မြန်မာနှင့် ဗမာ

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

မြန်မာ(Myanmar) နဲ့ ဗမာ (Burma) ဟာ နိုင်ငံကို ခေါ်ဝေါ် ညွှန်းဆိုတဲ့ အင်္ဂလိပ် မြန်မာ မူကွဲနှစ်မျိုးစလုံးမှာ ရှေး ဓားမဦးချ အခြေချ မှီတင်း နေထိုင်နေတဲ့၊ မြန်မာ မဟုတ်တဲ့ တခြား တိုင်းရင်းသား လူမျိုးစု အားလုံးကို ကိုယ်စားပြု ဖော်ဆောင်နိုင်မှု အားနည်းနေသည်။ လွတ်လပ်ရေး ခေတ်ဦး ပါလီမန် ဒီမိုကရေစီခေတ်၊ စစ်တပ် ကြီးစိုးချိန်တော်လှန်ရေး ကောင်စီ၊ မဆလ တပါတီ အာဏာရှင် ခေတ်တွေမှာ ခေါ်ဝေါ်ခဲ့သည့် နိုင်ငံနာမည် မြန်မာလို “မြန်မာ” အင်္ဂလိပ်လို “Burma” နဲ့ နဝတ၊ နအဖ စစ်အစိုးရခေတ် လက်ရှိ အချိန်အထိ ကျင့်သုံးတဲ့ မြန်မာလို “မြန်မာ”၊ အင်္ဂလိပ်လို “Myanmar” နှစ်ခုစလုံးဟာ နိုင်ငံမှာရှိသည့် မြန်မာလူမျိုး တမျိုးတည်း ကိုသာ အဓိက ညွှန်းဆိုနိုင်တဲ့ အတွက် ပဒေသရာဇ် ခေတ်လို အင်အားကြီး၊ အရေ အတွက်များသူ ဦးဆောင် ချယ်လှယ်စတမ်း လူမျိုးကြီးဝါဒ သဘော၊ တိုင်းပြည်ကို မြန်မာလူမျိုး တစုတည်းကသာ ပိုင်သလို ဖြစ်နေလို့ပါ။ မူကွဲ နှစ်ခုစလုံးရဲ့ နိုင်ငံနာမည် မြန်မာလိုအခေါ် “မြန်မာ” ဟာ မြန်မာ မဟုတ်တဲ့ တိုင်းရင်းသား အားလုံးနဲ့ သမိုင်း အစဉ်အဆက် ဘယ်လိုမှ ဆက်နွှယ်မှု မရှိခဲ့ပါဘူး။ ဗြိတိသျှ ကိုလိုနီ မဖြစ်ခင်အထိ နိုင်ငံ နယ်နိမိတ် အတွင်း နေထိုင်နေတဲ့ မြန်မာ အပါအဝင် တိုင်းရင်းသား တွေဟာ အပြန်အလှန် ပဒေသရာဇ်ခေတ် အင်ပါယာ ချဲ့ထွင်မှု သဘောအရ အတူယှဉ်တွဲ နေထိုင်ရသည့် ကာလတွေ ရှိသော်ငြားလည်း တကယ့် သဘော အနေနဲ့က သီးသန့် ပဒေသရာဇ် နိုင်ငံလေးများ အသွင်၊ ကိုယ့်ထီး ကိုယ့်နန်း နဲ့ နေခဲ့ကြတဲ့ အတွက် “မြန်မာနိုင်ငံ” ဆိုတဲ့ အခေါ်ဟာ တခြား တိုင်းရင်းသား အားလုံးနဲ့ ပတ်သက်စရာ အကြောင်းလည်း မရှိပါဘူး။ မြန်မာစကား အရေးနဲ့ အပြော နှစ်ခုစလုံးမှာ မြန်မာ လူမျိုးကို ခေါ်တဲ့ အခေါ်အဝေါ်က “မြန်မာ” နဲ့ “ဗမာ” ဆိုပြီး နှစ်မျိုးစလုံး ရော ရောနေသည်။ ယေဘုယျ အားဖြင့် “မြန်မာ” ကို အရေးမှာ သုံးလေ့ရှိပြီး အပြောမှာတော့ “ဗမာ” လို့ သုံးကြသည်။ ဒါဟာ တခြားသော အရှေ့တောင် အာရှ နိုင်ငံတွေရဲ့  ဘာသာစကား များမှာလည်း တွေ့နိုင်သည့် အရေးနဲ့ အဖတ် အဓိပ္ပာယ်တူ စကားလုံး တချို့ ကွဲနေခြင်း ဖြစ်သည်။ မြန်မာ စာပေ ပေါ်ထွန်းချိန်ကစပြီး လူမျိုးအခေါ် “မြန်မာ”  “ဗမာ” အသုံးဟာ ရောထွေးနေပါသည်။ သို့သော် “မြန်မာ” က မူလ ဖြစ်သည်။ ခုအခေါ် မြန်မာ (ဗမာ) ဖြစ်လာမယ့် သူတွေဟာ လက်ရှိနိုင်ငံ နယ်နိမိတ် အရှေ့ဘက် တောင်ပေါ် ဒေသကနေ အလယ်ပိုင်း မြေပြန့်ကို ၉ ရာစုမှာ ဝင်တယ်၊ ပုဂံမှာ အခြေပြုတယ်။ သူတို့ကို မြေပြန့်မှာ ရှေးဦး ရှိနေပြီး ဖြစ်တဲ့ မွန်တွေက “မရမာမိုင်းရ်မာ” (Mirma / Mranma) လို့ ခေါ်တယ်။ ဒီအချက်ကို လက်ရှိ အချိန်အထိ ကျန်ရှိနေသေးတဲ့ အထဲမှ ရှေးအကျဆုံး မွန်ဘာသာနဲ့ ရေးထားသည့် မွန်ကျောက်စာ (၁၁၀၂) မှာ တွေ့နိုင်သည်။ ရှေး မြန်မာတွေ အလယ်ပိုင်းကို အခြေချ နေထိုင်ပြီးနောက် ပျူ၊ မွန်တွေ ဆီကတဆင့် အိန္ဒိယ အက္ခရာကို အခြေခံတဲ့ စာပေကို ရလို့ သူတို့ ကိုယ်တိုင် မှတ်တမ်းတွေ ရေးလာ နိုင်ရာမှာလည်း သူတို့ လူမျိုးနာမည်ကို မွန်တွေ ခေါ်တဲ့နာမည် အတိုင်းပဲ သုံးသည်။ ဒါကို လက်ရှိ ရှာဖွေတွေ့ရှိလို့ရတဲ့ အထဲက နာမည် အခေါ်နဲ့ သက်ဆိုင်တဲ့ ရှေးအကျဆုံး မြန်မာ ဘာသာနဲ့ ရေးထိုးထားသည့် မြန်မာကျောက်စာ (၁၁၉၀) မှာ တွေ့နိုင်သည်။ နောက်ပိုင်း မြန်မာဘာသာ စကားမှာ “ရ (Ra)” သံ ထည့်ရွတ်တာ ပျောက်ကွယ်သွားတဲ့ အတွက် “မရမာ၊ မိုင်းရ်မာ” (Mirma/Mranma) ကနေ “မြမ္မာ၊ မြန်မာ” (Myanmar) ဆိုပြီး လက်ရှိသိတဲ့ လူမျိုးနာမည် “မြန်မာ” အဖြစ် ပြောင်းသွားခဲ့သည်။ (စကားချပ် – မြန်မာ စကားနဲ့ ဘာသဗေဒ သဘောတူတဲ့ ရခိုင်ထားဝယ်နဲ့ ယော လူမျိုးတွေရဲ့ အသုံးမှာ မျက်မှောက် ခေတ်အထိ “ရ (Ra )” သံ ထည့်ရွက်နေဆဲဆိုတာ သတိပြုနိုင်သည်။ ရှေးမြန်မာတွေဟာ ပျူမွန်အိန္ဒိယ တို့ဆီက ယဉ်ကျေးမှု၊ စာပေ တင်သာမက ကိုးကွယ်ယုံကြည်မှု ဘာသာတရားပါ ရရှိခဲ့တဲ့အတွက် ကိုးကွယ်ယုံကြည်မှုနဲ့ ဆက်နွှယ်သည့် “ဗြဟ္မာ” က