ရကန်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ရကန်ဆိုသည်မှာ ကဗျာတည်းဟူသော ပင်မကြီးမှ ဖြာထွက်သော "တေးဂီတ" ကိုင်း အပါအဝင် အခက်အလက်တရပ် ဖြစ်လေသည်။ ရတုနှင့် ရကန်မှာ အသံနီးသလောက် ရေနှင့် ဆီပမာ သဘောနေ ကွာဝေးသည်။

ရတုနှင့် ရကန်[ပြင်ဆင်ရန်]

ရတုသည် လေးလုံးစပ် လင်္ကာမျိုးဖြစ်၍ စည်းကမ်းကြီးလေသည်။ ရကန်မှာမူ ဂီတတေးသွား သက်ဝင်၍ စကားပြေပိုင်းတွင် တည်နေပြီးလျှင် စည်းကမ်းချုပ်ချယ်မှုမှ လွတ်ကင်းလေသည်။ ရကန်၏ အနက်ကို အမျိုးမျိုးကြံဆကြကုန်၏။ အချို့ကား အမိအရ အကျောက်အကန် ရေးသားသောစာ (တနည်းဆိုသော်- ရန်ပျိုးစာ၊ ရန်ထောင်စာ) ဟု ဆို၏။ ထိုသို့ မိမိရရ ကျောက်ကန်ရာ၌လည်း (က)ကာရန်၌ ကန်ခြင်း၊ (ခ) အကြောင်းပြ၌ ကန်ခြင်းနှင့် (ဂ) အဆို၌ ကန်ခြင်းဟု ခွဲခြားပြကြသည်။

အနက်အဓိပ္ပါယ် ဖွင့်ဆိုကြခြင်း[ပြင်ဆင်ရန်]

အချို့ကမူ သက္ကဋ ပုဒ်ပျက် "ရိဂံ" မှ ဆင်းသက်လာသည်ဟု ယူဆလို၏။ "ရိဂံ"၏ အနက်မှာ လွန်စွာ ရယ်ရွှင်ခြင်း ဖြစ်သောကြောင့် ရကန်သည် ရယ်ရွှင်ဘွယ်ရာ စာတစ်မျိုဟု ဆိုကြသည်။ ကျန်အချို့ကမူ ပုဂံမြို့ စာသင် ဂူကျောင်းကျောက်စာ (၅၉၀ ပြည်နှစ်ထိုး) တွင် "င(ဝိ)ရခိုင် ငသောင်ကာ၊ ၂ယောက်ကား ငါ့ကိုဝ်စား ရခန်မူစေသတည်း" ဟုတွေ့ရသဖြင့် ရခန်မှ ရကန်ဖြစ်လာသည်ဟု ယူဆလို၏။ ရခန်မှာ ရကန်၊ ရကန်မှ ရကင်၊ ရကင်းဖြစ်လာနိုင်သောကြောင့် "အတီးအမှုတ်သဘင်"လည်း ဟောသဖြင့် ရကန်ကန်သည် "ဂီတ တေးသွား စာ" မျိုး ဖြစ်တန်သည်ဟု အကြောင်းပြကြသည်။

ထိုသူတို့ ယူဆချက်သည် "ဆင်နှင့် မျက်မမြင်ခြောက်ဦး" ဝတ္ထုမှာကဲ့သို့ သူအမြင်နှင့် သူ မှန်သည်ချည်းပင်ဖြစ်လေသည်။ ထိုအဆို သုံးရပ်ကို သိမ်းကျုံးပါဝင်အောင် အနက်ဖော်လျှင် ရကန်၏အနက်သည် ပြည့်တန်သရွေ့ ပြည်ပေလိမ့်မည်။ ထို့ကြောင့် ရကန်ဟူသည် စာဖတ်နာ သူတို့၏ စိတ်ကို ရွှင်ပြုံးစေလျှက် မိမိရရ အကျောက်အကန် ရေးသားအပ်သော တေးသွား စာတစ်မျိုးဟု အနက်ဖွင့်သင့်လေသည်။ ရကန်နှင့် သဘောသွား တူသော စာမျိုးလည်း မြန်မာစာပေတွင် ရှိသေးသည်။ ထိုစာများမှာ "သျှိုးလိုက် ရတု"နှင့် "သာချင်း" တို့ ဖြစ်ကြသည်။ ရကန်သွားပင် ဖြစ်စေကာမူ အကျောက်အကန်၊ အနိုပ်အနယ်၊ အချီးအပင့်၊ ကိုယ်ရည်သွေးမပါမူကား၊ "ရတု" များဟု ခေါ်ဆိုသည်ကို မန်လည်ဆရာတော်ဆို ရတုများကို ထောက်ထားသိရှိနိုင်လေသည်။

