ပအိုဝ်းလူမျိုး

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
ပအိုဝ်းတိုင်းရင်းသူ
  • ပအိုဝ်ႏ ၊ ပအိုဝ်း ခေါ် တောင်သူ ( ရှမ်းပြည်နယ် ) နှင့်သထုံ
  • ခေတ်ဟောင်းမြန်မာရာဇဝင် (ဒေါက်တာသန်းထွန်း) စာမျက်နှာ ၂၈ လူ မျိုးနွယ်စု ဆင်းသက်ပုံ အရ ကရင် မျိုးနွယ်စု ဖြစ်သည်။
  • ဒဏ္ဍာရီပုံပြင်များအရ ပအိုဝ်း တိုင်းရင်းသားများသည် ဇော်ဂျီနှင့် နဂါးမတို့ ချစ်ခင်စုံဖက်ရာမှ ဆင်းသက်လာသည်ဟု ဆိုသည်။

ပအိုဝ်းလူမျိုးတို့သည် ကရင်အနွယ်ဖြစ်သော လူမျိုးတစ်မျိုး ဖြစ်သည်။ တောင်ပေါ်ကရင်၊ ကွင်းကရင် နှစ်မျိုးလုံး၌ ထက်ဝက်ခန့်စီ ပါဝင်သည်။ သို့သော် မူလက တောင်ပေါ်၌ အနေများသော လူမျိုးများဖြစ်၍လည်း တောင်သူဟူ၍ ခေါ်ဝေါ်ဟန်တူသည်။

ကရင်လူမျိုးတို့သည် အမျိုးအလိုက် မိမိတို့ကိုယ်ကို ခေါ်ဝေါ်သော အမည်များရှိကြသည်။ ပုံစံအားဖြင့် ကရင်နီတို့သည် မိမိတို့ကိုယ်ကို ကယားဟု ခေါ်ကြသည်။ ပအိုဝ်းဟူသော အမည်သည်လည်း အမျိုးအလိုက် ခေါ်ဝေါ်သော အမည်ဖြစ်သည်။

တောင်သူအမယ်ကြီး နှစ်ဦး

ပအိုဝ်းတို့သည် ကရင်မျိုးတို့တွင် လူဦးရေအားဖြင့် တတိယ အများဆုံးဖြစ်သည်။ ပအိုဝ်းတို့ကို မြန်မာနိုင်ငံ အရှေ့ဘက်နယ်စပ်ဒေသ၊ တောင်ပိုင်းရှမ်းပြည်နယ် အလယ်ပိုင်းနှင့် အနောက်ဘက် နယ်စပ်ဒေသတို့တွင် အနှံ့အပြားတွေ့ရှိရသည်။ ပအိုဝ်းတို့၏ အချက်အချာဒေသ ၂ ခုမှာ သံလွင်မြစ်အောက်ပိုင်း ပတ်ဝန်းကျင်ဒေသများနှင့် တောင်ပိုင်းရှမ်းပြည်ရှိ သထုံနယ်တို့ဖြစ်သည်။ မြန်မာနိုင်ငံ အောက်ပိုင်းရှိ ကျိုက္ခမီခရိုင်နှင့် သထုံခရိုင်တို့တွင် ပအိုဝ်းလူမျိုး အများဆုံး နေထိုင်ကြသည်။ တောင်ငူခရိုင်ပဲခူးခရိုင်ဖားအံခရိုင်ကယားပြည်နယ်နှင့် ကော့ကရိတ်မြို့နယ် လခတို့တွင်လည်း ပအိုဝ်းလူမျိုးမှား အနှံ့အပြား နေထိုင်ကြသည်။ မြန်မာနိုင်ငံမှအပ ထိုင်းနိုင်ငံကမ္ဘောဒီးယားနိုင်ငံများနှင့် မဲခေါင်မြစ် အောက်ပိုင်းဒေသတို့တွင်လည်း ပအိုဝ်းများ အထင်အရှား ရှိလေသည်။