ဆင်းသက်တဲ့ သဘော “ဗြဟ္မာ” လူမျိုး၊ တဆင့် “ဗမာ” လူမျိုး ဆိုပြီး လူမျိုး နာမည် အသစ် မူကွဲ တမျိုးအနေနဲ့လည်း ထပ်ပေါ်လာသည်။ တွေ့ရှိရသည့် သမိုင်း ကျောက်စာ အထောက်အထား၊ သုတေသန အရ စဝင်လာခဲ့တဲ့ အချိန်မှာ “မြန်မာ” လို့သာ ခေါ်တဲ့အတွက် လူမျိုးနာမည် အနေနဲ့ “မြန်မာ” က မူလ၊ “ဗမာ” က ဆင့်ပွားဖြစ်တယ်ဆိုတာ ထင်ရှားသည်။ ရှေးမြန်မာတွေ မြေပြန့်ကို စဝင်လာတဲ့ အချိန်မှာ နိုင်ငံ မရှိသေးပါဘူး။ နောက်ပိုင်း အင်အား ကြီးမားလာပြီး ပုဂံ ပဒေသရာဇ် လက်နက် နိုင်ငံတော် အင်ပါယာကို ချဲ့ထွင်ရင်းနဲ့ ပုဂံ နိုင်ငံတော်ကြီး၊ တနည်း အားဖြင့် ပထမ မြန်မာနိုင်ငံတော် ပေါ်ဖောက်လာသည်။ ကျန်ရှိနေသေးတဲ့ ကျောက်စာ မှတ်တမ်းတွေအရ နိုင်ငံကို “မြန်မာပြည်” လို့ တိုက်ရိုက် တပ်ခေါ်တာကို နရပတိစည်သူ / ဒုတိယ စည်သူ (၁၁၆၅-၁၂၁၁) ရဲ့ မြေး၊ ဇေယျသိင်္ခခေါ် နားတောင်းများမင်း (ထီးလို မင်းလိုမင်း) ရဲ့သား၊ ကျစွာမင်း (၁၂၃၄-၁၂၅၀) လက်ထက်က မြန်မာ ဘာသာနဲ့ ရေးထိုးတဲ့ ကျောက်စာ မှတ်တမ်းမှာ အထင်အရှား တွေ့နိုင်သည်။ တိုင်းရင်းသား အားလုံးဖြစ်သည့် မွန်၊ မြန်မာ၊ ရခိုင်၊ ရှမ်း၊ ပအို့ဝ်၊ ကရင်၊ ကချင်၊ ချင်း အစရှိတဲ့ သူတွေနဲ့ နိုင်ငံခြားကနေ လာရောက် အခြေချ နေထိုင်သူ တရုတ်၊ အိန္ဒိယ စတဲ့ လူမျိုးစုံ ပူးပေါင်း ပါဝင်ခဲ့သည့် ကိုလိုနီ ကျွန်ဘဝ လွတ်မြောက်ရေး ကြိုးပမ်းမှုခေတ်မှာ သခင် ဘသောင်း (၁၉၀၂ – ၁၉၈၀) ဦးဆောင်တဲ့ လူမျိုးစုံ ပါဝင်တဲ့ သခင်ကြီးတွေရဲ့ “ဒို့ဗမာ အစည်းအရုံး” က တနိုင်လုံးမှာ ရှိသည့် လူမျိုး အသီးသီးရဲ့ အမျိုးသားရေးစိတ် နိုးကြားလာစေဖို့ နှိုးဆော်ရာမှာ ဒီနိုင်ငံဟာ “မြန်မာ” နိုင်ငံမဟုတ်၊ “မြန်မာ” တမျိုးတည်း မပိုင်၊ “မြန်မာ” အပါအဝင် တိုင်းရင်းသား အားလုံးနဲ့ လူနည်းစု လူမျိုးစုများ ပိုင်တဲ့ နိုင်ငံဖြစ်တဲ့ အတွက် “ဗမာ” နိုင်ငံ လို့သာ ခေါ်ဆိုရမယ် ဆိုပြီး “ဒို့ဗမာ အစည်းအရုံး ကြေညာစာတမ်း” မှာ အတိအလင်း ရေးသား ဖော်ပြခဲ့သည်။ အဖွဲ့အစည်း နာမည်ကိုလည်း