဂလန်နိုင်ငံ ကိန်းဘရစ် တက္ကသိုလ်၊ ပြင်သစ်နိုင်ငံ ဘောဒိုး တက္ကသိုလ်၊ ဂျာမနီနိုင်ငံ ဖရိုင်းဘက် တက္ကသိုလ်နှင့် လန်ဒန် လင်ကွန်းအင်း ဥပဒေ ကျောင်းတို့တွင် ပညာ ဆည်းပူး၍ ဒေါက်တာဘွဲ့၊ စာပေ ပါရဂူဘွဲ့နှင့် ဘားအက်လော ဥပဒေဘွဲ့များ ရရှိသည်။

၁၉၂၅ ခုနှစ်၊ စက်တင်ဘာလတွင် ရန်ကုန် ပြန်ရောက်၍ ဝတ်လုံတော်ရ တဦး အဖြစ် အသက်မွေး ဝမ်းကျောင်း ပြုသည်။ ရန်ကုန် တက္ကသိုလ် ဥပဒေ ပညာ ဌာနတွင်လည်း အချိန်ပိုင်း ကထိက အဖြစ် ထမ်းဆောင်ခဲ့သည်။ ၁၉၂၉ ခုနှစ်တွင် လက်ထောက် အစိုးရ ရှေ့နေ အဖြစ် လည်းကောင်း၊ ၁၉၃၅ ခုနှစ်တွင် ဥပဒေ ဌာန အချိန်ပိုင်း ပါမောက္ခ အဖြစ် လည်းကောင်း၊ ၁၉၄၅ ခုနှစ်တွင် ဥပဒေ မဟာဌာနမှူး အဖြစ် လည်းကောင်း ဆောင်ရွက် ခဲ့ပါသည်။ ဂျပန်ခေတ် အတွင်း မြန်မာ့ ယဉ်ကျေးမှု ပြန်လည် တိုးတက် စေရန်နှင့် ကမာ္ဘ့ ယဉ်ကျေးမှု သိကွျမ်း နားလည် စေရန်အတွက် တည်ထောင်သော ပညာ တံခွန် အသင်းတွင် ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၄၈ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ် ဘာသာပြန်နှင့် စာအုပ် ထုတ်ဝေရေး ဌာန၊ မြန်မာ အဘိဓာန် အကြံပေး အဖွဲ့ ဥက္ကဋ္ဌ အဖြစ် လည်းကောင်း၊ ရန်ကုန် တက္ကသိုလ် ဂုဏ်ထူးတန်း များနှင့် မဟာ ဝိဇ္ဇာတန်းများ၏ ပြင်ပ စာစစ်မှူး အဖြစ် လည်းကောင်း၊ ဥပဒေဌာန ဂုဏ်ထူးဆောင် ပါမောက္ခ အဖြစ် လည်းကောင်း တာဝန် အသီးသီး ထမ်းဆောင် ပါသည်။ ၁၉၆၁ ခုနှစ်တွင် မြန်မာနိုင်ငံ သုတေသန အသင်းကြီး၏ ဥက္ကဋ္ဌ အဖြစ် တင်မြှောက်ခြင်း ခံရပါသည်။

