မာတိကာသို့ ခုန်သွားရန်

အင်းသားလူမျိုး

ဝီကီပီးဒီးယား မှ
Insar
အင်းသား
အင်းသားကိုယ်စားပြုအလံ
အင်းသားတို့၏ ရိုးရာလှေလှော်နေပုံ
အများစု နေထိုင်သည့် နေရာ
 မြန်မာ၁၀၀,၀၀၀ -၂၀၀,၀၀၀
ဘာသာစကား
ဗမာဘာသာစကား၏ အင်းသားလေသံ
ကိုးကွယ်မှု
ထေရဝါဒ ဗုဒ္ဓဘာသာ
ဆက်စပ် တိုင်းရင်းသား အုပ်စုများ
ဗမာ, ရခိုင်,ထားဝယ်, အခြား ဗမာနွယ်လူမျိုးများ

အင်သားလူမျိုး (အင်္ဂလိပ်: Insar) သည် ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်အင်းလေးဒေသတစ်ဝိုက်၌ အခြေစိုက်နေထိုင်လျက်ရှိသော လူမျိုးကို အင်းသားလူမျိုးဟုခေါ်သည်။ အင်းလေးရေပြင် တွင်လည်းကောင်း၊ အင်းလေးကမ်းစပ် ရေတစ်ဝက် ကုန်းတစ်ဝက်၌လည်းကောင်း ရွာများကို တည်ထောင်နေထိုင်သူများ ဖြစ်ကြသဖြင့် ထိုသို့ခေါ်ဝေါ်ခြင်းဖြစ်ပေသည်။

နောက်ခံသမိုင်းကြောင်းနှင့် ပေါ်ပေါက်လာပုံ

[ပြင်ဆင်ရန်]

အင်းသားလူမျိုးတို့သည် ရှမ်းပြည်နယ်အတွင်း နေထိုင်ကြသော်လည်း ရှမ်းနွယ်ဖွားများ မဟုတ်ကြဘဲ တိဗက်-ဗမာအုပ်စုဝင် ဗမာနွယ် လူမျိုးစုတစ်စု ဖြစ်သည်။[] အင်းသားတို့၏ စကားပြောဆိုပုံ၊ လေယူလေသိမ်းနှင့် ဝေါဟာရများသည် ရှေးဟောင်းဗမာစကားနှင့် ဆင်တူသည့်အပြင် ထားဝယ်လူမျိုးရခိုင်လူမျိုး တို့နှင့်လည်း ဘာသာစကားဆိုင်ရာ နီးစပ်မှုများ ရှိသည်။ အထူးသဖြင့် ထားဝယ်အုပ်စုခွဲ နှင့် ပိုမိုနီးစပ်သည်ဟု သမိုင်းပညာရှင်များက သတ်မှတ်ကြသည်။[]

အင်းသားတို့သည် အင်းလေးဒေသသို့ မည်သို့မည်ပုံ ရောက်ရှိလာသည်နှင့် ပတ်သက်၍ ခိုင်လုံသော သမိုင်းမှတ်တမ်းနှင့် ရိုးရာရာဇဝင်ဟူ၍ အယူအဆ နှစ်ရပ်ရှိသည်။ ရာဇဝင်လာ အယူအဆ (ပုဂံခေတ် ရွှေ့ပြောင်းမှု)တွင် ရာဇဝင်အရ ပုဂံပြည့်ရှင် အလောင်းစည်သူမင်းကြီးသည် ဖောင်စင်္ကြာဖြင့် တိုင်းခန်းလှည့်လည်စဉ် အင်းလေးဒေသသို့ ရောက်ရှိလာခဲ့သည်။ ထိုစဉ်က ဖောင်တော်တွင် လိုက်ပါလာသော ထားဝယ်သား ညီအစ်ကိုနှစ်ဦး (အချို့က ထားဝယ်သား တစ်စုဟု ဆိုသည်) အား ထိုဒေသတွင် အခြေစိုက်နေထိုင်ရန် နေရာချထားပေးခဲ့သည်။[] ထိုထားဝယ်သားတို့သည် နမ့်ပန်၊ ဟဲယာ၊ နောင်တော နှင့် ရွာကြီးဘန့်ပုံး ဟူသော ရွာလေးရွာကို စတင်တည်ထောင်ခဲ့ပြီး "အင်းထဲရှိ ရွာလေးရွာ" ဖြစ်၍ အင်းလေး ဟု အမည်တွင်လာခြင်း ဖြစ်သည်။

