မြန်မာကလေးချော့ကဗျာများ

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

နွဲ့ဆိုး ဆိုးလျက်တအာအာ တအီအီ ကန်ကျောက် ငိုမြည်နေသော မိမိတို့၏ ရင်သွေး နုနယ်ကွေးလွေး ကလေးသူငယ်တို့အား သာယာငြိမ့်ငြောင်းသော အသံ၌ အာရုံစိုက်၍ အိပ်ပျော်စေရန် မိခင်တို့သည် သီချင်းဆို၍ သိပ်ကြရသည်။ ငယ်ရာမှ ကြီးခဲ့သော ကျွန်ုပ်တို့သည် မိမိတို့ကိုယ်တိုင် မိခင်က သီချင်းဆိုသိပ်၍ အိပ်ပျော်ခဲ့သည်ကို မမှတ်မိခဲ့ကြစေကာမူ ရင်သွေးငယ်တို့အိပ်ပျော်စေရန် သားသည်မိခင်တို့က တေးဆို၍ သိပ်ခဲ့ကြရသည်ကိုကား၊ မိမိတို့တစ်သက်လျာတွင် မြင်ဘူး၊ တွေ့ဘူး၊ ကြားဘူး ရှိကြ ပေလိမ့်မည်။ ကလေးတို့ အိပ်ပျော်စေရန် ချော့သိပ်ရင်း၊ သို့မဟုတ် ပုခက်လွှဲသိပ်ရင်း သီဆိုကြသောသီချင်းများ ဖြစ်ကြ ၍၊ ယင်းတေးကဗျာစုတို့ကို ကလေးချော့ကဗျာ၊ သို့မဟုတ် သားချော့ကဗျာ၊ သို့မဟုတ် ပုခက်လွှဲကဗျာဟု ခေါ်ဆိုခဲ့ကြ လေသည်။

ကမ္ဘာပေါ်ရှိ လူမျိုး အသီးသီးတို့၌ လူမျိုးအလိုက် ကလေးချော့ကဗျာများ ရှိကြသည်ချည်း ဖြစ်ရာ၊ ထိုကလေးချော့ ကဗျာများသည် တေးဂီတပေါ်ဦးစ အခါကပင် ရှိနေခဲ့မည်ဟု ယူဆရန် ရှိ၍၊ အချို့ကမူ 'တေးကဗျာ အစ ကလေးချော့က' ဟုပင် ဆိုကြသည်။ နေရာဒေသနှင့် ဓလေ့ထုံးစံအလိုက် စပ်ဆို ကြခြင်းဖြစ်၍၊ အကြောင်းခြင်းရာနှင့် တေးသွားစသည်တို့၌ ကွဲပြားမှု ရှိစေကာမူ၊ ယေဘုယျအားဖြင့် ကလေးချော့တေး ကဗျာတို့ကို အေးငြိမ့်သာယာသော တေးသွားမျိုးဖြင့် စပ်ဆိုလေ့၊ ရှိကြပြီးလျှင်၊ ခက်ခဲနက်နဲသော စကားလုံးများမပါဘဲ၊ ကလေးများ၏ ပတ်ဝန်းကျင်၌ တွေ့လွယ်၊ မြင်လွယ်၊ သဘောပေါက်လွယ် နိုင်သော အကြောင်းခြင်းရာတို့ကိုသာ တေးသား စကားလုံးများအဖြစ် သုံးနှုန်းထားလေ့ ရှိကြလေသည်။ မြန်မာတို့၏ ယဉ်ကျေးမှုဆိုင်ရာ ကဗျာလင်္ကာတို့၌ ထိုကလေးချော့ ကဗျာစုတို့ကို ဧချင်း၊ ကျူးချင်း၊ လွှဲချင်းဟူ သော အမည်များဖြင့် ခေါ်ဝေါ်ကြ၍၊ ထီးသုံးနန်းသုံး မဟာဂီတဆိုင်ရာ သီချင်းစု၌မူ၊ ထိုကလေးချော့ သီချင်းများကို' ပိဿာ သားကျူး 'ဟူ၍လည်းကောင်း ခေါ်ဆိုကြလေသည်။ အရပ်အသုံးအနှုန်းအားဖြင့်မူ ယင်းတို့ကို သားချော့သီချင်းများ ဟူ၍ လည်းကောင်း၊ ကလေးချော့ သီချင်းများဟူ၍လည်းကောင်း သာမန်အားဖြင့် ခေါ်ဝေါ်သုံးစွဲကြ၍ ထည်ဝါခန့်ညားသော အမည်နာမ မရကြရသည့်ပြင် အရေးအရာ ထားခြင်းလည်း မခံခဲ့ရပေရာ၊ အရပ်သုံး ကလေးချော့ ကဗျာများ၏ နောက်ကြောင်း သမိုင်းသည် မထင်မရှား ရှိခဲ့လေသည်။ ထီးသုံးနန်းသုံး ကလေးချော့ကဗျာစုသည် အရပ်သုံး ကလေးချော ကဗျာများထက် အရေးအရာ ရောက်ခဲ့သည်။ အဖွဲ့အနွဲ့တို့သည်လည်း ထီးသ နန်းသံပါပါ စပ်ဆိုထားပြီးလျှင် အယဉ်အနု အသုံးအနှုန်း အသိုင်းအဝိုင်း များဖြင့် အလင်္ကာတန်ဆာ ဆင်မှုများလည်း များပြားသည်။ မင်းတို့ ထုံးတမ်းမင်းခမ်းတော်ဆိုင်ရာတို့တွင် သားတော်သမီးတော်များ ဖွားမြင်တော်မူ၍၊ မြပုခက်တင် မင်္ဂလာကျင်းပသည့်အခါ၊ အမတ်စာဆို ပညာရှိတို့က ' ဧချင်း ' ကဗျာလင်္ကာများကို ရေးသားဆက်သွင်း၍ ဝေါကြီးမှူး၊ ပျော့ကြီးမှူး စာဆိုတော်များက ဖတ်လျှောက်သီဆို၍ ရွှေနားတော်သွင်းကြ ရသည်။ ထိုဧချင်းများသည်ကား သား တော်သွင်းကြရသည်။ ထိုဧချင်းများသည်ကား သားတော် သမီးတော်နှင့် ယင်းတို့၏ ဆွေတော် မျိုးတော် ဘိုးစဉ်ဘောင်ဆက် တို့၏ ဘုန်းလက်ရုံး တန်ခိုးတေဇာတို့ကို ဖွဲ့ဆို၍ ဇာတိမာန်ကို လှုံ့ဆော်ပေးသော အဖွဲ့အနွဲ့များဖြစ်သည်။

