ဗားမဲ့ဆရာတော်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ဗားမဲ့ဆရာတော် လောင်းလျှာကို တောင်ငူခရိုင်၊ ပဲခူးရိုးမတောင်တန်းအနီး ရွာသာယာနေ အဖ ကိုအင်းတောင် နှင့် အမိ မဒေါင်းတို့မှ သက္ကရာဇ် ၈၄၄ ခုနှစ်တွင် မွေးဖွားခဲ့လေသည်။ အချို့က ဗားမဲ့ဆရာတော်လောင်းလျှာအား ရခိုင်နယ်စပ် ဗားမဲ့တောင်ခြေရွာ၌ သက္ကရာဇ် ၉၃၃ ခုနှစ်တွင် ဖွားမြင်သည်ဟု ယုံကြည်ကြလေသည်။ မွေးဖွားရာဒေသနှင့် သက္ကရာဇ် မတူညီသော်လည်း ဖြစ်ပျက်သည့်အကြောင်းအရာများမှာ အတူတူပင် ဖြစ်လေသည်။

ဗားမဲ့ဆရာတော်ကြီး၏ ငယ်နာမည်မှာ မောင်နန္ဒ ဖြစ်လေသည်။ ကိုအင်းတောင်နှင့် မဒေါင်းတို့သည် သားဖြစ်သူအား ရွာဦးကျောင်းဆရာတော် ဦးလက္ခဏထံတွင် အပ်နှံ၍ ရှင်သာမဏေပြုခဲ့ရာ ဘွဲ့မည်မှာ ရှင်နန္ဒသာရ ဟုခေါ်တွင်လေသည်။ မောင်နန္ဒအား ရှင်သာမဏေပြုရန် ဆံချနေစဉ် မဟာသိဒ္ဓိဝိဇ္ဇာဓိုရ်နှင့် ပန်းစားဘီလူး မယ်ဝဏ္ဏတို့ ရောက်ရှိလာခဲ့ကြပြီးလျှင် မဟာသိဒ္ဓိဝိဇ္ဇဓိုရ်မှ “မောင်အင်းတောင် မင်းဟာ ငါ့ရဲ့ညီလေး၊ မောင်နန္ဒကို ငါ့ရဲ့ ဆန္ဒနဲ့အညီ သာသနာ့ဘောင်ကို ပို့ဆောင်ပေးတဲ့အတွက် ငါ ဝမ်းမြောက်ဝမ်းသာဖြစ်ရသလို မယ်ဝဏ္ဏလည်း သူ့သားလို ဖြစ်နေတဲ့အတွက် ဝမ်းမြောက်အနုမောဒနာပြုပါတယ် သာဓု သာဓု သာဓု”ခေါ်ဆိုကာ မဟာသိဒ္ဓိနှင့် မယ်ဝဏ္ဏတို့ ကွယ်ပျောက်သွားခဲ့လေသည်။ ထိုသို့ပေါ်လာသည်ကို ကိုအင်းတောင်နှင့် မဒေါင်းတို့ သာမြင်တွေ့ကြရ လေသည်။ ရှင်နန္ဒသာရသည် ဟံသာဝတီရွှေမြို့တော်ကြီးသို့ ရောက်ရှိပြီး ပရိယတ္တိစာပေများကို သင်ယူရာ စာပေအရာတွင် ထူးချွန်သူဖြစ်ခဲ့လေသည်။ တစ်နေ့သောအခါတွင် ရှင်နန္ဒသာရသည် ဟံသာဝတီမြို့ (ပဲခူးမြစ်)ကမ်းနဖူးတွင် တစ်ပါးတည်း ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းကို ပွားများနေစဉ် သူရူးတစ်ယောက်ရောက်ရှိလာပြီး “သပြေပင်ရင်း ရေကင်းလာပြီ ကြေးပုရပိုက် ပေးထိုက်ပါသည်”ဟူ၍ ထပ်တလဲလဲသီဆို ကခုန်နေလေသည်။ ရှင်နန္ဒသာရသည် ကမ္မဋ္ဌာန်းကို သတိမလစ်စေပဲ စင်္ကြံလျှောက်၍ ပွားများနေလေသည်။ ခဏအကြာတွင် သူရူးသည် အဝတ်စုတ်များထည့်ထားသည့် လွယ်အိပ်ဟောင်းကြီးကို မြေပြင်ပေါ်သို့ ချလိုက်ပြီး ခဏထိုင်နေကာ မြစ်ကမ်း တစ်ဖက်သို့ငေးမောကြည့်နေပြီး“အောင်ပြီဟေ့ အောင်ပြီ သပြေပင်ရင်းက မိကျောင်းလာပြီ ကြေးပုရပိုက် ပေးထိုက်ပါသည် အောင်စေသတည်း”ဟု ဆိုပြီး မြစ်လယ်ခေါင်သို့ လက်ညှိုးထိုးပြပြီး အားရဝမ်းသာ ရယ်မော၍ နေလေသည်။ ရှင်နန္ဒသာရလည်း ကမ္မဋ္ဌာန်းအလုပ်ကို ရပ်ကာ သူရူးညွှန်ပြရာသို့ ကြည့်လိုက်သောအခါ မိကျောင်းကြီးတစ်ကောင်သည် တစ်စုံတစ်ခုကို ကိုက်ချီကာ မြစ်လယ်မှ ကမ်းသို့ ကူးလာသည်ကို တွေ့မြင်ရလေသည်။ မိကျောင်းကြီးသည် ရှင်နန္ဒသာရ ရှေ့ရှိ သပြေပင်ရင်းတွင် ဦးခေါင်း ဝပ်ဆင်း၍ နေလေသည်။ ရှင်နန္ဒသာရ သေချာကြည့်မိသောအခါ မိကျောင်းကြီးသည် ကြေးပုရပိုက် ကိုက်ချီထားသည်ကို တွေ့မြင်ရသောအခါ “အို ဒကာကြီး မိကျောင်းခံတွင်းမှ ကြေးပုရပိုက် ကို ဆောင်ကြဉ်း၍ပေးပါလော့”ဟု သူရူးအား ပြောလိုက်သောအခါ သူရူးသည် ကခုန်ကာ မိကျောင်းခံတွင်းမှ ကိုက်ချီထားသော ကြေးပုရပိုက်ကို သွားရောက်ယူဆောင်ကာ ရှင်နန္ဒသာရအား ပေးအပ်လေသည်။ ရှင်နန္ဒသာရလက်သို့ ကြေးပုရပိုက် ရောက်ရှိသောအခါ မိကျောင်းကြီးသည် ဦးခေါင်း သုံးကြိမ်ညွတ်၍ ရေထဲသို့ငုတ်လျှိုး ပျောက်ကွယ်သွားလေတော့သည်။ သူရူးမှာလည်း ခုန်ပေါက်ကခုန်ကာ ထွက်ခွာသွားလေသည်။

ရှင်နန္ဒသာရလည်း ရဟန်းမရှိသော လေးထပ်ကျောင်းဟောင်းကြီးတွင် ကြေးနီပုရပိုက်ရရှိသည့် နေ့မှစ၍ မပြတ်ကြည့်ရှုလေ့လာလေတော့သည်။ အချို့ကိုသိပြီး အချို့ကို နားမလည်သဖြင့် စုံစမ်းမေးမြန်းခြင်းကို ပြု၍ တစ်နှစ်ကျော်ခန့် ကြာမြင့်ခဲ့လေသည်။ တစ်နေ့သောအခါ ရှင်နန္ဒသာရသည် အင်ကြင်းပင် အောက်တွင် ဆောက်ထားသော ဝါးကျောင်းကလေးတွင် အားထုတ်နေကြဖြစ်သော ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းကို ပွားများနေစဉ် ဒကာ တစ်ယောက် ရောက်ရှိလာကာ ရှိခိုးဝတ်ပြုလေသည်။ ထို ဒကာယောက်ျားထံမှ မွှေးကြိုင်သောရနံ့ကို ရရှိသဖြင့် “အသင်မည်သူနည်း” “တပည့်တော် ဝိဇ္ဇာဓိုရ်ပါဘုရား” “သင်၏အမည်သည် မည်သူနည်း”“တပည့်တော်၏ အမည်မှာ မဟာသိဒ္ဓိ ဝိဇ္ဇာဓိုရ်မည်ပါတယ်ဘုရား” “ဤအရပ်သို့ အဘယ့်ကြောင့် ရောက်ရှိလာပါသနည်း” “အရှင်ဘုရားနှင့် တပည့်တော်သည် လွန်ခဲ့သောဘဝက ညီအကိုရင်းဖြစ်ခဲ့ဖူး၍ ရွှေပေလွှာကို လှူဒါန်းရန် လာပါသည်ဘုရား၊ ဤစာပါ ပညာရပ်များကို လေ့လာဆောင်ရွက်ပါက အလိုရှိသမျှ ပြည့်ဝ စုံလင်တော်မူပါလိမ့်မည်ဘုရား”ဟု လျှောက်ထားလေရာ ရှင်နန္ဒသာရသည် ရရှိထားသော ကြေးပုရပိုက်မှ မသိသည်များကိုမေးမြန်းရာ “တပည့်တော်မှာ အရှင်ဘုရားအား ဖြေဆိုရန် အချိန်မရနိုင်ပါ ပုပ္ပါးတောင်၏ အရှေ့ဘက်တွင် ကျောက်ဂူရှိပါသည်။ ထိုကျောက်ဂူတွင် နေထိုင်သော အင်းဘီလူးထံ အမဲသားတုံးငယ်ကလေးများ ယူဆောင်ကာ ကြွသွားတော်မူပြီး အင်းဘီလူး အင်းဘီလူး အမဲသားစားမည်လောဟု မေးပါ၊ စားမည်ပြောလျှင် ပါးစပ်ကို ဟခိုင်း၍ ခပ်လှမ်းလှမ်းမှ နေ၍ အမဲသားတုံးငယ်ကို ပစ်ထည့်ပေးပါ၊ အမဲသားကို ဘီလူးစားနေသည့်အချိန်မှာ အလိုရှိသမျှမေးပါ ပြောပြပါလိမ့်မည်၊ မေးစရာကုန်လျှင် အမဲသားတုံးကြီး တစ်တုံးကို ထားခဲ့ပြီး အမြန်ပြန်ကြွတော်မူပါ”ဟုလျှောက်ထားလေသည်။