သမိုင်းနှင့် မနုဿဗေဒ အယူအဆ တွင် အချို့သော သုတေသီတို့၏ အဆိုအရ တိဗက်-ဗမာအနွယ်ဝင်များသည် မြန်မာနိုင်ငံအတွင်းသို့ စတင်ဝင်ရောက်လာချိန်တွင် ဗမာနွယ်အုပ်စုကြီးမှ ရခိုင်၊ ထားဝယ်နှင့် အင်းသား အုပ်စုများသည် မူလပင်ရင်းမှ အတူတူ လမ်းခွဲထွက်လာခဲ့ကြသူများ ဖြစ်သည်ဟု ဆိုသည်။ ရခိုင်အုပ်စုသည် အနောက်ဘက်သို့လည်းကောင်း၊ ထားဝယ်အုပ်စုသည် တောင်ဘက်သို့လည်းကောင်း၊ အင်းသားအုပ်စုသည် အရှေ့ဘက် ရှမ်းကုန်းပြင်မြင့်ရှိ အင်းလေးဒေသသို့လည်းကောင်း အသီးသီး ရွှေ့ပြောင်းအခြေချခဲ့ကြခြင်း ဖြစ်သဖြင့် ၎င်းတို့အကြား စကားနှင့် ယဉ်ကျေးမှု ဆင်တူနေခြင်းဖြစ်သည်ဟု ယူဆကြသည်။[]

အလောင်းစည်သူမင်းနှင့် ဆက်စပ်သည့် အယူအဆကို အခိုင်အမာ ထောက်ပြနိုင်သော အထောက်အထားများတွင်မင်းကြီး၏ ဖောင်တော်ဦးတွင် တင်ဆောင်ပူဇော်ခဲ့သော ဗုဒ္ဓရုပ်ပွားတော် ငါးဆူမှာ ယနေ့တိုင် အင်းသားတို့၏ အထွတ်အမြတ် ကိုးကွယ်ရာ ဖြစ်နေခြင်း။ညောင်ရွှေအနီးရှိ "ဖောင်တော်ဆိုက်"၊ "ဖောင်တော်ပြန်" နှင့် "ဖောင်တော်ရွာ" စသည့် အမည်များသည် ဖောင်တော်စင်္ကြာ ဆိုက်ကပ်ခဲ့သည်ကို အစွဲပြု၍ ခေါ်ဝေါ်ခဲ့ခြင်း ဖြစ်သည်။သလဲဦးရွာနှင့် အင်းအလယ် ဗိုလ်တဲအကြား ရေအောက်တွင် တွေ့ရှိရသော တိုင်ကြီးများသည် ရှေးမင်းတစ်ပါးပါး စံမြန်းခဲ့သည့် နေရာဖြစ်နိုင်သည်ဟု ယူဆချက်များ ရှိသည်။

အင်းသားလူမျိုးတို့သည် ညောင်ရွှေမြို့မှသည် အင်းလေးကန်၏ အရပ်ရှစ်မျက်နှာ တစ်ဝိုက်တွင် ပျံ့နှံ့နေထိုင်ကြသည့်အပြင်၊ ဘီလူးချောင်းတစ်လျှောက်ရှိ ကယားပြည်နယ်လွိုင်ကော်မြို့ အထိ နေထိုင်ကြသည်။ ၁၉၅၅ ခုနှစ် ရှမ်းပြည်နယ် အစိုးရ၏ အစီရင်ခံစာအရ အင်းသားလူမျိုး ၈၀,၀၀၀ ကျော်ရှိမည်ဟု ခန့်မှန်းခဲ့သော်လည်း ယခုအခါ လူဦးရေ နှစ်သိန်းကျော်ခန့် ရှိမည်ဟု ခန့်မှန်းရသည်။[]

ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံ

[ပြင်ဆင်ရန်]

အင်းသားလူမျိုးအားလုံးနီးပါးသည် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်ကြသူများ ဖြစ်သည်။ အင်းလေးဒေသတစ်ခွင်၌ ကြီးကျယ်ခန့်ညားသော ဘုန်းကြီးကျောင်းများ၊ ရွှေရောင်တဝင်းဝင်းနှင့် စေတီပုထိုးများစွာကို တွေ့ရှိနိုင်ခြင်းမှာ အင်းသားတို့၏ ဘာသာရေးအပေါ် ရိုသေလေးစားမှုကို ပြသနေခြင်းဖြစ်သည်။ အင်းသားတို့၏ ယဉ်ကျေးမှုထုံးတမ်းစဉ်လာတို့သည် ရှမ်းနှင့် ဗမာယဉ်ကျေးမှု နှစ်ရပ်လုံး ရောနှောနေသော်လည်း ဗမာယဉ်ကျေးမှုဘက်သို့ ပိုမိုနီးစပ်နေသည်။[]

အင်းသားလူမျိုးတို့သည် သီးခြားရိုးရာဝတ်စုံဟူ၍ မရှိဘဲ ဒေသခံရှမ်းနှင့် ဗမာတို့၏ ဝတ်စုံများကို လိုက်လျောညီထွေ ဝတ်ဆင်ကြသည်။ အမျိုးသားများသည် များသောအားဖြင့် ရှမ်းဘောင်းဘီနှင့် တိုက်ပုံအင်္ကျီကို ဝတ်ဆင်ကြပြီး ဘောင်းဘီနှင့် တိုက်ပုံများကို အင်းလေးရက်ကန်းထည် (ဖျင်နီထည်) များဖြင့် ချုပ်လုပ်လေ့ရှိသည်။ အသက်ကြီးသူ အဖိုးအိုများသည် ရှမ်းအမျိုးသားကြီးများကဲ့သို့ ရှမ်းဘောင်းဘီအနက်ကြီးများကို ဝတ်ဆင်ကြသည်။အမျိုးသမီးများသည် မြန်မာအမျိုးသမီးများကဲ့သို့ပင် ရင်ဖုံးအင်္ကျီနှင့် လုံချည်တို့ကို ဝတ်ဆင်ကြပြီး ပြင်ဆင်ခြယ်သမှုတွင်လည်း မြန်မာအမျိုးသမီးများအတိုင်း ဝတ်ဆင်ကြသည်။

လူမှုရေးနှင့် ထုံးတမ်းစဉ်လာများ

[ပြင်ဆင်ရန်]

လက်ထပ်ထိမ်းမြားခြင်းတွင် မြန်မာ့ရိုးရာ ထုံးတမ်းစဉ်လာများအတိုင်းပင် ကျင်းပလေ့ရှိသည်။ တစ်ရွာ၌ အလှူအတန်းရှိလျှင် အခြားရွာများက ရွာလုံးကျွတ် မိမိတို့၏ ရိုးရာ "မောင်းဆိုင်းဝိုင်း" (အိုးစည်၊ လင်းကွင်း ပါဝင်သော အဖွဲ့) များဖြင့် သွားရောက်ကူညီ ကခုန်ကြသည့် ချစ်စရာ့ ဓလေ့ရှိသည်။ ဟဲယာရွာမတွင် ထင်ရှားသော "လံစည်" ဟုခေါ်သည့် သဘင်အကတစ်မျိုး ရှိသည်။ ထိုအကသည် အပြောအဆို၊ အပြင်အဆင်တို့တွင် ထီးမူနန်းဟန် ပါဝင်သဖြင့် အလွန်နှစ်သက်ဖွယ် ကောင်းသည်။နာရေးတွင် အင်းသားတို့သည် ရေများရာအရပ်တွင် နေထိုင်ကြသဖြင့် သေဆုံးသူများကို ကျွန်းမျောအောက်၌ မြှုပ်နှံခြင်း သို့မဟုတ် ရေနည်းသော ကုန်းမြေများရှိ သုဿာန်များ၌ မြှုပ်နှံခြင်း စသည့် နည်းလမ်းများကို အသုံးပြုကြသည်။

