မေတ္တာစာ

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

မေတ္တာစာဟူသည်ကား မြန်မာစာပေတွင် လင်္ကာဖြင့် သော်၎င်း၊ လင်္ကာစကားပြေ နှစ်ထွေရော၍သော်၎င်း ရေးစပ်သီကုံးသော အဖွဲ့အနွဲ့တစ်မျိုး ဖြစ်၏။ အစပထမတွင် မေတ္တာစာများကို ရဟန်းပုဂ္ဂိုလ်တို့က ဂုဏ်အားဖြင့်ကြီးသော ဘုရင်စိုးမင်းတို့အား အကြောင်းတစ်ပါးပါးကြောင့် မေတ္တာရပ်ခံ၍ မေတ္တာခံယူသည့် အနေဖြင့် ရေးသောကြောင့် မေတ္တာစာဟု ခေါ်တွင်ဟန်ရှိ၏။ နောင်သော် မေတ္တာစာသည် မင်းတို့အား ဆုံးမသော ၊ မေတ္တာရပ်ခံသော စာများမဟုတ်ဘဲ ၅၂၈ သွယ် အကြောင်းပြု၍ မောင်နှင့်နှမ၊ သားနှင့်အမိ၊ ဆရာနှင့်တပည့်၊ ရဟန်းပုဂ္ဂိုလ်တစ်ဦးနှင့် တစ်ဦး ကမ်းလှမ်းပေးပို့သော စာများဖြစ်လျက် မေတ္တာစာ သာမည မဟုတ်ဘဲ ဆုံးမစာသဘော သက်ဝင်လာ၏။ ဤမျှသာမကဘဲ ခေတ်ရွေ့လျောသည်နှင့်အမျှ သောင်းပြောင်းထွေလာ အကြောင်းမျိုးစုံပါသော မေတ္တာစာများကို ရေးသားကြလေသည်။ မေတ္တာစာရေးရာ၌ ထင်ရှားသော စာဆိုရှင် ပုဂ္ဂိုလ်တို့မှာ

မေတ္တာစာတစ်ခုတွင် မေတ္တာဖွဲ့၊ စာပေးသူဖွဲ့၊ စာယူသူဖွဲ့၊ အထွေထွေဖွဲ့အားဖြင့် လေးပိုင်း ပိုင်းခြားထားသည်ဖြစ်၏။ ဤသို့ ပိုင်းခြားထားသည်တွင် စာဆိုရှင်တစ်ဦးနှင့် တစ်ဦး ဖွဲ့ပုံခြင်းမတူကြပေ။ အချို့က မေတ္တာဖွဲ့များကို ဂရုပြု၍ ခမ်းနာတင့်တယ်စွာဖွဲ့သော်လည်း၊ အချို့ကမူ အထွေထွေအကြောင်းအရာ၊ စာပေးသူ၊ စာယူသူဖွဲ့များကို အရေးထား၍ ဖွဲ့တတ်ကြပေသည်။ တစ်ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်းဆိုသလို တစ်ဦးနှင့်တစ်ဦး တမူထူးခြားစွာဖွဲ့ဆိုတတ်ကြပေသည်။ သက္ကရာဇ် ၇၆၆ ခုနှစ်တွင် အင်းဝပထမမင်းခေါင်ကြီး လက်ထက် မွန်ဘုရင် ရာဇာဓိရာဇ်သည် အင်းဝမြို့တော်သို့ စစ်ချီတက်လာရာ၌ စကြိုသူမြတ်က ရာဇာဓိရာဇ်ထံ ပေးသွင်းသော မေတ္တာစာကို မြန်မာစာပေသမိုင်းတွင် ဦးစွာ တွေ့ရသည်။

ထိုနောက်တွင် ဒုတိယ မင်းခေါင်လက်ထက် ရှင်မဟာရဋ္ဌသာရ ဆက်သွင်းသော မေတ္တာစာနှင့်၊ ရှင်မဟာသီလဝံသ၊ ရှင်တေဇောသာရတို့၏ မေတ္တာစာများကို တွေ့ရ၏။ ထိုမေတ္တာစာစုမှာ မေတ္တာရပ်ခံသောစာများ ဖြစ်လေသည်။ သို့သော် ယင်းပထမ အင်းဝခေတ်တွင်ပင် ပေါ်ပေါက်လာသော ကန်တော်မင်းကျောင်းဆရာတော် ပြုစုခဲ့သည့် မေတ္တာစာမှာ ဘုရင်မင်းမြတ်အား အမြော်အမြင်ကြီးမားစေရန် သတိပေးဆုံးမသော စာဖြစ်သော်လည်း အများနှင့်လည်းဆိုင်သည့် မေတ္တာစာဖြစ်ရကား အထူးပင် ထင်ရှားလှပေသည်။ အင်းဝခေတ်တွင် ပေါ်ပေါက်ခဲ့သော မေတ္တာစာများသည် များသောအားဖြင့် ဘုရင်မင်းမြတ်ထံမှ မေတ္တာတော်ကို ခံယူလိုသောကြောင့် ဘုန်းကြီး ရဟန်းများက တင်သွင်းသော စာများဖြစ်ကြ၏။