ထိုဧချင်းများမှ တစ်ပါး အထိန်းတော် အချီတော်တို့က သားတော် သမီးတော်များအား မြပုခက်တွင်တင်၍ ဧယဉ်ကျူးပြီးလျှင် ချော့မော့ရသော တေးကဗျာများကို ' ကျူးချင်း '၊ ' လွှဲချင်း '၊ ' ဧယဉ်တော်ချင်း ' ဟု ခေါ်ဆို ကြ၍၊ အောက်ပါတို့သည် ထိုအဖွဲ့အနွဲ့မျိုး၏ နမူနာပုံစံများ ဖြစ်ကြလေသည်။

ကျူးချင်း ဘွေကဉ္စနာ၊ သဉ္စာကြော့ဦး၊ မြတ်ထွတ်ဖူးကို၊ ထိပ်ဦးချွေသ၊ တင်ဆက်ပမည်၊ ပဉ္စမသဂယနာတင်၊ နတ်ရှင် ရှင့်ဘိုး၊ တည်ထောင်စိုးပေသည့်၊ မှောင်မျိုးနှိမ်လွှင့် ပြည်ရန်လုံ။

လွှဲချင်း ( ဧယဉ်တော်ချင်း ) အေးကျူးသံချို ည|င်းတယ်ကိုလေ။ အေးကျူးသံချိုည|င်း၊ ဆင်စွယ်လေ ဝန်းယှက်၊ ဧယဉ် မြပုခက်ကယ်နှင့် လေး။ အိုမစက်ကယ်ပါလို၊ နွဲ့ကာ နွဲ့ကာငို၊ စက်ပါဆို မောင်ဒွေး၊ စက်တော့လေး။ ရွှေနနးစဉ်လာ မဟာဂီတ စာရင်း၌ သားချော့ဆိုင်ရာ ပတ်ပျိုး၊ ယိုးဒယား၊ မွန်သံစသော သီချင်းများလည်း ရှိသေး သည်။ ယခု ' တွင်းသိဂသ္မါပတ်ပျိုး ' ဟူသော အမည်ဖြင့် ထင်ရှားသော ' သိဂသ္မါရွှေရောင် ' အစချီပတ်ပျိုးသည် ပုဂံထိပ်ထား၏ မြပုခက်တင် မင်္ဂလာတွင် ပြင်စည်မင်းသာ ရေးသားဆက်သွင်းသော ပိဿာလွှဲချင်း ပတ်ပျိုး တစ်ပုဒ်ဖြစ်သည်။ မြဝတီ မင်းကြီး၏ ' ရွှေဘုန်းသမ္ဘာရှိန် လေတည့်မှ နေနှုန်းအသမ္ဘိန် ' အစချီသော ပတ်ပျိုးသည်လည်း အီနောင်ဇာတ်တွင် အီနောင် မင်းသား၏ ကျူးချင်းပတ်ပျိုး ဖြစ်သည်။ ဝက်မစွတ်မြို့စား မင်းကြီးမင်းထင် မဟာစည်သူ ရေးသည့် ' မန်းအောင်မြေခင်း ' အစချီပတ်ပျိုး၊ ' စိန်ခြူးအုံ၊ မှုံညာရွှေအစချီ ယိုးဒယားသီချင်းတို့သည်လည်း ဧယဉ်တော် ချင်းများ ဖြစ်ကြလေသည်။ ထိုပြင် ပြင်စည်မင်းသား၏ ' စိန်မြရံခြယ်' အစချီနှင့် 'သောင်းကျေး ဒီပါဘွေ' အစချီ မွန်သံနှစ်ပုဒ်တို့သည်လည်း ပိဿာသားလွှဲချင်း ဟူသော အမည်ဖြင့် ဂီတနယ်တွင် ထင်ရှားကြလေသည်။ ယင်းသို့ ထီးသုံးနန်းသုံးသားချော့သီးချင်းတို့သည် ဧချင်း၊ လွဲချင်း၊ ကျူးချင်းစသည်ဖြင့် ထယ်ဝါခန့်ညားသော အမည်နာမတို့ဖြင့် ထင်ရှားနာမည်ကြီးလျှက်၊ အရပ်သုံးကလေးချော့ သီချင်းတို့သည်မူ မျက်နှာငယ်ခဲ့ကြသည်။ ထိုသို့ခြားနား ကြရခြင်းမှာ တော်ဝင်မင်းသုံး ကလေးချော့သီချင်းတို့သည် ထင်ရှားသော စာဆိုပညာရှိ၊ ကဝိအမော်တို့က ရွှေဘုံနိဒါန်း မင်းခမ်းတော်ဆိုင်ရာ လင်္ကာမှု၊ အနုအယဉ်၊ တော်ဝင်မင်းသုံး စကားလုံးတို့ဖြင့် ထီးသံနန်းသံ ဆန်ဆန်ဖြင့် ဖွဲ့နွဲ့ထားသော ကဗျာစုများ ဖြစ်ကြ ၍ ထီးသုံးနန်းသုံး ဖြစ်ကြသည်။ အရပ်သုံး သားချော့ သီချင်းများသည်မူ ရွာသူတို့အသုံးအနှုန်း ရိုးသားသော စကားလုံးတို့ဖြင့် ထီးသံ နန်းသံမပါ၊ အလင်္ကာ ဟူသော အဆင်တန်ဆာ အဖွဲ့အနွဲ့မရှိ၊ ပကတိမူလ သဘာဝအတိုင်း၊ အသိုင်းအဝိုင်း အမြှောက်အပင့်တိုမှ ကင်းလွတ်စွာ ဖွဲ့နွဲ့ထားသော ကဗျာစုများ ဖြစ်ကြသောကြောင့် မထင်ပေါ်ခဲ့ရခြင်း ဖြစ်လေသည်။