မကြာမီ ကာလအတွင်းမှာပင် ရှင်နန္ဒသာရသည် တပည့်ဖြစ်သော ရှင်သာမဏေ ရှင်မုံယိုနှင့်အတူ ပုပ္ပါးတောင်သို့ သွားရောက်ပြီးလျှင် ဝိဇ္ဇာဓိုရ်ပြောသည့်အတိုင်း ဆောင်ရွက်ပြီး လိုအင်ဆန္ဒ ပြည့်ဝခဲ့လေသည်။ ဟံသာဝတီသို့ ပြန်ရောက်သောအခါ အထူးအထွေသော လောကီပညာရပ်များကို လိုက်စားတော်မူလေသည်။ နေကြောက်အင်း၊ လကြောက်အင်း၊ သုံးပေါက်အင်း စသဖြင့်လည်း စမ်းသပ်လေ့လာတော် မူလေသည်။ ကာယသိဒ္ဓိ၊ ပီယသိဒ္ဓိ၊ ဓနသိဒ္ဓိ စသည့်တို့လည်း စီမံတော်မူလေသည်။ ရှိန်းဆာယာအတတ်၊ ကိုယ်ပြောင်းကိုယ်ခွာအတတ်၊ လောကီဆိုင်ရာ အတတ်ပညာစုံ ထမြောက်အောင်မြင်သောအခါ လွန်စွာမှပင် ထင်ရှားကျော်ကြားလာခဲ့လေသည်။ ရှင်နန္ဒသာရ လောကီပညာ လိုက်စားတော်မူသည်ကို ငါးဆူဒါယကာမင်းကြီး ကြားသိတော်မူလျှင် ရဟန်းတော်တို့၏ ကျင့်ဝတ်သိက္ခာနှင့် မညီဟု ဆိုကာ ရှင်နန္ဒသာရအား ညောင်ရမ်းသို့ ပို့တော်မူလိုက်လေသည်။

သက္ကရာဇ် ၉၅၅−ခုနှစ်တွင် ရှင်နန္ဒသာရ၊ ညောင်ရမ်းမြို့သို့ ရောက်လျှင် ညောင်ရမ်းမင်း မင်းရဲနန္ဒမိတ်သည် ရှင်နန္ဒသာရ၏ အတ္ထုပ္ပတ္တိနှင့် ပညာရပ်အစွမ်းတို့ကို စုံစမ်းသိရှိ အားရတော်မူသဖြင့် နသာရ ကဝိဓဇ ဟူသော ဘွဲ့တံဆိပ်တော်ကို ဆက်ကပ်လျှူဒါန်းတော်မူလေသည်။ ကျောင်းဆောက်လုပ် လှူဒါန်းမည်ဖြစ်၍ ဆရာတော် ရှင်နန္ဒသာရက အခါပေးတော်မူသည်မှာ တောင်အရပ်မှ တိမ်တောင်များ တက်လိမ့်မည်။ သိန်းငှက်လည်း သားတစ်ကို ချီလာ၍ ကျောင်းဆောက်မည့်နေရာတွင် ချလိမ့်မည်ဟု ရှေးဦးစွာတူးရမည့်တွင်း အခါအချိန်ကိုလည်း ပေးတော်မူသည်။ ထိုအတိုင်းလည်း မှန်ကန်ခဲ့လေသည်။ ညောင်ရမ်းမင်းက ကျောင်းဆောက်လုပ် လှူဒါန်းပြီး ဆရာတော်အား ကိုးကွယ်ပူဇော်တော်မူလေသည်။ ထိုအခါမှစ၍ ဗားမဲ့ဆရာတော်ဟု လူသိများ ထင်ရှားကျော်ကြားလာလေသည်။ ညောင်ရမ်းမင်းသည် တိုင်းရေးပြည်ရေး မငြိမ်မသက် ရှိသောကြောင့် ဗားမဲ့ဆရာတော်ကို ပင့်၍ တိုင်ပင်တော်မူသည်မှာ “အရှင်ဘုရား ယခုအခါ နောင်တော် မင်းတရားကြီးသည် တိုင်းပြည်၊ နိုင်ငံတို့ကိုလည်း မသိမ်းပိုက်နိုင်။ ကြာသော် အရေးခက်လိမ့်မည် မည်သို့ပြုလုပ်သင့်ပါသနည်း။ ဟံသာဝတီကို ချီတက်၍ လုပ်ကြံလျှင် သင့်မည်လော။ နေရင်းဖြစ်သော ညောင်ရမ်းတွင်သာ နေရမည်လော”ဟု လျှောက်တင်သည်တွင် “တလိုင်းသုံးရပ်သည် နန်းစံနိမ့်မည် ထောင်းထောင်းညက်ညက် ပျက်ဆီးလိမ့်မည်။ ညောင်ရမ်းမြို့ သည်လည်း မင်းတို့စံရာ ရာဇဌာနီမဟုတ်၊ ထို့ကြောင့် အဝမြို့သည်သာ ရာဇဌာနီ မြန်မာတို့၏ ဦးစွန်းထွန်းရာဖြစ်သည့် တိုင်းခရိုင်ကလည်း ကျယ်ဝန်းသည်။ ရတနာပူရ အင်းဝနေပြည်တော်မှ နေ၍ အရပ်ရပ်ကို သိမ်းယူတော်မူသော် ထီးဆောင်းမင်းအပေါင်းတို့ကို စိုးမိုးပိုင်သတော်မူပြီးလျှင် သားတော်အစဉ် မြေးတော်အဆက် မြစ်တော်အညွန့် လက်နက်နိုင်ငံတော်ဖြစ်၍ သာသနာတော် အလွန်ပွင့်လင်း စည်ပင်မည်။ မြန်မာပြည်အလုံးကို လက်ရုံး ဆန့်တန်းကာ စိုးမိုးပိုင်သရန် အစီအစဉ်မှာ ဆရာတော်၏ တာဝန်သာဖြစ်ပါစေ”ဟု မိန့်ဆိုတော် မူလိုက်လေသည်။