ပုံစံပြရလျှင် ရှင်မဟာသီလဝံသက မိမိ၏ တူတော် သုနန္ဒသူရိယကိုဒုတိယမင်းခေါင်၏ အမျက်တော်ရှိခြင်းမှ လွတ်ကင်းချမ်းသာစေရန် ဘုရင်မင်းမြတ်ထံ အသင်္ခါရိက အစချီလျက် မေတ္တာစာခွေ ၊ ဆက်သောထွေကို၊ ရေမြေသခင်၊ ရွှေနန်းရှင်သည် အလျင်မျက်တော် ပြေစေသောဝ်ဟူ၍ မေတ္တာစာကို တင်သွင်း ခဲ့ဘူးလေသည်။ ရှင်မဟာရဋ္ဌသာရကလည်း အသင်္ခါရိက အစချီသော မေတ္တာစာ ၃ ပိုဒ်ကို တင်သွင်းသည်။ ထိုမေတ္တာစာများတွင် ပြည်ထဲရေးကို၊ ဆွေးနွေးထောက်၍၊ မမေ့မလျော့၊ မပေါ့မလေး၊ မနှေးမလျင်၊ မြော်မြင်အရေး၊ အတွေးအခေါ်၊ အမျှော်အတင်း၊ လုပ်ကြံပြင်းလျက် စသည်ဖြင့်တိုင်းပြည်အုပ်ချုပ်ရာ၌ ပြေပြစ်ချောမောစေရန် သတိပေးသည့် ဆုံးမစကားများကို တွေ့ရလေသည်။ သို့ဖြင့် အင်းဝခေတ် မေတ္တာစာများသည် ဘုရင်မင်းမြတ်မှ အစပြု၍ အမျိုးလေးပါးတို့ကို တရားလမ်းကြောင်းဖြင့် ဆုံးမ သွန်သင်သော စာများ ဖြစ်သည်ဟု ဆိုသင့်လေသည်။

