ဒိုင်လူမျိုး

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
ဒိုင်လှပျိုဖြူများ

ဒိုင်လူမျိုးနွယ်စုများသည် မြန်မာပြည်၏ အနောက်ပိုင်း၊ ချင်းပြည်နယ်၏ တောင်ပိုင်းမြို့နယ်များဖြစ်သည့် ကန်ပက်လက်၊ မင်းတပ်၊ မတူပီနှင့် ပလက်ဝ ဒေသများတွင်မှီတင်း နေထိုင်ကြသော ချင်းလူမျိုးနွယ်စု (၅၃) စု၊ မြန်မာနိုင်ငံ၏ ၁၅၃ မျိုးသော တိုင်းရင်းသားလူမျိုးများတွင် တစ်မျိုးအပါအဝင်ဖြစ်သည်။ ဒိုင်လူမျိုးတို့သည် ကိုယ်ပိုင် ရိုးရာယဉ်ကျေးမှု ထုံးတမ်းစဉ်လာများကို ယနေ့ထက်တိုင် ကျင့်သုံးကြသည်။ ယနေ့မြန်မာပြည်၊ ဒိုင်ဒေသတွင် လူဦးရေ ၆၀၀၀ဝ ကျော်ခန့် နေထိုင်လျက်ရှိပြီး မြန်မာပြည်တစ်ဝှမ်းနှင့် ပြည်ပရောက် ဒိုင်လူမျိုးများ စုစုပေါင်း လူဦးရေ ၉၀၀၀ဝ ခန့်ရှိသည်။ မြန်မာနိုင်ငံတွင် ရှေးကျသော လူမျိုးတစ်မျိုးအဖြစ် ယနေ့တိုင် နေထိုင်လျက်ရှိကြသည်။ ဒိုင်လူမျိုးများ ၏ နှာခေါင်းမှုတ်ပလွေမှာ တောင်ပိုင်းချင်းလူမျိုးများ အကြားထင်ရှား ကျော်ကြားသည်။ အခြားတောင်ပိုင်းချင်းလူမျိုးများနည်းတူ ဒိုင်လူမျိုးများ၏ အမျိုးသမီးများမှာ ယခင်က ပရဲ ခေါ် ပါးမဲ(မျက်နှာပြင် ထိုးကွင်းမှင်ကြောင်) ထိုးလေ့ရှိခဲ့သည်။ ဒိုင်လူမျိုးနွယ်စု၏ပင်တိုင်ဟင်းဖြစ်သော ပြာဟင်း (ပြာရည်ဖြင့်ချက်လုပ်သောဟင်း) သည် ချင်းလူမျိုးများ တို့၏ တစ်မျိုးတည်းသော ဂုဏ်ယူရမည့် နာမည်ကျော် ဟင်းတစ်မျိုးဖြစ်သည်။ ဒိုင်လူမျိုးများကို ချင်းပြည်နယ်တွင် ဒေသလေးခုအကြား နယ်မြေများပိုင်းခြားကာ ထည့်သွင်း ထားသောကြောင့် ဘာသာစကားပြောဟန်သည်လည်း မျိုးနွယ်စုများအကြား အနည်းငယ်ကွဲပြားသည်။ ယခင်က ဝတ်စားဆင်ယင်ပုံကိုလိုက်၍ “ရင်ဒူး” ချင်း (အမျိုးသမီးများ သည် အင်္ကျီကို ရင်မှစဝတ်ကာ ထမိန်ကို ဒူးအထိသာ ဝတ်ဆင်သောကြောင့်) ဟုနယ်နိမိတ်ချင်းထိစပ်နေသော ယောလူမျိုး(တောင်သားချင်းမျိုးနွယ်စုများ)မှ ခေါ်ဆိုကြ သည်။ ဂျာမန် အက္ခရာစဉ်ကို အခြေခံတည်ထွင်ထားသော ဒိုင်ဘာသာစာ မှာ ယနေ့တွင် ခရစ်ယာန် ဓမ္မကျမ်းစာကို ဘာသာပြန်ဆိုနိုင်ခဲ့သည်။ ထိုပြင် ဒိုင်လူမျိုးများအတွက် ဒိုင် သဒ္ဒါစာအုပ်မှာလည်း ကမ္ဘာသိ ထုတ်ဝေပြီးဖြစ်သည်။ ဒိုင်လူမျိုးများ၏ ကိုယ်ပိုင်ဟန်ပန်မှာ အေးဆေးတည်ကြည် ဖော်ရွှေစွာနေတတ်ပြီး၊ ရဲရင့်ပြတ်သားကာ အမှန်တရားအတွက် အလုပ်လုပ်တတ်သည့် လူမျိုးအဖြစ် ချင်းလူမျိုးနွယ်စုများအကြား ထင်ရှားသည်။ လူမျိုးစု ၏ ၉၉% မှာ ခရစ်ယာန်ဘာသာကို ကိုးကွယ်ယုံကြည်ကြသည်။ ဒိုင်နယ်ဒေသအတွင်းရှိ သဘာဝ သစ်ခွတောများနှင့် သားငှက်တိရိစ္ဆာန်များသည် ခရီးသွားပြည်သူများကို ကြည်နူးမှုအပြည့်အဝ ပေးနိုင်စွမ်းရှိသည်။ ဒေသအတွင်း လေမြို့မြစ်သည် အဓိကမြစ်အဖြစ် စီးဆင်းပြီး၊ မုန်းချောင်း၊ ဆောချောင်းတို့မှာ လည်းထင်ရှားသောချောင်းများဖြစ်သည်။ အခြားရေဝေ စိမ့်၊ စမ်း၊ ချောင်းများလည်း ဒိုင်နယ်တွင် အနှံအပြားရှိသည်။ ဒိုင်လူမျိုးတို့၏ တော်ဝင်ငှက်မှာ ငှက်မင်း (ငှက်တော်မျိုးနွယ်စုဝင်ငှက်တစ်မျိုး) ဖြစ်ပြီး၊ ရွက်လှ သဇင်ပန်း (Ling Leih) သည် ဒိုင်လူမျိုးတို့၏ တော်ဝင် ပန်းဖြစ်သည်။ ဒိုင်လူမျိုးများသည် အခြားချင်းလူမျိုးများနှင့်အတူ မိမိလူမျိုးနှင့်နိုင်ငံကိုချစ်သော လူမျိုးတစ်မျိုးဖြစ်သည်။ ဒိုင်လူမျိုးများကို ယောလူမျိုးများနှင့် အခြားချင်းလူမျိုးများက ဒိုင်၊ ဒိုင်ရ် နှင့် ရင်ဒူး ချင်းအဖြစ် အမျိုးမျိုးခေါ်ဝေါ်ကြသည်။

