ဧချင်း
ဧချင်းဆိုသည်မှာ ကလေးငယ်များအား ချော့သိပ်ရာတွင် သီဆိုရသော ကဗျာဖြစ်သည်။ နန်းတွင်းရှိ မင်းသား၊ မင်းသမီးငယ်များအား ဧယာဉ်တော် မင်္ဂလာ ဆင်ယင်ကျင်းပသည့် အခါများတွင် ပုခက်တွင်း၌ သိပ်၍ ပုခက်ကိုလွှဲရင်း သီဆိုကျူးရင့် ချော့မော့ရသော ကဗျာဖြစ်၍ ဂီတသဘောမျိုးတွင် သက်ဝင်သော သီချင်းပင် ဖြစ်သည်။
ဧကာရန္တနှင့် အစချီ၍ ဧကရန္တနှင့် အဆုံးသတ်ထားပြီး လျှင် ဂီတသဘောသက်ဝင်သော အဖွဲ့အနွဲ့မျိုးကို ဧချင်းဟု ခေါ်သည်။ တစ်နည်းအားဖြင့်ဆိုလျှင် အကြောင်းချင်းရာ တို့ကို အေးချမ်း ငြိမ့်ငြောင်းစွာ ဖွဲ့ဆိုထားခြင်းများကို ဧချင်းဟု ခေါ်သည်။ ဧကရာဇ်၊ ပဒေသရာဇ်စသော ဘုရင်စိုးမင်းတို့၏ ရင်သွေးတော်များ ဖွားမြင်၍ မြပုခက်တင် မင်္ဂလာသဘင် ဆင်ယင်ကျင်းပသည့်အခါ ထိုသဘင် အခမ်းအနားအတွက် စာဆိုတော်ပညာရှိ အမတ်များက ဧချင်းများကို ရေးသားဆက်သွင်းရပြီးလျှင် ဝေါကြီးမှူး၊ ပျော့ကြီးမှူးတို့က ထိုဧချင်းများကို ဖတ်လျှောက်သီဆို ရွှေနားတော်သွင်းရသည်။ ဧယာဉ်တင်အရွယ်ထက် လွန်မြောက်ကြီးပြင်းချိန်တွင် ရေးသားဆက်သွင်းသော ဧချင်းအဖွဲ့အနွဲ့များကိုမူ ရွှေနားတော်သွင်းဟု ခေါ်ဆို လေသည်။
အရပ်အသုံးအနှုန်းနှင့်ဆိုရလျှင် ဧချင်းများသည် ပုခက် လွှဲသီချင်း၊ ကလေးချော့သိပ် အိပ်မွေ့ချ သီချင်းမျိုးဖြစ်သည်။ ဧကာရန္တနှင့် အစချီ အဆုံးသတ်ထားခြင်းမှာ ဧကာရန္တသည် ရွတ်ဆိုရာ၌ လွန်စွာ ချိုသာငြိမ့်ငြောင်းသဖြင့် မဟာသွေး မဟာဆီ မင်းညီမင်းသားငယ်များကို ချော့သိပ်ရာတွင်သာမက အရပ်သူအရပ်သား ဆင်းရဲသားတို့သည်လည်း ထိုဧကာရန္တကို အသုံးပြုကာ
- ဧ.......ဧ........အို.........ဖြင့် အစချီ၍ မိမိတို့၏ နုနယ် ကွေးလွေး ရင်သွေးငယ်များကို ချော့သိပ်ကြလေသည်။
ဧချင်းများနှင့် အရပ်သုံးကလေးချော့ သီချင်းများတို့၏ ခြားနားချက်မှာ ဧချင်းတို့သည် အရပ် ကလေးချော့သီချင်းများကဲ့သို့ ကလေးများသိနားလည်နိုင်သော အကြောင်းရပ်များကို ဖွဲ့ဆိုထားခြင်း မဟုတ်ဘဲ ဇာတိမာန်တက်ကြွစေသော အဖွဲ့အနွဲ့မျိုး ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော် စစ်သည်တော်များကို ရဲစိတ်ရဲမာန် သွတ်သွင်းပေးသော ငါးစီးရှင်ကျော်စွာ လက်ထက်က ပေါ်ပေါက်သည့် ကာချင်းဟုခေါ်သော