လေးချိုး

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

လေးချိုး သည် တက်သံ ခေါ် ပကတိသံဖြင့် ချရသော အချိုးနှစ်ခုနှင့် အောက်မြစ်သံ၊ ဝိသဇ္ဇနီသံတို့ဖြင့် ချရသော အချိုးနှစ်ခုပေါင်း အချိုးလေးခုပါဝင်သော မြန်မာကဗျာအမျိုးအစား ဖြစ်သည်။

လေးချိုးစပ်နည်း[ပြင်ဆင်ရန်]

ဒွေးချိုးနှင့် တြိချိုးစပ်နည်းကိုသိလျှင် လေးချိုးစပ်နည်းသည် မခက်ခဲပေ။ အခြေခံ ဒွေးချိုးအပေါ်တွင်တက်သံခေါ် ပကတိသံဖြင့် ချရသော အချိုးနှစ်ခု ထပ်ဆင့်လိုက်လျှင် လေးချိုးဖြစ်လာသည်။ လေးချိုးတွင်တတိယအချိုး၌ ခွာထောက်ကာရန် ပါလေ့ရှိသည်။[၁]

လေးချိုးဆိုသည်ကား အအုပ်အခံ ကာရန်အချိုး အစား လေးပိုဒ်တို့ဖြင့် ရေးသားစီကုံးရသော တေးမျိုးကိုဆိုလိုသည်။
ဥပမာ-
၁။ မြတ်လေးဖြူ စံပယ်သင်းပြန်တော့၊ နတ်သွေးတူ ရွယ်ယမင်းတွေက၊ သွယ်သွယ်ညှင်း ကုံးကာဆင်။ ။
၂။ စာပြန်ပွဲကိုလ၊ ဟန်နွှဲကာ တူနှစ်ဖော်နှင့်၊ အလှူတော်ကောင်းမှုပွား အောင်ကွယ်၊ သွားကြပျော်ရွှင်။ ။
၃။ နွေနယုန် မေထုန်လဟာမို့၊ မြေဝသုန် လေဟုန်ခပြန်တော့၊ ရွှေမှုန် ထပါလို့ ညိုလွင်လွင်၊ ဟိုတစ်ခွင်မှာဖြင် အုံ့ကာမှိုင်း။ ။
၄၊ စည်ပုစွန် ရိုက်ချုန်းရောင်ခြည်ဝှန်၍၊ တသွန်သွန် ဟန်ကုန်နွှဲပါလို့၊ အမ္ဗုန် မာန်ဟုန်နှင့် သဲလှတယ်ကွယ်၊ ရွှဲကြလူတိုင်း။
( နယုန်လဘွဲ့ လေးချိုး )

လေးချိုးကဗျာ ရေးသားရာ၌ အခံပိုဒ်နှစ်ခု၊ အအုပ်ပိုဒ်နှစ်ခု ရှိရမြဲဖြစ်သည်။ အခံပိုဒ်နှစ်ခုတွင် အက္ခရာ သို့မဟုတ် ပဒနည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ အချီအချဟု အခြင်းအရာအားဖြင့် ပါမြဲဖြစ်သည်။ သို့ဖြစ်၍ အခံပိုဒ်နှစ်ခုလုံးကို လဟုသံဖြင့်ချီ၍ ဂရုသံဖြင့် ချရမြဲဖြစ်သည်။ အအုပ်ပိုဒ်နှစ်ခုတို့တွင် ပထမချိုးဖြစ်သော အအုပ်ပိုဒ်ကို ပထမ အခံပိုဒ်ကဲ့သို့ ချီ၍ အခံပိုဒ်နှစ်ခုကဲ့သို့ ဂရုသံကာရန်တူအုပ်ကာ ချလိုရာ လဟုသံတစ်ခုခုသို့ ပြောင်း၍ချရသည်။ စတုတ္ထချိုးကိုမူ ဂရုသံဖြင့်ချီ၍ တတိယချိုး၏ အချနှင့် လဟုသံ ကာရန်တူ ချမြဲဖြစ်သည်။


အထက်ပါ စည်းမျဉ်းအရ အခံပိုဒ် ပထမအချိုးတွင် 'သင်း' ဟု အင်းကာရန် လဟုသံဖြင့် ချီ၍အဆုံး၌ 'ဆင်' ဟုအင်ကာရန် ဂရုသံဖြင့် ချသည်။ ထိုအတူ ဒုတိယအချိုးတွင် 'ပွဲ' ဟု အဲကာရန် လဟုသံဖြင့် ချီ၍ အဆုံး၌ ' ရွှင်' ဟု အင်ကာရန်ဂရုသံဖြင့်ချသည်။ တတိယအချိုး၌ 'နွေ နယုန် မေထုန်လဟာမို့' တွင် 'မို့' ဟု ပထမအချိုးကဲ့သို့ လဟုသံဖြင့် ပြန်ချီပြီးလျှင် ပထမ၊ ဒုတိယတို့၏ အချကာရန်တူ 'လွင်' ဟု ခံကာ 'ခွင်' ဟုအုပ်၍ 'မှိုင်း' ဟု လဟုသံဖြင့်ချသည်။ စတုတ္ထအချိုး၌ 'စည်ပုစွန်' ဟု အက္ခရာ သုံးလုံးရှိ 'စွန်' ဂရုသံဖြင့် ချီ၍ 'တိုင်း' စု တတိယ အချိုး၏ အချကာရန်တူ လဟုသံဖြင့်ချသည်။