တည်နေရာနှင့် မြေမျက်နှာသွင်ပြင်[ပြင်ဆင်ရန်]

ဒိုင်ဒေသသည် ချင်းပြည်နယ်၏တောင်ပိုင်း၊ မြန်မာပြည်၏ အနောက်ပိုင်း၊ အရှေ့တောင်အာရှ ပင်မကုန်းမြေအတွင်း တည်ရှိသည်။ မြောက်လတီတွဒ် ၂၀˚ ၃၀' နှင့် ၂၁˚ ၃၀' ကြား အရှေ့လောင်တီတွဒ် ၉၃˚ ၁၀' နှင့် ၉၄˚ ၁၀' အကြားတွင်တည်ရှိသည်။ ဒိုင်ဒေသသည် မင်းတပ်မြို့နယ် အနောက်ပိုင်း၊ ကန်ပက်လက် မြို့နယ်၏ အနောက်မြောက်ပိုင်း၊ ပလက်ဝမြို့နယ်၏ အရှေ့မြောက်ပိုင်း နှင့် မတူပီမြို့နယ်၏ အရှေ့တာင်ပိုင်းတွင်တည်ရှိသည်။ ဒိုင်ဒေသသည် အလျားမိုင် ၁၂ဝ ခန့် ရှည်လျားပြီး အနံ မိုင် ၆ဝ ခန့်ထိရှိသည်။ ဒိုင်ဒေသသည် ပင်လယ်ရေမြင်နှာပြင် အထက် မီတာ ၈၀ဝ မှ ၃၂၀ဝ အတွင်းတည်ရှိပြီး တောင်ကုန်းတောင်တန်း ထူထပ်များပြားသော ဒေသတစ်ခုဖြစ်သည်။ လေမြို့မြစ်သည် ဒိုင်ဒေသအတွင်း မြောက်မှတောင်သို့ မှုန်းသနူးရွာအထိ စီးဝင်ကာ ထိုရွာမှတဆင့် တောင်မှ အနောက်မြောက်ဘက်တို့ ဦးတည်သွား စီးဆင်းသွားပြီး ဒိုင်ဒေသတွင်းတဖန် မြောက်မှတောင်သို့ စီးဆင်းကာ ဘင်္ဂလာပင်လော်အော်အတွင်းသို့ စီးဆင်းသွားသည်။ အခြားထင်ရှားသည့် ချောင်းကြီးဖြစ်သည့် မုန်းချောင်းသည် ဒိုင်ဒေသအတွင်း မြောက်မှ အရှေ့တောင်ပိုင်းထိ စီးဆင်းကာ ဧရာဝတီမြစ်အတွင်းစီးဝင်သွားသည်။ အခြားချောင်း အမြောက်အများနှင့် စိမ့်စမ်းများသည် ဒိုင်နယ်အတွင်း အဓိက ရေဝေကြောကြီးများအဖြစ် တည်ရှိကြသည်။ ဝိတိုရိယတောင်သည် ဒိုင်နယ်အတွင်း အမြင့်ဆုံးတောင်ဖြစ်သည်။ ဝိတိုရိယကို အခြေပြုလျက် တောင်တန်း ကြီးငယ်အသွယ်သွယ်သည် ဒိုင်လူမျိုးတို့၏ ဝိသေသနယ်ပယ်လက္ခဏာအဖြစ် ထင်ရှားစွာ တည်ရှိနေကြသည်။