ဂီတသီချင်းမျိုးနှင့် သဘောအားဖြင့် ဆက်သွယ်မှုရှိသည်။ သို့သော် ဧချင်းသည် ကာချင်းကဲ့သို့ ရဲရည် ရဲသွေးတို့ကို အကြမ်းအတမ်းလှုံ့ဆော်ပေးသော အဖွဲ့အနွဲ့မျိုးမဟုတ်ဘဲ နားဆင်ရသူအပေါင်းအား နားဝင် ငြိမ့်ညောင်းသာယာမှု ဖြစ်စေသည်နှင့်အမျှ ဇာတိသွေး ဇာတိမာန်တို့ကိုလည်း တဖွားဖွားတက်ကြွ ပေါ်ပေါက်စေသော အဖွဲ့အနွဲ့မျိုး ဖြစ်လေသည်။
ဧချင်းအစ
[ပြင်ဆင်ရန်]ဧချင်းသည် ပုဂံခေတ်ကပင် ပေါ်ပေါက်ခဲ့သည်ဟု ဆိုသော်လည်း အင်းဝခေတ်တွင်မှသာ အထင်အရှား တွေ့မြင်ရပေသည်။
သက္ကရာဇ် ၈၀၄-၈၃၀ တွင် ရတနာပူရ အင်းဝမြို့၌ စိုးစံတော်မူသော နရပတိမင်းနှင့် သက္ကရာဇ် ၈၁၇-၈၄၀ တွင် ရခိုင်ပြည်၌ စိုးစံတော်မူသော ရခိုင်ဘုရင် ဘစောဖြူတို့သည် ထီးပြိုင်နန်းပြိုင် ဖြစ်သည်သာမက စာပေတွင်လည်း စင်ပြိုင်ထောင်လေ့ရှိကြသည်။ အဘယ်ကြောင့်ဆိုသော် ရခိုင်ဘုရင် ဘစောဖြူ၏ သမီးတော်ကို ရခိုင်ပညာရှိအမတ်ကြီး အဒူမင်းညိုက ဧချင်းဖွဲ့ဆိုသည့် အချိန်အခါ၌ အင်းဝတွင်လည်း သီဟသူ၏မြေးတော်၊ စလင်းသတိုးကျော် သမီး သခင်ထွေးကို မြန်မာပညာရှိ ရှင်သူရဲက ဧချင်းစပ်ဆိုသည်။
ဧချင်းတို့တွင် ဖွဲ့ဆိုထားသောအကြောင်းအရာတို့သည် ဧချင်းအဖွဲ့ခံ နန်းညွှန့်နန်းလျာ မင်းသား မင်းသမီးငယ်များ၏ ဆွေတော်စဉ်၊ မျိုးတော်စဉ်၊ ဘေးလောင်းတော်၊ ဘိုးလောင်းတော်များ၏ ဘုန်းလက်ရုံး တန်ခိုးအာဏာတို့ကို၎င်း၊ အဆိုပါမဟာဆီမဟာသွေး မင်းသားငယ်မင်းသမီးငယ်တို့၏ နောင်ကာလတွင် ထွန်းပလာမည့် ဘုန်းတန်းတေဇာတို့ကို ၎င်း ဖော်ထုတ် ဖွဲ့နွဲ့ထားလေသည်။ ဧချင်းအဖွဲ့ခံ မင်းသားမင်းသမီးတို့၏ ဆွေစဉ်မျိုးဆက်များကို ဖော်ထုတ် ဖွဲ့နွဲ့ထားသဖြင့် ဧချင်းတို့သည် တစ်နည်းအားဖြင့် ရာဇဝံသဉာဏ်ကို ပေးသည်။ ရာဇဝင်ကို အထောက်အပံ့ပေးသည်ဟု ဆိုနိုင်သည်။
နောင်ကာလများတွင် ရာဇဝင်ကျမ်းပြုဆရာတို့သည် ဧချင်းများကို မှီငြမ်းပြုလျက် ရာဇဝင်နှင့်စပ်လျဉ်းသော အဖိုးတန် အထောက်အထားများကို ဧချင်း စာကိုယ်များမှ ထုတ်နုတ်၍ သက်သေထူကြလေသည်။
ဧချင်းစပ်ဆိုပုံမှာ လေးလုံးတစ်ပိုဒ် စပ်နည်းမျိုးဖြင့် တစ်ပြေးညီညာစွာ ကာရန်အသတ် ညီညွတ် မှန်ကန်အောင် စပ်ဆိုရသည်။ လက်ဦးပထမ အစပုဒ်၌ အစပိုဒ်၏ဂိုဏ်း၊ ဝဂ်၊ အက္ခရာ၊ မတြာ၊ ကာရန် ထားရမည့်အရာ၊ အချအပိုဒ်၏ ဂိုဏ်း၊ ဝဂ်၊ အက္ခရာ၊ မတြာ၊ ကာရန်၊ ကြိယာ၊ စာလုံးအနည်းအများ မည်သို့ထားသိုရမည်ကိုလည်းကောင်း၊ နောက် နောက်အပုဒ်များတွင် အစအချ မည်သို့ထား၍စီကုံးရမည်ကိုလည်းကောင်း ညွှန်ပြသော စပ်ဆိုနည်း စည်းမျဉ်းဥပဒေများသည်