မြန်မာနိုင်ငံတောင်ပိုင်း သထုံခရိုင်သည် ပအိုဝ်းတို့၏ မူလဇာတိဒေသဖြစ်သည်။ ဒဏ္ဍာရီပုံပြင်များအရ ပုဂံပြည်သို့ အနော်ရထာမင်း သုံ့ပန်းအဖြစ် ဖမ်းယူသွားသော သထုံပြည့်ရှင် မနူဟာမင်းသည် ပအိုဝ်းလူမျိုးဟု ဆိုသည်။ ပုဂံသို့ မနူဟာမင်း ပါသွားပြီးနောက် နိုင်ငံပြိုကွဲ၍ အချို့ပအိုဝ်းတို့သည် မြောက်ဘက်သို့ ရောက်သွားပြီးလျှင် ရှမ်းပြည်နယ် တောင်ပိုင်းတွင် သထုံနယ်သစ်ကို တည်ထောင်ကြသည်ဟု ဆိုသည်။ သထုံပြည်မှ ပြေးလာသော ပအိုဝ်းတို့သည် မြေလတ်တွင်လည်း အခြေစိုက်ကြသည်။ ပုဂံကျောက်စာတို့တွင် တောင်သူဟူ၍ ဖော်ပြပါရှိရကား ပုဂံခေတ်ကပင် ပအိုဝ်းနှင့် မြန်မာတို့ အဆက်အသွယ်ရှိသည်ဟု ယူဆရပေသည်။

ရှမ်းပြည်နယ် သထုံနယ်တွင် ပအိုဝ်းတို့သည် နန်းခေ၊ တတုတ်၊ ကွန်လောင်၊ တန်စန်နှင့် ခိုင်ဟူ၍ လူမျိုးစု ၅ စု ကွဲသည်ဟုဆိုသည်။ တစ်ခါတစ်ရံ ရှမ်းပြည်နယ်မှ ပအိုဝ်းတို့ကို ရှမ်းတောင်သူဟုလည်း ခေါ်ကြသည်။ ရှမ်းပအိုဝ်းတို့သည် မိမိတို့ကိုယ်ကို သထုံပန်းရင်ဟုလည်း ခေါ်ကြသည်။ ရှမ်းပြည်နယ်၊ သထုံနယ်ကိုလည်း အုပ်ချုပ်သူ မြို့စားသည် ပအိုဝ်းလူမျိုးဖြစ်သည်။

ပအိုဝ်းတို့သည် ကရင်ဘာသာစကားနှင့် နီးစပ်သော ဘာသာစကားကို ပြောဆိုကြသည်။ ကိုယ်ပိုင် စာပေရှိကာ အရွယ်ရောက်သူတိုင်း ပအိုဝ်းစာပေကို ဖတ်တတ်ကြသည်။ ပအိုဝ်းကလေးများသည် အစိုးရကျောင်းများတွင် ဒုတိယတန်း အောင်မြင်ပြီးပါက ပအိုဝ်းလိတ်မွူးခေါ်(သင်ပုန်းကြီး) ကို စတင် သင်ယူကြသည်။ ယခုအခါ ပအိုဝ်းစာပေပြန့်ပွားရေး ဗဟိုကော်မတီက ဆရာဖြစ် ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုသင်တန်းကို နှစ်စဉ်ကျင်းပပေးလျက်ရှိသည်။ ပအိုဝ်းတို့သည် ဗုဒ္ဓအယူဝါဒကို သက်ဝင်ယုံကြည်ကြသူများ ဖြစ်သည်။ ကျောင်းကန်ဘုရားများ တည်ဆောက်ကြသည်။ သို့သော် နတ်ကိုးကွယ်မှုကိုလည်း တွေ့ရသည်။ ရွာနတ်၊ အိမ်စောင့်နတ်များကို မပျက်မကွက် ပူဇော်ပသမှုလည်း ရှိသည်။

ယဉ်ကျေးမှု ဓလေ့ထုံးစံများ[ပြင်ဆင်ရန်]

ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပအိုဝ်းတိုင်းရင်းသား တို့သည် အနက် (သို့) နက်ပြာရောင်ဝတ်စုံကို အများဆုံးဝတ်ဆင်ကြသည်။ အောက်မြန်မာပြည်ရှိ ပအိုဝ်းတိုင်းရင်းသား တို့မူကား ဗမာ လူမျိုးကဲ့သို့ ဝတ်ဆင်ကြသည်က များလေသည်။ အနက်ရောင်၊ နက်ပြာရောင် ဝတ်ဆင်ကြခြင်းမှာ အနက်ရောင်သည် အပူကို စုပ်ယူနိုင်ခြင်း၊ အေးသောရာသီဥတုဒဏ်ကို ကာကွယ်နိုင်ခြင်း၊ ပေရေစွန်းထင်းမှု သက်သာခြင်း စသည်တို့ကြောင့်ပင် ဖြစ်သည်။ ထို့ပြင် ပအိုဝ်းတိုင်းရင်းသား တို့သည် အများအားဖြင့် မြင့်သောတောင်ပေါ်ဒေသတွင် နေထိုင်ကြသဖြင့် အအေးဒဏ်ကို ကာကွယ်နိုင်ရန်အတွက် အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ကြခြင်း ဖြစ်၏။ အနက်ရောင်သည် ပအိုဝ်းတိုင်းရင်းသားတို့၏ မူပိုင်အရောင်ပင် ဖြစ်လေသည်။

