ဝ လူမျိုး
ဝလူမျိုး (ဝ: Vāx; တရုတ်: 佤族; ပင်ယင်: Wǎzú; ထိုင်း: ว้า) သည် အရှေ့တောင်အာရှရှိ ဌာနေတိုင်းရင်းသား လူမျိုးစုတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံ မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်တစ်လျှောက် ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် အရှေ့ပိုင်း၊ ကချင်ပြည်နယ် အရှေ့ဘက်ပိုင်းနှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် တို့တွင် ပျံ့နှံ့နေထိုင်ကြသည်။ သမိုင်းကြောင်းအရ ဝလူမျိုးများသည် တရုတ်ပြည် ဇီမင်း၊ ကန်ရွမ်း၊ ယူနန်ဒေသတို့တွင် အခြေချခဲ့ကြပြီး နောက်ပိုင်းတွင် မြန်မာနိုင်ငံအတွင်းသို့လည်း ဝင်ရောက်အခြေချ နေထိုင်ခဲ့ကြသည်။
ဝကလေးများ | |
| လူဦးရေ စုစုပေါင်း | |
|---|---|
| ၁.၂ သန်းခန့် | |
| အများစု နေထိုင်သည့် နေရာ | |
| ၈၀၀,၀၀၀ | |
| ၄၀၀,၀၀၀ | |
| ၁၀,၀၀၀ | |
| ဘာသာစကား | |
| ဝ ဘာသာစကား ဒုတိယ ဘာသာစကားများ | |
| ကိုးကွယ်မှု | |
| ရိုးရာကိုးကွယ်မှုများ၊ ဗုဒ္ဓဘာသာ[၁] ခရစ်ယာန်ဘာသာ | |
| ဆက်စပ် တိုင်းရင်းသား အုပ်စုများ | |
| ပလောင်လူမျိုး၊ခမူလူမျိုး၊အခြား ဩစတြိုအေးရှားတစ်လူမျိုးများ | |

ဝလူမျိုးသည် မွန်-ခမာအုပ်စုဝင်များ ဖြစ်ကြပြီး ၎င်းတို့၏ ကိုယ်ပိုင်လက်ရေးစာပေကို ၁၉၅၇ ခုနှစ်တွင် စတင်တီထွင် အသုံးပြုခဲ့ကြသည်။ ဝလူမျိုးသည် တရုတ်နိုင်ငံ အစိုးရက တရားဝင်ထုတ်ပြန်ထားသည့် တိုင်းရင်းသားလူမျိုး ၅၆ မျိုးတွင် တစ်မျိုးအပါအဝင်ဖြစ်ပြီး၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ တရားဝင်အသိအမှတ်ပြု ၁၃၅ မျိုးသော တိုင်းရင်းသားလူမျိုးစုများထဲတွင်လည်း ပါဝင်သည်။[၂]
နေထိုင်ရာဒေသ
[ပြင်ဆင်ရန်]ဝတို့နေထိုင်သောနယ်သည် မြန်မာနိုင်ငံအလယ်ပိုင်း သံလွင်မြစ်၏အရှေ့ဘက် ခြမ်းတွင်တည်ရှိရန်အရှေ့ ဘက်တွင် တရုတ်နိုင်ငံ၊ အနောက်ဘက်တွင် သံလွင်မြစ်၊ တောင်ဘက်တွင် မိုင်းလင်းနယ်(Meung Leunမိုင်းလင်းတောင်ပိုင်း၊ မိုင်းလင်းသည်တောင်နှင့်မြောက်ရှိသည်။ မိုင်းလင်းမြောက်သည် ဝအထူးဒေသဖြစ်သည့် ဝိန်းကောင်ခေါ် မိုင်းလင်းခရိုင်ဖြစ်သည်W.ML)၊နှင့် မြောက်ဘက်တွင် ကိုးကန့် နယ်တို့က ဝိုင်းရံထားသော တောင်ကုန်းမြေမြင့်ဒေသတစ်ခုဖြစ်သည်။ ကုန်းမြင့်တစ်ခုလုံးတွင်အချို့သော နေရာများ၌ ပေ(၁၀၀၀၀)နီးပါးခန့်မြင့်သော တောင်ထွဋ်များ လည်းရှိသည် ထိုတောင်တန်းကြီးများသည် ဝလူမျိုး တိုက၏ လမ်းပန်းဆက်သွယ်မှုမလွယ်ကူခက်ခဲအောင်ဖန် ဖန်တီးထားသကဲ့သို့ရှိနေသောကြောင့် ဘဝတူဆွေရင်းသားရင်းလူမျိုးအချင်းချင်း ကြား အဆက်အသွယ်များကင်းမဲ့ခဲ့၍ စီးပွားရေးနှင့်ယဉ်ကျေးမှု များခေတ်နောက်ကျနေခဲ့ခြင်းဖြစ်သည်။
ဝလူမျိုး သမိုင်းကြောင်း
