မော်ကွန်း
မော်ကွန်းဟူသော စကားသည် ပုဂံခေတ်ကပင် ရှိခဲ့သည်။ ပုဂံမြို့ လေးထောင့်ကန်အရပ်၊ တက်နွှဲ အရပ်၊ စစ်ကိုင်းမြို့များတွင် တူးဖော်တွေ့ရှိရသော ရှေးဟောင်းကျောက်စာများတွင် အမူကွန်း တင်သော အကြောင်းအရာများကို ရေးထိုးထားသည်။ အလှူပြုသော သက်ရှိ၊ သက်မဲ့ စာရင်းများကို ခိုင်ခန့်ထင်ရှားအောင် ရေးမှတ်ထားခြင်းကို အမူကွန်း တင်သည်ဟု ခေါ်ဆိုသည်။ အမူကွန်းစကားမှ ပြောင်းလဲလာ၍ အင်းဝခေတ်တွင် မော်ကွန်းဝေါဟာရ ဖြစ်ပေါ်လာသည်ဟု ယူဆရသည်။ မော်ကွန်းတွင် ရေးမှတ်ထားသော စာရင်းအင်းများကို စကားပြေဖြင့်သာမဟုတ်ဘဲ ကဗျာလင်္ကာဖြင့်လည်း ဆင်တော်အကြောင်း၊ နန်းတော်အကြောင်း၊ လှေတော်အကြောင်း၊ စစ်ပွဲအကြောင်း၊ ကန်တော်အကြောင်း၊ ဘုရားစေတီအကြောင်း စသည်တို့ကို နောင်အစဉ်အလာ ဥဒါန်းတွင်ရစ်အောင် ရေးသားစီကုံး ဖွဲ့နွဲ့ထားသည့် ကဗျာလင်္ကာများကိုလည်း မော်ကွန်းကဗျာဟူ၍ပင် ခေါ်ကြလေသည်။ [၁]
မော်ကွန်း
[ပြင်ဆင်ရန်]မော်ကွန်းသည် မြန်မာစာပေတွင် လေးလုံးစပ် အဖွဲ့အနွဲ့ တစ်မျိုးဖြစ်၏။ ဆင်တော်အကြောင်း၊ နန်းတော်များအကြောင်း၊ လှေတော်များအကြောင်း၊ စစ်ပွဲများအကြောင်း၊ ကန်တော်အကြောင်း၊ ဘုရားစေတီအကြောင်းစသည့် ထင်ရှားသောအကြောင်းရပ်များကို နောင်အစဉ်အလာ ဥဒါန်းတွင်ရစ်အောင် ရေးသားစီကုံး ဖွဲ့နွှဲ့ထားသည့် ကဗျာလင်္ကာ ဖြစ်၏။ ဧချင်းများသည် ရာဇဝင်ကြောင်းများပါသဖြင့် ယင်းကို သမိုင်းရာဇဝင် လေ့လာသူများ အားထားရဘိသကဲ့သို့ပင် မော်ကွန်းကိုလည်း သမိုင်းလေ့လာရာတွင် အထောက်အထားပြုနိုင်ပေသည်။
"မော်ကွန်း"ဟူသော ဝေါဟာရသည် မြန်မာစကားသက်သက်ဖြစ်၏။ "အမူကွန်း"ဟူသော ရှေးစကားမှ ရွေ့လျောပြောင်းလဲ၍ မော်ကွန်းဖြစ်လာသည်။ ပုဂံခေတ် ကျောက်စာများတွင် အလှူရှင်တို့သည် မိမိတို့လှူသော သက်ရှိသက်မဲ့ ပစ္စည်းစာရင်းကို ခိုင်ခံ့ထင်ရှားအောင် ကျောက်ထက်တွင် ရေးမှတ်ထားခြင်းကို အမူကွန်း တင်သည်ဟူ၍လည်းကောင်း၊ မော်ကွန်းတင်သည်ဟူ၍လည်းကောင်း ခေါ်ကြောင်းတွေ့ရသည်။ ပုဂံမြို့၊ လေးထောင့်ကန်အရပ် မင်းဝိုင်းကျောက်စာ အရှေ့မျက်နှာတွင် မိဖုရားဖွားစောသည် ကျောင်း၊ ဥယျာဉ်၊ နွား၊ ဆိတ်၊ ကျွန်ယောက်ျား၊ ကျွန်မိန်းမများကို လှူသောစာရင်းကို အမူကွန်းတင်ထားကြောင်း ပြဆိုသည်။ ဤသို့ စာရင်းတင်သဖြင့် မိဖုရားကြီး၏ အလှူစာရင်းကို နောင်လာနောင်သားများ ယခုတိုင် ဖတ်ရှု အနုမောဒနာပြုနိုင်ပေသည်။ နောင်အစဉ်အလာ တည်တံ့ခိုင်မြဲစွာ မှတ်သား နာယူနိုင်စေရန် ရေးမှတ်ထားသော အကြောင်းအရာများကို အင်းဝခေတ်မှ စ၍ နှောင်းခေတ်များတွင် စကားပြေဖြင့်သာ မဟုတ်ဘဲ ကဗျာလင်္ကာဖြင့်လည်း ရေးသားခဲ့၏။ ကဗျာလင်္ကာဖြင့် ရေးသော မော်ကွန်းများသည် အင်းဝခေတ်တွင် ပေါ်ပေါက်၍ ထိုခေတ်တွင် အထွန်းကားဆုံးဖြစ်၏။