ဗားမဲ့ဆရာတော်ကြီးသည် သန်လျှက်တော် ရွှေယပ်၊ ချွေးသုတ်ပုဝါ မှစ၍ အလံ ဗုံမောင်း ဆင် မြင်း တံခွန်၊ စည်ကြီး စသည်တို့တွင် လောကီပညာ အင်း၊ အိုင်၊ ခါးလှည့်၊ လက်ဖွဲ့ ၊ မန္တရား စသည်များကို စီရင်ပေးတော်မူပြီး သက္ကရာဇ် ၉၅၉−ခု၊ ဝါခေင်လဆန်း(၂)ရက်၊ တနင်္လာနေ့တွင် အင်းဝသို့ ချီတော်မူလေသည်။ ဆီးတောအရပ်သို့ အရောက်တွင် ညောင်ရမ်းမင်းတဲတော်ကို မီးသင့်သဖြင့် ဗားမဲ့ဆရာတော်ကို လျှောက်ထားရာ စိုးရိမ်တော် မမူနှင့် မီးတောက်မီးလျှံကဲသို့ ဘုန်းတန်ခိုးကြီးပြီး သက်တော်ရှည်လိမ့်မည်ဟု မိန့်တော်မူလေသည်။ သက္ကရာဇ် ၉၆၁−ခုနှစ်၊ ဝါခေါင်လပြည့်ကျော် (၉)ရက်နေ့တွင် အင်းဝမြို့ကို တည်ထောင်ခဲ့လေသည်။ ထိုနှစ် တပေါင်းလဆန်း (၁၂)ရက်နေ့တွင် နန်းတက်တော်မူသည်။ ဗားမဲ့ဆရာတော်မှ ဓာတ်တိုင် ကြငှန်းတိုင် မြို့ထောင့်ပြကြီး (၄)ခု၊ အဝင်တံခါးငယ် (၁၄)ရပ်၊ ကူးတို့ဆိပ် မင်းဝံ (၉၉)တောင်၊ အရပ်ရပ် ကင်းတောင်၊ လွှတ်တော်၊ ရုံးတော်၊ တံခါးနီ၊ စသည်တို့တွင် လောကီ အင်းအိုင်များ စီရင်မြှုပ်နှံတော်မူလေသည်။ မြို့တောင်ဘက်ရှိ ဆင်ကျုံးတော်ကိုလည်း မြို့အနောက်ဘက်သို့ ပြောင်းရွှေ့စေသည်။ အင်းဝမြို့ကိုလည်း ရတနာပူရ ရွှေမြို့တော်ကြီးဟု သမုတ်တော်မူလေသည်။ တစ်ခါသော် အင်းဝမြို့၌ ရေအလွန်ကြီးသဖြင့် အောင်ထွန်းတံခါး၊ လေသာတံခါးတို့ကို ရေ နှစ်တောင်ခန့်မိုး၍ မြို့တွင်းသို့ ရေများစွာ ဝင်ရောက်လာလေသည်။ ဗားမဲ့ဆရာတော်ကြီးနှင့် တိုင်ပင်တော်မူရာ ပေါရသာဒအင်းကို လက်သုံးတော်ဓားတွင် စီရင်ပြီး ထိုစီရင်ထားသောဓားဖြင့် ရေကိုပြစေရာ ထိုည၌ပင် ရေများ လျောကျခဲ့လေသည်။ တစ်ခါကလည်း မိုးကုတ်ကြပ်ပြင်မှ ဆက်ရောက်လာသည့် ကျောက်များကို ရာဖြတ်တို့ ညှိုနှိုင်းနေကြရာ ဗားမဲ့ဆရာတော်မှ ငါ့ထံ၌ သံပုရာသီးတစ်ခြမ်းခန့် ကျောက်နီ တစ်လုံးရှိသည် မင်းတို့ကျောင်းကိုလာပြီး တန်ဖိုးဖြတ်ပေးပါ ဟု မိန့်တော်မူရာ ရာဖြတ်တို့လည်း ကျောင်းသို့သွားရောက်ကြပြီး ဆရာတော်ဘုရား၏ ကျောက်နီကြီးကို ပြသတော်မူပါဟု လျှောက်ထားရာ ဗားမဲ့ဆရာတော်သည် ကိုရင်တို့အား မောင်ရှင်တို့မှာ သံပုရာသီး မရှိကြဘူးလားဟု မေးလေရာ မောင်ရှင်တို့က “ကျောင်းဝင်းအတွင်းမှ အပင်တွင် ရှိပါသည်ဘုရား”ဟု လျှောက်ထားရာ ဆရာတော်က သံပုရာသီးခူးခဲ့စေပြီး သံပုရာသီးအား ထက်ခြမ်း ခြမ်းပြီးလျှင် တစ်ခြမ်းကို မန္တာန်နှင့် စုပ်သော် မကြာမီပင် ယုန်သွေး ကဲသို့သော ပတ္တမြား ဖြစ်လာလေသည်။ ရာဖြတ်တို့အား ထိုပတ္တမြားကြီးကို ပြသ၍ ဈေးဖြတ်ခိုင်းရာ၊ ရာဖြတ်တို့မှ နန်းတွင်းမှာပင်လျှင် ဤကျောက်မျိုးမရှိပါ စင်္ကြာမင်း၏ ပတ္တမြားရတနာ ကဲသို့ပင်ဖြစ်လေပြီ တန်ဖိုးဖြတ်ချင်းငှာ မစွမ်းပါဘုရား ဟု ရာဖြတ်တို့က လျှောက်တင်ကြလေသည်။ ရာဖြတ်တို့ ပတ္တမြားကို ကြည်နေပြီးခဏအကြာတွင် ဆရာတော်မှ ရေကိုမန်း၍ ကျောက်ကိုဖြန်းလိုက်ရာ ပတ္တမြားသည် သံပုရာခြမ်း ပြန်ဖြစ် သွားလေတော့သည်။ အံ့ဘွယ်ဖြစ်ရပ်ကို ရာဖြတ်တို့မြင်တွေ့ကြလေရာ အလွန်တစ်ရာ အံ့ဩချီးမွမ်းမဆုံး ဖြစ်ကြရလေသည်။

တစ်ခါကလည်း ဗားမဲ့ဆရာတော်ကြီးသည် ရှိန်းဆာယာ ကိုယ်ပျောက်ဆေးကို စီရင်ပြီး တပည့်တစ်ယောက်၏ နဖူးတွင် ဆေးကိုလူးပေးပြီး မင်းဧကရာဇ် စားတော်ခေါ်ရာတွင် ဝင်ရောက်စားစေရန် စေလွှတ်လိုက်သည်။ တပည့်ဖြစ်သူကလည်း ဆရာတော် စေသည့်အတိုင်း ပြုလုပ်ပြီး ပြန်လာခဲ့သည်။ ပြန်ရောက်လျှင် ဆရာတော်က အကြောင်းကို မေးလျှင် ဆေးကား အထူးပင်စွမ်းလှပါတော့သည် မည်သူမှ တပည့်တော်အား မမြင်တွေ့ရ၊ ရှင်ဘုရင်ကလည်း ပွဲတော်ထမင်းဟင်းများ ကုန်လွယ်သည်ဟု ဆိုသည်၊ ရှင်ဘုရင်လည်း ထမင်းမဝ တပည့်တော်လည်း ထမင်းမဝ ရှိလေသည် ဟု လျှောက်တင် ဖြေကြားလေသည်။

သက္ကရာဇ် ၉၆၇−ခုနှစ်တွင် ညောင်ရမ်းမင်းတရားကြီး နတ်ရွာစံတော်မူလေသည်။ သားတော်ဖြစ်သူ အနောက်ဖက်လွန် မင်းတရား နန်းတက်၏။ တခါသော် ဗားမဲ့ဆရာတော်ကို ပင့်၍ အရှင်ဘုရား တောင်ငူမြို့သည် မြို့ပြကျယ်သည်။ လက်နက် လူသူလည်း များသည်။ စားရေရိက္ခာ ဆန်စပါးလည်း များလှသည်။ လောကီပညာရှင် ရှင်မုန်ယို ဆိုသည်လည်း ရှိသည် ဖြစ်၍ မကျိုးမနွံ အခိုင်အလုံ နေသည့် တောင်ငူသို့ အလျင် ချီတက်သိမ်းပိုက်ရသော် ကောင်းမည်လော၊ အခြားတစ်နေရာသို့ ချီရမည်လော ဟု လျှောက်ထားလျှင် ဗားမဲ့ဆရာတော်က တောင်ငူမြို့သည် ဒကာတော်မင်းကြီး ပြောသည့်အတိုင်း မှန်ပေသည်။ ရှင်မုန်ယိုကား ယတြာကြီးကိုမတတ် ယတြာငယ်ကိုသာ တတ်သည်။ ချီတက်သိမ်းပိုက်လျှင် အောင်မြင်မည်ဖြစ်သော်လည်း အချိန်ကြာမည် သို့ဖြစ်သောကြောင့် တေဇအရပ် ခံတက်ပင်ရှိရာတွင် တပ်ချတော်မူသင့်၏ဟု မိန့်တော်မူသည်။ အနောက်ဘက်လွန် မင်းတရားကြီး တောင်ငူသို့ စစ်ချီသောအခါ ရှင်မုန်ယိုက မြို့နားဝန်းကျင်တွင်ရှိသာ ခံတက်ပင်တို့ကို အမြစ်မှတူး၍ ရေသို့ချစေ၏။ အနောက်ဘက်လွန်မင်းလည်း တောင်ငူမြို့ တေဇအရပ် ခံတက်ပင်ကိုရှာဖွေရာ မတွေ့သည်နှင့် ပျဉ်ပုံရှိသောနေရာတွင် တပ်တည်မည်ဟု ရှင်းလင်းရာတွင် ပျဉ်ပုံအောက်တွင် လူတစ်ရပ်ခန့်ရှိသော ခံတက်ပင်ကို တွေ့ကြရလေသည်။ ထို့ကြောင့် ဤနေရာသည် ငါ့ဆရာမှာသော အပင်ဖြစ်သည်ဟု ဆိုကာ တပ်တည်ပြီး နန်းဆောက်၍ စံနေတော်မူလေသည်။ သုံးချက်တီး အချိန်ကြလျှင် ရှင်မုန်ယို ယတြာပြုသော ကျွဲခေါင်းရိုး နွားခေါင်းရိုးတို့သည် လူသူ ဆင်မြင်း အသွားအလာကို လိုက်လံဝှေ့ခတ်လေသည်။ တပ်ချထားသူများလည်း လေး ငါးရက် တစ်ခါ လန့်တတ်လေသည်။ ဤသို့ဖြစ်သည်များကို ဗားမဲ့ဆရာတော်ရှိရာ အင်းဝသို့ မြင်းသည်တော်ကို စေလွှတ် အကြောင်းကြား စေလေသည်။


