ဂုံရှမ်းလူမျိုး

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
ဂုံရှမ်းလူမျိုးများ

ဂုံလူမျိုး (Hkun) သည် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ တိုင်းရင်းသား လူမျိုးတစ်မျိုး ဖြစ်သည်။ ဂုံလူမျိုးကို ခုံဟုလည်း ရေးကြ၏။ ထို့ပြင် တိုင်းခင် လူမျိုးများဟုလည်း ခေါ်သည်။ ဂုံလူမျိုးတို့၏ အနွယ်မှာ ယိုးဒယားတရုတ်ဖြစ်သည်။ ထိုယိုးဒယားတရုတ်လူမျိုးများသည် ဗုဒ္ဓမပွင့်မှီ ဘီစီ-၂၁၆ ခန့်တွင် တရုတ်ပြည်တောင်ပိုင်းမှ အလယ်ပိုင်းသို့ လမ်းကြောင်း ၃ ကြောင်း ခွဲ၍ ဆင်းသက်လာကြဆင်းသက်၍ ဂုံရှမ်းလူမျိုးများသည် ရွှေလီမြစ်ကြောင်းအတိုင်း မြန်မာနိုင်ငံသို့ဝင်ရောက်လာခဲ့၏။ ထိုလူမျိုးများတွင် ထိုင်း(တစ်နည်း) ရှမ်းနှင့် ကရင်လူမျိုးဟူ၍ လူမျိုး ၂ စု ကွဲလေသည်။ ထို့ပြင် တဖန်ဒေကို လိုက်၍ ထိုင်း(တနည်း) ရှမ်းတို့ကို သုံးမျိုးခွဲနိုင်သေးသည်။ ယင်းတို့မှာ မြောက်ပိုင်းရှမ်း၊ အလယ်ပိုင်းရှမ်းနှင့် တောင်ပိုင်းရှမ်းတို့ ဖြစ်သည်။ ရှေးမြန်မာမင်းတို့ အခေါ်အရ အနောက်ရှမ်း၊ မြောက်ရှမ်းနှင့် အရှေ့ပိုင်းရှမ်းတို့ ဖြစ်သည်။ ထိုရှမ်း ၃ မျိုးတွင် အလယ်ရှမ်း သို့မဟုတ် အရှေ့ရှမ်းလူမျိုးတွင် ဂုံနှင့် လူးလူမျိုးတို့ ပါဝင်လေသည်။


ကျိုင်းတုံဒေသ နမ့်ခင်ချောင်းဘေးတွင် နေထိုင်ကြသော ရှမ်းများဖြစ်သည်နှင့်အညီ နမ့်ခင်ချောင်းကို အစွဲပြု၍ တိုင်းခင် (ခ) ဂုံရှမ်း ဟုခေါ်ဝေါ်ခဲ့ကြသည်။ ဂုံရှမ်းလူမျိုးများသည် ရှမ်းကိုးပြည်ဝင် ကျိုင်းတုံမြို့တွင် နေထိုင်လျက် ရှိသည်။ အနောက်ဘက်ကမ်းတွင် လူးလူမျိုးတို့ အနေများလေသည်။ ရှေးအခါက ဂုံလူမျိုး တို့နေထိုင်ရာ ကျိုင်းတုံမြို့နယ်ကို စန္ဒာရကွမ်း ၊ ခေမရဋ် ၊ တုံဂပူရိ စသည်ဖြင့် အမျိုးမျိုး ခေါ်ဝေါ်ကြပြီး ခေမာဝရတိုင်း၊ ဂုံပြည်ဟုလည်း ရေးသားလေသည်။ ကဝိလက္ခဏာသတ်ပုံကျမ်းတွင် 'ကျိုင်းတောင်းကျိုင်းတုံ၊ မြို့မိုင်းလုံ၊ မော်တုံရှမ်းတို့ကျေး' ဟူ၍၎င်း 'ကချင်နှင့် ဂုံ၊ ပြူနှင့်မြုံ၊ သထုံသည်ကဝေး'ဟူ၍ ၎င်းကျိုင်းတုံနှင့် ဂုံတို့ကို ဖော်ပြထားသည်။


