မိဖြူ မိညို

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
  • မိဖြူ၊ မိညို တို့သည် တကယ် အမျိုးသမီး စာဆိုများ မဟုတ်ဘဲ၊ စာဆို ပညာရှင် တစ်ဦးက မိဖြူဟန်၊ မိညိုဟန် ပြု၍ ကိုယ်ရည်သွေး ရတု နှစ်ပုဒ်ကို ကဗျာဉာဏ် ကွန့်မြူးကာ ရေးဖွဲ့လေသလောဟု တွေးတော ထင်မြင်မိပါသည်။ ကြံကြံဖန်ဖန် စဉ်းစားသည်။ [၁]
  • အင်းဝတွင် နောက်ဆုံးစိုးစံခဲ့သော နရပတိဘွဲ့ခံ စည်သူကျော်ထင် (၉၁၃-၁၆) လက်ထက်တွင် မိဖြူ၊ မိညို ဟု နန်းတွင်း စာဆိုနှစ်ဦး အပြိုင်အဆိုင် ပေါ်ထွက်ခဲ့သည်ကို သိဖူး၊ ကြဖူး၊ ဖတ်ဖူး ကြပါမည်။ မိဖြူသည် အင်းဝသူ ဖြစ်၍၊ မိညိုသည် ရခိုင်သူ ဖြစ်သည်ဟု ဆိုသည်။

မိဖြူ၊ မိညို[ပြင်ဆင်ရန်]

အင်းဝတွင် နောက်ဆုံးစိုးစံခဲ့သော နရပတိဘွဲ့ခံ စည်သူကျော်ထင် (၉၁၃-၁၆) လက်ထက်တွင် မိဖြူ၊ မိညို ဟု နန်းတွင်း စာဆိုနှစ်ဦး အပြိုင်အဆိုင် ပေါ်ထွက်ခဲ့သည်ကို သိဖူး၊ ကြဖူး၊ ဖတ်ဖူး ကြပါမည်။ မိဖြူသည် အင်းဝသူ ဖြစ်၍၊ မိညိုသည် ရခိုင်သူ ဖြစ်သည်ဟု ဆိုသည်။ ကိုယ်ရည်သွေး ရတု တပုဒ်စီ ရေးကြသည်။ မိဖြူက 'ကျွန်းတွင်ဇမ္ဗူ၊ ပန်းတွင်မဉ္ဇူ၊ နန်းတွင်မိဖြူ' ဟု ကိုယ်ရေးကိုယ်သွေးသည်။ ရခိုင်သူ မိညိုက အားကျမခံ၊ 'တောင်တွင်မြင်းမိုရ်၊ စည်တွင်ဗဟိုရ်၊ နန်းတွင်မိညို' ဟု အမွမ်းတင်သည်။ စာကောင်း ပေကောင်းများချည်း ဖြစ်ကြပါသည်။ အဓိပ္ပာယ် အနှစ်သာရ ပြည့်ဝကြပါ၏။ စာဆို အမျိုးသမီး နှစ်ဦး အပြိုင် ကိုယ်ရေသွေးထားကြသည်။ အပြိုင်အဆိုင် ဖြစ်၍ နောက်နှောင်းစာပေ ပညာရှင်ကြီးများ၊ ဆရာကြီးများက အနိုင်အရှုံး အဆုံးအဖြတ် ပေးကြသည်။ အင်းဝသူ မိဖြူက ရခိုင်သူ မိညိုထက် သာသည်ဟူ၍ သင်ကြား ပို့ချသည်၊ ပြောဆို ရေးသားကြသည်။


ဤတိုင်းပင် သင်ကြား နာယူခဲ့ပါသည်။ ဖတ်ရှု မှတ်သားခဲ့ရပါသည်။ မိဖြူ၊ မိညိုတို့ အကြောင်း ပို၍ သိချင်စိတ် ပေါ်ခဲ့သည်မှာ ကြာပါပြီ။ ဤကိုယ်ရေသွေး ရတုအပြင် ဘာတွေများ စီကုန်း ရေးဖွဲ့ခဲ့ကြသေးသလဲ။ ဘယ်အသက်အရွယ်က စာပြိုင်ဆိုခဲ့ကြသလဲ။ မိဖြူက အင်းဝသူ၊ မိညိုက ရခိုင်သူ ဖြစ်လျှက် အင်းဝနန်းတွင်းသို့ မည်သည့်အချိန်က မည်သို့ ရောက်လာ၍ နန်းတွင်းစာဆို ဖြစ်လာသလဲ စသည်ဖြင့် သူတို့နှစ်ယောက် အကြောင်းကို စိတ်ဝင်စားမိသည်။ နာမည်တွေကလည်း ရိုးရိုးစင်းစင်းကလေး၊ ထီးသံ၊ နန်းဟန် လုံးဝမပါ၊ သည်တော့လည်း လက်လှမ်းမီသမျှ ရှာဖွေ ဖတ်ရှု ဆန်းစစ်ကြည့်ပါသည်။ ဤတွင် ပြဿနာများ ဖြေရှင်းစရာများနှင့် တိုးပါတော့သည်။