မြင်းသည်တော်များ အင်းဝမြို့ ဗားမဲ့ဆရာတော်ထံ ရောက်ရှိပြီး ဖြစ်ပျက်ပုံများကို လျှောက်ထားကြသောအခါ ဗားမဲ့ဆရာတော်သည် မည်သည့်စကားမှမဆို ရသေ့များ ဆောင်းသည့် ဒေါက်ချာကို ဦးခေါင်းမှာစွပ်၍ အတန်ကြာလျှင် ခေါင်းကချွတ်၍ ကြမ်းပြင်ပေါ်သို့ပြစ်ချပြီး ကျက်သရေခန်းအတွင်းသို့ ဝင်သွားလေတော့သည်။ အတွင်းမှလည်း တံခါးကို ပိတ်ထားလိုက်သည်။ မြင်းသည်တော်တို့သည် ဆရာတော် ထွက်ကြွမလာတော့သည်ကို သိသဖြင့် ကျောင်းရှိ ဦးပဉ္ဇင်းကြီးအား တပည့်တော်တို့ ရာဇဝတ်ကို ဦးခေါင်းပေါ်တင်၍ လာခဲ့ရပါသည် နေ့ရက်အချိန်လွန်သော် တပည့်တော်များ ရာဇဝတ်သင့်၍ အသက်ရှင်မည်မဟုတ်ပါ ယခုပင် ပြန်ရပါတော့မည်ဟု လျှောက်ထားပြီး တောင်ငူသို့ ပြန်သွားကြလေတော့သည်။ မြင်းသည်တော်များ တပ်သို့ ပြန်ရောက်လျှင် ဆရာတော်မည်သို့ မိန့်ဆိုသည်လည်းဟု မေးရာ ဆရာတော်သည် မည်သည့်စကားမှ မဆို ဒေါက်ချာကို ဦးခေါင်းတွင်စွပ် မင်းကြီးလည်း သာသနာတော်အရေးဖြစ်၍ ငါ့ဆရာတော် မမိန့်သည်ဖြစ်မည် ဒေါက်ချာကို ကြမ်းပေါ်ပြစ်ချသည့် အရိပ်နိမိတ်ကို ထောက်လျှင် တောင်ငူမြို့ မြတ်စောညီနောင်ဘုရား၏ ထီးတော်ကို ချရမည်ဟု ဆိုခြင်းဖြစ်ပေလိမ့်မည်ဟု တွေးတော်ဆင်ခြင်ပြီးလျှင် တောင်ငူမြို့ တည်သည့် ကာလနှင့် တစ်ပြိုင်တည်း တည်ထားသော (၇)ဌာန အဝင်ဖြစ်သည့် မြတ်သောညီနောင် ဘုရား၏ ထီးတော်ကို ချစေဟု မိန့်တော်မူလိုက်လေသည်။ထီးတော်ချပြီးသောအခါ ရှင်မုန်ယိုစီရင်ထားသော ကျွဲခေါင်းရိုး၊ နွားခေါင်းရိုးတို့သည် ပျောက်ပျက်ကုန်လေသည်။ တပ်တော်လဲ ထိပ်ခြင်းလန့်ခြင်းများ မဖြစ်တော့။ ရှင်မုန်ယိုသည် ကဲလင်းရွာသားဖြစ်ပြီး ရဟန်းဝတ်ကာ အညာအကြေရပ်တွင် လောကီပညာ အင်းအိုင် ခါးလှည့် ဆေးဝါး မန္တယား များကို လှည့်ပတ်ရှာဖွေသည်တွင် ဗားမဲ့ဆရာတော်ဘုရားရှိရာ ညောင်းရမ်းကျောင်းသို့ ရောက်ရှိလာပြီး နည်းနာခံဖူးသူ ဖြစ်လေသည်။ ရှင်မုန်ယို၏ ပါးတွင် ဆင်များကဲသို့ မုန်တွင်း ပါရှိလေသည်။ ဒေါသထွက်လျှင် ထိုမုန်တွင်းမှ မုန်ရည်ထွက်သဖြင့် ရှင်မုန်ယို ဟုခေါ်ကြခြင်း ဖြစ်သည်။ တောင်ငူဘုရင် နတ်သျှင်နောင်လည်း စစ်မပြုဝံ့တော့သောကြောင့် အညံ့ခံလေသဖြင့် အနောက်ဘက်လွန်မင်းသည် တောင်ငူကိုအောင်နိုင်ခဲ့လေသည်။

တစ်ခါသော် ရတနာပူရ အင်းဝ မြို့တော်ကြီးတွင် မီး မကြာခဏလောင်ခြင်း၊ တောကောင်များ မြို့တွင်းသို့ မကြာခဏ ဝင်ရောက်လာခြင်း၊ လေကြမ်းတိုက်ခြင်း၊ မိုးသည်းထန်ခြင်းများကြောင့် တိုင်းသူပြည်သားတို့မှာ အပျက်အဆီးတိုးပွား၊ ရောဂါဝေဒနာထူပြောသဖြင့် မင်းကြီးသည် ဗားမဲ့ဆရာတော်ကို ပင့်၍ လျှောက်ထားရာ ရွှေနန်းတော်မှစ၍ မြို့လေးပြင်လေးရပ်၊ ရပ်ကွက်စုများတွင် သဲပုံစေတီ တည်ထားကိုးကွယ်စေပြီး ရွှေနန်းတော်အနီး သဲပုံစေတီတွင် ပဋိစ္စသမုပ္ပာဒ် ဒေသနာတော်ကို ရွှေပေလွှာတွင် ရေးထိုးစေပြီး ဌာပနာ ထည့်သွင်းပူဇော်စေလေသည်။ ရပ်ကွက်များအတွင်း သဲပုံစေတီတွင် ပေပုရပိုဒ်တွင်ရေးထိုး ဌာပနာစေလေသည်။ သဲမှာ ပထဝီဓာတ် ၂၀ ကိုရည်မှတ်၍ တင်း၂၀၊ ပြည် ၂၀ စသဖြင့် စေတီတည်ရလေသည်။ အာပေါဓာတ် (၁၂)ပါးကို ရည်မှတ်၍ ညောင်ရေအိုးပန်း ပန်းအိုး(၁၂)လုံး တင်လှူပူဇော်ရလေသည်။ တေဇောဓာတ် (၄)ပါးကို ရည်မှတ်၍ ဆီမီး(၄)ခွက် ပူဇော်စေသည်။ ဝါယောဓာတ် (၆)ပါးကို ရည်မှတ်၍ ယပ်(၆)စင်း ပူဇော်စေခဲ့ရာ တိုင်းသူပြည်သားများ ဘေးဘယာ ကင်းဝေးကြကာ တိုင်းပြည် သာယာဝပြောခဲ့ရလေသည်။


မင်းတရားကြီးသည် ဗားမဲ့ဆရာတော်အား နန်းတွင်းသို့ ပင့်ဆောင်ပြီး အရှင်ဘုရား ပစ္စုပ္ပန် သံသရာနှစ်ဖြာ အကျိုးစီးပွား ချမ်းသာမင်္ဂလာ ကျက်သရေပြည့်စုံစေကြောင်း၊ မကောင်းသောဘေး ကင်းဝေးရှောင်ရှား လွင့်ပါးပျောက်ပျက်စေနိုင်သော အားထားမှီခိုရာကို စီရင်ပေးသနားတော်မူပါ ဘုရား ဟု လျှောက်ထားတော်မူလေသည်။ ဗားမဲ့ဆရာတော်ကြီးသည် (၇)နံ သစ်သားကို ဘုရားရုပ်ပွားတော် ထုလုပ်၍ အင်းပေါင်း ဂါထာပေါင်း တို့ဖြင့် မွမ်းမံစီရင်ကာ ရွှေပိန်းချစေပြီး ကိုးကွယ်စေတော် မူလေသည်။ နောက် ၂နှစ်ခန့်အကြာတွင် ရွှေမြို့တော်တွင် ကူးစက် ဝမ်းရောဂါဖြစ်ပွားရာ အသေအပျောက် များလှသဖြင့် ဗားမဲ့ဆရာတော်အား ပင့်ဖိတ်လျှောက်ထားရာ ဗားမဲ့ဆရာတော်မှ ဤ (၇)နံ ဘုရားရှင်အား ရေသပ္ပာယ်၍ ထိုရေကို တိုက်စေဟု မိန့်တော်မူသဖြင့် (၇)နံမြတ်စွာဘုရား ရုပ်ပွားတော်မြတ်အား နန်းတော်ဦးတွင် သီတင်းသုံး စေတော်မူပြီး များသော ရေကောင်းရေသန့်တို့ဖြင့် ရေသပ္ပာယ်လေသည်။ ထိုရေကို တိုင်းသူပြည်သားများအား သောက်စေရာ လေးငါးရက်အတွင်း ရောဂါဝေဒနာများ ပျောက်ကင်းချမ်းသာရာ ရကြလေသည်။ တစ်နေ့သောအခါတွင် မင်းကြီးသည် ဗားမဲ့ဆရာတော် တင်သွင်းသော လောကီပညာရပ်ဆိုင်ရာ ပညာ၊ စာပေများကို ကြည့်ရှု့ဖြစ်လေသည်။ အပေါ်ယံမျှ ဖတ်ရှု့ကြည့်မိကာမျှဖြင့် မင်းတရားကြီးသည် ဗားမဲ့ဆရာတော်ဘုရားကြီးအပေါ် လွန်ကဲသောသဒ္ဓါဖြင့် အလွန်တစ်ရာ ကြည်ညိုလေးစား မိလေတော့သည်။ လယ်ကြီး အရပ်၌ ပြဿာဒ်သုံးဆောင် ဆောက်လုပ်လှူဒါန်းတော်မူပြီး သိလိုသည်များကို မေးမြန်းလျှောက်ထား လေသည်။ ဗားမဲ့ဆရာတော်ကြီးလည်း မင်းကြီးသိလိုသည်တို့ကို မိန့်ကြားတော်မူခဲ့သည်။


