ဇယိန်လူမျိုး

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
Zayine.jpg

ဇယိန်လူမျိုးသည် ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်နှင့် ဖယ်ခုံမြို့နယ်၊ နေပြည်တော် ပျဉ်းမနားမြို့နယ်၏ အရှေ့ဘက်တောင်ပေါ်ဒေသ၊ ကယားပြည်နယ်တို့တွင် နေထိုင်သော ကရင်မျိုးနွယ်စုဝင် လူမျိုးစုတစ်စုဖြစ်သည်။[၁] ထိုဒေသများရှိ ကျေးရွာပေါင်း ၆၅ ရွာတွင်နေထိုင်လျက်ရှိပြီး လူဦးရေအားဖြင့် ၂၀၁၃ ခုနှစ်စာရင်းအရ ၁၅,၂၄၅ ဦးရှိသည်။ ကယန်းလူမျိုးစုများဖြစ်သော ကယန်းလဟွီ၊ ကယန်းလထာ၊ ကယန်းကငန်နှင့် ကယန်းဂေခိုတို့ထဲတွင် လူဦးရေပိုနည်းသော အစုဖြစ်သည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

ဤအစုသည် ရှေးအခါက လွယ်လုံပြည်ခေါ် ယခု ပင်လောင်းနယ်ကို ကြီးစိုးနိုင်ခဲ့ဖူး၏။ ပင်လောင်းမြို့ကို ခရစ်နှစ် ၁၇၉၄ (မြန်မာနှစ် ၁၁၅၆) ခုနှစ်တွင် ဘန့်ဘာရွာတွင်အခြေစိုက်ခဲ့သော ဇယိန်စော်ဘွား လတိန်၏ညွန်ကြားချက်ဖြင့် လလွီ (Lalui) ဆိုသူအရာရှိတစ်ဦးက ဦးဆောင်တည်ထောင်ခဲ့ကြောင်း ပင်လောင်းမြို့၊ မွေတော်ဘုရားသမိုင်းအရ သိရသည်။ ဘိုးတော်ဘုရားလက်ထက် ၁၇၈၂ မှစ၍ လွယ်လုံနယ်အတွင်း စတင်ဝင်ရောက်နေထိုင်လာကြသော အောက်သထုံပြည်နေ ပအိုဝ်းများနှင့် ဒေသတွင်းနေရှမ်းများကို ပင်လောင်းမြို့အနီးတစ်ဝိုက်တွင် အခြေချနေထိုင်ခွင့်ပြုပြီး ပင်လောင်းမြို့ကို စည်ကားအောင်ပြုခဲ့၏။ လနော အမည်ရ စော်ဘွားလက်ထက်တွင် လွယ်လုံနယ်စားဖြစ်ကြောင်း ဗမာဘုရင်က လနောကို အသိအမှတ်ပြုခဲ့သည်။ နယ်စား လနော၏သားတော်များထဲမှ ရွှေနီအမည်ရှိသားတော်မှာ ဒေသခံရှမ်းအမျိုးသမီးနှင့် အကြောင်းပါပြီး ငပိုခေါ် သားတော်တစ်ပါးထွန်းကား၏။ ပင်လောင်းမြို့တောင်ဘက်ရှိ ရင်းမှီး (တဝီးမွူး) အရပ်၌တည်ထားသော စေတီသမိုင်းမှတ်တမ်းအရ ငပိုနောက်ပိုင်းတွင် မင်းပါရမီဆိုသူက ပင်လောင်းမြို့စားအဖြစ် အုပ်ချုပ်ခဲ့ဖွယ်ရှိကြောင်း သိရသည်။

အစ ပထမတွင် ရှမ်းနှင့် ပအိုဝ်းတို့အပေါ် လွှမ်းမိုးနိုင်ခဲ့သော်လည်း ၎င်းတို့၏ဆွေမျိုးနီးချင်းဖြင့်သာ အိမ်ထောင်ပြုသည့်အလေ့အထကြောင့် လူဦးရေတိုးပွားနုန်းနှေးကွေးလှပေရာ နောက်ပိုင်းတွင် ဇယိန်တို့လွှမ်းမိုးမှုလျှော့ပါးလာပြီး ရှမ်းနှင့် ပအိုဝ်းလူမျိုးတို့၏ လူနေမှုပုံစံအောက် ရောက်မှန်းမသိရောက်လာခဲ့သည်။ ၁၉၄၉ ခုနှစ် ဒီဇင်ဘာ ၁၁ တွင်ပြုလုပ်ခဲ့သော ပဒေသရာဇ်အာဏာရှင် စော်ဘွားများကို တော်လှန်သည့်ဖြစ်စဉ် ပင်လောင်းနယ်တွင်လည်း ဖြစ်ပွားခဲ့သည်။ ၁၉၅၉ ခုနှစ်တွင် ဗိုလ်ချုပ်နေဝင်းခေါင်းဆောင်သော အိမ်စောင့်အစိုးရက ရှမ်းပြည်ရှိစော်ဘွားများကို ဖိတ်ခေါ်ထိန်းသိမ်းပြီး အဏာစွန့်လွှတ်ကြောင်း လက်မှတ်ရေးထိုးစေသည့်နောက် ပင်လောင်းနယ်တွင် ဇယိန်တို့အုပ်ချုပ်မှု အဆုံးသတ်သွား၏။

