ကျောက်သင်ပုန်း

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
ကျောက်သင်ပုန်း
မြန်မာဝစ်ရှင်နရီ
မြန်မာ ဝစ်ရှင်နရီ တွင် ဤစကားလုံးအတွက်
အဓိပ္ပါယ်ဖွင့်ဆိုချက် ရှိသည် -

ကျောက်သင်ပုန်းသည် မြန်မာတို့၏ စာပေသင်ကြားရာတွင် အသုံးပြုသည့် မှတ်သားတွက်ချက်ရသော ကျောက်သားနှင့် ပြုလုပ်ထားသည့် အရာဖြစ်သည်။ ကျောက်သင်ပုန်းပေါ်၌ စာပေရေးသားရသော အရာကို ကျောက်တံဟု ခေါ်သည်။

သမိုင်းအစ[ပြင်ဆင်ရန်]

ကျောက်သင်ပုန်းနှင့် ကျောက်တံများ ဖြစ်ပေါ်လာပုံမှာ ၁၉၄၅ ခုနှစ်တွင် ဦးအောင်သိန်း ဆိုသူသည် မုဆိုးမတောင်မှ စီးဆင်းနေသော စမ်းချောင်းရှိကျောက်ပြားများကို ကောက်ယူပြီး သံပြားနှင့်ခြစ်ကာ ကျောက်သင်ပုန်းကို စတင်ပြုလုပ်ခဲ့သည်။ ထိုအချိန်က စက်မပေါ်သေး၍ လက်ဖြင့်သာ လုပ်ကိုင်ရသဖြင့် တစ်နေ့လျှင် ကျောက်သင်ပုန်း ၅ ချပ်သာ ပြီး၏။ တစ်ဖြည်းဖြည်းနှင့် တခြားသူများလည်း ယင်းကျောက်မှ ကျောက်သင်ပုန်း ပြုလုပ်ကြကြောင်း သိရှိလာကြသဖြင့် မည်သူမဆို မိမိကြိုက်သည့်နေရာတွင် ကျောက်များကို ခွာယူ၍ စမ်းသပ်ပြုလုပ်ရာမှ ကျောက်သင်ပုန်း ဖြစ်လာသည်။ ၁၉၅ဝ ခုနှစ်မှစ၍ ကျောက်များကို ခွာမရတော့ဘဲ တွင်းစတင်တူးဖော်ရာမှ ကျောက်တွင်းများ ဖြစ်လာခဲ့သည်။ ရှေးနှစ်ပေါင်းများစွာကတည်းက မုဒွန်းရွာသည် မွန်တို့၏ လက်မှုပညာတစ်ရပ်အဖြစ် ကျောက်သင်ပုန်းလုပ်ငန်းသည် ကျော်ကြားခဲ့သည်။

ထုတ်လုပ်ပုံ[ပြင်ဆင်ရန်]

ကျောက်သင်ပုန်းကျောက်များကို မုဆိုးမတောင်အနီးတစ်ဝိုက် တောင်များမှ တူးယူရရှိသည်။ မနက်လင်းသည်နှင့် ကျောက်တူးသမားများသည် တောင်ပေါ်ကိုတက်ပြီး၊ တောင်ပေါ်ကနေ တစ်ဆင့် ကျောက်တွင်းထဲကို တစ်ခါပြန်ဆင်းရသည်။ ကျောက်သင်ပုန်းကျောက်များသည် အရင်က အပေါ်ယံကနေ ခွာယူ၍ရသော်လည်း အခုဆိုလျှင် တွင်းအနက်ကြီးတူးပြီး ယူရသည်။ တွင်းများကို တည့်တည့်တူးလို့မရပေ၊ စောင်းစောင်းလေး တူးသွားရသည်။

(အောက်ကိုဆင်းလျှင် လေမဝင်၍ ဖယောင်းတိုင်ထွန်းလို့မရပါ၊ မီးချောင်းများထွန်းပြီး ဆင်းရသည်။) လေမဝင် (အောက်ဆီဂျင် မရ) ပါက သင်ပုန်းကျောက် တူးသူများ အသက်ဆုံးရှုံးကြပါလိမ့်မည်။ လှေးခါးအဆင်းတွင်သာ မီးချောင်များ ထွန်းပြီး၊ တူးသည့်နေရာတွင် ဖယောင်းတိုင်ကိုသာ ထွန်းပါသည်။ (အောက်ဆီဂျင် ရ၊ မရ သိရှိရန်အတွက် ဖြစ်သည်။)