လေးချိုးကို လေးဆစ်ဟူ၍လည်းခေါ်သည်။ လေးဆစ်ချိုးဟူ၍ လည်းခေါ်သည်။ လေးဆစ်ကို အခြားကဗျာများနှင့် မရောနှောဘဲ သီးခြား ရေးထားသော အချင်းမျိုးကို လေးဆစ်ဟူ၍ ခေါ်သည်။ တစ်နည်းအားဖြင့် အခြားကဗျာမှာ နောက်ဆုံးတွင် ရေးသောအချင်းမျိုးကို လေးဆစ်ဟူ၍ခေါ်သည်။ တစ်နည်းအားဖြင့် အခြားကဗျာမှာ နောက်ဆုံးတွင် ရေးသားလေး ဆစ်ကို သံထောက်ဟူ၍ခေါ်သည်။ တစ်နည်းအားဖြင့် အဆုံးလည်းမဟုတ်၊ တစ်ပုဒ်တည်း လေးဆစ်လည်းမဟုတ်ဘဲ အခြားစာများမှာ ရောနှောရေးသားထားသော လေးဆစ်ကို သဖြန်ဟူ၍ မှတ်ယူရေးသားလေ့ရှိသည်။ တစ်နည်း အားဖြင့် ကာလဒေသအလိုက် ခွန်းထောက်ဟူ၍လည်း ရေးသားကြသေးသည်။ ရှေးကျသော လေးဆစ်စာများမှာ လွန်စွာ စာလုံးနည်း၍ အဓိပ္ပာယ် ကျယ်ဝန်းပြီးလျှင် စာသားနကိုမှာလည်း တိုတိုကျဉ်းကျဉ်းသာ ရေးကြသည်။ ဤကဲ့သို့ ရေးသည်ကိုလေးဆစ်ဟု အမှတ်ပြုကြသည်။ လေးဆစ်ကို ချဲ့ထွင်ပြလျှင် လေးဆစ်ဘောလယ်ဟူ၍လည်းကောင်း၊ လေးဆစ်ပုလဲဟူ၍ လည်းကောင်း စာဟောင်းပေမူ ပုရပိုက်များတွင် တွေ့မြင်ရလေသည်။

ထို့ပြင် လေးချိုးသည် လေးချိုးငယ်၏ လေးချိုးလတ်၊ လေးချိုး ကြီးဟူ၍ သုံးမျိုးပြားပြန်၏။ ထိုသုံမျိုးတွင် လေးချိုးငယ်ကို လေးဆစ်သဖြန် ဟူ၍လည်းကောင်း၊ လေးဆစ်ကွန်းထောက် သဖြန်ဟူ၍လည်းကောင်း အထူး ပြု၍ခေါ်သည်။ လေးချိုးလတ်ကို လေးချိုးဟူ၍ပင် သာမညအားဖြင့်ခေါ် သည်။ လေးချိုးကြီးကို လေးချိုးကြီးဟူ၍လည်းကောင်း၊ အလွန်ကြီးက မဟာလေးချိုးကြီးဟူ၍လည်းကောင်း အထူးပြု၍ခေါ်သည်။ လေးချိုးကြီး သည်လည်း ကာလပေါ်လေးချိုးကြီး၊ ရှေးရိုးလေးချိုးကြီးဟူ၍ နှစ်မျိုးပြား၏။ ရှေးရိုးလေးချိုးကြီးကို သံချိုလေးကြီးဟူ၍လည်းခေါ်သည်။ တစ်နည်းအားဖြင့် စာပေဖြင့် လေးချိုးကြီး၊ စာထောင့်လေးချိုးကြီးဟူ၍လည်း နှစ်မျိုးပြားပြန်၏။ထိုမှတစ်ပါး ပုံကြီးသံ၊ စည်တော်သံ၊ တေးရိုးခေါ်သော သီချင်း မျိုးမှာလည်း အခံအချိုး အအုပ်အချိုးကွပ်သိမ်းချက်ထား၍ ရေးသမျှသည် လေးဆစ်ချိုးသဘောမျိုးအရင်းခံတွင် အသံယူအသံထားသာ ကွဲပြားကြလေသည်။[၂]


ကိုးကား[ပြင်ဆင်ရန်]

  1. တင်မိုး (ဩဂုတ် ၂၀၁၁). မြန်မာကဗျာဖွဲ့နည်း. မိုးမခ မီဒီယာ စာနယ်ဇင်းအဖွဲ့။ 
  2. " လေးချိုး "။မြန်မာ့စွယ်စုံကျမ်း အတွဲ ၁၂ လာ - သနပ်။၁၀၉။ ရန်ကုန်၊ စာပေဗိမာန် ။ ၁၉၇၄။