မင်းကြီး→ဆရာတော် လောကီပညာဟူသည် မည်သည့်အရာမျိုးပါနည်း။ ဆရာတော်→မင်းကြီး လောကီပညာဆိုတာ ယတြာပြုရှောင်း အကြံကောင်းက အင်းစောင်း၍ မြှောက် မင်းလောင်းပျောက်၏ ဆိုတဲ့စကား အရ အရေးအခွင့်ရှိသောအခါ လွတ်မြောက်ရန်ကြံစည်ခြင်း ထူးမြတ်သောဆန္ဒရှိသူတို့သည် နက်နဲစွာ စဉ်းစားဆင်ခြင်၍ အချက်အလက်ကို နားလည်ကျွမ်းကျင်အောင် အားထုတ်ဆောင်ရွက်ခြင်း စသည်များသည် ဉာဏ်၏ပယောဂ၊ ဉာဏ်၏ကိစ္စဖြစ်၍ ၎င်းပညာရပ်များကို လောကပညာ သို့မဟုတ် လောကီပညာများဟု ခေါ်ဆိုပါတယ် မင်းကြီး။

မင်းကြီး→ ဆရာတော် ထိုလောကီပညာများသည် အချို့သူတို့ အားထုတ်ရာ အောင်မြင်ပြီး အချို့သူတို့မှာ အချိန်ကုန်လူပမ်း အားထုတ်သော်လည်း အလဟဿ ဖြစ်ရသည် အဘယ်ကြောင့်ပါနည်း။ ဆရာတော်→ လောကီပညာဆိုသည်မှာ လူတတ် ရှင်တတ်နှင့် တွေ့ရခဲသည်၊ တွေ့မြင်ရပြန်လျှင်လည်း ထိုသူ့စကား နားထောင်ရခဲသည်၊ နားထောင်လျှင်လည်း လုပ်ထုံးနည်းဥပဒေကို ကျနသေချာစွာရနိုင်ခဲသည်၊ ရခဲ့လျှင်လည်း ထိုနည်းဥပဒေအတိုင်း စိတ်ရောကိုယ်ပါ ပြုလုပ်နိုင်ခဲသည်။ ပြုလုပ်နိုင်ပြန်လျှင်လည်း ပညာသတိရှိခဲသည်၊ ထို့အတွက်ကြောင့် အရာခပ်သိမ်း ကောင်းစွာညီညွတ်ဘို့ ခဲယဉ်းလှသဖြင့် ထမြောက်အောင်မြင်သူနည်းပါးခြင်း ဖြစ်ပါတယ်မင်းကြီး။

မင်းကြီး→ဆရာတော်ဘုရား အချို့အရပ်ဒေသမှာ လောကီပညာထွန်းကား လိုက်စားကြ၏။ အချို့ဒေသ အချိ့ကာလများ၌ လောကီပညာအပေါ် ယုံကြည်လေးမြတ်ခြင်း မပြုကြသည်ကို တွေ့ရသည်။ ဤကား အဘယ်ကြောင့်ပါနည်း။ ဆရာတော်→ သုတ္တန်ပိဋကတ်ထွန်းကားသောအရပ်မှာ ဓမ္မသာဝနာများ၏။ ဒါနပြုကြ၏။ ရဟန်းတို့ အနေထူ၏။ ဝိနည်းပိဋကတ်မထွန်းကားသော အရပ်မှာ သီလဒါနနည်း၏။ ရဟန်းတို့လည်း အနေနည်းသည်။ အဘိဓမ္မာထွန်းကားသောအရပ်မှာ ကိုယ်၏ ဖြစ်ပျက်ခြင်း သင်္ခါရတရားကို နှလုံးသွင်းများ၏။ ဘာဝနာပွား၏။ ဒါနသီလများ၏။ သုတ္တာန်တတ်မူ ပရိသတ်နှင့် ပျော်၏။ ဝိနည်းတတ်မူ သီလနှင့်ပျော်၏။ သဒ္ဒါတတ်လျှင် ပုဒ်ပါဌ်နှင့် ပျော်၏။ ဆန်းလင်္ကာတတ်မူ ဂါထာဗန္ဓနှင့်ပျော်၏။ ပျို့ကဗျာတတ်မူ အရွှမ်း အကြော့လေ့လာသူ လူလျှပ်လူပေါနှင့် ပျော်၏။ သုတ္တာန် တတ်မူ ပရဟိတကိုဆောင်၏။ ဝိနည်းတတ်မူ အတ္တဟိတကိုဆောင်၏။ ထို့အတူ လောကီဘက်မှာလည်း ပြည်သာလျှင် ဥစ္စာ၊ ပြည်ဆာလျှင်ပညာ ဟူသော ရှေးသူဟောင်းတို့စကားအရ၊ယခုကဲသို့ဒကယတော်မင်းမြတ်လက်ထက် တိုင်းပြည်အေးချမ်းသာယာသောအချိန်မှာပင် လောကီပညာကို လိုက်စားသူနည်းပါးသဖြင့် တိမ်မြှုပ်ရခြင်းဖြစ်တယ်မင်းကြီး။ မင်းကြီး<>လောကီပညာသည် ခက်ခဲသောအရာဖြစ်ပါသလော ဆရာတော်။ ဆရာတော်<>ဒကာတော်မင်းကြီး၊ လောကီပညာရပ်သည် ခက်သည် လွယ်သူဟူ၍ မရှိ အနက်ကိုအဖြူ၊ အဖြူကိုအနက်၊ ကျီးကန်းတောင်ကို ဗျိုင်းတောင်၊ ဗျိုင်းတောင်ကို ကျီးကန်းတောင်၊ လံကဓော လောကဓံ၊ အမြန်ကိုအနှေး၊ အနှေးကိုအမြန် ဗြောင်းတိဗြာင်းပြန် ကြံစည်ရသည်။ ထိုသို့ကြံစည်ရာတွင် မိမိတို့ ဆောင်ရွက်ရသော ကိစ္စ၌ ပြီးစီးအောင်မြင်ရန် ဘယ်အရာများ လိုအပ်ပါသနည်းဟု စဉ်းစားအားထုတ်သူသည် လွယ်ကူစွာထမြောက်၍ ကြံစည်တိုင်းပေါက်မြောက်ပါသည်။