[ပြင်ဆင်ရန်]ဝလူမျိုး များသည် မွန်-ခမာ နွယ်ဖွားများဖြစ်ပြီး ပလောင် (တအာင်း) နှင့် မွန်လူမျိုးတို့နှင့် မျိုးနွယ်တူကြသည်။[၃]ဝလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှုအရ ဝလူမျိုး တို့သည် "ဆီဂန်" ဟုခေါ်သော လိုဏ်ဂူအတွင်းမှ စတင်ဆင်းသက်လာသည်ဟု ယုံကြည်ကြသည်။ သုံးပြည်ထောင်ခေတ် (三国时期) အတွင်း ရေးသားခဲ့သော တရုတ်ရာဇဝင်မှတ်တမ်းများတွင် ဝလူမျိုးတို့၏ ဘိုးဘေးများကို "ဖူး" (濮族) လူမျိုးများအဖြစ် ဖော်ပြခဲ့ကြသည်။[၄] သုံးပြည်ထောင်ခေတ်၏ စစ်သေနာပတိ ကျူးကော့လျန် (諸葛亮) သည် တောင်ဘက်အရပ်ရှိ လူမျိုးစုများကို တိုက်ခိုက်နှိမ်နင်းရာတွင် ဝလူမျိုးတို့၏ ဘိုးဘေးများနှင့် ထိတွေ့ဆက်ဆံမှု ရှိခဲ့သည်ဟု ဒေသန္တရ ရာဇဝင်များက ဆိုသည်။ ဝလူမျိုးတို့၏ ရိုးရာပုံပြင်အချို့တွင် ကျူးကော့လျန်သည် စိုက်ပျိုးရေးပညာ (အထူးသဖြင့် ဆန်စပါးစိုက်ပျိုးမှု) သင်ကြားပေးခဲ့သူအဖြစ် တင်စားပြောဆိုလေ့ရှိကြ ပြီး ကျူးကော့လျန်ကို အလွန်လေးစားကြကာ ကျူးကော့လျန်၏ စစ်တပ်တွင် ပါဝင်ကူညီခဲ့ဖူးသည်ဟုလည်း အဆိုရှိသည်။[၅]
ဝလူမျိုးများသည် ပလောင်လူမျိုးများကဲ့သို့ပင်ရှမ်းပြည်နယ်၏ တောင်တန်းဒေသများတွင် ရှမ်းလူမျိုးများ မရောက်ရှိမီကပင် အခြေချနေထိုင်ခဲ့ကြသူများ ဖြစ်သည်။ အဆိုပါခေတ်ကာလများတွင် ပလောင် (တအာင်း) နှင့် ဝလူမျိုးတို့သည် "ရှေးဦးပလောင်နွယ်ဖွား" (Proto-Palaungic) အုပ်စုကြီးတစ်ခုတည်းအဖြစ် တည်ရှိနေခဲ့ခြင်း ဖြစ်ပြီး ပလောင်လူမျိုးများက သံလွင်မြစ် အနောက်ဘက်နှင့် တောင်ဘက်ဒေသများ ဆီသို့ ရွှေ့ပြောင်းလာခဲ့ကြခြင်း ဖြစ်သည်။ [၆]သမိုင်းတစ်လျှောက်တွင် မည်သည့်အစိုးရ၏ တိုက်ရိုက်အုပ်ချုပ်မှုကိုမျှ မခံယူဘဲ မိမိတို့၏ ကိုယ်ပိုင်နယ်မြေတွင် သီးခြားလွတ်လပ်စွာ နေထိုင်ခဲ့ကြပြီး ဗြိတိသျှတို့က "တောရိုင်းဝနယ်" (Wild Wa States) ဟုပင် ခေါ်ဆိုခဲ့သည်။[၇] ယနေ့ခေတ်တွင် ဝလူမျိုးများသည် မြန်မာနိုင်ငံအတွင်း ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း (Wa Self-Administered Division) ကို ထူထောင်၍ ပညာရေး၊ ကျန်းမာရေးနှင့် စီးပွားရေးလုပ်ငန်းများကို ကိုယ်ပိုင်စီမံခန့်ခွဲမှုဖြင့် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေကြသည်။
မူလအစ ဒဏ္ဍာရီလာ သမိုင်းကြောင်း
[ပြင်ဆင်ရန်]ဝလူမျိုးများသည် ပတ်ကတေ့ရွာအနီးရှိ ကျောက်ဂူကြီးမှ စတင်ပေါက်ဖွားလာပြီး ပတေ့နယ်၊ လွယ်လိန်းနယ်တို့သို့ ရောက်ရှိလာကာ ထိုမှတစ်ဆင့် ဝနယ်အခြားဒေသများသို့ ပျံ့နှံ့သွားခဲ့သည်ဟု ရိုးရာအရ ယူဆကြသည်။ အခြားအဆိုတစ်ခုအရ ဝနယ်နောင်ချိုကန် အရှေ့မြောက်အရပ်မှ အနောက်တောင်ဘက်သို့ ရောက်ရှိလာပြီး မိုင်းလွန်းနယ်မှတစ်ဆင့် ကျိုင်းတုံနယ်ဘက်သို့ ပျံ့နှံ့လာသည်ဟု ဆိုသည်။ စုံကရမန်နယ်နေ ဝလူမျိုးများက ယင်းတို့သည် ယခင် လွယ်လိန်းအမျိုးအနွယ်မှ သက်ဆင်းခဲ့သည်ဟု ယူဆကြပြီး ဟိုမိုင်းနယ်မှ ဝများကမူ ကွန်လုမန်းအနွယ်မှ ပေါက်ဖွားလာသည်ဟု ဆိုကြသည်။[၈]
ရိုးရာပုံပြင်များအရ ဝလူမျိုးများ စတင်ပေါက်ဖွားရာဟု ယူဆကြသော ကျောက်ဂူကြီးမှ တစ်ခါက အသံမြည်ဟီးလာသဖြင့် အမျိုးအနွယ်သစ်၊ လူမျိုးသစ် ပေါ်ပေါက်မည့် နိမိတ်ဖြစ်သည်ဟု ဆိုကာ လက်ရှိဝလူမျိုးများအား လွှမ်းမိုးနှင်ထုတ်မည်ကို စိုးရိမ်သောကြောင့် ဂူအတွင်းသို့ လေးမြားများ ပစ်သွင်းခဲ့ကြသည်ဟူသော သမိုင်းဦးပုံပြင်များလည်း ရှိခဲ့သည်။[၈] ခေါင်းဖြတ်ရခြင်း၏ မူလဇာစ်မြစ်မှာလည်း အဆိုပါဂူမှ ထွက်လာသော တာလီနှင့် ယာနမ်တို့ လမ်းခုလတ်၌ အပန်းဖြေခိုက် သားကြီးဖြစ်သူက ဓားစမ်းရာမှ ယာနမ်၏ဦးခေါင်း ပြတ်သွားခဲ့ရာ နတ်များက လူဦးခေါင်းကို လိုလား၍ ဖြစ်ရသည်ဟု အယူရှိရာမှ စတင်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုကြသည်။[၈]