ရကန်၏ သက်တမ်း[ပြင်ဆင်ရန်]

မည်သည့်ခုနှစ်လောက်က ရကန်သည် စတင်ပေါ်ပေါက်လာသည်ကို အတိအကျ မဆုံးဖြတ်နိုင်ချေ။ ကုန်းဘောင်ခေတ် မကျရောက်မီ ကာလကပင် "ရကန်" ဝေါဟာရ ရှိနှင့်ပြီးသည်ကို ကဝိလက္ခဏသတ်ပုံ (၁၁၁၃ ခုနှစ်ပြီး) တွင် "ရတုရကန်၊ စာသဝန်၊ ယုံကျွန်မရောက်လှာ" က သက်သေခံလျက် ရှိချေသည်။ မြန်မာပြည်သည် အတွင်းရန်၊ အပြင်ရန် အတန်တန်မှ အပြန်ပြန် အလှန်လှန် ဒဏ်ခံခဲ့ရကား၊ ရှေးကျသော ရကန်ဟောင်းများကို ရှာဖွေမတွေ့ရှိရချေ။ ကံကောင်းထောက်ပင့်၍ ကြွင်းကျန်ရစ်သော စာပေစုတွင် ရွှေတောင်နန္ဒသူဆို " မွေ့နွန်းရကန်"ကို ရှေးအကျဆုံးဟု ဆိုထိုက်လေသည်။ ထိုအထက်ကျော်ကာရီက "မနော်ရကန်"၊ "ငွေတောင်ရကန်(ဟောင်း)တို့ ရှိဘူးကြောင်းကို ရကန်စာကိုယ်များအရ သိရလေသည်။ ရကန်စာစုတွင် ဦးတိုးဆို "ရာမရကန်"သည် ပထမတန်းစားဖြစ်ကြောင်း စာဝါရင့်သူတိုင်း အသိအမှတ် ပြုကြလေသည်။ မင်းတုန်းမင်းလက်ထက်တွင် "နေမိရကန်"မှအပ၊ ဦးရွှေနီဆို ပဉ္စပါပီရကန်၊ ဦးပုညဆို ဟောကိန်းရကန်များ ပေါ်ပေါက်လာလေသည်၊။ ပဉ္စပါပီရကန်မှာ အနက်ရုန့်ရင်းလှ၏။ ဟောကိန်းရကန်များမှာမူ နှလုံး မြူးလောက်အောင် ဟာသဉာဏ် ကစားခဲ့လေသည်။ ရကန်သွား မေတ္တာစာဟူ၍ စကားပြေ ဆရာကြီး အရှင် ဦးဩဘာသသည် ဝေဆာစွာ စီကုံးခဲ့လေသည်။

ယနေ့ခေတ်[ပြင်ဆင်ရန်]

ရကန်ကို ဗြိတိသျှကိုလိုနီခေတ် တိုင်အောင် ကြိုကြား၊ ကြိုကြား ရေးသားကြသည်ကို တွေ့ရလေသည်။ [၁]