မိဖြူနှင့် မိညိုတို့ အကြောင်း အောက်ပါ အထောက်အထားများကို လေ့လာကြည့်ပါသည်။


(က) မဟာဇေယသင်္ခယာ၊ ဝေါဟာရလီနတ္ထဒီပနီ၊ ရန်ကုန် ဟံသာဝတီ ပုံနှိပ်တိုက်၊ ၁၉၆၈

(ခ) ဒေါ်မမကြီး၊ အမျိုးသမီး စာဆိုတော်များ အတ္ထုပ္ပတိ္တနှင့် ၎င်းတို့ ရေးသားသော ကဗျာများ၊ မြန်မာ့ဂုဏ်ရည် ပုံနှိပ်တိုက်၊ ၁၃ဝ၁ (၁၉၃၉)

(ဂ) မောင်သုတ၊ စာဆိုတော်များ အတ္ထုပ္ပတိ္တ၊ ရန်ကုန် ဟံသာဝတီ ပုံနှိပ်တိုက်၊ ၁၉၆၆

(ဃ) ဦးဖေမောင်တင်၊ မြန်မာစာပေသမိုင်း၊ ၁၉၈၇

(င) ဒဂုန်ခင်ခင်လေး၊ အမျိုးသမီး အနုပညာရှင်များ အတ္ထုပ္ပတိ္တနှင့် ကဗျာများ၊ ရန်ကုန် ဇွဲစာပေရိပ်မြုံ၊ ၁၉၆၇

(စ) Dr. Hla Pe: Burmese Poetry (1300–1971)၊ မြန်မာနိုင်ငံ သုတေသန ဂျာနယ်၊ ဒီဇင်ဘာ ၁၉၇၁

(ဆ) လက်ဝဲနော်ရထာ၊ ပျို့နိဂုံးစု အဖြေကျမ်း၊ (တည်း - မောင်ခင်မင်၊ ဓနုဖြူ ရန်ကုန်) ၁၉၉၅


ယင်းအထောက်အထားများတွင် တွေ့ရချက်များကို ရှင်းပါမည်။


ဝေါဟာရလီနတ္ထဒီပနီတွင် နဝဒေးဘွဲ့အကြောင်း ပြောဆိုခဲ့ရာ၌ စာဆို မိဖြူ၊ မိညို ပညာရှိ စကားတတ်၊ စကားထောင်စားတို့လည်း စစ်ကိုင်းမင်း၊ အင်းဝမင်း စည်သူကျော်ထင်လက်ထက် သက္ကရာဇ် ၉၁ဝ ကျော်တွင် ဖြစ်ကြောင်း မှတ်ရမည် (စာ ၂၇၆) ဟု ဖော်ပြသည်။ မိညိုကို ရခိုင်သူဟု မဆိုပါ။


ဒေါ်မမကြီးက အင်းဝသူ မိဖြူ၊ ရခိုင်သူ မိညို တို့သည် ၉၁၃ တွင် အင်းဝရွှေနန်းတော်ကို စိုးစံသော နရပတိဘွဲ့ခံ စစ်ကိုင်းစည်သူကျော်ထင် လက်ထက် စာဆိုများ ဖြစ်ကြသည်ဟု ဝေါဟာရလီနတ္ထဒီပနီကို ကိုးကား၍ ဆိုသည်။ မိဖြူသည် အင်းဝဇာတိ ဖြစ်၍ ဆွေမျိုးဂုဏ်၊ သားသမီးဂုဏ်၊ ဥစ္စာဂုဏ်၊ အမျိုးဂုဏ်တို့၌ ရခိုင်သူ မိညိုထက် သာသည်ဟုလည်း မှတ်ချက် ပေးထားသည်။