ထိုသို့ ထီးသုံးနှင့် အရပ်သုံး သားချော့ သီချင်းများ၏ ခြားနားပုံကို ရှေးဦးစွာ ဆင်ခြင်မိသူမှာ လှိုင်ထိပ်ခေါင်တင်ဟု ကဗျာဝင်တွင် ထင်ပေါ်ကျော်ကြားသော ကနောင်မင်းသား၏ ကြင်ယာတော် မိဖုရား ဖြစ်လေသည်။(လှိုင်ထိပ်ခေါင်တင် -လည်းရှု။) လှိုင်မင်းသမီးသည် ကုန်းဘောင်မင်း၏ အနောက်နန်း မိဖုရား မမြကလေး၏ သမီးတော် ဖြစ်၍၊ မမြကလေးသည် သာရဝေါ ပဲ့နင်း ပျံချီနှင့် မယ်အိတို့၏သမီး အရပ်သူ ဖြစ်ခဲ့လေသည်။ ထိုကြောင့်ပင် လှိုင်ထိပ်ထားသည် ထီးရိပ် နန်းရိပ်အောက်တွင် ကြီးပြင်းလာခဲ့ရစေကာမူ၊ အရပ်သူဖြစ်ခဲ့သော မယ်တော်သည် အရပ်သားချော့သီချင်းများဖြင့် ရံဖန်ရံခါ၊ သမီးတော်ကလေးကို၊ ချော့မော့နှစ်သိမ့်ခဲ့ပေမည်။ ထို့ကြောင့် လှိုင်မင်းသမီးသည် ထိုသီချင်းတစ်ချို့ကို မှတ်မိတန်သလောက် မျတ်မိနေပေလိမ့်မည်။ မင်းသမီးကလေး ကိုယ်တော်တိုင်ကလည်း တော်ဝင် နန်းသုံး သားချော့သီချင်းများနှင့် အရပ်သုံးသီချင်းများ၏ ခြားနားမှုကို ရိပ်စားမိပြီးလျှင်၊ အရပ်သုံး ကလေးချော့သီချင်းများသည် အမြှောက်အပင့် အဖွဲ့အနွဲ့ မပါသော်လည်း၊ သာယာနာပျော်ဖွယ် ရှိကာ၊ နှစ်လိုဖွယ်ရာကောင်းပုံကို ပိုင်းခြားသိမြင်ခဲ့ဟန် တူပေသည်။ ထိုကြောင့် မိမိတွင် ထန်းတစ်ပင်မင်းသားဟူသော သားတော်ကလေးဖွားမြင်တော်မူ၍၊ မြပုခက်တင်မင်္ဂလာဆင်ယင်ကျင်းပသည့်အခါ၊ အထိန်းတော် အချီတော်တို့က သီဆိုပြီးလျှင် ရွှေနားတော်သွင်းရန် 'ရွှေဗျိုင်းညို'၊ 'ကြောင်ဖားရယ် မြီးတံတို'၊ 'ဟီးလေးပေါက်ပင်' ဟူသော အရပ်သုံး သားချော့ သီချင်းသုံးပုဒ်ကို ထီးသုံးနန်းသုံး လွဲချင်း၊ ကျူးချင်း၊ ဧယဉ်တော်ချင်း တို့နှင့် တတန်းစားတည်းထားနိုင်၍ ထီးသုံးနန်းသုံးဘဝသို့ ရောက်အောင် ရွှေဘုံနိဒါန်း မင်းခမ်းဆိုင်ရာ အလင်္ကာဂုဏ်တို့ဖြင့် ပသိုင်းအဝန်းဖွဲ့ကာ တန်ဆာ ဆင်ပြီးလျှင် 'ရေယမုန်' အစချီသော ပိဿာလွဲချင်း ပတ်ပျိုး တစ်ပုဒ်အဖြစ် ကိုယ်တော်တိုင် ရေးစပ် ဖွဲ့နွဲ့ သီကုံးခဲ့လေသည်။ ထိုပတ်ပျိုးအတွင်း၌ ထည့်သွင်းသုံးစွဲခဲ့သော အရပ်သုံးသားချော့ သီချင်းသုံးပုဒ်အနက်၊ 'ရွှေဗျိုင်းညို၊ ရေကန်ရိုး၊ ထိုးတဲ့ငါးရှင်၊ ကျောင်းအောက်ကို ဝင်တယ်လေမှ၊ မကြီးငယ် ရွှေစာသင်' ဟူသော သီချင်းကို ထီးသုံးတော်ဝင်ဖြစ်အောင် အောက်ပါအတိုင်း တန်ဆာ ဆင်လိုက်လေသည်။