မေတ္တာစာ အရေးအသားသည် အင်းဝခေတ်လွန်သော် ခေတ်မှိန်သွားခဲ့သည်။ သို့သော် ကုန်းဘောင်ခေတ်သို့ရောက်၍ ကျည်းကန်ရှင်ကြီး၊ ရှင်ဥက္ကံသမာလာနှင့် စလေဦးပုညတို့က မေတ္တာစာများကို ရေးသားကြပြန်သောအခါ မေတ္တာစာ အရေးအသားသည် ခေတ်ထ၍ လာပြန်သည်။ သို့သော် ထိုကုန်းဘောင်ခေတ်ပေါ် မေတ္တာစာများသည် အင်းဝခေတ်ပေါ် မေတ္တာစာများနှင့် ရည်ရွယ်ချက်ချင်းမတူဘဲ ကွဲပြား ခြားနားကြ၏။ ကုန်းဘောင်ခေတ်ပေါ် မေတ္တာစာများသည် အင်းဝခေတ်ပေါ် မေတ္တာစာများကဲ့သို့ ဘုရင်မင်းမြတ်ထံ မေတ္တာရပ်ခံ ဆက်သွင်းရေးသားသော စာများမဟုတ်ချေ။ ကျည်းကန်ရှင်ကြီး ရေးသားသော မေတ္တာစာများသည် မင်းအားဆုံးမသော စာလည်းမဟုတ်၊ မင်း၏ မေတ္တာကို ခံယူလို၍ ရေးသားသော စာလည်း မဟုတ်ဘဲ၊ ငါးရာ့ နှစ်ဆယ့် ရှစ်သွယ်သော မေတ္တာကို အကြောင်းပြု၍ မောင်နှင့်နှစ်မ၊ သားနှင့် အမိ၊ တပည့်နှင့် ဆရာ၊ ရဟန်းပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ် တစ်ဦးနှင့်တစ်ဦး ကမ်းလှမ်းပေးပို့သော စာများဖြစ်သည်။ သို့သော် ထိုမေတ္တာစာများတွင် လူကြီးဖြစ်သူတို့က လူငယ်ဖြစ်သူတို့အား ဆုံးမသော ဩဝါဒစကားများလည်းပါဝင်သောကြောင့် ကျည်းကန်ရှင်ကြီး၏ မေတ္တာစာများကို ဆုံးမစာ မေတ္တာစာများဟူ၍ ခေါ်နိုင်သည်။ ကျည်းကန်ရှင်ကြီးသည် မေတ္တာစာများကို အဖွဲ့အမျိုးမျိုးဖြင့် ရေးသား ဖွဲ့ဆို၏။ လင်္ကာသွားဖြင့်လည်း ဖွဲ့ဆို၏။ လင်္ကာစကားပြေ နှစ်ထွေရော၍ လည်း ဖွဲ့ဆို၏။ ပိုဒ်စုံရတု စသော ရတုအထွေထွေတို့ဖြင့်လည်း ဖွဲ့ဆိုသည်။ ထိုကြောင့် ကျည်းကန်ရှင်ကြီး၏ မေတ္တာစာများမှာ သာယာနာပျော်ဖွယ်ရှိ၍ မှတ်သားနာယူရန်လည်း လွယ်လေသည်။ မေတ္တာစာများတွင် ထည့်သွင်းရေးသားသော စကားပုံ အချို့မှာ ကိုယ်တိုင်တီထွင်သော စကားပုံ အသစ်များဖြစ်လေသည်။ ထိုစကားပုံများသည် ဆုံးမစာများလည်း ဖြစ်၍ အဓိပ္ပါယ်လည်း နက်နဲသည်။ များသောအားဖြင့် ကျည်းကန်ရှင်ကြီး၏မေတ္တာစာများသည် ဓမ္မကြောင်းနွယ်သည်ထက် လောကကြောင်းဖက်သို့ ပိုမို နွယ်လေသည်။

ရှင်ဥက္ကံသ မာလာ၏ မေတ္တာစာများကား ကျည်းကန်ရှင်ကြီး၏ မေတ္တာစာများနှင့် ဆင်ဆင်တူလေသည်။ ဆရာသမား၊ညီဖွားနောင်မယ်၊ မျိုးနွယ်သားချင်း၊ မိတ်ဆွေရင်းတို့က ငါးရာ့ နှစ်ဆယ့် ရှစ်သွယ်သော မေတ္တာကို ပဓာနထားလျက် အကြံဉာဏ်ပေးအဖြစ်ဖြင့်သော်လည်းကောင်း၊ မကောင်းမြစ်ထာ ကောင်းရာညွှန်ကြားချင်၍သော်လည်းကောင်း ဆရာတော်အား ရေးပေးပါရန် တောင်းပန်သောကြောင့် ရေးပေးသောမေတ္တာစာများဖြစ်လေသည်။ တပည့်ဖြစ်သူများအား ဆရာတော်ကိုယ်တိုင် ဆုံးမပဲ့ပြင်လို၍ ရေးသားသောမေတ္တာစာများလည်း ပါဝင်လေသည်။ သို့သော် ဆရာတော် ရှင်ဥက္ကံသမာလာ၏ မေတ္တာစာများသည် လောကုတ္တရာကြောင်းဖက်သို့အထူးဂရုပြုရှေးရိံးလေသည်။ ကျည်းကန်းရှင်ကြီးကဲ့သို့ စကားပုံများ၊ ရတုပိုဒ်စုံများကို ထည့်သွင်းရေးသားခြင့်မပြုသော်လည်း ငါးရာ့ငါးဆယ်နိပါတ်တော်လာ ဇာတ်ဝတ္ထု စသည်တို့ဖြင့် ရွှန်းဝေလျက်ရှိလေသည်။ စလေဦးပုည၏ မေတ္တာစာများကား သောင်းပြောင်းထွေလာ အကြောင်မျိုးစုံပါသော မေတ္တာစာများ ဖြစ်၏။ အစုစု မေတ္တာစာပုဒ်ရေပေါင်း ၆ဝ ခန့်ရှိ၍ စလေမြို့တွင် သာမဏေဘဝနှင့် အများလာရောက် တောင်းပန်ကြသည့်အတွက် ရေးပေးရသော မေတ္တာစာများဖြစ်လေသည်။ မိမိအတွက် မိမိကိုယ်တိုင် အသုံးပြုရန် ရေးသားသော မေတ္တာစာများမှာ အခြားသူများအား ရေးပေးသော မေတ္တာစာများထက် သာလွန်ကောင်းမွန်သည်ကို တွေ့ရလေသည်။ သို့သော် ဦးပုည၏ မေတ္တာစာများသည် မင်းအား ဆုံးမပဲ့ပြင်သောစာလည်းမဟုတ်။လူပုဂ္ဂိုလ် အချင်းချင်း ကြီးသူကို ငယ်သူကို ဆုံးမသော စာများလည်း မဟုတ်ချေ။ မောင်နှစ်မ သားအမိ တစ်ဦးနှင့်တစ်ဦး သာကြောင်းမာကြောင်း ပေးစာများနှင့် သောင်းပြောင်းထွေလာ ပဒေသာ အကြောင်းအရာများကို ရေးသားဖွဲ့နွဲ့ ထားသော စာများဖြစ်သည်။ သူ၏ မေတ္တာစာများတွင် ဘုန်းကြီးပင့်၊ ရှင်ပြု၊ ရဟန်းခံ၊ လှေအလှူခံ၊ လှေလုပ်ငှား၊ ဒေါနဆီ၊ အဂ္ဂိယတ် ၊ လက်ဖက်အစရှိသော အကြောင်းအရာ အမျိုးမျိုးတို့ကို လိုရာ အနက်လည်း ကွက်ကွက်ကွင်းကွင်း မုံ့တီဟင်းကဲ့သို့ ပေါ်လွင်အောင် ဖွဲ့ဆိုရေးသားခဲ့လေသည်။ ထိုအထဲတွင် ဟာသရသကိုလည်း စွက်ဖက်ရောနှောကာ စကားလုံး ပြောင်ပြောင်နှင့် ထိမိအောင် ထည့်သွင်း ရေးသားထားသေးသောကြောင့်အခြားအခြားသောမေတ္တာစာများနှင့် ကွဲပြားခြားနားသည်ကို တွေ့မြင်ရပေသည်။