ရကန်သည် မြန်မာကဗျာအဖွဲ့အနွဲ့တစ်မျိုးဖြစ်၍ လေးလုံး စပ်သက်သက် မဟုတ်သော်လည်း လေးလုံးစပ်ကာ ရန်ယူနည်းများကို မှီးသဖြင့် လေးလုံးစပ် ရတုမျိုးမှ ကွဲထွက်လာသောကဗျာ တစ်မျိုး ဖြစ်သည်။ အဖွဲ့အနွဲ့အားဖြင့် သာချင်းနှင့် ဆင်တူသည်။ ရတု ရကန် အဲအန် ဧချင်းဟူ၍ ၎င်း၊ရတုရကန်၊စာသဝန်၊ ယုံကျွန်မရောက်လှာ ဟူ၍ ၎င်းရတုနှင့် ရကန်ကိုတွဲစပ်သုံးနှုန်းလေ့ ရှိသည်။

ရကန်သည် အထူးသဖြင့် ကာရန်ကို လွတ်လပ်စွာ ရွေးချယ်နိုင်၍ ပဒချင်း ဆက်စပ်ရာ၌၎င်း၊ အပိုဒ်ချင်း အခံ၊အအုပ် ဟပ်စပ်ရာ၌၎င် အသတ်ကို ပဓာနမထားလှဘဲအသံတူရုံလောက်သာအဓိကထား ၍စပ်ဆိုမြဲဖြစ်သည်။ အခံနှင့်အအုပ်ကာရန်မှာ ပဒများစွာ ခြား၍ စပ်သဖြင့် ကာရန်ကို ခွာ၍ ကန်ထားသကဲ့သို့ ရှိသည်။ ထို့ကြောင့် ကာရန်ကန် ဟူသောဝေါဟာရမှ ကာပုဒ်ကျေ၍ ရန်ကန်၊ ရန်ကန်မှ ရကန်သို့ပြောင်းလဲလာဟန် အချို့ မှတ်ယူကြသည်။

အချို့ကမူ လွန်စွာ ရယ်ရွှင်ခြင်းအနက်ရသော သက္ကတ ပုဒ်ပျက် ရိဂံပုဒ်မှ ရကန်ဖြစ်လာသည်ဟု ယူဆကြသည်။ ရကန်မှာ ရယ်ရွှင်ဖွယ်ကောင်းသော အဖွဲ့အနွဲ့မျိုးကား မှန်ပေသည်။ ရကန်အဖွဲ့အနွဲ့သည် များသောအားဖြင့် စာပြောင်စာလှောင်ကဲ့သို့ရယ်ရွှင် စေလိုခြင်းနှင့် သူတစ်ပါးကို ကျီစယ်ခြင်း၊ ခနဲ့ခြင်း၊ ချိုးဖဲ့ချိတ်ရိပ်ခြင်း၊ ရန်ထောင်ခြင်း၊ သရော်ပြက်ရယ် ပြုခြင်း စသောသဘောများကို ထည့်သွင်း ဖော်ပြ ထားသော ကဗျာပင် ဖြစ်သည်။ ယင်းကြောင့် သူတစ်ပါးကို စာသားဖြင့် ရန်ထောင်ခြင်း၊ ထိပါးခြင်း၊ ကန်ခြင်းပြုသဖြင့် မိမိရရ ကန်နိုင်သော ကဗျာကို ရကန်ဟု ခေါ်တွင်ဖွယ်ရှိ ကြောင်းဖြင့်လည်း အချို့က ကြံဆကြသည်။

ရကန်မှာ အကြောင်းအရာနှင့် ကာရန်အချိတ်အဆက်ပါ ကန်သော သဘောရှိသည်မှာကား ထင်ရှားသည်။ (က) အကြောင်းအရာ ကန်ပုံမှာ။ ရကန်ဉာာဏ်၊ စာဆိုဉာာဏ်ဖြစ်၊ ရွှေနန်းရန်ဘုန်းပွင့်၊ ထိပ်ခေါင်တင့်ကျွန်၊ တုံးအောက်က တီတွန်လို့၊ ဗုဇွန်က၊ တော်ထူးအောင်၊ ပူးလို့ဘဲလှော်လှော်၊ ရေမော်တွင် လန်လိမ့်မည်၊ ဉာာဏ်မော်၊ ဉာာဏ်ကျော်ကို နှိမ်နေကျ ဉာာဏ်တိမ်ယာဉ်စီးလေ။ (ရာမရကန်) (ခ) ကာရန် ကန်ပုံမှာ ဒေါင်းလည်ဆံမျိုး၊ ပိုးပရံကောင်၊ အရောင်မူလ၊ ကတ္တီပါအနက်၊ ဖိတ်လက်မှောင်စို၊ ပြာသိုသဘင်၊ မြင်းခင်း ရွှင်မှာ၊ ဆင်တော်မူနေကျ (ရာမရကန်)ဟူ၍ ဖြစ်သည်။

