ဇေယျသိင်္ခ

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

သက္ကရာဇ် ၅၅၉ (အေဒီ ၁၁၉၇) တွင် နရပတိစည်သူသားတော်ဖြစ်သော ဇေယျသိင်္ခ ခေါ် နန်းတောင်းများမင်း နန်းတက်တော်မူလေသည်။ (ရာဇဝင် တချို့တွင် မင်းသားသည် ငယ်စဉ်က နားတောင်းကို စိန် စသော ရတနာမျိုးစုံဖြင့် အများအပြား ဝတ်ဆင်သောကြောင့် နန်းတောင်းများမင်း ဟု ခေါ်ဆိုကြသည် ဟု မှတ်ကြကုန်လေသည်။) ဇေယျသိင်္ခမင်းကို ထီးလိုမင်းလို ဟုလည်း ခေါ်ဆိုကြသည်။ [၁]

ရာဇဝင်လာ[ပြင်ဆင်ရန်]

နရပတိစည်သူမင်းလက်ထက်တွင် မင်းကြီးသည် လက်ညှိုးတွင် ခူနာပေါက်ရာ မအိပ်နိုင်သဖြင့် မိဖုရားငယ်တစ်ပါးက ငုံထားပေးမှ သက်သာ၍ အိပ်ရ၏။ တစ်ညတွင် ငုံထားစဉ် ပြည်ပေါက်ရာ ဘုရင်နိုးမည်စိုး၍ မိဖုရားငယ်က မြိုချလိုက်သည်။ ထို့ကြောင့် ဘုရင်က ကျေးဇူးတင်သဖြင့် ဆုတောင်းစေရာ သားတော် ဇေယျသိင်္ခကို နန်းမွေပေးပါဟု တောင်း၏။

နရပတိစည်သူလည်း ကတိအတိုင်း အထွေးဆုံး သားငယ်ကို အိမ်ရှေ့အရာ ပေးခဲ့သည်။ နတ်ရွာစံခါနီးအချိန်တွင် သားတော်ကြီးများနှင့် ပြည်သူများ စိတ်ကျေနပ်မှု ရှိစေရန် သားတော်ငါးပါး၏ အလယ်တွင် ထီးဖြူတော် စိုက်၍ မင်းဖြစ်ထိုက်သူဘက်သို့ ထီးဖြူလဲစေသတည်း ဟု အဓိဌာန်ရာ သုံးကြိမ်စလုံး ထီးဖြူသည် ဇေယျသိင်္ခ ဘက်သို့သာ ယိုင်လေသည်။ ထို ဇေယျသိင်္ခ မင်းသားအား နောင်တော်ကြီး လေးပါးစလုံးကလည်း ကြည်ဖြူ၏။ ပြည်သူအများကလည်း နှစ်သက်၏ ။ ထို့ကြောင့် ဇေယျသိင်္ခအား ထီးလို မင်းလိုမင်း ဟု ခေါ်တွင်ကြသည်။

ထို ထီးဖြူ စိုက်၍ အဓိဌာန်သော နေရာကို စေတီတည်ရာ ထီးလိုမင်းလိုစေတီဟူ၍ အမည်တွင်လေ၏ ။

ဇေယျသိင်္ခမင်းကြီးသည် မင်းဖြစ်လျှင် ဖခမည်းတော် မှာကြားသည့်အတိုင်း ပြုလုပ်တော်မူလေသည်။ နောင်တော်တို့ကိုလည်း နေ့တိုင်း သွား၍ တိုင်းရေး၊ ပြည်ရေး တို့ကို တိုင်ပင်လေသည်။ ထိုမျှမက မင်းကျင့်တရား နှင့် ပြည့်စုံသောကြောင့် ပြည်သူတို့ ချစ်ကြလေကုန်သည်။ ဇေယျသိင်္ခကား အဆင်းလည်း လှသည်။ သီလ၊ သမာဓိ၊ ပညာနှင့်လည်း ပြည်စုံလေသည်။ မင်းကြီးသည် တစ်ရံရောအခါ ဥရုံမြို့သို့ ရတနာရွှေဖောင်နှင့် စုန်တော်မူရာတွင် မိဖုရားအိမ်တော်သည် သားတော်ကို မွေးလေသည်။ သို့သော် နေပြည်တော်သို့ ပြန်တော်မူရာ လမ်းတွင်ပင် သားတော် ကြမ္မာကုန်လေသည်။ မယ်တော် မိဖုရား နှင့် မင်းကြီးကား ကြေကွဲတော်မူ၍ စားတော်မခေါ်ပဲ ရှိနေလေသည်။