အားလုံးကို ကိုယ်စားပြုနိုင်တဲ့ သဘော “ဒို့ဗမာ အစည်းအရုံး” လို့သာ ပေးခဲ့ပြီး “ဒို့မြန်မာ အစည်းအရုံး” လို့ မခေါ်တွင်စေခဲ့ပါ။ ဒါဟာ မြန်မာအပါဝင် တခြား လူမျိုးစုတွေ မှီတင်းနေထိုင်နေတဲ့ နိုင်ငံရဲ့  နာမည်ကို သမိုင်း အထောက် အထားနဲ့ ဘာသာဗေဒ သဘောအရလည်း ဆီလျော်ပြီး မြန်မာ လူမျိုးနာမည် အစမူလ ဖြစ်တဲ့ “မြန်မာ” ကို မသုံးဘဲ ဆင့်ပွားမူ “ဗမာ” ကိုသာ “ဒို့ဗမာ အစည်းအရုံးကြီး” က သုံးဖို့ ညွှန်းဆိုခဲ့ခြင်းပါ။ တကယ် သုံးခဲ့ခြင်းဟာ မြန်မာ မဟုတ်တဲ့ အခြားလူမျိုးစုများ အတွက်လည်း ခေတ်အခြေအနေအရ ကျေနပ်လက်ခံစရာ ဖြစ်ခဲ့ရသည်။ “ဒို့ဗမာ အစည်းအရုံး” က မွေးထုတ်လိုက်သည့် အမည်နာမကို သုံးတဲ့ ဂျပန်ခေတ် နိုင်ငံရဲ့  တရားဝင် နာမည်ဟာ “ဗမာနိုင်ငံတော်” ဖြစ်ခဲ့သည်။ ဗြိတိသျှ ကိုလိုနီ ဘဝကနေ လွတ်မြောက်လာပြီး အပြည့်အဝ လွတ်လပ်ရေး ယူသည့် အချိန်မှာတော့ “ဒို့ဗမာ အစည်းအရုံး” ခေတ်က တည်ဆောက် ထားနိုင်ခဲ့သည့် မြန်မာနဲ့ တခြား တိုင်းရင်းသားတွေရဲ့  စည်းလုံးညီညွတ်မှု၊ သာတူညီမျှ၊ ဥမကွဲ သိုက်မပျက် စိတ်ဓာတ်နဲ့ အနှစ်သဘောတွေဟာ နယ်ချဲ့ရဲ့ သွေးထိုးမှု၊ ဘက်နှစ်ဘက် စလုံးရဲ့ လူမျိုးရေး သူငယ်နာ မစင်မှုနဲ့ နိုင်ငံရေး သဘောတွေကြောင့် မှေးမှိန်လာခဲ့သည်။ လွတ်လပ်တဲ့ နိုင်ငံရဲ့  အခြေခံ အုတ်မြစ်ဖြစ်တဲ့ ပထမဆုံး ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေ (၁၉၄၇) မှာ ပြည်ထောင်စု စစ်စစ် မူ မျှတတဲ့ ပြည်နယ်၊ အာဏာ၊ ခွဲဝေမှု အုပ်ချုပ်ရေး သဘော နဲ့ အကြိုသဘော တူညီထားခဲ့သည့် ပင်လုံ ကတိကဝတ် တွေကို အပြည့်အဝ မဖော်ဆောင်နိုင် ဖြစ်ခဲ့ရပြီး ရှေးယခင် ပဒေသရာဇ် ခေတ်မှာ ကတည်းက အပြန်အလှန် အင်ပါယာ ချဲ့ထွင်မှုကြောင့် အရင်းတည်ခဲ့သည့် လူမျိုးစုချင်း မယုံကြည်နိုင်မှု သံသယနဲ့ အမုန်းဟာ ပြန်လည် အသက်ဝင် လာခဲ့သည်။ လွတ်လပ်ရေး ရရချင်းမှာ မြန်မာ အများစုနဲ့ ဖွဲ့စည်းထားသည့် အစိုးရနဲ့ တချို့ လူမျိုးစုတွေနဲ့လည်း စတင်ပြီး ပြည်တွင်းစစ်ပွဲ ဖြစ်ခဲ့သည်။ ဒီလို လွတ်လပ်ရေး