ခန္တီးရှမ်းလူမျိုး

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ခန္တီးသည် ပြည်ထောင်စုမြန်မာနိုင်ငံမြောက်ဖျား ခန္တီးလုံ ခေါ် ပူတာအိုခရိုင်တွင် အများဆုံး နေထိုင်ကြသော ရှမ်းလူမျိုး တစ်မျိုး၏အမည် ဖြစ်သည်။ ပူတာအိုဒေသ၊ခန္တီးဒေသ နှင့် မိုးကောင်းမြို့နယ်ရှိ နမ္မတီးဒေသတို့တွင်နေထိုင်ကြသည်။ ခန္တီးဟူသော ဝေါဟာရမှာ ရှမ်း စကားဖြစ်၍ ရွှေမြေ (ခံ--ရွှေ၊ တီ--မြေ)ဟု အဓိပ္ပာယ်ရသည့် သုဝဏ္ဏဘုမ္မိဟူသော အမည်ဖြင့် မြို့များ ပြည်များ ထင်ရှားခဲ့ဘူး လေသည်။ ခန္တီးလုံနယ်အတွင်း ဖြတ်သန်းစီးဆင်းသော နမ်းကွီ (မလိခ)မြစ်နှင့် ထိုမြစ်လက်တက်များတွင် ရွှေကျင်၍ ရရှိနိုင် သောကြောင့် ထိုဒေသကို ရွှေမြေ (ခန္တီး)ဟု ခေါ်ဝေါ်သည်မှာ ဆီလျော်လှပေသည်။

ပုဂံခေတ် ကျောက်စာများတွင် ခန္တီးကို လူအမည် သို့ မဟုတ် ဒေသအမည်အဖြစ် တွေ့ရပေသည်။ စကု အနီးလောက် တွင် ခန္တီးဒေသ ရှိကြောင်းကိုလည်း သိရသည်။ ခန္တီး ဟူသော ကျောက်စာအရေးအသားသည် ခန္တီး နှင့် အတူတူဟု ဆိုလျှင် ခန္တီး တို့မှာ ပုဂံခေတ်လောက် ကတည်းက မြန်မာနိုင်ငံတွင်းသို့ ရောက်ရှိနေပြီလောဟု တွေးတောယူဆဖွယ်ရာ ရှိပေသည်။ ဘာသန္တရအားဖြင့် ထိုင်တရုတ်အစုခွဲဝင် ရှမ်းမျိုးတစ်မျိုး ဖြစ်သော ခန္တီးရှမ်းတို့သည် မြန်မာနိုင်ငံမြောက်ဘက် အစွန်ဆုံး ခရိုင်ဖြစ်သော ပူတာအိုခရိုင် (ခန္တီးလုံ) ဟူးကောင်းမြေပြန့်၊ ချင်းတွင်းမြစ်ဝှမ်းအထက်ပိုင်းနှင့် အာသံပြည် အရှေ့ဘက်စွန် ဗြဟ္မပုတ္တရမြစ် တောင်ဘက်တွင် ရှိကြသော မစ်ရှမီလူမျိုးနှင့် ဆင်ပိုးလူမျိုးတို့၏ ဒေသအကြားဖြစ်သည့် ဆာဒိယနယ်တွင် အနှံ့အပြား နေထိုင်ကြသည်။

ခန္တီးရှမ်းတို့ အထက်ပါဒေသများသို့ မည့်သည့်အချိန် လောက်က စတင်ရောက်ရှိလာသည်ကို အတိအကျ မပြော နိုင်သေးပေ။ ယင်းတို့၏ ရွှေ့ပြောင်းနေထိုင်မှုမှာ မိုးညှင်း မိုးကောင်းရှိ ရှမ်းအမျိုးသားများနှင့်တကွ အာသံပြည် အာဟုံ ရှမ်းလူမျိုးတို့၏ ရွေ့ပြောင်းနေထိုင်မှုနှင့် ဆက်သွယ်လျက် ရှိသည်ဟု ယူဆသည်။ အာဟုံ ရှမ်းလူမျိုးတို့၏ သမိုင်း များဖြစ်သော ဗူရန်ဂျီတို့၌ အာဟုံရှမ်းတို့သည် အာသံပြည် တွင်းသို့ ခရစ် ၁၂၂၈ ခုနှစ်က ဝင်ရောက်လာသည်ဟု ဆိုသည်။ ပါမေက္ခဂျီ၊ အိပ်၊ လု(စ)က ခိုင်လုံသော တရုတ် သမိုင်းများကို ကိုးကား၍ အာဟုံတို့ ဝင်ရောက်လာသည် ဆိုသော ဗူရန်ဂျီသမိုင်းလာ သက္ကရာဇ်မှာ အနည်းဆုံးနှစ်ပေါင်း ၂ဝဝ ခန့် စောလွန်းသည်ဟု ယူဆလေသည်။