ဝိတိုရိယတောင်[ပြင်ဆင်ရန်]

ပေ ၁၀၅၀ဝ အမြင့်ရှိ ဝိတိုရိယတောင်သည် အခြားအမွှာတောင်တန်း တစ်ခုနှင့်အတူ ချင်းပြည်နယ်တွင်ရှိ အမြင့်ဆုံးတောင်ဖြစ်သည်။ ဒေသအခေါ်အဝေါ်အရ ခေါ်နူးစုမ် (Kho Nu Msung) ၏ အဓိပ္ပါယ်မှာ ကြီးမားသောတောင်ဟု အဓိပ္ပါယ်ရသည်။ ၁၉၉၄ ခုနှစ်မှစတင်၍ နတ်မတောင်ဟု တိုက်ရိုက်အမည်ပြန်ပြီး သဘာဝထိန်းသိမ်းရေးစခန်းထားရှိကာ ဒေသအတွင်း သားငှက်တိရိစ္ဆာန်များနှင့် သဘာဝသစ်တောများကို ကာကွယ် စောင့်ရှောက်ထားသည်။ ဝိတိုရိယတောင်သည် ချင်းတောင်တန်းများနှင့်ရခိုင်ရိုးမအတွင်းတည်ရှိသည့် အမြင့်မားဆုံးတောင် တစ်ခုဖြစ်သည်။ ခေါ်နူးစုမ် ကာကွယ်တောဧရိယာအတွင်အလွန်များပြားသော သားငှက်တိရစ္ဆာန်များနှင့် သစ်ခွပန်းများသည် အလွန်ထူးခြားကာ လေ့လာစရာကောင်းမွန်သည်။ ဝိတိုရိယတောင် သည် တောင်တက်သမားတိုင်း အလွန်ကူဆုံးတက်နိုင်သော တောင်တစ်ခုဖြစ်၍ အပျော်တမ်းတောင်တက်သမားများအတွက် အထူးကောင်းမွန်သော တောင်တက်ခရီးစဉ် ဖြစ်သည်။

ရာသီဥတု[ပြင်ဆင်ရန်]

ဒိုင်ဒေသအတွင်းမြန်မာပြည်ကဲ့ပင် ဒေသသုံးခုရှိသည်။ ဖေဖော်ဝါရီလနှောင်းပိုင်းမှ မေလကုန်ထိ နွေဥတု၊ ဇွန်လဆန်းမှ အောက်တိုဘာလကုန်ထိ မိုးဥတုနှင့် နိုဝင်ဘာလဆန်းမှ ဇန်နဝါရီလကုန်ထိ ဖြတ်သန်းရသော ဆောင်းဥတုတို့ဖြစ်သည်။ မိုးဥတုအလယ်ပိုင်း တွင် မိုးများသည်။ အအေးဆုံးအချိန်မှ ဒီဇင်ဘာလနှောင်းပိုင်းနှင့် ဇန်နဝါရီလဆန်းပိုင်းတို့ဖြစ်သည်။ ဧပြီလလည် သည်အခြောက်သွေ့ဆုံး၊ အပူပြင်းဆုံးကာလဖြစ်သည်။ သာမာန်ပျဉ်းမှျအပူချိန်မှာ သုညဒီဂရီ စင်တီဂရိတ်မှ ၂ဝ ဒီဂရီ စင်တီဂရိတ်အထိရှိသည်။ ဒိုင်ဒေသသည် သမိုင်းပိုင်းဇုံအတွင်း ကျရောက်ပြီး ရာသီဥတု အထူး မျှတသည်။