မောင်သုတ၏ စာဆိုတော်များ အတ္ထုပ္ပတိ္တတွင် - မိဖြူ၊ မိညို တို့၏ ဖွားသေ သက္ကရာဇ်ကို ၈၇၅ ခန့် - ၉၂၅ ခန့်ဟု ပေးထားသည်မှာ ထူးခြားချက် တရပ် ဖြစ်၏။ ဒေါ်မမကြီးနှင့် မောင်သုတ တို့သည် ဝေါဟာရလီနတ္ထဒီပနီ အပြင် ကဗျာစရိယ ကဗျာဝံသ စာတမ်းကိုလည်း ညွှန်းကြသည်။ မောင်သုတက မိဖြူ၊ မိညိုတို့ ဖွားသေ သက္ကရာဇ်ကို ပေးသော်လည်း ဒေါ်မမကြီးက မဖော်ပြသဖြင့် မောင်သုတသည် ထိုသက္ကရာဇ်ကို မည်သည့် အထောက်အထား ကိုးကား၍ ဖော်ပြကြောင်း စဉ်းစားစရာ ဖြစ်နေသည်။ အင်းဝသူ မိဖြူ၊ ရခိုင်သူ မိညို အပြိုင် စာဆို ဖြစ်ကြသည် ဆိုသည့်အချက်မှာ ထပ်တူ ဖြစ်သည်။


မြန်မာစာပေ သမိုင်းတွင်လည်း အင်းဝသူ မိဖြူ၊ ရခိုင်သူ မိညိုတို့ အင်းဝ နရပတိစည်သူကျော်ထင် လက်ထက် အပြိုင် နန်းတွင်း စာဆိုများ ဖြစ်ကြသည်။ ကိုယ်ရည်သွေး ရတု တပုဒ်စီ ရေးသားကြသည်။ မိညိုထက် မိဖြူ သာသည်ဟု အကျယ်တဝင့် ဖော်ပြသည်။ စာဆိုတို့၏ ဖွားသေ သက္ကရာဇ် စသည့် ထူးခြားချက် တစုံတရာ မပါချေ။


ဒဂုန်ခင်ခင်လေး၏ ဖော်ပြချက်မှာ မောင်သုတနှင့် ထပ်တူဖြစ်၏။ မိဖြူ၊ မိညို တို့၏ ဖွားသေ သက္ကရာဇ်ကို ၈၇၅ ခန့် - ၉၂၅ ခန့်ဟု ပြသည်။


ဒေါက်တာလှဘေက မိဖြူကို Miss Fair of Ava ဟု ဆို၍ မိညိုကို Miss Dark of Arakan ဟု ဖော်ပြသည်။ မိဖြူ၊ မိညို တို့၏ ဖွားသေ သက္ကရာဇ်ကို ၈၇၂ -၉၂၂၊ ခရစ် ၁၅၁ဝ - ၁၅၆ဝ အတွင်းဟု ဆိုသည်။ မည်သည့် အထောက်အထားဖြင့် ဆိုကြောင်း မသိရပါ။ ဒေါက်တာလှဘေ ဖော်ပြသော သက္ကရာဇ်သည် မောင်သုတ ပေးသော သက္ကရာဇ်နှင့် ၃ နှစ် ကွာသည်။ မောင်သုတနှင့် ဒေါက်တာလှဘေ တို့၏ အဆိုအ ရ မိဖြူ၊ မိညို တို့သည် ၈၇၅ တွင် မွေး၍ ၉၂၅ တွင် ကွယ်လွန်သည်။ သို့မဟုတ် ၈၇၂ တွင် မွေး၍ ၉၂၂ တွင် ကွယ်လွန် သွားကြသည်။ မွေးသက္ကရာဇ်တူ၊ ကွယ်လွန် သက္ကရာဇ် တူကြသည်မှာလည်း ထူးဆန်းသကဲ့သို့ ဖြစ်နေသည်။ အင်းဝရွှေနန်းတွင် စာဆိုကြစဉ် ၉၁၃ ခုနှစ်က အသက် ၃၈ သို့မဟုတ် ၄၁ နှစ် ရှိနေကြပေမည်။


ဖော်ပြပါ အထောက်အထားတို့ကို အနှစ်ချုပ်လိုက်လှျင် မိဖြူသည် အင်းဝသူ၊ မိညိုသည် ရခိုင်သူ ဖြစ်၏။ သို့သော် ဝေါဟာရလီနတ္ထဒီပနီ က ယင်းသို့ ခွဲခြား ဖော်ပြခြင်း မရှိ။ နရပတိစည်သူကျော်ထင် လက်ထက် အင်းဝနန်းတွင်း စာဆိုများ ဖြစ်ကြသည်။ ကိုယ်ရည်သွေး ရတု တပုဒ်စီ အပြိုင် စာဆိုကြသည်။ မွေးသက္ကရာဇ်တူ၊ ကွယ်လွန် သက္ကရာဇ်တူ၊ အသက် ၅ဝ အရွယ်တွင် ကွယ်လွန်ကြသည်။