တစ်ချို့တူးနေသော တွင်းများသည် ပေ ၂၀ဝ အထိ နက်သည့်အတွက် အောက်ခြေမှာ ရေများ စိမ့်ဝင်သည်။ ထိုရေများကို မော်တာများနှင့် စုပ်တင်ရသည်။ ရေကုန်လျှင် အပေါ်ယံမှာ တင်နေသော နုန်းများကို ခြစ်ထုတ်ရသည်။ ခြစ်ထုတ်ပြီး ကျောက်များကို စတူးရသည်။ ကျောက်များကို အတုံးလိုက်အလွှာလိုက် တူးပြီးလျှင် တွင်းအပေါ်သို့ တင်ရသည်။ တွင်းထိပ်ကိုရောက်လျှင် ကျောက်များကို ခွဲရသည်။ အလွှာလိုက်အချပ်လိုက် ခွဲပြီးလျှင် ပုံစံသွင်းသည်။ အရွယ်အစားအလိုက် ၈လက္မ၊ ၆လက္မ၊ ၇လက္မ စသဖြင့် အကြမ်းဖြတ်၍ ရွာသို့ သယ်သွားကြသည်။ ရွာရောက်လျှင် ကျောက်အကြမ်းများကို လာဝယ်ကြသည်။ ဝယ်ပြီးကျောက်ကို ရွေဘော်ထိုးရသည်။ ရွေဘော်ထိုးပြီး ကတ်ကြေးနှင့် လေးဘက်လေးတန်ညီအောင် ညှိပေးရသည်။ ပြီးလျှင် စက်နဲ့တစ်ခါ ပြန်ချောပေးရသည်။ ထို့နောက် ရေနှင့် ဆေး၊ နေပူလှန်း၊ ဆေးသုတ်၊ အခြောက်ခံရသည်။ ပြီးလျှင် ဘောင်သွင်းရသည်။ ဘောင်သွင်းပြီး ကော်ပတ်နဲ့ အချောပြန်ကိုင်ရသည်။ အချောကိုင်ပြီးလျှင် လေးဘက်လေးတန် သံရိုက်ပေးရသည်။ (ဝါး သို့မဟုတ် သစ်မာသားဖြင့် သစ်ပွသားဘေင်၏အဆက်ထောင့်များတွင် စို့ရိုက်ထိန်းချုပ်ပေးရခြင်းဖြစ်နိုင်ပါသည်၊ သူ့ဆိုက်နဲ့သူ စည်းပြီးတော့ မော်လမြိုင်ကို တင်ပို့ကာ နယ်အသီးသီးသို့ ဖြန့်ကြသည်။

ကျောက်သင်ပုန်း ပြုလုပ်ပုံ အဆင့်ဆင့်[ပြင်ဆင်ရန်]

ကျောက်သင်ပုန်း ပြုလုပ်ပုံအဆင့်ဆင့်မှာ -

(၁) ကျောက်တွင်းမှ တူး၍ရသောကျောက်တုံးများကို လုပ်သားများက တွင်းဝရှိ တဲငယ်အောက်သို့ ပို့ဆောင်ပေးရသည်။

(၂) ၎င်းကျောက်တုံးများကို ကျွမ်းကျင်သူ လုပ်သားပိုင်ရှင်တစ်ဦးက ကျောက်သွားခွဲရန် ဓါးဖြင့် ခွဲထုတ်ရသည်။

(၃) ခွဲထုတ်ပြီး ကျောက်ပြားများကို လုပ်သားတစ်ဦးက ကျောက်ညှပ်ကတ်ကြေးဖြင့် အရွယ်အစားအလိုက် ညှပ်ပေးရသည်။

(၄) ကိုက်ညှပ်ရာ၌ ကျောက်သင်ပုန်းအငယ်ဆုံး အရွယ်အစားအထိ၊ ရွေးချယ်ညှပ်ပြီး ကျန်ကျောက်ပြားအားလုံးမှာ ကျောက်တံကျောက်ဖြစ်သွားသည်။

(၅) အရွယ်အစားအလိုက် ညှပ်ပြီးသော ကျောက်သင်ပုန်းကို မည်သူမဆို ဝယ်လိုသူအိမ်အရောက် ကျောက်ချပ် ၁၅ဝ ပါတစ်ထမ်းကို ၂ကျပ် ၅ဝပြားနှုန်းဖြင့် ပို့ပေးရသည်။

(၆) ကျောက်ပြားများကို လက်သမားကိုင် ရွေဘော်ဖြင့် ညီအောင်ပါးအောင် ဘောင်နှစ်ဖက်လုံးကို ထိုးပေးရသည်။ ထိုးခမှာ ကျောက်ပြား ၁၀ဝ လျှင် ၁ဝ ကျပ်နှုန်း ဖြစ်ပါသည်။ အမျိုးသမီးများ အထိုးများ၍ တစ်နေ့လျှင် ၂၀ဝ မှ ၃၀ဝ အထိပြီးသည်။

(၇) ထိုးပြီး ကျောက်ပြားကို ကျောက်ညှပ်ကတ်ကြေးဖြင့် စတုဂံပုံကျအောင် ညီညာစွာ ညှပ်ပေးရသည်။ ညှပ်ခမှာ ၁၀ဝ လျှင် ၁ ကျပ်နှုန်း ဖြစ်သည်။