ကိုးကွယ်ယုံကြည်မှုနှင့် ဘာသာရေး သမိုင်းကြောင်း
[ပြင်ဆင်ရန်]အတိတ်သမိုင်းတစ်လျှောက်တွင် ဝလူမျိုးများသည် သဘာဝလွန်စွမ်းအားများနှင့် နတ်ဝိညာဉ်များကို ကိုးကွယ်သည့် ရိုးရာနတ်ကိုးကွယ်မှု (Animism) ကို အဓိကကျင့်သုံးခဲ့ကြသည်။ ဝတို့၏ ယုံကြည်မှုမှာ လူသားတို့၏ ဘဝရှင်သန်ရပ်တည်ရေးနှင့် စိုက်ပျိုးရေး အောင်မြင်မှုအပေါ် အခြေခံသည်။[၈] ဝလူမျိုးတို့သည် "မွတ်တိုင်" ကို ၎င်းတို့၏ အမြင့်ဆုံးသော ဖန်ဆင်းရှင် နတ်မင်းကြီးအဖြစ် ယုံကြည်ကြပြီး ၎င်းနတ်မင်းသည် လောကကြီးနှင့် လူသားများကို ဖန်ဆင်းခဲ့သူဟု ယူဆကြသည်။ ကျေးရွာတိုင်းတွင် ရွာကိုစောင့်ရှောက်သည့် နတ်များရှိသည်ဟု ယုံကြည်ကာ ရွာဝင်ဝများတွင် နတ်တိုင်များ စိုက်ထူ၍ ပူဇော်လေ့ရှိသည်။
ယနေ့ခေတ်တွင် ဝလူမျိုးများသည် ဘာသာတရားမျိုးစုံကို လွတ်လပ်စွာ ကိုးကွယ်ကြသော်လည်း အဓိကအားဖြင့် ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာနှင့် ရိုးရာနတ်ကိုးကွယ်မှုများမှာ ထင်ရှားသည်။[၈] ဝလူမျိုးအများစု၊ အထူးသဖြင့် ရှမ်းလူမျိုးများနှင့် နီးစပ်သော ဒေသများတွင် နေထိုင်ကြသည့် "ဝယဉ်" (Tame Wa) မျိုးနွယ်များသည် ထေရဝါဒဗုဒ္ဓဘာသာကို ကိုးကွယ်ကြသည်။[၉] ၁၉ ရာစုနှောင်းပိုင်းနှင့် ၂၀ ရာစုအစောပိုင်းတွင် အမေရိကန် နှစ်ခြင်းသာသနာပြုများ ဝဒေသသို့ ရောက်ရှိလာခြင်းကြောင့် ဝလူမျိုးအများအပြားသည် ခရစ်ယာန်ဘာသာသို့ ကူးပြောင်းခဲ့ကြသည်။ သာသနာပြု ဝီလျံ ယန်း (William Young) သည် ဝဘာသာစကားအတွက် လာတင်အက္ခရာကို အခြေခံသော စာပေကို တီထွင်ပေးခဲ့သဖြင့် ဝလူမျိုးများကြား ပညာရေးနှင့် ဘာသာရေး အရှိန်အဟုန်ဖြင့် ပြန့်နှံ့ခဲ့သည်။[၁၀] အချို့သော ဝေးလံခေါင်သီသော တောင်တန်းဒေသများတွင် ယနေ့တိုင် ရိုးရာနတ်ကိုးကွယ်မှုကို ထိန်းသိမ်းထားသူများ ရှိသေးကာ သဘာဝပတ်ဝန်းကျင်၊ တောင်စောင့်နတ်နှင့် ရွာစောင့်နတ်များကို ယုံကြည်ကိုးကွယ်ကြပြီး ရိုးရာပွဲတော်များတွင် တိရစ္ဆာန်များကို ယဇ်ပူဇော်သည့် ဓလေ့များ ရှိနေဆဲဖြစ်သည်။[၁၁]
သမိုင်းဝင် ခေါင်းဖြတ်ယဇ်ပူဇော်ခြင်း ဓလေ့
[ပြင်ဆင်ရန်]အတိတ်သမိုင်းတစ်လျှောက် ဝလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှုနှင့် ကိုးကွယ်ယုံကြည်မှုတွင် အထင်ရှားဆုံးနှင့် အစွဲအလန်းအကြီးဆုံး ဓလေ့တစ်ခုမှာ လူဦးခေါင်းကို ဖြတ်၍ နတ်ပူဇော်ခြင်း ဖြစ်သည်။[၁၂] ဝလူမျိုးတို့သည် မိမိတို့၏ စိုက်ပျိုးရေး အောင်မြင်ရန်၊ ရာသီဥတု မျှတရန်နှင့် ရိုးရာယုံကြည်မှုများအရ ဘေးအန္တရာယ်ကင်းဝေးစေရန်အတွက် ၁၉ ရာစုနှင့် ၂၀ ရာစု အစောပိုင်းကာလများအထိ ရန်သူ သို့မဟုတ် ပြင်ပလူများ၏ ဦးခေါင်းကို ဖြတ်၍ ပူဇော်သည့် "ခေါင်းဖြတ်ဓလေ့" ကို ကျင့်သုံးခဲ့ကြသည်။[၁၁]