ကောဇာသက္ကရာဇ် ၆၀၅ အေဒီ-၁၂၄၃ မှစ၍ ကောဇာသက္ကရာဇ် ၁၃၂၄ ခုနှစ် အေဒီ-၁၉၆၂ အထိ အုပ်ချုပ်ခဲ့သော စော်ဘွားဦးရေမှာ စုစုပေါင်း (၄၉)ပါးရှိသည်။ ဂုံရှမ်း စာပေ ယဉ်ကျေးမှုမှာ ရှေးယခင်ကပင် ရှိခဲ့သည်။ ဂုံရှမ်း စာပေများသည် အိန္ဒိယ ပြည်သုံး Brahmi နှင့် Sunskit အက္ခရာတို့မှ တဆင့် ပလ္လဝအက္ခရာအဖြစ်အသုံးပြုပြီး ခမင် (ခ) ခမာ လူမျိုးများမှ တဆင့် ထိုင်းနိုင်ငံ လာအို၊ဇင်းမယ်၊ ကျိုင်းတုံတို့မှတဆင့် ဆစ်ဆောင်ပန်နား အထိ အသုံးပြုခဲ့ကြသည်။ ဂုံလူမျိုးတို့၏ ဘာသာစကားမှာ တောင်ပိုင်း ထိုင်းဘာသာ စကားတွင် ပါဝင်သည်ဟု ဆို၏။ မြန်မာ့စွယ်စုံကျမ်းတွင်မူ သူတို့၏ စာပေအရေး အသားကို မြန်မာတို့ထံမှ တစ်ဆင့်ရသည်ဟု သိရသည်။ ရှမ်း (တစ်နည်း) ထိုင်းစာပေအက္ခရာ အရေးအသား ၆ မျိုးရှိ၏။ ယင်းတို့တွင် လူးနှင့် ဂုံ(ခုံ)တို့၏ စာပေအရေးအသားကို ခွဲခြား ထားလေသည်။ ထို့ကြောင့် စာပေအရေးအသားတွင် လူးနှင့် ဂုံကို မတူဟု ဆိုနိုင်သော်လည်း မျိုးရိုးနှင့် ဓလေ့ထုံးစံများမှာ များစွာခြားနားခြင်း မရှိလှဟု သိရသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း ဝ နယ် ဟိုပန် ၊ ကွန်လုံ ၊ သိန္ဒီ နှင့် နမ့်ဆန် တို့တွင် လည်း ထိုစာပေ သုံးစွဲမှုကို တွေ့ရသည်။

၁၉၂၁ ခုနှစ် သန်းခေါင်စာရင်းအရ လူးနှင့် ဂုံလူမျိုး စုစု ပေါင်း ၁၆၂၂၇ ရှိသည်။ ၁၉၃၁ ခုနှစ် သန်းခေါင်စာရင်း၌မူ ၂၂၅၈၉၄ ရှိသည်ဟု ဆိုသည်။

ဂုံလူမျိုးများသည် ဗုဒ္ဓဝါဒီများ ဖြစ်ကြ၏။ သူတို့၏ဝတ်စား ပုံမှာ ရှမ်းလူမျိုးများ၏ အဆင်တန်ဆာများဖြစ်သော အမည်း ရောင်အင်္ကျီ၊ ဘောင်းဘီနှင့် ခေါင်းပေါင်းကြီးများကို ယောင်္ကျား များက ဝတ်ဆင်ကြ၏။ မိန်းမများကမူ လက်ကောက်ဝတ် ကျပ်သော အင်္ကျီလက်ရှည်ကိုဝတ်၍ ခေါင်းပေါင်းပွကြီးများကို ပေါင်းတတ်သည်။ ဂုံလူမျိုးတို့၏ နေအိမ်မှာ အထူးသဖြင့် အုတ်ကြွပ်မိုးနှင့် အုတ်အင်္ဂတေအကာအရံဖြင့် ဆောက်လုပ် သောအိမ်များ ဖြစ်သည်။ [၁]