(၈) ညှပ်ပြီးကျောက်များကို စက်လုပ်သားများ လာရောက်ထမ်းယူပြီး စက်တွင် ချောမောအောင် နှစ်ဖက်ပွတ်လုံးဖြင့် ပွတ်ပေးရသည်။` ကျောက်ပွတ်ခမှာ ၁၀ဝ လျှင် ၁၂ ကျပ်နှုန်းဖြစ်သည်။ တစ်နေ့ တစ်ဦးလျှင် ၆၀ဝ အထိပြီးသည်။ စက်ရှင် ၉ ကျပ် ၅ဝ ပြားရ၍ လုပ်သားက ၂ ကျပ် ၅ဝ ပြားရသည်။

(၉) ပွတ်ပြီးကျောက်များကို ကလေးများက ဆေးသုတ်ပေးရသည်။ ဆေးသုတ်ခမှာ ၁၀ဝ လျှင် ၁ ကျပ်နှုန်းဖြစ်သည်။ သို့ရာတွင် ဆေးမသုတ်မီ ရေဆေး၍ လှမ်းပေးရပါသည်။

(၁၀) အလျား ၂ပေ၊ အနံ ၁ ပေရှိ လျှင်ထိုးထားပြီးသား သစ်သားဘောင်များကို ဘောင်ထိုးသစ်စက်မှ ဘောင်တပ်သူများက ယူပြီး ဘောင် ၂၀ဝ လျှင် ကျောက်သင်ပုန်း ၁၀ဝ ရသည်။ ဘောင်တပ်ခမှာ ကျောက်သင်ပုန်း ၁၀ဝ လျှင် ၁၅ ကျပ်နှုန်းဖြစ်၍ တစ်နေ့လျှင်ဘောင် ၂၅ဝ ထိ ပြီးနိုင်သည်။

ကျောက်တံ ထုတ်လုပ်ပုံ အဆင့်ဆင့်[ပြင်ဆင်ရန်]

ကျောက်တံကို ကျောက်သင်ပုန်းထုတ်သော ကျောက်မှထုတ်ယူရ၏။ သို့သော် ကျောက်တံထုတ်သော ကျောက်ပြားသည် သက်တန်းနု၍ ကျောက်သားပွ ရသည်။ သို့မှသာ ကျောက်သင်ပုန်းပေါ်တွင် ရေး၍ ကောင်းသည်။ တောင်ပေါ်က ကျောက်ပြားဆိုက် အသေးများကို သယ်၍ မညီလျှင် ရွေဘော်ထိုးပေးရသည်။ ရွေဘော်ထိုးပြီး ရေတစ်ညစိမ်ရသည်။ ပြီးလျှင် ထိပ်နှစ်ဖက်ကို ကော်ပတ်နဲ့ ပြန်ချွန်ပေးရသည်။ အရင်က စက်နဲ့ချွန်၍ အခုမှာ ကော်ပတ်နှင့် အဆင်ပြေ၍ ကော်ပတ်နှင့် ချွန်ကြသည်။ ကော်ပတ်စားပြီးလျှင် ၆လက္မ၊ ၈လက္မ အရွယ်ဆိုက်များ ဖြတ်ရသည်။ ဆေးပြီး အခြောက်လှန်းကာ အမဲရောင် ဆေးဆိုးပေးရသည်။ မန္တလေးကို တင်ပို့လျှင် တစ်ဗူးကို အချောင်းနှစ်ဆယ်စီ ထည့်ပြီး၊ မွန်ပြည်နယ်မှာ တင်ရောင်းလျှင် တစ်စည်းကို အချောင်းတစ်ရာစီ စည်း၍ ဖောက်သည်သွင်းရသည်။

ဈေးကွက်[ပြင်ဆင်ရန်]

ဈေးကွက်မှာ ပုံမှန်ဈေးကွက် ဖြစ်သည်။ ကျောက်ပြားများ အထွက်နည်းလာသောကြောင့်၊ သုံးစွဲသူ နည်းသွား သောကြောင့် ထုတ်ကုန်နဲ့ ရောင်းကုန် မျှတနေသည်။ ကျေးရွာမူလတန်းကျောင်းများနှင့် မြန်မာပြည် အထက်ပိုင်းတွင် တွင်တွင်ကျယ်ကျယ် သုံးစွဲနေကြသေးသည်။ အခုအခါ ကျောက်သင်ပုန်း သုံးစွဲသူ နည်းသွားသော်လည်း မွန်တို့၏ လက်မှုပညာတစ်ခုဖြစ်သည့် ကျောက်သင်ပုန်းလုပ်ငန်းသည် တည်ရှိနေဦးမည် ဖြစ်သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ဒေါ်ခင်မြ(ကထိက)၏ မော်လမြိုင် ဆရာအတတ်သင်သိပ္ပံ (၁၉၇၈ ခုနှစ်၊ မတ်လထုတ်)