မင်းကြီး<>လောကီပညာရပ်သည် ဘုရားဟောတရားတော်ကဲသို့ မဖောက်မပြန် မှန်ကန်ပါသလော ဆရာတော်။ ဆရာတော်<>သင်္ကေတ ဝစနံ သစ္စံ၊လောကသမ္မုတိ ကာရဏံ ပရမတ္တစနံ သစ္စံ ဓမ္မနံ ဘူတလက္ခဏံ၊ ဟူ၍ အဋ္ဌကထာဆရာ မိန့်တော်မူသောကြောင့်လည်းကောင်း၊ လောကံ သစ္စန္တိ အာမန္တာ လေကံနသစ္စန္တိ အာမန္တာ ဟု ဟောတော်မူသောကြောင့် လည်းကောင်း ၊လောကီမှာယထာ ရဟံ လောကုတ္တရာမှာ ဧကဝစနံ ဟု ပညာရှိတိုဆိုကုန်ကြဧ၊် ထို့ကြောင့်လောကီပညာဟူသည် မှန်သည်လည်းရှိပါသည် မမှန်သည်လည်းရှိပါသည် ဒကာတော်မင်းကြီး။ မင်းကြီး<>ပါဠိ ဂါထာအက္ခရာ ဂဏန်းများကို အင်းပုံအမျိုးမျိုး၊ အင်းရေးအမျိုးမျိုးတို့ဖြင့် သုံးစွဲခြင်းများ အကျိုးပေးခြင်း ခြားနားပါသလား ဆရာတော်။ ဆရာတော်<> ဆေးကောင်းလျှင်တစ်စက် အင်းကောင်းလျှင်တစ်ကွက် ဟူ၍ ပညာရှိတို့ ဆိုကြကုန်ဧ်၊ ထို့ကြောင့် အင်းပုံအမျိုးမျိုး၊ အင်းရေး အမျိုးမျိုး၊ အင်းသေ၊ အင်းရှင်၊ ရုပ်အင်း၊ နာမ်အင်းများနှင့် အင်းသွားနည်း၁၀ပါး၊ အင်းသွားနည်းသုံးပါး စသဖြင့်အခြင်းအရာများ မလိုလှ။ ကောင်းမြတ်သင့်တင့်သော အလျိန်အခါကိုရွေး၍ အင်းပုံတစ်ခုကိုပင် ထိုအင်းဆံနှင့် စတုစက်လည်အောင် အတွင်းပြင်ပြောင်းလွဲ၍ သုံးစွဲလျှင် အောင်မြင်မြဲဖြစ်ပါတယ် ဒကာတော်မင်းကြီး။ မင်းကြီး<>ဆရာတော်ဘုရား လောကီပညာမျိုးတို့၏။ တန်ခိုးအာနိသင်ကို ဘုရားရှင်ဟောကြားတော်မူခဲ့ပါသလော။ ဆရာတော်<> လောကီပညာမျိုးတို့၏ တန်ခိုးအာနိသင်ကို ရှင်ပင်ဘုရား ထင်ရှားစွာဟောတော်မူခဲ့သည်။ ဧကနိပါတ် စူဠသေဋ္ဌိ ဇာတ်တော်တွင် ဓနသိဒ္ဓိနက္ခတ်နှင့်ရှင်သည့်အတွက် ကြွက်သေတစ်ခု အရင်းပြုကာမျှဖြင့် လေးလအတွင်း ဥစ္စာနှစ်သိန်း ကြွယ်ကြောင်းကိုလည်းကောင်း၊ ဝေဒဗ္ဗဇာတ်တော်တွင် ရတနာမိုး ရွှေမိုးငွွေမိုးကို ရွာစေနိုင်သော လောကီ မန္တာန်ရှိကြောင်းကိုလည်းကောင်း၊ ဒုကနိပါတ် ဘဒ္ဒဇာတ်တွင် နိမိတ်ရှိသောစကားကို ပြောကြားကာမျှဖြင့်ဘီလူးမစားနိုင်ခြင်းသည်လည်းကောင်း၊ ဒဓိဝါဟန ဇာတ်တော်တွင် အဝိဉာဏက အသက်မရှိသော ပဲခွပ်၌ တန်ခိုးရှိကြောင်းကိုလည်းကောင်း၊ ခန္ဓဇာတ်တွင် မြွေခဲသည်ကို မန္တာန်ဖြင့် ကုသပုံအကြောင်း၊ သဗ္ဗပါဌိနိပါတ်တော်တွင် ပထဝီဇယျ မန္တာန်ကိုရသောမြေခွေးသည် လူမင်း(ဘုရင်)အား စစ်ထိုးနိုင်ကြောင်းကိုလည်းကောင်း၊ နိပါတ်တော်လာ သီရိ ဇာတ်တွင် အသရေရှိသော ကြက်သားကို စား၍ မင်းဖြစ်ကြောင်းကိုလည်းကောင်း၊နာနာဆန္ဒဇာတ်တော်တွင် နက္ခတ်တတ်၍ အမှန်ကို သိမြင်နိုင်ကြောင်းကိုလည်းကောင်း၊ ကုဏှဝေရ ဇာတ်တော်တွင် မြတ်စွာဘုရား အလောင်းတော်သည် စောရနက္ခတ်နှင့်ယှဉ်၍ ဖွားမြင်သောကြောင့် သူခိုးဖြစ်ကြောင်းကိုလည်းကောင်း ခရပုတ္တဇာတ်တော်တွင် သတ္တဝါတို့၏ ဘာသာစကားကိုနားလည်သော မန္တာန်ရှိကြောင်းကိုလည်းကောင်း၊ နဝနိပါတ် ပဒကုသလဇာတ်တွင် လေကဲသို့ လျှင်မြန်စွာသွားနိုင်သော မန္တာန်၊ ခိုးသူ၏ ခြေရာကိုမြင်နိုင်ကာမျှ ခိုးသူကိုသိနိုင်သောမန္တာန်၊ သမုဂ္ဂ ဇာတ်တော်တွင် လောကီဝိဇ္ဇာဓိုရ် ရှိကြောင်းနှင့် သိဒ္ဓိဆယ်ပါးတိုင်အောင် ပေါက်နိုင်သော လောကီပညာရှိကြောင်းကိုလည်းကောင်း၊ မြတ်စွာဘုရားရှင်သည် ပါဠိတော် အဋ္ဌကထာ စသဖြင့် မြောက်များစွာ ဟောကြားတော်မူခဲ့ပါတယ် ဒကာတော်မင်းကြီး။ မင်းကြီး<>ဆရာတော်တင်သွင်းသော လောကီပညာရပ်ဆိုင်ရာစာတွင်နတ်တို့အားပူဇော်ပသရမည်အလေးပြုရမညစသည် တွေ့ရှိရပါသည် ၊ထိုနတ်တို့ကို ပူဇော်ပသခြင်းကြောင့် သရဏံဂုဏ်ပျက်နိုင်သည်မဟုပ်ပါလားဘုရား။ ဆရာတော်<>ဘေးအန္တရာယ်ကင်း၍ ချမ်းသာအောင်မြင်ခြင်းများကို အလိုရှိသဖြင့် လောကီအစီရင်တို့ကိုပြုကြသူများမှာ တန်ခိုးကြီးသော ဣဒ္ဓိမန္တာန်၊ နတ်တို့အား အဖျော်ယမကာ ပန်းနံ့သာ စသည်တို့ ဖြင့် ဗာလိနတ်စာကျွေးခြင်း၊ အရိုသေပြုခြင်း၊ မေတ္တာ၊ အမျှ ပေးဝေခြင်းတို့ကို ပြုသော် သရဏံဂုဏ်မပျက်သည်သာတည်း။ အချို့သော နတ်ယုတ်၊ ဘုတ်၊ ပြိတ္တာ၊ တစ္ဆေ တို့သည်၊ လောက၌ လူတို့အား အခွင့်သင့်လျှင် များစွာ နှောင့်ယှက်လိုကြ၏။ ထိုသူတို့ကြောင့်ဖြစ်သော အနှောက်အယှက်အဖျက်အဆီးတို့ကို လူတို့၏ ပူဇော်ပသခြင်းကို ခံယူကုန်သော ဣဒ္ဓိမန္တာန်နတ်တို့က ကာကွယ်ပေးကုန်၏။ ထို့ကြောင့် ကျမ်းဂန်တွင် တမေနံဗလိ ပဋိဂါဟိကာ ဒေဝတာ၊ သက္ကတာ ဂရုကတာ ၊မာနိတာ ပူဇိတာ ကလျာဏေန၊ မနသာအနုကမ္ပေန္တိ၊ စိရံဒီဃမာယုံ ၊ပါလေဟီတိ ၊ဒေဝတာ နုကမ္မိကဿ၊ မဟာနာမ ကုသပုတ္တဿ၊ ဝဍ္ဎယေဝ၊ ပါဋိကခါ၊ နောပရိဟာနိဟု ဟောကြားတော်မူခဲ့ပါတယ်။ (ပဉ္စင်္ဂုတ္တရပါဠိတော်-မဟာနာမသုတ်)။ အနက်အဓိပ္ပာယ်= =တမေနံကုလပုတ္တံ= ထိုနတတို့အား ပူဇော်ပသသူတို့အား ၊ဗလိ ပဋိဂ္ဂါဟိကာ=တင်မြှောက်ပသခြင်းကိုခံယူကုန်သော။ သက္ကတာ မာနီတာ=မြတ်နိုးအက်ကုန်သော ပူဇော်အပ်ကုန်သော ၊ဒေဝတာ=နတ်တို့သည်။စီရံ=ကြာမြင့်စွာ။ဇီဝ=အသက်ရှင်ပါစေလော့။ အယုံ=အသက်ကို။ဒီဃံ=ရှည်အောင်၊ ပါလေဟိ=စောင့်ရှောက်နိုင်ပါစေသား။ဣတိ=ဤသို့ ။ကလျာဏေန=ကောင်းသော။မနသာ=စိတ်ဖြင့်။ အနုကမ္ပေန္တိ=အစဉ်သနားကုန်၏။ မဟာနာမ-မဟာနာမ် ဒေဝတာနုကမ္ပတဿ=နတ်တို့သည်-အစဉ်သနားအပ်သော။ ကုလပုတ္တဿ=အမျိုးသားအား၊ ဝုဍ္ဎိယေဝ=ကြီးပွားခြင်းကိုသာလျှင်၊ ပါဋိကခါၤရ=အပ်သည်၊ ဟောတိဖြစ်၏။ နောပရိဟာနိ=ဆုတ်ယုတ်ခြင်းမရှိ။ ထိုသို့ အကြာင်းအခွင့် အားလျှော်စွာ ပူဇော်ပသခြင်းကြောင့် သရဏံဂုဏ်မပျက်ပါ မင်းကြီး။ မင်းကြီး<> သိဒ္ဓိဆယ်ပါးအညွှန်း ကာယသိဒ္ဓိ အခန်း၌ ဓား၊ လှံ၊ သေနတ် ပြီးသော အင်း၊ အိုင်၊ ခါးလှည့်၊ လက်ဖွဲ့၊ မန္တယား၊ ဆေးဝါးတို့ အကြောင်းကို တွေ့ရှိရပါသည်။ ဒိဋ္ဌ မတွေ့မြင်ဖူးသဖြင့် ယုံကြည်ရန်ခက်ခဲလှပါသည်။ မည်သို့သော သဘောသတ္တိကြောင့် ပြီးစီးသည်ကို သိလိုလှပါသည် ဘုရား။ ဆရာတော်<>မင်းကြီး လောက၌ မြွေဆရာတို့ရှိသည်မဟုပ်ပါလော။ ထိုဆရာတို့အား အဆိပ်ပြင်းထန်သောမြွေတို့သည်၊ များစွာ ကြောက်ရွံ့ကြ၊ ရှောင်တိမ်းပြေးသွားကြကုန်၏။ မတော်တဆ ကိုင်မိပေါက်မိသော်လည်း၊ ဥပါဒ် မဖြစ်ကြခြင်းမှာ မြွေဆိပ်နိုင်တန်ခိုးသတ္တိပင် ဖြစ်သကဲသို့၊ ကာယသိဒ္ဓိဆေးများမှာလည်း၊ သွေး၊ လေကို မဆက်စေခြင်း၊ အသား၊ အရည်၊ အရိုးအကြောတို့ကို ထုံကျင်ခိုင်မာ မနာမကျင်စေခြင်း၊စသည့် တန်ခိုးသတ္တိရှိသဖြင့် ပြီးစီးနိုင်ပါသည်။ ထို့အပြင် ဓာတ်သတ္တုများကို မီးဖြင့်စီရင်ထား၍လည်းကောင်း၊ သယံဇာတ အမြုတေများကို ဆောင်ထားခြင်းဖြင့် လည်းကောင်း၊ ပြီးစီးနိုင်ပါတယ်မင်းကြီး။ မင်းကြီးလည်းမေးလျှောက်သည်တို့ကို ဗားမဲ့ဆရာတော်မှ ဖြေကြားတော်မူသည်များကို အလွန်ပင်ကျေနပ်အားရတော်မူလေသည်။ ဆရာတော်ဘုရား နိုင်ငံတော်အတွင်းလူရွယ်လူကောင်းတို့ကိုရွေးချယ်၍ ရဲတပ် ဖွဲ့လိုပါသည်။ ကိုယ်လုံ ရဲ ဆေးများကို စီရင်ပေးသနားတော်မူပါ ဟု လျှောက်ထားရာ စီရင်ပေးသနားတော်မူမည်ဟု မိန့်တော်မူပြီးပြန်လည် ကြွတော်မူခဲ့လေသည်။

