မာတိကာသို့ ခုန်သွားရန်

မင်းကြီးရန်နောင်

ဝီကီပီးဒီးယား မှ

သက္ကရာဇ် ၈၈၈ ခုမှ ၉၁၃ ခုအထိ ၂၅ နှစ်ခန့်အတွင်း အထက်မြန်မာနိုင်ငံ အင်းဝ၌ ရှမ်းများ လွှမ်းမိုး အုပ်စိုးလေသည်။ သက္ကရာဇ် ၈၈၈ ခုတွင် အင်းဝ၌ ရှမ်းသိုဟန်ဘွား နန်းတက်၏။ ထိုအခါ မြန်မာတို့သည် အင်းဝတွင် မနေနိုင်၊ မနေလိုကြ၍ မြန်မာအားကြီးရာ ပြည်၊ တောင်ငူ (အထူးသဖြင့် တောင်ငူ) သို့ ပြောင်းရွှေ့ ခိုဝင်ကြကုန်၏။

ရှမ်းသိုဟန်ဘွားသည် အလွန်ဆိုးသော မင်းဖြစ်၏။ ထို့ကြောင့် မြန်မာတို့သည် မခံမရပ်နိုင်ဖွယ်များသော် သိုဟန်ဘွား၏ အတိုင်ပင်ခံ ဖြစ်သော မြန်မာ အမတ်ကြီး မင်းကြီးရန်နောင်အား တိုင်ကြားကြကုန်၏။

မင်းကြီးရန်နောင်မှာ အလွန် ဖြောင့်မတ်သူဖြစ်သည်။ မြန်မာမင်း နှင့် မြန်မာတို့အပေါ် သစ္စာကြီးမားသူလည်းဖြစ်၏။ သိုဟန်ဘွား နန်းတက်စက မြန်မာတို့နေရာ ပြည် နှင့် တောင်ငူသို့ ချီတက် တိုက်ခိုက်မည်ဟု မင်းကြီးရန်နောင်အား တိုင်ပင်ရာ "သင်းလုပ်ကြံသော် ပြည်၊ တောင်ငူ တို့ ခံနိုင်မည်မဟုတ်၊ ပျက်ခဲ့လျှင်လည်း ရှမ်းတို့သာ မြန်မာနိုင်ငံလုံး အုပ်စိုးကြတော့မည်။ ကျန်သည့် မြန်မာနိုင်ငံ ကျန်ပါစေတော့" ဟုကြံ၍ မင်းကြီး ရန်နောင်က " သွားရောက်တိုက်ခိုက်ရန် မလိုပါ၊ ဘုန်းတော်ကြောင့် အလိုလို ညွတ်လာကြပါလိမ့်မည် " ဟု လျှောက်လေ၏။ သိုဟန်ဘွား လည်း မတိုက်တော့ချေ။

မင်းကြီးရန်နောင်သည် ပြည် နှင့် တောင်ငူ တို့သို့ " ရှမ်းမင်းနှင့် အညီအညွတ် ဖြစ်စေလော့ " ဟု တိတ်တဆိတ် စေ၏။ ပြည်၊ တောင်ငူ တို့ကလည်း လက်ဆောင်ပဏ္ဏာပို့၍ မဟာမိတ်ပြုကြ၏။ အင်းဝနှင့် တောင်ငူစပ်၊ ပြည်စပ်တို့တွင် ရှမ်းတို့ သွားရောက်နေမည် စိုး၍ ကန်၊ ချောင်း၊ ဆည်မြောင်း တို့ကိုလည်း ဖို့စေ၏။

အထက်က ဆိုခဲ့သည့်အတိုင်း မြန်မာတို့ မခံမရပ်နိုင်လွန်း၍ မင်းကြီးရန်နောင်အား တိုင်ကြားကြသောအခါ မတရားမှုကို မနှစ်မြို့သော မင်းကြီးရန်နောင်သည် မင်းဆိုးမင်းညစ်ကို လုပ်ကြံအံ့ဟု အောက်ပါအတိုင်း စီရင်လေသည်။