လက်ဝဲနော်ရထာ၏ အဆိုအမိန့်ကို ဆန်းစစ်ကြည့်ကြရပါမည်။


ရာဇဝင်ကြောင်း အရ ၉၁၃ ခုနှစ်၊ နန်းတက်သော အင်းဝ နရပတိစည်သူကျော်ထင်ကို ၉၁၆ တွင် ဟံသာဝတီ ဆင်ဖြူရှင် ဘုရင့်နောင် တိုက်၍ အင်းဝ ပျက်သည်။ နရပတိစည်သူကျော်ထင်ကို ဟံသာဝတီသို့ ခေါ်ဆောင်သွားသည်။ စစ်ကိုင်းထောင်သင်း၊ စလင်းလက်ယာ ဘွဲ့ရ (နောင်နဝဒေးဘွဲ့ရ) နှင့် စကားထောင်စား အမတ်လည်း အတူ ပါသွားကြသည်။ မိဖြူ၊ မိညိုတို့ ပါသွားသည်ဟု မဆိုချေ။


လက်ဝဲနော်ရထာသည် ပျို့နိဂုံးစု အဖြေကျမ်းကို ပြုစုသည်။ ကျမ်းပြီးနှစ်မှာ ၁၁၂၇၊ တပေါင်းလပြည့်ကျော် ၄ ရက် ဗုဒ္ဓဟူးနေ့ ဖြစ်၏။ သူ့လက်ထက် မတိုင်မီက ပြုစုသည့် ဘူရိဒတ် လင်္ကာနိဂုံး၊ ဘူရိဒတ် ဇာတ်ပေါင်းပျို့ နိဂုံးမှ စ၍ ပဒေသရာဇာဆို ငဆန်ပြန် ယသော်တမ်းခြင်း ပြည်တော်ဝင်နိဂုံး အထိ ပျို့နိဂုံးစုများကို အဖြေနှင့်တကွ စာရေးသူ အတ္ထုပ္ပတ္တိ စသည်တို့ပါ ဖော်ပြသည်။ ပေမူနှင့် ရှိနေသည်ကို မြန်မာစာ ပါမောက္ခ ဦးခင်အေး (မောင်ခင်မင်-ဓနုဖြူ) က တည်းဖြတ်၍ ၁၉၉၅ ခုနှစ်တွင် ပုံနှိပ်သည်။


ယင်းပျို့နိဂုံးစု အဖြေကျမ်းတွင် - နန်းတွင် မိညိုဆို မနော်ဟရီပျို့ နိဂုံးနှင့် အဖြေကို အောက်ပါအတိုင်း တွေ့ရသည်။


ကျွန်ုပ်၏ အဖေသည် ဆင်ဖြူရှင်မင်းတရား အမတ်ကြီး ဖြစ်၍ မလွန်မြို့မြေထဲမြို့မြေထဲမြို့ကူးခန်းမြို့များကို သနားတော်ခံရသည်။ အဆောင်အရွက်မှာ စလွယ်၊ ဗောင်း၊ သင်းကျစ်၊ ထီး၊ စည်၊ က၊ ကွမ်းခွက်၊ သောက်ရေတင် သနားတော်မူ၍ ဆောင်ရွက်ရသည်။ သီရိဇေယျကျော်ထင်ဘွဲ့ ချီးမြှင့်ခံရသည်။ ကျွန်ုပ်သည် သီရိဇေယျကျော်ထင်၏ သမီး ဖြစ်၏။ ကျွန်ုပ်၏ မြောက်သားမှာ အမိ၏ မောင်ဖြစ်သော ဦးရီး၏ သားဖြစ်သည်။ ဆယ်ကျော်သက်ကပင် မိဘတို့၏ စုံဖက်ပေးမြား၍ မြောက်သားနှင့်အတူ တောင်ဘက် ပင်လယ်မြို့မှာ နေရသည်။ ဆင်ဖြူရှင် မင်းတရားကြီး သိမ်းယူတော်မူ၍ ဟံသာဝတီသို့ ပါရသည်တွင် မရှုတ်မချ၊ ကညင်မြောင်ရွာကို သနားတော်မူ၍ စားရသည်။ အရှင်မိဖုရားကြီက တိုက်တွန်း၍ မနော်ဟရီပျို့ကို စီကုံး ရေးသားသည်။ ၉၄၈၊ ပြာသိုလဆန်း ၃ ရက်နေ့ ပြီးသည်။ ပြာသိုလမှာပင် ရွှေနန်းတော်သို့ သွင်းဆက်ရာ၊ အရှင်မိဖုရားကြီးက နှစ်သက်တော်မူ၍ ရွှေဆံထိုးနှင့် ပိတ်အုပ်၊ ထမီ၊ တဘက်၊ တရုတ်ခါးကြိုး သင်းပင်းအစုံ သနားတော်မူသည်။ ကျွန်ုပ်မှာ များလှစွာသော ကျေးကျွန် ပရိက္ခရာ ဥစ္စာအများ ရှိသည်။ ဆုတော်လည်း အထင်အရှား အမြောက်အများ ရသည်။ ကျွန်ုပ်အသက် ၃၁ နှစ်ကပင် ရဲလှေသင်းကို သနားတော်ခံရသည်။ မိခင်၊ ဖခင်တို့ မှည့်ရင်း အမည်မှာ ရှင်လှ ဖြစ်၏။ ကွျနု်ပ်၏ မောင်သည် မြင်းခုံတိုင် အရပ်ကို စားရသည်။ ဟံသာဝတီသို့ မပါ၊ ယင်းမှာပင် ကျန်နေရစ်ပါသည် ။


