သရ

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

သရ (အင်္ဂလိပ်: vowel) ဆိုသည်မှာ "အဆုတ်မှတက်လာသော လေသည်ခံတွင်းရှိစကားသံဖြစ် အင်္ဂါအစိတ်အပိုင်းတစ်ခုခု၏ပိတ်ဆို့တားဆီးခြင်း မခံရဘဲဖြောင့်ဖြောင့်ဖြူးဖြူး ထွက်သွားစဉ်ဖြစ်လာသောအသံ" ဟူ၍ မြန်မာစာအဖွဲ့က ဖွင့်ဆိုသည်။[၁] သရများသည် စကားပြောအသံ၏ အဓိက အစိတ်အပိုင်းနှစ်ခုအနက် တစ်ခုဖြစ်၍ အခြားတစ်ခုမှာ ဗျည်းဖြစ်သည်။ အတိုးအကျယ်၊ အသံတိုရှည် စသည့် အရည်အသွေးအရ သရများမှာ ကွဲပြားနိုင်သည်။ များသောအားဖြင့် သရသည် အသံအိုးမှ ဖြစ်၍ ခံတွင်းတွင် အဆီးအတား မတွေ့ဘဲ ထွက်သော အသံကိုဆိုလိုသည်။ သံစဉ်တက်ကျ၊ လေယူလေသိမ်း နှင့် အသံအဖော့အဖိ ကဲ့သို့သော သံစဉ်အပြောင်းလဲများနှင့် လွန်စွာနီးကပ်ဆက်စပ်မှုရှိသည်။

သရ ဟူသောစကားလုံးကို ပါဠိဘာသာစကားမှ တိုက်ရိုက်ယူ၍ မြန်မာစကား၌ သုံးစွဲထားသည်။ အင်္ဂလိပ်စကားလုံး vowel သည် လက်တင်စကားလုံး vocalis (အနက် : အသံနှင့်ဆိုင်သော) ဟူသောပုဒ် မှဆင်းသက်လာသည်။[၂]

မြန်မာဘာသာစကား[ပြင်ဆင်ရန်]

မြန်မာဘာသာတွင် အခြေခံသရ (၁၁) လုံးရှိသည်။ ၎င်းတို့မှာ အ၊ အာ၊ အိ၊ အီ၊ အု၊ အူ၊ အေ၊ အဲ၊ အော၊ အော်၊ အို တို့ဖြစ်သည်။ သရဆိုသည်မှာ မည်သည့်အက္ခရာကိုမျှ မမှီခိုရဘဲ မိမိဘာသာ အသံထွက် ဆိုနိုင်သော အက္ခရာများ ဖြစ်သည်။[၃]

သရရေးနည်း ၂ မျိုး[ပြင်ဆင်ရန်]

စာပေအရေးအသား၏ အခြေခံမှာ သရနှင့်ဗျည်းများဖြစ်ကြသည်။ ထိုသရနှင့် ဗျည်းတို့ အမျိုးမျိုးပေါင်းစပ်ခြင်းဖြင့် ဝေါဟာရများစွာ ရရှိသည်။ ထိုသို့ပေါင်းစပ်ရာတွင် (၁)အရှည်ရေးနည်းနှင့် (၂) အတိုရေးနည်း ဟူ၍ နှစ်မျိုးရှိရာ မြန်မာတို့က အတိုရေးနည်းကိုသာ လက်ခံအသုံးပြုကြသည်။

အရှည်ရေးနည်း[ပြင်ဆင်ရန်]

အရှည်ရေးနည်းမှာ ဗျည်းနှင့် သရကို ရှေ့နောက်စဉ်၍ရေးခြင်းဖြစ်သည်။ အမြင်အားဖြင့် ရှင်းပြီး လုံးချင်းသရ ဗျည်းယှဉ်သရဟူ၍ နှစ်မျိုးတီထွင်ရန် မလိုအပ်ပေ။ ဥပမာ- အင်္ဂလိပ်ဘာသာသည် အရှည်ရေးနည်း ဖြစ်သည်။

Maung Maung goes to school.

အတိုရေးနည်း[ပြင်ဆင်ရန်]

မြန်မာအက္ခရာတို့၏ ဘိုးဘေးများဖြစ်သော ဗြဟ္မီအက္ခရာပွားများသည် အတိုရေးနည်းကို အသုံးပြုကြသည်။ အတိုရေးနည်းတွင် ဗျည်းနှင့် သရတို့ကို တစ်တန်းတည်းစဉ်မရေးဘဲ အထက်အောက် ရှေ့နောက် ကြားညှပ်၍ အမျိုးမျိုးရေးကြသည်။ ထိုသို့ရေးရန် ဗျည်းယှဉ်သင်္ကေတများ တီထွင်ရသည်။ မြန်မာစာရေးနည်းသည် အတိုရေးနည်းဖြစ်သည်။

  1. မြန်မာသရများတွင် ရေးနည်း ၂ မျိုး ရှိပါသည်။

(၁) လုံးချင်းသရရေးနည်းနှင့် (၂) ဗျည်းယှဉ်သရ (သင်္ကေတ) ရေးနည်းတို့ ဖြစ်ပါသည်။

    1. လုံးချင်းသရ

အ၊ အာ၊ ဣ၊ ဤ၊ ဥ၊ ဦ၊ ဧ၊ အဲ၊ ဩ၊ ဪ၊ အို။

    1. ဗျည်းယှဉ်သရ (က ဗျည်းဖြင့် ပေါင်းလျက်)

က၊ ကာ၊ ကိ၊ ကီ၊ ကု၊ ကူ၊ ကေ၊ ကဲ၊ ကော၊ ကော်၊ ကို။


မွန်ဘာသာစကား[ပြင်ဆင်ရန်]

မွန်ဘာသာစကား၌ သရ (၁၂) လုံးရှိ၍ ၎င်းတို့မှာ အ အာ ဣ ဣဳ ဥ ဥု ဨ အဲ ဩ အဴ အံ အး တို့ဖြစ်ကြသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Burmese Orthography, Myanmar Language Commission, 1993.
  2. Vowel။ Online Etymology dictionary။ 12 April 2012 တွင် ပြန်စစ်ပြီး။
  3. မိုးမခ မီဒီယာ စာနယ်ဇင်းအဖွဲ့မွ ထုတ်ဝေသော ကဗျာဆရာ တင်မိုး၏ မြန်မာကဗျာဖွဲ့နည်း၊(၂၀၁၁၊ ဩဂုတ်)