ခေတ်ဦး ဝါဒရေးရာ စစ်ပွဲ၊ နိုင်ငံရေး၊ လူမျိုးရေးရာ သဘောဆောင်တဲ့ စစ်ပွဲတွေကြောင့် “တိုင်းပြည်ကနုနု မုန်တိုင်းကထန်ထန်” ဖြစ်နေတဲ့ကာလ၊ မြန်မာနဲ့ တခြား တိုင်းရင်းသားတွေအကြား နိုင်ငံရေး သဘောတူညီမှု အတွက် အပြည့်အဝ ညှိမရသေးတဲ့ အချိန်မှာ လူမျိုးကြီး ဝါဒ သဘောဆောင်သည့်၊ အများစု မြန်မာတွေကိုသာ ကိုယ်စားပြုတဲ့ နိုင်ငံနာမည် “မြန်မာ” ဟာလည်း ပြန်လည် အသက်ဝင် လာခဲ့သည်။ လွတ်လပ်တဲ့ နိုင်ငံရဲ့ ခေတ်ဦး ပါလီမန်ဒီမိုကရေစီ အစိုးရမှာ တိုင်းရင်းသားတွေလည်း အထိုက်အလျောက် နေရာရခဲ့သည်။ အခြေခံဥပဒေ အရ နိုင်ငံ့အုပ်ချုပ်ရေးမှာ အာဏာ မရှိတဲ့ သမ္မတ ရာထူးတွေဟာ တိုင်းရင်းသားတွေချည်း ရခဲ့သည်။ တိုင်းရင်းသား အခွင့်အရေးကို လေးစားတယ်လို့ ဆိုနိုင်ပေမယ့် အထက်မှာ ဆိုခဲ့သလို ရှုပ်ထွေးခဲ့သည့် မွေးကင်းစ တိုင်းပြည်မှာ ပြည်ထောင်စု စစ်စစ် ပင်လုံ အနှစ်သာရဟာ အပြည့်အဝ မဖော်ဆောင်နိုင် ခဲ့တဲ့အပြင် လူမျိုးကြီးဝါဒ သဘောဆောင်တဲ့ တိုင်းရင်းသား လူမျိုးစုရဲ့ အာဏာနဲ့ လုပ်ပိုင်ခွင့်ကို ဝင်ရောက်ချယ်လှယ်တာ၊ တိုင်းပြည်ရဲ့ အရင်းအမြစ်တွေကို မျှမျှတတ မခွဲဝေတဲ့ သဘောတွေဟာ တဖြည်းဖြည်းနဲ့ အခြေ တည်လာခဲ့သည်။ မြန်မာလူမျိုးကြီး ဝါဒဟာ ခေတ်ဦး ပါလီမန် ဒီမိုကရေစီ စနစ်မှာ အဓိက မကျင့်သုံး၊ မရှင်သန်ခဲ့ပေမယ့် အာဏာရပါတီရဲ့ စစ်တပ်နဲ့ နီးစပ်တဲ့ အစိတ်အပိုင်း တချို့မှာတော့ အဲဒီ သဘောနဲ့ အတွေးအခေါ် တွေကို စတင်တွေ့ခဲ့ရသည်။ တိုင်းပြည်ကို ချောက်ထဲ လုံးလုံး ကျစေခဲ့တဲ့ စစ်အာဏာရှင်စနစ် စတင်ကျင့်သုံးတဲ့ ကာလမှာတော့ စစ်အာဏာရှင် အဆက်ဆက်ဟာ လူအများစု ထောက်ခံမှုကို ရနိုင်ဖို့အတွက် အမျိုးသားရေး စိတ်ဓာတ်ကို အလွဲသုံးစားလုပ်ပြီး လူမျိုးကြီးဝါဒ အတွေးအခေါ်၊ သဘောတရား တွေကို စိတ်ကြိုက် ဖန်တီးထားသည့် စာပေ၊ ရုပ်ရှင်၊ သမိုင်း၊ ပညာရေးစနစ် စတဲ့ လူထု ဝါဒဖြန့်ချိရေး ကြားခံတွေမှာ အကြီးအကျယ် သွတ်သွင်းခဲ့သည်။ ဒါကြောင့် တိုင်းရင်းသား ပြဿနာ ပိုမို အမြစ်တွယ်ပြီး ဖြေရှင်းမရ ဖြစ်ခဲ့မှုနဲ့ အတူ အကျိုးဆက် များစွာထဲက တခုကတော့ နိုင်ငံနဲ့ အများစု ရှိတဲ့ လူမျိုးရဲ့ နာမည်ဟာ မူရင်းနဲ့ ပြောင်းပြန် ဖြစ်ခဲ့ရသည်။ နိုင်ငံကို “မြန်မာ”၊ လူမျိုးကို “ဗမာ” ဆိုပြီး နိုင်ငံကို “မြန်မာ” လူမျိုးသာ သီးသန့် ကိုယ်စားပြုတဲ့ နာမည် သုံးသလို၊ လူမျိုး နာမည်ကိုလည်း ဒုတိယမူကွဲ “ဗမာ” အဖြစ် သတ်မှတ်ခြင်းဖြင့် အမှန်တရားဟာ ပြောင်းပြန်လုပ်၊ လူမျိုးကြီး ဝါဒ ဇာတ်သွင်းခြင်း ခံခဲ့ရသည်။ ဒါဟာ နိုင်ငံနာမည်နဲ့ လူမျိုးနာမည် မြန်မာလို အခေါ်ရဲ့ “အမှန်” “အမှား” သမိုင်းမှန်ပဲ ဖြစ်သည်။ နိုင်ငံနာမည် အင်္ဂလိပ်လို အခေါ်ကို “Burma” ကနေ “Myanmar” လို့ ပြောင်းတာကတော့ ၁၉၈၉ နဝတ စစ်အစိုးရခေတ်မှာ ဖြစ်ခဲ့သည်။ ရှစ်လေးလုံး အရေးတော်ပုံကြီး အတွင်း ရှေ့တန်းက ဦးဆောင်ခဲ့တဲ့ ကျောင်းသားတွေ အကြား အဖွဲ့ တည်ထောင်မှု အကွဲ (ဗကသ/ မကသ အကွဲ) ကို ပိုမို သပ်လျှို သွေးထိုးလိုစိတ်နဲ့ အာဏာရှင်ဟောင်း ဦးနေဝင်း အမွေခံ ဗိုလ်ချုပ်ကြီးခင်ညွန့်က ပညာရှင်တွေ ပါတဲ့ ကော်မရှင် တခုဖွဲ့ပြီး ဇွတ်အတင်း ပြောင်းစေခဲ့သည်။ ကော်မရှင်က နိုင်ငံ နာမည်ကို အင်္ဂလိပ်လို “Myanmar” လို့သာ ခေါ်သင့်ကြောင်း အခြေအမြစ်မရှိ၊ မခိုင်လုံတဲ့ အကြောင်းပြချက် ၃ ချက် ပေးခဲ့သည်။ အဲဒီအထဲက မခိုင်လုံဆုံး အချက်ကတော့ မြန်မာလို နိုင်ငံနာမည် “မြန်မာ” ဟာ တိုင်းရင်းသား အားလုံးကို ကိုယ်စားပြုတယ်၊ ဒါကြောင့် အင်္ဂလိပ်လို မှာလည်း မြန်မာ အသံထွက်ကို တိုက်ရိုက် အင်္ဂလိပ် စာလုံး ပေါင်းတဲ့ “Myanmar” လို့ သုံးမယ်ဆိုတဲ့ အချက်ဖြစ်သည်။ အဲဒီ အချက်ဟာ အထက်မှာ ရှင်းပြခဲ့တဲ့ မြန်မာလို “မြန်မာ” ရဲ့ အဓိပ္ပာယ်ဟာ တိုင်းရင်းသား အားလုံးကို ဘယ်လိုနည်းနဲ့မှ ကိုယ်စားမပြုနိုင်တဲ့ အတွက် အင်္ဂလိပ်လို “Myanmar” ဟာလည်း တိုင်းရင်းသားအားလုံးကို ညွှန်းဆိုနိုင်စရာ အကြောင်းမရှိပါ။ အစဉ်အဆက် နိုင်ငံနာမည်ကို “Burma” လို့ပဲ သုံးစွဲလာခဲ့သည်။ ဗမာနိုင်ငံသား အားလုံးပါဝင်တဲ့ အဖွဲ့အစည်း တွေကိုလည်း အင်္ဂလိပ်လို “Burma” လို့ပဲ တပ်ခဲ့သည်။ စစ်အစိုးရ တည်ထောင် ခဲ့တဲ့ “မဆလ” ပါတီ ကိုယ်တိုင်လည်း အင်္ဂလိပ် အမည်ကို “BSPP” ဆိုပြီး “Burma” နာမည် သုံးခဲ့သည်။ နိုင်ငံနာမည် အင်္ဂလိပ်လို “Burma” ဟာ ကိုလိုနီ ဖြစ်ခဲ့ခြင်းက အစပြုခဲ့သည်။ အိန္ဒိယမှာရှိတဲ့ လူမျိုးတွေက မြန်မာ (ဗမာ) တွေကို ဗရမာ၊ ဗြဟ္မာ၊ စာကို ဘာရမီလို့ ခေါ်ကြသည်။ ဒါဟာ မြန်မာ (ဗမာ) တွေ မိမိကိုယ်ကိုယ် ညွှန်းဆိုတဲ့ စကား (စာပေ မဟုတ်) အရ သူတို့နဲ့ နီးစပ်တဲ့ အသံထွက်နဲ့ ခေါ်ဆိုခြင်း ဖြစ်နိုင်သလို၊ ဗြဟ္မာ အယူအဆကို လက်ခံသည့် လူမျိုးတွေလို့ ညွှန်းဆို ခေါ်ဝေါ်ခြင်းလည်း ဖြစ်နိုင်သည်။ ဒီ အိန္ဒိယ အခေါ်ကို ၁၆၊ ၁၇ ရာစုလောက်မှာ ပူတကေ (ပေါ်တူဂီ) လူမျိုးတွေက မွေးစားပြီး မြန်မာ (ဗမာ) တွေကို သူတို့ အသံထွက်နဲ့ ဘာမင်နီယား (Birmania) လို့ ခေါ်သည်။ ဒီအခေါ်ကိုပဲ အင်္ဂလိပ်တွေက (၁၈) ရာစု လောက်မှာ ထပ်မံမွေးစားပြီး မြန်မာ (ဗမာ) တွေ နေထိုင်တဲ့ နေရာဟာ ဘားမား (Burma) ဖြစ်လာသည်။ နိုင်ငံ နာမည် “Burma” ဖြစ်ခဲ့ခြင်း သဘောက ကိုလိုနီ စဖြစ်ခဲ့တဲ့ အချိန်နဲ့ သက်ဆိုင်သည်။ ကိုလိုနီ စဖြစ်ချိန်မှာ မြန်မာ ကုန်းဘောင် မင်းဆက် လက်နက်နိုင်ငံတော် အင်ပါယာရဲ့ အာဏာဟာ မျက်မှောက်ခေတ် နိုင်ငံ နယ်နိမိတ်မှာရှိတဲ့ နေရာ အများစုလို့ ဆိုနိုင်တဲ့အထိ သက်ရောက်နေပြီ ဖြစ်သည်။ ရခိုင်နဲ့ မွန် နိုင်ငံတွေဟာ လုံးလုံး မြန်မာကုန်းဘောင်မင်း နိုင်ငံရဲ့ လက်အောက် ကို ရောက်နေပြီ ဖြစ်သည်။ ဒီအနေအထားမှာ ဗြိတိသျှ အင်ပါယာနဲ့  မြန်မာကုန်းဘောင်ဘုရင် အင်ပါယာတို့ အင်္ဂလိပ်-မြန်မာ ပထမစစ် (၁၈၂၄-၁၈၂၆) စ ဖြစ်သည်။ မြန်မာက စစ်ရှုံးလို့ စစ်ပြေငြိမ်းရာမှာ သူတို့ နယ်ချဲ့သိမ်းပိုက် ထားတဲ့ နယ်မြေတချို့ဖြစ်တဲ့ ရခိုင်နဲ့ တနင်္သာရီကို အင်္ဂလိပ်လက်ထဲ လွှဲလိုက်ရသည်။ အဲဒီမှာ အင်္ဂလိပ်က မြန်မာ (ဗမာ) ထံကနေ ရလိုက်သည့် အတွက် အဲဒီ နယ်မြေတွေကို အောက် ဗမာပြည် (Lower Burma) ဆိုပြီး နာမည်ပေးပြီး ဗြိတိသျှ အိန္ဒိယ လက်အောက်ကို