လက်ဝဲနော်ရထာက မနော်ဟရီပျို့ ရေးသူကို နန်းတွင်း မိညိုဟု ဖော်ပြသည်။ ရခိုင်သူ မိညိုဟု မဆိုပါ။ ပျို့ရေးသူ ကိုယ်တိုင်က သူသည် စကားထောင်ရွာစား အမတ် သီရိဇေယျကျော်ထင်၏ သမီး ဖြစ်သည်။ သူ၏ မိဘပေးရင်း အမည်မှာ ရှင်လှ ဖြစ်၏ဟု ဆိုထားသည်။ လက်ဝဲနော်ရထာကလည်း အဖြေတွင် နန်းတွင်း မိညိုသည် စကားထောင်စား သမီး ဖြစ်သည်။ စကားထောင်စားသည်လည်း သီရိဇေယျကျော်ထင်ပင် ဖြစ်၏ဟု ယူဆရမည်ဟု မှတ်ချက် ပေးထားသည်။ ရှင်လှက သူ၏ အမည်ရင်းမှာ ရှင်လှ ဖြစ်သည်ဟု ဆို၏။ အခြားအမည် ရှိနိုင်သည်ဟု ဆိုနိုင်သော်လည်း အခြားအမည်ကို လည်းကောင်း၊ မညိုဟု လည်းကောင်း မဆိုပေ။ လက်ဝဲနော်ရထာသည် မည်သည့် အထောက်အထားအရ ရှင်လှကို နန်းတွင်းမိညိုဟု ဆိုလေသနည်း။ စကားထောင်စား အမတ် သီရိဇေယျကျော်ထင်၏ သမီးဖြစ်ကြောင်း ဆို၍ ရခိုင်သူ မဟုတ်ကြောင်း ပေါ်လွင်နေပါသည်။ ရခိုင်သူ မိညို၊ နန်းတွင်းမိညိုနှင့် ရှင်လှ တို့သည် တဦးတည်းလား၊ ရခိုင်သူ ဆိုသည်ကို ခေတ္တ ဖယ်ထားလှျင်ပင် နန်းတွင်းမိညိုသည် ရှင်လှလား၊ မိညိုနှင့် ရှင်လှ တယောက်တည်းလားဟု စဉ်းစားစရာ ပေါ်လာပါသည်။


ပျို့နိဂုံးစု အဖြေကျမ်းတွင် ပုံနှိပ်မူ ဖြစ်လာပုံကို ဖော်ပြသော ရန်ကုန် တက္ကသိုလ် စာကြည့်တိုက်မှူး ဦးမြတ်စိုးက၊ "ရခိုင်သူ မိညိုဟု လူသိများသော အမျိုးသမီး စာဆို၏ အတ္ထုပ္ပတ္တိမှန်ကို ဤပျို့နိဂုံးစု အဖြေတွင် သိနိုင်ပါသည်" ဟု အမှာရေးထားသည်။ တည်းဖြတ်သူ မောင်ခင်မင်-ဓနုဖြူက၊ "မနော်ဟရီပျို့ အရ သိရသော စာဆို မိညို၏ အကြောင်းသည် စာပေ လေ့လာသူများ ဆက်လက် သုတေသန ပြုလိုစိတ် ပေါ်လာအောင် ဖိတ်ခေါ်နေသကဲ့သို့ ရှိပါသည်" ဟု ဆိုထားပါသည်။


အင်းဝတွင် မိုးဗြဲနရပတိ ၉၀၇-၉၁၃ အထိ ၆ နှစ် နန်းစံသည်။ အင်းဝ နရပတိစည်သူကျော်ထင်သည် ၉၁၃ တွင် အင်းဝရွှေနန်းကို နောက်ဆုံးမင်း အဖြစ် စိုးစံသည်။ နန်းစံ ၃ နှစ် အကြာ ၁၉၁၆ တွင် အင်းဝပျက်၍ ဟံသာဝတီသို့ ပါသည်။ စကားထောင်စား အမတ်နှင့် သမီး ရှင်လှတို့ ဇနီးမောင်နှံလည်း ပါကြသည်။ ရှင်လှသည် နန်းတွင်းမိညို ဖြစ်ခဲ့သော် နန်းတွင်းမိဖြူလည်း ဟံသာဝတီသို့ ပါသင့်သည်၊ ပါနိုင်ကောင်းသည်။ မပါဘဲ ကျန်ခဲ့သလား၊ အင်းဝ အပျက်တွင် မိဖြူဇာတ်လမ်း လုံးဝ တိမ်မြုပ် ပျောက်ကွယ်သွားသည်။ စဉ်းစားစရာ ရှာဖွေလေ့လာစရာ အချက် ဖြစ်ပါသည်။