ယခုအခါ ပင်လောင်းမြို့နယ်ရှိ ဇယိန်တိုင်းရင်းသားတို့အခြေချ နေထိုင်ခဲ့ရာရွာအများအပြား ပအိုဝ်းရွာဖြစ်ကုန်ပြီး ဒေသအခေါ် ပအိုဝ်း-ဇယိန်မှသည် ပအိုဝ်းစကားသာပြောတတ်သော ဇယိန်သွေးပါ ပအိုဝ်းများဖြစ်လာကြသည်။ ဝေးလံခေါင်ဖျား၊ တောင်ထူထပ်ပြီး လမ်းပန်းဆက်သွယ်ရေးမကောင်းသော ငှက်ဖျားထူထပ်ရာအရပ်များတွင်သာ ဇယိန်ကျေးရွာအချို့ သီးသန့်တည်ရှိတော့သည်။ ဇယိန်တို့နေထိုင်ရာဒေသည် ဖွံ့ဖြိုးမှုနည်းပြီး ပညာရေးတွင်လည်း နောက်ကျကျန်နေရဆဲဖြစ်သည်။ ပေါင်းလောင်းဘက်စုံရေလှောင်တမံတည်ဆောက်မှုဧရိယာအတွင်း ဇယိန်ကျေးရွာအချို့ ရေမြုပ်သည့်အထဲ ပါဝင်ခဲ့ကြောင်းသိရသည်။


ပုဂံခေတ်ကတည်းက ဤလွယ်လုံ (ပင်လောင်း) နယ်ကို သထုံမြို့အရှေ့တောင်ဘက်ရှိ ကျိုက္ခမီခရိုင်နေ ဆောင်းတွမ်းကရင်တို့ စတင်ရွေ့ပြောင်း နေထိုင်လာခဲ့ကြသည်။ ၎င်းတို့သည် ပင်လောင်းမြို့အနောက်ဘက်၊ ဘီလူးချောင်းစတင်ရာဒေသ၊ ငွေတောင်ရွာနှင့် နောင်ပုလဲရွာတို့၏ အနောက်တောင်ဘက်အရပ်ရှိ တောင်ကုန်းများတွင်ရွာတည်ကာ နေထိုင်ကြသည်။ ရွာအမည်ကို ဆောင်းတွမ်းဟု မှည့်ခေါ်ခဲ့ကြ၏။ နှစ်အတန်ကြာသော် ၎င်းတို့ထဲမှအများစုသည် လွယ်လုံနယ်တကြော တစ်နေရာမှတစ်နေရာသို့ ပြောင်းရွေ့ပြီး အသစ်အသစ်သော ရွာများတည်ထောင်နေထိုင်ရင်း မိမိတို့နေထိုင်ရာရွာ၏ နယ်နိမိတ်ကို အမှတ်အသားပြုပိုင်းခြားစပြုကြသည်။ အခါတစ်ပါး၌ လဆာအမည်ရှိ လုံကျယ်ရွာ၏အကြီးအကဲက ပဆွပ်ပနီကောင်များစွာအုံဖွဲ့နေသော သစ်ပင်တန်းကို သူ့ရွာ၏နယ်နိမိတ်ပြုခဲ့သည်။ ထိုသို့ရွာနယ်နိမိတ်သတ်မှတ်ပြီးမကြာမီ လနိန် အုပ်စိုးသော ဘန့်ဖြာရွာမှကလေးတစ်ဦး ပဆွပ်ပနီကောင်များ အကိုက်ခံရသည်။ လနိန်က နယ်နိမိတ်အဖြစ်သတ်မှတ်ထားသော ပဆွပ်ပနီအုံများနှင့် သစ်ပင်များကို မီးရှို့ဖျက်ဆီးလိုက်သည်။ ထိုအကြောင်းကို လဆာ ကြားသိသော် အလွန်စိတ်ဆိုးသွားပြီး ဘန့်ဖြာရွာကိုထိုးစစ်ဆင် သိမ်းယူရန်ကြံ၏။ မဟာမိတ်ပြုသည့်အနေဖြင့် လတိန် အမည်ရှိ သူ၏သားအား ဆောင်းဆီးရွာအကြီးအကဲ၏ သမီးနှင့်လက်ဆက်စေကာ ကြီးကျယ်ခမ်းနားသောမင်္ဂလာပွဲ စီစဉ်ပေးခဲ့သည်။ ထို့နောက် ပိုမိုသာလွန်သောစစ်အင်အားဖြင့် ဘန့်ဖြာရွာကို ကျူးကျော်တိုက်ခိုက်အောင်မြင်ခဲ့၏။ တိုက်ပွဲကာလအတွင်း ဘန့်ဖြာရွာသားအများအပြားအသတ်ခံခဲ့ရသည်။ လဆာသည်လည်း ဘန့်ဖြာရွာသို့ရွေ့ပြောင်း အခြေစိုက်နေထိုင်ခဲ့သည်။ လဆာလွန်သော် သူ၏သား လတိန်က အကြီးအကဲတာဝန်ကို ရယူပြီး အနီးပတ်ဝန်းကျင်ရှိ ကျေးရွာအများကိုသိမ်းသွင်း၏။ စုစည်းထားသောရွာအများကို တိုက်နယ်၁၂ ခုခွဲပြီး အနွယ်တော်များကို အုပ်ချုပ်စေသည်။ လွယ်လုံနယ်တွင် လူစည်ကားစေရန် သူ၏အရာရှိတစ်ဦးဖြစ်သူ လလွီအား ယခုပင်လောင်းမြို့ကို တည်ထောင်စေခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. ဒေါက်တာသန်းထွန်း. ခေတ်ဟောင်း မြန်မာရာဇဝင်, ၂၈။