ထည့်လိုက်သည်။ ဗမာနိုင်ငံ (Burma) ဆိုတဲ့ နိုင်ငံအမည် အခေါ်ဟာလည်း မြန်မာ လူမျိုးအပေါ်မှာသာ အခြေပြု ပေါ်လာခဲ့တဲ့အတွက် မြန်မာလူမျိုးတမျိုးတည်းသာ ကိုယ်စားပြုသလို ဖြစ်နေနိုင်သေးတဲ့ အတွက် နောက်ကို တိုင်းပြည်မှာ မြန်မာ မဟုတ်တဲ့ တခြား လူမျိုးစု အသီးသီးရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ပီပီပြင်ပြင် သီးသီးသန့်သန့် ဖော်ဆောင်ခွင့်ရတဲ့ ဖယ်ဒရယ် ပြည်ထောင်စု စစ်စစ် ဖော်ဆောင်နိုင်တဲ့ အချိန်ကျရင် ဒီ နိုင်ငံ အမည် ဗမာနိုင်ငံ (Burma) ဆိုတဲ့ သဘောကို ပြည်သူလူထု ဆန္ဒ၊ အထူးသဖြင့် လူနည်းစု လူမျိုးစုတွေရဲ့ ဆန္ဒ သဘော တောင်းခံပြီး ပညာရှင်တွေရဲ့ အကြံပြုချက်နဲ့ အညီ ပြုပြင်ပြောင်းလဲဖို့၊ ဒါမှမဟုတ် ထပ်မံ ဖြည့်စွက်ဖို့ လုပ်ဆောင်ရမှာ ဖြစ်ပါသည်။

ကိုးကား[ပြင်ဆင်ရန်]

[၁] [၂] [၃] [၄] [၅] [၆] [၇] [၈]

[၉]

  1. Hall, DGE,  "Pre-Pagan Burma", (3rd Edition), (1960)
  2. Ammon, Ulrich, “Sociolinguistics: An International Handbook of the Science of Language and Society”, Volume 3/3, (2nd Edition), (2004)
  3. Houtman, Gustaaf, “Mental culture in Burmese crisis politics”, ILCAA Study of Languages and Cultures of Asia and Africa Monograph Series No. 33, Institute for the Study of Languages and Cultures of Asia and Africa, (1999)
  4. Dittmer, Lowell, “Burma Or Myanmar? The Struggle for National Identity”, World Scientific, (2010)
  5. Thant Myint-U, “The River of Lost Footsteps--Histories of Burma”, (2006)
  6. Thant Myint-U, “The Making of Modern Burma”, (2001)
  7. Ma Thanegi, “Defiled on the Ayeyarwaddy: One Woman's Mid-Life Travel Adventures on Myanmar's Great River”, (2011)
  8. တင်မောင်သန်း၊ “သခင်နိုင်ငံတော်”၊ (၂၀၀၂)
  9. http://www.burmesenu.com/2012/07/blog-post_7593.html