သက္ကရာဇ် ၈၃ဝ - ၈၄၂-ခုနှစ်တွင် အင်းဝရွှေနန်းကို သိမ်းမြန်း စိုးစံတော်မူသော မဟာသီဟသူရလက်ထက်တွင် စစ်လျင်ထောင်မှူး ရှင်ထွေးညိုရေးသားသည့် ပြည်စုန်မော်ကွန်းမှာ အဦးဆုံး မော်ကွန်းဖြစ်သည်။ သက္ကရာဇ် ၈၃၄-ခုနှစ်တွင် မဟာသီဟသူရသည် ညီတော် ပြည်မြို့စားမင်းကြီးစွာနှင့် သာယာဝတီစား ဦးရီးတော် ကျော်စွာတို့ ရိုင်းပျံ့ခြားနားကြသည်ကို နှိမ်နင်းရန် ရွှေစကြာဖောင်တော်ဖြင့် ပြည်မြို့သို့ စုန်ဆင်းနှိပ်ကွပ်တော်မူရာတွင် ဖြစ်ပျက်တွေ့ကြုံရသော အကြောင်းအရာများကို ယင်းမော်ကွန်းတွင် ဖွဲ့နွဲ့စပ်ဆိုထားသည်။ ရှင်ထွေးညိုသည် ရွှေစာတိုင်ဆင်တော် မော်ကွန်းကိုလည်း ၈၇၂-ခုနှစ် အင်းဝဘုရင် ရွှေနန်းကြော့ရှင်လက်ထက်တွင် စပ်ဆိုသေးသည်။
ရှင်ထွေးညို၏ နောက်တွင် ပေလေးပင် ရှင်လေးပါး သိုက်ဝင် ရှင်မဟာသီလဝံသသည် တံတားဦးတည်မော်ကွန်း ၁၂ ပိုဒ်ကို ဖွဲ့ဆိုသည်။ မိမိထက် ဦးစွာ ရှင်မဟာရဋ္ဌသာရက တံတားဦးတည်မော်ကွန်းတစ်စောင် ရေးပြီးဖြစ်ကြောင်း သိရသောအခါ၊ ဆက်လက်မရေးသားဘဲ ပုရပိုက်ပေါ် ရေးပြီးသား ၁၂ ပိုဒ်ကို ချေဖျက်စေသည်တွင် တပည့်များက သိမ်းဆည်းထားခဲ့သည်ဟု ဆိုလေသည်။ ရှင်မဟာသီလဝံသသည် သျှိသျှားကန်ဖွဲ့မော်ကွန်း (မိတ္ထီလာ ကန်ဖွဲ့မော်ကွန်း)၊ ရွှေနန်းဖွဲ့မော်ကွန်းများကိုလည်း ရေးသားသည်။ အင်းဝခေတ်တွင် ရေးသားသော မော်ကွန်းများသည် အဆင့်အတန်းမြင့်၍ ထိုခေတ်သည် မော်ကွန်းတံခွန်စိုက်သော ခေတ်ဖြစ်၏။
တောင်ငူခေတ်တွင် မော်ကွန်း ခေတ်မစားပေ။ တောင်ငူခေတ်အဆုံးတွင် ပေါ်ပေါက်သော လက်တောင်ယူမှူး ရှင်သံခို တစ်ဦးသာလျှင် ရတနာပြောင်မွန် ဆင်တော်မော်ကွန်းကို ရေးသားခဲ့သော်လည်း အဆင့်အတန်း မမြင့်လှချေ။ ကုန်းဘောင်ခေတ် ပထမပိုင်းတွင် မော်ကွန်းများကို ပြန်လည်ရေးသားကြပြန်သည်။ လက်ဝဲသုန္ဒရအမတ်သည် ဘိုးတော် မုဒ္ဓါဘိသေက မော်ကွန်း၊ နိဗ္ဗာနပစ္စယ ဆင်တော်မော်ကွန်း၊ ရတနာပူရအင်းဝ ပြည်တော်ကြီးလာ မော်ကွန်း၊ မဟာဝိဇယရံသီ စည်းခုံတော် မော်ကွန်း၊ မင်းကွန်းစေတီတော်တည်မော်ကွန်း၊ ဓညဝတီနိုင် မော်ကွန်းများကို ရေးသားပြုစု၏။ ဆင်ဖြူရှင်လက်ထက်တွင် ယိုးဒယားနိုင် မော်ကွန်းကို