မင်မင်းဆက်တရုတ်သမိုင်းများအရ ရှမ်းကြီးဟု ခေါ်သော ရှမ်းတို့သည် ယူနန်နယ် အနောက်တောင် ဘက်ပိုင်းကို တိုက်ခိုက်သိမ်းပိုက် သောကြောင့် ဝမ်ချီမည်သော စစ်သူကြီး သည် ခရစ်နှစ် ၁၄၄၅ ခုနှစ် ၁၄၅ဝ စပ်ကြားတွင် မော စော်ဘွား စုဂျန်ဖ (သိုငံဘွား)နှင့် သားစုချိဖ (သိုချီဘွား)တို့ကို တိုက်ခိုက်နှိမ်နင်းသဖြင့် မောရှမ်းများသည် ဧရာဝတီမြစ် အနောက်ဘက်သို့ ဆုတ်ခွာရွေ့ပြောင်းခဲ့သည်ဟု တွေ့ရှိရ လေသည်။ ဝမ်ချီ၏ နောက်ဆုံးတိုက်ပွဲတို့တွင် မင်စစ်တပ် များသည် ဧရာဝတီမြစ်ကိုကျော်၍ မိုးညှင်းနယ်အတွင်းသို့ ရောက်ခဲ့၏။ ဤအချိန်လောက်မှစ၍ အနောက်ဘက်ရှမ်းနယ် များဖြစ်သော ခန္တီးလုံနှင့် အာဟုံတို့ ပေါ်ပေါက်လာခဲ့သည်ဟု ယူဆဖွယ်ရာ ရှိလေသည်။

ခန္တီးရှမ်းတို့သည် မလိခမြစ်ဝှမ်းဒေသ ခန္တီးလုံဒေသနှင့် ဟူးကောင်းမြေပြန့်ဒေသတို့တွင် ပျံ့နှံ့နေထိုင်ခဲ့ကြသော်လည်း နောက်ပိုင်းခေတ်များတွင် မြန်မာနိုင်ငံမြောက်ဖျား၊ အာသံပြည် အရှေ့ဖျားဒေသများသို့ ကချင်အမျိုးသားများ ရွေ့ပြောင်းနေထိုင် လာသောအခါ အချို့သော ခန္တီးရှမ်းတို့သည် ပူတာအိုမြေပြန့် ဒေသတွင် စုပေါင်း နေရစ်ခဲ့၏။ အချို့ကား တောင်ဘက် ချင်းတွင်းမြစ်ဖျားဒေသနှင့် အာသံပြည်ဖက်သို့ အသီးသီး ရွေ့ပြောင်းခဲ့ကြဟန် တူသည်။