ဦးပုညသည် သရော်တော်တော် ပြောင်လှောင်ရေးသားသော မေတ္တာစာများကိုလည်း ရေးဖွဲ့ ဆိုလေသည်။ ထိုသို့သော မေတ္တာစာများတွင် ဦးပုညသည် စကား လုံးပိုင်ပိုင်နှင့် အနိုင်ရအောင်ပြောင်မြောက်စွာ ရေးသားဖွဲ့စပ်လေ့ ရှိပေသည်။ သူ၏ မေတ္တာစာရေးဟန်မှာကား လင်္ကာ စကားပြေ နှစ်ထွေရောသော ရေးဟန် ပင်ဖြစ်သည်။ ဦးပုညသည် မေတ္တာဖွဲ့ကို အထူးအရေးယူကာ ဖွဲ့ဆိုလေ့ရှိ၏။ မေတ္တာကို လနှင့်၎င်း၊ အနဝတတ်ရေနှင့်၎င်း၊ မဉ္စူသကပန်းနှင့်၎င်း နှိုင်းခိုင်းကာ စကားကြွယ်စွာ ဖွဲ့ဆိုလေ့ရှိခဲ့ပေသည်။ အထက်တွင် ဖော်ပြခဲ့သော မေတ္တာစာ ရေးသားသည့် ပုဂ္ဂိုလ်ကြီးများအပြင် ရာဇောဝါဒကျမ်း ပြုစုသော မုံရွေးဆရာတော် ၊ မောင်ရွှန်း၊ ကင်းဝန်မင်းကြီး ဦးကောင်း၊ ကျီးသဲဆရာတော် ၊ လယ်တီဆရာတော် အစရှိသော ပုဂ္ဂိုလ်ကြီးများလည်း ခေတ်ကာလအလိုက်ပေါ်ထွန်းခဲ့လေသည်။ အမျိုးသမီးများလည်း မေတ္တာစာရေးသားရာ၌ အောက်တန်းမကျခဲ့ပေ။ သို့ရာတွင် ယခုခေတ်၌ မေတ္တာစာ အရေးအသားသည် များစွာ ခေတ်မစားတော့ဘဲ တိမ်မြုပ်သကဲ့သို့ ဖြစ်နေလေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)