သက္ကရာဇ် ၉၀၄ ခုတွင် သိုဟန်ဘွားသည် ဥယျာဉ်တော်၌ ယာယီတဲနန်း စံတော်မူမည် ရှိရာ မင်းကြီးရန်နောင်က မြန်မာအမှုထမ်း တို့အား မိမိစွဲဆောင်သော ဓားများကို တဲတော်အတွင်း မိမိတို့ ခစားမည့်နေရာ တိတ်တဆိတ် မြှုပ်ထားစေ၏။ " ငါ ထလျှင် မင်းတို့က ဓားကို ယူ၍ ရှမ်းအမတ်တို့ကို ခုတ် " ဟု မှာထားနှင့်၏။ ယာယီနန်းတွင် မင်းကြီးရန်နောင် စီမံချက်အရ မြန်မာတစ်သိုက်၊ ရှမ်းတစ်သိုက် လက်နက်မပါ အယဉ်အကျေး ဝတ်ဆင်၍ အသီးသီး ခစားကြရ၏။ ယာယီနန်းတွင် စုံလင်စွာခစားမိကြသော် မင်းကြီးရန်နောင်က ဓားရလိုသည်နှင့် ဓားကောင်းများအကြောင်းကို ဆက်၍ပြော၏။

သိုဟန်ဘွား က " အစ်ကိုတို့ ရှေးဘိုးလောင်း ဘေးလောင်းတို့မှာ ဆင်လည်ပင်းကိုပင် ပြတ်သည့် ဓားရှိသည်ဟု ကြားပါသည်။ ထိုဓားကို သိမည်လော " ဟု မေး၏။ မင်းကြီးရန်နောင်က " သိပါသည် " ဟု ဆိုသဖြင့် မင်းစဉ်လက်သုံးဓားစုကို ယူ၍ပြစေပြီး " သည်ဓားပင် " ဟု ဆိုကာ သိုဟန်ဘွားလက်သို့ကမ်း၏။ သိုဟန်ဘွားက ဓားယူရန် ကိုယ်ကိုညွှတ်ရာ မင်းကြီးရန်နောင် မှ ဓားကို တအားလွှဲကာခုတ်၏။ ဓားချက်ပြင်းလွန်းရကား သိုဟန်ဘွား လည်နှင့်တကွ မှီထိုင်နေသော တိုင်၊ ဝါးပိုးဝါးကြမ်းခင်း ၅ ချောင်းပါပြတ်လေသည်။ အချို့က သိုဟန်ဘွားကိုခုတ်သောဓားမှာ ယိမ်းနွဲ့ပါး ဓားဖြစ်သည်ဟုဆိုကြသည်။

ရှမ်းတို့ရုတ်ချည်းထသောအခါ မြန်မာတို့က မြှုပ်ထားသောဓားများကို ဖော်ယူ၍ ရှမ်းတို့ကို ခုတ်လေ၏။ သိုဟန်ဘွား အနိစ္စရောက်လျှင် မှူးမတ်ပြည်သူ အများကပင် မင်းကြီးရန်နောင်အား မင်းပြုရန် တောင်းပန်ကြကုန်၏။ မင်းကြီးရန်နောင်ကား " ငါသည် မတရားမင်းကို ချခြင်းသာ ဖြစ်သည်။ ငါကိုယ်တိုင် မင်းမပြုလို၊ တရားလည်း တရားသော မြန်မာကိုလည်း လိုလားသော အုန်းဘောင်ခုံမှိုင်းကို နန်းတင်ကြလေ " ဆိုသဖြင့် နန်းတင်ကြလေ၏။ မိမိကား နောက်တစ်နှစ်ကြာသော် လောကကို ငြီးငွေ့၍ တောထွက် ရဟန်းပြုသွားလေသတည်း။[]

  1. မြန်မာ့ဂုဏ်ရည်ရာဇဝင်ဖတ်စာ (ဦးဖိုးကျား)