ဗားမဲဆရာတော်ကြီး၏ ရေစင်ဖလားနှင့် ရေပျံကရား[ပြင်ဆင်ရန်]

စာရေးဆရာကြီး ဥဂ္ဂါမင်းသည် ၁၉၈၄−ခုနှစ်က နာဂလိုဏ်ဂူ ကလေးဝတောရ ကျောင်းစာသင်တိုက်တွင် ကိုယ်တိုင်ရဟန်းခံ သားရှင်ပြု သမီးနားထွင်း သီလရှင်ဝတ် အလှူတော်မင်္ဂလာ ပြုလုပ်ခဲ့သည်။ အဘိုး ကလေးဝဆရာတော်ဘုရားကြီးမှ အလှူရေစက်သွန်းချတော်မူရန် ဗားမဲ့ဆရာတော်ဘုရားကြီး၏ ရေစင်ဖလားနှင့် ရေပျံကရားကို ထုတ်ပေးတော်မူ ခဲ့လေသည်။ ဗားမဲ့ဆရာတော်ဘုရားကြီး၏ ရေစင်ဖလားတွင် သက္ကရာဇ် ၈၃၁−ခုနှစ်ဟု ရေးသားထားလေသည်။ ရေစင်ဖလားတွင် ဗုဒ္ဓရူပံအက္ခရာစမ သဗ္ဗသိဒ္ဓိဗျည်းအင်းနှင့် သူရဿတီအင်းများ စီရင်ထားလေသည်။ အင်းကွက်တွင် ကွက်လပ်တစ်ခု ပါရှိပြီး သုံးစွဲမည့်သူ၏ မွေးနံ(ဂဏန်းသချၤာ)ဖြင့် ရေးသွင်းရမည်ဖြစ်လေသည်။ ရေပျံကရားတွင် ရေထည့်ပြီး မိမိဖြစ်ချင်သော ဖြစ်လိုသည်များကို ရွတ်ဆိုအာရုံပြုကာ ရေပျံကရားမှ ရေကို သောက်သုံးရလေသည်။ (စာရေးဆရာကြီး ဥဂ္ဂါမင်း မိသားစုအား အဘိုးကလေးဝ ဆရာနော်ဘုရားကြီး ကိုယ်တိုင် မွေးနံများရေးသွင်းကာ ရေပျံကရားမှ ရေကို သောက်သုံးစေခဲ့သည်။) (ရေပျံကရား၏ ထူးခြားမှု့မှာ ကရားတွင် ရေစင်မပြတ် ရှိနေလေသည်။)

သောမကြွက်မင်း[ပြင်ဆင်ရန်]

ဗားမဲ့ဆရာတော်ဘုရားကြီး အင်းပညာဖြင့်စီရင်ထားသော ကြေးဖြင့်ပြုလုပ်ထားသော သောမကြွက်မင်းသည် အင်း ပညာသာမက အဂ္ဂိရတ်ပညာများလည်း ပါဝင်သည်ဟုသိရှိရသည်။ သောမကြွက်မင်းသည် သက္ကရာဇ် ၈၁၁−ခုနှစ်စီရင်၍ ရာဇပုတ် ဆိုသူအား ချီးမြှင့်ပေးသနားတော်မူခဲ့သည်။ စာဖြင့် ငါ၏ဝမ်းတွင်းမှ ပြာကိုယူ ရေဖျော် မည်သည့်အင်းမဆိုရေးသုံး ဟု ကြွက်မင်းတွင် ရေးထိုးထားလေသည်။ ကိုယ်လုံးပတ်လည် ၆လက်မ နှုတ်မှအမြီးထိ ၇ လက်မအရွယ်ရှိပြီး ကြွက်မင်း၏ ဝမ်းဗိုက်အတွင်း အဂ္ဂိရတ် ဓာတ်ပြာများရှိသည်ဟု ဆိုလေသည်။

ဗားမဲ့လိပ်မင်း[ပြင်ဆင်ရန်]

ကြေးဖြင့်ပြုလုပ်ထားပြီး အင်းပညာဖြင့် စီရင်ထားခြင်း ဖြစ်လေသည်။ လိပ်မင်း၏ ဝမ်းဗိုက်တွင် သက္ကရာဇ် ၈၂၂−မှန်မှန်ကျင့်က အမှန်ရ၏ ငါ၏ ဝမ်းတွင်းမှ ပြာကိုယူရေဖျော် မည်သည့်အင်းမဆို ရေး သုံး ရာဇပုတ်။ မေးရိုးအောက်တွင် ဗားမဲ့ဟု ရေးထိုးထားလေသည်။ လိပ်၏ ဝမ်းတွင်းမှ ပြာကို ဖောက်ယူရန်မှာ ညာဘက်လက်ပြင်အပေါ်တွင် ဖြစ်သည်။ အလျား ၄လက်မ အနံ ၃လက်မရှိသည်။ ရေကိုပိုင်စိုးသော လိပ်မင်း အာပေါဓာတ် ဖြစ်သည်။

ဗားမဲ့ ဝိဇ္ဇာသဗ္ဗသိဒ္ဓိ မနောလင်ပန်း[ပြင်ဆင်ရန်]

ကြေး ဖြင့်စီရင်ထားပြီး လင်ပန်းအလယ်တွင် ဩောင်းနမော ဗုဒ္ဓါယ ဩောင်း နမောဓမ္မာယ ဩောင်းနမောသံဃာယ င၊ ရ၊ ထ၊က ရန၊္တံ သန္တံ ၊ခုယေ၊အဝယ၊အရဟံ၊ သမကာ၊ဣသွဝသုဧ၊သံ ဂုံ ပ မ ယျ သရဏံဂိစ္ဆမိ တာနာ လေ နာ စ ပါနိနံ ၊ဂစ္ဆာအမှုံမှိ ဩကာသေတိဌာဟိ ဟု ရေးထိုးထားလေသည်။ထို လင်ပန်းသည် ဗားမဲ့ဆရာတော်ကြီး အင်းပညာဖြင့် စီရင်ထားပြီး စမြင်ဋင်မြို့စား (ယခုပန်းတနော်မြို့အရပ်ဒေသ) ရာဇပုတ်ဆိုသူအား ပေးသနားခဲ့ခြင်းဖြစ်လေသည်။ ကြေးလင်ပန်းတွင် ဗားမဲ့ စီရင်ပေးနော်မူသော ဝိဇ္ဇာသဗ္ဗသိဒ္ဓိမနောလင်ပန်း စမြင်တင်ား ရာဇပုဋ်ဟုလညးကောင်း၊ လင်ပန်းအလယ်တွင် ဩောင်းနမောဗုဒါ္ဓယ ဩောင်းနမော ဓမ္မာယ ဩောင်းနမောသံဃာယ င.ရ.ထ.က ရန္တံသန္တံ ခုယေ အဝယ အရဟံ သ မ ကာ ဣသွာဝသုဧ သံ.ဂုံ.ပ.မ.ယျ သရဏံဂိစ္ဆမိ တာာလေနာစ ပါဏိဏံ ဂစ္ဆာအမှုံမှိ ဩကာသေတိဌာဟိ ဟု ရေးထိုးထားလေသည်။