အင်းသားတို့၏ စာပေမှာ မြန်မာစာပင် ဖြစ်သည်။ စကားပြောဆိုရာတွင်မူ ဗမာစကားကိုပင် အသံနေအသံထား ကွဲပြားစွာ ပြောဆိုကြခြင်း ဖြစ်သည်။[]

ဖောင်တော်ဦးဘုရား ဒေသစာရီ ကြွချီပူဇော်ပွဲ

[ပြင်ဆင်ရန်]

အင်းလေးဖောင်တော်ဦး ဘုရားပွဲတော်ကို နှစ်စဉ် သီတင်းကျွတ်လဆန်း (၁) ရက်နေ့မှ လပြည့်ကျော် (၃) ရက်နေ့အထိ (၁၈) ရက်တိုင်တိုင် ကျင်းပလေ့ရှိသည်။ ဘုရားရုပ်ပွားတော် ၅ ဆူအနက် ၄ ဆူကို ကာရဝိတ်ဖောင်တော်ပေါ်သို့ ပင့်ဆောင်ကာ အင်းလေးကန်အတွင်းရှိ ကျေးရွာပေါင်း (၂၀) ကျော်သို့ ဒေသစာရီ လှည့်လည်အပူဇော်ခံခြင်း ဖြစ်သည်။[]

ရုပ်ပွားတော်မြတ်များကို ပင့်ဆောင်သည့် ကာရဝိတ်ဖောင်တော် ကို ရွှေရောင်တဝင်းဝင်းဖြင့် ခန့်ညားစွာ တည်ဆောက်ထားသည်။ ထိုဖောင်တော်ကို အင်းသားတို့၏ ရိုးရာဓလေ့အတိုင်း ခြေဖြင့် လှေလှော်သော လှေလှော်သားများ က ကြိုးဖြင့် ချိတ်ဆက်ကာ ဆွဲငင်ပူဇော်ကြသည်။ ပွဲတော်ကာလအတွင်း ကျေးရွာအလိုက် အဖွဲ့စုံပါဝင်သည့် ခြေလှော်လှေပြိုင်ပွဲများကို ကြီးကျယ်ခမ်းနားစွာ ကျင်းပလေ့ရှိရာ ခရီးသွားများအကြား အလွန်ထင်ရှားသည်။

ဘုရားပွဲတော်အတွင်း ရုပ်ပွားတော်မြတ်များသည် ကျေးရွာအသီးသီးရှိ ဘုန်းကြီးကျောင်းများနှင့် ယာယီကိန်းဝပ်စံကျောင်းများတွင် တစ်ညချင်းစီ (သို့မဟုတ် အချို့ရွာများတွင် နှစ်ည) ကိန်းဝပ်စံပယ်တော်မူသည်။ သီတင်းကျွတ်လဆန်း (၁) ရက်တွင် ဖောင်တော်ဦး ကျောင်းတော်မူမှ စတင်ထွက်ခွာသည်။ညောင်ရွှေမြို့သို့ ဘုရားကြွချီသောနေ့နှင့် ကျောင်းတော်မူသို့ ပြန်လည်ဝင်ရောက်သောနေ့များမှာ အစည်ကားဆုံး ဖြစ်သည်။