ထိုအခါ မိဖုရားများဖြစ်ကြသော အလယ်ပြင်သည်၊ မြောက်ပြင်သည်၊ နှစ်ပါးလည်း ပညာရှိအမတ် သိဒ္ဓိကာ နှင့်၊ ကြံသိုင်းတို့ကို ခေါ်ယူပြီး မင်းကြီးကို နှလုံးတော်ဖြေအောင် ပြုလော ဟု တိုက်တွန်းလေသည်။ အမတ်ကြီး နှစ်ပါးလည်း မင်းကြီးသို့ ကပ်ပြီး အရှင်မင်းကြီး သံသရာတွင် ကျင်လည်သော သတ္တဝါ အပေါင်းတို့သည် အနိစ္စတရားမှ မကင်း၊ နိဗ္ဗာန်သာ အမြဲရှိသည်၊ သင်္ခါရာ၊ သင်္ခါရ တရားသဘောတို့သည် အနိစ္စာဝတ၊ အမြဲမရှိပါ၊ ဥပ္ပါဒဝယဓမ္မိနော၊ ဖြစ်၍ပျက်တတ်သော သဘောလည်း ရှိကုန်၏၊ ဥပ္ပဇ္ဇိတွာ၊ ဖြစ်ပြီး၍။ နိရုဇ္စုန္တိ ချုပ်တတ်သောသဘော ရှိ၏၊ တေသံ ထိုသို့ ဖြစ်တတ်၊ ပျက်တတ်သော သဘောတရား ၂ ပါးတို့၏။ ဂူပသမော၊ ငြိမ်းရာဖြစ်သော နိဗ္ဗာန် သာလျှင် စင်စစ်အားဖြင့် ချမ်းသာစွဖြစ်လေသည်။ ဟု ရှင်တော် မြတ်စွာ ဟောခဲ့လေသည် မင်းကြီးလည်း ရွှေနှလုံးတော်ထားတော်မူသင့်သည် ဟု လျှောက်ကြလေသည်။ မင်းကြီးလည်း အမတ်တို့ ဖြစ်တတ်၊ပျက်တတ်သော တရားကို သိတော်သော် ယခုမူကား ငါမသိနိုင် ဟူ၍ ရှိက်တငင်ရှိတော်မူလေသည်။

မင်းကြီးလည်း အမတ်တို့ တရားပြသလျှောက်တင်မူကြောင့် စိတ်ပြန်လည်လာပြီး သံသရာအတွက် စေတနာ ဟူသော ကောင်းမူတော်ကို တည်လေသည်။ ခမည်းတော် မပြီးသော ဂေါဓပလ္လင် (ကန်တော့ပလ္လင်ဘုရား)ကိုလည်း ပြီးအောင် တည်တော်မူလေသည်။ မင်းကြီးကား ဒါန၊ သီလ မင်းကျင့်တရား ဆယ်ပါး နှင့် ပြည်စုံသော်လည်း သက်တော် ၄၂ တွင် ရောဂါ ဖြင့် နတ်ရွာစံလေသည်။

တည်ခဲ့သောစေတီ ဘုရားများ[ပြင်ဆင်ရန်]

  1. ထီးလိုမင်းလိုဘုရား
  2. ကန်တော့ပလ္လင်ဘုရား
  • မှတ်ချက်။ ။သက္ကရာဇ်များကို ဦးကုလားရေးသော ရာဇဝင်ချုပ်စာအုပ်မှ အမှန်ယူ ရေးသားပါသည်။
  1. သတင်းစာဆရာ ဦးသိမ်းမောင် ရေး ရာဇသင်္ကြံ အတ္ထုပ္ပတ္တိ