ဂုံရှမ်းတို့ ၏ ရိုးရာ ထုံးစံ ထူးခြားချက်မှာ နှစ်သစ်ကူးပွဲတော် ဖြစ်သည်။ သမိုင်းအကျဉ်းချုပ်မှာ ဖရား ကျောက်မထု ကျိုင်းတုံမြို့ကိုအုပ်ချုပ်စဉ် သက္ကရာဇ် ရ၇၂ ခုနှစ်တွင် ဟွေပွန် ဟူသောနေရာ မီးလောင်ကျွမ်းခဲ့ရာမှ မမျှော်လင့်ဘဲ တစ်နယ်လုံး မိုးခေါင်ရေရှား ဖြစ်သဖြင့် ငတ်မွတ်ခေါင်းပါးသည့်ကပ်ဆိုးကြီးနှင့် ရင်ဆိုင်ခဲ့ရသည်။ ထိုအခါ ဖရားကျောက်မထုက ပုဏ္ဏားများအား တွက်ချက်စေသောအခါ ဥတ္တမ အမည်ရှိ ပုဏ္ဏားက ကျိုင်းတုံမြို့၏ နေ့နံသည် တနင်္လာနံ ဖြစ်သောကြောင့် ဂုံလူမျိုး အယူရှိသူ တစ်ယောက် ၏ ပါးစပ်တွင် တနင်္လာနံ လခြမ်းကို ငုံစေလျက် သင်္ကြန် အကျနေ့တွင် သဲပုံစေတီနှင့်တကွ ဖားရုပ်ကို ပူဇော်ပသပေးခဲ့ပါသည်။ ထိုနေ့မှပင် မိုးသည်းထန်စွာ ရွာသွန်းသဖြင့် တောင်သူလယ်သမားများထွန်ရက်စိုက်ပျိုး နိုင်ခဲ့ပါသည်။ ထို့ကြောင့် သင်္ကြန်ကာလ ရောက်တိုင်း နှစ်စဉ် ကျင်းပလာခဲ့ရာ၁၂၆ဝ ပြည့်နှစ်တွင် ကျိုင်းတုံမြို့ကို အုပ်ချုပ်သော စော်ဘွားကြီး စဝ်ကွန်ကျောက် အင်တလိုင်းက ကျိုင်းစံရပ်ကွက်ရှိ ဖယားဇာ အမျိုးအနွယ်ကို ရိုးရာသင်္ကြန်ပွဲကို ဦးဆောင်ကျင်းပရန် တာဝန်ပေးခဲ့သည်။ သင်္ကြန်နေ့ မွန်းလွဲ ၁ နာရီတွင် မင်္ဂလာစည်တော်ကို ထုတ်ပြီး ကျိုင်းစံ ဘုန်းတော်ကြီးကျောင်း ရင်ပြင်တော်မှ မိုင်းယန်းမြို့နယ် ဟာယန်ကင်းတောင်ပေါ်နေ တိုင်းလွယ်လူမျိုးအဖွဲ့ က မင်္ဂလာစည်တော်ကို ထုတ်တီးကာ အခမ်းအနားဖြင့်ချီတက်ကာ ညလုံးပေါက် တီးပေးသည်။ သင်္ကြန်အကျနေ့ မွန်းလွဲ ၁ နာရီတွင် မင်္ဂလာစည်တော်ကြီး၊ သင်္ကြန်မင်း ရုပ်ထုနှင့် အလံဖြူ၊ အလံနီ ကိုင်ဆောင်သည့် အဖွဲ့ ကို မျိုးနွယ်ဝင် တစ်ဦးက မြင်းစီးပြီး ဦးဆောင်ကာ စီတန်းလှည့်လှည်ပြီး မိုင်းယန်းလမ်းအတိုင်း နမ့်ခင်ချောင်းသို့ ထွက်ခွာပါသည်။

ထိုအခါ ပြည်သူလူထုက တပျော်တပါး လိုက်ပါပို့ဆောင် ပြီး လမ်းခရီးတွင်လည်း ရေပက်ကစားသူများနှင့် စည်ကားလှပါသည်။ နမ့်ခင်ချောင်း လောင့်ကုတ်သို့ ရောက်သောအခါ မင်္ဂလာသုတ် ရွတ်ဆိုပြီး ရွံ့ ဖြင့် ပြုလုပ်သော ဖားရုပ်သင်္ကြန်မင်း ရုပ်ထုတို့ကို ချောင်းထဲသို့ မျှောချလိုက်ပါသည်။ မင်္ဂလာစည်တော်တီး အဖွဲ့သည် လာလမ်းအတိုင်း မြို့ထဲသို့ ဝင်ကာ မြို့လယ်ရှိ ဗောဓိပင်ကြီး၌ ခေတ္တ ရပ်နားပါသည်။ ထိုအချိန်တွင် ဆွမ်တောင်း ဘုန်းတော်ကြီးကျောင်းမှ ရဟန်းတော် ၄ ပါး က အသင့်ပြင်ဆင်ထား သောပရိတ်ရေများဖြင့် ပက်ဖျန်းပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။ သို့ဖြင့် ကျိုင်းတုံမြို့ သင်္ကြန်ပွဲကို ယနေ့ အထိ ကျင်းပဆဲ ဖြစ်ပါသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)