'ရေယမုန်၊ အဿုန်သီတာတိုင်းသို့လေ ။ ။ ငှက်လိမ္မာ၊ မကြာခေါင်စေ ခိုင်းမယ်ပလေး။ ။ တောင်ဝိုင်းစုံလွင့်၊ မြင့်တိမ်ယံဘွေ။ ရေယဉ်စီးပါတဲ့၊ မြစ်ကြီးငယ်သောင်ခြေ။ ။ ရွှေ ရွှေ ရွှေရောင်သား။ ငွေ ငွေ ငွေရောင်သား။ ။ မြရေယဉ်မှော်ပင်ကြား၊ မြူးစံတဲ့ငါး။ လေးမယ်ခင် နတ်သွင်ထား၊ ဘုန်းမယ့်ရို့သား။ နှုတ်ဖျားဝါဝါ၊ ပန်းလွှာငယ်ရွှေသွေး၊ ချီကာယူလို့ပေး။ ကိုယ်မွေးတဲ့ သိဂသ္မါ၊ ဖြူစွာငွေသွေး၊ ကျောင်းဝင်ခဲ့လေး။ ရွှေဘုံသူကလေးတို့၊ ချိုအေးသံသာ၊ စုံဆယ်လီရှိရင် ညောင်းတယ်လေး၊ တောင်းယူခဲ့ပါ' ဟူ၍ ဖွဲ့ဆိုလိုက်ရာ၊ ရေယမုန်၊ အဿုန်သီတာတိုင်း ဟူသော ရေအယဉ်တို့ တသွင်သွင် စီးဆင်းနေသည့် မြစ်ချောင်းများရှိရာ အရပ်သို့မယ်မယ့် သားတော်အား ပေးရန် ငါးကောက်ဖို့ရာ ဗျိုင်းအလိမ္မာကလေးကို မယ်မယ်ထိပ်ခေါင်တင်က မကြာမီ စေလွှတ်လိုက်မည်။ ဗျိုင်းအလိမ္မာကလေးသည် တောင်ပံ နှစ်ဘက်ကို ဝိုင်းနေလေအောင် စုံခတ်၍၊ ကောင်းကင် ခရီးဖြင့် ငွေသဲသောင်ပြင်သို့ အလျင်အမြန်သွားပါလေ။ သဲသောင်ခုံသို့ ရောက်လျှင်၊ စိမ်းလန်းသော မှော်ပင်များ၏အကြား၊ ကြည်လင် သော ရေပြင်အောက်၌ ကူးခတ် သွားလာနေကြသော ရွှေအရောင် ရွှေအဆင်းရှိသည့် ငါးကလေးများအား ငွေအရောင် ငွေအဆင်ရှိသော ဗျိုင်းအလိမ္မာကလေးက နှုတ်သီး ဝါဝါ ကလေးကြားတွင် ကိုက်ချီယူ၍ ဆောင်လာပြီးလျှင်၊ ပန်းလွှာပန်းချပ်တစ်မျှ နုနယ်သော ခေါင်ထိပ်ထား၏ရွှေသွေး သားတော်ကလေးကို ပေးရန် ကျောင်းအောက်သို့ဝင်လှည့်ပါ။ ငါးကလေးကိုချီ၍ ကျောင်းအောက်သို့ဝင်လာသော ဗျိုင်းအလိမ္မာလေးထံမှ မင်္ဂလာဇေယျုံ ရွှေဘုံမြို့သူ အထိန်းတော် အချီတော်တို့က ဗျိုင်းကလေးအား ချော့မော့၍ ငါးကို တောင်းယူခဲ့ကြပါဟူ၍ ဆိုလိုရင်း ဖြစ်ပေသည်။ ထိုနောက် 'ကြောင်ဖားကြီးရယ်တဲ့ ့ ့ ့ မြီးတံတို၊ အဆီကိုစားပါလို့၊ အသားကိုမျို၊ ကြောင်အိုပေမြှေး၊ ကိုက်လိမ့်မယ်လေး' ဟူသော သီချင်းကို အောက်ပါအတိုင်း ထီးသံ နန်းသံပါအောင် ဖွဲနွဲ့လိုက်ပြန်သည်။ ' ့ ့ ့ နွဲ့နွဲ့မာန်ကိုးငယ်နှင့်၊ အို ဆိုးလိုက်တာ။ မြမျက်ရည်ဂေါ်ဇင်ညှာက၊ ငိုရှာလုနီး။ မေ့မောင်ကြီးရယ်တဲ့ စိန်ကြိုးသွယ်၊ ဟာ ့ ့ ့ တိတ်ပကွယ်၊ ကြောင်ညိုဖားငယ်လေး။ စားတတ်လှတယ်' ဟု ဖွဲ့နွဲ့ထားသည်။ ဆိုလိုရင်းမှာ ဂေါ်သဇင် အညှာကဲ့သို့ နုနယ်လှသော သားတော်သည် မယ်မယ်အား နွဲ့ဆိုးဆိုးပြီးလျှင်၊ မျက်ရည်ပေါက်ကြီးများ ကျလုနီး ငိုနေပြန်လေပြီ။ စိန်ကြိုးသွယ်ကဲ့သို့ ရှုချင်ဖွယ် ကောင်းသောသားတော်မောင် အငိုမတိတ်ပါက ကြောင်ညို ဖားကြီးလာ၍ ကိုက်စားပေလိမ့်မည် ဟူသတည်း။ 'ဟီးလေးရယ်တဲ့ ပေါက်ပင်၊ ရေပေါ်လွမ်းပါတဲ့၊ ကန်စွန်းပင်၊ နေဝင်ခါနီး၊ ကန်စွန်းသီး'ဟူသော အရပ်သုံးသီးချင်းကို ထီးသုံးနန်းသုံး ဆန်လေအောင် အဆင့်အတန်းမြှင့်၍ စပ်ဆိုလိုက်ပုံမှာ - ' ့ ့ ့ရေပေါ်မှာ လွမ်းပါတဲ့၊ ကန်စွန်းနွယ်။ ဒေါင်းဖလ်ဝါ ရောင်စုံကွယ်တော့၊ ခိုင်ရွေနွယ်သီး၊ ဇဿူရည်ထီးမှာတဲ့၊ အငြီးတော်ပြေ၊ ယိုလေး သံသာ၊ စိန်ရိုးညှာ လွှဲမယ်လေး၊ နွဲ့ဟန်လို့သာ' ဟူ၍ ဖြစ်သည်။ နေဝင်သည်ကို (ဒေါင်းဖလ်ဝါ ရောင်စုံကွယ်တော့) ဟူ၍လည်းကောင်း၊ ကန်စွန်းသီးကို (ခိုင်ရွှေနွယ်သီး)ဟူ၍လည်းကောင်း ထီးသံနန်းသံ ပါပါ သုံးနှုန်းထားလေသည်။ ထိုအပိုဒ်တွင် စိန်ရိုးစိန်ရွက် အခက်အညှာနှင့်တူသော သားတော်မောင် အငြီးတော်ပြေစေရန် မယ်မယ်က 'ဟီးလေးပေါက်ပင်' သီချင်းဖြင့် ယိုယီး လေးယီးဆိုပြီးလျှင် မြပုခက်ကို လွှဲ၍ သိပ်ပါမည်။ မယ်မယ့်သားတော်ကလေးသည် အိပ်ပါလေတော့ ဟူသော အဓိပ္ပါယ်ဖြင့် ဖွဲ့နွဲ့ထားလေသည်။ ယင်းသို့ဖြင့် အရပ်သုံး သားချော့သီချင်းသုံးပုဒ်သည် လှိုင်ထိပ်ထား၏ ကဗျာဉာဏ်ကြောင့် ရွှေနန်းစဉ်လာ မဟာဂီတစာရင်းဝင် 'ပိဿာလွှဲချင်း ပတ်ပျိုး' ဟူသော ထယ်ဝါခန့်ညားသည့် အမည်နာမကို ခံယူရသည့် ထီးသုံးနန်းသုံး ဧယဉ်တော်ချင်း သီချင်းတစ်ပုဒ် ဖြစ်လာခဲ့လေသည်။