ရှင်လှသည် မိညို ဖြစ်ခဲ့သော် မောင်သုတနှင့် ဒေါက်တာလှဘေတို့ ပေးသော သက္ကရာဇ်အရ ဟံသာဝတီသို့ ပါချိန်တွင် အသက် ၄၁ နှစ် သို့မဟုတ် ၄၄ နှစ် ရှိနေပေမည်။ အသက် ၃၁ နှစ်တွင် ရဲလှေသင်းကို သနားခံရသည် ဆိုသဖြင့် အင်းဝနရပတိစည်သူကျော်ထင် လက်ထက်တွင် မဟုတ်နိုင်။ ထိုထက် စောစွာကပင် ရပြီး ဖြစ်ပေမည်။ ရှင်လှ၏ ပျို့နိဂုံးတွင် အင်းဝနန်းတွင်းတွင် စာဆိုသည်ဟု မပါ။ သူ့ခင်ပွန်းနှင့် အတူ တောင်ဘက်ပင်လယ်ရွာတွင် နေသည်ဟု ဆိုသည်။ ယင်းကမှ ဟံသာဝတီသို့ ပါလာသည်။ ဟံသာဝတီတွင် မိဖုရားကြီး၏ မိန့်ဆိုချက်အရ မနော်ဟရီပျို့ကို ရေးသည်။ ၉၄၈ တွင် ပြီး၏။ ၉၁၆ တွင် ဟံသာဝတီသို့ ပါသဖြင့် မနော်ဟရီပျို့ကို ဟံသာဝတီတွင် ၃၂ နှစ်ကြာ နေထိုင်ပြီးမှ ရေးပြီးသည်။ စင်စစ် ၉၄၈ တွင် မိညို မရှိတော့ပြီ။ မောင်သုတနှင့် ဒေါက်တာလှဘေတို့ ပေးသော သက္ကရာဇ်အရ မိညိုသည် ၉၂၂ သို့မဟုတ် ၉၂၅ ခုနှစ်ကပင် ကွယ်လွန်ခဲ့လေပြီ။ ကွယ်လွန်သည်မှာ ၂၃ နှစ် သို့မဟုတ် ၂၆ နှစ်ပင် ကြာခဲ့ပြီ ဖြစ်သည်။ ဘုရင့်နောင် မင်းတရားကြီးသည် ၉၄၃ တွင် နတ်ရွာစံသည်။ စာပြီးနှစ် ၉၄၈ သည် နန္ဒဘုရင် (၉၄၃-၉၆၁) လက်ထက် ဖြစ်၏။ စာဆိုခိုင်းသူ မိဖုရားကြီးသည် ဘုရင့်နောင် မင်းတရားကြီး၏ မိဖုရားကြီး ဖြစ်မည်လား၊ နန္ဒဘုရင်၏ မိဖုရားကြီး ဖြစ်မည်လားဟုလည်း စဉ်းစားစရာ ရှိလာပြန်သည်။


မိညိုသည် ရှင်လှ ဖြစ်နိုင်အံ့မထင်ပါ။ စာပေပညာရှင်များ ကူညီ စဉ်းစား ဆုံးဖြတ်ပေးကြပါဦး။ အင်းဝနန်းတွင်း စာဆို မိဖြူ၊ မိညို တို့သည် ဤအတိုင်း ဆိုလှျင် ၉၁၃ မှ ၉၁၆ အထိ အင်းဝနန်းတွင် ၃ နှစ် စာဆိုကြပြီး အင်းဝအပျက် ၉၁၆ တွင်ပင် ခြေရာပျောက် သွားကြပါသည်။ ဝေါဟာရ လီနတ္ထဒီပနီမှ အစ အထောက်အထားများက မိဖြူ မိညိုတို့ ဟံသာဝတီသို့ ပါကြောင်း မဆိုကြပါ။ မနော်ဟရီ ပျို့နိဂုံးအရ စကားထောင်စား အမတ် သီရီဇေယျကျော်ထင်နှင့် သမီး ရှင်လှတို့ ဇနီး မောင်နှံသာ ဟံသာဝတီသို့ ပါကြသည်။ ဟံသာဝတီတွင် ဆက်လက် ချီးမြှောက်ခံရသည်။ ရှင်လှသည် မိညို ဖြစ်နိုင်ပါမည်လား၊ ရခိုင်သူ မိညို ဆိုသူနှင့် ပို၍ပင် ဝေးသွားသကဲ့သို့ ရှိသည်။ ပျို့နိဂုံးစု အဖြေတွင် လက်ဝဲနော်ရထာကိုယ်တိုင်က ရခိုင်သူ မိညိုဟု မဆို၊ နန်းတွင်းမိညို ဟုသာ ဆိုသည်။ ရခိုင်သူ မိညို ဆိုသည့် အဆိုအမိန့်သည် မည်သည့် အကိုးအထောက်များအရ မိန့်ဆိုကြသည်ကို သိလိုလှပါသည်။