လက်ဝဲနော်ရထာ ပြုစုသည်။ စဉ့်ကူးမင်းလက်ထက်တွင် အတွင်းဝန်ထောက် ဦးညိုသည် ရွှေမင်းဘန်းဆင်တော် မော်ကွန်းကို ရေးသားသည်။ ထိုရွှေမင်းဘုန်း ဆင်တော်မော်ကွန်းသည် အဆင့်အတန်းမြင့်သော မော်ကန်းဖြစ်၏။ မြန်မာစာပေတွင် ဆင်တော်မော်ကွန်းပေါင်း ၇ စောင်ခန့် တွေ့ရှိရသည့်အနက် ဒုတိယအကောင်းဆုံးဟု ဆိုနိုင်ပေသည်။ ဦးညိုသည် ဤမော်ကွန်းဖြင့် ကျော်ကြား၏။
ကုန်းဘောင်ခေတ် ဒုတိယပိုင်းတွင်လည်း မော်ကွန်းကောင်းများ ပုဏ္ဍရိကဆင်တော်မော်ကွန်း၊ မင်းကွန်းဖွဲ့မော်ကွန်း၊ အမရပူရမြို့ ဖွဲ့မော်ကွန်းတို့ကို ပြုစုသည်။ ထူးထူးခြားခြား ကောင်းမွန်သော မော်ကွန်းများ မဟုတ်ပေ။ ဝန်ကြီးသည် မော်ကွန်းနှင့် စပ်လျဉ်း၍ နာမည်မကျော်စောပေ။ တွင်းသင်းတိုက်ဝန် မဟာစည်သူနှင့် တစ်ခေတ်တည်း ပေါ်ပေါက်သော ဆားတောင်ငါးရွာအဝင် ရွာဝေးရွာ သူကြီးရိုးဖြစ်သူ ဝက်မစွတ်နဝဒေးဟူ ထင်ရှားသည့် ဦးနုသည် မော်ကွန်းဖက်တွင် များစွာထင်ပေါ် ကျော်စောပေသည်။
မော်ကွန်းအဖွဲ့အနွဲ့ ကောင်းသောကြောင့် ဦးနုကို မော်ကွန်းနဝဒေး ဟုပင် ခေါ်ဆိုကြ၏။ ဝက်မစွတ် နဝဒေးသည် မိတ္ထီလာကန်တော် မော်ကွန်း၊ စန္ဒာမုနိမော်ကွန်း၊ ရဲတင်းမော်ကွန်း၊ ရခိုင်နိုင်မော်ကွန်း၊ အာသံနိုင်မော်ကွန်း၊ တရုတ်သံရောက် မော်ကွန်းအစရှိသည်ဖြင့် မော်ကွန်း ၁၅ စောင်ခန့်ကို ပြုစုသည်။ ဝိလာသိနိ မော်ကွန်းသည် ဆင်တော်မော်ကွန်းများတွင် ပထမတန်းစားဖြစ်၏။
ဝက်မစွတ်နဝဒေး၏နောက် တံဆိပ်ဝန် ဦးရွှေခြည်သည် ဗိမာန်ရတနာကျောင်းတော်မော်ကွန်း၊ မဟာဝေယန်ဘုံသာကျောင်းတော် မော်ကွန်းတို့ကို ပြုစုသည်။ ထိုနောက် ဦးပုညသည် မော်ကွန်း ၄ စောင်မျှ ရေးသားခဲ့သည့်အနက် ရတနာနဒီ (မြစ်တော်ဖွဲ့)မော်ကွန်းသည် အကောင်းဆုံးဟု ဆုံးဖြတ်ရန် သင့်သည်။ ဦးပုည၏ မော်ကွန်းများမှာ တည်တည်ကြည်ကြည် ဖွဲ့နွဲ့ထားသည်ဖြစ်၍ အထက်တန်းစား မော်ကွန်းများဖြစ်သည်။ ဦးပုည၏နောက် ကင်းဝန်မင်းကြီးသည် ရတနာနဒီ မော်ကွန်း၊ ဓမ္မောဇမော်ကွန်းတို့ကို ရေးသားပြုစုသည်။ သို့အားဖြင့် ကုန်းဘောင်ခေတ်သည် အင်းဝခေတ်ကဲ့သို့ပင် မော်ကွန်း ထွန်းကားသော ခေတ်ဟု ဆိုရပေမည်။ ကုန်းဘောင်ခေတ် မော်ကွန်းများသည် အင်းဝခေတ် မော်ကွန်းများ အဆင့်အတန်းကို မမှီစေကာမူ မနီးရိုးစွဲ လိုက်လေသည်။[၂]
ကိုးကား
[ပြင်ဆင်ရန်]ကျမ်းကိုး
[ပြင်ဆင်ရန်]- ↑ ဦးဖေမောင်တင် ရေး ရှေးဟောင်း မြန်မာစာပေ သမိုင်း
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)