မြန်မာသားချော့ကဗျာအများအပြားရှိပေရာ၊ အထက်တွင်ဆိုခဲ့သည့်အတိုင်း အရပ်သုံး ကဗျာများသည် အရေးအရာ ထားခြင်းမခံခဲ့ရသည့်အတွက်၊ မည်သည့် ကဗျာသည် အစောဆုံး ပေါ်ထွက်ခွဲသည်ဟူ၍ ယင်းတို့၏ နောက်ကြောင်း သမိုင်းကို ပိုင်းခြား ခန့်မှန်းပြနိုင်ရန် ခဲယဉ်းပေသည်။ 'ရေယမုန်' ပတ်ပျိုးပါ အရပ်သုံး ကလေးချော့ကဗျာသုံးပုဒ်သာလျှင် လှိုင်မင်းသမီး၏ ကျေးဇူး ကြောင့် ကုန်းဘောင်ခေတ်ပေါ် သီးချင်းများတွင် ပါဝင်ခဲ့လေမည်ဟု ခန့်မှန်းရပေသည်။ ရှေးခေတ် အရပ်သုံး ကလေးချော့သီးချင်း အများအပြားရှိခဲ့သည့်အနက် 'လူကလေးရယ်ငို၊ ခိုဖမ်းလို့ပေး။ ခိုဖြူခိုပြာ နက်ကယ် ဖမ်းခက်လှသေး' ။ ။ ဟူသော သီချင်းသည် အသုံးများသော သီချင်းတစ်ပုဒ် ဖြစ်ခဲ့၍၊ မြန်မာကလေးသူငယ်များစွာတို့သည် မိခင်၊ အဒေါ်၊မိကြီး၊ မိဒွေးတို့၏ ထိုသီချင်း သီဆိုသံကို နားစိုက်ကာ နှစ်သိမ့် ကြည်နူးစွာဖြင့် အိပ်ပျော်ခဲ့ကြပေသည်။ ထိုအတူ 'လူကလေးရဲ့ ချော့စရာ။ မိတ္ထီလာ ကန်တော်အောက်က၊ ဖားကောက်ခဲ့ပါ။ ဖားပါလျှင် တစ်ကောင်ပေးပါ့။ မျက်လုံးရယ် ကြောင်တောင်တောင်နှင့် ဖားကောင်ကသေး။ ဟူသော သားချော့သီချင်းတွင် ကလေးများ စိတ်ဝင်စားသော 'ဖား'ကို ဖွဲ့ဆိုထားခဲ့၍ လူသိများသော သားချော့သီချင်းတစ်ပုဒ် ဖြစ်သည်။ ထို့ပြင် 'ရွှေလမှာ ယုန်ဝပ်လို့၊ ဆန်ဖွပ်သည့် အဖိုးအို။ ဟောကြည့်ပါဆို။ ဆိုသာဆို၊ ပိုမိုသည့်စကား။ ကလေးအငိုတိတ်အောင်၊ အရိပ်အရောင် ပြတယ်၊ ဖိုးလ နတ်သား။' ဟူသော ကလေးချော့ကဗျာသည်လည်း ကလေးများစွာတို့စိတ်ဝင်စားသော သီချင်းတစ်ပုဒ်ဖြစ်သည်။ သီချင်းတွင်ပါသော လထဲ၌ ဝပ်နေသည့် ယုန်ကလေးနှင့် လထဲတွင် ဆန်ဖွပ်နေသော အဖိုးအိုတို့ကို ကလေးများစွာ တို့သည် စိတ်ကူးဖြင့် တွေးကြည့်မိကြလေသည်။ ကလေးချော့ တေးကဗျာများကို အခြား တေးကဗျာများလောက် စပ်ဆိုသီကုံးမှု မများခဲ့သဖြင့် ရှေးကလေးချော့ သီချင်းများတွင် နောက်ထပ် တိုးပွားမှု အလွန်နည်းခဲ့လေသည်။ ဒုတိယ ကမ္ဘာစစ်မတိုင်မီ ကာလက၊ ကဗျာစာဆို မင်းသုဝဏ်သည် 'မောင်ခွေးဘို့'ဟူသော အမည်ဖြင့် ကလေးသူငယ်များအတွက် နှစ်လိုဖွယ်ရာ ကောင်းသော တေးကဗျာစုကို စပ်ဆိုသီကုံးခဲ့သည့်အနက် ပုခက်လွှဲသားချော့သီချင်း တစ်ပုဒ်လည်း ပါဝင်သည်။ ထိုသီချင်းတွင် ကလေး၏ ပတ်ဝန်းကျင်၌ ရှိနေသော ငှက်ကလေးများ၊ ပန်းကလေးများ၊ နေမင်း၊ လမင်း၊ မိုး၊ လေ၊ ချောင်းရေစသော သဘာဝ၏ အခြင်းအရာ အခြေအနေများကို ကလေးတို့၏ နား၌ ယဉ်ပါး၍ ကလေးတို့နှင့် နီးစပ်အောင် အောက်ပါအတိုင်း ထည့်သွင်းစပ်ဆိုထားလေသည်။

