ဇိုတုံးလူမျိုး

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ဇိုတုန်လူမျိုးသည် မြန်မာနိုင်ငံအစိုးရမှ တရားဝင် အသိအမှတ်ပြုထားသည့် တိုင်းရင်းသား (၁၃၅)မျိုးထဲတွင် ပါဝင်လေသည်။ တိုင်းရင်းသားလူမျိုးကြီး (၈)မျိုးအနက်၊ ချင်းတိုင်းရင်းသားထဲမှ လူမျိုးစု တစ်စုဖြစ်သည်။ ဇိုတုန်တို့သည် တောင်ပိုင်းချင်းများဖြစ်သည့်အလျောက် တောင်ပိုင်းချင်းပြည်နယ်၊ မတူပီမြို့အနီး၌ အများအပြား နေထိုင်ကြသည်။ သို့ရာတွင် မြောက်ပိုင်းနှင့် ရခိုင်တောင်တန်းဒေများ၌လည်း ဇိုတုန်တို့ကို အနည်းငယ်တွေ့ရလေသည်။ ဇိုတုန်အမည်ဖြင့် ရွာရှိသဖြင့် ရွာအမည်ကို အစွဲပြု၍ ခေါ်သော အမည်ဖြစ်သည်။

ချင်းပြည်နယ်တွင် ချင်းလူမျိုးစုပေါင်းများစွာနေထိုင်ကြရာ၊ ဇိုတုန်တို့သည် တောင်ပိုင်းချင်းအမျိုးစုတွင် ပါဝင်သည်။ ယင်းလူမျိုးတို့သည် ဟားခါးချင်းများနှင့် အသွင်အပြင်၊ စိတ်နေသဘောထားများ အလွန်တူညီသော်လည်း၊ ဝတ်ဆင်ပုံနှင့် စကားအပြောအဆိုတို့၌ ကွာခြားသည်။

ဇိုတုန်တို့သည် အနီရောင်ပေါ်တွင် အစိမ်းအဝါများဖေါက်၍ ရက်လုပ်ထားသောအင်္ကျီလက်ပြတ်များကို ဝတ်ဆင်ကြသည်။ အင်္ကျီများတွင် လှိုင်း ချိတ်တို့ဖြင့် အနားကွပ်ထားလေ့ရှိသည်။ ယောက်ျားများသည် ခြေမျက်စိအထိ ရှည်သော လုံချည်ကို ဝတ်ဆင်လေ့ရှိကြသည်။

ဇိုတုန်တို့၏ ဝတ်စားဆင်ယင်မှု၌ ထူးခြားချက်တစ်ရပ်မှာ ယောက်ျား မိန်းမမရွေး စောင်ခြုံသော အလေ့အထပင်ဖြစ်သည်။ ၁၉၅၃ ခုနှစ် သန်းကောင်စာရင်းအရ ဇိုတုန်လူမျိုး ၆၅ဝဝ ကျော်ရှိသည်ဟု တွေ့ရသည်။ ဇိုတုန်တို့သည်ခရစ်ယာန်ဘာသာကိုကိုးကွယ်ယုံကြည်ကြသည်။ အခြားချင်းလူမျိုးများနည်းတူ၊ အသုဘများ၌၎င်း၊ မင်္ဂလာဆောင်များ၌၎င်း ကျွဲနွားများကို သတ်ဖြတ်၍ ကျွေးမွေးဧည့်ခံလေ့ရှိသည်။ သေသူကို မြေမြှုပ်သင်္ဂြိုဟ်လေ့ရှိသည်။ ပိုက်ဆံတတ်နိုင်သူများကမူ၊ ဂူများပင်ပြုလုပ်ကြသည်။ ဇိုတုန် အမျိုးသမီးများသည် ပါးရဲ ထိုးလေ့မရှိချေ။[၁]

ယဉ်ကျေးမှု[ပြင်ဆင်ရန်]

ဇိုတုန်ဝတ်စုံ သမိုင်း[ပြင်ဆင်ရန်]