အနက်ရောင်၊ နက်ပြာရောင်ဝတ်စုံကို ဝတ်ဆင်ရာတွင် အဖိုးထိုက်တန်သော သက္ကလပ်များကို အထူးအလေးပေး ဝတ်ဆင်ကြ၏။ အမျိုးသား၊ အမျိုးသမီး ဝတ်စုံတစ်စုံသည် ယခုကာလ ဈေးနှုန်းအားဖြင့် ငါးသောင်းကျပ်ခန့်ရှိလေသည်။ အနက်ရောင်၊ နက်ပြာရောင် ဝတ်စုံကို ညီညာစွာ ဝတ်ဆင်ကြသဖြင့် ဂုဏ်တုဂုဏ်ပြိုင် ကင်းသည်ကို တွေ့ရပေသည်။

ဆွေမျိုးတော်စပ်ခြင်း[ပြင်ဆင်ရန်]

ပအိုဝ်းလူမျိုးတွင် မိန်းမ၏ မောင်နှင့်အစ်ကိုအား ‘ဖူးပေႏ နှင့် ဝေးခို’ ဟုခေါ်၍ ညီမ၏ယောက်ျားကိုလည်း ‘မက်’ ဟုပင်ခေါ်သည်။ ညီအစ်မ နှစ်ယောက်၏ ယောက်ျားကို ‘ဖာတန်’ ဟုခေါ်ပြီး၊ ညီမ၏ လင်ယောက်ျားကို ‘ဖာနင်’ ဟုခေါ်သည်။ အဖေ၏ ညီကို ‘ဖာနင်’၊ အမေ၏ အစ်ကို ကို ‘ဖာတန်’ ဟုခေါ်သည်။ အမေ၏မောင်ကို ‘ဖူ’(ဦးလေး) ဟုခေါ်သည်။ အဖေ၏ ညီမနှင့် အစ်မကိုလည်း ‘ဖူ’ ဟုခေါ်သည်။ အမေ၏ ညီမကို ‘မွိုးတန်’၊ အမေ၏ အမေကို ‘မွိုးဖြား’၊ ဇနီးသည်၏ ညီမကို ‘မွိုးနင်’၊ ဇနီးသည်၏ အစ်မကို ‘မွိုးတန်’ ဟုခေါ်သည်။

အမွေဆက်ခံခြင်း[ပြင်ဆင်ရန်]

မိဘနှစ်ပါးကွယ်လွန်သော် ကျန်ရှိပစ္စည်းများကို သားသမီးများအား ကျားမ ကြီးငယ်မခွဲခြားဘဲ ခွဲဝေယူကြသည်။ မိဘနှင့် နောက်ဆုံးအတူနေသူက အမွေကို ပိုရထိုက်သည်ဟု ယူဆကြသည်။ သားသမီးမြေးမြစ်မရှိမှသာ အနီးဆုံးဆွေမျိုးက ဆက်ခံနိုင်သည်။ မိဘ၏ နေအိမ်နှင့် မြေကွက်ကို အငယ်ဆုံးသားသမီးများအား ပေးလေ့ရှိသည်။ အမွေစား အမွေခံ မရှိဘဲ သေဆုံးသွားကြလျှင် ၎င်းတို့၏ ပစ္စည်းများကို ဘုန်းတော်ကြီးကျောင်းသို့ ပေးပို့ လှူဒါန်းလေ့ရှိသည်။

လူပျိုအပျိုဘဝနှင့် မင်္ဂလာလက်ထပ်ပွဲ[ပြင်ဆင်ရန်]

