ခုံတော်မောင်ကျဘမ်း

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
ခုံတော် မောင်ကျဘမ်း
အမည်ရင်း မောင်ကြဖမ်း
မွေးသက္ကရာဇ် သက္ကရာဇ် ၈၂၀ ပြည့်နှစ်

မွေးရပ်ဇာတိ ပုဂံမြို့
မိဘ ဖခင်ဦးဉာဏ်လင်း၊ အမိ ဒေါ်နှင်းဇံ

ခုံတော်မောင်ကျဘမ်းမှာ ကျမ်းဂန်ထူးချွန် ကျေညက်သော ပုဂ္ဂိုလ်ဖြစ်သည့် အပြင် တင်္ခဏုပတ္တိဉာဏ်နှင့် ပြည့်စုံသူလည်း ဖြစ်သည်။ မောင်ကျဘမ်း ပေါ်ထွန်းသော ခေတ်မှာ အင်းဝဘုရင် ဒုတိယ မင်းခေါင် လက်ထက် ပေလေးပင် သျှင်လေးပါး ဟု ထင်ရှားကျော်ဇောသော ရဟန်းတော်များနှင့် ခေတ်ပြိုင်ပင်ဖြစ်သည်။ မောင်ကျဘမ်း၏ မာနကို တောင်တွင်းကြီး ဆရာတော် သျှင်ဥတ္တမကျော်က ချိုးနှိမ်ရာတွင် သပိတ်မှောက်ကံဆောင်မှု ပေါ်ပေါက်လာကြောင်း အဆိုရှိသည်။

ခုံတော်မောင်ကျဘမ်းကို သက္ကရာဇ် ၈၂၀ ပြည့်နှစ် ၊ပုဂံမြို့တွင် ဖခင်ဦးဉာဏ်လင်း၊ အမိ ဒေါ်နှင်းဇံတို့ မှဖွားမြင်သည်။ ဦးဉာဏ်လင်း၊ ဒေါ်နှင်းဇံတို့ တွင် သား ၅ ဦး ဖွားမြင်သော်လည်း တစ်ယောက်မျှ အဖတ်မတင်ခဲ့ချေ။ မိဘနှစ်ပါးတို့သည် သားသမီး အဖတ်တင်စေသောငှာ အမျိုးမျိုးသော ယာယီ၊ ယတြာနှင့်တကွ ကုသိုလ်ကောင်းမှုတို့ကို ပြုလုပ်ခဲ့ပြီးနောက် သားတစ်ယောက် ထွန်းကားလာပြန်ရာ ထိုသားငယ်ကို လောကီယတြာနည်းများစွာဖြင့် ကြံဖန်ဖမ်းယူ ရသောကြောင့် မောင်ကြံဖမ်းဟု အမည်မှည့်ခေါ်သည်။ ငယ်စဉ်ဘဝကပင် ပုဂံမြို့၊ ရွှေဂူကျောင်း ဆရာတော်တွင် အပ်နှံပညာသင်ကြား ခဲ့သည်။ ရှင်သာမဏေ ဘဝမှ ရဟန်းဘောင်သို့ တက်ရောက်သော ဘွဲ့အမည်မှာ သျှင်ကုဏ္ဍလ ဖြစ်သည်။ သျှင်ကုဏ္ဍလ ဘဝတွင် ဘာသန္တရ၊ ဂန္ထ န္တရကျမ်းဂန် များနှင့်တကွ ရာဇသတ် ဓမ္မသတ် ဖြတ်ထုံးကြီး တို့ကိုလေ့လာဆည်းပူးခဲ့ပြီး ရဟန်း(၅) ဝါ၊ အသက်(၂၅)နှစ်တွင် လူဝတ်လဲခဲ့သည်။

ပုဂံမြို့တွင် ရှေ့နေအဖြစ် အသက်မွေး ဝမ်းကျောင်းပြုသည်။ သူတပါး၏ စကားအကျကို ဖမ်းယူပြောဆိုခြင်းအရာတွင် အလွန်လျင်မြန်ကျွမ်းကျင်၍ အများက မောင်ကျဘမ်း ဟုခေါ်တွင်ခဲ့သည်။ အစီအစဉ်မရှိပဲ အကြောင်းတစ်ရပ်ကို ရုတ်ချည်းပြောဆိုခြင်းမျိုးကို ကျဘမ်း စကားပြောနည်းဟု ယခုတိုင်တွင်လျက်ရှိနေသည်။ ပုဂံမြို့၊ ပြည်သူလူထုအစည်းဝေး ပွဲကြီးက မောင်ကျဘမ်းကို သမာဓိခုံတော် အဖြစ်တင်မြှောက်သည်။ အမှုများကို ကောင်းစွာ စီရင်ဆုံးဖြတ်ပေးသဖြင့် ခုံတော် မောင်ကျဘမ်း ဟူ၍ ထင်ရှားလာသည်။

သို့ရာတွင် ခုံတော်အဖြစ်ဆောင်ရွက်ရသည်ထက် အင်းဝနေပြည်တော်သို့သွား၍ ရှေ့နေလိုက်ရခြင်းက ပိုမိုဂုဏ်သတင်းသင်းပျံ့မည်ဟု ယူဆပြီးလျှင် အင်းဝသို့သွား၍ ရှေ့နေလိုက်ပြန်သည်။ မောင်ကျဘမ်းမှာ ရာဇသတ်၊ ဓမ္မသတ်များကို တတ်သိကျေပြွန်သည့်အပြင် ဆင်ခြေဆင်လက်သန်သူဖြစ်သဖြင့် ရှေ့နေရှေ့ရပ်၊ ခုံမင်းများနှင့်တကွ လွှတ်တော်ဝန်ကြီးများပင် မေတ္တာပြယ်လျက်ရှိကြသည်။ တစ်ရံခါသော် မောင်ကျဘမ်းက နန်းစဉ်လက်သုံး ဓမ္မတာ သစ္စာတော်ကျမ်းကြီးကို လျှောက်တင်လေလျှင် ဘုရင့်အမိန့်တော်ဖြင့် သူ့အား လွှတ်တော် ၅ရပ်တွင် ရှေ့နေလိုက်ခြင်းကို ပယ်ဖျက်လိုက်လေသည်။ တိတ်လည်းလေးတန်၊ ဗျာဒိတ်ခံသည်၊ နေရပ်မှာ ပြည်ရွှေပုဂံ ၊အမိမယ်နှင်းဇံ၊ ရှေ့နေတွင်ဘက်မစံ၊ ကျော်ဇောသူ ငါမောင်ကြံ၊ ဘုရားမှာ ကကုသန် ဟုမောင်ကျဘမ်းကကိုယ့်ရည်သွေး လက်တန်း ဖွဲ့ဆိုခဲ့သည်။ ခုံတော်မောင်ကျဘမ်း၏ ကွယ်လွန်သောခုနှစ်ကို အတိအကျ မသိရှိရပေ။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)