ပုခက်လွှဲသီချင်း မုန်တိုင်းကထန်၊ ချောင်းကလျှံ၊ ဝဲသံကကြွေး၊ လှိုင်းကဖွေး၊ ရည်းလေလေ့၊ ရည်းလေလေး။ ။ မိုးပေါက်ကနာ၊ ဖြုတ်ကလာ၊ လမ်းတာကဝေး၊ လေကအေး၊ ရည်းလေလေ့၊ ရည်းလေလေး။ ။ ဖော်ချင်းတို့ရေ၊ တို့တစ်တွေ၊ လှော်လေအပြေး၊ ယက်ဖွေးဖွေး၊ ရည်းလေလေ့၊ ရည်းလေလေး။ ။ နေမင်းဖန်ဝါ၊ ယွန်းတော့ရှာ၊ အိပ်ပါ လူလေး၊ မေ့ရင်သွေး၊ ရည်းလေလေ့၊ ရည်းလေလေး။ ။ ငှက်မငှက်ဖို သိုက်မြုံခို၊ သံချိုမကြွေး၊ အိပ်ပြီလေး၊ ရည်းလေလေ့၊ ရည်းလေလေး။ ။ ယနံ့မထုံ၊ ပန်းဝတ်မှုံ၊ ပန်းငုံမှာကွေး၊ အိပ်ပြီလေး၊ လမင်းသော်တာ၊ ရောင်ခြည်ဖြာ၊ အိပ်ပါလူလေး၊ မေ့ရင်သွေး၊ ရည်းလေလေ့၊ ရည်းလေလေး။ ။ မြန်မာလူမျိုးတို့တွင် သာမက၊ ပြည်ထောင်စုဖွား တိုင်းရင်းသာ လူမျိုးအသီးသီးတို့၌လည်း သားချော့သီချင်း၊ သို့မဟုတ် ကလေးချော့ ပုခက်လွှဲ သီချင်းတို့ ရှိကြသည်ဖြစ်ရာ၊ အချို့တိုင်းရင်းသာလူမျိုးတို့၏ ကလေးချော့ သီချင်းများတွင် ယင်းတို့၏အနေအထိုင် ဓလေ့စရိုက်များကိုလည်း ထည့်သွင်းစပ်ဆိုထားသည်။ ရခိုင် ပုခက်လွှဲ သီချင်းတို့တွင် ယင်းသို့ ထည့်သွင်းစပ်ဆိုထားသည်ကို အောက်ပါနမူနာ တစ်ပုဒ်တွင် ကြည့် ပါလေ။