ဝလူမျိုးတို့၏ အယူအဆအရ ကိုးကွယ်သည့် နတ်များတွင် အဆင့်ဆင့်ရှိသည်ဟု ယူဆကြသည်။ နတ်ငယ်တစ်မျိုးဖြစ်သော "လီဆိုင်မတ်နတ်" ကို ပူဇော်လိုသည့်အခါတွင် ကျွဲကို သတ်၍ ယဇ်ပူဇော်လေ့ရှိကြသော်လည်း၊ ၎င်းတို့၏ ယုံကြည်မှုတွင် အကြီးမားဆုံး၊ တန်ခိုးအရှိဆုံးနှင့် ဒုက္ခအပေးနိုင်ဆုံး ဖြစ်သော "မွေးနတ်" ကိုမူ လူဦးခေါင်းဖြင့်သာ ဖြတ်၍ ပူဇော်ရသည်ဟု ယူဆကြသည်။[၁၂]
အဆိုပါ ခေါင်းဖြတ်ယဇ်ပူဇော်ခြင်း လုပ်ငန်းကို များသောအားဖြင့် စပါးစိုက်ပျိုးချိန် ရာသီများတွင် အဓိက လုပ်ဆောင်လေ့ရှိကြသည်။ ကောက်ပဲသီးနှံများ အထွက်နှုန်းကောင်းမွန်စေရန်နှင့် စပါးပင်များ ဖြစ်ထွန်းစေရန်အတွက် လူဦးခေါင်းမှ ထွက်လာသော သွေးနှင့် နတ်ဝိညာဉ်၏ စွမ်းအားသည် မရှိမဖြစ် လိုအပ်သည်ဟု ယုံကြည်ကြသောကြောင့် ဖြစ်သည်။[၁၁]
ဝလူမျိုးများ၏ လူမှုအဖွဲ့အစည်း ထုံးစံအရ အမျိုးသားတစ်ဦးသည် မိမိ၏ တစ်သက်တာသက်တမ်းအတွင်း အနည်းဆုံး ဦးခေါင်း ၃ ကြိမ်တိတိ ဖြတ်ရန် တာဝန်ရှိသည်ဟု သတ်မှတ်ထားသည်။ အကယ်၍ အမျိုးသားတစ်ဦးသည် လူဦးခေါင်း ၆ ခေါင်းအထိ ဖြတ်ဖူးသော စွမ်းဆောင်ရည်ရှိပါက ၎င်းကို ထူးချွန်သည့် သူရဲကောင်းအဖြစ် သတ်မှတ်သည်။ ထိုသို့သော သူရဲကောင်းကို သက်ဆိုင်ရာ နယ်ရှင် အုပ်ချုပ်သူများက ကောက်ခံမြဲဖြစ်သော အခွန်အတုတ်များ ပေးဆောင်ရခြင်းမှ လွတ်ကင်းခွင့်ပြုသည့်အပြင်၊ လူထုကြားတွင် ဂုဏ်ဒြပ်ကြီးမားလှသော "ရှန်နီစ" ခေါင်းပေါင်းကို ပေါင်းခွင့်ပြုကာ သူရဲကောင်းအဖြစ် အခမ်းအနားဖြင့် အထူးတလည် ဂုဏ်ပြုတတ်ကြသည်။[၁၂]
ထို့ကြောင့် ဝလူမျိုးများအဖို့ ကျေးရွာနှင့် စိုက်ပျိုးရေးအတွက် လူခေါင်းရရှိရေးသည် လည်းကောင်း၊ မိမိကိုယ်တိုင် ရန်သူ့လက်တွင် ဦးခေါင်းအဖြတ်မခံရစေရေးသည် လည်းကောင်း ဘဝရပ်တည်မှုအတွက် အလွန်တရာ အရေးကြီးသော ကိစ္စရပ် ဖြစ်ခဲ့သည်။ ရရှိလာသော လူဦးခေါင်းများကို ကျေးရွာများတွင် သီးသန့်စိုက်ထူထားသော တိုင်များ၌ အစဉ်လိုက် စိုက်ထူပူဇော်ထားတတ်ကြရာ၊ အချို့သော ဝရွာကြီးများတွင် လူခေါင်းတိုင် အမြောက်အမြား ရှိခဲ့သည်။ ဥပမာအားဖြင့် - ဟောင်တက်ရွာတွင် လူခေါင်းစိုက်ထူထားသည့် တိုင်ပေါင်း ၂၀၀ ကျော် ရှိခဲ့ပြီး၊ စုံကရမန်ရွာတွင် တိုင်ပေါင်း ၁၁၀ ကျော်အထိ ရှိခဲ့ဖူးကြောင်း မှတ်တမ်းတင်ထားသည်။[၁၂]
ခေါင်းဖြတ်ရန်အတွက် ရန်သူ သို့မဟုတ် ပြင်ပလူကို တိုက်ရိုက်ရှာဖွေရန် မလွယ်ကူသည့် အခြေအနေမျိုး ကြုံတွေ့ရသည့်အခါများတွင် လူဦးခေါင်း တစ်လုံးလျှင် ငွေဒင်္ဂါး ၂၀၀၀ မှ ၃၀၀၀ အထိ အခြားသူများထံမှ တန်ဖိုးကြီးပေး၍ ဝယ်ယူကာ ပူဇော်လေ့ရှိကြသည်။ သို့မဟုတ်ပါက အခြားသူများ မြေမြှုပ်သဂြိုဟ်ထားပြီးစ အလောင်းများထံမှ ခေါင်းကို ခိုးယူဖြတ်တောက်ခြင်းမျိုး ပြုလုပ်ကြသည်။ ဤသို့ အလောင်းများထံမှ ခေါင်းဖြတ်ယူခြင်း ဘေးမှ ကာကွယ်ရန်အတွက် ရှေးခေတ် ဝလူမျိုးများသည် လူသေဆုံးပါက အလောင်းကို ပြင်ပသုသာန်များတွင် သွားရောက်မမြှုပ်နှံရဲကြချေ။ ၎င်းတို့သည် သူတစ်ပါး သတိမမူမိစေရန်နှင့် မသိနိုင်စေရန်အတွက် ရွာပြင်ခြံစည်းရိုးနှင့် ကပ်၍သော်လည်းကောင်း၊ မိမိတို့ နေထိုင်ရာ အိမ်၏အောက်ခြေ ကြမ်းပြင်အောက်တွင် သော်လည်းကောင်း လူသူမသိအောင် လျှို့ဝှက်မြှုပ်နှံလေ့ရှိကြသည်။[၁၂]