အေဒီ ၁၈ ရာစုခန့်တွင် ယခုမတူပီမြို့နယ် လုံငိုးရွာမှ ခြောက်မိုင်ခန့်ဝေးသော ဇိုတုန်(Zotung)ဆယ်ပီးရွာတွင် ရုပ်ရည်သန့်ပြန့်ချောမောသော မောင်ထိုခဲတစ်ယောက်နေထိုင်ခဲ့ပါသည်။ထိုခေတ်အခါက ရေသူမတို့သည် မီးဖွားချိန်များ၌ ချောင်းများကိုပိတ်၍ ရေအိုင်များဖန်တီးသည်ဟုအယူရှိသည်။ထိုသို့ရေအိုင်ဖြစ်နေသော ချောင်းဖျားမြစ်ဖျားမှ သစ်ဆေးအဆိပ်ခတ်ကာ ငါးဖမ်းပါက ရေသူမဖွားသော ကလေးများသေတတ်သည်။ထိုအခါ၌ ငါးဖမ်းသောရွာနှင့်သစ်ဆေးအဆိပ်ခတ်သူတို့၏အိမ်များကို ရေသူမမှ ကျိန်စာတိုက်၍ သေဆုံး(သို့)ရွာပျက်ကြရသည်ဟု အယူအဆရှိကြသည်။ ဆယ်ပီးရွာမှာလည်း သုံးကြိမ်တိုင်ပြောင်းရွှေ့ခဲ့သည်မှာ ရေသူမနှင့်ပတ်သက်ဆက်နွယ်သည်ဟု ဇိုတုန်မျိုးနွယ်စုများက မှတ်သားခဲ့ကြပါသည်။ရုပ်ရည်ချောမောပြီး ရဲစွမ်းသတ္တိရှိသောမောင်ထိုခဲသည် လက်ဆာ(မြစ်သာ)မြစ်ပိတ်၍ ရေအိုင်ဖြစ်ရာသို့ ကွန်ပစ်ရန် သွားရောက်ခဲ့ရာ အိမ် ပြန်ချိန်ရောက်သော်လည်း ပြန်မလာသဖြင့် ရွာသားများက ထိုညတစ်ညလုံးနှင့် ရက်သတ္တပတ်လုံး လိုက်ရှာသော်လည်း မတွေ့သဖြင့် သေဆုံးသည်ဟု ယူဆကာ ဇိုတုန်(Zotung) ဓလေ့ထုံးစံအရ အသုဘအခမ်းအနားပြုလုပ်ပေးခဲ့သည်။ မောင်ထိုခဲပျောက်ဆုံးပြီး သုံးနှစ်အကြာတွင် ရွာသို့ပြန်လာရာ တစ်ရွာလုံး အံ့သြခဲ့ရသည်။ အမျိုးများနှင့် ရွာသားများက သုံးနှစ်အတွင်း ဘယ်သွားသည်ကို အလွန်သိချင်၍ မေးမြန်းကြရာ မောင်ထိုခဲမှ ဤအကြောင်းကိုပြောပါက မိမိသေဆုံးမည်။ ထိုကြောင့် မိမိအသုဘအတွက်ပြင်ဆင်ပေးကြပါ။ ကျွန်တော်အကြောင်းစုံပြောပါမည်ဟု ပြော၍ ဤကဲ့သို့ပြောပြပါသည်။ မောင်ထိုခဲတစ်ယောက်ကွန်ပစ်သွားရာ ဇိုတုန်(Zotung) အခေါ် လက်ဆာ(မြစ်သာ)မြစ်၌ အလွန်တရာမှ ချောမောလှပသော ရေသူမနှင့်ချစ်ကြိုးသွယ်၍ အကြင်လင်မယားဖြစ်ခဲ့သည်။ ထိုသို့ပေါင်းသင်း၍ကြာလာသောအခါ ရွာကိုလွမ်းသည်ပြန်ချင်သည်ဟု မိမိ၏မိန်းမကိုပြောရာ မိန်းမကလည်း ပြန်ပါ၊ မိမိတို့ဇာတ်ကြောင်းကိုတော့ မပြောနှင့်။ အကယ်၍ ပြောမိပါက သေရမည်ဖြစ်ကြောင်း အကျိုးအကြောင်းကို ပြောပြခဲ့ပါသည်။ မောင်ထိုခဲပြောသည့်အတိုင်းပင် ဖြစ်ကြောင်းကုန်စင် ပြောပြပြီး၌ မောင်ထိုခဲတစ်ယောက်သေဆုံးခဲ့သည်။ မောင်ထိုခဲ သေဆုံးသည့်ပထမညတွင် အသုဘအိမ်၌ ရှိသူအားလုံး ဒေါ်ကွာဆယ်မှလွှဲ၍ အသုဘအိမ်၌ ရှိသူအားလုံး မေ့ဆေးမိသကဲ့သို့ အိပ်ပျော်ကြကုန်၏။ညသန်းခေါင်ယံအချိန်ခန့်တွင် အင်မတန်ချောမောလှပသောမိန်းမပျိုလေးတစ်ယောက်သည် အိမ်နောက်ဖေးမှ ၀င်လာ၍ မောင်ထိုခဲ၏အလောင်းပတ်လည်တွင် ဆန်းပြားလှပသော အထည်မျိုးစုံဖြင့်ကာ၍ နာကျင်ဆွေးမြေ့စွာ ငိုချင်းသီ၍ တရှုံ့ရှုံ့ငိုကြွေး နေလေ၏။ မိန်းမပျိုလေး၏ငိုချင်းမှာ Honangla'honangla'kaci khaw, hoikhyh kaci miarih kingkae,ahoi ka ci vapi sue. Tuissi nga pae pui sala ka nge, tho khe lo ngaw zaw . Boile la myn se sala ka nge tho