- ပျို့လင်္ကာ၊
- မော်ကွန်း၊
- သံပိုင်း၊
- သမိုင်း၊
- ရဲတင်း ဟူသော ကဗျာခြောက်မျိုး စပ်ဆိုနည်းစည်းမျဉ်းများ အတိုင်းဖြစ်၍ ကျယ်ဝန်းလှပေသည်။
ဧချင်းကို သံတိုင် သံဖောက် ဖွဲ့ဆိုစီကုံးကြရာ သံတိုင် စပ်ဆိုနည်းသည် အထက်ဖော်ပြပါ ကဗျာ ခြောက်မျိုးစပ်ဆို နည်းများနှင့် မခြားလှချေ။ သံဖောက်စပ်ဆိုနည်းမှာမူ လက်ဦး ပထမပုဒ်၌ အစပုဒ်ထား၍ စပ်ဆိုပုံ၊ အတွင်းစာသား စကား ကာရန် မှန်ကန်ညီညွတ်အောင် စပ်ဆိုပုံများတွင် သံတိုင်အပိုဒ်များကို စီကုံးသည့်နည်းအတိုင်းဖြစ်၍ အချပါဒများတွင်မူ ခိုင်ညွန့်ခက်ဖြာချနည်း ဖြစ်သော ခုနှစ်လုံးချနည်းဖြင့် တစ်ပြေးညီညာစွာ ချရသည်။ ခုနှစ်လုံးစီပါသော အချပါဒနှစ်ခုပါရှိရ၍ အစအလယ် စကားလုံးခြောက်လုံး တို့သည် ပထမနှင့် ဒုတိယပါဒ တို့တွင် အတူတူကြီးသာဖြစ်၍ နောက်ဆုံးစာလုံးတွင်သာ ခြားနားမှုရှိရာ ပထမအချပါဒ၏ နောက်ဆုံးစာလုံးသည် လေ (လည်) ဖြစ်၍ ဒုတိယအချပါဒ၏ နောက်ဆုံး စာလုံးသည် လေး(လည်း) ဖြစ်စေရသည်။ နောက်နောက် အပုဒ်များ၏ စပ်ဆိုစီကုံးပုံမှာ လည်ကုပ်ချီ၊ အဖျားကောက် စပ်ဆိုနည်းအတိုင်း ဖြစ်လေသည်။
အရှည်အတိုထားပုံမှာ အချပါဒအလွတ် ငါးပါဒမှ ၁၆ ပါဒအထိ စပ်ဆိုလေ့ရှိကြ၍ ထိုထက် သာလွန်၍လည်းကောင်း၊ ယုတ်လျော့၍လည်းကောင်း တွေ့ရခဲပေသည်။
- ရခိုင်မင်းသမီး ဧချင်း၊
- သခင်ထွေး ဧချင်း၊
- ဘုရင့်နှမတော်ဧချင်း၊
- သခင်ကြီး ဧချင်းတို့သည် ဖော်ပြရာချနည်းမျိုးနှင့် အနည်းငယ်ကွဲပြားသော်လည်း ဧချင်းအများစုသည်မူ ထိုချပုံချနည်းမျိုး လိုက်နာကြသည်ကို တွေ့ရလေသည်။
ဧချင်းများကို အင်းဝခေတ်ကစတင်၍ ထင်ထင်ရှားရှား တွေ့ရှိရသော်လည်း ယင်းခေတ်မတိုင်မီကပင် ထိုအဖွဲ့အနွဲ့မျိုးရှိခဲ့ပေမည်ဟု ခန့်မှန်းရပေသည်။ အင်းဝခေတ်မှသည်ကုန်းဘောင်ခေတ်အထိ ထင်ရှားစွာတွေ့ရသော ဧချင်းစုမှာ ဧချင်းဟောင်း ၁၂ စောင်နှင့် ဧချင်းသစ် ၄ဝ ကျော် ၅ဝ နီးပါးခန့် ဖြစ်သည်။ ထိုဧချင်းများတွင် ရခိုင်အမတ်ပညာရှိကြီး အဒူ မင်းညို ရေးသားသော ရခိုင်မင်းသမီး ဧချင်းကို ရှေးအကျဆုံး အဟောင်းဆုံး ဧချင်းအဖြစ် ထားရှိကြသည်။