ခေါင်းဖြတ်ခြင်း ဓလေ့သည် ဝဒေသအားလုံးတွင် တူညီမှုမရှိဘဲ ဒေသအလိုက် ကွဲပြားခြားနားမှုများလည်း ရှိသည်။ ဝနယ်အတွင်းရှိ လွယ်လိန်းနယ်နှင့် ဆတော်နယ်တို့တွင် နေထိုင်ကြသော ဝလူမျိုးများသည် လူဦးခေါင်းဖြင့် ယဇ်ပူဇော်ခြင်း အစား "သင်းချောနက်ခွေး" (အမွေးအမှင် သန့်စင်နက်မှောင်သော ခွေး) ကို သတ်၍ နတ်ပူဇော်သည့် ဓလေ့ကို ကျင့်သုံးကြသည်။[၁၂]
ခေတ်ကာလ ပြောင်းလဲလာသည်နှင့်အမျှ ယနေ့ခေတ်တွင်မူ ယင်းကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ခေါင်းဖြတ်ယဇ်ပူဇော်ခြင်း ဓလေ့မှာ ဝလူမျိုးများကြားတွင် လုံးဝ(လုံးဝ) ကွယ်ပျောက်သွားခဲ့ပြီ ဖြစ်သည်။ လက်ရှိအချိန်တွင် လူဦးခေါင်းဖြင့် ပူဇော်ခြင်းကို လုံးဝ မပြုလုပ်တော့ဘဲ၊ ၎င်း၏ အစားထိုးမှုအဖြစ် ကျွဲ၊ ခွေး စသည့် တိရစ္ဆာန်များကိုသာ အသုံးပြု၍ ရိုးရာအလိုက် ယဇ်ပူဇော်မှုများကို ပြုလုပ်ကြတော့သည်။[၁၁]
ကျွဲခေါင်းစိုက်ထူခြင်း ဓလေ့
[ပြင်ဆင်ရန်]ဝလူမျိုးတို့၏ ရိုးရာလူမှုဘဝနှင့် ယဉ်ကျေးမှုတွင် "ကျွဲ" သည် အလွန်အရေးပါသော တိရစ္ဆာန် ဖြစ်သည်။ အတိတ်ကာလက လူဦးခေါင်းဖြတ်၍ ယဇ်ပူဇော်သကဲ့သို့ပင် နတ်ငယ်များကို ပူဇော်ရန် သို့မဟုတ် လူခေါင်းဖြတ်ရန် မလွယ်ကူသည့် အခြေအနေမျိုးတွင် ကျွဲများကို သတ်၍ ယဇ်ပူဇော်လေ့ရှိကြသည်။[၁၂] ထိုသို့ ယဇ်ပူဇော်ပြီးနောက် ရရှိလာသော "ကျွဲကုန်းခေါင်း" (ကျွဲဦးချိုပါသော ဦးခေါင်းခွံ) များကို လွှင့်ပစ်ခြင်းမပြုဘဲ စနစ်တကျ သိမ်းဆည်းစိုက်ထူသည့် ဓလေ့ ရှိခဲ့သည်။
ဝလူမျိုးတို့၏ အယူအဆတွင် အိမ်တစ်အိမ် သို့မဟုတ် ရွာတစ်ရွာ၌ ကျွဲခေါင်းခွံ အမြောက်အမြား ပိုင်ဆိုင်ထားခြင်းသည် ထိုအိမ်ထောင်စု သို့မဟုတ် ထိုရွာ၏ ချမ်းသာကြွယ်ဝမှု၊ ဩဇာတိက္ကမရှိမှုနှင့် နတ်မင်းတို့၏ ကောင်းချီးပေးမှုကို ခံရခြင်းဟု အခိုင်အမာ ယုံကြည်ကြသည်။ ထို့ကြောင့် မိမိတို့အိမ်၏ ဝရံတာ၊ နံရံ သို့မဟုတ် ရွာ၏ အဝင်အထွက် လမ်းမကြီးများဘေးတွင် ကျွဲခေါင်းခွံများကို အစဉ်လိုက် စိုက်ထူပြသထားလေ့ရှိကြသည်။[၁၁]
ကျွဲခေါင်းခွံများကို စိုက်ထူရာတွင် အိမ်နံရံများ၌ ချိတ်ဆွဲရုံမျှမက "ကျွဲခေါင်းတိုင်" (Yပုံစံတိုင် သို့မဟုတ် ရိုးရာတိုင်များ) ပြုလုပ်၍လည်း စိုက်ထူတတ်ကြသည်။ ဤကျွဲခေါင်းတိုင်များသည် ကျေးရွာအတွင်းသို့ မကောင်းဆိုးဝါးများနှင့် ရောဂါဘယများ မဝင်ရောက်နိုင်စေရန် ကာကွယ်ပေးသည့် "အကာအကွယ်တံတိုင်း" ဟုလည်း ယူဆကြသည်။ ဝရွာတစ်ခု၏ ကျွဲခေါင်းတိုင် အရေအတွက်ကို ကြည့်ခြင်းဖြင့် ထိုရွာ၏ သမိုင်းကြောင်းနှင့် အင်အားတောင့်တင်းမှုကို ခန့်မှန်းနိုင်သည်။[၁၂]
ရှေးဟောင်း ခေါင်းဖြတ်ဓလေ့မှာ လုံးဝချုပ်ငြိမ်းသွားခဲ့ပြီ ဖြစ်သော်လည်း၊ ကျွဲခေါင်းစိုက်ထူခြင်းနှင့် ကျွဲခေါင်းခွံများဖြင့် အလှဆင်ခြင်း ဓလေ့မှာမူ ဝလူမျိုးတို့၏ ထင်ရှားသော "အမျိုးသားရေး ပြယုဂ်" တစ်ခုအနေဖြင့် ယနေ့တိုင် ကျန်ရှိနေဆဲဖြစ်သည်။ ယနေ့ခေတ် ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းရှိ အစိုးရရုံးစိုက်ရာ အဆောက်အအုံများ၊ ရိုးရာပွဲတော်မုခ်ဦးများနှင့် နေအိမ်များတွင် ကျွဲဦးချိုပုံစံများနှင့် ကျွဲခေါင်းခွံ သင်္ကေတများကို ၎င်းတို့၏ ကိုယ်ပိုင်အမှတ်အသားအဖြစ် ဂုဏ်ယူစွာ ထည့်သွင်းအသုံးပြုလျက်ရှိကြသည်။[၁၁]