သားလှဧယင် အဘိုးသျှင်ရက်၊ နှီးပုခွက်။ အဘာပြင်၊ သျှော်ကြိုးခက်။ အဘောင်သျှေင်ရို့၊ လင်းညှီလက်။ အထက်ကေခြင်ဆင်၊ ယောင်စောင်းပြင်။ အမင်လွှဲ၊ ယိုင်းကြိုးငင်။ သားသျှင်ဇုဝေ၊ အိပ်ပါမေ။ ဧလည်း ယင်ယင် ့ ့ ့ ဧ။ ဇုဝေဝေ ့ ့ ့ လေ။ ။ ထိုပုခက်လွှဲ သီချင်း၏ အဓိပ္ပါယ်မှာ သားမောင် အိပ်ရန်နှီးပုခက်ကို အဖိုးကိုယ်တိုင် ရက်လုပ်၍၊ အဖကိုယ်တိုင် လျှော်ကြိုးဖြင့် ခက်ပြီလျှင် အိမ်ခန်း အဝင်ဝ အထက်ခြင်တိုင်၌ ချည်၍ ပုခက်ဆင်ပေးရှာသည်။ အဖွားကမူ သားမောင် အိပ်ရာကို သပ်ရပ်စွာ ပြင်ဆင်ပေး၍ အမိက သားမောင်အား ပုခက်တွင်း၌ ထည့်ကာ တေးဆို၍ သိပ်ပါမည်။ အိပ်ပါလေတော့လေ။ ယိုယီးလေး ့ ့ ့ ဟူ၍ ဖြစ်ပေသည်။ သားကလေး မျက်ရှုအတွက် အဖိုးအဖွား အမိအဘတို့က ချစ်ခင်မြတ်နိုးစွာဖြင့် ဝိုင်းအုံယုယလျက် လုပ်ကိုင် ပေးကြပုံကို သရုပ်ဖော်ထားလေရာ၊ ရခိုင်မိသားစု၏ အနေအထိုင် စရိုက် ဓလေ့ကလေးများကိုပါ တစ်စေ့တစ်စောင်း လေ့လာ အကဲခက်နိုင်ကြပေသည်။ ရှေးမွန်ကလေးချော့ သီချင်းများတွင် အောက်ဖော်ပြပါ သီချင်းတစ်ပုဒ်သည် မွန်ဒ၊ မွန်ည၊ မွန်ဒိုင် ဟူသော မွန်သုံးမျိုးတို့အနက်၊ မွန်ဒလူမျိုးတို့သည် မြန်မာနိုင်ငံအောက်ပိုင်းသို့ မည်ကဲ့သို့ရောက်ရှိလာပုံ စပ်ဆိုထားသဖြင့် မွန်လူမျိုးများ၏ မူလဘူတနှင့် စပ်လျဉ်း၍ စဉ်းစားဆင်ခြင်ဖွယ် အချက်များလည်းပါသည်။

မွန်ဒ သားချော့သီချင်း ဟီလေယောလေ ပိုင်ကရုံမေ်၈ါတေ ဒေစရဲးမွန် စန်ပီစွယ် ဒွန်ကော(မ်) ရမွန်ဒဲ့ အဟောမ် ဟေ့မွဲကော့နိုင်းမဒဲ စိုက်ခရာ ဝိပါကကောမ် တစ်ကော့ခမွိုင် တစ်နော(မ်) တုံမ်ရဲး ဇယ်ကောက် ကျပ်ပ်ကလုန်ရွန်းကွန်း။ အဓိပ္ပါယ်မှာ သားချစ်မောင်၊ (အိန္ဒိယနိုင်ငံ) ကိုရိုမန်ဒယ်ကမ်းရိုးတန်း ဒေသ၊ ဂိုဒါဝရီ မြစ်ဝှမ်းသည် ငါတို့မွန်ဒလူမျိုး၏ မူလဌာန ဖြစ်သည်၊ ရှေးဝိပါက အကြောင်း မလှခဲ့၍ ငါတို့သည် ငါတို့၏ အရှင်သခင် ဘုရင်မင်းမြတ်ကို ခွဲခွာခဲ့ရ၍ (ဗဂသ္မလား ပင်လယ်အော်ကို ကျော်ဖြတ်ကာ) မြန်မာနိုင်ငံအောက်ပိုင်း ဇယားနယ်(တနင်္သာရီ) တစ်ကော့ ခမွိုင်ခေါ် ဘီလူးကျွန်းသို့ ရောက်ခဲ့ရလေသည်ဟူ၍ ပေတည်း။ အောက်ပါ ရှမ်းသားချော့ တေးတစ်ပုဒ်တွင် မြန်မာသားချော့တေးတစ်ပုဒ်ကဲ့သို့ လထဲတွင် ဆန်ဖွပ်နေသော အဖိုးအို အကြောင်းကို ထည့်သွင်း စပ်ဆိုထားလေသည်။ ရှမ်းသားချော့သီချင်း