သစ်တောများ[ပြင်ဆင်ရန်]

ဒိုင်ဒေသအတွင်း ပေါက်ရောက်သော သစ်တောများမှာ အပူလျော့ပိုင်း သမပိုင်းသစ်တောများဖြစ်သည်။ ရွက်ဟောင်းလှဲသစ်တောဖြစ်သော ရွက်လှဲသစ်တော[၃] သည် ဒိုင်ဒေသအတွင်း ၄ဝ % ၊ အမြဲစိမ်းတောများ ၃၅ % နှင့် အခြားအပူပိုင်းရွက်ပြတ်တောများပေါက်ရောက်သည်။ ဝိတိုရိတောင်တန်းပါတ်ဝန်းကျင်တွင် ထင်းရှုးတောများနှင့် အအေးပိုင်းသစ်များ ပေါက်ရောက်ရှင်သန်ကြသည်။ ကျွန်း၊ ကညင်၊ အင်၊ သစ်ရာ၊ ပိတောက် ပင်များလည်း ဒေသအတွင်းပေါက်ရောက်သည်။

သဘာဝအရင်းအမြစ်များ[ပြင်ဆင်ရန်]

ဒိုင်ဒေသ ၏ အကြီးမားဆုံး သဘာဝ အရင်းအမြစ်မှာ သန့်စင်သော လေ နှင့် သတ္တုဓါတ်ပါဝင်သော ရေဝေကြောကြီးများ (mineral water)[၄] ဖြစ်သည်။ ထိုပြင်ဒိုင်ဒေသသည် သားငှက်တိရိစ္ဆာန်များနှင့် သစ်ပင်ပန်းမာန်များ ပေါများကြွယ်ဝသော ဌာနေဇာတိဖြစ်သည်။ ဒေသအတွင်း လုံလောက်သော သစ်ဝါးများရှိနိုင်ရုံသာမက အခြားမြို့နယ်များကို တင်ပို့နိုင်သော သစ်တောများရှိသည်။ သစ်တောကြီးများအတွင်း ဆေးဘက်ဝင် အပင်မြောက်များစွာ နှင့်အတူ စားသုံးနိုင်သော သီးနှံအရွက်များလည်းပေါက်ရောက်သည်။ သားငှက်တိရိစ္ဆာန်များမှ ဒေသအတွက်လိုအပ်သော အဟာရဓါတ်များကို ပေးစွမ်းနိုင်ရုံသာမက ဒေသဂုဏ်ကိုပါမြှင့်တင်ပေးသည်။

သဘာဝပေါက်ပင်များ နှင့်စိုက်ပျိုးပင်များ[ပြင်ဆင်ရန်]

  1. ထင်းရှုး
  2. သစ်အယ်
  3. ပိတောက်
  4. အင်
  5. ကညင်
  6. သစ်ရာ
  7. လက်ပံ
  8. လဲပင်
  9. ချယ်ရီ
  10. တောင်ဇလပ်
  11. သရက်
  12. ပိန္နဲ
  13. လိမ္မော်
  14. ရှောက်
  15. သံပရာ
  16. ကျွဲကော
  17. မန်ကျီး
  18. မာလကာ
  19. ကြိမ်
  20. ဝါး

သစ်ခွပန်းပင်များ[ပြင်ဆင်ရန်]

  1. စက္ကူပန်း Dendrobium Crystallinum
  2. ချင်းသစ်ခွနီ Renanthera imschootiana
  3. ဒိုင်လေဒီရှုး Paphiopedilum villosum
  4. တစ်ပင်လုံးရွှေ
  5. အာမဲလက်တံတို
  6. အာမဲလက်တံရှည်
  7. မိုးလုံးပြာ
  8. မိုးလုံးမှိုင်း
  9. ရွက်လှ သဇင်[၁]

ကျောက်ပျဉ်ချီပွဲတော်[ပြင်ဆင်ရန်]