khe lo ngaw zaw. lorang saphin ly sala ka nge tho khe, lo ngaw zaw. Ccung inn kuit pong phou, keiccu cciraw lang phae, khung hang vae ဟူ၏။ အဓိပ္ပာယ်မှာ မပြောနဲ့နော်၊ မပြောနဲ့နော် ကိုထိုခဲအတွက် မကောင်းဘူး မှာထားရဲ့သားနဲ့ပြောမှားမိရှာ ရွှေငါးများစွာရှိပေမဲ့ မောင်ကြီးထိုခဲအား တုနိုင်ပါ့မလား အနီရောင်မျိုးစုံကျေးငှက်တွေ ရှိနေပေမယ့်မောင်ကြီးထိုခဲအားတုနိုင်ပါ့မလား တောတောင်သတ္တဝါမျိုးစုံရှိပေမယ့်မောင်ကြီးကိုတော့တုနိုင်မလား ကတိသစ္စာမစောင့်နိုင်၍တမလွန်သို့ရောက်ရရှာ ဟူ၏။ ထိုသို့ငိုကြွေး၍ လင်းကြက်တွန်ချိန်တွင် အထည်များကို အမြန်သိမ်းဆည်း၍ မိန်းမချောလေးသည် ပျောက်သွားခဲ့သည်။ဒေါ်ကွာဆယ်သည်လှပဆန်းပြားသောအထည်များ အင်မတန်ချောမောလှပသော မိန်းမချောလေးနှင့်သူမ၏ငိုချင်းတို့ကိုအခြားသူများကို မြင်စေချင်၊ ကြားစေချင်၍နိုးသော်လည်း လူအများသည် မိုးလင်းမှသာအိပ်ရာမှ နိုးလာကြ၏။ဒေါ်ကွာဆယ်ပြောကြားသည်ကိုတချို့ကယုံသော်လည်း တချို့ကမူ မယုံချေ။ယုံသောတချို့က မအိပ်ဘဲစောင့်မည်ဟုဆိုသော်ငြားလည်း နောက်ဆုံးညအထိဒေါ်ကွာ ဆယ်မှလွှဲ၍ အိပ်ပျော်ကြပြန်သည်။မိန်းမချော လေးမှာလည်း လာမြဲအတိုင်းလာ၍ ပြုမြဲအတိုင်းပြုပြန်၏။နောက်ဆုံးညတွင် မနက်မိုးလင်းသော် မိန်းမချောလေးမှတစ်တောင်ခန့်ရှည်၍ တစ်ထွာခန့်ကျယ်သော အိတ်လေးတစ်လုံး ကျန်ခဲ့သည်။ထိုအိတ်သည်အ ပွင့်မျိုးစုံဖြင့်ယက်လုပ်ထားပြီး ဆန်းပြားလှပလွန်းလှ၍ ပိန်သီယာနှုန်းဟူ၍ နာမည်ပေးကြ၏။ မောင်ထိုခဲနှင့်ပတ်သက်သည့် သတင်းသည် ဇိုတုန်(Zotung)နယ်တစ်လျောက်ပြန့်နံ့ခဲ့သည်။ ပိန်သီယာနှုန်းကို လုံငိုးရွာသူ ဒေါ်ရီယာသင်အား ပြ၍ပုံတူယက်လုပ်စေခဲ့ကြသည်။ ဒေါ်ကွာဆယ်ကိုလည်းလုံငိုးစော်ဘွားကြီးမှခေါ်၍ မောင်ထိုခဲအလောင်းဘေးတွင် မိန်းမချောလေးမှ ကာထားခဲ့သောအထည် အဆင်မျိုးစုံမှတ်မိသည့်အတိုင်းပြောပြခိုင်း၍ ဒေါ်ကွာဆယ်၏ သမီးဖြစ်သူ ဒေါ်ရီယာသင်ကိုယက်လုပ်ခိုင်းခဲ့သည်။ ထိုမှ ပိန်တီယာနှုန်းအပွင့်အချိတ်မျိုးစုံဖြင့် သွယ်လျာ၊သောင်နက်ထမီ၊ အနီအနက် ခေါင်းပေါင်း၊ခါးစည်း၊လွယ်အိတ် ဟူ၍ ချင်း၀တ်စုံ အမျိုးမျိုးကို ဒေါ်ရီယာသင်မှ modernize လုပ်ခြင်းဖြင့် ချင်း၀တ်စုံအမျိုးမျိုးပေါ်ပေါက်လာရပါသည်။ ဤသည်မှာ ဇိုတုန်မျိုးနွယ်စုတို့ မှတ်သားထားသည့် သောင်နက်(Cong nak puan)ခေါ်ချင်း၀တ်စုံ၏သမိုင်းဖြစ်ပေ၏။(ချင်းအနွယ်များဖြစ်သည့် ဇိုတုန်နယ်၊ ဖလမ်းမြို့နယ်ဟားခါးမြို့နယ်ထန်တလန်မြို့နယ်ရှိ ချင်းလူမျိုးများက ရိုးရာ၀တ်စုံအဖြစ် အသုံးပြုပါသည်)။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. မောင်ပုဆိုးကြမ်း ရေး တိုင်းရင်းသားလူမျိုးများ အဘိဓာန်
  2. အင်မိုင်းနီဇာမုန်းရေးသားထားသော ဇိုတုန်(Zotung)လူမျိုးနွယ်စု၏ သမိုင်းအကျဉ်းနှင့် ဓလေ့ထုံးတမ်းအစဉ်အလာစာအုပ်မှကောက်နုတ်ထားသည်