အင်း ့ ့ ့ ့ အင်း ့ ့ ့ ့၊ လိန်လိုင်း လုပ်ငေါင်ဆောင်၊ လိုင်းထောင် နာ ကွန်းဟောင်း။ နွမ်း ့ ့ ့ ့ နွမ်း ့ ့ ့ ့။ ပူထောက်အွမ် ကွန်းလျို၊ ရစ်တန် ဆတ်ခေါဟျီုတံခေါက်၊ နွမ်း ့ ့ ့ ့ နွမ်း ့ ့ ့ ့ အင်း ့ ့ ့ ့ အင်း။ ။ (မြန်မာဘာသာပြန်) အို ့ ့ ့ ့ အိုး ့ ့ ့ ့။ ရွှေလရောင်ထိုး၊ အိမ်ခေါင်မိုး၊ ထိုးလာပါနဲ့ မျက်နှာပေါ်၊ သားလေး နိုးမယ်နော်။ အိပ်ပျော်ကာစ၊ သားသားလေး၊ နိုးမှာစိုးလှသေး။ အဖိုးအို တစ်ကိုယ်တည်း၊ ဆန်ဖွွပ်ကာ တေးဆိုညည်း၊ အိပ်ပါ လူလေး၊ မယ့်ရင်သွေး။ ။ ကရင် အမျိုးသား ကလေးချော့ ကဗျာများတွင်လည်း မိမိ၏ ရင်သွေးသားငယ်အပေါ် မိခင်၏ ကြီးမားသော စေတနာ မေတ္တာထားရှိပုံတို့ကို သရုပ်ဖော်ထားသည်။ မိခင်သည် မိမိသားငယ်၏ ပုခက်ကြိုးကို ရွှေကြိုး သံကြိုးဖြင့်ပင် ဆင်လိုပုံ၊ မိခင်၏ မေတ္တာကြီးမားလှသဖြင့် ပျားသကာရည်ကဲ့သို့ ချိုမြိန်သော နို့ရည်စီးဆင်းရပုံ၊ သားငယ်အား ပြုစုယုယ ချစ်၍ မဝနိုင်ပုံကို အောက်ပါ ပုခက်လွှဲသီချင်းတစ်ပုဒ်အားဖြင့် သဘောပေါက်နိုင်ကြပေသည်။ မိုထိုးဝအမိုး


၁။ မီးလဲစူအူး အူးအပူး စုအူးအူးအပလီမေထူး မီးလဲစုအူးအူးအသ စုအူးအူးအပလီမေထ ၂။ မီးလဲစုပူးမိုအူးအူး မိုအယ်နား ဖုလဲ့ဖုသူး မီးလဲစုပူးမိုထိုဝ မိုအယ်နားနား မိုအယ်နား ၃။ မီးလဲစုပူးမို ယယ်ယော မိုအယအောအော မိုအယ်အော မိုအယ်အောအော မိုအယ်အော မိုမာယော်ကွဲ အေကွဲစော ၄။ မိုအယ်ဝဲဝဲ မိုအယ်ဝဲ မိုမာယောကွဲ ဒိုကနဲ မိုလူအဖိုး ထိုစီကလို မိုလူကွာ ဒေါ့အကတို ၅။ မိုလူအဖိုးထိုစီကွဲယ် မိုလူကွာ ဒေါ့အကမဲယ် မိုလူဖိုးဆိမိုလူကဲ ဖိုးဆိလူကေးမိုတကဲ မီးအူးအူး မီးအော်အော်အူး (မြန်မာဘာသာပြန်) ၁။ ပုခက်ထဲသိပ်၊ အိပ်ပါလေ၊ ရွှေကြိုးနှင့်ဆင်၊ ပုခတ်ယဉ် မေမေလွှဲသိပ်၊ အိပ်ပါလေ၊ သံကြိုးနှင့်ဆင်၊ ပုခတ်ယဉ် ၂။ ပုခက်ထက်ဝယ်၊ မေသိပ်မယ်၊ အိပ်ပါတော့လား မေ့ချစ်သား၊ ပုခက်ကြိုးကို၊ ကိုင်ကာဆွဲ၊ မေမေကိုယ်တိုင် ထိုင်ကာလွှဲ။ ၃။ မေမေ့မေတ္တာ၊ ကြီးမားပါ၊ ချိုအေးနို့ရည်၊ ပျားသကာ၊ တိုက်ကျွေးယုယ၊ ပုခက်ထဲ၊ သားကိုသိပ်၍၊ မေမေလွှဲ။ ၄။ သားလှသည်းချာ၊ အဖို့ရာ၊ မေ့မေတ္တာရည်၊ စီးဆင်းလာ၊ ငယ်မှ ကြီးတိုင်၊ ချစ်မငြီး၊ စောင့်ရှောင့်ပြုစု၊ ပေးခဲ့ပြီး။ ၅။ ငှက်ငယ်ပမာ မေ့သည်းချာ ကြည်နူးယုယ၊ ပိုက်ထွေးကာ၊ သားကိုမေမေ၊ ပြုစုထား၊ သားကမေ့လို၊ ချစ်မှာလာ အိပ်ပါတော့လေး ့ ့ ့ ့ ့ မေ့ရင်သွေး။ ကလေးချော့သီချင်းများသည် ကမ္ဘာပေါ်ရှိ လူမျိုးတိုင်း လူမျိုးတိုင်း အဖို့ မရိုးနိုင်သော တေးကဗျာများ ဖြစ်ကြ သည်။ ခေတ်အမျိုးမျိုး ပြောင်း၍ တေးသီချင်းအမျိုးမျိုးတို့ ဆန်းသစ်ခဲ့သော်လည်း ကလေးငယ်များကို ချော့သိပ်ရာ၌ ကျွန်ုပ်တို့၏ အဖိုးအဖွား အမိအဖတို့သည်လည်း သမရိုးကျ ကလေးချော့သီချင်းများကို ဆိုညည်းခဲ့ကြ၍၊ ကျွန်ုပ်တို့ သည်လည်း ကျွန်ုပ်တို့၏ သားမြေးများကို ချော့သိပ်ရန် ထိုသီချင်းများကိုပင် ဆိုညည်းကြပေလိမ့်အုံးမည်သာတည်း။


[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၀)