ဗားမဲ့ဆရာတော်ကြီး လောကီအင်းပညာဖြင့်စီ ရင်တော်မူခဲ့သော အစီရင်များမှာ−

  1. ဗားမဲ့ မူလ ဗောဓိဘုရား (သက္ကရာဇ် ၈၃၁ဗားမဲ့)
  2. ကြာကလပ်ပလ္လင်တော်(သက္ကရာဇ် ၈၂၂ဗားမဲ့)
  3. ပုဂံတော်(သက္ကရာဇ် ၈၄၇ ဟံသာဝတီ ဓမ္မစေတီမင်းခေါင်)
  4. မနောသိဒ္ဓိ ရေစင်ဖလား(သက္ကရာဇ် ၈၄၁ ဗားမဲ့)
  5. ဃနာနို့ဆွမ်းအိုး(သက္ကရာဇ် ၈၄၁ ဓမ္မစေတီမင်းခေါင်)
  6. ဗားမဲ့ယောက်မ(သက္ကရာဇ် ၈၂၂ ဗားမဲ့)
  7. ဝိဇ္ဇာသဗ္ဗသိဒ္ဓိ မနောလင်ပန်း(သက္ကရာဇ် ၈၃၁ ဗားမဲ့)
  8. ဗားမဲ့ခေါင်းလောင်း(သက္ကရာဇ် ၈၂၂ ခေါင်းလောင်းသံ အသံမည် သံချိုလိမ်)
  9. ဝိဇ္ဇာသိဒ္ဓပြာ ဓာတ်ပေါင်းအိုး(သက္ကရာဇ် ၈၂၂ ဗားမဲ့ ဟံသာ)
  10. ဓာတ်ချုပ်သေတ္တာ(သက္ကရာဇ် ၈၄၅ ဟံသာဝတီ ဗားမဲ့)
  11. ဗားမဲ့မြွေမင်း(သက္ကရာဇ် ၈၂၂)
  12. ဗားမဲ့ လိပ်မင်း(သက္ကရာဇ် ၈၂၂)
  13. သောမကြွက်မင်း(သက္ကရာဇ် ၈၄၅ ဗားလေးဗား)
  14. နွားလားဥဿဘစေကြိမ်(သက္ကရာဇ် ၈၂၂ဗားမဲ့)
  15. ဗားမဲ့ရိက္ခာထောက်နှင့် ထွက်ရပ်မှော်စဉ်အင်း(သက္ကရာဇ် ၈၂၂ဗားမဲ့) မသိရှိသေးသည်များလည်း များစွာရှိပါလိမ့်မည်။


ဗားမဲ့ ဆရာတော်ကြီးသည် ကာယသိဒ္ဓိ ပီယသိဒ္ဓိ အစရှိသော သိဒ္ဓိလမ်းကို အကြွင်းမဲ့ ပြီးမြောက်ခဲ့ပြီး သက်ပြောင်းကိုယ်ခွာ၊ ရှိန်းဆာယာ၊ အတတ်မှစ၍၊ အလုးံစုံ တတ် မြောက်အောင်မြင်တော်မူ၍၊အလွန်တစ်ရာမက ကျော်စောခဲ့လေသည်။ ဗားမဲ့ ဆရာတော်ကြီး သီတင်းသုးံ တော်မူခဲ့သော နေရာ များစွာရှိလေသည်။ဇင်းကျိုက်တောင်၊ပဲခူးသာယာဝ တီနှင့် စစ်ကိုင်းမြို့ စစ်ကိုင်းတောင်ရိုး ရှင်ပင်နံကိုင်းစေတီ အနီးတွင် ဗားမဲ့ဆရာတော်ဘုရားကြီး သီတင်းသုံး တော်မူခဲ့သော ကျောင်းရှိလေသည်။ မွန်ဘာသာဖြင့်ကျိုက်ပဒိုင်ကျောင်းဟုခေါ်တွင်ပြီး ဘုရားစေတီ ကျောင်းဟု အဓိပ္ပာယ်ရပြီး ထိုကျောင်းတိုက်သည် စေတီများဖြင့် ဝိုင်းရံလျှက်ရှိလေသည်။ ဗားမဲ့ဆရာတော်၏ ကျောင်းဟောင်းသည် ရာသီဥတုဒဏ် စစ်ဘေးဒဏ်တို့ကြောင့်ပြိုပျက်ခဲ့ရသည်။ အင်းဝတွင်ရှိသော ဗားကရာကျောင်းတော်ပုံစံမျိုးဖြစ်ပြီး ကျောင်းဟောင်းမှ ကျွန်းတိုင်များ သစ်များဖြင့် ပြန်လည်ဆောက်လုပ်ထားသော်လည်း မူလနေရာ မူလပုံစံမဟုတ်တော့ပေ။ ပြိုပျက်နေသော စေတီဘုရားများအား စစ်ကိုင်း မြို့ဆရာညိုအဖွဲ့မှ ပြန်လည်ပြုပြင်ခဲ့ကြသည်။အင်းဝမြို့တွင် ဗားကရာကျောင်းခေါ် ကျွန်းတိုင် အတောင် ၇၀ရှိပြီး တိုင်ပေါင်း ၂၆၇လုးံ ရှိ ဗားမဲ့ကျောင်းတော်ကြီး ရှိခဲ့ပြီး ထို ကျောင်းပုံစံမျိုး အရွယ်ငယ် စစ်ကိုင်းမြို့ရှင်ပင်နံကိုင်း တောင်ခြေအနီးတွင် ရှိခဲ့သည်ဟု ရှင်ပင်နံ ဆရာတော် ဦးဇနိန္ဒမှ မိန့်ဘူးပြီးဆက်လက်ပြောပြသည်မှာ ဗားမဲ့ဆရာတော်ကြီးနှင့်အတူ တပည့်ဓမ္မဉာဏ ဓမ္မဓရတို့သည်၊အင်းအတတ်ပညာဖြင့် ဆွမ်းအုပ်အတွင်းမှ ကြက်သားဟင်းသည် ဆွမ်းအုပ်ဖွင့်လိုက်သည့်အခါ ကြက်အရှင်ဖြစ်၍ ပျံထွက်သွားရာ ထိုနေရာကို ရွှေကြက်ပျံဘုရား၊ဆွမ်းအုပ်အတွင်းမှ ယုံသားဟင်းသည် ယုန်အရှင်အဖြစ်၍ ထွက်ပြေးသွားရာတွင် ယုန်ဖြူတောင်ဘုရားဟု အဆင့်ဆင့်မှတ်သပြောဆိုခဲ့ကြောင်း အထင်ကရ ရှိနေကြောင်းကို မိန့်တော်မူဘူးလေသည်။

ကေတုမတီ တောင်ငူမင်းဆက် ဘုရင့်နောင်လက်ထက်တွင် ဗားကိုးဗား ဝိဇ္ဇာဓိုရ်ကြီးများ ထင်ပေါ်ကျော်ကြားခဲ့ကြောင်း ဟံသာဝတီ မော်ကွန်းစာတမ်းများစာအုပ်တွင်

  1. ဗားမဲ့(သမဲ့ပင်ကျောင်း)
  2. ဗားထီ (ဧကရာဇ်ပင်ကျောင်း)
  3. ဗားမြိုက်(ငရုတ်ပင်ကျောင်း)
  4. ဗားတမော့ကျောက်စွန်းကျောင်း
  5. ဗားကရာ (ခရေပင်ကျောင်း)
  6. ဗားတွဲ(ပထမကျောင်း)
  7. ဗားနိုင်း(အနိုင်းပင်ကျောင်း)
  8. ဗားတော်(ရွှေကျောင်း)
  9. ဗားနိုက်(ကန့်ကလာပင်ကျောင်း)

ဟူ၍ ဗားကိုးဗား ပေါ်ထွက်ခဲ့သည်ဟု ဖော်ပြထားပြီး၊ဗားမြိုက်၊ဗား တမှတ်၊ဗားတမော့၊ဗားမဲ့ ဟူသော ဗားလေးဗားကိုသာ ၊လူသိများပြီး၊ထိုအထဲတွင် ဗားမဲ့ဆရာတော်ကိုသာ လူသိများကြလေသည်။ ဗားမဲ့ဆရာတော်ဘုရာကြီးသည် သက္ကရာဇ် (၉၇၂)ခုနှစ်တွင် အင်းဝနေပြည်တော်၌ တစ်ဘဝ တစ်ခန္ဓာ ချုပ်ငြိမ်းတော်မူခဲ့လေသည်။

ကျမ်းကိုး[ပြင်ဆင်ရန်]

စာရေးဆရာကြီး ကျော်စံလင်း၊မဟိဒ္ဓိသိဒ္ဓိ ပုဂ္ဂိုလ်ထူးများ စာရေးဆရာကြီး ဥဂ္ဂါမင်း ဗားမဲ့ဆရာတော်နှင့် ကလေးဝအဘိုး ဆရာတော်။