၁၉၅၈ ခုနှစ်တွင် နိုင်ငံတော် အစိုးရ၏ မေတ္တာ ရပ်ခံချက် အရ နိုင်ငံတော် ရှေ့နေချုပ် ရာထူးကို ထမ်းဆောင်ခဲ့သည်။ ၁၉၅၈ ခုနှစ်တွင် နိုင်ငံတော် အစိုးရမှ မဟာသရေ စည်သူဘွဲ့ ချီးမြှင့်၍ ဂျီနီဗာတွင် ကျင်းပသည့် ပင်လယ်ရေကြောင်း ဥပဒေ ကွန်ဖရင့်သို့ မြန်မာ အဖွဲ့ကို ဦဆောင်၍ တက်ရောက်ခဲ့သည်။ ဒေါက်တာ ဘဟန်သည် ဇနီး ဖြစ်သူ ဒေါ်ခင်သိန်း [M.A. (Yale)] ပညာရေး တက္ကသိုလ်တွင် ကထိကနှင့် အတူ အမေရိကားရှိ ကောလိပ် တက္ကသိုလ်များတွင် မြန်မာ့ ယဉ်ကျေးမှု ဓလေ့ ထုံးစံများကို လှည့်လည် ဟောပြော ပို့ချခဲ့ပါသည်။ (ဒေါက်တာ ဘဟန်၏ ပထမ ဇနီးမှာ ဒေါ်သိန်းလွင် ဖြစ်၍ ကွယ်လွန်ခဲ့ပြီး ဖြစ်သည်။) ဒေါက်တာ ဘဟန်သည် တက္ကသိုလ် အင်္ဂလိပ် - မြန်မာ အဘိဓာန်ကြီးကို ပြုစု ပြီးစီးသည့်နောက် သုံးနှစ် အကြာ ၁၉၆၉ ခုနှစ်၊ မေလ ၁၃ ရက်နေ့တွင် ကွယ်လွန် ခဲ့ပါသည်။ ဒေါက်တာ ဘဟန် ကွယ်လွန် သွားသော အခါ ဒေါက်တာ ဘဟန်၏ ဂုဏ်ရည်နှင့် ပတ်သက်၍ တရားသူကြီးဟောင်း ဝတ်လုံတော်ရ ဦးကျော်မြင့်က အောက်ပါ အတိုင်း ချီးမွမ်း စကား ဆိုခဲ့သည်။

"….. ဒေါက်တာ ဘဟန်သည် ပြောင်မြောက်သော ဥပဒေ ပညာရှင် ဖြစ်သည်။ သူ၏ အသိပညာ၊ သူ၏ စာပေ စွမ်းရည်တို့ကို မြန်မာပြည်က သာမက တကမာ္ဘလုံးကပင် အသိအမှတ် ပြုကြသည်။ ဒေါက်တာ ဘဟန်သည် မြင့်မြတ် တော်ဖြောင့်သော လမ်းစဉ်ကို လိုက်လျောသူ ဖြစ်သည်။ မတုန်လှုပ်သော သမာဓိဂုဏ်နှင့် ပြည့်စုံသူလည်း ဖြစ်သည်။ သူ တခုခုကို ဆုံးဖြတ်ချက်မှာ မှန်နေတတ်သည်။" [၂]


ယခု အခါ ဒေါက်တာ ဘဟန် ကွယ်လွန် ခဲ့သည်မှာ နှစ်ပေါင်း ၃ဝ ကျော် ကြာမြင့် ခဲ့ပါပြီ။ သို့သော် ဒေါက်တာ ဘဟန်၏ ဘဝ တသက်တာ ရှာမှီးခဲ့သော ဉာဏ်ပညာ အမွေ အနှစ်၊ ဇွဲလုံ့လ ဂုဏ် အရည်အသွေး တို့ကား သူပြုစုခဲ့သော သုသေသန စာတမ်းများနှင့် အတူ မြန်မာ စာပေ လောကတွင် ဂုဏ်ယူဖွယ် တင်ကျန် ရစ်ခဲ့သည်ဟု ဆိုချင် ပါတော့သည်။

Reference[ပြင်ဆင်ရန်]

  1. မြန်မာနိုင်ငံ သုတေသန အသင်း ဂျာနယ်၊ တွဲ ၃၄၊ အပိုင်း ၁၊ (ဇွန် ၁၉၅၁) စာ ၄၂
  2. ငွေတာရီ၊ အမှတ် ၁၀၉ (ဇူလိုင် ၁၉၆၉) စာ ၆ဝ - ၆၆

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. ဖိုးကျား၊ ဦး။ သီပေါမင်း ပါတော်မူ အရေးတော်ပုံ။ ရန်ကုန်။ မြန်မာ့ ဂုဏ်ရည် ပုံနှိပ်တိုက်၊ ၁၉၃၅။
  2. မောင်မြန်မာ။ 'မဟာ သရေစည်သူ ဒေါက်တာ ဘဟန်'၊ ငွေတာရီ အမှတ် ၁၀၉ (ဇူလိုင် ၁၉၆၉) စာ ၆ဝ - ၆၆။
  3. Ba Han, Dr. "Valedictory". The University English-Myanmar Dictionary , Vol.3,2nd ed.
  4. Ba Han, Dr. Who's who in Burma-Yangon: People's Literature Committee and House. 1960. P.39
  5. Pe Maung Tin, U."The University English-Burmese Dictionary by Maung Ba Han" JBRS. Vol. 34, Pt.1 (June 1951) P. 42