နေက်တချက် ရှိပါသေးသည်။ မနော်ဟရီပျို့ကို နဝဒေး ၉၁၄ တွင် ရေးသည်။ ရှင်လှ ၉၄၈ တွင် ရေးသည်။ ဝန်ကြီး ပဒေသရာဇာ ၁ဝ၉၉ တွင် ရေးသည်ဟု ပျို့နိဂုံးစု အဖြေအရ သိရသည်။ နဝဒေးသည် နဝဒေးဘွဲ့ မရမီ စစ်ကိုင်းထောင်သင်း စလင်းလက်ယာဘွဲ့နှင့် အင်းဝ နရပတိစည်သူ ကျော်ထင် လက်ထက် မိဖြူ၊ မိညို တို့နှင့်အတူ နန်းတွင်းစာဆို ဖြစ်သည်ဟု ဝေါဟာရ လီနတ္ထဒီပနီတွင် လာသည်။ ၉၁၆ တွင် အင်းဝအပျက် ဟံသာဝတီသို့ ပါသည်။ ၉၄၁ တွင် မနော်ဟရီပျို့ကို ရေးသဖြင့် ရှင်လှပျို့ထက် ခုနစ်နှစ် စောသည်။ ပဒေသရာဇာသည် မနော်ဟရီပျို့ကို - ရှေးကအကျော်၊ မနော်ကဗျာ၊ ပျို့ဟောင်းစာလည်း၊ ခုကာလ နှင့်၊ ခပ်မသင့်ပြီ၊ --- ဖက်ယှဉ်ကာရန်၊ မှန်ကန်ပြေပြစ်၊ မှတ်သားရစ်အောင်၊ ပျို့သစ်စီဘိ၊ မိန့်တော်ရှိ၍ --- ရေးသားကြောင်း နိဂုံးတွင် ဖော်ပြထားသည်။ မနော်ကဗျာ ပျို့ဟောင်းစာလည်း ဟုသာ ဆိုသည်။ နဝဒေး၊ ရှင်လှ သို့မဟုတ် မိညိုတို့ အမည် လုံးဝ ဖော်မပြပါ။ လက်ဝဲအနော်ရထာက ယင်းနိဂုံး အဖြေတွင် - ရှေးနဝဒေး ဆိုသော မနော်ပျို့ဟောင်းသည် ယခုကာလနှင့် ခပ်မသင့်ပြီ - အသတ်အလတ် အမှန်အကန် ပြေပြစ်အောင် ပျို့သစ်စီရင်ဟု မိန့်တော်မူ၍ ပျို့သစ်စီကုံးသည်ဟု ဖွင့်ဆိုထားသည်။ နဝဒေး၏ ပျို့သစ်ကိုသာ ညွှန်းသည်။ ရှင်လှ၏ မနော်ဟရီပျို့ကို လုံးဝ မညွှန်းပေ။ လက်ဝဲအနော်ရထာ တဦးတည်း စီရင်သော ပျို့နိဂုံးစု အဖြေကျမ်း ဖြစ်သည်။ နန်းတွင်းမိညိုဆို မနော်ဟရီပျို့ဟု သူကိုယ်တိုင် ဖော်ပြပြီး ဖြစ်လျက် ချွင်းချန်ခဲ့သည်မှာလည်း စဉ်းစားစရာပင်။ ပဒေသရာဇာ၏ မနော်ပျို့စာပြီး သက္ကရာဇ်မှာ ၁ဝ၉၉၊ တပို့တွဲလပြည့်ကျော် ၃ ရက် ကြာသာပတေးနေ့ ဖြစ်ပါသည်။