ကျောက်ပျဉ်ချီပွဲတော် (သို့မဟုတ်) လုံးယူပွဲတော်မှာ ဒိုင်ရ်ချင်းလူမျိုးများအကြား အထင်ရှားဆုံးရိုးရာပွဲတော်တစ်မျိုးဖြစ်သည်။ ဒိုင်ရ်လူမျိုးတို့သည် မိမိတို့၏ ဂုဏ်သိက္ခါအတွက်သော်လည်းကောင်း၊ မျိုးနွယ်စု၏ ဂုဏ်ကိုဖော်ဆောင်ရန်အတွက်သော်လည်းကောင်း ကျောက်ပျဉ်ချီပွဲတော်ကို ပြုလုပ်ကျင်းပလေ့ရှိကြသည်။ နွေဦးရာသီဖြစ်သော ဧပြီလတွင် အများအားဖြင့် ကျင်းပကြသည်။ ၎င်းကျောက်ပျဉ်ချီများမှာ အနောက်တိုင်း အင်္ဂလန်နိုင်ငံတွင် တည်ရှိသော stone henge ဟုခေါ်ဆိုသည့် ကျောက်ပျဉ်ချီများကဲ့သို့ဖြစ်သည်။ သို့သော် ဒိုင်ရ်ချင်းလူမျိုးတို့၏ ကျောက်ပျဉ်မှာ အရွယ်အစားအားဖြင့် အနောက်တိုင်းဒေသမှကျောက်ပျဉ်ကြီး များလောက်မရှိပါ။အခြားချိုးချင်းလူမျိုးများသည်လည်း ဒိုင်ရ်လူမျိုးများကဲ့သို့ကျောက်ပျဉ်ချီပွဲများ ပြုလုပ်ကျင်းပကြသည်။

ဒိုင်ရ်လူမျိုးတို့၏ ကျောက်ပျဉ်ချီပွဲတော်ကို အောက်ပါအတိုင်းပြုလုပ်ကျင်းပကြပါသည်။

  1. ဆာယမ်ဖာ ခေါ် အကြိုပြင်ဆင်နေ့
  2. ချိန်းစုံ ခေါ် ရပ်ဝေးဧည့်ရောက်နေ့
  3. လုံးကော့ ခေါ် ကျောက်ပျဉ်ချီသည့်နေ့
  4. လုံးဆောင် ခေါ် ကျောက်ပျဉ်တင်သည့်နေ့
  5. လုံးကာ ခေါ် ကျောက်ပျဉ်ပေါ်တက်သည့်နေ့
  6. ပိုးပြင် ခေါ် ဧည့်ပြန်သွားသည့်နေ့တို့ဖြစ်ပါသည်။

ကျောက်ပျဉ်ချီရာတွင် ကျောက်ပျဉ်များနှင့်အတူ ဆယ်ပေါင်ခေါ် အထိန်းအမှတ် သစ်သားတိုင်များကို မိမိသတ်သည့်နွားနောက်ကောက်ရေ အတိုင်းစိုက်ထူကြပါသည်။ မှတ်သားစရာအချက်မှာ ကျောက်ပျဉ်များအောက်တွင် အရိုးအိုးများကို မြှပ်နှံထားခြင်းနှင့် ကျောက်ပျဉ်များသည် အနားယူအပန်းဖြေထိုင်စရာ ခုံများအဖြစ်အသုံးပြုကြခြင်းတို့ ဖြစ်ပါသည်။ အချုပ်အားဖြင့် ဆိုရသော် ကျောက်ပျဉ်ချီပွဲတော်မှာ မျိုးရိုးဂုဏ်သိက္ခါမြှင့်တင်ခြင်းဖြစ်သလို့ သဒ္ဓါကြည်ဖြူ၍ အလှုပေးအပ်ခြင်း သဘောလည်းဆောင်ပါသည်။ ထိုပွဲနေ့တွင် ကျောက်ပျဉ်ချီသော မိသားစုနှင့်အတူ ဆွေမျိုးညီအကိုမောင်နှများ၊ မိတ်ဆွေသူငယ်ချင်းများနှင့် ရပ်ဝေး၊ ရပ်နီးဧည့်သည်များအားလုံး အတူတကွ ပျော်ရွှင်ရန် ကျင်းပသော ချစ်စရာကောင်းသည့် ရိုးရာဓလေ့တစ်ခု ဖြစ်ပါသည်။

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. [၁],[၂]

၁။ ဒိုင်သက်ဆော - ဒိုင် (သို့) ဒိုင်ရ် ချင်းလူမျိုးများအကြောင်း

၂။ ဒေါမီနစ်သက်ဆော - ဒိုင်နယ်တွင်ပေါက်သော သစ်ပင်များ [၅]

၃။ ဒိုင်ရ်ဆောမနား - ဒိုင်ရ်ချင်းရိုးရာ ကျောက်ပျဉ်ချီပွဲတော်