ရကန်ဟူ၍မျှတွင် ထိုသို့ ပလွှားကြွားဝါချက်၊ ကဲလွန်တင်စား ချက်နှင့် ကန်ချက်များ တစ်နည်းနည်းပါရှိမြဲ ဖြစ်သည်။ ရတုနှင့် ကွဲလွဲပုံမှာ ရကန်တွင် အပိုဒ်ပေါင်းများစွာ အရေအတွက် အကန့်အသတ်မရှိဘဲ ပျို့များကဲ့သို့ တစ်ဆက် တည်း ရေးဖွဲ့နိုင်သည်။ အချီအချချင်း တူညီရန် မလိုချေ။ လေးလုံး တစ်ပါဒသာမက၊ တစ်ပါဒလျှင် ငါးလုံး ခြောက်လုံး အထိ ရေးဖွဲ့နိုင်သည်။ ကာရန်အကန်ဝေးသဖြင့် နီးရာပဒချင်း ကာရန်မချိတ်မိဘဲ လည်း ရှိနိုင်သည်။

ရကန်မှာ ညောင်ရမ်းခေတ် (သက္ကရာဇ် ၈၈ဝ ပြည့်နှစ်မှ ၁၁၁ဝ ပြည့်နှစ်ကျော်အထိ)က စတင် ပေါ်ပေါက်ခဲ့သည်။ ကုန်းဘောင်ခေတ်အလယ်လောက်မှစ၍ ရကန်များ အများ အပြား ပေါ်ထွက်လာသည်။

မြန်မာဂန္ထဝင်တွင် တွေ့ရှိရသော ရကန်အချို့မှာ
၁။ ဝါဆိုစဉ် ရကန် (စိန္တကျော်သူ)
၂။ ငွေတောင် ရကန် (ရွှေတောင်နန္ဒသူ)
၃။ မွေ့နန်း ရကန် (ရွှေတောင်နန္ဒသူ)
၄။ အဝမြို့ဘွဲ့ ရကန် (ဦးတိုးနှင့် ဦးရွဲ)
၅။ ရာမ ရကန် (ဦးတိုးနှင့် ဦးရွဲ)
၆။ လေဆေးနည်း ရကန် (ဦးလန်း)
၇။ မေတ္တာပို့ ရကန် (ဆရာတော် ဦးပုတ်)
၈။ အောင်ခြင်းရှစ်ပါး ရကန် (ဆရာတော်ဦးပုတ်)
၉။ ပဉ္စပါပီ ရကန် (ဦးရွှေနီ)
၁ဝ။ နေမိ ရကန် (ကင်းဝန်မင်းကြီး ဦးကောင်း)
၁၁။ အဋ္ဌလက်ဟောကိန်း ရကန် (ဦးပုည)
၁၂။ နဂါးလှည့်ဟောကိန်း ရကန် (ဦးပုည)
၁၃။ မြေခံဟောကိန်း ရကန် (ဦးပုည)
၁၄။ သစ်လဲကြန် ရကန် (ဦးပုည)တို့ ဖြစ်သည်။ ယင်းတို့အနက် ရာမရကန်သည် အကျော်ကြား ဆုံး ဖြစ်လေသည်။[၂]



ကိုးကား[ပြင်ဆင်ရန်]

  1. ကင်းဝန်မင်းကြီး၏ နေမိရကန်စာအုပ်၊စကားချီး စာမျက်နှာ-ဇ။
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)