အာသံပြည်ဘက်တွင် ဖြစ်ပျက်ခဲ့သော ခန္တီးတို့၏နောက်ပိုင်း သမိုင်းကို ထောက်ရှုခြင်းအားဖြင့် ခန္တီးတို့မှာ တိုက်ရေးခိုက်ရေး တွင် စွမ်းလွန်းတမံရှိခြင်း၊ ရဲရင့်ဖျတ်လတ်ခြင်း၊ လှုပ်ရှားထကြွ ခြင်းနှင့် ပြည့်စုံသူများဖြစ်ကြောင်း သိရပေသည်။ စွဂဒေအို ဂေါရိနတ် ဆင်ဂါမင်းလက်ထက် (၁၇၈ဝ- ၁၇၉၅)တွင် ခန္တီးတို့သည် ဆာဒိယနယ်တွင် ဗူရဟရာဇာနှင့် ကေရာဇာမည်သော အကြီးအကဲ ၂ ဦးတို့က အုပ်ချုပ်လျက်ရှိကြောင်း၊ ဗူရဟရာဇာနှင့် နောက်လိုက် ခန္တီးတို့သည် အာသံ အရှေ့မြောက်ပိုင်း ချိုကီဟတ်၌ မိုအာမရိယာလူမျိုးများ ပုန်ကန် ထကြွသည်ကို အခွင့်ကောင်းယူ၍၊ မိမိတို့ဒေသမှ ဆင်းသက် တိုက်ခိုက်ရာတွင် အရေးနိမ့်သဖြင့် ဗူရဟရာဇာပင်လျှင် အာသံ ဘုရင် လက်တွင်းသို့ ကျဆင်းခဲ့ရကြောင်း၊ နောက်လိုက်ခန္တီး တို့မှာ ထိုကိုလိုင်သစ်တောတွင် အခြေစိုက်ရန် နေရာချထားခြင်း ကို ခံရကြောင်း၊ ထို့နောက်သော် ဘူရဂိုဟိန်၏ အဖွဲ့အစည်းနှင့် တွဲဖက်ထားကြောင်း၊ ကမလေစွာ ဆင်ဂါဘုရင်လက်ထက် ၁၈ဝ၆ ခုနှစ်တွင် အာသံအရှေ့မြောက်ပိုင်းဒေသကို တိုက်ခိုက် သိမ်းပိုက်ရာ၌ ခန္တီးတို့ ထကြွတိုက်ခိုက်ပြန်ကြောင်း၊ အာဟုံ ဘုရင်တပ်များသည် အဗောနှင့် မိရိလူမျိုးများကို တိုက်ခိုက် နှိမ်နင်းနိုင်ခဲ့သော်လည်း ခန္တီးတို့၏ ထကြွမှုကို ပရိယာယ်ဖြင့် ငြိမ်းချမ်းစေခဲ့ကြောင်း ဟူသည်တို့ကို တွန်ခွန်ဂီယဗူရန်ဂျီတွင် ဖော်ပြထားပေသည်။

အမှန်အားဖြင့် ၁၇၉၇ ခုနှစ်တွင် ခန္တီးတို့သည် အာဟုံ ဘုရင်ခံ ခိုဝါဂိုဟိန်အား တော်လှန်တိုက်ခိုက်၍ အာဟုရှမ်းတို့၏ အုပ်ချုပ်မှုမှ ကင်းလွတ်ခဲ့လေသည်။ မိမိတို့အထဲမှခေါင်းဆောင် တစ်ဦးကို ရွေးချယ်၍၊ ခိုဝါ ဂိုဟိန်ဟူသော အမည်ဖြင့် ဆက်လက်အုပ်ချုပ်စေပြီးလျှင် ခန္တီးတို့သည် ဆာဒိယနယ်ကို လွှမ်းမိုးလာခဲ့ကြ၏။ မြန်မာနိုင်ငံ၌ အင်္ဂလိပ်တို့၏ ပထမ နယ်ချဲ့စစ် ဖြစ်ပြီးနောက် မြန်မာဘုရင်တို့၏ ဩဇာအာဏာ သည် အာသံမဏိပူရတို့၏ ဆိတ်သုဉ်းခဲ့ရကား ထိုဒေသများသို့ အရှေ့အိန္ဒိယကုမ္ပဏီ၏ အုပ်ချုပ်ရေးကိုယ်စားလှယ်တို့ ရောက်ရှိ လာပေသည်။ သို့ပင်ဖြစ်လင့်ကစား ခန္တီးတို့ပိုင် ဆာဒိယနယ်သို့ ကိုယ်ထိလက်ရောက် ဖက်စွက်ခြင်းမပြုဘဲ ခိုဝါဂိုဟိန်ဆိုသူ ခန္တီး ခေါင်းဆောင် အုပ်ချုပ်မှုကို အသိအမှတ်ပြုရပေသည်။ ခန္တီးတို့ သည် နယ်စပ်ဒေသကို စောင့်ရှောက်ရန် တာဝန်ယူရသည်။ သို့သော် အရှေ့အိန္ဒိယကုမ္ပဏီကိုယ်စားလှယ်တို့က ဗိုလ်မှူးကြီး ဝှိုက်ဆိုသူကို နိုင်ငံရေးအရာရှိအဖြစ် ဆာဒိယနယ်အတွက် ခန့်အပ်ခဲ့သည်။ သို့ဖြစ်လင့်ကစား ခန္တီးတို့မှာ ဗြိတိသျှတို့၏ စွက်ဖက်မှုကို မနှစ်သက်သောကြောင့် ၁၈၃၉ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ထကြွ ပုန်ကန်၍ ဆာဒိယမြို့ကို တိုက်ခိုက်ကြရာ ဗိုလ်မှူးကြီးဝှိုက် ကျဆုံးသည်သာမက ခံမြို့ကိုပင် သိမ်းပိုက်လိုက်ကြသည်။ နယ်အတွင်း၌လည်း အနှံ့အပြား တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့၏။ ဗြိတိသျှတို့လည်း စစ်ကူများ ပို့ကာ အခြေအနေကို ပြန်လည်ထိန်းသိမ်း ပြီးလျှင် ဖမ်းမိသော ခန္တီးတို့အား အာသံပြည်အောက်ပိုင်းသို့ နယ်နှင် ရွေ့ပြောင်းစေ ခဲ့လေသည်။