မျိုးနွယ်စုနှင့် ပျံ့နှံ့နေထိုင်ရာဒေသ
[ပြင်ဆင်ရန်]ဝလူမျိုးသည် မွန်-ခမာ ဘာသာစကားပြောအုပ်စုအတွင်းရှိ ဝ-ပလောင် အုပ်စုခွဲ၌ ပါဝင်ပြီး ဝ၊ လ၊ လဝ၊ ခမူ၊ တိုင်းလွီ၊ အန်၊ ယန်း၊ လမ်၊ ပလောင်၊ ပလေး၊ ဓနော လူမျိုးတို့နှင့် မျိုးနွယ်စုချင်း နီးစပ်သည်။ ဝလူမျိုးများကို ဝ သို့မဟုတ် လဝလူမျိုးဟု ခေါ်ဆိုကြပြီး၊ အချို့က "လွယ်လှလူမျိုး" ဟူ၍လည်း ခေါ်ကြသည်။[၈]
ဝလူမျိုးများသည် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ ယူနန်နယ်စပ်အကြားရှိ တောင်တန်းဒေသများတွင် အခြေစိုက် နေထိုင်ကြသည်။ ယူနန်နယ်စပ်မှနေ၍ သံလွင်မြစ် အရှေ့ဘက်ကမ်းတစ်လျှောက် တိုင်အောင် အနှံ့အပြား နေထိုင်ကြပြီး၊ အချို့မှာ မိုင်းလွန်းနယ်နှင့် ကျိုင်းတုံနယ် တောပိုင်းအရပ်များတွင် နေထိုင်ကြသည်။ ဝနယ် (ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း) တွင် ဝလူမျိုး အများဆုံး နေထိုင်သည်ကို တွေ့ရသည်။[၈]
လူမှုစီးပွားနှင့် နေထိုင်မှုဓလေ့
[ပြင်ဆင်ရန်]
ဝတ်စားဆင်ယင်မှုနှင့် နေထိုင်မှုစရိုက်
[ပြင်ဆင်ရန်]"ဝ" လူမျိုးများကို "လွယ်လှ" ဟုလည်း ခေါ်ဆိုကြပြီး ၎င်းမှာ ရှမ်းစကား (လွယ် = တောင်၊ လှ = လူမျိုး) မှ ဆင်းသက်လာကာ "တောင်ပေါ်ကလူမျိုး" ဟု အဓိပ္ပာယ်ရသည်။[၁၃] ဝလူမျိုးတို့သည် ၎င်းတို့၏ တောင်ပေါ်ဒေသ ရိုးရှင်းကြမ်းတမ်းစွာ နေထိုင်တတ်သော အကျင့်စရိုက်ကို မူတည်၍ ဝတ်ဆင်သော အဝတ်အစား အရောင်များမှာလည်း အညစ်ခံသည့် အရောင်များသာ ဖြစ်သည်။ အထူးသဖြင့် အနက်ရောင်၊ အပြာရောင်နှင့် ရှားစေးရောင် အနီရင့်များကို အများဆုံး တွေ့ရတတ်သည်။[၁၄]
ဝလူမျိုး အမျိုးသားများသည် အနက်ရောင် ခေါင်းပေါင်းကို ပေါင်းတတ်ကြပြီး၊ အချို့သော လူငယ်အများစုမှာမူ အနက်ရောင် ခေါင်းစွပ်များကို ဆောင်းလေ့ရှိကြသည်။ အင်္ကျီအနေဖြင့် နက်ပြာရောင်ရှိသော ရင်စေ့ရင်ဖုံးအင်္ကျီများကို ဝတ်ဆင်ကာ၊ အောက်ပိုင်းတွင် အနက်ရောင် ရှမ်းဘောင်းဘီကို အမြဲတမ်း တွဲဖက်ဝတ်ဆင်ကြသည်။[၁၄] မြို့ကြီးများနှင့် နီးစပ်သော ဒေသများရှိ ဝလူမျိုး အမျိုးသားများသည် ဖျင်နက် သို့မဟုတ် ဖျင်ပြာဘောင်းဘီနှင့် အင်္ကျီကို ဝတ်ဆင်ပြီး၊ ခေါင်းတွင် အဖြူ၊ အနက်၊ အနီ၊ အဝါ အစင်းကျား ခေါင်းပေါင်းများကို ပေါင်းလေ့ရှိကြသည်။[၈]
ဝလူမျိုး အမျိုးသမီးများမှာ နက်ပြာရောင် ရင်ဖုံးအင်္ကျီနှင့် "အင်တိုင်" ဟုခေါ်သော ထဘီကို ဝတ်ဆင်ကြသည်။ ထဘီမှာ စစ်အနံ တစ်ကိုက်၊ အလျား တစ်ကိုက်ခွဲခန့်ရှိသော အနက်ရောင်အစကို ခါးတွင် ပတ်ထားခြင်း ဖြစ်သည်။ အချို့သော မိန်းကလေးများမှာမူ အလှအပကို ခုံမင်သဖြင့် အညို၊ အနီ၊ အဝါစင်းများပါဝင်သော ထဘီများကို ကိုယ်တိုင်ကိုယ်ကျ ရက်လုပ်ဝတ်ဆင်လေ့ ရှိကြသည်။ ထို့အပြင် ရိုးရာအလှဆင်ခြင်းအဖြစ် ငွေဖြင့် ပြုလုပ်ထားသည့် ဆွဲကြိုး၊ ဘယက်၊ နားထောင်း၊ လက်ကောက်ပြားနှင့် လက်ကောက်လုံးများကိုလည်း ရိုးရာမပျက် ဆင်ယင်ကြသည်။[၁၄]