လူပျိုအပျိုဘဝသည် လူမျိုးတိုင်းတွင် ရှိကြသည်။ ပအိုဝ်းတိုင်းရင်းသားများ တွင်လည်း လူပျိုလှည့်သည့် ဓလေ့ရှိသည်။ လူငယ်များ လူပျိုလှည့်ရာတွင် မိမိရွာတွင်း၌၎င်း၊ တစ်ဦးချင်းဖြစ်စေ အပေါင်းအသင်းများနှင့် ဖြစ်စေ လှည့်လေ့ရှိသည်။ သူစိမ်းပြင်ပရွာ၌ အပျိုလှည့်လိုလျှင် ကာလသားခေါင်းဆောင်ထံတွင်ဖြစ်စေ၊ ရွာခံကာလသားတစ်ဦးကဖြစ်စေ လမ်းညွှန်ဦးဆောင်ပေးကြရသည်။ အိမ်ရှင်အပျိုအမျိုးသမီးအနေဖြင့် မိမိ၏အိမ် အလည်လာသော လူပျိုများအား သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ၊ လက်ခံစကားပြောပြီး ရေနွေးကြမ်၊ ကွမ်း၊ စားဘွယ်တစ်ခုခုဖြင့် ဧည့်ခံပေးရသည်။ လူပျိုလှည့် စကားပြောရန်မှာ နေအိမ်အတွင်းရှိ မီးဖိုနံဘေး၌ ဝိုင်းထိုင်၍ ပြောကြသည်က များသည်။ အချို့လည်း နေ့လယ်ယာလုပ်ငန်းခွင်များသို့ လှည့်လည်ကြသည်။ အမျိုးသားအနေဖြင့် အသက်(၁၆) နှစ် အရွယ်မှစ၍ လူပျိုလှည့်နိုင်ပြီး အမျိုးသမီးများအနေဖြင့် အသက်(၁၅) နှစ်တွင် အပျိုအဖြစ် သတ်မှတ်လေ့ရှိကြသည်။

စိတ်နေသဘောထားများ[ပြင်ဆင်ရန်]

ပအိုဝ်းတိုင်းရင်းသားများသည် ပဒေသရာဇ် အုပ်စိုးသူ လူတန်းစား၏ ဖိနှိပ်ညှဉ်းပန်းမှုနှင့် အခွန်အတုတ် မတရားအတင်း အဓမ္မကောက်ခံမှုများကြောင့် ၎င်းတို့နှင့် ကင်းဝေးရာ တောင်ပေါ်ဒေသများတွင် ရွှေ့ပြောင်းနေထိုင်ခဲ့ကြသည်။ ပင်ကိုစရိုက်အနေဖြင့် မိမိ၏ စားဝတ်နေရေးအတွက် လွတ်လပ်စွာ ပရိယေသန ရှာမီးလိုမှု စိတ်ဓာတ်အပြည့်ရှိကြသည်။ ပဒေသရာဇ်စနစ် ပပျောက်ပြီး ပအိုဝ်းများ တောင်ပေါ်ဒေသတွင် အတည်တကျ နေထိုင်လာကြသကဲ့သို့ မြေပြန့်ဒေသများသို့ဆင်း၍ လယ်ယာလုပ်ငန်း လုပ်ကိုင်အသက်မွေး ဝမ်းကြောင်း ပြုလာကြသည်။ ပအိုဝ်းများ၏ စိတ်နေသဘောထားများမှာ ရိုးသားမှုကို အရင်းခံကြသည်။ ပအိုဝ်းစကားပုံတစ်ခုက ‘ကုန်းမြင့်လျှင် ရေမတင်၊ ဂုဏ်မြင့်လျှင် လူမခင်’ ဟု ဆိုပေသည်။ ပအိုဝ်းများသည် အယုတ်အလတ် အမြတ်မရွေး၊ ဆင်းရဲ ချမ်းသာမရွေး၊ တပြေးညီစွာ တန်းတူရည်တူ ဆက်ဆံကြသည်။ ဓနဂုဏ်၊ ငွေဂုဏ်၊ ပညာဂုဏ်မောက်ခြင်းများ မရှိသလောက် နည်းပါးကြောင်း တွေ့ရသည်။

ကိုးကွယ် ယုံကြည်မှု[ပြင်ဆင်ရန်]

ပအိုဝ်းတိုင်းရင်းသားများသည် ဗုဒ္ဓဘာသာ စတင်ထွန်းကားရာ သုဝဏ္ဏဘူမိသထုံပြည်မှ ရှမ်းကုန်းပြင်မြင့်သို့ ရောက်ရှိပြီး ဗုဒ္ဓဘာသာ မျိုးစေ့ကို ဆက်လက် ထိန်းသိမ်းစောင့်ရှောက်လာခဲ့ကြသည်။ ပအိုဝ်းအများစုသည် ဗုဒ္ဓဘာသာကို ကိုးကွယ်ယုံကြည်ကြသည်။ အနည်းငယ်မျှသာ ခရစ်ယာန်ဘာသာကို ကိုးကွယ်ကြသည်။ ကြီးကျယ်ခမ်းနားသော ဘုန်းတော်ကြီးကျောင်းများကို ကျေးရွာတိုင်းတွင် တွေ့ရသည်။ ဘုရား၊ ကျောင်းကန်၊ ဇရပ်စသော သာသနာရေးဆိုင်ရာ အဆောက်အအုံများကို မိမိချွေးနည်းစာလုပ်အားခမှ စုဆောင်းထားသော ငွေကြေးများဖြင့် ဆောက်လုပ်လှူဒါန်းကြသည်။