ဧချင်းတို့သည် တောင်ငူခေတ်တွင် ပိုမိုထွန်းကားသည်။ ဧချင်းစာဆိုတို့သည် ဧချင်းခံသူ၏ ဘေးလောင်းတော်၊ ဘိုးလောင်းတော်များ ဖြစ်ကြသော ဘုန်းကြီးသည့် မင်းများကို ကောက်နုတ်ဖွဲ့ဆိုလေ့ရှိကြရာ တောင်ငူခေတ်၏ အကျော်အမော် စာဆိုတော်ကြီးတစ်ဦးဖြစ်သော နဝဒေးကြီးသည် မင်းတရားမယ်တော် ဧချင်းတွင် အမျိုးဂုဏ်ရည်ကို ပျူမင်းမှအစတည်၍ ထုတ်ဖော်ဖွဲ့ဆို ခဲ့လေသည်။
တောင်ငူခေတ်ဧချင်းများတွင် အဓိကထား၍ရေးသားကြ သောအချက်များကား မြို့ဖွဲ့နှင့်ဘုန်းတော်ဖွဲ့များဖြစ်သည်။ ဧချင်း စာဆိုတော်တို့သည် မိမိတို့၏အရှင်သခင် ဘုရင်မင်းမြတ်ကို အလွန်အကြူး ချီးမြှောက် ဖွဲ့ဆိုလေ့ရှိကြသည်။ မင်းဇေယျရန္တမိတ် စပ်ဆိုသော မင်းရဲနရာဧချင်းတွင် တောင်ငူမြို့တော်ကြီး၏ သာယာပုံကို တခမ်းတနားဖွဲ့ဆိုထားသည့်ပြင် မြို့၏ ကြီးကျယ်သာယာပုံကို သာမညအားဖြင့်မဖွဲ့ဘဲ ဆယ့်နှစ်ရာသီ ပတ်လုံး မြို့တွင်းမြို့ပြင်သာယာပုံကို ရာသီအပိုင်းအခြားနှင့်တကွ ပြလိုသဖြင့်·
- …ဧ လျှံမောင်း လျှံမောင်း၊ ဆန်လေညောင်းနှင့်၊
တပေါင်းသာခေါင်၊ ပဇ္ဇုန်ဆောင်က၊ ညီနောင်မွေစစ် သီတာရစ်သည်၊ သျှင်ချစ်တိုင်မျှ၊ ရွှေနန်းက ပင်၊ ချီကြွလမ်းခွင်၊ မင်းမှတ် သင်မှ…ဧ ဟူ၍ တပေါင်းလကိုလည်းကောင်း၊
- …ဧ အုံ့မှိုင်း အုံ့မှိုင်း၊ မင်းလွင်ဆိုင်းက၊ ပင်တိုင်ညှာကူး၊ တန်ခူးသာလွန်း၊ တာလဆန်း သော်၊ ရေသွန်းသဘင်၊ ဆင်လည်းတစ်ချက်၊ မြင်းဆက်ချပ်ကာ၊ မြူတာကြိုင်ထွက်…ဧ ဟူ၍ တန်ခူးလကိုလည်းကောင်း၊
- …ဧ မှိုင်းပျ မှိုင်းပျ၊ တန်ခူကသည်၊ မိဿရာသီ၊ ပြိသ်သို့ချီ၍၊ တိမ်ဆီအာကာ၊ ဝိသာခါနှင့်၊ သော်တာမိုးလ၊ တူပြိုင်ပသော်…ဧ ဟူ၍ ကဆုန်လကိုလည်းကောင်း၊
လများကို အစဉ်အတိုင်း ၁၂ ရာသီ ပြည့်မီအောင် ဖွဲ့ဆို ထားသောကြောင့် ၁၂ ရာသီဖွဲ့များ၏ ရှေ့ပြေး လမ်းပြဟု ဆိုရပေမည်။ ထိုဧချင်းတွင် လျှံမောင်း လျှံမောင်း၊ အုံ့မှိုင်း အုံ့မှိုင်း၊ မှိုင်းပျ မှိုင်းပျ စသည်ဖြင့် အချို့သော အချီပိုဒ်များတွင် ယမကာချီနည်းဖြင့် အစုံအစုံချီ၍ထားရာ ရှင်အုံးညို ၏ ဂါထာ ၆ဝ ပျို့ကို ပြန်လည်သတိရ နိုင်ပေသည်။
ကျမ်းကိုး
[ပြင်ဆင်ရန်]- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)