ရုပ်ပွားတော် ၅ ဆူအနက် တစ်ဆူကိုမူ ကျောင်းတော်၌ ကိန်းဝပ်စံပယ်စေကာ ၄ ဆူကိုသာ လှည့်လည်အပူဇော်ခံစေသည်။ (ယခင်က ၅ ဆူလုံး ပင့်ဆောင်ရာတွင် လှေမှောက်၍ တစ်ဆူမှာ ရေထဲသို့ကျသွားပြီး နောက်ပိုင်းတွင် ကျောင်းတော်၌ ပြန်လည်တွေ့ရှိခဲ့ရသောကြောင့် နောင်တွင် တစ်ဆူကို ကျောင်း၌ အမြဲထားခဲ့ရသည်ဟု ဆိုကြသည်။)

ပွဲတော်ကာလအတွင်း အင်းလေးကန်တစ်ဝိုက်ရှိ ကျေးရွာများမှ အင်းသား၊ ရှမ်း၊ ပအိုဝ်း နှင့် အခြားတိုင်းရင်းသားများ စုပေါင်းဆုံစည်းကြသည်။ ပွဲတော်ကျင်းပရာ ရွာများတွင် ငါးရက်တစ်ဈေးများ ပါဝင်သဖြင့် ဒေသထွက်ပစ္စည်းများ၊ လက်မှုပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ ရောင်းဝယ်ဖောက်ကားမှု အလွန်စည်ကားသည်။ အင်းသားတို့အတွက် ဤပွဲတော်သည် မိမိတို့ဒေသ အေးချမ်းသာယာစေရန်နှင့် ကုန်ထုတ်လုပ်မှု (အထူးသဖြင့် စိုက်ပျိုးရေး) ကောင်းမွန်စေရန် ဆုတောင်းပူဇော်သည့် နှစ်ပတ်လည် အခမ်းအနားကြီးလည်း ဖြစ်သည်။

စီးပွားရေးနှင့် လူနေမှုပုံစံ

[ပြင်ဆင်ရန်]

အင်းသားတို့သည် လုံ့လဝီရိယရှိသူများဖြစ်ပြီး ရှမ်းပြည်နယ်အတွင်း လူနေမှုအဆင့်အတန်း မြင့်မားသော လူမျိုးစု ဖြစ်သည်။ ၎င်းတို့၏ အဓိကလုပ်ငန်းများမှာ အင်းလေးပိုးထည်ဖြစ်ပြီး အင်းလေးကန်အတွင်းရှိ ကျွန်းမျောများပေါ်တွင် ခရမ်းချဉ်သီး အပါအဝင် ဟင်းသီးဟင်းရွက်များကို ရေပေါ်ခြံစနစ်ဖြင့် စိုက်ပျိုးခြင်းမှာ ကမ္ဘာကျော် လူသိများသော လုပ်ငန်းဖြစ်သည်။ ပန်းဘဲ၊ ပန်းတဉ်း၊ ပန်းတိမ် နှင့် တံငါလုပ်ငန်းများကိုလည်း အသက်မွေးဝမ်းကျောင်းအဖြစ် လုပ်ကိုင်ကြသည်။

ထင်ရှားသော အင်းသားလူမျိုးများ

[ပြင်ဆင်ရန်]
  • ရော့ခ် အဆိုတော် လေးဖြူ
  • ရော့ခ် အဆိုတော် အငဲ
  • ရော့ခ် အဆိုတော် (Maung Maung Zaw latt)
  • ရော့ခ် အဆိုတော် (Tha O)

ကိုးကား

[ပြင်ဆင်ရန်]
  1. Than Tun, *History of Burma: From the Earliest Times to 10 March 1824*, Yale University Press, 1988.
  2. Luce, G.H., *Phases of Pre-Pagan Burma*, Oxford University Press, 1985.
  3. အင်းလေးဖောင်တော်ဦးဘုရားသမိုင်းနှင့် အင်းသားလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှု၊ (၁၉၉၂)။
  4. Scott, J. George, *The Upper Burma Gazetteer*, 1900.
  5. The 2014 Myanmar Population and Housing Census, Shan State Report.
  6. 1 2 မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)၊ စာမျက်နှာ ၂၄၈-၂၅၀။
  7. မြန်မာ့စွဲစုံကျမ်း၊ အတွဲ(၁၅)။