မြန်မာနိုင်ငံ ခန္တီးလုံဒေသရှိ ခန္တီးရှမ်းတို့မှာ အစဉ်အလာ အရ မြန်မာဘုရင်တို့၏ အုပ်ချုပ်မှုကို ခံယူကြသူများ ဖြစ်ကြ၏။ ကုန်းဘောင်ခေတ်တွင် မြန်မာဘုရင်တို့သည် ခန္တီးရှမ်းတို့ အား မိုးကောင်းစော်ဘွားမှတစ်ဆင့် အုပ်ချုပ်ကြ၏။ သို့ရာတွင် ခန္တီးတို့သည် မိမိတို့စော်ဘွားနှင့် မိမိတို့ လွတ်လပ်စွာနေကြ၍၊ မြန်မာဘုရင်ထံသို့ အခွန်နှင့် လက်ဆောင်ပဏ္ဏာတို့ကိုသာ ဆက်သရလေသည်။ ဘိုးတော်ဘုရားလက်ထက် (ခရစ်-၁၇၈၁- ၁၈၉၁)တွင် ခန္တီးရှမ်းများ အချင်းချင်း မသင့်မတင့်ဖြစ်၍ ဆူပူထကြွကြသောအခါ မိုးကောင်းစော်ဘွားသည် ယင်းတို့၏ ဒေသကို ငြိမ်းချမ်းစေ၍ ခန္တီးစော်ဘွား၏ ဆွေတော်မျိုးတော်တို့ အား မိုးကောင်းသို့ ခေါ်ယူထားခဲ့သည်။ ထိုနောက်သော် ခန္တီးစော်ဘွားက ခန္တီးကို အုပ်ချုပ်ရန် ကိုယ်စားလှယ် စေလွှတ်ပါ မည့်အကြောင်း တောင်းဆိုသောကြောင့် မြန်မာဘုရင်က စော်ဘွားတစ်ဦးကို စေလွှတ်အုပ်ချုပ်စေခဲ့၏။ ပုဂံမင်းလက်ထက် (ခရစ် ၁၈၄၆-၁၈၅၂)တွင် ခန္တီးတို့ အခွန်ပဏ္ဏာဆက်ရန် ပျက် ကွက်သောကြောင့် ပုဂံမင်းသည် စော်ဘွား ၇ ဦး ခေါင်းဆောင် သည့်တပ် ၇ တပ်ကို စေလွှတ်၍ အုပ်ချုပ်မှုကို ပိုမိုခိုင်မြဲစေ ခဲ့သည်။ ထိုစော်ဘွားတို့မှ ဆင်းသက်သူတို့သည် ယခုအချိန် တိုင် နယ် ၇ နယ်အဖြစ် ခန္တီးလုံ၌ ရှိနေသေး၏။

ရှေးအခါက ကြမ်းတမ်းခက်ထန်၍ စစ်မှုတွင် ဝါသနာပါခဲ့ကြသော်လည်း ယခုခေတ် ခန္တီးတို့မှာ နူးညံ့သိမ်မွေ့ ယဉ်ကျေး သူများ ဖြစ်နေကြ၏။ ငြိမ်းချမ်းစွာ နေလိုကြ၏။ အာဟုံရှမ်း တို့နှင့်မတူဘဲ ခန္တီးရှမ်းမှာ ဗုဒ္ဓအယူဝါဒကို လွန်စွာသက်ဝင်ယုံကြည်သူများ ဖြစ်ကြသည်။ ခန္တီးလုံမြေပြန့်တွင် နေကြသူ များ ဖြစ်သည့်အတိုင်း လယ်ယာစိုက်ပျိုး လုပ်ကိုင်၍ အသက် မွေးဝမ်းကျောင်းကြ၏။ အချို့က ဆန်စပါးအပြင် ဘိန်းပင်များ ကိုလည်း စိုက်ပျိုးကြ၏။ [၁]အချို့မှာဆင်ဖမ်းခြင်းဖြင့်အသက်မွေးသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)