တွေ့ရသမျှ အချက်အလက်များကို တင်ပြပြီးပါပြီ။ စာပေရှင်များ၊ စာပေ လေ့လာသူများ ဝိုင်းဝန်းစဉ်းစား ဆုံးဖြတ်ပေးကြပါ။ မနော်ဟရီပျို့ နိဂုံးအရ ရှင်လှကို သိရပါသည်။ နန်းတွင်း မိဖြူ၊ မိညို၊ ရခိုင်သူ မိညို ဆိုသည့် စာဆို အမျိုးသမီးတို့သည် သုံးဦးလား၊ နှစ်ဦးလား။ နန်းတွင်း မိညိုသည်ပင် ရခိုင်သူ မိညိုလား၊ ရခိုင်သူဟု မည်သည့် အထောက်အထားရ သိရပါမည်နည်း။ ၉၁၃-၉၁၆ အင်းဝ မပျက်မီ ၃ နှစ် အတွင်း နရပတိစည်သူကျော်ထင် လက်ထက် နန်းတွင်းတွင် စာဆိုကြသည်။ ကိုယ်ရည်သွေး ရတု တပုဒ်စီ ရေးပြီး အင်းဝ အပျက်တွင် ခြေရာပျောက်ကာ ဇာတ်မြှုပ် နေသွားကြသလား။ ဧကန်စင်စစ် မိညို၊ မိဖြူ ဆိုသည့် စာဆို အမျိုးသမီး နှစ်ဦး ရှိကော ရှိခဲ့ပါသလား ဟုလည်း သံသယ ဖြစ်မိပါသည်။


သိမီလိုက်သည့် ဒဂုန် မဂ္ဂဇင်းခေတ်က မန္တလေးသူ ခင်တုတ်၊ သလ္လာဝတီ တင့်အုံး၊ မြင်းခြံ ခင်ချစ်၊ ရတနာပုံ သိန်းသိန်း၊ မြစ်သား အကျော့ စသည့် စာရေးဆရာမကြီးများ၊ ကလောင်ရှင်များသည် အမျိုးသမီးများ မဟုတ်ကြပါ။ ခေါင်းပေါင်းကြီးများနှင့် ဖြစ်ကြကြောင်း သိရပါသည်။ ထို့ကြောင့် မိဖြူ၊ မိညို တို့သည် တကယ် အမျိုးသမီး စာဆိုများ မဟုတ်ဘဲ၊ စာဆို ပညာရှင် တဦးက မိဖြူဟန်၊ မိညိုဟန် ပြု၍ ကိုယ်ရည်သွေး ရတု နှစ်ပုဒ်ကို ကဗျာဉာဏ် ကွန့်မြူးကာ ရေးဖွဲ့လေသလောဟု တွေးတော ထင်မြင်မိပါသည်။ ကြံကြံဖန်ဖန် စဉ်းစားသည်။ ဟိုအင်းဝခေတ်က ဒါမျိုး ရှိပါ့မလားဟု အပြစ်တင်လျှင်လည်း ခံပါမည်။ အဖြေရှာရသည်တွင် ကြံမိကြံရာ စဉ်းစားမိခြင်း ဖြစ်ကြောင်း ဝန်ခံပါသည်။


မိဖြူ၊ မိညို တို့အကြောင်း သိလိုလှပါသည်။ မနော်ဟရီပျို့ နိဂုံးအရ ရှင်လှကိုသာ သိရပါသည်။ နန်တွင်းမိညိုကို မသိရပါ။ ရခိုင်သူ မိညိုကိုလည်း မသိရပါ။ ယင်းပျို့နိဂုံး အရ - စာဆို မိညို၏ အကြောင်းသည် စာပေ လေ့လာသူများ ဆက်လက် သုတေသန ပြုလိုစိတ် ပေါ်အောင် ဖိတ်ခေါ်နေသကဲ့သို့ ရှိသည်ဟု ဆိုသော ပါမောက္ခကြီး (မောင်ခင်မင်-ဓနုဖြူ) ကိုပဲ မေတ္တာရပ်ခံ အပူကပ်လိုပါသည်။ ရှင်လှသည် မညို ဖြစ်နိုင်မည်လား၊ ကူညီ စဉ်းစား ဆုံးဖြတ်ပေးပါအုံး (ဦး) ဆရာ။

[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. ၂ဝဝ၈ ခုနှစ်၊ နိုဝင်ဘာလမှာ မြန်မာ့ရတနာ စာပေမှ ပထမအကြိမ် ပုံနှိပ် ထုတ်ဝေလိုက်တဲ့ မကြန် ရေးသားတဲ့ 'သမိုင်းဟူသည်နှင့် အခြားစာတမ်းများ' စာအုပ်ပါ "မိဖြူ၊ မိညို" ဆောင်းပါးမှ
  2. မကြန် (ဂန္ထဝင် ရသစုံမဂ္ဂဇင်း၊ ၂ဝဝ၂ စက်တင်ဘာ)