မြို့ကြီးများနှင့် နီးစပ်သော ဒေသများရှိ အမျိုးသမီးများကမူ အပြာ၊ အနက်၊ အဝါ၊ အနီ ရောင်စုံရောယှက်ထားသော သုံးတောင်ကွင်းရှိ ဖျင်ထဘီကို ဒူးဆစ်နားအထိ ခပ်တိုတိုဝတ်ဆင်ကာ အနက်ရောင်ဖျင် လက်ကျပ်ရင်စေ့အင်္ကျီကို ဝတ်ဆင်ကြသည်။ ဆံပင်ကို ဆံတိုဆံထောက်ပုံစံ (ဗော့ဟဲယား) ထားရှိကာ ခေါင်းတွင် ပြောက်ကျားဖျင်စများကို ကြက်ခြေခတ်ပေါင်း၍ လည်ပင်းတွင် "ပွဲသီး" ခေါ် အသီးကို ပုတီးလုပ်၍ ဆွဲလေ့ရှိသည်။[၈]
ဝေးလံခေါင်သီသော အတွင်းပိုင်းကျသည့် ဒေသများတွင်မူ ရှေးရိုးစွဲဆင်ယင်မှုများ ရှိနေဆဲဖြစ်သည်။ အမျိုးသားများသည် ဂျပ်ရက်အစကို ရှေ့ကဖုံးအုပ်ထားပြီး ကိုယ်တုံးလုံးနှင့် နေတတ်ကြပြီး၊ အမျိုးသမီးများသည် အနံတစ်တောင့်ထွာခန့်ရှိ အနီ၊ အနက်၊ အပြာရောင် ဖျင်စကို အောက်ပိုင်း၌ ပတ်ထားကာ အထက်ပိုင်းတွင် ပွဲသီးပုတီးကို ဆွဲထားရုံမျှဖြင့် ဗလာကျင်း နေထိုင်တတ်ကြသည်။[၈]
လူမှုဓလေ့နှင့် အသုံးအဆောင်စရိုက်
[ပြင်ဆင်ရန်]"ဝ" လူ့အဖွဲ့အစည်းအတွင်း ရိုးရာအခမ်းအနားများနှင့် နေ့စဉ်လူမှုဘဝတွင် ခေါင်ရည်နှင့် ပြောင်းဖူးချက်အရက်များကို အမျိုးသားများသာမက အမျိုးသမီးများနှင့် ကလေးငယ်များပါ သောက်သုံးတတ်သည့် ဓလေ့ရှိပြီး သောက်သုံးမှု ပမာဏ အနည်းနှင့်အများသာ ကွာခြားသည်။[၁၅] ထို့အပြင် ဆေးတံသောက်သော အလေ့အထမှာလည်း လူကြီးလူငယ်မရွေး အမြဲတစေ စွဲမြဲနေတတ်ကြရာ ဆေးတံကို ကိုင်ဆောင်ထားခြင်းသည် "ဝ" လူမျိုးတို့၏ ထင်ရှားသော ကိုယ်ပိုင်ဟန်တစ်ခုလည်း ဖြစ်သည်။[၁၃]
ကျန်းမာရေးနှင့် လူမှုစရိုက်
[ပြင်ဆင်ရန်]ရှေးရိုးစွဲ ဝလူမျိုးများသည် သဘာဝပတ်ဝန်းကျင် အပူရှိန်ကို ကြောက်ရွံ့ကြပြီး ရေချိုးခြင်းနှင့် အဝတ်အထည် ဖွတ်လျှော်ခြင်း အလေ့အထ နည်းပါးသည်။ နာမကျန်းဖြစ်ပါက ဆေးသောက်လေ့မရှိဘဲ နတ်ဆရာများကိုပင့်၍ ဝက်၊ ကြက်တို့ဖြင့် နတ်ပူဇော်လေ့ရှိသည်။ အချို့မှာမူ ၉၆ ပါးရောဂါ ပျောက်ကင်းစေနိုင်သည်ဟု ယုံကြည်ကြသည့် "လွယ်မူးတောင်" (ဝနယ်၏ ပုပ္ပားတောင်ဟု တင်စားကြသည်) မှ ရရှိသော ဆေးမြစ်များကို ကြိုချက်သောက်သုံးကြသည်။[၈]
ဝလူမျိုးများသည် တောင်တက်တောင်ဆင်း လျင်မြန်ပြီး တိုက်ခိုက်ရာတွင် ရဲရင့်ကြသည်။ ရွာများတွင် ခံတပ်များ၊ ဆူးခက် တံခါးပေါက်ကြီးများနှင့် ဝါးချွန်ထောင်ထားသော ကျင်းအကာအကွယ်များ စနစ်တကျ ပြုလုပ်ထားတတ်ကြပြီး ပြင်ပလူများကို နယ်မြေအတွင်း ဝင်ရောက်ခွင့် မပြုတတ်ချေ။ ၎င်းတို့သည် ရန်သူအပေါ် ရန်ငြိုးဖွဲ့တတ်သော်လည်း မဟာမိတ်ပြုထားသူများအပေါ်တွင်မူ ကျွဲသတ်၍ "သစ္စာအရက်" အတူတူသောက်ကာ ကတိသစ္စာ အလွန်တည်ကြသည်။ အိမ်များကို တန်ဆောင်မုန်း၊ နတ်တော်၊ ပြာသိုလများတွင် ဆောက်လုပ်လေ့ရှိပြီး အိမ်တက်မင်္ဂလာကို ရက်ရှည် ကျင်းပတတ်ကြသည်။[၈]
အိမ်တွင်း အယူသီးမှု ဓလေ့များ
[ပြင်ဆင်ရန်]ဝလူမျိုးတို့၏ နေအိမ်များသို့ သွားရောက်ရာတွင် စည်းကမ်းနှင့် အယူသီးမှုများ ရှိသည်။ ဧည့်သည်များသည် မသွားအပ်သော နေရာများကို ရှောင်ကြဉ်ရပြီး ဖက်စိမ်းများကို အရမ်းမဲ့ ယူဆောင်ခွင့်မရှိချေ။ အိမ်ဦးကြမ်းပြင်၏ လက်ဝဲဘက်အိမ်ထောင့်နှင့် အိမ်တွင်းလက်ယာဘက်ထောင့်များတွင် ပစ္စည်းအရမ်းမထားရဘဲ၊ အိမ်တွင်းလက်ယာဘက်ထောင့်သည် ၎င်းတို့၏ နတ်ကိုးကွယ်ရာဌာန ဖြစ်သည်။ ထို့အပြင် အိမ်ရှင်ထိုင်သော နေရာကို ကျော်ဖြတ်မသွားရသလို မီးဖို၌လည်း အိမ်ရှင်ထိုင်သည့်ဘက်တွင် ထမင်းအိုးများ မချရချေ။ အကယ်၍ ဧည့်သည်က မှားယွင်းပြုမူမိပါက အိမ်ဦးနတ်ကို ပူဇော်ရန်အတွက် အရေးဆို တောင်းခံတတ်ကြသည်။[၁၁]
ရိုးရာတုံးဂီတနှင့် ချစ်စရာ့ဓလေ့များ
[ပြင်ဆင်ရန်]‘ဝ’ လူမျိုးတို့၏ တူရိယာများအနက် စိတ်ဝင်စားဖွယ်အကောင်းဆုံးမှာ "တုံး" ဖြစ်သည်။ ၎င်းကို မိုင်းကျွန်းပင်မှ ထွင်းထု၍ ဖိုသံမသံ ညှိကာ သူကြီးအိမ်အနီး တဲဆောက်၍ ထားရှိရသည်။ နတ်တင်လျှင် ဖိုသံထွက်သောဘက်မှ တုံးကို လေးကန်စွာ တစ်ချက်ချင်းတီးပြီး၊ စစ်ရေးအရ လူစုလျှင် ခပ်သွပ်သွပ် တွဲခေါက်လေ့ရှိသည်။ ပျော်ပွဲရွှင်ပွဲနှင့် မင်္ဂလာဆောင်များတွင်မူ အမျိုးသမီးနှင့် အမျိုးသား ၆ ဦးခန့်အထိ ဝါးခြမ်းပြားနှင့် ထိုးတံများ သုံးစွဲ၍ အဆင့်အတန်းမြင့်မားစွာ အချက်ကျကျ တီးခေါက်ကြသည်။[၈]
ရှေးက ခေါင်းဖြတ်ဓလေ့ရှိခဲ့သဖြင့် ရိုင်းစိုင်းသည်ဟု ထင်မှတ်ရသော်လည်း အကယ်စင်စစ် ဝလူမျိုးများတွင် အလွန်ချစ်စရာကောင်းသော လူမှုရေးဓလေ့များ ရှိသည်။ သားထောက်သမီးခံမရှိသော သက်ကြီးရွယ်အိုများကို တစ်ရွာလုံးက အိမ်တစ်အိမ်နေ့ကျ တာဝန်ယူကျွေးမွေးခြင်း၊ ဝနယ်မြောက်ပိုင်းနှင့် အနောက်ဘက်ခြမ်း ကျေးရွာများတွင် ယနေ့တိုင် နှီးဒေါင်းလန်းကြီးဖြင့် တစ်ရွာလုံး လက်ရေတစ်ပြင်တည်း စုပေါင်းစားသောက်ကြခြင်းနှင့် ရွာမှုကိစ္စများတွင် တစ်ဦးနှင့်တစ်ဦး ဝိုင်းဝန်းကူညီတတ်ကြသည့် ရိုးရာစိတ်ဓာတ်ကောင်းများ ရှိကြသည်။[၈]
ကိုးကားချက်များ
[ပြင်ဆင်ရန်]- ↑ 2013-06-27 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး ., 2015-09-23 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး . Ethnic Groups - china.org.cn
- ↑ Fiskesjö၊ Magnus (2010)။ The Fate of Self-Ascribed Wa History။
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ (၁၂)၊ ဝလူမျိုး။
- ↑ Fiskesjö၊ Magnus (2010)။ The Fate of Self-Ascribed Wa History။
- ↑ Davies, H. R., "Yunnan: The Link between India and the Yangtze", Cambridge University Press, 1909.
- ↑ Fiskesjö၊ Magnus (2010)။ The Fate of Self-Ascribed Wa History။
- ↑ Marshall၊ Andrew (2002)။ The Trouser People။ Penguin Books။
- 1 2 3 4 5 6 7 8 9 10 11 12 13 14 မြန်မာ့စွယ်စုံကျမ်း၊ အတွဲ (၁၂)၊ ဝလူမျိုး။ ကိုးကား အမှား - Invalid
<ref>tag; name "Encyclopedia12" defined multiple times with different content. - ↑ The Wa People: History and Culture. Online Burma Library. https://www.burmalibrary.org
- ↑ Fiskesjö, Magnus (2010). The Fate of Self-Ascribed Wa History.
- 1 2 3 4 5 6 7 Marshall, Andrew (2002). The Trouser People. Penguin Books.
- 1 2 3 4 5 6 7 8 Scott, J.G. (1900). The Upper Burma Gazetteer.
- 1 2 Scott, J. G. (1900). Gazetteer of Upper Burma and the Shan States. Government Printing, Burma.
- 1 2 3 မြန်မာ့စွယ်စုံကျမ်း၊ အတွဲ (၁၁)၊ "ဝလူမျိုး"။
- ↑ Fiskesjö, Magnus (2000). The Fate of Self-Ascribed Wa History. University of Chicago.